-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Saturday, June 19, 2010

နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်၏ (၆၅) နှစ်ပြည့် မွေးနေ့ပွဲ စည်ကား


နေအိမ်အကျယ်ချုပ် ကျခံနေရသည့် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ယနေ့ကျရောက်သည့် (၆၅) နှစ်မြောက်မွေးနေ့ပွဲ အခမ်းအနားကို ရန်ကုန်မြို့တော်တွင် ကျင်းပသည်။

အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (စီအာပီပီ) အဖွဲ့ဝင်များ၊ ၀ါရင့်နိုင်ငံရေးသမားကြီးများ အပါအ၀င် အကျဉ်းကျ နိုင်ငံရေးသမားများ၏ မိသားစုများ တက်ရောက်ကြသည်။

မရမ်းကုန်းမြို့နယ်ရှိ အန်အယ်လ်ဒီ မိုးကုတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၏နေအိမ်တွင် ယနေ့ နံနက် (၄) နာရီ၌ ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့အလှူအဖြစ် သံဃာတော်များအား အရုဏ်ဆွမ်းကပ်လှုပြီး နေ့လယ်ပိုင်းတွင် စာကလေး (၆၅) ကောင် လွှတ်ခြင်း၊ ဖယောင်းတိုင် ထွန်းညှိဆုတောင်းခြင်းများ ပြုလုပ်ကြသည်။

“မွေးနေ့မှာ လူငယ်တွေက အန်တီရဲ့ မိန့်ခွန်းတွေကို ရွတ်ဖတ်ကြတာပါတယ်။ နောက် ကဗျာရွတ်တာပါတယ်။ ကဗျာဆရာတွေက ကဗျာရွတ်တယ်။ အဘ ဦးဝင်းတင် ဦးဆောင်ပြီးတော့ပေါ့နော်။ အဘက အန်တီ လွတ်မြောက်ပါစေ ဆိုပြီးတော့ အဲဒါလေးကို အားလုံးက ဖယောင်းတိုင်လေးတွေ ကိုင်တယ်၊ နောက် နှင်းဆီပန်း အ၀ါလေးတွေ ကိုင်တယ်၊ အားလုံး ဆုတောင်းကြတယ်” ဟု အန်အယ်လ်ဒီ ဗဟိုဦးစီးကော်မတီဝင် ဒေါ်ဖြူဖြူသင်းက ပြောကြားသည်။

နိုင်ငံရေးအကျဉ်းသားမိသားစုများ၏ သားသမီးများကို ပညာသင်ထောက်ပံ့ကြေးများလည်း မွေးနေ့အလှူအဖြစ် ပေးအပ်ကြောင်း အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာ ဒေါ်မေ၀င်းမြင့်က ပြောကြားသည်။

“ဒေါ်စုနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ပါစေလို့ ဆုတောင်းချင်ပါတယ်” ဟု ဒေါက်တာ ဒေါ်မေ၀င်းမြင့်က မွေးနေ့ ဆုတောင်းအဖြစ် ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အဖွဲ့ဝင် လူငယ်တဦးက ဒေါ်အောင်ဆန်းစုကြည်အား ၎င်းတို့အနေဖြင့် အဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူးအဖြစ်သာမက လူထုခေါင်းဆောင်၊ ဒီမိုကရေစီခေါင်းဆောင်၊ လူငယ်တို့၏ ခေါင်းဆောင်တယောက်အဖြစ် လေးစားသည့်အပြင် မိခင်တယောက်ကဲ့သို့ ချစ်ခင်ကြကြောင်း ပြောဆိုသည်။

“အန်တီကို ခေါင်းဆောင်ဆိုတာထက် မိခင်တယောက်လို ခံစားမိပါတယ်။ ဘာကြောင့်လည်းဆိုတော့ မိခင်တယောက်က သားသမီးများအတွက် ဘ၀ကိုစွန့်လွှတ်တဲ့သူပါ။ အန်တီဟာလည်း တိုင်းပြည်အပေါ် ပြည်သူတွေအပေါ်မှာ စွန့်လွှတ်အနစ်နာခံခဲ့တာ အနှစ် (၂၀) ကျော် သက်သေပါပဲ” ဟု အန်အယ်လ်ဒီ မင်္ဂလာဒုံမြို့နယ် လူငယ်တာဝန်ခံ မခင်မြတ်သူက ပြောကြားသည်။

၎င်းက “အမေ့အတွက် စကားလက်ဆောင်လေးပြောချင်ပါတယ်။ အမေပြန်ရောက်လာမယ့်နေ့ကို သမီးတို့တွေ စောင့်စားရင်းနဲ့ အမေရဲ့ လမ်းညွှန်ချက်တွေအတိုင်း အလုပ်လုပ်နေပါတယ်။ လုပ်ဆောင်ချက်တွေကို ကျန်းကျန်းမာမာနဲ့မကြာခင်မှာ ပြန်ရောက်လာမယ်ဆိုတာကိုယုံကြည်နေပါတယ်လို့၊ နောက်ပြီး အမေရေ.... အမေ့နောက်မှာ သမီးတို့တတွေ အမြဲရှိနေမယ်လို့ ပြောချင်ပါတယ်” ဟု ဆိုသည်။

ယနေ့ကျရောက်သည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် (၆၅) နှစ် မြောက်မွေးနေ့ပွဲကို မွေးနေ့ရှင် မတက်ရောက်နိုင်သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များက မြန်မာတနိုင်ငံလုံးနှင့် သူမကို ချစ်ခင်လေးစားသူများက ကမ္ဘာတလွှားရှိ နိုင်ငံအသီးသီးတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပကြသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့တွင် ရန်ကုန်မြို့ အဓိကနေရာများဖြစ်သည့် ကမ္ဘာအေးဘုရားလမ်း၊ တက္ကသိုလ်ရိပ်သာလမ်း၊ အင်းစိန်လမ်းမ၊ ပြည်လမ်းမနှင့် မြို့တွင်း ဆူးလေဘုရားဝန်းကျင်တွင် လုံခြုံရေးများ တင်းကျပ်ထားသည်။

မျက်မြင်တဦးက “မြို့တော်ခန်းမရှေ့မှာ လုံထိန်းကား (၅) စီးလောက် ရှိတယ်ဗျာ။ ပြီးတော့ တက္ကသိုလ်ရိပ်သာ လမ်းမှာတော့ အများကြီးပဲ။ အစီး (၂၀) လောက် ရှိတယ်။ ကျန်တဲ့နေရာတွေမှာတော့ (၂) စီးစီ စောင့်နေတာ တွေ့ရတယ်” ဟု ပြောသည်။

တက္ကသိုလ်ရိပ်သာလမ်းတွင် ကွပ်ကဲရေးကားများလည်း ပါဝင်ကြောင်း၊ ဒေါ်စုနေအိမ်နှင့် အမေရိကန်သံရုံးရှေ့တို့တွင်လည်း လုံ ခြုံရေး တာဝန်ကျရဲများကို နေရာအနှံ့ထားရှိကြောင်း ရန်ကုန်မြို့ခံတို့က ပြောသည်။

ရွှေတိဂုံဘုရားတွင်လည်း ယနေ့ နံနက် လုံခြုံရေးချထားကြောင်း ရန်ကုန်မှလာသော သတင်းများအရ သိရသည်။

::: Copyright © 1992-2010 The New Era Journal

No comments: