-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Wednesday, February 9, 2011

နိုင်ငံရေးအကျဉ်းသားများ ထောင်ဝင်စာ ပိတ်ပင်ခံရမှု များလာ


စစ်အစိုးရဟာ အကျဉ်းသားတွေကို ထောင်ထဲမှာ ကောင်းကောင်းမွန်မွန် ထားနေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်မှာ ပြောနေပေမဲ့ တကယ့် လက်တွေ့မှာတော့ နိုင်ငံရေးအကျဉ်းသားတွေ တိုက်ပိတ်ခံနေရပြီး ထောင်ဝင်စာ တွေ့ခွင့်မရတဲ့ ဖြစ်ရပ်တွေ အမြောက်အမြား ရှိနေတဲ့အတွက် အထူး စိုးရိမ်မိတယ်လို့ AAPP ခေါ် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်းက ဖေဖော်ဝါရီ ၈ ရက် ဒီကနေ့ ပြောဆိုလိုက်ပါတယ်။


ထောင်ဝင်စာ အပိတ်ခံထားရတဲ့ သူတွေထဲမှာ မြစ်ကြီးနားထောင်က လူရွှင်တော်ကိုဇာဂနာ၊ အင်းစိန်ထောင်က ဓာတ်ပုံ သတင်းထောက် ကိုစည်သူဇေယျ၊ သရက်ထောင်က ၈၈ မျိုးဆက် ကျောင်းသူ မနီလာသိန်း၊ ပူတာအိုထောင်က ဒေါ်ထက်ထက်ဦးဝေတို့လည်း ပါတယ်လို့ AAPP ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ AAPP တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်က RFA ကို အခုလိုပြောပါတယ်။

“အခု လောလောဆယ် အင်းစိန်ထောင်မှာလည်း ပြဿနာတွေ တချို့ တက်နေတာ ရှိတယ်။ ဥပမာ ကိုစည်သူဇေယျပေါ့နော်၊ ဓာတ်ပုံ ရိုက်လို့ အဖမ်းခံရတယ်၊ သူလည်း ဟိုတလောက ပြဿနာတွေ တက်ပြီးတော့ ၇ ရက် ၈ ရက်လောက် နေ့စဉ် အရိုက်ခံရတာတွေ ရှိတယ်။ ပြီးတော့ ထောင်ဝင်စာတွေ့ခွင့်လည်း အပိတ်ခံထားရတာ ရှိတယ်။”

“နောက် အဲလိုမျိုးပဲ ဒီ ပြဿနာ မတက်ပဲနဲ့ ထောင်ဝင်စာ အပိတ်ခံရတဲ့ သူတွေလည်း ရှိတယ်။ ဥပမာ ကိုဇာဂနာဆိုရင် ပြဿနာ ဖြစ်တာမဟုတ်ဖူး၊ ဒါပေမဲ့ မိသားစု အရင်းမဟုတ်လို့ မတွေ့ရဘူး ဆိုတဲ့ ဟာမျိုးတွေ ရှိတယ်။”

“ဒါတွေဟာ နအဖကနေပြီးတော့ ရည်ရွယ်ချက်ရှိရှိနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ဒုက္ခမရောက်ရောက်အောင် လုပ်နေတဲ့ ပုံစံမျိုးတွေ ရှိတယ်။ ဒီ နိုင်ငံတကာမှာကျတော့ သူတို့က အကျဉ်းသားတွေကို ကောင်းကောင်းမွန်မွန် ဆက်ဆံနေပါတယ်လို့ မျက်နှာပြောင်တိုက်ပြီး ရှင်းနေတာမျိုးတွေ ရှိတယ်။”

“ဒါကြောင့်မို့ ကျွန်တော်တို့က နိုင်ငံတကာကိုလည်း လက်တွေ့ အခြေအနေမှာတော့ ဒါတွေ ဖြစ်နေပါတယ်လို့ ပိုပြီးတော့ သိလာအောင် ဆက်အသိပေးနေတာ ဖြစ်ပါတယ်။”

အခုလို ထောင်ဝင်စာ ပိတ်ခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲမှာ X2O သင်္ကြန်ရေကစားမဏ္ဍပ် ရှေ့က ဗုံးကွဲမှုနဲ့ စွပ်စွဲခံရပြီး အဖမ်းခံထားရတဲ့ ကိုဖြိုးဝေအောင်လည်း ပါနေပါတယ်။ သူ့ကို မနေ့ကစပြီး ထောင်ဝင်စာ ပိတ်ထားတာလို့ မိသားစုဝင်တွေဆီက တဆင့် သိရပါတယ်။

စစ်အစိုးရဟာ နိုင်ငံရေးလှုပ်ရှားသူ ၂၀၀၀ ကျော်ကို ဖမ်းဆီး ထောင်ချထားပါတယ်။ အဲဒီထဲမှာ ၁၅၄ ဦးက လတ်တလော ကျန်းမာရေး ချို့တဲ့နေပြီး ဆေးကုသခွင့် ကောင်းကောင်းမွန်မွန် မရဘူးလို့ AAPP က ပြောပါတယ်။

တဆက်တည်းမှာလည်း ပြီးခဲ့တဲ့ သင်္ကြန်က ရန်ကုန်မြို့ ကန်တော်ကြီးစောင်း X2O ရေကစား မဏ္ဍပ်ရှေ့ ဗုံးပေါက်ကွဲမှုနဲ့ စွပ်စွဲဖမ်းဆီးခံခဲ့ရတဲ့ ကိုဖြိုးဝေအောင်ဟာ အင်းစိန်ထောင်မှာ တိုက်ပိတ်ခံနေရ တဲ့အတွက် မိသားစုက တွေ့ခွင့်ရဖို့ အာဏာပိုင်တွေထံ တောင်းဆိုထားတယ်လို့ သိရပါတယ်။

RFAသတင်းမှ ကူးယူဖေါ်ပြပါသည်။

No comments: