-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Thursday, July 15, 2010

ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအရာရှိ ဦးဝင်းထိန် ပြန်လည်လွတ်မြောက်


ဝီရ / ၁၅ ဇူလိုင် ၂၀၁၀


ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအရာရှိအဖြစ် တာဝန်ယူခဲ့ဖူးသူ တပ်မတော်ဗိုလ်ကြီးအဆင့် အရာရှိဟောင်းဖြစ်သူ ဦးဝင်းထိန်ကို စစ်အစိုးရက စစ်ကိုင်းတိုင်း၊ ကသာ အကျဉ်းထောင်မှ ယနေ့နံနက်ပိုင်းတွင် လွှတ်ပေးလိုက်ကြောင်း သိရသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (မြန်မာနိုင်ငံ) မှ အတွင်းရေးမှူး ကိုတိတ်နိုင်က “လွတ်ရက်စေ့လို့ လွှတ်ပေးလိုက်တာပါ။ ကသာထောင်ကနေ လွှတ်ပေးလိုက်တာ။ အခု မန္တလေးကို သူ ဆင်းလာပြီလို့ ကျနော်တို့ ကြားရပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

အသက် (၆၉) နှစ်ရှိပြီဖြစ်သော ဦးဝင်းထိန်သည် ၁၉၉၆ ခုနှစ် မေလ (၂၁) ရက်နေ့ကတည်းက ဖမ်းဆီးအကျဉ်းချခြင်း ခံခဲ့ရသည်။

ဦးဝင်းထိန်ကို ပြည်ပသတင်းဌာနများသို့ သတင်းအချက်အလက် အမှားများ ပေးသည်ဟု စွပ်စွဲချက် (၂) ရပ်ဖြင့် ထောင်ဒဏ် (၁၄) နှစ် ချမှတ်ခဲ့သည်။ ၎င်းအား မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးဆိုင်ရာ အခြေအနေများနှင့် ပတ်သက်၍ မှားယွင်းသော သတင်းအချက်အလက်များ ဖြန့်ခဲ့မှုဖြင့် ထောင်ဒဏ် (၇) နှစ် ချမှတ်ခဲ့ပြီးနောက် ထောင်တွင်းရှိ နိုင်ငံရေးအကျဉ်းသားတို့၏ အခြေအနေများနှင့် ပတ်သက်၍ ပြင်ပသို့ အစီရင်ခံခဲ့မှုဖြင့် နောက်ထပ် ထောက်ဒဏ် (၇) နှစ် ချမှတ်ခဲ့သည်။

“ဦးဝင်းထိန် ခံရမှာက (၁၄) နှစ်ပါ။ ရက်နေ့တောင် ကျော်နေပါပြီ။ အမှန်က သူ့ကို လွှတ်ပေးသင့်တာ ကြာပြီလေ” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောသည်။

ဦးဝင်းထိန်သည် ၈၈ အရေးတော်ပုံကာလတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဒု-ဥက္ကဋ္ဌ ဦးတင်ဦး၏ ကိုယ်ရေးအရာရှိ တာဝန်ကိုလည်း ထမ်းဆောင်ခဲ့ဖူးပြီး ၁၉၉၅ ခုနှစ် နောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအရာရှိအဖြစ် တာဝန်ယူခဲ့သည်။

ယခင်က သွေးတိုး၊ နှလုံးရောဂါ၊ သွေးကြောကျဉ်း၊ လေးဘက်နာ၊ အရိုးကျီးပေါင်း စသည့် ရောဂါအမျိုးမျိုး ခံစားခဲ့ရဖူးသူ ဦးဝင်းထိန်၏ လက်ရှိ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်ကြောင်း၊ အင်းစိန်ရှိ ၎င်း၏နေအိမ်သို့ မနက်ဖြန် ရောက်နိုင်လိမ့်မည်ဟု မျှော်လင့်ရကြောင်း မိသားစုဝင်တဦးထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် စက်တင်ဘာလ၌ အကျဉ်းသား (၉,၀၀၂) ဦးကို မြန်မာစစ်အစိုးရက လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ရာတွင် လွတ်လာသည့် သတင်းစာဆရာကြီး ဦးဝင်းတင်အပါအဝင် နိုင်ငံရေးအကျဉ်းသား (၇) ဦးတွင် ဦးဝင်းထိန် ပါဝင်လာသော်လည်း ၎င်းအား လွှတ်ပေးပြီးမှ ကသာမြို့ တည်းခိုခန်းမှတဆင့် အကြောင်းပြချက်မပေးဘဲ ပြန်လည်အကျဉ်းချခဲ့သည်။

ဦးဝင်းထိန်သည် နောက်ဆုံးအကြိမ် အကျဉ်းချခံရစဉ် အင်းစိန်ထောင် (၁) နှစ်၊ မန္တလေးထောင် (၁) နှစ်၊ မြင်းခြံထောင် (၉) နှစ်ခွဲ၊ ကသာထောင် (၃) နှစ်ကျော် စသဖြင့် အကျဉ်းထောင်အသီးသီးသို့ ပြောင်းရွှေ့ခြင်းခံခဲ့ရသည်။

၁၉၈၉ ခုနှစ်တွင် ဦးဝင်းထိန်အား စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်မှ ဖမ်းဆီးခဲ့ပြီး နိုင်ငံတော် နှောင့်ယှက်ဖျက်ဆီးသူများ၏ အန္တရာယ်မှ ကာကွယ်သည့် ပုဒ်မ (၅/ည) ဖြင့် ထောင်ဒဏ်(၅) နှစ် ချမှတ်ခဲ့သည်။

တပ်မတော် ဗိုလ်ကြီးအဆင့်ဖြင့် ကာကွယ်ရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေစဉ် ဗိုလ်ကြီး အုန်းကျော်မြင့်နှင့်အတူ နိုင်ငံတော်ပုန်ကန်မှုဖြင့် ၁၉၇၅ ခုနှစ်၌ ရေကြည်အိုင် စစ်ကျောရေးစခန်းတွင် (၆) လခန့် အထိန်းသိမ်းခံရပြီးနောက် တာဝန်မှ ရပ်ဆိုင်းခြင်းခံခဲ့ရသည်။

::: Copyright © 1992-2010 The New Era Journal

No comments: