-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Saturday, July 10, 2010

ရွေးကောက်ပွဲ အသိအမှတ် မပြုရန် မလေးအမတ်များ အဆိုတင်သွင်းမည်

ဆလိုင်း ဟံသာစန်း | စနေနေ့၊ ဂျူလိုင်လ ၁၀ ရက် ၂၀၁၀ ခုနှစ် ၁၄ နာရီ ၁၄ မိနစ် .

နယူးဒေလီ (မဇ္ဈိမ) ။ ။ စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲကို အသိအမှတ် မပြုရန် မလေးရှားရှိ အထက်လွှတ်တော်နှင့် အောက်လွှတ်တော်အမတ် ၃၃ ဦးက ၎င်းတို့ ပါလီမန်အတွင်း အဆိုပြုသွားမည်ဟု သိရသည်။

မလေးရှားမြို့တော် ကွာလာလပ်ပူရှိ ပါလီမန် အဆောက်အဦး၌ ယခုလ ၇-၈ ရက်နေ့များတွင် မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူများက မြန်မာ့အရေးကိစ္စ တင်ပြပြီးနောက် မလေးရှား လွှတ်တော်အမတ်များက ယခုလို ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“၂၀၁၀ ရွေးကောက်ပွဲဟာ တရားမျှတမှု မရှိတဲ့အတွက် အသိအမှတ်မပြုဖို့ ပါလီမန်အတွင်းမှာ သူတို့လုပ်နိုင်တဲ့ အနေအထားအရ အဆိုပြုပေးသွားမယ်လို့ ကတိပြုကြပါတယ်” ဟု ကိုယ်တိုင်တွေ့ဆုံခဲ့သူ တပ်ပေါင်းစု ၁၀ ဖွဲ့၏ နိုင်ငံခြားရေးရာ ပူးပေါင်းဆောင်ရွက်ရေး တာဝန်ခံ ကိုမိုးဇော်ဦးက မဇ္ဈိမကို ပြောသည်။

ပြည်ပအတိုက်အခံ ၁၀ ဖွဲ့ ပူးပေါင်းကာ ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုအဖြစ် ကိုမိုးဇော်ဦး၊ မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု FDB မှ နိုင်ငံခြားရေးရာ အတွင်းရေးမှူး မခင်ဥမ္မာ၊ အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB ကိုယ်စားလှယ် မခင်စန်းထွေး၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ NCUB တွဲဖက်အထွေထွေ အတွင်းရေးမှူး ၃ ဗိုလ်မှူးကြီး ခွန်ဥက္ကာနှင့် မြန်မာလွှတ်တော် ကိုယ်စားလှယ် ကိုဝင်းလှိုင်တို့က မလေးရှားအမတ်များနှင့် တွေ့ဆုံကာ မြန်မာ့အရေး တင်ပြခဲ့ကြခြင်း ဖြစ်သည်။

၎င်းတို့က မလေးရှားနိုင်ငံ ဝန်ကြီးချုပ်ရုံးဝန်ကြီး မစ္စတာ Adbul Aziz ၊ ပါလီမန် အတိုက်အခံခေါင်းဆောင်နှင့် ဒုဝန်ကြီးချုပ်ဟောင်း မစ္စတာ Anwar Ibrahim ၊ အာဆီယံ ပါလီမန်အမတ်များအဖွဲ့ ဥက္ကဋ္ဌ Lim Kit Siang တို့ အပါအဝင် ယခုလ ၇ ရက်နေ့တွင် အောက်လွှတ်တော်အမတ် ၃ဝ ဦး၊ ၈ ရက်နေ့တွင် အထက်လွှတ်တော်အမတ် ၃ ဦးတို့နှင့် တွေ့ဆုံခဲ့ကြသည်။

မလေးရှား လွှတ်တော်အမတ်များသည် စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကုလသမဂ္ဂမှ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်း စစ်ဆေးရေးကို ၎င်းတို့အစိုးရက ထောက်ခံအားပေးရန်နှင့် မလေးရှားရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများ၊ ဒုက္ခသည်များကို အကာအကွယ်ပေးမည့် ဥပဒေများကို လွှတ်တော်မှတဆင့် ပြဋ္ဌာန်းပေးရန်တို့ကိုပါ ပါလီမန်အတွင်း လုပ်ဆောင်သွားမည်ဟု ကတိပြုခဲ့ကြသည်။

မလေးရှားပါလီမန်တွင် အမတ်ပေါင်း ၂၉၂ ဦးရှိပြီး အထက်လွှတ်တော်တွင် ၇၀ ဦး ပါဝင်ကာ အောက်လွှတ်တော်တွင် ၂၀၀၈ ခုနှစ်က ၁၂ ကြိမ်မြောက် ကျင်းပခဲ့သည့် ရွေးကောက်ပွဲမှ တင်မြှောက်ခဲ့သည့် အမတ် ၂၂၂ ဦး ပါဝင်သည်။

“ကျနော်တို့ အဓိက ရည်ရွယ်တာက စစ်အစိုးရရဲ့ ၂၀၁၀ ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့နဲ့ ရွေးကောက်ပွဲရလဒ်ကို လက်မခံဖို့အတွက် မလေးရှားအပြင် နိုင်ငံတကာ အစိုးရတွေကို တိုက်တွန်းသွားဖို့ ရည်ရွယ်ပါတယ်” ဟု ကိုမိုးဇော်ဦးက ပြောသည်။

တပ်ပေါင်းစု ၁၀ ဖွဲ့အနေဖြင့် ပထမဦးစွာ အာဆီယံနိုင်ငံများမှ အစိုးရများကို ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေး တိုက်တွန်းသွားမည်ဖြစ်ပြီး နောက်ပိုင်းတွင် ဥရောပနိုင်ငံများနှင့် အမေရိကန်နိုင်ငံတို့ကိုပါ ဆက်လက်၍ တိုက်တွန်းသွားမည်ဟု သိရသည်။

ပြည်ပအတိုက်အခံ ၁၀ ဖွဲ့ ပေါင်းစုထားသည့် တပ်ပေါင်းစုကို ၂၀၀၈ ခုနှစ် နှစ်ကုန်ပိုင်းက စတင်ဖွဲ့စည်းခဲ့ပြီး အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ NCGUB ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)၊ မြန်မာနိုင်ငံ ဒီမိုကရေစီအင်းအားစု FDB ၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ NCUB နှင့် မြန်မာနိုင်ငံ လွှတ်တော်ကိုယ်စားလှယ်များ သမဂ္ဂ MPU စသည့် အဖွဲ့များလည်း ပါဝင်သည်။

စစ်အစိုးရသည် ၁၉၈၈ ခုနှစ်တွင် အာဏာသိမ်းယူခဲ့ပြီးနောက် ၁၉၉၀ ခုနှစ်တွင် ပါတီစုံ ရွေးကောက်ပွဲ ကျင်းပပေးခဲ့ရာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD က နိုင်ငံတဝှန်း အမတ်နေရာ ၈၂ ရာခိုင်နှုန်းကျော်ဖြင့် အနိုင်ရရှိခဲ့သ်ာလည်း စစ်အစိုးရက အာဏာ လွှဲပြောင်းပေးအပ်ခြင်း မရှိဘဲ နှစ်ပေါင်း ၂၀ အကြာတွင် ရွေးကောက်ပွဲအသစ်တခု ထပ်မံကျင်းပရန် ပြင်ဆင်နေသည်။

ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့တွင် စစ်အစိုးရသည် ရွေးကောက်ပွဲ ဥပဒေများကို ထုတ်ပြန်ခဲ့ရာ၊ ယင်းဥပဒေအရ နေအိမ်တွင် အထိန်းသိမ်းခံနေရသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို ရွေးကောက်ပွဲတွင် ပါဝင်ခွင့် မရရှိစေရန် ကန့်သတ်ထားသည်။

ရွေးကောက်ပွဲ ဥပဒေများသည် တရားမျှတမှု မရှိဟုဆိုကာ NLD က ရွေးကောက်ပွဲမဝင်ရန် ဆုံးဖြတ်ခဲ့သည်။


© Copyright 1998 - 2009 Mizzima News. All Rights Reserved

No comments: