-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Saturday, March 5, 2011

ဘတ်ဂျက်ဥပဒေအပေါ် အန်အယ်ဒီဝေဖန်


ပြည်သူ့ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရာတွင် ပြည်သူ့လွှတ်တော်က ဥပဒေအဖြစ် ပြဋ္ဌာန်းသုံးစွဲမှသာ ဥပဒေအင်္ဂါရပ်နှင့် ကိုက်ညီမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သောကြာနေ့တွင် ဝေဖန်လိုက်သည်။

အများပြည်သူသို့ မကြေညာသော်လည်း အစိုးရသည် နိုင်ငံတော် ဘဏ္ဍာရေး အရ၊အသုံးဆိုင်ရာ ဥပဒေနှင့် အချုပ်အခြာအာဏာ တည်မြဲရေး အသုံးစရိတ်ဆိုင်ရာ အထူးရန်ပုံငွေ ဥပဒေကို ဖေဖော်ဝါရီလအတွင်း ပြဋ္ဌာန်းခဲ့သည့်အပေါ် NLD က တုံ့ပြန်ခြင်းဖြစ်သည်။

“ပြည်သူ့ ဘဏ္ဍာငွေကို ဥပဒေနှင့်အညီ ခွဲဝေ သုံးစွဲရန် ကိစ္စမှာ ပြည်သူ့လွှတ်တော်က ဥပဒေအဖြစ် ပြဋ္ဌာန်းမှသာ ဆီလျော်မည်ဖြစ်သည်။ နိုင်ငံတော်၏ အရသုံးဆိုင်ရာ ဥပဒေအရ တပ်မတော်ရေးရာနှင့် ကာကွယ်ရေး အသုံးစရိတ်အတွက် ခွဲဝေလျာထားမှုမှာ လွန်မင်းစွာ များပြားနေကြောင်း တွေ့ရှိရပါသည်။ နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိက အခန်းကဏ္ဍဖြစ်သော ပညာရေးနှင့် ကျန်းမာရေးအတွက် ဘဏ္ဍာငွေ ခွဲဝေလျာထားသည့် ပမာဏမှာ အလွန်အမင်းနည်းပါးကြောင်းမှာ မြင်သာသည့် အချက်ဖြစ်ပါသည်” ဟု NLD ၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

ထို့ပြင် နိုင်ငံတော် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် အသုံးစရိတ်ဆိုင်ရာ အထူးရန်ပုံငွေ ဥပဒေ ပြဋ္ဌာန်းခြင်းသည် ပြည်သူ့ဘဏ္ဍာငွေများကို ပြည်သူ့ဆန္ဒ သဘောထားမပါဘဲ သုံးစွဲခွင့် ပြုထားသည့် သဘောဖြစ်၍ မသင့်လျော်ဟုလည်း ဆိုသည်။

NLD ကြေညာချက်မှာ လွှတ်တော်ကိုယ်စားပြု ကော်မတီ CRPP သဘောထားနှင့်ပါ ကိုက်ညီသဖြင့် လက်ခံကြောင်း CRPP အတွင်းရေးမှူး ဦးအေးသာအောင်က ပြောသည်။

CRPP အဖွဲ့ဝင်များနှင့် NLD ဗဟိုအလုပ်အမှုဆောင်ဝင်များသည် ဗဟန်း အဖွဲ့ချုပ်ရုံး၌ နေ့လည် ၁ နာရီမှ ညနေ ၃ နာရီအထိ တွေ့ဆုံကာ၊ ဧရာဝတီမြစ်ကြောင်းတလျှောက် သစ်တောပြုန်းတီးမှုများ၊ ထိခိုက်ဆုံးရှုံးမှုများ ဆွေးနွေးခဲ့ကြသေးသည်။

“ဧရာဝတီမြစ်ကြောင်း မြစ်ကောတာ၊ မြစ်ကြောင်းမှာ ရေလုပ်ငန်း၊ လယ်ယာလုပ်ငန်းတွေ ထိခိုက်လာတယ်။ ဒါတွေဟာ ဧရာဝတီမြစ်ကြောင်း တလျှောက်သာမက မြစ်ဝကျွန်းပေါ်အထိ ထိခိုက်နိုင်တယ်၊ ထိခိုက်လာနိုင်တဲ့ အလားအလာတွေကို တွေ့ရတယ်။ ဒါတွေကိုလည်း ဆက်လက်ပြီးတော့ အသေးစိတ် လေ့လာသွားဖို့ ရှိတဲ့ အကြောင်းတွေကို ဆွေးနွေးကြပါတယ်” ဟု ဦးအေးသာအောင်က ပြောဆိုသည်။

ထို့ပြင် ကျင်းပနေဆဲ လွှတ်တော်များတွင် ဆွေးနွေးချက်များနှင့် ပြုလုပ်လာသည့် ဥပဒေများကို ထောက်ပြဝေဖန်မှုများ ပြုလုပ်သွားရန်ပါ ဆွေးနွေးခဲ့ကြသည်။

“လွှတ်တော်မှာ အထူးသဖြင့်ပေါ့။ ပြည်သူကို ကိုယ်စားပြုပြီးတော့ ပြောမယ့်ဆိုမယ့် သူတွေ၊ အထူးသဖြင့် ကြံ့ခိုင်ရေး ပါတီက ကိုယ်စားလှယ် အများစု ဖြစ်နေတာတွေ၊ စစ်တပ်ကိုယ်စားလှယ်တွေ ပါနေတာတွေကြောင့် ဒီလွှတ်တော် အဆင့်ဆင့်ဟာ ပြည်သူတွေကို ကိုယ်စားပြုပြီးတော့ ပြည်သူ့အကျိုးကို လုပ်ဖို့ မဖြစ်နိုင်ဘူး။ ဒါကြောင့် ကျနော်တို့ လွှတ်တော်ကိုယ်စားပြု ကော်မတီကပဲ လွှတ်တော်အဆင့်ဆင့်မှာ ပြုလုပ်လာတဲ့ ဥပဒေတွေ၊ ဆွေးနွေးချက်တွေကို ဝေဖန်သွားမယ်။ အခုလည်းပဲ ဒီ ဥပဒေနှစ်ရပ်ကို CRPP အနေနဲ့ ထောက်ပြဝေဖန် သုံးသပ်ချက်တွေ လုပ်ခဲ့တယ်” ဦးအေးသာအောင်က ဆိုသည်။

ဆွေးနွေးပွဲသို့ NLD အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များဖြစ်သည့် ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးညွန့်ဝေ၊ ဦးစိုးဝင်း၊ CRPP ဘက်မှ အတွင်းရေးမှူး ဦးအေးသာအောင်၊ ဦးပူကျင့်ရှင်းထန်၊ ဦးထောင်ကိုထန်း၊ ဦးနိုင်ထွန်းသိန်း စသည့် တိုင်းရင်းသား ခေါင်းဆောင်များ တက်ရောက်ကြသည်။


MIZZIMAသတင်း မှကူးယူဖေါ်ပြပါသည်။


Untitled-11[1]

Myanmar Government Gazette (ဘဏ္ဍာရေး)

copy from ဒီမိုဝေယံ

No comments: