Saturday, June 19, 2010
ဒေါ်စု မွေးနေ့တွင် NLD က ပညာသင်စရိတ် ထောက်ပံ့
မြင့်မောင် | စနေနေ့၊ ဇွန်လ ၁၉ ရက် ၂၀၁၀ ခုနှစ် ၁၆ နာရီ ၂၅ မိနစ် .
နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၅ နှစ်မြောက်မွေးနေ့ ကျရောက်သည့် ယနေ့တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အမျိုးသမီးအဖွဲ့က ရန်ကုန်တိုင်းရှိ နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင် ကျောင်းသား ၉၄ ဦးအား ပညာသင်စာရိတ် ထောက်ပံ့ခဲ့သည်။
မူလတန်းမှ တက္ကသိုလ်အထိ ကျောင်းသား ၉၄ ဦးအား အင်းစိန်မြို့နယ် ၁ဝ မိုင်ကုန်းရှိ မန္တလေးတိုင်း မိုးကုတ်မြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေနှင်းကြည်၏ နေအိမ်တွင် တဦးလျှင် စာအုပ်တဒါဇင်၊ ခဲတန်တဒါဇင်၊ စာရေးကိရိယာနှင့် ငွေကျပ် တသောင်းစီ ထောက်ပံ့ခဲ့ခြင်း ဖြစ်သည်။
“အမစုရဲ့ မွေးနေ့တိုင်းမှာ နိုင်ငံရေးအကျဉ်းသားတွေရဲ့ သားသမီးတွေအတွက် ပညာရေး ထောက်ပံ့မှု ပေးနေကျပါ။ ဒီနှစ်မှာ မူလတန်းကနေ တက္ကသိုလ်အထိ တက်နေတဲ့ ကျောင်းသား ၉၄ ယောက်ကို ပေးပါတယ်။ အသက် ၆၅ နှစ်ပြည့်လို့ စာကလေး ၆၆ ကောင် လွှတ်ပါတယ်။ အမစုကို ဂုဏ်ပြုတဲ့အနေနဲ့ ကဗျာတွေ ရွတ်ဆိုကြပါတယ်။ အမစုရဲ့ မိန့်ခွန်းကောက်နုတ်ချက်တွေကို အမျိုးသမီးအဖွဲ့ဝင်တွေက ဖတ်ကြားခဲ့တယ်” ဟု NLD ဗဟိုအမျိုးသမီးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်မေ၀င်းမြင့်က မဇ္ဈိမကို ပြောသည်။
သံဃာ ၅ ပါးအား ဆွမ်းကပ်လှူပြီးနောက် သောက်သုံးရေ ရှားပါးနေသည့် ပဲခူးတိုင်း အင်းတကော်မြို့နယ် ငှက်ပျောရွာတွင် လက်လှုပ်တွင်း ၂ တွင်း၊ အလျား ၆ ပေ၊ အမြင့် ၆ ပေ ရှိ ရေလှောင်ကန် ၂ ကန်၊ ကော့ချင်းရွာတွင် လက်လှုပ်တွင်း ၂ တွင်းကို ရေစက်ချ လှူဒါန်းခဲ့ကြသည်။
ယနေ့နံနက် အရုဏ်တက်ချိန်က NLD အမျိုးသမီးအဖွဲ့ဝင်များသည် ရွှေတိဂုံဘုရား အင်္ဂါဒေါင့်တွင် နှင်းဆီပန်းအ၀ါ ၆၅ ပွင့်နှင့် ရေလှူဒါန်းမှုများ ပြုလုပ်ခဲ့ကြသေးသည်။
မွေးနေ့ပွဲကျင်းပရာ အင်းစိန် ၁၀ မိုင်ကုန်း အ၀င်လမ်းမထိပ်၌ ရဲသား ၁၀၀ ကျော် လိုက်ပါလာသည့် ရဲကား ၆ စီး ထားရှိကာ၊ စစ်ဖက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်နှင့် အထူးရဲသတင်းတပ်ဖွဲ့ဝင် ဦးရေ ၆၀ ခန့်ကလည်း ဒေါ်မေနှင်းကြည်၏ နေအိမ်အနီးတွင် စောင့်ကြည့်နေပြီး ဓာတ်ပုံနှင့် ဗီဒီယိုမှတ်တမ်းတင်မှုများရှိကြောင်း NLD လူငယ် ကိုရာဇာက မဇ္ဈိမကို ပြောသည်။
သူက “ဒီနေ့ လုံခြုံရေး အခြေအနေက တော်တော်ကို ဆိုးတယ်။ တချိန်လုံးပဲ ဓာတ်ပုံ၊ ဗီဒီယိုရိုက်ပြီး သတင်းယူနေတဲ့ သူတွေ ရှိတယ်။ တချို့ကျတော့လည်း သတင်းယူတယ်။ အန်တီဒေါ်မေနှင်းကြည် အိမ်နားလေးကို ကပ်ပြီးတော့ သတင်းယူနေတဲ့ သူတွေ ရှိတယ်” ဟု ပြောသည်။
လွန်ခဲ့သည့်နှစ်များတွင် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲ အခမ်းအနားများအား ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းရှိ NLD ရုံးချုပ်တွင် ကျင်းပခဲ့သော်လည်း ယခုနှစ်တွင်မူ နေရာပြောင်းလဲ ကျင်းပလိုက်ခြင်း ဖြစ်သည်။ ယခုနှစ်ကျင်းပမည့် ရွေးကောက်ပွဲအတွက် စစ်အစိုးရက ထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲ ကော်မရှင်ဥပဒေအရ ရက် ၆၀ အတွင်း ပါတီပြန်လည်မှတ်ပုံမတင်လျှင် ပါတီပျက်ပြယ်မည်ဟု ဆိုထားသော်လည်း NLD က ပြန်လည်မှတ်ပုံတင်ခြင်း မရှိခဲ့ပါ။
မန္တလေးတိုင်း NLD အဖွဲ့ဝင်များကမူ တိုင်းစည်း ဦးကိုကိုကြီး၏ နေအိမ်တွင် သံဃာတော် ၁၇ ပါးအား ပင့်ဖိတ်ကာ ဆွမ်းကပ်လှူခြင်း၊ ခတ္တာပန်းပင် ၆၆ ပင်ကို ဘုရားကျောင်းကန်နှင့် ဘုန်းကြီးကျောင်းများတွင် စိုက်ပျိုးရန် ဝေငှခြင်း၊ စာကလေး ၆၆ ကောင် လွှတ်ခြင်း၊ မန္တလေးတိုင်းရှိ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များထဲမှ ပညာသင်ကြားနေသည့် ကျောင်းသား ၁၇ ဦးအား တဦးလျှင် ကျပ် ၂ သောင်းစီ ထောက်ပံ့ခဲ့ကြောင်း မန္တလေး တိုင်းစည်းအဖွဲ့ဝင် ကိုမျိုးနိုင်က မဇ္ဈိမကို ပြောသည်။
ထို့အပြင် မန္တလေးတိုင်းရှိ အရှေ့မြောက်၊ အရှေ့တောင်၊ အနောက်တောင်၊ အရှေ့မြို့သစ်၊ ပြည်ကြီးတံခွန်၊ စဥ့်ကိုင်၊ စဥ့်ကူး၊ ပြင်ဦးလွင်၊ သပိတ်ကျင်း၊ ပုသိမ်ကြီး၊ မိတ္ထီလာ၊ သာစည်၊ ၀မ်းတွင်း၊ မလှိုင်၊ တောင်သာ၊ ကျောက်ပန်းတောင်း၊ ပျော်ဘွယ်၊ ရမည်းသင်း၊ လယ်ဝေး၊ တပ်ကုန်း စသည့် မြို့နယ် ၂၀ တွင် NLD အဖွဲ့ဝင်များက မွေးနေ့ပွဲအတွက် ရည်စူးကာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် မန်ကျည်း၊ မယ်ဇလီ၊ ကုက္ကို၊ တမာ၊ စိန်ပန်း၊ ယူကလစ်၊ ဗာဒံနှင့် သရက်ပင်များ ပါရှိသည့် အပင် ၆၆ ပင်စီ စိုက်ပျိုးခဲ့ကြသည်။
ပြည်သူလူထုကို ပညာပေး စည်းရုံးမှုများပြုလုပ်ပြီး သစ်ပင်များကို ရှင်သန်ဖွံ့ဖြိုးစေရန်နှင့် ထပ်မံစိုက်ပျိုးသွားရန် စီစဉ်ထားကြောင်း သိရသည်။
မိတ္ထီလာမြို့နယ် NLD ကလည်း မိတ္ထီလာထောင်ရှိ နိုင်ငံရေးအကျဉ်းသား ၆ ဦး၊ တောင်ကြီးထောင် (၁၂ ဦး)၊ မန္တလေး အိုးဖိုထောင် (၄ ဦး) အား ကျပ် ၅ ထောင်စီနှင့် ဆိတ်သားနှပ်၊ ပါလချောင်ကြော်၊ သွားတိုက်ဆေး၊ သွားတိုက်တန်၊ ဆပ်ပြာတုံး၊ ဆပ်ပြာမှုန့်၊ ကော်ဖီမစ် အသေး ၁၀ ထုပ်စီ ပေးခဲ့ကြောင်း မိတ္ထီလာ NLD အတွင်းရေးမှူး ဒေါ်မြင့်မြင့်အေးက ပြောသည်။
အပင် ၆၆ ပင် စိုက်ပျိုးမှုကို ယခုလ ၁၂ ရက်နေ့တွင် မကွေးတိုင်း ပခုက္ကူ၊ ကမ္မ၊ မြစ်ခြေ၊ ၁၃ ရက်နေ့တွင် မင်းဘူးနှင့် စကုမြို့နယ်ရှိ ကျေးရွာများ၊ ၁၄ ရက်နေ့တွင် ရန်ကုန်တိုင်း တောင်ဒဂုံ၊ လှိုင်သာယာနှင့် တောင်ဥက္ကလာပ မြို့နယ်များတွင် NLD လူငယ်များက စိုက်ပျိုးခဲ့ကြသေးသည်။
ထို့ပြင် ရန်ကုန်တိုင်း NLD လူငယ်များ၊ ပါတီကို ထောက်ခံသော လူငယ်များ၊ ပဲခူးတိုင်း ပါတီလူငယ်များက ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် သွေးပုလင်း ၆၆ ပုလင်း လှူဒါန်းကြကြောင်းနှင့် မွေးနေ့ဂုဏ်ပြုပွဲ အခမ်းအနားများကို အိန္ဒိယ၊ မလေးရှား၊ ကနေဒါ၊ အမေရိကန်၊ ဗြိတိန်၊ ဂျပန်၊ တောင်ကိုရီးယားနှင့် နယူးဇီလန် နိုင်ငံများ အပါအ၀င် ကမ္ဘာ့နိုင်ငံ အများအပြားတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သည့် နှစ် ၂ဝ အတွင်း ၁၄ နှစ်ထက်မနည်း နေအိမ်အကျယ်ချုပ်ဖြင့် နေထိုင်ခဲ့ရသူဖြစ်ကာ ယခုနှစ် မွေးနေ့ပွဲကိုလည်း ရန်ကုန်မြို့ တက္ကသိုလ်လမ်းမရှိ နေအိမ်၌ပင် ဖြတ်သန်းရမည်ဖြစ်သည်။
..© Copyright 1998 - 2009 Mizzima News. All Rights Reserved.[x] close
Subscribe to:
Post Comments (Atom)
No comments:
Post a Comment