
အောင်ထက် / ၁၉ ဇူလိုင် ၂၀၁၀
ယနေ့ကျရောက်သည့် (၆၃) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ပါတီဒု-ဥက္ကဋ္ဌ ဦးတင်ဦး၏ နေအိမ်တွင် ကျင်းပပြုလုပ်သည်။
အာဇာနည်နေ့အခမ်းအနားကို နံနက် (၉) နာရီကျော်ကျော်တွင် စတင်ပြုလုပ်ပြီး အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များဖြစ်ကြသည့် ဦးညွန့်ဝေ၊ ဦးဝင်းတင်၊ ဦးလှဖေ၊ ဦးဉာဏ်ဝင်း၊ ဦးအုန်းကြိုင်၊ ဦးသန်းထွန်းတို့အပါအ၀င် အန်အယ်လ်ဒီလူငယ်များ၊ ၀ါရင့်နိုင်ငံရေးသမားကြီးများ၊ စီအာပီပီအဖွဲ့ဝင်များ စသဖြင့် ပရိသတ်ပေါင်း (၅၀၀) ခန့် စုံညီစွာတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဦးဉာဏ်ဝင်းက “အဓိကကတော့ အာဇာနည်တွေနဲ့ ထိတွေ့ခဲ့ဖူးတာတွေကို ပြန်လည်ပြောပြဖို့ ရည်ရွယ်ပြုလုပ်တာပါပဲ” ဟု ပြောသည်။
အဆိုပါအခမ်းအနားတွင် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် ဦးသန်းထွန်းက ၎င်းနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ ဖဆပလ ခေတ်တလျှောက် လက်တွဲ ပတ်သက်ခဲ့ပုံများကို ပြောပြပြီး သခင်ချန်ထွန်း၊ သခင်သိန်းမောင်တို့က ၎င်းတို့နှင့် ဗိုလ်ချုပ်အောင်ဆန်း ရင်းနှီးပတ်သက် လက်တွဲခဲ့ပုံများကို ပြောပြကာ နံနက် (၁၀) နာရီ (၃၇) မိနစ်တွင် ကျဆုံးသွားသော အာဇာနည်ကြီးများအား ရည်စူးကာ ဦးတင်ဦး၏ နေအိမ်ခြံဝင်းအတွင်း ကားဟွန်းဆွဲပြီး (၁) မိနစ်ကြာ အလေးပြုခဲ့ကြကြောင်း၊ လူကြီးများက အိမ်အတွင်းမှ အလေးပြုကာ လူငယ်များက အိမ်အပြင်ဘက် ခြံဝင်းအတွင်းထွက်ကာ အလေးပြုကြကြောင်း သိရသည်။
ထို့နောက် ဆက်လက်ပြုလုပ်သည့်အစီအစဉ်တွင် ဦးဝင်းတင်က ဗိုလ်ချုပ်နှင့်ပတ်သက်မှုကို မပြောဘဲ ဗိုလ်ချုပ်ကို လုပ်ကြံသူ စိန်ကြီးအကြောင်း ဟောပြောခဲ့သည်ဟု အခမ်းအနားတက်ရောက်ခဲ့သည့် အန်အယ်လ်ဒီ လူငယ်အဖွဲ့ဝင်တဦးက ပြောသည်။
စိန်ကြီးသည် တော်လှန်ရေးသမားစစ်စစ်ဖြစ်ပြီးလျှင် ဗိုလ်ချုပ်ကို အလွန်ကြည်ညိုသူဖြစ်ကြောင်း၊ နိုင်ငံရေး အပေါင်းအသင်းမှားမှုကြောင့် ကိုယ်ကြည်ညိုခဲ့သူကို ပြန်လုပ်ကြံခဲ့သည်ဟု ဦးဝင်းတင်က ပြောကြားသွားကြောင်း သိရသည်။
“ဒါကြောင့် ယနေ့လူငယ်တွေအနေနဲ့ နိုင်ငံရေးအတွေးအခေါ်မှားတွေကို လက်မခံဖို့၊ ကိုယ့်ခေါင်းဆောင်ကို ကိုယ်ပြန်မသတ်မိဖို့၊ စဉ်းစားဆင်ခြင်ကြဖို့လိုကြာင်း ဟောပြောသွားပါတယ်” ဟု အန်အယ်လ်ဒီလူငယ်တဦးက ပြောသည်။
ထို့နောက် ဦးတင်ဦးက ဗိုလ်ချုပ်ကို စစ်ဝတ်စုံအပြည့်နှင့် အဝေးကကြည့်ခဲ့ရစဉ်ကတည်းက ကြည်ညိုခဲ့ကြောင်း ဟောပြောခဲ့သည်ဟု သိရသည်။
အန်အယ်လ်ဒီမှ လူငယ်များအပါအ၀င် ပါတီဝင်အင်အား (၂၀၀) ကျော်ခန့်က အခမ်းအနားအပြီးတွင် အာဇာနည်ကြီးများအား လွမ်းသူ့ပန်းခွေချရန်အတွက် အာဇာနည်ဗိမာန်သို့ လမ်းလျှောက်ချီတက်ခဲ့ကြကြောင်းလည်း သိရသည်။
::: Copyright © 1992-2010 The New Era Journal :::
No comments:
Post a Comment