-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Thursday, July 15, 2010

မိုးမခရိုင်း




သီရိညွန့်
Wednesday, July 14, 2010




၁၉၉၁ ခုနှစ် ဇန်န၀ါရီလ ၂၂ ရက်၊
မွန်ပြည်နယ်၊ ယင်းတိန်ကျေးရွာ၊

ဦးသိန်းစိုးသည် ထမင်းငုံ့စားနေသော သားဖြစ်သူကို စေ့စေ့ကြည့် ရင်းရင် ထဲ၌ စိုးရိမ်ပူပင်နေမိသည်။ နေလောင်ထားသော အသားအရေ၊ မုတ်ဆိတ် မွှေးများ၊ နှုတ်ခမ်းမွှေးများ၊ ပင်ပန်းနွမ်းလျမှုတို့ကြောင့် ညှိုးနွမ်းနေသော မျက်နှာ၊ ပိန်ချုံးသွားသော ကိုယ်ခန္ဓာတို့က သားဖြစ်သူ ရင်ဆိုင် ဖြတ်သန်း နေသော ဘဝသရုပ်မှန်ကိုတစေ့တစောင်း ဖေါ်ပြနေခဲ့သည်။

“သိပ်ပြီးအတင့်မရဲနှင့်ဦး ငါ့သား၊ မင်းတို့လုပ်စရာတွေ အများကြီးရှိသေးတယ်”

စကားအဆုံး၌ ကိုကိုဦးတယောက် ဖခင်ဖြစ်သူကို မော့ကြည့်လိုက်၏၊ မိမိရှိရာသို့ မရရအောင်စုံစမ်း၍ မရောက်ရောက်အောင်ကြိုးစား လာခဲ့သော အဖေဖြစ်သူ၏ စကားနားထောင်နေသော်လည်း နှုတ်မှ ဘာမှ ဖွင့်ဟပြောကြားခြင်းမရှိခဲ့။

သူတို့နှင့်အတူတူ ထမင်းထိုင်စားနေသော ကိုအေးမင်း (ရန်ကုန်ဆေးတက္ကသိုလ် (၁) မှ ကျောင်းသားတဦးဖြစ်သူ၊ ယခုအခါ အမေရိ ကန်ပြည်ထောင်စု၊ ဗားဂျီးနီးယားပြည်နယ်၌ နေထိုင်လျက်ရှိသူ) မှာ သားအဖနှစ်ဦးကြား၌ ရေငုံနှုတ်ပိတ် အဖေနှင့် သားဖြစ်သူတို့ ပြန် လည်ဆုံစည်းပြီးနောက် ပြောဆိုနေသောစကားများကို နားစွင့်လျက်။

ကိုကိုဦးသည် ABSDF တပ်ရင်း (၁ဝ၂) ကျောင်းသားစစ်ကြောင်း စစ်ကြောင်းမှူး၊ မော်လမြိုင်တက္ကသိုလ်မှ ကျောင်းသားတဦး၊ ဇာတိ မွန်ပြည်နယ်၊ ရေးမြို့မှဖြစ်ပြီး ကိုအေးမင်းကား ဤစစ်ကြောင်းတခုလုံး၏ ဆေးမှူး၊ သူတို့နှစ်ဦးစလုံး ABSDF တပ်ရင်း (၁ဝ၂) မှ တာ ၀န်ရှိ ကျောင်းသားခေါင်းဆောင်များဖြစ်ကြ၏။

ထမင်းစားနေရင်း လက်မှနာရီကို မြှောက်ကြည့်လိုက်ရာမှ ကိုကိုဦးသည်စားလက်စ ထမင်းပန်ကန်ကိုအသာချလိုက်ပြီး အနီးရှိရေခွက် ကို အသာလှမ်းယူလိုက်ကာ လက်ကိုဆေးကြောသုတ်သင်လိုက်သည်။

“ကိုအေးမင်း၊ ခင်ဗျားစားပြီးရင်လိုက်လာခဲ့၊ ကျနော်တော့ လစ်တော့မယ် …
အဖေ သားသွားပြီ၊ နေကောင်းအောင်နေဦး၊ နောက်မှတွေ့ မယ်”

ပြောပြောဆိုဆိုနှင့် ကျောပိုးအိတ်ကိုကောက်လွယ်လိုက်ပြီး၊ သေနတ်ကိုမ၍ အိမ်အောက်ကို ဆင်းသွားလေသည်။ လျှပ်တပြက်အ တွင်း ချက်ချင်းထဆင်းသွားသော သားဖြစ်သူ၏ ကျောပြင်ကိုငေးကြည့်ရင်း ဦးစိုးသိန်းသည် သက်ပြင်းအရှည်ကြီးတချက်ကိုသာ မှုတ် ထုတ် လိုက်ရတော့သည်။

တဲအိမ်အပြင်ဘက်တွင် အမှောင်ထုကကြီးစိုးလျက်…

မိနစ်အနည်းငယ်အတွင်းမှာပင် သားဖြစ်သူနှင့် ကျောင်းသားများသည် ရွာအတွင်းမှ ပျောက်ကွယ်သွားကြသည်။

သားကိုတွေ့ချင်လွန်းသဖြင့် ဤနေရာသို့ မရောက်ရောက်အောင်လာခဲ့သော အဖေဦးစိုးသိန်းကား သားအဖပြန်လည်တွေ့ဆုံခြင်းကို ဤမျှနှင့်သာ ကျေနပ်လိုက်ရတော့သည်။

သူ့ရင်ထဲမှာတော့ ပြောစရာစကားများ ရင်နှင့်အမျှ ပြည့်လျှံလျက်ရှိနေသေးသည်။
၁၉၉၁ ခုနှစ်၊ ဇန်န၀ါရီလ ၂၃ ရက်။
မွန်ပြည်နယ် ယင်းရဲကျေးရွာ။

ဤရွာမှာအိမ်ခြေ (၁၀၀) ခန့်ရှိသော ရွာတရွာဖြစ်ပြီး တောင်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုကြသော ရွာသားများ နေထိုင် ကြသည့် အေးချမ်းဆိတ်ငြိမ်သော ကျေးရွာကြီးတရွာပင်။ ကွမ်းခြံ၊ အုန်းခြံများဖြင့် ဝန်းရံလျက်၊ ရွာ၏အရှေ့ဘက်ခြမ်းတောင်ကုန်းတန်း ကလေးတခုက ရွာကိုကာဆီးပေးထားသည်။

ဝေမိုး တယောက် သူ့လက်ထဲမှ AK - 47 မောင်းပြန်ရိုင်ဖယ်သေနတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း သူ့ကင်းတာဝန်ကို ကျေပြွန် အောင်ထမ်းဆောင်လျက်။

မနေ့ညက သူတို့ ဤရွာကိုရောက်တော့ အတော်ကလေးညဥ့်နက်နေပြီ၊ ယင်းတိန်ကျေးရွာမှာ ညစာစားခဲ့ပြီး ဤရွာမှာ ညအိပ်ရပ်နားဖို့ စီစဉ်ခဲ့ကြသည်။ အားလုံးပင်ပန်းနွမ်းနယ်နေကြပြီမို့ တညလုံးနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့ကြလေသည်။

ဆောင်းတွင်းကာလ နံနက်ဝေလီဝေလင်းအချိန်မို့ မြူမှုန်မြူနှင်းများက ပတ်ဝန်းကျင်တခုလုံးကို လွှမ်းခြုံထားလျက်။

အအေးဒဏ်ကြောင့် ဝေမိုးတယောက် ကင်းစောင့်ရင်း၊ ရာသီဥတုဒဏ်ကိုလည်း ခံနေရ၏။ ပင်ပန်းနွမ်းလျမှုကြောင့် အိပ်ချင်စိတ်ကို မ နည်းဖျောက်ပစ်နေရသည်၊ သူနေရာယူထားသော ရွာလမ်းကလေး၏ အရှေ့ဘက် နှင်းမှုန်များကြားမှ ဤလမ်းကလေးအတိုင်း မြောက်အရပ်ဆီမှ တဖြည်းဖြည်းနှင့် ရွေ့လျားလာသည့် အရိပ်သဏ္ဍာန်များကို စိုက်ကြည့်ရင်း သူ့လက်များက တရွေ့ရွေ့ဖြင့် မောင်း ထိန်းခလုပ်ဆီသို့ ရောက်သွားခဲ့သည်။

အရိပ်သဏ္ဍာန်များမှာ တဖြည်းဖြည်းနှင့် သဲသဲကွဲကွဲဖြစ်လာသည်။ ပိုပြီးသေချာအောင် တချက်ထပ်ဂရုတစိုက်ကြည့်လိုက်ပြီးချိန်မှာ တော့ …

ဒုတ်..ဒုတ်..ဒုတ်..ဒက်..ဒက်..ဒက်..
ဝေမိုး လက်ထဲမှ သေနတ်မှကျည်ဆံများ အတွဲလိုက်ပြေးထွက်သွားသည်။

ရှေ့ဆုံးမှ အရိပ်သုံးခုလုံး အရုပ်ကြိုးပြတ်သလို လဲကျသွားသည်။ တဆက်တည်းမှာပင် အမ် ၇၉ (M-79 Grenade Launcher) လောင် ချာသံနှင့် ဂျီသရီး၊ ဂျီဖိုး (G-3, G-4) မောင်းပြန်ရိုင်ဖယ်သေနတ်သံများ ပတ်ဝန်းကျင်တခုလုံး ဖုံးလွှမ်းသွားသည်။

ရေချိုးရန်ပြင်နေသော ဆေးမှူး ကိုအေးမင်းသည် အင်္ကျီပင် မချွတ်ရသေး။ ကြားလိုက်ရသော သေနတ်သံများကြောင့် သိုင်းကြိုးနှင့်ခါး ပတ်ကို အမြန်ကောက်ပတ်လိုက်ပြီး ဖိနပ်ကိုဆေးလွယ်အိပ်မှာပင် ကောက်ချီလိုက်ကာ ကျောပိုးအိပ်နှင့် သူ၏ကာဘိုင် (Carbine) သေနတ်ယူ၍ အမြန်ပြေးထွက် နေရာယူလိုက်သည်။

ဇော်လွင်စိုး ခေါ် (ကိုပိန်) ယခု အမေရိကန်ပြည်ထောင်စု North Carolina ပြည်နယ်နှင့် အချို့သောရဲဘော်များက တောင်ပေါ်သို့ နေ ရာယူရန် တက်သွားသည်။ သူတို့နှင့်အတူ မိမိတို့၌ ရှားရှားပါးပါးရှိသော R.P.G Rocket Propeller Grenade တင့်ကားဖျက် နောက်ပွင့်ဒုံး ကျည်တလက်မှာ ပါသွားခဲ့သည်။

ရန်သူမှ အတင်းဖိပစ်နေသော လက်နက်ကြီး လက်နက်ငယ်အသံများ ဆူညံလျက်ရှိနေသော်လည်း စစ်ကြောင်းမှူး ကိုကိုဦးက တည် တည်ငြိမ်ငြိမ်နှင့် အဆက်မပြတ်အမိန့်ပေး ကွပ်ကဲလျက်ရှိသည်။

ရန်သူသည် ရွာအရှေ့မြောက်ဘက် အုန်းခြံနှင့် တောင်ခြေဘက်ဆီမှ ဖိထိုးပြန်ရာ မိမိတို့ဘက်မှ တွန်းလှန်တိုက်ထုတ်လိုက်သဖြင့် ပြန် လန်သွားပြီး ခုနက ရွာလမ်းကလေးအတိုင်း ပြန်ဝင်လာကြပြန်သည်။

ဤတကြိမ်မှာတော့ ရန်သူသည် ရွာလမ်းနှင့် အပြိုင်ရှိနေသော ဂဝံကျောက်တံတိုင်းနှင့် လမ်းအနောက်ဘက်ခြမ်းရှိ ဘုန်းကြီးကျောင်း ကို ရရှိသွားခဲ့သည်။ ထို ဂဝံကျောက်တံတိုင်းကို အဓိကထား အကာအကွယ်ယူကာ ရန်သူသည် ရွာလမ်း၏အရှေ့ဘက်ခြမ်းရှိ မိမိတို့အား အနီးကပ်ပစ်ခတ်တော့သည်။ တဘက်နှင့်တဘက် ၁၅ ကိုက်၊ ကိုက် ၂၀ ခန့်သာကွာဝေးပြီး အနီးကပ် လက်တကမ်း တိုက်ပွဲဖြစ်လာခဲ့သည်။

ထိုအချိန်မှာပင် သစ်ပင်ကြီးတပင်ဘေးမှ အကာအကွယ်ယူ ပစ်ခတ်နေသော မော်လမြိုင်မြို့သား ကျော်စိုးလေးမှာ ခွင်းဗုံးထိမှန်ပြီး သူ ၏ ညာဘက်လက်မှာ ပြတ်လုနီးပါးဖြစ်သွားကာ ထိုနေရာပင် ကျဆုံးသွားခဲ့သည်။ အလောင်းကို ထွက်ဆွဲ၍မရတော့၊ ရန်သူက ထို နေရာကို ဝိုင်းအုံပစ်ခတ်နေသည်။ နောက်ဆုံးတော့ သူ့အလောင်းကို ရယူဖို့လက်လျော့လိုက်ရသည်။

အင်းအားချင်းက မမျှတော့၊ ကိုကိုဦးထံမှ ဆုတ်မိန့်ပေးသံကို ကြားလိုက်ရပြီ။

ကိုအေးမင်းတယောက် ပစ်ဆုတ်ဆုတ်ရင်း အိမ်တလုံးအနောက်ဘက်ရှိ စပါးကျည်တခုဘေးသို့ ရောက်သွားခဲ့သည်။ ထိုစပါးကျည်မှာ ဝါးခြံစည်းရိုးတခုခံနေပြီး သူ့ဆုတ်လမ်းကိုပိတ်ဆို့နေသည်။ ဆေးတွေအပြည့်ထည့်ထားသော သူ့ကျောပိုးအိတ်ကြောင့် သူ့အတွက် ဆုတ် ရနှေးကွေးနေ၏။ ထိုအိပ်ကြီးကိုထားခဲ့ဖို့တော့ သူမစဉ်းစား၊ ဒဏ်ရာရသူများအားလုံ၏ အသက်ကိုကယ်တင်ဖို့ ဤဆေးအိပ်ကြီး ကို သူ မရ ရအောင်သယ်မည်။

ဝါးခြံစည်းရိုးမှာ သိပ်အမြင့်ကြီးလည်းမဟုတ်၊ သို့သော် ရန်သူက အနီးကပ် ဝိုင်းအုံပစ်ခတ်နေတာမို့ ထွက်ရခက်နေသည်။

နောက်ဆုံးတော့ ဆေးအိတ်ကောလူပါ ခြံစည်းရိုးကို ရအောင်ကျော်ထွက်လိုက်နိုင်သည်။

သို့သော်…

ခြံစည်းရိုးရဲ့ဟိုဘက်မှာ ကွင်းပြောင်ပြောင်ကလေးက ခံနေပြန်၏။ ကွင်းပြောင်ပြောင်ကလေးဆိုပေမဲ့လည်း ကျည်ကွယ်မရှိတဲ့ ထိုကွင်း ကလေးကို ဖြတ်ဖို့က လက်တွေ့ကျတော့ မလွယ်ကူလှပါ၊ ရန်သူက သူ့သတ်ကွင်းထဲဝင်လာသမျှကို ညှာတာလိမ့်မည်မဟုတ်။

ဒီအချိန်မှာပဲ စစ်ကြောင်းမှူး ကိုကိုဦးနှင့် သန်းဗိုလ်တို့ရောက်လာကြပြီး ကာပစ်ပစ်ပေးရင်း ကိုအေးမင်း ကို အမြန်ဆုတ်ခွာဖို့ အ မိန့်ပေးသည်၊ ကိုအေးမင်းလည်း တုန့်ဆိုင်းမနေတော့၊ သေနတ်ကိုကျစ်ကျစ်ပါအောင်ဆုပ်ရင်း ထိုကွင်းပြင်ကလေးကို ဖြတ်ပြေးလိုက် သည်။

အဲဒီမှာပဲ သူ့ညာဘက်ဒူးဆစ်မှ ပူကနဲဖြစ်သွားတာကို သတိထားလိုက်မိသည်။ သူ့ကိုထိပြီဆိုတာ သိလိုက်ပြီ။

ထိုဒဏ်ရာနှင့် ဆက်ဆုတ်နေရင်းမှာပင် သူ့ပါးစပ်နှင့်နှုတ်ခမ်းကို ထပ်ထိပြန်သည်။ သူ့ကိုမှန်တာအားလုံး ဗုံးစတွေပင်။ ဒီလိုနဲ့ပဲ အုန်း တောအစပ်မှ အိမ်တအိမ်ရဲ့ဘေးကိုသူရောက်သွားခဲ့သည်။

သူ့ကို ကျည်ကာပစ်ပေးနေခဲ့သော ဝေမိုးတယောက်လည်း ဒဏ်ရာများနှင့်၊ သူ့ညာဘက်ကျောပြင်အရိုးကို G-3 ကျည်ထိထားပြီး သွေး များက သူ့ကျောပြင်မှာ မြင်လို့မကောင်း။

နောက်တယောက်က ကုလားလေး၊ သူလည်းဒဏ်ရာတွေနှင့်။

ကုလားလေးကို တွဲဆုတ်ရင်း နောက်ထပ်ဒဏ်ရာရထားသော လူသစ် ရဲဘော်နှစ်ယောက်ကို တွဲခေါ်ရပြန်သည်။ တယောက်က ဘယ် ဘက်ပေါင်အောက်က ဗုံးစတွေမှန်ထားလျက်။

လူနာများ၊ ဒဏ်ရာတွေနှင့် ကိုအေးမင်း။
သူတို့အားလုံးကို ဘေးကင်းရာသို့တွဲထုတ်နိုင်ခဲ့သည်။ ကျည်ထိထားသော သူ့ညာဘက်ဒူး ဆစ်ကတော့ အတော်ပင်နာနေပြီ၊ ဒါပေမဲ့ သူ့အနာကို ဂရုမစိုက်အား၊ သူတို့အားလုံး ဆုတ်နိုင်အောင် ကာပစ်ပစ်ပေးရင်း ကျန်ခဲ့ကြတဲ့ စစ်ကြောင်းမှူးကိုကိုဦးနှင့် သန်းဗိုလ်တို့ကို သူစိုးရိမ်ပူပင်လျက်။

အဲသည်အချိန်မှာပဲ…
“သန်းဗိုလ်”
ဆိုပြီး စူးစူးရှရှအော်လိုက်သံကို ပီပီသသကြားလိုက်ရသည်။

အသံက ကိုကိုဦးရဲ့အသံ။

အုန်းပင်တပင်နှင့်တပင်အကြား ဖြတ်အကူးမှာ သန်းဗိုလ်တယောက်၊ သူ့ကျောပြင်ကို ရန်သူ့ စက်လက်ကျည်ထိသွားပါပြီ။

ထိုနေရာမှာပင် သန်းဗိုလ်တယောက် ပွဲချင်းပြီးကျဆုံးသွားခဲ့ရသည်။

ဆေးမှူးကိုအေးမင်းသည် လူနာများနှင့် ဆုတ်ရင်ဆုတ်ရင်း ၁၅ မိနစ်လောက်ကြာတော့ ယင်းတိန်ကျေးရွာကို ရောက်ရှိသွားခဲ့သည်။

ရွာတရွာလုံးကား တိတ်ဆိတ်ငြိမ်သက်လျက်။

ရွာထဲမ၀င်ခင် အခြေအနေစောင့်ကြည့်နေစဉ်မှာပဲ ရွာသားတယောက်ထွက်လာတာ တွေ့လိုက်သည်။ ထိုရွာသားကို အသာလက်ပြ ခေါ်လိုက်ပြီး နဝတစစ်သားရှိမရှိမေးလိုက်သည်။ မရှိဘူးဆိုမှ ရွာထဲကိုဝင်ကြသည်။

အဲသည်မှာပဲ ဝေမိုးနှင့်ပြန်ဆုံရသည်၊ ကိုကိုဦးကိုတော့မတွေ့ရ၊ တောင်ဘက် မြင်းဇောင်းရွာဘက်ဆီကို ဆုတ်သွားပြီဟု ထင်လိုက် သည်။

ကိုကိုဦး အဖေရောက်လာပြီး သူ့သားကိုမေးသည်။

တောင်ဘက်ဆုတ်သွားပြီလို့ ပြောလိုက်သည်၊ အဖေကြီးကား သူ့သားအတွက်စိတ်လှုပ်ရှားလျက် အတော်စိုးရိမ်ပူပန်နေရှာသည်။

ထိုရွာအနီးမှာပင် လုံခြုံရေးအတွက် သေသေချာချာကင်းချပြီးမှ ညအိပ်ညနားလိုက်ကြလေသည်။

၁၉၉၁ ခုနှစ်၊ ဇန်န၀ါရီ ၂၄ ရက်။
ကိုပိန် (ဇော်လွင်စိုး) နှင့် ကျန်ရဲဘော်များရောက်လာကြပြီး သန်းဗိုလ်နှင့် ကျော်စိုးလေးတို့ ရုပ်အလောင်းများကို သွားယူကြသည်။

ယမန်နေ့က ဆူညံစွာ တိုက်ပွဲများဖြစ်ပွားခဲ့သော ယင်းရဲကျေးရွာ။

အခုတော့ ဘာမျှမဖြစ်ခဲ့သလို တိတ်ဆိတ်ငြိမ်သက်လျက်။

ရွာအပြင်အစပ်နား အုန်းပင်တွေနှင့် မလှမ်းမကမ်းမှာ ငြိမ်သက်စွာလဲလျောင်းလျက်ရှိနေသော ရုပ်အလောင်း တခု။

စစ်ကြောင်းမှူး ကိုကိုဦး။

မည်သူမျှ မျှော်လင့်မထားသော သူ့ရဲ့ ဝိညာဉ်မဲ့ခန္ဓာကိုယ်ကို မျက်မြင်ကိုယ်တွေ့ တွေ့ကြရတော့မှပဲ ကိုကိုဦး ကျဆုံးသွားပြီဆိုသည်ဟု သိလိုက်ကြသည်။ အားလုံးရဲ့ရင်ထဲမှာတော့ ဆို့နင့်ကြေကွဲလျက်။

သူ့ဖခင်ကားဆိုဘွယ်ရာမရှိတော့၊ သားဖြစ်သူအားငေးကြည့်ရင်း ငိုင်တွေနေရှာသည်။ ငယ်စဉ်တောင်ကျေး ကလေးဘဝကစပြီး ပြုစုပျိုးထောင်ပေးခဲ့ရသော သားငယ်လေး၊ ယခုတော့ မိမိမျက်စေ့ရှေ့မှောက်မှာ ဝိဥာဉ်မဲ့ လဲလျောင်းလျက်။

စစ်ကြောင်းမှူးကား သူ့တာဝန်ကျေပွန်မှုကို အသက်နှင့်ရင်းပြသွားခဲ့လေပြီ၊ ဆေးမှူး ကိုအေးမင်း အပါအ၀င် သူ့ရဲဘော်များလွတ် မြောက်စေရန်အတွက် သူကိုယ်တိုင် ကာပစ်ပစ်ပေးရင်း ခေါင်းဆောင်ကောင်းပီသစွာ စွန့်လွှတ်ပေးဆပ်သွားခဲ့လေပြီ။

အမိနိုင်ငံတော်၏ အဖိုးတန်သားကောင်းရတနာများ ဆုံးရှုံးရပြန်လေပြီ။

ကိုကိုဦး၊ သန်းဗိုလ်၊ ကျော်စိုးလေး။

သူတို့သုံးဦးစလုံး မြေပြင်ပေါ်မှာ ငြိမ်သက်စွာ လဲလျောင်းလျက်။

ဆောင်းဦးကာလ ဇန်နဝါရီလ နှင်းမှုန်စက်ကလေးများက မြန်မာ့သားကောင်းအာဇာနည်များ၏ ရုပ်ခန္ဓာပေါ်သို့ ဖြည်းညှင်းစွာကျဆင်း လျက်၊ အုံမှိုင်းမှိုင်းရာသီဥတုက ဤလွမ်းဆွတ်မြင်ကွင်းအား အားဖြည့်လွမ်းအားပေးနေသလိုပင်။

ကျန်ရစ်ခဲ့သော ရဲဘော်များကား သူတို့ပုခုံးပေါ်တွင် ကျန်ရှိနေသေးသော တာဝန်ဝတ္တရားများအား သစ္စာစောင့်သိရိုသေမှုများဖြင့် ခွဲခွာ သွားလေပြီဖြစ်သော ရဲဘော်များအား နောက်ဆုံးဂုဏ်ပြုခြင်းအဖြစ် ဦးညွှတ်အလေးပြုလိုက်ကြသည်။

ပင်လယ်ပြင်မှ တိုက်ခတ်လာသည်ဟုထင်ရသော လေပြေလေညှင်းတို့ကား ကုန်းတွင်းပိုင်းဆီသို့ ဆက်လက်ဝင်ရောက်သွားနေဆဲ။ ။

သီရိညွန့်

ဤ ယင်းရဲကျေးရွာတိုက်ပွဲသည် ABSDF တပ်များ၏ မြောက်များလှစွာသော ဖြစ်ရပ်မှန်တိုက်ပွဲများထဲမှ တိုက်ပွဲလေးတခုဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ နက်ရှိုင်းသော တောတောင်များအတွင်းပင်ပန်းဆင်းရဲခံ တိုက်ပွဲဝင်ကြရင်း ယခုကဲ့သို့ မထင်မရှားကျဆုံးသွားခဲ့ကြရ သော အညတြရဲဘော်များ ထောင်ပေါင်းများစွာရှိခဲ့ပါသည်။

သူတို့အား ဂုဏ်ပြုချီးမြှင့်မည့် Purple Heart နှင့် Iron Cross များမရှိသဖြင့် အချိန်ကြာမြင့်လာသည်နှင့်အမျှ သူတို့စွန့်လွှတ်စွန့်စား တိုက်ပွဲဝင်ခဲ့မှုများ ပျောက်ကွယ်မသွားစေလိုသည့် ရည်ချက်ဖြင့် ကျနော်ရေးသားဂုဏ်ပြုမှတ်တမ်းတင်ပေးခြင်း ဖြစ်ပါသည်။

အမိ မြန်မာနိုင်ငံတော်တွင် လူတဦး (သို့မဟုတ်) လူတစုက လက်နက်အင်အားကို အသုံးချလျက် ထင်ရာစိုင်းအုပ်ချုပ်နေခဲ့သော မကောင်းသည့် လက်ရှိစနစ်ဆိုးကြီး ပပျောက်ချုပ်ငြိမ်းသွားစေရန်အတွက် အသက်ပေးတိုက်ပွဲဝင်သွားကြသော အာဇာနည်သူရဲ ကောင်း အပေါင်းတို့အား ဦးညွှတ်အလေးပြုလိုက်ပါသည်။

http://burmeserebel.blogspot.com မှ ကူးယူတင်ဆက်ပါသည်။

No comments: