-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Sunday, June 6, 2010

အမေစုစာ၊ အမေစု ကဗျာ (အပိုင်း ၂)....


ဓာတ်ပုံ ကိုလှမျိုး(၂)

ကျမတို့ လွတ်လပ် မှုကို မြှင့်တင်ဖို့ သင်တို့ရဲ့ လွတ်လပ် မှုကို အသုံးချ ကြပါ


ကျမတို့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အရေး ကြိုးပမ်း ဆောင်ရွက် နေသူတွေဟာဖိနှိပ် ချုပ်ချယ် မှုများလွန်းတဲ့ လူ့အဖွဲ့အစည်းမှာ သူ့ကျွန်အဖြစ် အေးအေးဆေးဆေးေ နမယ့်အစား အခြေခံ လူ့အခွင့် အရေး အတွက် ရပ်တည် တိုက်ပွဲ ဝင်ဖို့ကိုယ့်ဘဝ ကိုယ် ရွေးချယ် ကြပါတယ်။ ကျမတို့ရဲ့ တော်လှန်ရေးဟာ တရားမျှတမှုနဲ့ စာနာ နားလည်မှု အပေါ် အရင်းခံတဲ့ ယုံကြည်မှု ရှိမှသာလျှင်ဖြစ်မယ့် အကြမ်း မဖက် လှုပ်ရှားမှု တရပ်သာ ဖြစ်ပါတယ်။


လူဆိုတာ မိမိကောင်းစားရေးကိုသာ အဓိကထားတဲ့ စီးပွားရေး အကျိုးအမြတ်ကိုသာ ရှေးရှုတတ်သူ သတ္တဝါသာ ဖြစ်တယ်လို့ တချို့က ဆိုကောင်း ဆိုပါလိမ့်မယ်။ ဒါပေမယ့် မိမိယုံကြည်ချက်နဲ့ စိတ်ဓာတ်ခွန်အားတွေကို စွဲကိုင်ပြီး ပြင်းထန်လှတဲ့ အပြစ်ပေးအရေးယူမှုတွေကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ဖို့ပြင်ဆင်ထားတဲ့ အမျိုးသား၊ အမျိုးသမီးတွေလည်း ဒုနဲ့ဒေး ရှိသေးတယ်ဆိုတာကို ကြည့်ရင် အဲဒီအဆိုဟာ သေးသိမ် ကျဉ်းမြောင်းလှတယ်ဆိုတာ သိပါလိမ့်မယ်။ ဒီလိုအမျိုးကောင်း သမီး၊ အမျိုးကောင်းသားတွေ ကျမတို့နိုင်ငံမှာ မြောက်များစွာ ရှိနေသေးတာကြောင့် ကျမလွန်စွာ အားတက်မိပါတယ်။

မြန်မာနိုင်ငံမှာ ကျောင်းသား၊ ကျောင်းသူတွေရဲ့ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားမှုတွေကြောင့် တော်လှန်ပြောင်း လဲမှုတွေ ပေါ်ပေါက်လာတတ်တဲ့ နိုင်ငံရေးယဉ်ကျေးမှု တရပ်ရှိတယ်လို့ အများက လက်ခံထားကြပါတယ်။ ရန်ကုန်တက္ကသိုလ်ကနေ သူတို့ရဲ့ နိုင်ငံရေးဘဝကို အစပြုခဲ့တဲ့ ကျမအဖေ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် ငယ်ရွယ်နုနယ်တဲ့ ခေါင်းဆောင်များကြောင့် ကျမတို့နိုင်ငံရဲ့ လွတ်လပ်ရေး ကြိုးပမ်း လှုပ်ရှားမှုဟာ အောင်ပွဲခံခဲ့ရပါတယ်။

ဒီလို ထူးထူးခြားခြား ရဲရင့်တက်ကြွတဲ့ ဆန့်ကျင် အာခံလိုစိတ်တွေနဲ့ သြဇာတိက္ကမ ကြီးမားလှတဲ့ အတိုက်အခံ အဖွဲ့အစည်းမျိုးကို ဘယ်လို အာဏာရှင်အစိုးရမဆို ပစ်မှတ်ထားချေမှုန်းမှာ အသေအချာပါဘဲ။ ၁၉၆၂ ခုနှစ်ကတည်း က အာဏာရလာတဲ့ မြန်မာစစ်အစိုးရကတော့ အာဏာရပြီးသိတ်မကြာခင်ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦးကို ဖျက်ဆီးခဲ့တဲ့အပြင်ကျောင်းသားတွေ အသင်းအပင်း ဖွဲ့စည်းခွင့်ကိုပါ တရားမ၀င်ကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။



၁၉၈၈ ခုနှစ်မှာတော့ အရပ်သားအရေခြုံထားတဲ့ စစ်အစိုးရတပိုင်းမြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့  အုပ်ချုပ်မှု ကို မြန်မာပြည်သူတွေ ဆန့်ကျင်အာခံ ခဲ့ပါတော့တယ်။ တတိုင်းတပြည်လုံးမှာ ဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေကို ထိပ်ဆုံးကနေ ဦးဆောင်နေတဲ့ သူတွေကတော့ ကျောင်းသား ကျောင်းသူတွေဖြစ်ပြီး သူတို့ရဲ့ အဓိကတောင်းဆိုချက် တွေထဲက တခုကတော့ ကျောင်းသားသမဂ္ဂ ဖွဲ့စည်းခွင့်ဘဲ ဖြစ်ပါတယ်။


ဒီအတွက် စစ်အာဏာရှင်တွေတုံ့ပြန်လိုက်တဲ့ အဖြေကတော့ သူတို့ကိုပစ်သတ်လိုက်ကြတာပါဘဲ။ ရှစ်နှစ်ကျော် ကြာလာတဲ့အထိ မြန်မာပြည်ကကျောင်းသားကျောင်းသူတွေဟာ မိမိတို့ အကျိုးဖြည့်ဆီးပေးပြီး မိမိတို့ အမှန်တကယ် လိုချင်တောင့်တလှတဲ့ ကျောင်းသားအဖွဲ့အစည်းမျိုးကိုမတည်ထောင်နိုင်သေးပါဘူး။



အခု သိပ်မကြာလှသေးတဲ့ ဒီဇင်ဘာလကတောင်မှ ကျောင်းသားသမဂ္ဂ ဖွဲ့စည်းရေးကို တောင်းဆိုတဲ့ ကျောင်းသား ဆန္ဒပြပွဲတရပ် ပေါ်ပေါက်ခဲ့ပြီး အဲဒီဆန္ဒပြပွဲတောင်းဆိုချက်တွေ လျစ်လျူရှု ခံခဲ့ရပါတယ်။
အဲဒီဆန္ဒပြပွဲမှာ ပါဝင်သူတွေ ကို အင်အားသုံးဖြိုခွဲခဲ့ပြီး ကျမရဲ့ပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လူငယ်ပါတီဝင်တွေကို အဆိုပါဆန္ဒပြပွဲ စီစဉ်ရာမှာ ပါဝင်တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းခဲ့ပါတယ်။ ကျမကိုလည်း ကျောင်းသားတွေနဲ့  တွေ့ဆုံဆွေးနွေးခဲ့တယ် ဆိုပြီး စွပ်စွဲခဲ့ပါသေးတယ်။


နိုင်ငံရေးသမားတွေနဲ့ ကျောင်းသားတွေ တွေဆုံဆွေးနွေးတာဟာ အစိုးရကိုပုန်ကန်ခြားနားတယ်လို့ အမှန် တကယ်သာ ယူဆနေမယ်ဆိုယင် ကျမတို့နိုင်ငံမှာ ဝမ်းနည်းစိတ်မကောင်းစရာတွေ ထပ်ပြီး ပေါ်ပေါက်လာတော့မှာ ဖြစ် ပါတယ်။ ကျမပါတီဟာ ကျောင်းသားတွေရဲ့မျှော်မှန်းချ က်တွေကို စာနာထောက်ခံကြောင်းဘယ်တုံးကမှာ လျှို့ဝှက် မထားခဲ့ပါဘူး။ ကျမတို့ဟာမတူညီတဲ့မျိုးဆက်တွေအကြား နီးစပ်အောင် ကြိုးပမ်းနေပြီးဒီလိုကြိုးပမ်းခြင်းအားဖြင့် ကျမတို့ရဲ့ ရည်ရွယ်ချက်တွေနဲ့ အားထုတ်မှုတွေဆက်လက် ရှင်သန်တည်တန့်ပြီး ကျမတို့တိုင်းပြည်ရဲ့ အသွေးအသားထဲ ပေါင်းစည်းယှက်နွယ် သွားအောင် ဖြစ်ပါတယ်။

ကျမတို့ဟာ ကိုယ့်ထက် အဆမတန်သာလွန်တဲ့ အင်အား တွေကို အံတုယင်း၊ စစ်အာဏာနဲ့အစိုးရဗျူရိုကရက် ယန္တရား ပေါင်းစည်းထားတဲ့အားကို ဆန့်ကျင်အာခံယင်း တခါတလေမှာ သံသယတွေ ဝင်လာတတ်ပါတယ်။ ဘယ်လို သံသယမျိုးလဲဆိုတော့ လက်ရှိအမိန့်အာဏာတွေဟာ အမြဲတမ်းမပျက်မသုဉ်း တည်ရှိမယ့်အရာတွေဘဲလို့ ယုံကြည် နေသူတွေရဲ့ သံသယတွေပါဘဲ။ လက်ရှိအခြေအနေကိုဘဲ လက်ခံလိုက်တာဟာ အသင့်လျှော်ဆုံးဖြစ်မယ်လို့ နားလည်ယုံကြည်ထားသူတွေ အများကြီးရှိနေတာ အံ့သြစရာပါဘဲ။

ကျမတို့ဟာ ပြောင်းလဲဖို့လိုတဲ့ကိစ္စတွေကို ပြောင်းလဲဖို့စွမ်းအားအပေါ် ယုံကြည်မှုရှိပေမဲ့ အာဏာရှင်စနစ်ကနေ လစ်ဘရယ်ဒီမိုကရေစီကို ကူးပြောင်းဖို့သွားတဲ့ ခရီးလမ်းဟာ လွယ်လိမ့်မယ်၊ ဒါမှမဟုတ် ဒီမိုကရေစီအစိုးရလက်ထက် မှာ ကျမတို့ရဲ့ပြဿနာတွေအားလုံး ပြေပျောက်သွားလိမ့်မယ်လို့ ဘယ်တုန်းကမှ ထင်ယောင်မှားခဲ့တာမျိုး မရှိပါဘူး။ ရှေ့မှာ ကျမတို့အတွက် ကြီးမားလှတဲ့စိန်ခေါ်မှုတွေ စောင့်နေတယ်ဆိုတာ ကျမတို့သိသလို တည်ငြိမ်တဲ့ ဒီမိုကရေစီ လူ့အဖွဲ့အစည်းတရပ် တည်ထောင်ဖို့ အတွက် ကျမတို့ရဲ့လှုပ်ရှားရုန်းကန်မှုဟာ ကျမတို့ရဲ့ ဘဝသက်တမ်းမက ကြာမြင့်ကောင်း ကြာမြင့်လိမ့်မယ်ဆိုတာ ကြိုတင် မှန်းဆ ထားပါတယ်။

ဒါပေမဲ့ ဒီလို လှုပ်ရှားရုန်းကန်ရာမှာ ကျမတို့ဟာ အထီးကျန်မဟုတ်ဘူးဆိုတာ နားလည်ပါတယ်။ လွတ်လပ်မှုနဲ့ တရားမျှတမှု ရှာဖွေရာမှာ ကျမတို့ကိုဂရုဏာသက်သူတွေ ကမ္ဘာနဲ့အဝှန်း ရှိနေပါတယ်။ လူမျိုး၊ ဘာသာ၊ အသား
အရောင်မရွေး နေရာတိုင်းက ခံစားတွေးတောတတ်တဲ့ လူသားတွေအနေနဲ့ အဓိပ္ပာယ်ရှိတ့ဲဖြစ်တည်မှုကို လိုလား တောင့်တတာဟာ ရုပ်ဝတ္ထုပစ္စည်း တပ်မက်မှု သက်သက် ထက် အဆပေါင်းများစွာ သာလွန်ပါတယ်။ နိုင်ငံရေးအခွင့် အရေးတွေ အပြည့်အဝရှိတဲ့လူ့အဖွဲ့အစည်းမှာ နေထိုင်ခွင့်ရနေတဲ့ ကံကောင်းလှသူတွေ အနေနဲ့ ဆင်းရဲဒုက္ခတွေ ပြည့်နှက်နေတဲ့ ကျမတို့ကမ္ဘာကြီးရဲ့ အခြားနေရာတွေက ကံမကောင်း အကြောင်းမလှ သူတွေကိုကူညီဖို့ အင်မတန် လိုအပ်လှပါတယ်။

ကျမတို့လှုပ်ရှားရုန်းကန်မှုရဲ့ တစိတ်တပိုင်းကတော့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ကျမတို့ ဆင်းရဲမွဲတေနေ ရတာဟာ လုံလောက်တဲ့ရင်းမြစ်နဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ရှားပါးလွန်းလို့ မဟုတ်ဘဲ အုပ်ချုပ်မှုကောင်းကောင်း ပေါ်ထွန်းစေတဲ့ အခြေခံ အဆောက်အအုံတွေနဲ့ အလေ့အကျင့်တွေ နည်းပါးလွန်း လို့သာဖြစ်တယ်.. ဆိုတာကို သိမြင် နားလည် စေခြင်းပါဘဲ။

ဖိနှိပ်လွန်းတဲ့ အစိုးရတွေနဲ့ ဆက်ဆံဖို့ နောက်တွန့် စိုးရွံ့ခြင်းမရှိတဲ့ နိုင်ငံစုံ စီးပွားရေးလုပ်ငန်းကြီးတွေ အများအပြား ရှိနေပါတယ်။ သူတို့အနေနဲ့ မြန်မာ့စီးပွားရေးမှာ ပါဝင်ပတ်သက်ဖို့ လာရောက်ရတာဟာ ဒီမိုကရေစီလုပ်ငန်းစဉ်ကို အကူအညီ ဖြစ်စေဖို့သာ ဖြစ်တယ်လို့ အကြောင်း ပြလေ့ ရှိပါတယ်။ ဒါပေမဲ့ နိုင်ငံရေးအာဏာနဲ့ စီးပွားရေးကို လက်ဝါးကြီးအုပ်၊ ချမ်းသာပြီးသားလူတစုကိုသာ ပိုမိုချမ်းသာစေတဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ ဒီမိုကရေစီစနစ်အတွက် အခြေခံအုတ်မြစ်တွေဖြစ်တဲ့ လွတ်လပ်မှုနဲ့ တရားမျှတမှုကို ဖော် ဆောင်ပေးနိုင်မှာ မဟုတ်ပါဘူး။

ဒါကြောင့် အတွေးအခေါ်လွတ်လပ်မှုနဲ့ လူသားဆန်တဲ့စိတ်ကူးစံတွေကို မြှင့်တင်ပေးနိုင်မယ့် စွမ်းအားဖြန့်ကျက်ဖို့ စိတ်ဝင်စားသူ ဘယ်သူမဆို မြန်မာစစ်အစိုးရ နဲ့ စီးပွားရေး လုပ်ဆောင်နေတဲ့ ကုမ္ပဏီ တွေကို ပြတ်ပြတ် သားသား ဆန့်ကျင် ရပ်တည် သွားပါလို့ တိုက်တွန်း ချင်ပါတယ်။ ကျေးဇူးပြု၍ ကျမတို့ရဲ့လွတ်လပ်မှုကို မြှင့်တင်ဖို့ ရှင်တို့ ရဲ့လွတ်လပ်မှုကို အသုံးချပေးပါလို့ တောင်းပန်ပါရစေ။

(ဝါရှင်တန်မြို့တော် အမေရိကန်တက္ကသိုလ် ဂုဏ်ထူးဆောင်ပါရဂူဘွဲ့လက်ခံမိန့် ခွန်းကို အခြေခံသည့် New York Times နှင့် International Herald Tribune သတင်းစာဆောင်းပါး၊ ဖေဖော်ဝါရီ ၄ ရက် ၁၉၉၇)


ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့မင်္ဂလာ အတွက် ဘလော့ခ်ဂါ ဒီမိုဝေယံ၊ ဘလော့ခ်ဂါ အလင်းဆက် နှင့် ဘလော့ခ်ဂါ ခမိခဆဲ တို့မှစီစဉ်ပါသည်။

www.demowaiyan.co.cc
http://alinsek.blogspot.com
http://kamikaze-2010.blogspot.com

သတင်း-ဒီမိုဝေယံ

No comments: