-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Saturday, August 28, 2010

ကိုဂျက်၏တွေးမိတာလေးများ

Wednesday, 25 July 2007
Biruma No Tategoto ၅ တန်းကျောင်းသားဘ၀က အနှစ်သက်ဆုံး ၀တ္ထု ဆိုတဲ့ခေါင်းစဉ်နဲ့ စာစီစာကုံးတပုဒ်ကို ဆရာမက ရေးခိုင်း ဖူးတယ်။ဒီတုန်းက ၀တ္ထုဆိုတာဘာမှန်းတောင်သိတာ မဟုတ်ဘူး။ ကာတွန်းတွေပဲဖတ်တာ။ ဒီတော့ ဒုတ်ခနဲ့ လှလှ တွေ့ပါလေရော။ ၀တ္ထုတွေအကုန်လုံး လိုက်ဖတ်လို့လည်း အချိန်ကမရ။ အဖေနဲ့ အမေကလည်း ၀တ္ထုဆိုလုံးဝမဖတ်။နောက်ဆုံးတော့ ကိုယ်နဲ့သိတဲ့ မြန်မာစာဋ္ဌာနက ဆရာမတယောက်ကို သွားမေးတော့ သူက ဂျာနယ်ကျော်မမလေးရဲ့ သွေး ကိုညွှန်းတယ်။ ဇတ်လမ်းလေးကို အတိုချုံ့ ပြောပြတော့ ပိုစိတ်ဝင်စားတယ်။ ဖတ်ကြည့်တော့လည်း ကြိုက် တယ် ။ ဒီတုန်းက ဖတ်လို့ကောင်းလို့ ကြိုက်တာကတမျိုး ၊ အဖွားလေးရဲ့ ဂျပန်ခောတ် ကိုယ်တွေ့ တွေကိုကြားဖူးထားလို့ ကြိုက်တယ်ဆိုတာထက်မပိုဘူး။ ဒီတုန်းကသာမန် ၀တ္ထုတခု လိုပဲ သဘောထားခဲ့တယ် ။ ပထမဆုံးဖတ်ဖြစ်ခဲ့တဲ့ သွေးဝတ္ထုကို နောက် ၇ နှစ် ၈ နှစ်ကြာပြီးမှ တခါပြန်ဖတ်ရတဲ့အခါ ဆရာမကြီးရဲ့စေတနာကို နားလည်လာပါတယ်။

ဒီဝတ္ထုက မြန်မာပြည်မှာ ကျော်ကြားရုံမက ဂျပန်မှာပါအောင်မြင်ခဲ့ပါတယ်။ ဂျပန်လူမျိုး တွေသိတဲ့ မြန်မာပြည်ဆိုတာ သွေးဝတ္ထုကစတယ်လို့ထင်ခဲ့ပါတယ်။ ဒါပေမဲ့ ဂျပန်မှာ စာပေ အနေနဲ့ရော ရုပ်ရှင်အနေနဲ့ပါအောင်မြင်ခဲ့တဲ့ဝတ္ထု တပုဒ်ရှိပါသေးတယ်။ ဒီစာအုပ်က စာရေးဆရာကြီး ထာကဲရာမမိကျိအိုး ရဲ့ ဘိရုမာနို့ထတဲ ခေါ်တဲ့ မြန်မာ့စောင်း ပါ ခင်ဗျာ။ ဒီစာအုပ်နဲ့ ရုပ်ရှင်ကြောင့် မြန်မာပြည်ကို ပိုသိ ပိုချစ်လာခဲ့ပြီး ဆရာမကြီး ဂျာနယ်ကျော် မမလေးရဲ့ ၀တ္ထု မှာတော့ အသဲစွဲခဲ့ကြတယ်ထင်ပါတယ်။ မြန်မာ့စောင်း က လည်းဖြစ်ရပ်မှန် မဟုတ်ပါဘူး။ဒီဝတ္ထုထဲမှာပါတဲ့ ဂီတ၀ါသနာပါတဲ့ တပ်စိတ်ကလေးကတော့ တကယ်ရှိခဲ့ပါ တယ်။သူတို့ပြောပြတဲ့ အတွေ့အကြုံတွေကို အခြေခံပြီး ရေးခဲ့လို့ထင်တယ် အတော် လေးဖတ်လို့ကောင်းတယ်။သနားစရာလည်းကောင်းပါတယ်။ဝမ်းလည်းနည်းရပါတယ်။ဒီဝတ္ထုရဲ့ အဓိကဇတ်ကောင်ကတော့ မီဇူရှီးမားဆိုတဲ့ စစ်သားလေးပါ။
ဂျပန်တပ်စိတ်မှုး ဗိုလ်ကြီးက ဂီတကျောင်းကနေ အောင်ခါစ လူငယ်ပညာတတ်၊ ဒီတော့ သူ့တပ်သားတွေအကုန်လုံကို သီချင်းဆိုလေ့ကျင့်ခိုင်းတယ်။ သီချင်းဆိုရင်လည်း အဆင့်နိမ့်တဲ့ သီချင်းတွေမဆိုကြဘူး။တကယ့်ကိုခက်ရာခက်ဆစ် သီချင်းတွေကိုပဲ လေ့ကျင့် သီဆိုကြတယ်။သူတို့တွေက စိတ်ညစ်တဲ့အခါ ၊ဘယ်တိုက်ပွဲမှာ သေမယ်မှန်း မသိတဲ့အခါတွေ မှာ ရင်ထဲမှာရှိတဲ့ သီချင်းတွေကို အားရပါးရဆိုကြတယ်။ ဗိုလ်ကြီးရဲ့ အားအကိုးရဆုံး ကတော့ တပ်ကြပ်ကလေး မီဇူရှီမား။သူက တပ်ထဲရောက်မှ ဂီတကို စထိတွေ့ဖူးပေမဲ့ ဂီတအထုံရှိတော့ အတော်လေးပေါက်မြောက်တယ် ။
သူတို့တပ်သားတွေအကုန်လုံး တူရိယာ ပစ္စည်းတွေကို တွေ့ရာ ၀ါး ၊ လက်နက်တွေနဲ့ လုပ်တယ်။ ဒီထဲမှာ မြန်မာ့စောင်းကို အတုခိုးပြီးလုပ်ထားတဲ့ မီဇူရှီမား ပိုင် စောင်းတလက်ရှိ တယ်။ သူတို့က မြန်မာပြည်ကနေ ပြန်ဆုတ်နေရတဲ့အချိန်ဆိုတော့ အရှေ့ဘက်မှာရှိတဲ့ ယိုးဒယားကို ပြေးတယ်။ လမ်းမှာကင်းထောက်စရာရှိရင် မီဇူရှီမား ကို ရှေ့ပြေးလွှတ်တယ်။မီဇူရှီမားက ဂျပန်လူမျိုးဆိုပေမဲ့ အသားကညိုတယ်၊ နေလောင်ထားတော့ပိုဆိုး ၊မျက်နှာပုံစံ ၊အရပ်အမောင်းအားလုံးဗမာနဲ့ တပုံစံထဲ။ဗမာ အ၀တ်အစားဝတ်လိုက်ရင် ခွဲလို့မရအောင်တူတယ်။ စောင်းတီးလည်းကျွမ်းတော့ စောင်းသမား သတောင်းစားဟန်ဆောင်ပြီး ကင်းထောက်တယ်။ သူ့ရဲဘော်တွေက မင်းမြန်မာပြည်မှာနေခဲ့ ရင် မြန်မာလူမျိုးတွေအကုန်လုံးဝိုင်းချစ်ကြလိမ့်မယ်ပြောတော့ သူက “ကျွန်တော်ဟာ မီယန်မာ လူမျော၊ မီယန်မာဟာ တိတ်ကောင်းတဲ့တိုင်းပြည်”လို့ အမြဲပြောနေကြ။
တနေ့မှာ သူတို့တတွေဟာ ဂျပန်ပြည် လက်နက်ချလိုက်ပြီဆိုတဲ့ စာတွေကို လေယာဉ်ပျံနဲ့ ကျဲချတဲ့အခါ ရရှိခဲ့ကြတယ်။ နောက်ဆုံးမှာ ရန်သူအ၀ိုင်းခံရပြီး အပစ်အခတ်မရှိလက်နက်ချခဲ့ကြတယ်။ ဒါပေမဲ့ တခြားတနေရာမှာရှိတဲ့ ဂျပန်တပ်တတပ်က စစ်ပြီးပေမဲ့ အသေခံချနေလို့ မီဇူရှီမားရဲ့ ဗိုလ်ကြီးက သူ့ကို သံတမန်လုပ်ခိုင်းပြီး လက်နက်ချဖို့သွားပြောခိုင်းတယ်။ တာာဝန်ပြီးရင်တော့ မုဒုံ သုံ့ပန်းစခန်းကို ၃ လ အတွင်း ပြန်လာဖို့ အမိန့်ပေးလိုက်တယ်။
အချိန်တွေသာကုန်သွားတယ် မီဇူရှီမား ကတော့ မလာတော့ပါဘူး ။သူ့အစား ပခုံးမှာ ကြက်တူရွေးတင်ထားတဲ့ မြန်မာ ဘုန်းတော်ကြီးတပါး ကိုပဲတွေ့ရတယ်။ မီဇူရှီမား သူရဲကောင်းပြီသစွာ ကျဆုံးခဲ့ပြီလို့ ထင်ထားတဲ့အချိန်မှာ သူနဲ့ချွတ်စွတ်တူတဲ့ မြန်မာဘုန်းကြီးလေးကိုတွေတဲ့အချိန်မှာ သူတို့တွေ ဟာ သံသရ၀င်လာပြီး စုံစမ်းခဲ့ကြပါတယ်။ နောက်ဆုံး ဂျပန်တပ်တွေ အမိမြေပြန်တော့မယ့် အချိန်မှာ သူတို့ သိပ်ချစ်တဲ့ မီဇူရှီမား ကို ရှာတွေ့ခဲ့ကြတယ်။ဟန်မဆောင်နိုင်တော့ တဲ့ ဘုန်းကြီးတဖြစ်လည်း မီဇူရှီမား ဟာ သူ့တပ်သားတွေ ကို စောင်းနဲ့ အားရစွာ သီဆိုပြီး သူတို့နဲ့ဝေးရာကို ထွက်သွားပါတော့တယ်။
မီဇူရှီမား ဘာကြောင့် ဒီလိုလုပ်တယ်ဆိုတာကို သိချင်ရင်တော့ ဆရာရဲမြင့်လွင်ရေးတဲ့ မြန်မာ့စောင်း ၀တ္ထုကိုသာ ၀ယ်ဖတ်ကြပါ။ ကိုဂျက်ပြောရင်အရသာပေါ့မှာစိုးလို့မပြောတာ့ဘူး ။
လွန်ခဲ့တဲ့ ၂ နှစ် ၃နှစ်လောက်က ကျောင်းသားတွေစုပြီး တောင်ကြီး၊အင်းလေး၊ ပင်းတယ ခရီးထွက်ခဲ့ကြတယ်။အပြန်ကျတော့ အချိန်ပိုတာ နဲ့ မန္တလေး မ၀င်ပဲ မိတ္ထီလာထင်တယ်၊ အဲ့ဒီကိုဝင်တယ်။ ဘယ်ကိုရောက်လည်းဆိုတော့ ဂျပန်၊မြန်မာ ကမ္ဘာအေး နဂါးရုံမဟာဗောဓိ စေတီတော်ကြီး ကိုရောက်တယ်၊ ဒီစေတီမှာ နဂိုက ဂျပန်စစ်သားတယောက် ဘုန်းကြီးဝတ်ပြီး သီတင်းသုံခဲ့တယ်၊ မွေးရပ်မပြန်ဘူး ။ သူ့မိခင်တပ်ကလည်း ကျဆုံးစရင်းထည့်ထားတယ်။ တကယ်တော့ သူက အကြောင်းအမျိုးမျိုး ကြောင့် ဘုန်းကြီးဝတ်ပြီးနေခဲ့တယ် ။ ဘယ်သူမှလည်းသူ့ကို ဂျပန်မှန်းမသိဘူး။ သူပျံ လွန်ပြီးတော့ သူ့မွေးရပ်မှာရှိတဲ့ အမျိုးတွေကို အိမ်မက်ပေးတယ်။ သူ့အမျိုးတွေ မြန်မာပြည်ကို လိုက်လာပြီး သူအိမ်မက်ပေးတဲ့ နေရာကို ရှာတော့ အခုပြောတဲ့ နေရာကိုတွေ့ရှိခဲ့ကြတယ်။ နောက်တော့ ချစ်ကြည်ရေးစေတီတည်ပြီး ၁ နှစ် ၁ ခါလာလည်တယ်လို့ပြောတယ်။ အဲ့ဒီမှာ သူ့ရဲ့ဓာတ်ပုံတွေ ၊ သူကိုင်ခဲ့တဲ့ ဓါးတွေ သေနတ်တွေ၊တင့်ကားတွေကို ပြသထားပါတယ်။ လမ်းကြုံရင်သွား ကြည့်ကြပေါ့။ အသေးစိတ်သိတဲ့လူတွေများရှိရင် ရေးပေးကြပါ။
ဆရာ ရဲမြင့်လွင်ရေးတဲ့ ၀တ္ထုလေးနဲ့ ပတ်သက်ပြီး သတိရတာလေးပြောပြလိုက်တာ။ အဓိက ကတော့ ဂျပန်တွေ မြန်မာကို နှိပ်စက်ခဲ့ကြပေမဲ့ မြန်မာတွေက သူတို့ကို အခင်မပျက်သလို သူတိုက ချစ်မြဲချစ်လျှက်ပဲဆိုတာရယ်၊ စနစ်မကောင်းလို့ ဂျပန်တွေ ဒုတ်ခ ရောက်ခဲ့ကြတာကို သတိရစေဖို့ရယ်၊ ဂျပန်မြန်မာ ချစ်ကြည်ရေးမြဲဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ရေးလိုက်တာပါဗျာ။



စာရေးသူ မောင်ဂျက် ရေးချိန် Wednesday, July 25, 2007
Copy right
http://kojudson.blogspot.com/2007/07/biruma-no-tategoto.html

No comments: