-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Thursday, August 19, 2010

ကုလမှ စစ်အစိုးရအား ကော်မရှင်ဖွဲ့ စစ်ဆေးရေးကို ထောက်ခံရန် ဦးဝင်းတင်မှ ကနေဒါကို တိုက်တွန်း

သောမတ်စ် မောင်ရွှေ | ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၁၈ ရက် ၂၀၁၀ ခုနှစ် ၂၂ နာရီ ၂၁ မိနစ် .
ချင်းမိုင် (မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်သည် ပြီးခဲ့သည့် အပတ်က အင်တာဗျူး တခုတွင် မြန်မာ စစ်အစိုးရက ကျူးလွန်ခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှုများ အတွက် ကုလသမဂ္ဂမှ ကော်မရှင်တရပ်ဖွဲ့၍ စုံစမ်း စစ်ဆေးပေးရန် အကြံပြု ပြောဆိုမှုများအား ထောက်ခံရန် ကနေဒါ အစိုးရနှင့် အခြားနိုင်ငံများအား တောင်းဆိုလိုက်သည်။

သြစတြေးလျ၊ ဗြိတိန်၊ ချက်ပြည်ထောင်စု၊ ဆလိုဗက်ကီးယားနှင့် အမေရိကန် နိုင်ငံတို့သည် ထိုကဲ့သို့ ကော်မရှင် တရပ်ဖွဲ့၍ စုံစမ်း စစ်ဆေးပေးရန်အတွက် ထောက်ခံမည်ဟု ကတိကဝတ် ပြုခဲ့ကြပြီး ဖြစ်သည်။

“မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်နေမှုတွေဟာ အရမ်း ဆိုးဝါး ပြင်းထန် လွန်းတဲ့အတွက် အခုလိုမျိုး စုံစမ်းစစ်ဆေးပြီး ဘာတွေ ဖြစ်ခဲ့တယ် ဆိုတာကို မှတ်တမ်းတင်ဖို့ လိုပါတယ်။ စစ်အစိုးရရဲ့ အကြမ်းဖက်မှုတွေဟာ တိုင်းရင်းသား လူနည်းစုတွေ အတွက်လည်း အချက်ပေး ခေါင်းလောင်းထိုးသံ တခု ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်၏ အားထားရသော လုပ်ဖော်ကိုင်ဘက် တဦးဖြစ်ပြီး စစ်အစိုးရကို ဆန့်ကျင်ခဲ့သည့်အတွက် ထောင်ဒဏ် ၁၉ နှစ်ခန့် အကျဉ်းချခြင်း ခံခဲ့ရသူ ဦးဝင်းတင် က မဇ္ဈိမသို့ ပြောကြားခဲ့သည်။

ကနေဒါ အစိုးရထံသို့ ကနေဒါ ပါလီမန် အမတ် ၆၃ ဦးနှင့် ဆီးနိတ်အမတ် ၁၂ ဦးတို့က မြန်မာစစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများအား ကုလသမဂ္ဂမှ ကော်မရှင်ဖွဲ့ စစ်ဆေးရေးကို တိုက်တွန်းရန် အတွက် လက်မှတ်ရေးထိုးကာ ပန်ကြားခဲ့သည်ကို ရည်ညွှန်း၍ ဦးဝင်းတင်က “ကနေဒါ နိုင်ငံဟာ ကုလသမဂ္ဂရဲ့ ကော်မရှင်ဖွဲ့စစ်ဆေးရေးကို ထောက်ခံလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒီလို စစ်ဆေးဖို့ မြန်မာနိုင်ငံအတွက် အထူးလိုအပ်နေပါတယ်” ဟု ပြောဆိုခဲ့သည်။

ယခုနှစ် မတ်လက ကုလသမဂ္ဂ လူ့အခွင့်အရေး သံတမန် မစ္စတာ သောမတ်(စ်) အိုဂျေ ကွင်တားနားက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီထံသို့ အစီရင်ခံစာတစောင် တင်ပြခဲ့ရာတွင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများသည် စနစ်တကျ ကျူးလွန်နေသည့် ပုံစံဖြစ်နေပြီး အစိုးရအရာရှိများ၊ စစ်အာဏာပိုင်များနှင့် တရားရေးရာဌာနများကပါ ပါဝင်ကျူးလွန်နေသည့် ပုံစံမျိုးဖြစ်နေသည်ဟု ပါရှိသည်။ မြန်မာ စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်စဉ်များအား နိုင်ငံတကာ ရာဇဝတ်ခုံရုံး၏ ဖွင့်ဆို သတ်မှတ်ချက်အရ လူသားချင်းစာနာထောက်ထားမှုနှင့် လူ့အဖွဲ့အစည်းတခုလုံးကို ဆန့်ကျင်သည့် စစ်ရာဇဝတ်မှုများအဖြစ် သတ်မှတ်နိုင်ကြောင်းလည်း ထိုအစီရင်ခံစာထဲတွင် ဖော်ပြထားသည်။

ကွင်တားနားသည် ထိုအစီရင်ခံစာထဲတွင် မြန်မာစစ်အစိုးရ ကျူးလွန်ခဲ့သည့် နိုင်ငံတကာ ရာဇဝတ်မှုများအတွက် ကော်မရှင်တခုဖွဲ့စည်း၍ ထပ်မံအသေးစိတ် စုံစမ်းစစ်ဆေးရန် ကုလသမဂ္ဂအား အကြံပြု တိုက်တွန်းထားသည်။

ကနေဒါနိုင်ငံ မြန်မာ့မိတ်ဆွေများအဖွဲ့ (CFOB) မှ အလုပ်အမှုဆောင် ဒါရိုက်တာ တင်မောင်ထူးက မဇ္ဈိမသို့ “မစ္စတာ ကွင်တားနားရဲ့ အစီရင်ခံစာက ကုလသမဂ္ဂ အနေနဲ့ မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စနစ်တကျ စုံစမ်း စစ်ဆေးဖို့ လေးလေးနက်နက် အကြံပြုထားပါတယ်။ ဒါကို လျစ်လျူရှုလိုက်ဖို့ မသင့်ပါဘူး။ ကနေဒါ အပါအဝင် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ ကုလသမဂ္ဂက မစ္စတာကွင်တားနားရဲ့ အကြံပြုချက်ကို အကောင်အထည်ဖော်ဖို့၊ မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စစ်ဆေးပေးဖို့ တိုက်တွန်းသင့်ပါတယ်” ဟု ပြောကြားခဲ့သည်။

ပြီးခဲ့သည့်အပတ်က CFOB အဖွဲ့သည် ဘားမားကမ်ပိန်း (ယူကေ) အဖွဲ့နှင့် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ရာတွင် ကနေဒါနိုင်ငံခြားရေးဝန်ကြီး Lawrence Cannon အား ကွင်တားနား၏ အကြံပြုချက်ကို တွန်းအားပေးရန် တောင်းဆိုခဲ့ပြီး ကနေဒါ ဝန်ကြီးချုပ် Stephen Harper ၏ အစိုးရ အဖွဲ့သည် မြန်မာအတိုက်အခံများကို အစဉ်အမြဲထောက်ခံလေ့ ရှိသဖြင့် ယခုကွင်တားနား၏ အကြံပြုချက်ကိုလည်း ထောက်ခံရန် တောင်းဆိုထားသည်။

ဘားမားကမ်ပိန်း၏ ဒါရိုက်တာ Mark Farmaner က အဖွဲ့၏ ကြေညာချက်ထဲတွင် “ကုလသမဂ္ဂ လူ့အခွင့်အရေး သံတမန်ရဲ့ အကြံပြုချက်ဖြစ်တဲ့ ကော်မရှင်ဖွဲ့စစ်ဆေးရေးကို ကနေဒါနိုင်ငံက ထောက်ခံကြောင်း တရားဝင် မထုတ်ပြန်သေးတဲ့အတွက် အလွန်အံ့သြမိပါတယ်။ နိုင်ငံပေါင်း မြောက်များစွာရဲ့ ထောက်ခံမှုကို ကျနော်တို့လိုအပ် နေပါတယ်။ ကနေဒါ နိုင်ငံရဲ့ နှုတ်ဆိတ်နေမှုဟာ မြန်မာစစ်အစိုးရကို လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆက်လက်ကျူးလွန်စေဖို့ အားပေးသလို ဖြစ်သွားစေနိုင်ပါတယ်” ဟု တိုက်တွန်းထားကြောင်း ပြောပြခဲ့သည်။

ကနေဒါနိုင်ငံ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Laura Markle က မဇ္ဈိမသို့ ပြောကြားရာတွင် ကနေဒါ နိုင်ငံသည် ဦးဝင်းတင် တိုက်တွန်းသည့် ကိစ္စနဲ့ ပတ်သတ်၍ ကြေညာချက်တစောင် ထုတ်ရန်ရှိကြောင်းပြောကြားခဲ့သည်။

ကနေဒါမှ အိုင်ဗင်ဟိုး သတ္ထုတွင်း ကုမ္ပဏီအား စုံစမ်းစစ်ဆေးရန် ဦးဝင်တင်က တိုက်တွန်း

ဦးဝင်တင်သည် ကနေဒါအစိုးရက ဗန်ကူးဗား အခြေစိုက် အိုင်ဗင်ဟိုး သတ္ထုတွင်း ကုမ္ပဏီအား လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိမရှိနှင့် ကနေဒါနိုင်ငံမှ မြန်မာစစ်အစိုးရအပေါ် ချမှတ်ထားသည့် စီးပွါးရေး အရေးယူပိတ်ဆို့မှုများအား အိုင်ဗင်ဟိုးမှ ချိုးဖောက်နေမှုများကို စုံစမ်းစစ်ဆေးရန်ကိုလည်း တောင်းဆိုခဲ့သည်။

မဇ္ဈိမသတင်းဌာန၏ ဇွန်လက သတင်းတပုဒ်တွင် မြန်မာနိုင်ငံ မုံရွာတွင် ကြေးနီသတ္ထုမိုင်းလုပ်ငန်းကို ဖက်စပ်လုပ်ကိုင်နေသည့် မြန်မာအိုင်ဗင်ဟိုး ကြေးနီကုမ္ပဏီလီမိတက် (MICCL)၏ အစုရှယ်ယာ ၅ဝ ရာခိုင်နှုန်း ကို တရုတ်လက်နက်ကုမ္ပဏီကြီး နိုရင်ကို (Norinco) နှင့် တရုတ်သတ္တုကုမ္ပဏီကြီး တခုဖြစ်သော ချိုင်းနားကိုးလ် (Chinacol) တို့နှင့် ပတ်သက်ဆက်နွယ်မှုရှိသည့် မြန်မာစစ်အစိုးရ၏ လက်ရင်းလူယုံများကို လျှို့ဝှက်စွာ ရောင်းချခဲ့ကြောင်း ယုံကြည်စိတ်ချရသည့် လျှို့ဝှက်သတင်းရပ်ကွက်တခုက အတည်ပြုပြောကြားကြောင်း ဖော်ပြခဲ့ဖူးသည်။

ဦးဝင်းတင်က အိုင်ဗင်ဟိုးအနေဖြင့် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဆက်နွယ်နေသည့် လက်ရင်းလူယုံများအား မုံရွာရှိ ရှယ်ယာများအား ရောင်းချလိုက်သည် ဆိုသော သတင်းများကြောင့် အထူးစိုးရိမ်မိကြောင်းနှင့် ထိုအပြုအမူသည် ကနေဒါနိုင်ငံမှ မြန်မာနိုင်ငံအပေါ် ချမှတ်ပြဌာန်းထားသော အရေးယူပိတ်ဆို့မှုများကို ချိုးဖောက်လိုက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ “ကျနော်တို့ အသေးစိတ်မသိရပေမယ့် အိုင်ဗင်ဟိုး ကုမ္ပဏီဟာ သူတို့ရဲ့ အစုရှယ်ယာတွေကို တရုတ်ကုမ္ပဏီတွေနဲ့ ပတ်သတ်နေတဲ့သူတွေကို ရောင်းလိုက်တယ်လို့ သိရပါတယ်။ ကနေဒါအနေနဲ့ ဒီကိစ္စကို စုံစမ်း စစ်ဆေးသင့်ပါတယ်” ဟု ဦးဝင်းတင်က ပြောကြားခဲ့သည်။

လူ့အခွင့်အရေးအုပ်စုများ တောင်းဆိုနေကြသော အချက်ဖြစ်သည့် ‘အိုင်ဗင်ဟိုးအနေဖြင့် ကနေဒါ ပါလီမန်တွင် ကုမ္ပဏီ၏ မြန်မာနိုင်ငံတွင် ပါဝင်ပတ်သတ် လုပ်ကိုင်နေသည့် သတင်းအချက်အလက်များနှင့် ၄င်းမြန်မာနိုင်ငံမှ ထွက်ခွာသွားရသည့် အကြောင်းရင်းများကို ရှင်းလင်းပြောဆိုသင့်သည်’ဟူသော အချက်အား ကမ္ဘာသိ နိုင်ငံရေးအကျဉ်းသမားဟောင်း တဦးဖြစ်သူ ဦးဝင်းတင်က သဘောတူသည်ဟု ဆိုသည်။

ပြီးခဲ့သည့်လက အန်အယ်လ်ဒီ လွှတ်တော်အမတ် ဦးခွန်မြင့်ထွန်းသည် ကနေဒါ နိုင်ငံခြားရေး ဝန်ကြီး Cannon ထံသို့ ကနေဒါ အစိုးရအဖွဲ့အနေဖြင့် အိုင်ဗင်ဟိုး ကုမ္ပဏီ၏ ယာဉ်မောင်းဖြစ်သူ ဦးသက်လွင် အဖမ်းခံခဲ့ရသည့် ကိစ္စနှင့် ပတ်သတ်၍ စုံစမ်းဖြေရှင်းပေးရန် တရားဝင်တိုက်တွန်းစာတစောင် ပို့ခဲ့သည်။ ဦးသက်လွင်သည် ၄င်း၏ အထက်အရာရှိဖြစ်သူ အိုင်ဗင်ဟိုးကုမ္ပဏီမှ အဆင့်မြင့်ဘူမိဗေဒ ပညာရှင် Andrew Mitchellက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ခေါင်းဆောင်ဖြစ်သူ နေအိမ်အကျယ်ချုပ်ကျနေသည့် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ သွားရောက်လိုသဖြင့် ပို့ဆောင်ပေးခဲ့ပြီးနောက်ပိုင်းတွင် အကျဉ်းအချခံခဲ့ရခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ မောင်းနှင်သွားပြီး နောက်ပိုင်းတွင် ဦးသက်လွင်နှင့် မစ္စတာ Andrew Mitchell တို့ နှစ်ဦးစလုံး ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရပြီး ဗြိတိသျှနိုင်ငံသားဖြစ်သည့် မစ္စတာ Mitchell အား မကြာခင် ပြန်လွှတ်ပေးခဲ့သော်လည်း ဦးသက်လွင်ကိုမူ ထောင်ဒဏ် ၇နှစ် ချမှတ်ခဲ့သည်ဟု ဦးသက်လွင်၏ မိသားစုက ပြောခဲ့သည်။

ဦးခွန်မြင့်ထွန်းကဲ့သို့သော လူ့အခွင့်အရေးလှုပ်ရှားသူများသည် ဦးသက်လွင် အင်းစိန်ထောင်ထဲတွင် ဆုံးပါးသွားမည်ကို စိုးရိမ်သည့်အတွက် ကနေဒါ အစိုးရအနေဖြင့် အိုင်ဗင်ဟိုး ကုမ္ပဏီအား ထိုအမှုကိစ္စနှင့် ပတ်သတ်၍ စစ်ဆေးပေးရန် အလိုရှိနေကြသည်။

ဦးခွန်မြင့်ထွန်း၏ ပေးစာထဲတွင် အိုဗင်ဟိုး ကုမ္ပဏီနှင့် ကုမ္ပဏီ ဥက္ကဌဖြစ်သူ Robert Friedland တို့မှ ထိုကိစ္စအား သိရှိကြောင်း ဝန်ခံပြောဆိုရန် အချိန် ၅နှစ်ကျော် ယူခဲ့သဖြင့် ၄င်းတို့ကို အပြစ်တင်ထားသည် ဟုဆိုသည်။ ၁၉၉၆ ခုနှစ်မှ ၂ဝဝ၃ ခုနှစ်အတွင်း အကျဉ်းချခြင်း ခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားဟောင်း ဦးခွန်မြင့်ထွန်းက “ကိုသက်လွင် အဖမ်းခံခဲ့ရပြီး နောက်ပိုင်းမှာ အိုင်ဗင်ဟိုး ကုမ္ပဏီ အနေနဲ့ အရေးတယူ ဂရုစိုက်မှု မရှိခဲ့ပါဘူး။ ကိုသက်လွင်နဲ့ သူ့ရဲ့မိသားစုအနေနဲ့ အရမ်းခံစားနေရမှာပါ။ အိုင်ဗင်ဟိုးက ကိုသက်လွင်ကို ပြုမူတဲ့ပုံစံကတော့ တကယ့် ရာဇဝတ်သားတယောက်ကို ဆက်ဆံတဲ့ပုံစံမျိုး ဖြစ်နေတယ်” ဟု မဇ္ဈိမသို့ ပြောကြားခဲ့သည်။

© Copyright 1998 - 2009 Mizzima News. All Rights Reserved.[x] close

No comments: