
မြန်မာ စစ်အစိုးရသည် ပြုပြင်ပြောင်းလဲမှုများ မလုပ်ဘဲ နည်းလမ်းဟောင်းအတိုင်း ဒီမိုကရေစီ အင်အားစုများကို နှိပ်ကွပ်ရန် ကြိုးစား နေဆဲဖြစ်ကြောင်း အမေရိကန်အစိုးရက ယနေ့ ပြောဆိုလိုက်သည်။
“မြန်မာအစိုးရဟာ ခေတ်သစ်ကို ရောက်ပြီလို့ ကြွေးကြော်နေပေမယ့် နည်းလမ်းဟောင်းတွေအတိုင်း ဒေါ်အောင်ဆန်းစုကြည်ကို ခြိမ်းခြောက်နေဆဲပဲ”ဟု အမေရိကန်အစိုးရ ပြောခွင့်ရ ပီဂျေ ခရော်လီက ၎င်း၏ Tweeter အကောင့်တွင် ရေးသားထားသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) က အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုအပေါ် သဘောထား ကြေညာချက်ထုတ်ပြန် ခဲ့ အပြီး နအဖ စစ်အစိုးရ သတင်းစာက ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီသည်“သမိုင်း ၏ ဂိတ်ဆုံးသို့ ဦးတည်သွားဖွယ်သာ ရှိကြောင်း”ဟု ရေးသားလာသည့် အပေါ် ပီဂျေ ခရော်လီက မှတ်ချက်ပြုရေးသားခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၈ ရက်နေ့ က NLD သည် အနောက်နိုင်ငံအစိုးရများအနေဖြင့် မြန်မာစစ်အစိုးရ၏ ပြုပြောင်းလဲမှုများကို စောင့်ကြည့်ပြီးမှသာ စီးပွားရေးပိတ်ဆို့မှုများကို ရုပ်သိမ်းသင့်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ထိုကြေညာချက်ထွက်ပေါ်အပြီးတွင် အမေရိကန်နှင့်ကနေဒါတို့က စီးပွားရေးပိတ်ဆို့မှုများကို ဆက်လက်ထားရှိရန် ဆုံးဖြတ်ခဲ့ကြ သည်။
လွန်ခဲ့သည့် တပတ်အတွင်းကလည်း အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ် က“မြန်မာအစိုးရသစ်ရဲ့မူဝါဒတွေဟာ ပြုပြင်ပြောင်းလဲလာမှုရှိမရှိ စောင့်ကြည့်ပြီး စီးပွားရေးပိတ်ဆို့မှုတွေ ရုပ်သိမ်းဖို့ သင့် မသင့် ကျနော်တို့ စဉ်းစားသွားမှာပါ”ဟု ပြောသည်။
အမေရိကန် အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်နှင့် အနီးကပ် ဆက်ဆံရေးရှိသည်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပြီး မကြာမီမှာပင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ဒေါ်အောင်ဆန်းစုကြည်ထံ စာရေးသားပေးပို့ခဲ့သည်။
အမေရိကန်နိုင်ငံ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး တဦးဖြစ်သူ မစ္စတာ ဂျိုးဇက် ဝိုင်ယွန်း၂၀၁၀ ဒီဇင်ဘာလ အတွင်းက မြန်မာနိုင်ငံသို့ ၄ ရက်ကြာ ရောက်ရှိခဲ့စဉ်ကလည်း NLD ခေါင်းဆောင်များနှင့်တွေ့ဆုံခဲ့သည်။ IRRAWADDYသတင်းမှကူးယူဖေါ်ပြပါသည်။
No comments:
Post a Comment