-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Wednesday, July 7, 2010

မေးခွန်းများ




ခင်ငြိမ်းသစ်
Tuesday, July 06, 2010




လူတယောက်ကို မေးခွန်းတခုမေးလိုက်ရင် အဲဒီမေးခွန်းနဲ့လိုက်ဖက်တဲ့ အဖြေကိုရနိုင်ပါတယ်။ တခါတလေကြတော့ အဖြေဟာ မုသား အဖြေဖြစ်နိုင်သလို၊ တခါတရံကျတော့ မေးခွန်းမေးသူမလိုချင်တဲ့ (ဒါမှမဟုတ်) မကြိုက်နှစ်သက်တဲ့ အဖြေတခုဖြစ်နေတတ်ပါတယ်။ သိပ်ကိုဖြစ်ခဲတဲ့ အဖြစ်ကတော့ တခုခုကိုဖြေလိုက်ဖို့ သိပ်ခက်ခဲနေတတ်တာပါ။

“မျိုးမျိုးခင်”
တချို့တွေပြောကြတာက အရိပ်လိုချင်ရင် နေပူက စောင့်တဲ့။ ဒါပေမယ့် အံ့သြဖို့ကောင်းတာက ကျမအ တွက်တော့ ဒီစကားဟာ မမှန်သလိုပဲ။ ဘာဖြစ်လို့ လဲဆိုတော့ ကျမဟာ လူမှန်းသိတတ်စအရွယ်က တည်းက နေပူထဲမှာ ရပ်နေခဲ့ရတာပါ။ အခုချိန်ထိပဲ ဆိုပါစို့။

ကျမအမေက ဟိုတုန်းကဆိုရင် အမြဲပြောခဲ့ဖူးတဲ့ စ ကားတခွန်းရှိတယ်…
“အငယ်မ နင် စာတတ်အောင်သင်နော်၊ အဲဒါမှ ညည်း သက်သက်သာသာနေရမှာ” တဲ့ …
ဒါကြောင့်လည်း ကျမစာကို အရမ်းကြိုးစားခဲ့ပါတယ်။ ညီအမတွေထဲမှာလဲ ကျမက အကောင်သေးတယ်လေ။ ကျမကို အမေမွေးတော့ အသက် ၄၀ ကျော်ပြီတဲ့ အမေပြောတာကတော့ …
“သွေးဆုံး သားဆုံး” တဲ့။

ကျမဘဝက ထင်ထားသလို မချောမွေ့ပါဘူး။ ကျမ ၈ နှစ်သမီးအရွယ်မှာ အဖေ ပိုးထိတယ်။ ညနေ နေဝင်ရီတရောအချိန်မှာ အဖေက ပဲခင်းထဲကို ဆင်းတယ်။ ပဲခင်းထဲခွေနေတဲ့ မြွေကို အဖေက နင်းမိတာကိုး။ ကျမတို့ရွာက တိုက်နယ်ဆေးရုံနဲ့ ဝေးတယ်။ ကျမတို့ရွာမှာ လယ်သမားတွေများတော့ ကားတို့ ဆိုင်ကယ်တို့ကလည်း မရှိဘူးလေ။ ဒါကြောင့် ဆေးရုံကို လှည်းနဲ့သွားရတယ်။ ဖြစ်ချင်တော့ အဲ့ဒီ အချိန်က ပဲမပေါ်သေးဘူး။ ဒါကြောင့် အဖေတို့လက်ထဲမှာ ငွေမပေါ်သေးဘူး။ ဒီတော့ ဆေးရုံမှာလိုအပ်သလို ငွေမသုံးနိုင်ဘူး။

ချုပ်လိုက်ရင်တော့ အဖေ့အသက်ကိုမမှီတော့ဘူးပေါ့။ အဖေဆုံးတော့ ကျမ အမအကြီးဆုံးက ၂၄ နှစ်ရှိပြီ။ အမက အားကောင်းမောင်း သန်။ အိမ်မှာက သားယောကျာ်းလေးမမွေးတော့ အဖေ့ကို အမကြီးကပဲ အမြဲကူညီနေကျ။ အဖေဆုံးသွားတော့ မိသားစုရပ်တည်ရေး အတွက် အမကြီးက အဖေ့ကိုယ်စား လယ်ယာစိုက်ပျိုးပါတယ်။

အဖေက မြေကြီးကို သိပ်ချစ်တဲ့လူလေ။ တတ်နိုင်သမျှ ဓာတ်မြေသြဇာမသုံးဘူး။ မြေဆီလွှာတွေ ပျက်ဆီးမဲ့ကိစ္စကို အရမ်းရှောင်ကျဉ် တဲ့လူလေ။ အဖေ့ကို လယ်နားနီးချင်းတွေက အမြဲမေးတယ်…
“ဦးလှ ခင်ဗျားလယ်မှာ အသီးထွက်ဆေး မဖြန်းဘူးလား” တဲ့။ အဖေကတော့ …
“သဘာဝကို လွန်ဆန်တဲ့အရာ ဘယ်ဟာမှ မကောင်းပါဘူးဗျာ၊ ကျုပ်ကတော့ သဘာဝမြေသြဇာပဲ သုံးတယ်” တဲ့ …
ဒါကြောင့်လဲ ကျမတို့လယ်က အထွက်နှုန်း သိပ်မကောင်းလှပါဘူး။

အဖေဆုံးသွားတော့ အမကြီးက လယ်ဆက်လုပ်တယ်။ အဖေ့စိုက်ပျိုးတဲ့ အတိုင်းပဲစိုက်တော့ ထွက်နှုန်း ပိုကျလာတယ်။ အမကြီးက စမ်းသပ်တဲ့အနေနဲ့ ဓာတ်မြေဩဇာနဲ့ စိုက်ကြည့်ပြန်တယ်။ ဒါပေမဲ့ မသုံးတတ်လို့လား မသိဘူး၊ အဲဒီနှစ်က စပါးတွေ သေကုန်တာများ တယ်။ ဒီလိုနဲ့ ကျမတို့မိသားစု စီးပွားရေး နလန်မထူနိုင်ဘူး။ ဒါကြောင့် ရှိတဲ့လယ်တွေရောင်းပြီး အမက ထိုင်းနိုင်ငံကို အလုပ်လုပ်ဖို့ ထွက်လာတယ်။

အမက စိုက်ပျိုးရေးကိုပဲ လုပ်လာတာဆိုတော့ တခြားဟာတွေ မလုပ်ချင်းဘူး၊ ဒါကြောင့် ဖုတ်ဖရဘက်က စိုက်ပျိုးရေး ခြံတွေထဲမှာပဲ အလုပ်လုပ်တယ်။ အမက သူ့ရဲ့လုပ်ခကို ကျမတို့ဆီ တပြားမှမချန်ပဲ ပို့ပေးတယ်။ တနေ့တခြား တက်လာတဲ့ ကုန်ဈေးနှုန်းကြောင့် ကျ မတို့ မလောက်ငဘူး။ ဒါကြောင့် ဒုတိယအမနဲ့ တတိယအမလည်း အမကြီးဆီကို လိုက်သွားကြတယ်။

အမသုံးယောက်ရဲ့ လစာနဲ့ ကျမတို့ သားအမိနှစ်ယောက် စားလောက်ပါတယ်။ ရွှေတို ရွှေစလေးတောင်မှ စုဖြစ်ကြသေးတယ်။ ဒါလဲ သိပ်တော့ မကြာလှပါဘူး၊ နဂိုကထဲက ကျန်းမာရေးမကောင်းတဲ့ ဒုတိယအမ နေမကောင်းဖြစ်တယ်။ စုဆောင်းထားတာလေးတွေနဲ့ ကုသ ပေးရတာပေါ့။ အမရောဂါကလဲ ဆေးမြီးတိုနဲ့ကုသလို့ မပျောက်ကင်းပါဘူး။ စုဆောင်းထားတာလေးတွေ ကုန်သွားပေ့မဲ့ အမေ ကတော့ သူ့သမီးမသေလို့ ကျေးဇူးတင်တယ်တဲ့လေ။

ဒီလိုနဲ့ ကျမတို့သားအမိပါ ထိုင်းနိုင်ငံမှာ သောင်တင်သွားတယ်။ တတိယအမက စိုက်ပျိုးရေးလုပ်ငန်းမှာ မလုပ်ချင်ဘူး။ ဒါကြောင့် အ ထည်ချုပ်စက်ရုံတွေမှာ အလုပ်လိုက်ရှာတယ်။ သူ အထည်ချုပ်တွေမှာရပြီးတော့ ကျမလဲ အထည်ချုပ်မှာ ၀င်လုပ်ဖြစ်တယ်။ ၁ နှစ် လောက်တော့ ကြာတာပေါ့။

နောက်ပိုင်း ကျမသိလာရတာက ဒီမှာ ကျောင်းတွေရှိတယ် ဆိုတာပဲ။ ကျမက ကျောင်းတက်ချင်တဲ့အကြောင်း အမေ့ကို ပြောပြတယ်။ အမေက ပထမတုန်းက သဘောမတူဘူး။ ကျောင်းတက်ရင် အပြင်သွားရတော့ မကောင်းတဲ့သူတွေနဲ့ တွေ့မှာစိုးရိမ်တယ်။ ပြီးတော့ ဒီ မှာက ကျောင်းတက်ပြီး ၁၀ တန်းအောင်ရင်လဲ တက္ကသိုလ်တက်ခွင့်ရတာမှ မဟုတ်တာ။ ဒီတော့ အမေက ဘွဲ့ရမှာမဟုတ်တဲ့အတွက် ကျောင်းတက်မှာကို သဘောမတူဘူး။ အမေတို့က တောသူတောင်သားတွေဆိုတော့ ဘွဲ့ရမှအထင်ကြီးတာကိုး။

ကျမရဲ့ အိပ်မက်တွေထဲမှာ တက္ကသိုလ်ကျောင်းကြီးလဲပါပါတယ်။ အခု အခြေအနေနဲ့ကတော့ ကျမ တက္ကသိုလ်တက်ဖို့မလွယ်ဘူးပေါ့။ မထင်မှတ်ပါပဲ ဒီဘက်မှာ ပညာတော်သင်ဆုတွေပေးတဲ့ စာမေးပွဲတွေ အကြောင်းကြားရပါတယ်။ ဒါကြောင့် ဘယ်လိုပဲဖြစ်ဖြစ် ကျမ ကျောင်းတက်မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

ကျမရဲ့ ဆုံးဖြတ်ချက်ကို ကြားရတော့ ကျမရဲ့ အမတွေကကျမကို မှတ်ချက်ချပါတယ်။ “မိုးပေါ်က အပ်တစင်းနဲ့ မြေပြင်က အပ်တစင်း ထိဖို့ ခက်သလောက်ကို ခက်ခဲတာတဲ့လေ။ အမေက ဘယ်လိုတားတား၊ အမတွေက ဘယ်လိုပဲ မနှစ်သက်မနှစ်သက် ကျမကတော့ ကျောင်းဆက်တက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါကြောင့် စနေ၊ တနင်္ဂနွေ ၂ ရက်ကိုပဲ ကျမအလုပ်ဆင်းပါတော့တယ်။ တရက်ကို ၈၀ ဘတ်လောက်တော့ ရပါတယ်။ တနင်္လာနေ့ကနေ သောကြာနေ့အထိ ကျောင်းကအဆောင်မှာနေရပါတယ်။ စနေ တနင်္ဂနွေတွေမှာ တော့ အိမ်ပြန်ပြီး အထည်ချုပ်မှာ အလုပ်ဆင်းပါတယ်။”

ကျမတို့ ပညာသင်ကြားရတဲ့ ပုံစံက လွယ်လွယ်ကူကူတော့မဟုတ်ပါဘူး။ ကျောင်းခန်း ကျင်းကျင်းလေးထဲမှာ တိုးတိုးဝှေ့ဝှေ့ သင်ကြား နေကြရတာပါ။ တခါတရံ ဆရာ၊ ဆရာမတွေဟာ ကျမတို့ နားလည်သွားအောင် သင်မပေးကြပါဘူး။ တချို့တွေကတော့ နားလည် အောင်သင်ပေးပါတယ်။ ဘာတွေပဲဖြစ်ဖြစ် ကျမရဲ့ ရည်မှန်းချက်ကတော့ ပြောင်းလဲမသွားပါဘူး။ တခါတရံ ကျမအိမ်မက်ထဲမှာတောင် GED စာမေးပွဲကို အားသွန်ခွန်စိုက်ဖြေနေတယ်။

အမေက ကျမကိုခဏခဏမေးတဲ့ မေးခွန်းရှိပါတယ်။ “နင် ပညာသင်ဆုရတယ်ပဲ ထားပါတော့၊ အဲဒီက ဘွဲ့ရလာရင် ဗမာပြည်မှာ ဆရာ မ လုပ်လို့ ရနိုင်လားတဲ့။ ဒါမှမဟုတ် ဘယ်နေရာမှာ လခကောင်းကောင်းရတဲ့ အလုပ်ရမှာလဲ” တဲ့။

အမေသိချင်တဲ့ မေးခွန်းတွေကို ကျမလဲသိချင်နေပါတယ်။
ကျမရဲ့ ဘ၀က ဘာလဲ၊ ကျမ သင်ကြားဖို့ ကြိုးစားနေတဲ့ ပညာကကော…

ခင်ငြိမ်းသစ်



မူပိုင်ခွင့် © ၂၀၀၈ နေ့သစ်

No comments: