-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Thursday, August 5, 2010

ယုံကြည်ချက်ကို အသက်ထက် တန်ဖိုးထားသူ


ဇင်လင်း
Saturday, July 31, 2010




သြဂုတ်လ (၂) ရက်နေ့နီးလာလျှင် ဦးလှသန်းအား သတိရမိမြဲဖြစ်သည်။ မြန်မာနိုင်ငံ ဒီမိုကရေစီအရေးတော်ပုံ အောင်မြင်ရေးအတွက် ဦးလှသန်း (အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ကို ကိုးကျွန်း မဲဆန္ဒနယ်) စစ်အာဏာရှင်၏ အကျဉ်းထောင်ထဲ၌ ကျဆုံးခဲ့ သည်မှာ ဤ ၂ဝ၁ဝ တွင် (၁၄) နှစ်ပင် ပြည့်ပေပြီ။ ဒီမိုကရေစီရရှိရေး တိုက်ပွဲကား ယနေ့တိုင် ဆက်လက်ဆင်နွှဲ နေကြရဆဲ။ ဦးလှသန်းမှာမူ သမိုင်းရေးတာဝန်ုကျေပွန်သည့် နိုင်ငံ့သားကောင်းတယောက်အဖြစ် သ မိုင်းစာမျက်နှာပေါ်တွင် ကမ္ပည်းတင် ကျန်ရစ်ခဲ့ပြီ ဖြစ်သည်။

ဦးလှသန်းသည် ၁၉၉ဝ ရွေးကောက်ပွဲတွင် ခရီးသွားလာရေးခက်ခဲရုံမက စည်းရုံးရေးလုပ်ရန်လည်း မလွယ်ကူသော ကိုကိုးကျွန်း မဲဆန္ဒနယ်၌ အ မျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်အဖြစ် စွန့်စွန့်စား စားဝင်ရောက် အရွေးခံခဲ့သူဖြစ်သည်။ အရပ် ၅ ပေ ၆ လက္မခန့် အသား ညိုညို ပိန်ပိန်ပါးပါး ဖြစ်သော်လည်း ဦးလှသန်းသည် ကျစ်လစ်ကြံ့ခိုင်မှု ရှိသူ ဖြစ်သည်။ ဥပဒေအကျိုးဆောင် ဖြစ်၍လားမသိ၊ အဝတ်အစားကို အမြဲသပ်သပ်ရပ်ရပ် ဝတ်ဆင်တတ်သည်။ အဖွဲ့ချုပ်သို့လာသည့်အခါ တိုင်း ပင်နီတိုက်ပုံအင်္ကျီ အမြဲဝတ်လေ့ရှိသူ ဖြစ်သည်။ ရှေ့နေအဖြစ် အ သက်မွေးသော်လည်း စကားကိုလိုအပ်မှသာ ပြောလေ့ရှိသည်ကို သတိ ထားမိသည်။

သူနှင့် စာရေးသူ ၁၉၉ဝ ရွေးကောက်ပွဲ မတိုင်မီကပင် ခင်မင်ရင်းနှီးခဲ့သည်။ ၁၉၈၉ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်း ရုံးတွင် စာရေးသူ ရုံးအဖွဲ့မှူးတာဝန်ယူခဲ့စဉ်က ဖြစ်သည်။ ဦးတင်မောင်ဝင်း (အင်းစိန်ထောင် အတွင်း ၁၈၊၁၊ ၁၉၉၁။ တွင် ကျဆုံးသူ အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခရမ်းလွှတ်တော်ကိုယ်စားလှယ်) ၏ မိတ်ဆက်ပေးမှုအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြည့်မြင်တိုင်မြို့ နယ် ဥက္ကဋ္ဌ ဦးလှသန်း၊ သူနှင့်အတူ ပါလာသူ ဒုတိယဥက္ကဋ္ဌ ဦးကျော်သန်းတို့ကို စတင်သိကျွမ်းခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က ဦးလှသန်း သည် အသက်အားဖြင့် (၄၂) နှစ်မျှသာရှိသေးသည်။

ထိုစဉ်က ရန်ကုန်တိုင်းရုံးသည် အဖွဲ့ချုပ်မှ ထုတ်ပြန်သည့် ကြေညာချက်စာရွက်စာတမ်းများကို နေ့စဉ် (အခမဲ့) ဖြန့်ဝေပေးခဲ့သည်၊ ထိုသို့အခမဲ့ဖြန့်ဝေနိုင်စေရန် စာရေးသူ၏ စာပေမိတ်ဆွေများက လိုအပ်သောစက္ကူများကို လှူဒါန်းခဲ့ကြ၍ဖြစ်သည်၊ ဒေါ်အောင်ဆန်းစု ကြည်၏ မြို့နယ်ဆိုင်းဘုတ်တင်ပွဲများတွင် ပြောကြားသည့် မိန့်ခွန်းများကို လက်နှိပ်စက်ဖြင့်ရိုက်နှိပ်၍၎င်း၊ ကက်ဆက်ခွေ၊ ဗီဒီယိုခွေ အဖြစ်ကူးယူ၍၎င်း၊ သက်သာသောဈေးနှုန်းများဖြင့် ရန်ကုန်တိုင်းရုံးက ဖြန့်ဝေပေးခဲ့သည်။ ဗီဒီယိုခွေမိန့်ခွန်း မဝယ်နိုင်သူများကို တိုင်း ရုံးက ငှားရန်းသည့် စနစ်ဖြင့်လည်း မျှဝေသည်။ ဦးလှသန်းသည် ထိုမိန့်ခွန်းခွေများကို သူပိုင်ငွေကြေးစိုက်ထုတ်ကာ၊ ပုံမှန် တက်တက် ကြွကြွ ဝယ်ယူ၍ ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ လူထုထံ ပြန်လည်ဖြန့်ဝေပေးလေ့ရှိသည်။ ကိုယ်တိုင်လည်း ဒေါ်အောင်ဆန်းစုကြည် ၏ မြို့နယ်၊ ရပ်ကွက် ဆိုင်းဘုတ်တင်ပွဲများတွင် အခါအားလျော်စွာ လိုက်ပါအားပေးတတ်သည်။ ဤသို့ဖြင့် (၁၉၈၉-၉ဝ) ကာလများ တွင် ဦးလှသန်းနှင့် သူ့မြို့နယ်တာဝန်ရှိသူများမှာ အဖွဲ့ချုပ် ရန်ကုန်တိုင်းရုံးသို့ နေ့စဉ်ပုံမှန်လာကြသူများတွင် အပါအဝင်ဖြစ်သည်။ လာ တိုင်းလည်း မြို့နယ်စုံမှရောက်လာကြသော အဖွဲ့ချုပ်ဝင်များ၏ အလွတ်သဘောထိုင်ကြသည့် ဆွေးနွေးဝိုင်းများတွင် ဦးလှသန်း စိတ် အားထက်ထက်သန်သန် ပါဝင်ဆွေးနွေးလေ့ရှိသည်။

ရန်ကုန်တိုင်းရုံးသို့လာသည့် အခါများတွင် ရံဖန်ရံခါ ရန်ကုန်တိုင်းစည်းရုံးရေးအဖွဲ့ဝင်များဖြစ်ကြသော ဆရာဦးထွန်းတင် (တရားရုံးချုပ် ရှေ့နေ၊ ကိုကိုးကျွန်း နိုင်ငံရေးအကျဉ်းသားဟောင်း၊ ကွယ်လွန်)၊ ဦးတင်မောင်ဝင်း (ခရမ်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ကွယ် လွန်)၊ ဦးမြင့် (၁၉၇၄ အလုပ်သမားအရေး နိုင်ငံရေးအကျဉ်းသားဟောင်း)၊ ဦးသိန်းတင် (စာရေးဆရာ တင်သိန်းမောင်၊ ဇန်နဝါရီ ၁၈ ၁၉၉၈ အကျဉ်းကျနေစဉ် ရန်ကုန်ဆေးရုံကြီး၌ ကွယ်လွန်သူ) စသူများနှင့်လည်း မပြတ်ထိတွေ့ဆွေးနွေးမေးမြန်းမှုများလုပ်တတ်သည်။ မသိမီလိုက်သော အတိတ်က နိုင်ငံရေးအဖြစ်အပျက်များ၊ အတွေ့အကြုံများ၊ အယူအဆများကို ဂရုတစိုက် လေ့လာမှတ်သားတတ် သည်။ သူနှင့် စကားပြောဖြစ်သော အတွေ့အကြုံများကို ပြန်စဉ်းစားကြည့်မိမှ သူ၏ နိုင်ငံရေး၌ စိတ်ထက်သန်ပုံ၊ ပညာလိုလားပုံ၊ စာ ဖတ်အားကောင်းပုံ၊ ဗိုလ်ချုပ်အောင်ဆန်းကို အားကျအတုယူတတ်ပုံတို့ကို ပြန်လည် မြင်ယောင်လာသည်။

သူ့ဘဝနောက်ခံကို အကြမ်းဖျင်းကြည့်လျှင် သူသည် တပ်မတော် (ရေ) တွင် အသက် (၁၈) နှစ်ပြည့်ချိန် (၁၉၆၅) မှ စတင်စစ်မှုထမ်း ခဲ့သည်။ ရတနာပုံရေတပ်စခန်း၊ စစ်တွေရေတပ်စခန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ)၊ ရေတပ်ကမ်းတက်တိုက်ခိုက်ရေးတပ်ရင်း၊ စစ် ရေယာဉ် (၁၁ဝ)၊ စစ်ရေယာဉ် ရန်ကြီးအောင် စသည့်နေရာဌာနများတွင် တာဝန်ထမ်းခဲ့သည်။ သို့သော် စစ်မှုထမ်းရင်း သူ့ဘဝတိုး တက်မှုအတွက် မနားမနေ ကြိုးစားပညာရှာခဲ့သည်။ လက်ရေးတိုပညာနှင့် စာရင်းအင်းပညာကို တပ်တွင်း၌ပင် သင်ယူတတ်မြာက်ခဲ့ သည်။ အတန်းပညာကိုလည်း တပ်တွင်းမှာပင် ဆက်လက်အားထုတ် သင်ယူခဲ့ရာ စစ်သက် (၁ဝ) နှစ်ပြည့်သည့် (၁၉၇၅) တွင် တပ် တွင်းမှပင် (၁ဝ) တန်းကို ရူပဗေဒဂုဏ်ထူးဖြင့် ဖြေဆိုအောင်မြင်ခဲ့သည်။ ဆယ်တန်းအောင်ပြီးနောက်တွင် ပညာတတ်လိုစိတ် ပိုမိုပြင်း ပြထက်သန်လာခဲ့သည်ဟု ဦးလှသန်းကပြောဖူးသည်။ ထို့ကြောင့် အသက် (၃ဝ) ပြည့်သည့် (၁၉၇၇) တွင် တပ်မှ အငြိမ်းစားယူ၍ ရန်ကုန်တက္ကသိုလ်၌ ဥပဒေပညာ အဓိကဖြင့် ပညာဆက်လက်သင်ယူ သည်၊ ၁၉၈ဝ ပြည့်နှစ်တွင် သူ ဥပဒေ ဝိဇ္ဇာဘွဲ့ ရရှိခဲ့သည်။ ထို့ နောက် ရှေ့နေလောကသို့ရောက်ရှိခဲ့ပြီး၊ အထက်တန်းရှေ့နေ၊ ဗဟိုတရားရုံးချုပ်ရှေ့နေအဖြစ် မြန်မာနိုင်ငံအနှန့် တရားရုံးများတွင် ဥ ပဒေအကျိုးဆောင်အဖြစ် လိုက်ပါဆောင်ရွက်ခဲ့သည်။ တရားရုံးချုပ်ရှေ့နေ ဦးလှသန်းသည် ပညာတန်ဖိုးကို သိရှိလာသူဖြစ်သည့်အ လျောက်၊ တဖက်တွင် ပရဟိတစိတ်ဖြင့် ရပ်ရေးရွာရေးလူမှုရေးကိစ္စများတွင်လည်း ပါဝင်ကူညီ ဆောင်ရွက်ခဲ့သူဖြစ်သည်။ ၁၉၇၈ မှ ၁၉၈၈ အထိ ကြည့်မြင်တိုင်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့တွင် ရုံးအဖွဲ့မှူးတာဝန်နှင့် သက်သာချောင်ချိရေးအဖွဲ့ အတွင်းရေးမှူး တာ ဝန်များကိုလည်း မအားလပ်သည့်ကြားမှ ဦးလှသန်း ထမ်းရွက်ခဲ့သည်။

၁၉၈၈ ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံကာလတွင် ဦးလှသန်းသည် ရန်ကုန်ရှေ့နေများအစည်းအရုံးနှင့်အတူ လူထုဆန္ဒဖေါ်ထုတ်ရာ တွင် ပါဝင်ခဲ့သည်။ ၁၉၈၈ စက်တင်ဘာ (၂၇) တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းပေါ်ထွန်းလာသောအခါ ဦးလှသန်းသည် ကြည့်မြင်တိုင်မြို့နယ်တွင် မြို့နယ်ဆော်သြရေးအဖွဲ့ဝင် ဖြစ်လာခဲ့သည်။ သူ၏ ရိုးသားမှု ကြိုးစားမှု ပရဟိတစိတ်ထားရှိမှု လူမှုဆက်ဆံ ရေးကောင်းမွန်မှုစသည့် အရည်းအချင်းများကြောင့် အဖွဲ့ချုပ်အဖွဲ့ဝင်များက သူ့အား ကြည့်မြင်တိုင်မြို့နယ် ပထမအကြိမ် ညီလာခံတွင် ဥက္ကဋ္ဌ အဖြစ်၎င်း၊ နိုင်ငံလုံးဆိုင်ရာ ညီလာခံကိုယ်စားလှယ်အဖြစ်၎င်း ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။

ဤသို့ဖြင့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကော်မရှင်က ၁၉၈၉ နိုဝင်ဘာ (၁ဝ) ရက်စွဲဖြင့် အထွေထွေရွေးကောက်ပွဲ ကျင်း ပမည့်နေ့ရက်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း (တင်သွင်းခြင်း၊ စိစစ်ခြင်း၊ ရုပ်သိမ်းခြင်း) တို့နှင့် စပ်လျဉ်း သည့် နေ့ရက်များကြေညာခဲ့သည်။ ထိုကော်မရှင်ကြေညာချက် အမှတ် (၃၂၆) အရ အထွေထွေရွေးကောက်ပွဲကို ၁၉၉ဝ ပြည့်နှစ် မေလ (၂၇) ရက်နေ့တွင်ကျင်းပမည်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်းများကို ၁၉၈၉ ခုနှစ် ဒီဇင်ဘာလ (၂၈) မှ ၁၉၉ဝ ဇန်နဝါရီလ (၃) ရက်နေ့အတွင်း တင်သွင်းကြရမည်ဖြစ်သည်။ ဦးလှသန်းသည် ကြည့်မြင်တိုင်မြို့နယ် ပထမအကြိမ်ညီလာ ခံတွင် ဥက္ကဋ္ဌ အဖြစ်၎င်း၊ နိုင်ငံလုံးဆိုင်ရာညီလာခံကိုယ်စားလှယ်အဖြစ်၎င်း ရွေးချယ်ခံထားရသူဖြစ်၍ ကြည့်မြင်တိုင်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ကော်မရှင်သို့ အမည်စာရင်းတင်သွင်းရမည် ဖြစ်သည်။

သို့သော် ဦးလှသန်းက ရန်ကုန်တိုင်းအတွင်း မြို့နယ် (၄၂) ခု၊ မဲဆန္ဒနယ် (၆၁) နယ် ရှိသည့်အနက် ကိုကိုးကျွန်း မဲဆန္ဒနယ်သို့ သွား ရောက်အရွေးခံမည့် ကိုယ်စားလှယ် မရှိဖြစ်နေသည်ကို သတိပြုမိပုံရသည်။ ထို့ပြင် ကိုကိုးကျွန်းစုသည် ကိုကိုးကျွန်းကြီး ကိုကိုးကျွန်း ငယ်နှင့် စားပွဲကျွန်းဟူ၍ (၃) ကျွန်းရှိသည့်အနက် ကျွန်းမကြီး၌သာ လူနေများသည်။ အိန္ဒိယသမုဒ္ဒရာအတွင်းရှိ ထိုကျွန်းစုကလေး သည် မြန်မာပြည်မ မြစ်ဝကျွန်းပေါ်ဒေသ၏တောင်ဖက် မိုင် ၂ဝဝ ခန့်တွင်တည်ရှိသဖြင့် သွားလာမှုလွယ်ကူလှသည် မဟုတ်ပေ။ နေ ထိုင်သူအများစုမှာ ရေတပ်၊ ရဲအဖွဲ့နှင့် အရပ်ဖက်ဝန်ထမ်းမိသားစုများ ဖြစ်သည်။ အုန်းခြံ လုပ်ငန်းလုပ်သူ အရပ်သားမိသားစုများအပါ အဝင် ကိုကိုးကျွန်းမြို့နယ် လူဦးရေမှာ (၁ဝဝဝ) သာသာ ကလေးသာ ရှိသည်။ ဆန္ဒမဲပေးခွင့်ရှိသူမှာ (၆၁၃) ဦးသာရှိ၍ စစ်တပ်သြဇာ လုံးဝ သက်ရောက်ရာ မြို့နယ်လည်း ဖြစ်သည်။

ကိုကိုးကျွန်းစုသည် ၁၉၅၈ ခုနှစ် စစ်တပ်က ပထမအကြိမ် အာဏာသိမ်းစဉ်က နိုင်ငံရေးအကျဉ်းသားများကို အကျဉ်းချရာနေရာအဖြစ် နာမည်ဆိုးဖြင့် ထင်ရှားခဲ့သည်။ နိုင်ငံရေးအကျဉ်းသားများ၏ အစာငတ်ခံတိုက်ပွဲ အောင်မြင်ပြီးနောက် ၁၉၇၁ ခုနှစ်တွင် ထိုကျွန်း ထောင်ဖျက်သိမ်းခဲ့ရခြင်း ဖြစ်သည်။ ထို ကျွန်းစုမြို့နယ်တွင် နေထိုင်သူများ၏ ဒီမိုကရေစီဆန္ဒကို ဖြည့်ဆည်းရေး၊ အဖွဲ့ချုပ်အတွက် လည်း ပထဝီအရအရေးပါသည့် မဲဆန္ဒနယ်တနယ် မဆုံးရှုံးရေးအတွက် ကိုကိုးကျွန်း မဲဆန္ဒနယ်သို့သွားရောက် အရွေးခံရန် ဆုံးဖြတ်ခဲ့ ကြောင်း ဦးလှသန်းက စကားစပ်၍ ပြောဖူးသည်။ ဤသို့ဖြင့် ဦးလှသန်းအား အဖွဲ့ချုပ်က ဝမ်းမြောက်ဝမ်းသာ ကိုကိုးကျွန်း မဲဆန္ဒနယ် တွင် အဖွဲ့ချုပ်အားကိုယ်စားပြုယှဉ်ပြိုင်ရန် လက်ခံအတည်ပြုခဲ့သည်။

၁၉၉ဝ မေလ (၄) ရက်နေ့တွင် ဦးလှသန်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် (၄) တို့ ကိုကိုးကျွန်းစု ဆီသို့ထွက်ခွာခဲ့ကြသည်။ သူတို့ မရောက်မီကပင် ကျွန်းအာဏာပိုင်တို့ထံ အဖွဲ့ချုပ်ကိုယ်စားလှယ်အား မည်သည့်အကူအညီမှမပေးရန် ညွှန်ကြားချက်ကရောက်နှင့်ပြီး ဖြစ်ပုံရကြောင်း ဦးလှသန်းက ပြောပြဖူးသည်။ သူတို့အဖွဲ့နေထိုင်ရေးကိုပင် အာဏာပိုင်တို့ကခက်ခဲအောင် လုပ်ထားသဖြင့်၊ ကိုယ်တိုင် သစ်ဝါးခုတ်ကြကာ ယာယီတဲဆောက် နေခဲ့ရသည်။ သူ့ကို တအိမ်တက်ဆင်း မဲဆွယ်စည်းရုံးခွင့်လည်းမပြု၊ စာရွက်စာတမ်းလက်ကမ်း စာစောင်လည်း ဝေငှခွင့်မပြုခဲ့ဟု ပြောသည်။ မဲဆန္ဒရှင်အများစုမှာ ဝန်ထမ်းများဖြစ်သဖြင့် ဝန်ထမ်းအိမ်ယာများသို့ သွားရောက်လည် ပတ်ခြင်းမပြုပါဟုလည်း ဝန်ခံလက်မှတ်ရေးထိုးရန် ဦးလှသန်းကို အာဏာပိုင်များက ဖိအားပေးခဲ့သည်။ သို့သော် သူက လက်မှတ်မ ထိုးနိုင်ဟု တင်းတင်းမာမာငြင်းဆိုခဲ့သည်။ သူအားလိုလိုလားလားဖိတ်ခေါ်သည့် အိမ်အချို့သို့ ဦးလှသန်း သွားရောက်လည်ပတ်ခွင့် ရ ခဲ့သည်၊ ထိုအိမ်များကတဆင့် ကျန်မဲပေးမည့်သူများထံ၊ သူနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သတင်းများရောက်ရှိခဲ့သည်၊

သူ့ပြိုင်ဘက်မှာ ရေတပ်စစ်လက်နက်ခဲယမ်းတပ် (၂၄) တပ်မှူး (အငြိမ်းစား) ကိုကိုကျွန်း မဆလပါတီယူနစ် ဥက္ကဋ္ဌဟောင်း ဦးအောင် သိန်း (တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ) ဖြစ်သည်။ အိန္ဒိယသမုဒ္ဒရာအတွင်းမှ ပြည်မနှင့် အလှမ်းဝေးသည့် ကျွန်းစုကလေးမှ မဲဆန္ဒရှင် (၆၁၃) ဦးမှာ ဦးအောင်သိန်းအား မဲပေးကြရန် ကျွန်းအာဏာပိုင်တို့က ပြောထားပြီးဖြစ်ကြောင်း ကျွန်းသူကျွန်းသားတချို့က ပြောကြသည်။ သို့သော် ဦးလှသန်းတို့ရဲဘော်ငါးဦးအဖွဲ့သည် ရက်သတ္တသုံးပတ်မျှ အချိန်အတောအတွင်း အကန့်အသတ်များအကြား မှ ကျွန်းသူကျွန်းသားတို့ထံ ပြည်မမှ ဒီမိုကရေစီအရေးတော်ပုံသတင်းစကားများကို အရောက်ပါးခဲ့နိုင်ကြသည်။

မေလ (၂၇) ရက်နေ့တွင် ကိုကိုးကျွန်းစုရှိ မဲရုံ (၂) တွင် ဆန္ဒမဲပေးခွင့်ရှိသူ (၆၁၃) ဦးအနက် (၄၃၂) ဦးလာရောက် မဲပေးခဲ့ကြသည်။ ဦး လှသန်းက ၂၄၆ မဲ (၅၆.၉၄) ရာခိုင်နှုန်း၊ တစညကိုယ်စားလှယ်က ၁၈၆ မဲ (၄၃.ဝ၆) ရာခိုင်နှုန်းစီအသီးသီး ရရှိခဲ့ကြသည်။ ရေတပ် အ ငြိမ်းစား အရာရှိကြီးတဦးနှင့် ရေတပ်အငြိမ်းစား ရဲဘော်တဦးတို့၏ အားပြိုင်ပွဲလည်းဖြစ်သည်။ စစ်အာဏာဖြင့် ချုပ်ကိုင်ထားသည့် မဲ ဆန္ဒနယ်ဖြစ်၍ ဦးလှသန်း၏အောင်ပွဲမှာ ဒီမိုကရေစီအရေးတော်ပုံ အောင်မြင်မှုအတွက် ထူးခြားထင်ရှားသည့် လက္ခဏာဟု ဆိုနိုင် သည်။ သူတို့ (ရဲငါးဘော်) အား ရန်ကုန်အပြန်ခရီးတွင် သောင်းသောင်းဖျဖျ ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် မဲဆန္ဒနယ် (၄၈၅) နေရာအနက်မှ (၄၄၇) နေရာတွင် ဝင်ရောက်အရွေးခံခဲ့ရာ၊ (၃၉၂) နေရာအနိုင် ရခဲ့သည်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ရွေးကောက်ပြီးသော်လည်း လွှတ်တော်ပေါ်ပေါက်လာခြင်း မရှိသဖြင့်၊ အဖွဲ့ချုပ်က ၁၉၉ဝ ဇူလိုင်လ (၂၈-၂၉) တွင် ဂန္ဒီခမ်းမ၌ ပထမအကြိမ် အဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ်များ၏ ပဏာမညှိနှိုင်းအစည်းအဝေးကြီး ကျင်းပခဲ့သည်။ ဂန္ဒီခမ်းမကြေညာစာတမ်းထုတ်ပြန်ကာ ပြည်သူ့လွှတ်တော်ခေါ်ယူဖွဲ့စည်းရေးသဘောထားကို ပြည်သူသို့ အသိပေးခဲ့ သည်။ ဂန္ဒီအစည်းအဝေးမတိုင်မီတရက် (၂၇ ဇူလိုင် ၁၉၉ဝ) တွင် နဝတအဖွဲ့ကလည်း ကြေညာချက်အမှတ် (၁/၉ဝ) ကို ထုတ်ပြန်ခဲ့ သည်။ (၁/၉ဝ) ၏အနှစ်ချုပ်မှာ ယာယီဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲ၍ အစိုးရဖွဲ့စည်းခြင်းကို မည်သည့်နည်းနှင့်မျှ လက်မခံ၊ ထိုသို့ ဆောင်ရွက်ပါက ထိရောက်စွာ အရေးယူမည် ဖြစ်သည်ဟု ဆိုလိုက်ခြင်းဖြစ်သည်။ ရွေးကောက်ပွဲရလဒ်ကို ပစ်ပယ်ကြောင်း။ ပြည်သူ့ ဆန္ဒသဘောထားကို ဥပဒေအရ၎င်း။ ကျင့်ဝတ်သိက္ခာအရ၎င်း နဝတ က မလေးမစားလုပ်လိုက်ခြင်းလည်း ဖြစ်သည်။

ဆက်လက်၍ ၁၉၉ဝ စက်တင်ဘာ (၆) ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် (ယာယီ) ဥက္ကဋ္ဌ ဦးကြည် မောင် အား (၁/၉ဝ) ကို ဆန့်ကျင်မှုဖြင့် ဖမ်းဆီးလိုက်ခြင်းဖြင့် နဝတ က အဖွဲ့ချုပ်အားစတင် ဖြိုခွဲတော့သည်။ ရွေးကောက်ပွဲပြီးနောက် (၂) ကျော်လာသည်အထိ စစ်အုပ်စုက အာဏာစွန့်လွှတ်မည့် လက္ခဏာမပြတော့။ သို့ဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အချို့သည် ပြည်သူ့ဒီမိုကရေစီ ဆန္ဒကိုဖြည့်ဆည်းနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆွေးနွေးမှုများ လုပ်ခဲ့ကြ သည်။ ယင်းသို့ဆွေးနွေးပွဲများပြုလုပ်ကြသည့်အနက် ၁၉၉ဝ စက်တင်ဘာ (၂၉) နေ့တွင် အမရပူရမြို့မဲဆန္ဒနယ် (၂) ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးဘဘွား နေအိမ်၌ ပြုလုပ်သော ယာယီအစိုးရဖွဲ့စည်းရေး လျှို့ဝှက် အစည်းအဝေး၊ စက်တင်ဘာ (၃ဝ) မန်းအ နောက်တောင်မြို့နယ် အဖွဲ့ချုပ်ရုံး၌ပြုလုပ်သော ယာယီအစိုးရဖွဲ့စည်းရေး လျှို့ဝှက်အစည်းအဝေးနှင့် ၁၉၉ဝ အောက်တိုဘာ (၁) အမာ ခံ (၆) ဦး ယာယီစင်ပြိုင်အစိုးရဖွဲ့စည်းရေး အစည်းအဝေးများလည်း အပါအဝင်ဖြစ်သည်။

ဦးလှသန်းသည် စက်တင်ဘာ (၂၉၊၃ဝ) အစည်းအဝေးများတွင် တက်ကြွစွာပါဝင် ဆွေးနွေးခဲ့သည်။ အောက်တိုဘာလတွင် ထိုအစည်း အဝေးသတင်းများ ပေါက်ကြားသဖြင့် အဖွဲချုပ်ဝင်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အများအပြားကို နဝတ က ပိုက်စိပ် တိုက်ဖမ်းတော့သည်။ ထိုအဖမ်းခံသူများထဲတွင် ဦးလှသန်းလည်း ပါဝင်သည်။ စုစုပေါင်း ၃၅ ဦးကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၂(၁) နှင့် ၁၂၄ တို့ဖြင့် တရားစွဲခြင်းခံရသည်။ ၁၉၉၁ ဇန်နဝါရီလ (၁၅) တွင် စတင်ရုံးတင်တရားစွဲဆို၍ ဧပြီလ (၃ဝ) တွင် စီရင်ချက်ချခဲ့ သည်။

ဦးချစ်တင် (မင်းလှ၊လွှတ်တော်ကိုယ်စားလှယ်)၊ ဦးမြဝင်း (အင်္ဂပူ ၁၊ လွှတ်တော်ကိုယ်စားလှယ်)၊ ဦးလှထွန်း (ကြည့်မြင်တိုင်၊ လွှတ် တော်ကိုယ်စားလှယ်)၊ ဦးထွန်းအောင်(ရေတာရှည် ၂၊ လွှတ်တော်ကိုယ်စားလှယ်)၊ ဦးအောင်ဆန်းမြင့် (မြိုင် ၁၊ လွှတ်တော်ကိုယ်စား လှယ်)၊ ဦးစောလှိုင် (အင်းတော် ၊လွှတ်တော် ကိုယ်စားလှယ်)၊ ဦးမြင့်ကြည် (ကသာ ၊လွှတ်တော်ကိုယ်စားလှယ်)၊ ဦးသိန်းထွန်း (သဲ ကုန်း၊ လွှတ်တော်ကိုယ်စားလှယ်)၊ ဦးရဲထွဋ္ဋ် (ဒိုက်ဦး ၊လွှတ်တော် ကိုယ်စားလှယ်)၊ ဦးခင်မောင်သိန်း(ခင်ဦး ၁၊ လွှတ်တော်ကိုယ်စား လှယ်)၊ ဦးသောင်းမြင့် (ခင်ဦး ၂ ၊လွှတ်တော်ကိုယ်စားလှယ်)၊ ဦးသိန်းဖေ (ကန့်ဘလူ ၁ ၊ လွှတ်တော်ကိုယ်စားလှယ်)၊ ဒေါက်တာမြင့် နိုင် (ကန့်ဘလူ ၂ ၊လွှတ်တော်ကိုယ်စားလှယ်)၊ ဒေါ်ခင်စန်းလှိုင် (ဝက်လက် ၂ ၊လွှတ်တော်ကိုယ်စားလှယ်)၊ ဒေါ်စန်းစန်းဝင်း (အလုံ၊ လွှတ်တော်ကိုယ်စားလှယ်)၊ ဒေါ်စန်းစန်း (ဆိပ်ကမ်း၊ လွှတ်တော်ကိုယ်စားလှယ်)၊ ဒေါက်တာ မောင်မောင်လတ် (သာကေတ၊ လွှတ် တော်ကိုယ်စားလှယ်)၊ ဦးကျော်သွင် (ခရမ်း ၁၊ လွှတ်တော်ကိုယ်စားလှယ်)၊ ဦးလှသန်း (ကိုကိုးကျွန်းစု ၊လွှတ်တော်ကိုယ်စားလှယ်)၊ ဦး သာဆိုင် (တွံတေး ၁ ၊လွှတ်တော်ကိုယ်စားလှယ်)၊ ဒေါက်တာ ဇော်မြင့်မောင် (အမရပူရ ၁ ၊လွှတ်တော်ကိုယ်စားလှယ်)၊ ဦးဘဘွား (အမရပူရ ၂၊ လွှတ်တော် ကိုယ်စားလှယ်)၊ ဒေါက်တာစိုးလင်း (မန်း အနောက်တောင် ၁၊ လွှတ်တော်ကိုယ်စားလှယ်)၊ ဦးတင်အောင် အောင် (မန်း အနောက်မြောက် ၁၊ လွှတ်တော် ကိုယ်စားလှယ်)၊ ဒေါ်အုန်းကြည် (မြစ်သား ၁၊ လွှတ်တော်ကိုယ်စားလှယ်)၊ ဒေါက်တာ ဇော်မြင့် (ဟင်္သာတ ၂၊ လွှတ်တော်ကိုယ်စားလှယ်)၊ ဦးပိုက်ကို (ပခုက္ကူ အဖွဲ့ချုပ်မြို့နယ် စည်း) နှင့် ဒေါ်ဝင်းမေ (စစ်ကိုင်းတိုင်းစည်း)၊ စုစုပေါင်း (၂၈) ဦးမှာ ဥပဒေပုဒ်မ ၁၂၂(၁) နိုင်ငံတော်အား သစ္စာဖေါက်ဖျက် ပုန်ကန်မှုဖြင့် ထောင်ဒဏ် (၂၅) နှစ်စီ အပြစ်ပေးခံရ သည်။

ဦးခင်မောင်ဆွေ (စမ်းချောင်း ၊လွှတ်တော်ကိုယ်စားလှယ်)၊ ဦးနိုင်းနိုင်း (ပုဇွန်တောင် ၊လွှတ်တော်ကိုယ်စားလှယ်)၊ ဦးစိန်လှဦး (အင်းစိန် လွှတ်တော် ကိုယ်စားလှယ်)၊ ဦးစောနေဒွန်း (အဖွဲ့ချုပ် ပေါက်ခေါင်းမြို့နယ် ဥက္ကဋ္ဌ)၊ ဦးတင်မောင်ဝင်း (စာရေးဆရာ လေးကိုတင်)၊ ဦး ဖေအောင်လင်း နှင့် ဒေါ်ရွှေဝါစိုးတို့ (၇) ဦးမှာ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၄ နိုင်ငံတော်အား သစ္စာဖေါက်ဖျက် ပုန်ကန်မှုနှင့် စပ်လျဉ်း ၍ သတင်းထိန်ချန်မှုအရ ထောင်ဒဏ် (၁ဝ) နှစ်စီ အပြစ်ပေးခံရသည်။

ထို ယာယီအစိုးရဖွဲ့စည်းရေး အမှုကိစ္စနှင့် ငြိစွန်းသဖြင့် ဖမ်းဆီးချုပ်နှောင်စစ်ဆေးနေစဉ် နှိပ်စက်ညှဉ်းပန်းမှုပြင်းထန်သဖြင့် ဦးမောင်ကို (အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ဗဟိုအလုပ်သမား ဦးစီးအဖွဲ့) သည် ၁၉၉ဝ နိုဝင်ဘာ (၉) ရက်နေ့တွင် ရေကြည်အိုင် စစ်ထောက်လှမ်း ရေးအချုပ်၌ ကွယ်လွန်ခဲ့သည်။ ဦးတင်မောင်ဝင်း (ခရမ်း ၂ ၊လွှတ်တော်ကိုယ်စားလှယ်) သည်လည်း ညှဉ်းပန်းနှိပ်စက်ခံရပြီးနောက် ဆေးဝါးနှင့် အစားအစာဖြတ်တောက်ခံရ သဖြင့် အင်းစိန်တွဲဖက်ထောင် ကျွန်းတိုက်၌ ဇန်နဝါရီ ၁၈၊ ၁၉၉၁ တွင် ကွယ်လွန်ခဲ့ရသည်။

ဦးလှသန်း (ကိုကိုးကျွန်းမဲဆန္ဒနယ်၊ လွှတ်တော်ကိုယ်စားလှယ်) သည်လည်း ဆေးဝါးကုသမှု နုံချာညံ့ဖျင်းလှရုံမက၊ လူမဆန်စွာပြုမူ ဆက်ဆံရာ၌ နာမည်ဆိုးဖြင့်ကျော်ကြားသော အင်းစိန်ထောင်တွင် တခါသုံးဆေးထိုးအပ် မသုံးမှုကြောင့် (HIV/AIDS) ရောဂါကူးစက် ခံရ၍ ၁၉၉၆ ခုနှစ် သြဂုတ်လ (၂) ရက်နေ့အသက် (၅ဝ) မပြည့်မီတွင် ကွယ်လွန်ခဲ့ရသည်။

ဦးလှသန်းသည် သူ့ကျန်းမာရေးကို သူ အလွန်ဂရုစိုက်သူ ဖြစ်သည်။ အင်းစိန်ထောင်၊ တိုက် ၄ (အတို) တွင် သူနှင့်အတူ စာရေးသူနေ ခဲ့ဖူးသည်။ မိလ္လာချခွင့်ပေးချိန်၊ ရေချိုးခွင့်ပေးချိန်များတွင် ဦးလှသန်းသည် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ အမြဲလိုလို လုပ်လေ့ရှိ သည်။ အခြားသူတို့ကိုလည်း ကျန်းမာရေးဂရုစိုက်ရန်၊ လေ့ကျင့်ခန်းလုပ်ရန်ပင် သူက တိုက်တွန်းနှိုးဆော်တတ်သေးသည်။ စာရေးသူ မှတ်မိသလောက် သဘောမဆိုးသော ထောင်ဝါဒါများက ရေချိုးပြီးနောက် တိုက်ခန်းမပိတ်သေးဘဲ၊ လွတ်လွတ်လပ်လပ်နေခွင့်ပြုလျှင် တိုက်ခန်းနံပတ် (၁၉) တွင် နိုင်ငံရေးဆွေးနွေးကြမြဲဖြစ်သည်။ ထိုဆွေးနွေးဝိုင်းတွင် ဦးလှသန်း အမြဲထက်ထက်သန်သန် ပါဝင်တတ် သည်ကို မှတ်မိနေသည်။

ထိုစဉ်က တိုက်ခန်း (၁၉) တွင် ပြည်သူ့တိုးတက်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များဖြစ်ကြသော ဦးမြစိန် (စာရေးဆ ရာ စိန်မင်း)၊ ဦးလေးမြင့် (စာရေးဆရာလှကွန့်)၊ ဦးဟန်တင့် (ကွယ်လွန်) နှင့် ဦးသောင်းထိုက် (ကွယ်လွန်) တို့ နေကြသည်။ စာရေး သူက အခန်း (၂၃) တွင် ဦးချို (ကျိုက္မရော) နှင့်၎င်း ဦးလှသန်းက အခန်း (၂၇) တွင်ဦးမြဝင်း (အင်္ဂပူ ၁၊ လွှတ်တော် ကိုယ်စားလှယ်၊ ယခု အမေရိကန်တွင်နေသူ) နှင့်၎င်း နေရသည်။ စကားပြောခွင့်အချိန်ကလေးရတိုင်း အခန်း (၁၉) စကားဝိုင်းတွင် ဦးလှသန်းကို ပုံမှန် တွေ့ရတတ်သည်။ ထို့ပြင် ဦးလှထွန်း (ကြည့်မြင်တိုင်၊ လွှတ်တော်ကိုယ်စားလှယ်)၊ ဒေါက်တာ မောင်မောင်လတ် (သာကေတ၊ လွှတ် တော်ကိုယ်စားလှယ်၊ ကွယ်လွန်)၊ ဦးကျော်သွင် (ခရမ်း ၁ ၊လွှတ်တော်ကိုယ်စားလှယ်၊ယခု နော်ဝေ)၊ ကျောင်းသားများဖြစ်ကြသော ကို တင့်ဆန်း(ရကသ)၊ ကိုပြုံးချို (ရကသ)၊ ကိုယဉ်ထွေး (လူ့ဘောင်သစ်၊ယခု နော်ဝေ)၊ ကိုဝင်းသိန်းနှင့် ကိုစိန်လှိုင် (သုံးရောင်ခြယ်) တို့ လည်း (၄) တို တိုက်မှာပင်ရှိနေကြသည်။ (၁၉၉၃-၉၄) ကာလဖြစ်၍ ထိုစဉ်က နိုင်ငံရေးတိုက်ဝင်းများတွင် လွှမ်းမိုးနေသောအ ကြောင်းအရာမှာ အမျိုးသားညီလာခံ တက်သင့်၊ မတက်သင့် ကိစ္စပင်ဖြစ်သည်။ ညီလာခံက ချမှတ်လိုက်သော အခြေခံမူ (၆) ချက် အ နက်၊ (အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်ရေး) ဆိုသည့် နံပတ် (၆) အချက်ကို လက် ခံသင့် မသင့်ဆိုသော ပြဿနာက အဓိက အငြင်းပွားစရာ ဖြစ်နေခဲ့သည်။

ဦးလှသန်းသည် တပ်မတော် (ရေ) တွင် ၁၂ နှစ်မျှ စစ်မှုထမ်းခဲ့ဖူးသူဖြစ်သော်လည်း ထိုကိစ္စကို စဉ်းစားရာ၌ အချို့သော ပုဂ္ဂိုလ်များကဲ့ သို့တွေဝေမှုမရှိ။ သူက တပ်မတော်သည် ကာကွယ်ရေးဝန်ကြီး၏ စီမံကွက်ကဲမှုအောက်၌ သာရှိရမည်ဟု ယူဆသူဖြစ်သည်။ ဦးလှ သန်းသည် တက္ကသိုလ်တွင် ဥပဒေပညာသင်ယူစဉ်က ဖွဲ့စည်းပုံအခြေခံဥပဒေဘာသာရပ်ကို လေ့လောသင်ယူခဲ့ရသူဖြစ်သည်။ ထို့ ကြောင့် တိုက်ခန်းနံပတ် (၁၉) နိုင်ငံရေးဆွေးနွေးဝိုင်းများ၌ ဥပဒေဆိုင်ရာ ကိစ္စရပ်များဆိုလျှင် သူက ဒိုင်ခံရှင်းပြတတ်သည်။ အဖွဲ့ချုပ် တွင် တာဝန်ရှိသူဖြစ်လာသောအခါ သူသည် ဖွဲ့စည်းအုပ်ချုပ်ပုံနှင့် စပ်လျဉ်း၍ ပိုမိုဖတ်ရှုလေ့လာဖြစ်ကြောင်းလည်း ပြောပြဖူးသည်။ လွတ်လပ်ရေးအတွက် တက်သုတ်ရိုက်ဆောင်ရွက်ခဲ့ရသဖြင့် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အားနည်းချက်များရှိခဲ့ကြောင်း သူက ဝေဖန်ပြဖူးသည်။ အဓိကအားနည်းချက်မှာ တိုင်းရင်းသားများအား တန်းတူအခွင့်အရေးပေးရန် ပျက်ကွက်ခဲ့မှုဖြစ်ကြောင်း သူက ထောက်ပြဖူးသည်။ တာဝန်ရှိသည့် ဖဆပလ ခေါင်းဆောင်များက ထိုအားနည်းချက်များကို အချိန်မီ မပြင်ဆင်နိုင်ခဲ့သည့်အပြင်၊ မိမိတို့ အုပ်စု အာဏာမြဲရေးကို အာရုံစိုက်နေခဲ့သဖြင့် တိုင်းပြည်ဖရိုဖရဲဖြစ်ရသည်ဟူသော သူ့ဝေဖန်ချက်ကို မှတ်မိနေသေးသည်။

ဦးမြစိန် (စာရေးဆရာ စိန်မင်း) က ထိုစဉ်က အကြောင်းများကို ပြန်ပြောဖြစ်တိုင်း ဦးလှသန်းသည် သူ အထူးလေးစားသူများအနက် တွင် တဦးဖြစ်ကြောင်း ပြောပြတတ်သည်။ အထူးသဖြင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးအနေဖြင့် ပြည်သူဘက်က ရပ်ရမည်၊ ပြည်သူ့အကျိုးစီးပွားကို ကာကွယ်ရမည်ဆိုသည်ကို ကောင်းစွာသိရှိသူ၊ နိုင်ငံရေးအမြင် ရှင်းလင်းသူဟု ဦးမြစိန်က ဦးလှသန်းအပေါ် မှတ်ချက်ပေးဖူးသည်။

တိုက်ပိတ်ခံထားရသည့် အချိန်များတွင် ဦးလှသန်းသည် ပလပ်စတစ်လက်ဆွဲအိပ်များ ထိုးခြင်းဖြင့် ငြီးငွေ့ဖွယ်အချိန်များကို ကျော်ဖြတ် လေ့ရှိသည်။ မိသားစုများ ထောင်ဝင်စာလာတွေ့သည့်အခါ ငါးပိကျော် ငါးခြောက်ကျော်အစရှိသည့် စားသောက်စရာများကို ပလပ်စ တစ်အိပ်များဖြင့် ထည့်ပေးလေ့ရှိသည်။ ထိုပလပ်စတစ်အိပ်များကို သန့်စင်အောင်ဆေးကြော၍ ဝှက်ထားရသည့် ဘလိတ်ဓါး တခြမ်း ပဲ့လေးဖြင့် ညီညီညာညာ စိပ်ဖြာရသည်။ ပြီးမှ စိပ်ဖြာထားသော ပလပ်စတစ်ပြားကလေးများကို စိတ်ရှည်လက်ရှည် ရာဂဏန်းများစွာ ရရှိအောင် နန်းဆွဲရသည်။ ထို ပလပ်စတစ် နန်းကြိုးများကို အသုံးပြု၍၊ ဒီဇိုင်းလက်ရာမြောက်သည့် လက်ဆွဲအိပ်များထိုးခြင်း ဖြစ် သည်။ ဦးလှသန်း၏ လက်ရာ လက်ဆွဲအိပ်များမှာ မည်ကာမတ္တ အဖြစ်မျှထိုးယက်ထားခြင်း မဟုတ်ပေ။ စိတ်ကူးစိတ်သန်းကောင်း ကောင်း အရောင်အစပ်အဟပ်ညီညီဖြင့် ဒီဇိုင်းလှလှ အိပ်ကလေးများဖြစ်လာအောင် ထိုးထားခြင်းဖြစ်သည်။

ဤသည်ကို ကြည့်၍ ဦးလှသန်းတွင် အနုလက်မှုပညာ၌လည်း ထူးချွန်သည့်အရည်အချင်းများ စိတ်ကူးစိတ်သန်းကောင်းများရှိနေ သည်ကို သိရသည်။ ထိုသို့သူကိုယ်တိုင် လုပ်သည့် လက်မှုပညာ ပစ္စည်းကလေးများဖြင့် အပြင်မှ မိသားစုနှင့် မိတ်ဆွေများကို လက် ဆောင်ပေးတတ်သည်။ တနည်းအားဖြင့် ပြင်ပမှ မိသားစုနှင့် မိတ်ဆွေ သင်္ဂဟများ၏ မေတ္တာစေတနာ စာနာထောက်ခံမှုတို့ကို သူ့ လက်မှုပညာ လက်ရာကလေးများနှင့် မေတ္တာတုန့်ပြန်ခြင်း ဖြစ်သည်။ သူ့လက်ရာ တခုပြီးတိုင်းလည်း ရဲဘော်ရဲဘက်များကိုပြ၍ လို အပ်ချက်ရှိ မရှိ ဝေဖန်ခိုင်းတတ်သည်။ အခြား အိပ်ထိုးလိုသူများကိုလည်း သူက အိပ်ထိုးနည်း သင်ပေးတတ်သေးသည်။ (၄) တို တိုက်တွင် သူနှင့် ထိတွေ့ဆက်ဆံရင်း ဦးလှသန်းသည် စိတ်နေစိတ်ထား နုညံ့ပျော့ပျောင်းသူ၊ အနုပညာစိတ်ရှိသူ၊ လူသားဆန်သူဖြစ် ကြောင်း ပိုမိုနားလည်ခဲ့ရသည်။ ၁၉၉၄ ဧပြီလတွင် စာရေးသူ (၅) တိုက်သို့ပြောင်းရသောအခါသူနှင့် အဆက်ပြတ်သွားသည်။ သို့ သော် ထောင်ဝင်စာထွက်သည့်အခါ အမှတ်မထင် တွေ့ဖြစ်နှုတ်ဆက်ဖြစ်ခြင်းမျိုးတော့ ရှိသည်။ ထိုနှစ် အောက်တိုဘာလောက်တွင် စာရေးသူ (၃) တိုက်သို့ပြောင်းရပြန်သည်။ ဦးလှသန်းကတော့ (၄) တို တိုက်မှာပင် ရှိနေဆဲဖြစ်သည်။

(၃) တိုက် နိုင်ငံရေးအကျဉ်းသားများ တာဝန်ယူပြုစုသည့် ထောင်တွင်းလူ့အခွင့်အရေးချိုးဖေါက်မှု အစီရင်ခံစာတွင် လူတရာကျော် လက်မှတ်ရေးထိုး၍ ကုလသမဂ္ဂသို့လျှို့ဝှက်ပေးပို့စဉ်က ဦးလှသန်း၏ လက်မှတ်လည်းပါဝင်ခဲ့သည်။ သူ ညနေတိုင်းဖျားသဖြင့် ဆေး ထိုး ဆေးသောက်နေရကြောင်း သတင်းကြားရသည်။ သူ့အဖျားကို ငှက်ဖျားဆိုကာ ထောင်ဆေးမှူးက ဆေးထိုးပေးနေသည်မှာ လချီ ၍ကြာသည်။ နောက် မပျောက်တော့မှ သလိပ်စစ်ရာ၊ တီဗီ အဆုတ်ရောဂါဟုဆိုကာ ဆေးပြောင်းထိုးပြန်သည်။ အင်းစိန်အကျဉ်း ထောင် ကို ၁၈၆၅ ခုနှစ်ခန့်က ဆောက်လုပ်သည်။ ဗြိတိသျှကိုလိုခေတ်၊ ဖဆပလခေတ်၊ မဆလခေတ်၊ နဝတခေတ် အဆက်ဆက် နှစ်တရာကျော် လူပေါင်းမရေမတွက်နိုင်အောင် အကျဉ်းချထားခဲ့သဖြင့် ရောဂါဘယပိုးမွှားအစုံ ခိုအောင်းနေပေသည်။ ထို့ကြောင့် မူလ က ကျန်းကျန်းမာမာရှိသော ဦးလှသန်းမှာ ရောဂါကူးစက်ခံရပုံရသည်။ လတ်ဆတ်သန့်ရှင်းသော ရိက္ခာကို မမှီဝဲရ၊ သန့်ရှင်းသည့်ရေမ သောက်ရ၊ လေကောင်းလေသန့်မရှူရှိုက်ရ၊ နေရောင်ခြည်အလုံအလောက်မရရှိဘဲ၊ တိုက်ပိတ်ခံထားရခြင်းကြောင့် ရောဂါကူးစက်ရန် အလွန်လွယ်သည့်နေရာဖြစ်သည်။ ပိုဆိုးသည်မှာ မကျန်းမာသည့်အခါ သန့်ရှင်းသည့် တခါသုံးဆေးထိုးအပ်ဖြင့် မဟုတ်ဘဲ၊ ပြီးစလွယ် ကြုံရာအပ်ဖြင့် ဆေးထိုးခံရခြင်းဖြစ်သည်။ အရက်ပြန်ကိုပင် ကျကျနန အသုံးပြုခြင်းမရှိ။ သက်ဆိုင်ရာအိမ်များက ခက်ခက်ခဲခဲ တခါ သုံးအပ် ပို့ပေးသော်လည်း ကိုယ့်အပ်ကို သိမ်းထားခွင့်မရှိ၊ သူတို့ထံ၌သာ ပေးအပ်ထားရသည်။ တကယ်ဆေးထိုးသည့်အခါ ကိုယ်အပ် နှင့်ကိုယ်သုံးရခြင်းဟုတ် မဟုတ် စိစစ်ရန်မလွယ်။ သို့ဖြင့် ဦးလှသန်းမှာ နောက်ဆုံးအိပ်ယာတွင်လဲကာ ဆေးရုံတင်ရသည်အထိ ဖြစ်ရ တော့သည်။ ဆေးရုံတွင် စစ်ဆေးချိန်ကျမှ သူ့တွင် (HIV/AIDS) ရောဂါကူးစက်ခံနေရသည်ကို သိရတော့သည်။

ထောင်တွင်း လူ့အခွင့်အရေးချိုးဖေါက်မှုအစီရင်ခံစာ အပြင်သို့ရောက်သွားခဲ့သဖြင့် ၁၉၉၅ အောက်တိုဘာလထဲတွင် အင်းစိန်ထောင် နိုင်ငံရေးတိုက်ဝင်းအတွင်း စစ်ထောက်လှမ်းရေးက ဝင်ရောက်စီးနင်းရှာဖွေခဲ့သည်။ နိုင်ငံရေး အကျဉ်းသားအများအပြား အမှောင် တိုက်ပိတ် ခံကြရသည်။ ကြမ်းတမ်းစွာ စစ်ကြောမေးမြန်းခံကြရသည်။ ဆရာဦးဝင်းတင်၊ ဒေါက်တာ ဇော်မြင့်မောင် (အမရပူရ ၁၊ လွှတ် တော်ကိုယ်စားလှယ်)၊ ဒေါက်တာမြင့်နိုင် (ကန့်ဘလူ ၂၊ လွှတ်တော်ကိုယ်စားလှယ်)၊ ဦးနိုင်းနိုင်း (ပုဇွန်တောင်၊ လွှတ်တော်ကိုယ်စား လှယ်)၊ ဒေါက်တာခင်ဇော်ဝင်း၊ မျိုးမြင့်ငြိမ်း၊ ကိုထွန်းဝင်း(မင်းဗျားစီးနင်းမှု) နှင့် စာရေးသူတို့မှာ စစ်ခွေးတိုက်တွင် တိုက်ပိတ်ခံရသည်၊

ထိုကာလတွင် ဦးလှသန်းသည် (HIV/AIDS) ရောဂါကူးစက်ခံရ၍ ရန်ကုန်ဆေးရုံကြီး မြေအောက်အချုပ်ခန်း၌ ရောက်ရှိနေသည်။ ဆေးရုံတင်ထားသော်လည်း စနစ်တကျ ဆေးဝါးကုသမှု ရရှိသည်မဟုတ်။ ဦးလှသန်းသည် ယုံကြည်ချက်အလွန် ခိုင်မာသူဖြစ်သည်ဟု သူနှင့်အတူ ဆေးရုံအချုပ်ခန်းတွင် အတူနေခဲ့ဖူးသည့် ခရမ်းရဲစခန်းမှ ရဲတပ်သားတဦး (အမည် မမှတ်မိ) က ပြန်ပြောပြသည်။ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံ ဘာကြောင့် ပေါ်ပေါက်ခဲ့ရသည်ဆိုခြင်းကို ဦးလှသန်းက ဆေးရုံအချုပ်တွင် မမောနိုင် မပန်းနိုင်ရှင်းပြတတ်ပုံ၊ ဒေါ်အောင်ဆန်းစုကြည်အကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အကြောင်း၊ အမျိုးသားညီလာခံကို ဘာကြောင့် အတုအယောင်ဟု ဆိုနိုင်ကြောင်း၊ စသည်တို့ကိုလည်း သူတို့အား ဦးလှသန်းကရှင်းပြပုံတို့ကို ထို ရဲသားဟောင်း လူငယ်က ပြောပြခဲ့သည်။ ရဲအထူးသ တင်းတပ်ဖွဲ့နှင့် စစ်ထောက်လှမ်းရေးဘက်မှ ပုဂ္ဂိုလ်များ နေ့စဉ်လာ၍ ဦးလှသန်းအား နိုင်ငံရေးမလုပ်တော့ရန်၊ လွှတ်တော်ကိုယ်စား လှယ်အဖြစ်မှ နှုတ်ထွက်ရန် လာပြောကြသည်ကိုတွေ့ရပြီး၊ ဦးလှသန်းက လုံးဝမနှုတ်ထွက်နိုင်ဟု ငြင်းဆိုခဲ့ပုံတို့ကိုလည်း ထိုလူငယ်က ပင် ပြောပြခဲ့သည်။

နောက်ဆုံးတွင် စစ်ထောက်လှမ်းရေးက ဦးလှသန်းအတွက် လိုအပ်သည့်ဆေးများကို နိုင်ငံခြားမှ မှာထားကြောင်း၊ ဦးလှသန်း အနေ ဖြင့် နိုင်ငံရေးမှ နှုတ်ထွက်မှသာ ထိုဆေးဝါးများဖြင့် ကုသပေးမည်ဖြစ်သည်ဟု အကြပ်ကိုင်ခဲ့ပုံကိုလည်း ထိုလူငယ်က ပြောပြခဲ့သည်။ ဦးလှသန်းက ဆေးကုသမှု မပေးလိုလျှင်လည်း ရှိစေ၊ သူ့အနေဖြင့် လူထုက အပ်နှင်းထားသည့် လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ လုံးဝ နှုတ်ထွက်မည် မဟုတ်၊ အသေသာခံ သွားမည်ဟု ခိုင်ခိုင်မာမာ တုန့်ပြန်ခဲ့ကြောင်း အဆိုပါ လူငယ်မှတဆင့် ပြန်ကြားခဲ့ရသည်။ ဦးလှသန်းကား သူ့သန္နိဋ္ဌာန်နှင့်အညီ ယုံကြည်ချက်ကို မစွန့်လွှတ်ခဲ့။ သူ၏ နောက်ဆုံးအချိန်များကို တည်ငြိမ်စွာရင်ဆိုင်သွားခဲ့သည်။ အာဏာရှင်စနစ်၏ လူမဆန်မှုကြောင့် ထောင်တွင်း၌ သူ ရောဂါရခဲ့ရသည်။ အာဏာရှင်စနစ်၏ လူမဆန်မှုကြောင့် သူ ဆေးဝါးကုသ ခွင့် ဆုံးရှုံးခဲ့ရသည်။ ၁၉၉၆ သြဂုတ် (၂) ရက်နေ့၌ အာဏာရှင်စနစ်က ဦးလှသန်းအား လူမဆန်စွာ သတ်ဖြတ်လိုက်သည်။ သို့သော် လည်း သူ၏ သန္နိဋ္ဌာန်နှင့် ယုံကြည်ချက်ကိုကား အာဏာရှင်တို့သေအောင် မသတ်နိုင်ခဲ့။

ဦးလှသန်းကား သူ့ပခုံးထက်သို့ကျရောက်လာသော သမိုင်းရေးတာဝန်ကို ကျေပွန်စွာ ထမ်းရွက်သွားခဲ့သည်။ သူ့နာမည်ကား နိုင်ငံ့ သားကောင်းအဖြစ် သမိုင်းစာမျက်နှာပေါ်တွင် ကမ္ပည်းတင်ကျန်ရစ်ခဲ့ပြီ။ သူကား မမေ့အပ်သည့် နိုင်ငံ့သားကောင်းများအနက်မှ တဦး ဖြစ်သည်။

ကိုးကား …
(၁) ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှတ်တမ်း - မြန်မာ့အလင်း အောင်သန်း
(၂) ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှတ်တမ်း - ဦးခင်ကျော်ဟန် (ရေနံချောင်းမြို့နယ် အမှတ်(၂) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)၊
(၃) Letters from Burma – Aung San Suu Kyi

ဇင်လင်း

မူပိုင်ခွင့် © ၂၀၀၈ နေ့သစ်

No comments: