-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Sunday, August 15, 2010

ဦးဝင်းတင်နဲ့ မေးခွန်းများလူထုအုံကြွမှုနဲ့ နိုင်ငံရေးသမားတွေရဲ့ ပိုင်းဖြတ်မှု အခန်းကဏ္ဍ

မိုးမခ
သြဂုတ် ၁၄၊ ၂၀၁၀

ဆရာနဲ့ ၈ လေးလုံးနှစ်ပတ်လည် ကာလမှာ မေးမြန်းဖြစ်တာက ယခင်က လမ်းပြကြယ်ဦးအေးမြင့်နဲ့ စကားပြောဖြစ်စဉ်က အကြောင်းဖြစ်ပါတယ်။ ယခုအချိန်မှာ စစ်အာဏာရှင်တွေရဲ့ မတရားဖိနှိပ်မှုတွေ၊ နှိပ်စက်မှုတွေကြောင့် သည်းမခံနိုင်တဲ့အဆုံး လူထုက အုံကြွလာခဲ့ရင်တောင် စစ်အာဏာရှင်တွေက လက်နက်အားကိုးနဲ့ အကြမ်းဖက် နှိမ်နင်းမှုတွေ ကျုးလွန်ဖို့ ၀န်မလေးဘူး၊ လက်မတွန့်ဘူး ဆိုတဲ့ အကြောင်း ဖြစ်ပါတယ်။
အတိတ်မှာကော အနာဂတ်မှာပါ မြန်မာပြည်ရဲ့ နိုင်ငံရေးလှုပ်ရှားမှုလမ်းကြောင်းမှာ စစ်အာဏာရှင်တွေကို ဆန့်ကျင်တဲ့ လူထုအုံကြွမှုတွေဆိုတာ ရှောင်လွဲလို့ မရခဲ့ဘူး၊ ရှောင်လွဲလို့ မရနိုင်ဘူး ဆိုတဲ့ အကြောင်း … အဲသည်အချိန်အခါမှာ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးလှုပ်ရှားသူတွေနဲ့ နိုင်ငံရေးအဖွဲ့အစည်း ဆိုသည်တွေရဲ့ နေရာနဲ့ သဘောထားတွေက ဘာလဲ၊ ဘယ်လဲ ဆိုတာကို မေးမြန်းဖြစ်ပါတယ်။
ဆရာက ၎င်းရဲ့ အမြင်ကို ပြန်လည် ပြောကြားရာမှာ -
“အခုတလောမှာ ဆရာနဲ့ စီအာရ်ပီပီတို့နဲ့ တွေ့တဲ့အခါမှာ ပြောဖြစ်တယ်။ သံတမန်တွေ အခြားအဖွဲ့အစည်းတွေက မေးလာတဲ့အခါမှာလည်း ပြောဖြစ်တယ်။ လက်ရှိအခြေအနေမှာ စစ်အစိုးရရဲ့ ဖိနှိပ်မှုက များလာတယ်။ သူတို့ ပိုင်းဖြတ်ချက်က ရှင်းရှင်း ပြောရရင် ကြံ့ဖွံ့ကို အစွမ်းကုန် လှုပ်ရှားနိုင်အောင် သြဇာ အာဏာတင်မက၊ ငွေကြေး အားလုံး သုံးနိုင်အောင်အတွက် အသင်းတောင် မထားတော့ဘူး၊ ပါတီ ဖွဲ့လိုက်တယ်။ အသင်းက အင်အားတွေ၊ ပိုင်ဆိုင်မှုတွေ အားလုံးကို ပါတီထဲကို ပုံအောထည့်လိုက်တယ်။
အဲသည်အတွက် ကျနော်က နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တွေကိုလည်း ပြောတယ်၊ နိုင်ငံခြား သံတမန်တွေကိုလည်း ပြောပါတယ်။ လက်ရှိ အခြေအနေက နိုင်ငံရေးအကြပ်အတည်းတွေ ကြုံနေပြီ၊ ဖြေရှင်းလို့ မရနိုင်လောက်အောင် တဖက်က တင်းမာနေပြီ။ စီးပွားရေး လူမှုရေး အခက်အခဲ အကြပ်အတည်းတွေ ကြုံနေရပြီ။ ဒီလိုအချိန်မျိုးမှာ ဒီလိုအကြပ်အတည်းမျိုးတွေ ကြုံနေတဲ့ အခါမှာ လွန်ခဲ့တဲ့ ၈ လေးလုံးက လူထုအုံကြွမှုကြီးတွေကို မေ့ပျောက်လို့ မရဘူး။
သို့သော် ၈ လေးလုံး ဆိုတဲ့ အုံကြွမှုမျိုးကို ခင်ဗျား ဖော်ထုတ်နိုင်သလား၊ ဖန်တီးနိုင်သလားလို့ ပြောလာကြရင် ကျနော့်အနေနဲ့ ဘယ်လုပ်နိုင်မလဲ၊ ဖော်ထုတ်နိုင်ဖို့ကို မပြောနဲ့ဦး ပေါ်ပေါက်လာရင်တောင်မှ ဦးဆောင်ဖို့ မလွယ်ဘူး၊ တော်ရုံတန်ရုံလူ လုပ်လို့ မရဘူး။ ဒါပေမယ့်လည်း လူထုအုံကြွမှုဆိုတာမျိုးဆိုတာ မပေါ်ပေါက်လာနိုင်ပါဘူး လို့လဲ ပြောလို့ မရဘူး။ လူထုအုံကြွမှုဆိုတာ Spontanuous ပေါ်တဲ့ အရာဖြစ်တယ်။ ဒါကြောင့်မို့ ကျနော်ပြောနိုင်တာကတော့ - ၈ လေးလုံး လို အုံကြွမှုမျိုးက အခုလို အချိန်မျိုးမှာ အချိန်မရွေး အခါမလပ် ပေါ်ပေါက်လာနိုင်တယ် ဆိုတာကို မမေ့ကြပါနဲ့ ဆိုတာဖြစ်ပါတယ်။
အဲသည်နေရာမှာ အဲသည်လို အုံကြွမှုတွေ ဘယ်လိုမျိုး ဖြစ်လာမှာလဲ၊ ဘယ်သူလုပ်မှာလဲ။ ဘယ်သူ ဦးဆောင်မှာလဲ။ ဘာတွေ ဖြစ်လာမှာလဲ ဆိုတာတွေကိုတော့ ကျနော်လည်း မသိဘူး။ သို့သော် သည်အချက်အလက်ဖြစ်တဲ့ လူထုအုံကြွမှု (Mass Uprising Factor) ကိုတော့ မေ့ထားလို့ မဖြစ်ဘူး ဆိုတာကို ပြောဖြစ်ပါတယ်။
ဥပမာအားဖြင့် ပြောရရင် ၂၀၀၃ ခုနှစ်တုံးက ဒေါ်အောင်ဆန်းစုကြည် တပြည်လုံးကို လှည့်ပြီး တရားဟောတယ်၊ လူထုနဲ့ တွေ့ဆုံတယ် ဆိုတာဟာ လူထုအုံကြွမှုကြီးတခု ဖြစ်ပေါ်လာတာမျိုးနဲ့အလားသဏ္ဍန် တူပါတယ်။ သက္ကရာဇ် ၂၀၀၀ ကစပြီးတော့ တိုင်းပြည်မှာ အထွေထွေ အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတယ်။ အဲသည်ရဲ့ နောက်ဆက်တွဲအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုနောက်ကို လိုက်ပါတဲ့ လူထုအုံကြွမှုကြီး တခု ဖြစ်ပေါ်လာတဲ့အချိန်မှာ သူတို့က ဒီပဲယင်းလိုဟာမျိုးနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်ဒီကို ချေမှုန်းပစ်တာပဲ။
နောက်ပိုင်းမှာကျတော့ ၂၀၀၇ မှာလည်း နောက်ထပ်လူထုအုံကြွမှုကြီးတခု နဲ့ ကြုံပြန်တယ်။ အဲသည်အခါမှာ ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ ခေါင်းဆောင်မှုလည်း မရှိဘူး။ တခြား ဦးဆောင်နိုင်တဲ့ ခေါင်းဆောင်တွေလည်း ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားကြရတယ်။ နိုင်ငံရေးပါတီတွေကလည်း အဲသည်လို ဖြစ်ပေါ်လာတဲ့အချိန်မှာ ၀င်ရောက် ပါဝင်မယ်၊ ဦးဆောင်မယ်၊ ပတ်သက်မယ်လို့ လှုံဆော်မယ် ဆိုတဲ့ သဘောထားတွေ ဆန္ဒတွေ မရှိကြဘူး။ အနည်းဆုံးကတော့ ဦးဆောင်နိုင်စွမ်းမရှိကြရင်တောင်မှ ဒို့ ပါဝင်ပတ်သက်ကြမယ်ဆိုတဲ့ ပိုင်းဖြတ်မှုလောက်တော့ ရှိဖို့ ကောင်းတယ် လို့ ထင်တယ်။
အဲသည်တုံးက အဖြစ်အပျက်တခုကို ပြန်ကြားရတာတခု ပြန်ပြောပြရရင် အင်န်အယ်ဒီပါတီ ခေါင်းဆောင် ဦးအောင်ရွှေက မေးတယ် တဲ့။ သံဃာ့အရေးအခင်းဖြစ်နေပြီ၊ ပါတီက ဘာလုပ်ကြမှာလဲ ဆိုတော့ … ကော့ကရိတ်ဦးသိန်းညွန့်က ဖြေတယ်တဲ့။ စစ်အစိုးရရဲ့ ဥပဒေနဲ့ မညီညွတ်တဲ့အတွက်ကြောင့် ပါတီအနေနဲ့ အခုလူထုအုံကြွမှုမှာ ပါဝင်စရာ မလိုဘူး တဲ့။ အဲသည် ဦးသိန်းညွန့်ဆိုတာက အင်န်အယ်ဒီပါတီက လွင့်စင်ပြီး အခု ၂၀၁၀ ရွေးကောက်ပွဲဝင်ဖို့ ပါတီမှတ်ပုံတင်တဲ့ ဦးခင်မောင်ဆွေတို့၊ ဒေါက်တာသန်းငြိမ်းတို့နဲ့ အတူ သွားကြတဲ့ သူပေါ့ကွာ။
ဆိုလိုချင်တာကတော့ ဘုန်းကြီးတွေ သံဃာတွေက ရှေ့တန်းက ထွက်ပြီး လှုပ်ရှားနေကြတဲ့အချိန်မှာ သာမန်လူတွေကို မပြောနဲ့ဦး နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ၊ နိုင်ငံရေးအဖွဲ့အစည်း ဆိုတာတွေက မပါကြဘူး။ လူငယ်တွေ၊ ကျောင်းသားတွေနဲ့ မျိုးဆက်သစ်တွေ ပါဝင်လက်တွဲနေကြတာကတော့ အားလုံးမြင်တွေ့ကြတဲ့ အတိုင်းပဲ။ သည်နေရာမှာ ကျနော်က ထောက်ပြချင်တာကတော့ နိုင်ငံရေးပါတီတွေ အဖွဲ့အစည်းတွေနဲ့ ပါတီခေါင်းဆောင်တွေ၊ နိုင်ငံရေး ခေါင်းဆောင်တွေ ဆိုတာက လူထုအုံကြွမှုကြီးတခုနဲ့ ရင်ဆိုင်ကြရပြီဆိုရင် မဦးဆောင်နိုင်ရင်တောင်မှ ပါဝင်ရမယ်၊ ပတ်သက်ရမယ်၊ ၀င်ရောက်ဆောင်ရွက်မယ်ဆိုတဲ့ ပိုင်းဖြတ်မှုမျိုးကတော့ ရှိရမယ်၊ ရှိသင့်တယ် လို့ ပြောချင်တယ်။
လူထုအုံကြွမှုကြီးကို မဦးဆောင်နိုင်ရင်တောင်မှ ပါဝင်ပတ်သက်မယ်၊ Involve လုပ်ကြမယ်၊ လက်တွဲမယ်၊ ချီတက်မယ် ဆိုတဲ့ ပိုင်းဖြတ်မှုမျိုး၊ ကြိုတင် ဆုံးဖြတ်ထားမှုမျိုး ကျနော်တို့မှာ ရှိသင့်တယ်၊ ရှိရမယ်လို့ အခုအချိန်မှာ ကျနော်ကတော့ ပြောနေတယ်။
ဒါက အင်န်အယ်ဒီတခုတည်း ပြောတာ မဟုတ်ဘူးနော်။ တိုင်းပြည်ရဲ့ နိုင်ငံရေးကို ဆောင်ရွက်နေပါတယ် ဆိုတဲ့ နိုင်ငံရေးသမားတွေ၊ ခေါင်းဆောင်တွေ၊ အဖွဲ့အစည်းတွေ၊ ပါတီတွေ အားလုံးကို ဆိုလိုပါတယ်။ လူထုအုံကြွမှုကြီးကို မလှုံဆော်နိုင်ရင် ထား၊ မဦးဆောင်နိုင်ရင်ထား၊ လူထုကြီး တရပ်လုံးက မခံမရပ်နိုင်ဖြစ်လို့ အုံကြွမှုကြီး ဖြစ်လာရင် ငါတို့ ပါဝင်မယ်၊ ပတ်သက်မယ်၊ မသိချင်ယောင်ဆောင်နေတာတွေ၊ ရှောင်လွဲနေတာတွေ မလုပ်ဘူး၊ ငါတို့ ပတ်သက်ကြရမယ် ဆိုတဲ့ ပိုင်းဖြတ်မှုမျိုး ရှိကြရမယ် ဆိုတာကို ပြောနေတာဖြစ်တယ်။ သာမန် ဘေးကရပ်ကြည့်နေတဲ့ ပရိသတ်လိုမျိုး နေလိုက်ဦးမယ်ကွာ၊ ရပ်ကြည့်လိုက်ဦးမယ်ကွာ၊ စောင့်ကြည့်လိုက်ဦးမယ်ကွာ၊ လက်ခုတ်တီးလိုက်ဦးမယ်ကွာ၊ ဥပဒေနဲ့ မညီလို့ မပါဘူးကွာ ဆိုတာမျိုးတွေနဲ့ နေလို့ မရဘူး။ သည်လိုမျိုး အချက်ကို နိုင်ငံရေးသမားဆိုသူတွေ၊ အဖွဲ့အစည်းတွေ ပါတီတွေ ထောင်ထားတဲ့သူတွေက သိရှိသင့်တယ်၊ ဆုံးဖြတ်ထားသင့်တယ် ဆိုတာကို ပြောချင်တယ်။
အဲဒါမျိုး ပိုင်းဖြတ်ချက်၊ ဆုံးဖြတ်ချက်တွေ မရှိကြရင်တော့ လူထုအုံကြွမှုတွေမှာ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ ဦးဆောင်သူတွေနဲ့ နိုင်ငံရေးအင်အားစုတွေရဲ့ ပါဝင်မှု၊ လက်တွဲဆောင်ရွက်မှုတွေ မရတဲ့အတွက် တဖက်က ဖိနှိပ် ချေမှုန်းမှုတွေနဲ့ ကြုံကြရလိမ့်မယ်။ ကျနော် ဒီလောက်ပဲ ပြောချင်ပါတယ်။”


ဆရာဦးဝင်းတင်ရဲ့ ဖြေကြားချက်များ ဖြစ်ပါတယ်။ ။

No comments: