-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Monday, November 30, 2009

သမိုင်းပါမောက္ခဟောင်း ဒေါက်တာသန်းထွန်းနှင့် တွေ့ဆုံဆွေးနွေးခြင်း





ကျင့်ဝတ်များအကြောင်း
(သမိုင်းပါမောက္ခဟောင်း ဒေါက်တာသန်းထွန်းနှင့် တွေ့ဆုံဆွေးနွေးခြင်း)



“ချမ်းသာချင်ရင် ဓားပြတိုက် ဆိုတာမျိုးကို ကျနော် မလုပ်ရဲဘူး။ ကိုယ့်လုပ်ငန်းကလည်း မတရားလုပ်ဖို့ မရှိဘူး။ ချက်ချင်း မအောင်မြင်ပေမယ့် ဖြေးဖြေးတော့ အောင်မြင်မှာပဲဆိုတဲ့ အသိနဲ့ မအောင်မချင်း ဆက်လုပ်ပါတယ်။ ဘယ်သူ ဘာပြောပြော၊ ဘယ်သူကပဲ တားတား လုပ်မယ်လို့ ဆုံးဖြတ်ပြီးရင် ဆက်လုပ်တယ်။ အရေးကြီးဆုံး ခေါင်းတည်စဉ်းစားတာကတော့ ကိုယ့်အတွက် သူများမှာ အနှောက်အယှက် မဖြစ်ဖို့ပါဘဲ။”


မေး ။ ။ လူငယ်နဲ့ စိတ်ကျန်းမာရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ပြောမယ် ဆိုတော့ စိတ်ကျန်းမာရေးဆိုတာ စိတ်ထား ဖြူစင်ဖြောင့်မတ်တာ၊ ကိုယ်ကျင့်သိက္ခာတရားတို့ကို စောင့်ထိန်းတာတို့အပေါ်မှာ တည်တယ် လို့ သဘောရပါတယ်။ ကိုယ်ကျင့်သိက္ခာမရှိရင် စိတ်ဒေါင်ဒေါင်မြည် ကျန်းမာဖို့ မဖြစ်နိုင်ပါဘူးလို့ ထင်ပါတယ်။ ဒါကြောင့် ပထမဆုံး အဲဒီ ကိုယ့်ကျင့်သိက္ခာနဲ့ ကျင့်ဝတ်သီလတို့ အကြောင်းကစပြီး ပြောချင်ပါ တယ်။ လူမှုရေးကျင့်ဝတ်တွေနဲ့ ပတ်သက်လို့ ဆရာ့သဘောထားကို ပြောပြပါဦး။

ဖြေ ။ ။ လူတစ်ယောက်အနေနဲ့ အရေးကြီးဆုံး ကျင့်ဝတ်က ကိုယ့် အတွက် သူများအနှောက်အယှက် မဖြစ်စေနဲ့ဆိုတာပဲ။ ကျင့်ဝတ်နဲ့ ပတ်သက်ပြီးတော့ ခုတလော ခဏခဏ တွေ့ရတယ်။ နေ့စဉ်သတင်းစာ ဆိုရင်လည်း လောကနီတိတို့ ဘာတို့ပေါ့။ အများလိုက်နာသင့်တဲ့ ကျင့်ဝတ်ပေါ့။ ကျနော်လိုက်နာတဲ့ ကျင့်ဝတ်ကတော့ ခုနက ပြောတဲ့အတိုင်း ကိုယ့်အတွက် သူများမှာ အနှောက်အယှက် မဖြစ်စေနဲ့ ဆိုတာပါပဲ။ အဲဒါကိုတော့ ကျနော် တစ်သက်လုံး လိုက်နာပါတယ်။ ငယ်ငယ်ကတည်းကပါပဲ။ အိမ်ထောင်ရေးမှာလည်း ဒီအတိုင်းပဲ။ ကျနော့်မယားရှိတယ်။ သားသမီးတွေရှိတယ်။ ကျနော့်အတွက် စပယ်ရှယ် ဟိုဟာ ဒီဟာ လုပ်ပေးတာမျိုး၊ ကျနော့်ကို ကြောက်လို့ ဟိုဟာ ဒီဟာ မလုပ်ဘဲ နေရတယ်ဆိုတာမျိုး မရှိစေရဘူး။ အချုပ်ကတော့ ဒါပါပဲ။ ကြီးကြီးငယ်ငယ် ကိုယ်နဲ့ အတူနေတဲ့သူတွေကို စိတ်ဆင်းရဲအောင် လုပ်ရင် ကိုယ်လည်းပဲ စိတ်ဆင်းရဲရမှာပဲ။

မေး ။ ။ ဘာသာရေး အဆုံးအမကလာတဲ့ ကျင့်ဝတ်တွေကရော။

ဖြေ ။ ။ ဘာသာရေးဆိုင်ရာ ကျင့်ဝတ်တွေ အများကြီးရှိတယ်။ အဲဒီကျင့်ဝတ်တွေ အများကြီးကလည်း (ဘာမှ မကြာသေးဘူး။ ကျနော် ၀ိနည်းတွေ ပြန်ဖတ်တယ်) ဒါမလုပ်နဲ့၊ ဟိုဟာ မလုပ်နဲ့ဆိုတဲ့ ဘုန်းကြီးကျင့်ဝတ်တွေ မဟုတ်လား။ အဲဒီမှာ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံခါနီးတော့ ဒီဟာမလုပ်နဲ့ ဟိုဟာမလုပ်နဲ့လို့ ထားခဲ့တဲ့ တချို့ ကိစ္စကို မလိုက်နာချင်ရင်လည်းရတယ်။ ပြင်ချင်ရင်လည်း ပြင်လို့ခွင့်ပြုတယ်။ ဒါပေမယ့် ထေရ၀ါဒကတော့ သူတို့ ဘာမှမပြင်ဘူး။ ဘုရားဟောတဲ့အတိုင်းပဲ သူတို့ ဆက်လုပ်တယ်ပေါ့။

အဲဒီမှာလည်းပဲ ကျနော်သတိထားမိတာက စည်းကမ်းဆိုတာ ရှိနိုင်လေ ကောင်းလေလို့ သဘောထားတဲ့ သူလည်း ရှိတယ်။ တချို့ကတော့ အမှုကိစ္စ ဆောင်ရွက်တဲ့အခါ အောင်မြင်ဖို့ အရေးကြီးတယ်။ အစဉ်အလာက ဘာတွေပဲပြောပြော လက်တွေ့နဲ့ ညှိနှိုင်းပြီး လိုတိုးပိုလျှော့ လုပ်ရလိမ့်မယ်။ စည်းကမ်း ရှိပေမယ့် မလုပ်ဘဲ နေချင်နေမယ်ဆိုတာပေါ့။

အဲဒီနှစ်မျိုးမှာ ကျနော့်အယူအဆကတော့ ကြားအယူအဆလို့ ပြောချင်ပြောပေါ့လေ။ ချမ်းသာချင်ရင် ဓားပြတိုက် ဆိုတာမျိုးကို ကျနော် မလုပ်ရဲဘူး။ ကိုယ့်လုပ်ငန်းကလည်း မတရားလုပ်ဖို့ မရှိဘူး။ ချက်ချင်း မအောင်မြင်ပေမယ့် ဖြေးဖြေးတော့ အောင်မြင်မှာပဲဆိုတဲ့ အသိနဲ့ မအောင်မချင်း ဆက်လုပ်ပါတယ်။ ဘယ်သူ ဘာပြောပြော၊ ဘယ်သူကပဲ တားတား လုပ်မယ်လို့ ဆုံးဖြတ်ပြီးရင် ဆက်လုပ်တယ်။ အရေးကြီးဆုံး ခေါင်း တည်စဉ်းစားတာကတော့ ကိုယ့်အတွက် သူများမှာ အနှောက်အယှက် မဖြစ်ဖို့ပါဘဲ။ အဲဒီအတိုင်းပဲ ကျနော် လုပ်ပါတယ်။

မေး ။ ။ လူငယ်တွေ၊ မျိုးဆက်သစ် လူငယ်တွေနဲ့ ကျင့်ဝတ်အကြောင်းကို ပြောပါဦးဆရာ။

ဖြေ ။ ။ လူငယ်တွေကို ကျနော်တွေ့နေရတယ်ဗျ။ ကျောင်းသားကို ကျနော်ဆုံးမရတယ်။ ကျနော်က ဆရာကိုး။ ကျနော့်ထက် ငယ်ကြသူတွေပေါ့။ ပြီးတော့ သားတို့ သမီးတို့ အခုဆို မြေးပါရနေပြီဆိုတော့ မြေးကို ဆုံးမရတယ်ပေါ့။ အဲဒီမှာလည်း ဘာတွေ့လဲဆိုတော့ စည်းကမ်း နည်းလမ်းဆိုတာ သုံးမျိုးလောက် တွေ့ရတယ်။ သူတို့နဲ့ ကျနော်နဲ့ အသက်ချင်းမတူဘူး။ နောက် အတွေ့အကြုံချင်း မတူဘူး။ နောက်တစ်ခါ ပတ်ဝန်းကျင်ချင်း မတူဘူး။ ဒီတော့ သူတို့ကို ဆက်ဆံတဲ့အခါ အသက်ချင်း ညှိရတယ်။ သူတို့ပတ်ဝန်းကျင်နဲ့ ကျနော် ဖြတ်သန်းလာတဲ့ ပတ်ဝန်းကျင်က မတူဘူးလေ။ ဒီတော့ သူတို့ကို ဆုံးမတဲ့အခါ သူတို့ရဲ့ အသက်ကို ကျနော်စဉ်းစားတယ်။ သူ့သူငယ်ချင်းတွေ ဘာတွေပေါ့။ နောက် သူ့ရဲ့ ခေတ်အခြေအနေကိုလည်း စဉ်းစား တယ်။ ဒါတွေကိုကြည့်ပြီး ပြောသင့်မှပြောတယ်။ သူ့အခြေအနေနဲ့ လိုက်နာနိုင်မယ်မထင်ရင် ပြောမနေတော့ ဘူး။ ဒါ လက်တွေ့ကို ပြောတာ။ အစဉ်အလာကို သိပ်ပြီး နံပါတ်တစ် မထားဘူး။ ဂေါတမ မြတ်စွာဘုရား ပြောတာလည်း ဒီအတိုင်းပဲ။ ၀ိနည်းတော်မှာ ထိပ်ဆုံးက ဘာတွေ့လဲဆိုတော့ ကြိုကြိုတင်တင် ငါဘာမှ မပြောဘူး။ မဟုတ်တာလုပ်လို့ ပြဿနာပေါ်ရင်တော့ မင်းတို့ နောက်မလုပ်နဲ့ ဆိုတာမျိုး ပြောတယ်။

တချို့ဟာတွေဆိုရင် ခေတ်အခြေအနေနဲ့ ပြောင်းပေးရတာတွေ ရှိပါတယ်။ ထေရ၀ါဒမှာ ဘာမှမပြောင်းဘူး။ ဘုရားပြောတဲ့အတိုင်းပဲ ဆိုတာတောင် ဥပမာပြောရရင် ဘုန်းကြီးတွေ ပိုက်ဆံမကိုင်ရဘူး ဆိုတာမျိုး၊ နောက်တစ်ခုက တားမြစ်တာတွေများရင် ဒါမလုပ်နဲ့၊ ဟိုဟာမလုပ်နဲ့ သိပ်များရင် လိုက်နာတဲ့သူ ဟုံသွားမယ်။

ဒီတော့ အရေးကြီးဆုံးကိုပဲ ပြန်ကောက်ရရင် ကျနော့်ရဲ့ ကျင့်ဝတ်ပေါ့လေ။ ကိုယ့်အတွက် သူများ စိတ်မဆင်း ရဲစေရဘူး။

မြေးတွေ၊ သားတွေ၊ တပည့်တွေနဲ့ ပတ်သက်လို့ကတော့ ခုနကပြောတဲ့ သုံးဘက်သုံးတန်ညှိပြီး ကြည့်ပြီး ပြောပါတယ်။ ဒါတော့ မှားတာပေါ့ ဆိုတာမျိုးပေါ့။ တတ်နိုင်ရင်တော့ သိပ်ကျဉ်းကျပ်တဲ့ဘက်က ကျနော် ဘယ်တော့မှ မနေပါဘူး။ အဲဒါကြောင့်လည်း ငါပြောလည်း မထူးပါဘူးဆိုရင် ပြောမနေတော့ဘူး။ မပြောဘဲ နေလိုက်တာပဲ။ နောက်တစ်ခု ကျနော်သတိထားတာက “ကဲ မင်း အောင်မြင်ပါစေ၊ ကျန်းမာပါစေ” အဲဒါမျိုးပေါ့ လေ။ ဒါမျိုးပြောတာလည်း ကျနော်က အပိုစကားပဲလို့ ထင်တယ်။

တကယ့်ဘ၀မှာ လက်တွေ့လုပ်လာတဲ့ အခါကျတော့ ကိုယ့်ဟာကိုယ် ကြိုးစားမှ အောင်မြင်တာပဲ။ ခင်ဗျားက ကျနော့်ကို လက်ဆောင်လာပေးတယ်။ ကျနော်က ခင်ဗျား အောင်မြင်ပါစေလို့ ဆုတောင်းလိုက်တယ်။ ခင်ဗျားက ကျနော့် လာကန်တော့တော့ ကျနော်က ခင်ဗျား ကျန်းမာပါစေလို့၊ ခင်ဗျား နိဗ္ဗာန်ရောက်ပါစေလို့ ဆုပေးလိုက်တယ်။ ကျနော်က အဲဒါမျိုး ဆုပေးတာကို သဘောမကျဘူး။ ကိုယ်လုပ်မှ ကိုယ်ရတာပဲလို့ ကျ နော်က သဘောရတယ်။


“ကိုယ်လုပ်စရာရှိတာ လုပ်နေရင်၊ အဲဒီအထဲမှာ စိတ်နှစ်မြှုပ်ထားရင် မကောင်းတဲ့စိတ်တွေ တစ်ခုမှ မလာဘူး။ အဲဒီတော့ အဲဒီကြားထဲမှာ မတော်လောဘတို့၊ ဘယ်သူနဲ့ ငါသွားပြီး ရန်ဖြစ်လိုက်ဦးမယ်တို့၊ ဘယ်သူ့ကို ငါ ဘယ်လို စကားချေပလိုက်ဦးမယ်တို့ ဘာတို့မရှိဘူး”

မေး ။ ။ အဲဒီတော့ ကျင့်ဝတ်သိက္ခာ၊ ကိုယ်ကျင့်တရား ဖြူစင်အောင် စောင့်ထိန်းတယ်ဆိုတာ ဘ၀မှာ ဘယ်လောက် အရေးကြီးတဲ့ ကိစ္စလို့ ဆရာထင်သလဲ။

ဖြေ ။ ။ ငယ်စဉ်က မဟုတ်တာတွေလုပ်တယ်။ ကိုယ်ဆိုးတယ်၊ ယုတ် မာတယ် ဆိုပါတော့။ ကြီးလာတဲ့အခါကျတော့ ကိုယ့်ဟာကိုယ်လည်း တွေးပြီး ရှက်တာဖြစ်မယ်။ ဒါ ကျနော် လက်တွေ့ပြောတာ။ ဒါမှမဟုတ် ရင်လည်း ကိုယ်လုပ်လို့ တစ်ဖက်က နစ်နာသွားတာတွေ ရှိမယ်။ အဲဒီ တစ်ဖက်က ခဏခဏ စဉ်းစားမှာပဲ။ ငါ့ကို ဘယ်လို လုပ်သွားတယ်။ ဘယ်လို စိမ်းကားတယ်။ ငါ့အပေါ်မှာ ဘယ်လို ယုတ်မာတယ်။ ငါ့အ ပေါ်မှာ ဘယ်လိုကောက်ကျစ်ပြီး အသားယူသွားတယ်ပေါ့လေ။ သူက ဖြစ်နေမှာပဲ။ အဲဒါ ဘယ်သူမှ မသိဘူးထား။ သူနဲ့ကိုယ် နှစ်ယောက် တည်း သိတယ်ထား။ အဲဒါကို ကျနော်က ရှက်တာ။ လူတစ်ဖက်သား အကျိုးနည်းအောင် ဒါကြောင့်မလုပ်တာ။

ဒီတော့ ကိုယ်ကျင့်တရားဟာ ဘ၀မှာ အရေးကြီးတယ်လို့ ကျနော်ထားပါတယ်။ တစ်ခုပဲ ကျနော့်အနေနဲ့က တော့ ကျနော် မဟုတ်တာ ဘာမှမလုပ်ဘူး ဆိုတဲ့အခါကျတော့ ကိုယ်ကျင့်တရားကို ကျနော်က အထူးတလည် စောင့်ထိန်းနေတာမျိုး မဟုတ်ဘူးပေါ့။ တကယ်ကျတော့ ကျနော် စာထိုင်ရေးနေတယ်ဆိုရင် တစ်ဖက် သားပေါ်မှာ မတော်လောဘစိတ် မရှိဘူး။ ဘာဒေါသမှလည်း မရှိဘူး။ ဘာမှ ယုတ်ယုတ်မာမာ မစဉ်းစားဘူး။ အားလုံး လုံနေတာပဲ။ ဒီတော့ ကိုယ်ကျင့်တရားဟာ အရေးကြီးတယ်။ ဒါပေမယ့် ကျနော့်အဖို့တော့ အထူး လုပ်နေရတာ မဟုတ်ဘူးပေါ့လေ။ ဒါပေမယ့် တစ်ခုရှိတာက အဲဒီလို လောဘ၊ ဒေါသ၊ မောဟတွေ လုံနေဖို့ ကတော့ ဘ၀မှာ သိပ်အရေးကြီးတယ်။ အောင်မြင်ဖို့အတွက် အရေးကြီးတယ်လို့ ပြောရမှာပဲ။ အကျင့် သိက္ခာမရှိရင် အောင်မြင်မှု မရနိုင်ဘူး။ ကျနော်က အချိန်ရှိသမျှ လုံနေလို့သာ အထူးတလည် မစောင့်ထိန်းဘူး လို့ ပြောတာ။

ဆိုပါတော့ဗျာ။ အရက်သောက်တဲ့ ကိစ္စမျိုး၊ ကျနော် အရက်ဖြတ်လိုက်ပြီးလို့လည်း မကြေညာဘူး။ အရက် သောက်ချင်တယ်လို့လည်း ဘယ်သူ့မှ မပြောဘူး။ ကြုံတဲ့အခါ သောက်တယ်။ ဒါပေမယ့် အဲဒီမှာ ဘာတစ်ခု ၀င်လာသလဲဆိုတော့ အရက်သောက်တော့ အလုပ်ပျက်တယ်ဗျ။ အရက်သောက်ကြ၊ အပေါင်းအသင်းဆုံကြ၊ ပျော်ကြပေါ့ဗျာ။ ဒါပေမယ့် အနည်းဆုံး တစ်ညနေခင်း ကုန်သွားတာပဲ။ အဲဒါဆိုရင် ကျနော်က အဲဒီအချိန်ကို နှမြောတာပဲဗျ။

နောက်တစ်နေ့ မနက်မိုးလင်းတော့ ညက သောက်ထားတာနဲ့ မနက် အထနှေးပြန်ရော။ လုပ်ငန်းခွင် ချက်ချင်း မ၀င်နိုင်ဘူးပေါ့။ အဲဒါကုန်တဲ့အချိန် နှမြောရပြန်ရော။ အဲဒီတော့ အရက်မကောင်းဘူး ဘာညာပြောကြရာမှာ ကျနော့်အတွက် လက်တွေ့ကတော့ အချိန်ကုန်တယ်ဗျာ။ အဲဒီလို တွက်တယ်။ လူရိုသေအောင် တမင်လုပ် တာမျိုးတော့ ဘာမှ မရှိပါဘူး။ ကိုယ်လုပ်စရာရှိတာ ကိုယ်လုပ်နေရင် ဘာမဟုတ်တာမှ ၀င်မလာဘူးပေါ့။

မေး ။ ။ ကိုယ့်ကျင့်သိက္ခာဆိုတာ ကိုယ်လုပ်သင့် လုပ်ထိုက်တာကို လုပ်နေရင် အလိုလို စောင့်ထိန်းပြီးသား ဖြစ်သွားတယ် ဆိုတဲ့သဘောပေါ့။

ဖြေ ။ ။ ကိုယ်လုပ်စရာရှိတာ လုပ်နေရင်၊ အဲဒီအထဲမှာ စိတ်နှစ်မြှုပ်ထားရင် မကောင်းတဲ့စိတ်တွေ တစ်ခုမှ မလာဘူး။ ကျနော် ဒီအချိန်အိပ်မယ်ဆိုရင် ကျနော်ရေးနေတာကို ချလိုက်တယ်။ အိပ်ရာက နိုးလာရင် ကျနော် ဆက်ရေးလို့ရတယ်။ သူများလို ဘယ်ကစရမှန်း မသိဘူးဆိုတာ မရှိဘူး။ အဲဒီတော့ အဲဒီကြားထဲမှာ မတော် လောဘတို့၊ ဘယ်သူနဲ့ ငါသွားပြီး ရန်ဖြစ်လိုက်ဦးမယ်တို့၊ ဘယ်သူ့ကို ငါ ဘယ်လို စကားချေပလိုက်ဦးမယ် တို့ ဘာတို့မရှိဘူး။

တစ်ခု ကျနော်သတိထားတာ ရှိတယ်။ တပည့်တွေ များလာတဲ့အခါမှာ ရတဲ့အကျင့်တစ်ခုပေါ့။ ဒီကိစ္စ ငါဝင် လုပ်လိုက်ရင် လွယ်လွယ်ကူကူ ပြီးသွားမယ်။ ငါ ၀င်ကူရမှာပဲလို့ သိရင် ကျနော် ချက်ချင်း လုပ်ပေးတယ်။ သူ့ဆီက ဘာမှ အပြန်အလှန် အပေးအယူ မပါဘူး။ ငါလုပ်ပေးမှ မင်းရမှာပဲဆိုရင် လုပ်ပေးတယ်။ အဲဒါ လုပ်ပေးပြီးတော့လည်း ငါ့တောင် နှုတ်မဆက်ဘူး။ ငါ့ကို ဘာမှမပေးဘူးလို့ ဘယ်တော့မှ မရှိဘူး။ နှုတ်မ ဆက်ရင် ကျနော် ပိုကျေနပ်တယ်။ ကျနော့်မှာ အနှောက်အယှက် နည်းသွားတာပေါ့။ စကားအပို မပြောရတော့ ဘူးပေါ့။

ကျနော် ငယ်ငယ်က ဖတ်ရတဲ့ အင်္ဂလိပ်လိုရေးတဲ့ စာအုပ်တစ်အုပ်ထဲမှာ ပါတယ်။ ၀ါတာလူး စစ်ပွဲအကြောင်း (Battle of Waterloo 1815)။ အဲဒီမှာ နပိုလီယန်နဲ့ တစ်ဖက်က ၀ယ်လင်တန်ပေါ့။ ဟိုဘက်က စစ်တပ်က ရောက်နေပြီ။ ဒီတော့ တပည့်တွေက မေးတယ်။ ၀ယ်လင်တန်ကို ဘယ်လိုတိုက်မလဲပေါ့။ ဒီတော့ ၀ယ်လင် တန်က ပြောတယ်။ “ဟ ငါနဲ့ နပိုလီယန်နဲ့ စစ်တိုက်တယ်ဆိုတာ ငါက စတာ မဟုတ်ဘူး။ နပိုလီယန်က စတာ။ ဒီတော့ သူ့သွားမေး။ သူက တောင်ဘက်က လာရင် ငါက တောင်ဘက်က တိုက်ရမှာ။ သူက မြောက်ဘက်က တိုက်ရင် ငါက မြောက်ဘက်က ပြန်တိုက်ရမှာ။ ဒီတော့ သူ့သွားမေး” လို့ ပြောတယ်။

ပြီးတော့ သူက ပြောတာတစ်ခု ရှိသေးတယ်။ “မင်းတို့ မြင်းတွေမှာဆင်တဲ့ ကကြိုးတန်ဆာတွေက လမ်းမှာ ပြုတ်ပြုတ်သွားရင် ဘာမှလုပ်လို့ မရဘူး။ ငါ့ပုံစံက မြင်းကြိုးတစ်ချောင်းထိုးပြီး စီးသွားတယ်။ အဲဒီကြိုးပြတ်ရင် ကြိုးဆက် အဖုထုံးပြီး ဆက်စီးသွားလို့ ရတယ်” လို့ ပြောတယ်။ အဲဒါလည်း ငယ်ငယ်ကတည်း ဖတ်ပြီး သ ဘောကျတယ်။ သိပ် Plan ကြီးကြီးချပြီး လုပ်တာထက် တစ်ခုပြီးတစ်ခု တစ်ဆင့်ပြီးတစ်ဆင့် လုပ်တာပဲ။


“ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်မျိုးဆက်သစ်ကို ကောင်းစေချင်မှာပဲ။ ဒါပေမယ့် ပညာဆိုတာက အမွေပေးလို့မရဘူး။ ပညာဟာ အမွေမဟုတ်ဘူး။ သင်ကြားပေးလို့တော့ရတယ်။ ဒါပေမယ့် လက်ခံသင်ယူတဲ့ လူရဲ့အရည်အချင်းက သိပ်အရေးကြီးတယ်။ ဆရာက အစတော်တယ် ဆိုပေမယ့် တပည့်မတော်ရင် အဆုံးသတ်ညံ့မယ်။ ဆရာတွေက ဒီကောင် သိပ်တော်တယ် ငါ့တပည့်ကွလို့ ပြောတတ်ကြတယ်။ ကျနော်ကတော့ ဒီကောင်တော်လို့ ငါတို့ဆီမှာ လာတပည့်ခံတာလို့ ပြောလေ့ရှိပါတယ်။ ”


မေး ။ ။ ကျင့်ဝတ်သိက္ခာ ရှိတဲ့သူတွေအကြောင်း၊ ဆရာနဲ့ နီးစပ်သူ တွေထဲကပေါ့လေ။ နည်းနည်းပါးပါး ပြောပြပါလား။

ဖြေ ။ ။ ကျနော်နဲ့ လုပ်ဖော်ကိုင်ဖက်တွေ တော်တော်များများကတော့ ကျင့်ဝတ်သိက္ခာ ရှိသူတွေ များပါတယ်။ ကောင်းကြပါတယ်။ ဆိုးတဲ့ သူတွေလည်း ရှိတာပေါ့လေ။ တချို့လည်း ကျနော့်လောက် သွက် သွက်လက်လက် မလုပ်လို့ လူသိနည်းတာတော့ ရှိတာပေါ့။ သူတို့ လည်း သူတို့နည်းနဲ့ သူတို့လုပ်နေကြတာပေါ့။

ခုလောလောဆယ် ကျနော့်ခေါင်းထဲ ရောက်လာတဲ့ လုပ်ဖော်ကိုင်ဖက် တော်တော်များများကတော့ သေကုန်ပြီဗျ။ အဲဒီ သေသွားသူ တော် တော်များများကလည်း ကျနော် ကြိုးစားသလိုပဲ ကြိုးစားကြပါတယ်။ သူတို့လုပ်သွားတာတွေလည်း ကောင်း တာတွေ အများကြီးပါ။ ဥပမာဆိုပါတော့ဗျာ တင်လှသော်ဆိုရင် အခုလူတွေက မှတ်မိချင်မှ မှတ်မိမှာပေါ့။ သူဆိုရင် အတော့်ကို ကြိုးစားပါတယ်။ ဒါပေမယ့် အသက်ငယ်ငယ်နဲ့ သေသွားရှာတယ်။ သူ့ဒုက္ခက အရက် အလွန်အကျွံ သောက်တာပဲ။ ဒီတော့ အလုပ် သိပ်မလုပ်နိုင်တော့ဘူးပေါ့။ နောက် စောစော သေသွားတယ်။ ဒါပေမယ့် အလုပ်လုပ်တဲ့ အခါတုန်းကတော့ စည်းကမ်းကို ကျနော်တို့ လိုက်နာသလို သူလည်း လိုက်နာတယ်။ ကျနော်တို့ ကြိုးစားသလိုပဲ ကြိုးစားတာပဲ။

နောက်ပြီး ဒေါက်တာရီရီဆိုတာ တစ်ယောက်ရှိသေးတယ်။ လူထုဦးလှ နှစ်(၉၀)မှာ သူရေးတဲ့ ပလ္လင်တော်တွေ အကြောင်းလေ။ ကျနော်က သူအင်္ဂလိပ်လို ရေးတာကို မြန်မာလို ဘာသာပြန်လိုက်တယ်။ သူလည်း အသက် ငါးဆယ့်နှစ်နှစ် သုံးနှစ်လောက်မှာ သေသွားတယ်။ သူလည်း ဒီလိုပဲ။ ကျနော်တို့ စောင့်ထိန်းရမယ့် စည်း ကမ်းတွေကို စောင့်ထိန်းပါတယ်။ အင်မတန်လည်း ကြိုးစားပါတယ်။ လူငယ်တွေကိုလည်း တော်တော် ကူညီ ပါတယ်။ အဲဒီလူတွေ သေကုန်ပြီဗျ။

ကျန်တဲ့သူတွေထဲကလည်း ကျနော့်တပည့်တွေ ရှိပါတယ်။ ဆရာတွေထဲမှာလည်း ရှိပါတယ်။ ဆရာတွေ အကြောင်းလည်း ကျနော် ရေးဖူးပါတယ်။ တပည့်တွေ အကြောင်းလည်း ရေးဖို့ ကျနော်လုပ်သေးတယ်။ သူတို့ရဲ့ Contribution လည်း တော်တော်ကောင်းတာပဲ။ ဒါပေမယ့် သူတို့က ကျနော့်လောက် မကြိုးစား ကြဘူးဗျ။ အဲဒါနဲ့ပဲ သူတို့အကြောင်းရေးရင် သူတို့ကို နှိပ်စက်သလိုများ ဖြစ်နေမလားဆိုပြီး မရေးတောဘဲ သူတို့ရေးတဲ့ စာတွေကိုပဲ အကျဉ်းချုပ် ထည့်နေတယ်။ ဒါကတော့ အစဉ်အဆက်ကို ဖော်တာပါပဲ။ ငါ့အ ထက်ကလည်း လုပ်ခဲ့တယ်။ ငါလည်း လုပ်ခဲ့တယ်။ ငါ့အောက်က လူတွေလည်း လုပ်တယ်ဆိုတာကို ပြချင် တာပါ။

ပူးပူးကပ်ကပ် အလုပ်လုပ်တဲ့ သူတွေဆိုရင် ခုနကပြောတဲ့ အယူအဆတွေလည်း ကျနော် သူတို့ကို တတ် နိုင်သလောက် သင်ကြားပါတယ်။ သူတို့ကလည်း တော်တော်များများ လိုက်နာကြပါတယ်။ ဒါပေမယ့် တချို့ ကလည်း ဘွဲ့ရပြီး ဆက်မလုပ်ကြဘူး။ ဆက်လုပ်ကြသူတွေထဲမှာလည်း ကြိုးစားကြသူတွေရှိပါတယ်။ အငယ် ထဲကဆိုရင် ဒေါက်တာတိုးလှပေါ့။ ခုကိုပဲ ကျနော် တိုးလှရဲ့ စာအုပ်ကို အကျဉ်းချုပ် ရေးနေတယ်။ သူတို့ တော်တော် ကြိုးစားပါတယ်။

အဲဒီတော့ ခင်ဗျားမေးခွန်းထဲမှာ မျိုးဆက်သစ်ဆိုတာ ပါတယ်။ မျိုးဆက်သစ်ဆိုတဲ့ စကားဟာ ခင်ဗျား ကြိုက်ကြိုက် မကြိုက်ကြိုက် သူကလာနေမှာပဲ။ ခင်ဗျားပြီးတော့ သားလာမယ်။ သားပြီးတော့ မြေးလာမယ် ပေါ့ဗျာ။ ဒီလိုပဲ လာနေမှာပဲ။ လာနေတော့ ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်မျိုးဆက်သစ်ကို ကောင်းစေချင်မှာပဲ။ ဒါပေမယ့် ပညာဆိုတာက အမွေပေးလို့ မရဘူး။ ပညာဟာ အမွေ မဟုတ်ဘူး။ သင်ကြားပေးလို့တော့ ရတယ်။ ဒါပေမယ့် လက်ခံသင်ယူတဲ့ လူရဲ့ အရည်အချင်းက သိပ်အရေးကြီးတယ်။ ဆရာက အစတော်တယ် ဆိုပေမယ့် တပည့်မတော်ရင် အဆုံးသတ် ညံ့မယ်။ ဆရာတွေက ဒီကောင် သိပ်တော်တယ် ငါ့တပည့်ကွလို့ ပြောတတ် ကြတယ်။ ကျနော်ကတော့ ဒီကောင်တော်လို့ ငါတို့ဆီမှာ လာတပည့်ခံတာလို့ ပြောလေ့ရှိပါတယ်။

မေး ။ ။ မျိုးဆက်သစ်တွေကို ပြောရင် ဆရာ သိပ်အားမရတာ ရှိတယ်။ အဲဒါ အဓိကက ဘာလဲ။

ဖြေ ။ ။ သူတို့ အလေ့အကျင့် နည်းတာပေါ့။ Practice နည်းတာပါပဲ။ ဒါက အသက်နဲ့ မဆိုင်ဘူးဗျ။ ခင်ဗျား နာရီရှိသရွေ့ ဒါလုပ်နေတယ်ဆိုရင် နှစ်နှစ် သုံးနှစ်အတွင်းမှာ ခင်ဗျားတက်လာမှာပဲ။ အနှစ်သုံးဆယ် ဘာမှ မလုပ်ဘူးဆိုရင် ခင်ဗျား ဘာမှ ဖြစ်မလာဘူး။ ဒါက အသက်နဲ့ မဆိုင်ဘူး။ Practice နဲ့ ဆိုင်တယ်။ အလေ့အ ကျင့်များများနဲ့ ကြိုးစားဖို့လိုတယ်။ ဂျပန်သွားတော့လည်း ကျနော်ပြောခဲ့တယ်။ ခုခေတ် လူငယ်တွေက သူတို့အဖေတွေလောက် မကြိုးစားဘူး။ သူတို့ အဖေတွေက ဂျပန်နိုင်ငံ ပြာပုံကနေ ပြန်ထူရတာ။ ကျနော်တို့ဆီ လည်း ဒီလိုပါပဲ။

မေး ။ ။ ကျနော်တို့ခေတ်မှာ တော်တော်များများ အဆင့်သင့် ဖြစ်နေလို့များလား။

ဖြေ ။ ။ အင်း ခင်ဗျားပြောတာ မှန်တယ်ဗျ။ အဆင်သင့် ဖြစ်နေတော့ သိပ်မကြိုးစားကြတော့တာ ဖြစ်နိုင် တယ်။ ခပ်ငယ်ငယ်က ဖတ်ရတဲ့ H.G Wells ရဲ့ Time Machine ထဲကလိုပေါ့။ သိပ်ကို တိုးတက်တဲ့ ခေတ် ရောက်လာတော့ လူတိုင်းဟာ ကောင်းတယ်ဆိုသမျှ ပစ္စည်းအားလုံးကို အလွယ်အသင့် ရနေတယ်။ အာဟာရ ဓာတ်နဲ့ ပြည့်စုံတဲ့ အစားသောက်ဆိုရင် သစ်ပင်မှာရှိတဲ့ သစ်သီးခူးစားရုံနဲ့ ရတယ်။ အားလုံး အဲဒီလို အဆင်သင့် ပဲဆိုတော့ မျိုးဆက်သစ်က လူတွေအားလုံးဟာ အကုန်တုံးကုန်တယ်။ ကလေးတွေလိုပဲ ရယ်မော ဆော့နေကြ တယ်။ မျိုးဆက်တစ်ခုလုံး ဖျင်းသွားတယ်။ ဒါကို ဘယ်လိုမှ တားမရတော့ပါ။

မေး ။ ။ ဆရာပြောသွားတဲ့ အထဲမှာ ဆရာတင်လှသော် အကြောင်းပြောတော့ သူက ငယ်ငယ်နဲ့ ဆုံးသွား တာကိုး။ ဒီတော့ တော်တာ ကြိုးစားအားထုတ်တာ အရေးကြီးသလိုပဲ ကျန်းမာရေးကလည်း အရေးကြီး တာပေါ့။

ဖြေ ။ ။ ဒါပေါ့။ ကျန်းမာရေးက အရေးကြီးတာပေါ့။ ဒေါက်တာရီရီလည်း ဒီလိုပဲ။ သူက သွေးဖြူဥရောဂါ ရှိတယ်။ အဲဒီတော့ ဆိုပါတော့ဗျာ ကျနော်က တစ်နေ့ ပုံမှန်အားဖြင့် ၁၄ နာရီလောက် လုပ်တယ်ဆိုရင် သူက ၁၀ နာရီလောက်လုပ်လိုက်ရင် ချုံးကျသွားပြီပေါ့။ သိပ်မလုပ်နိုင်ဘူးပေါ့ဗျာ။ ကျန်းမာရေးကတော့ သိပ်အရေး ကြီးတာပေါ့ဗျာ။

ဒီမှာ ခင်ဗျားက လူကျန်းမာရေး စိတ်ကျန်းမာရေးပြောတော့ စိတ်ကျန်းမာရေးဆိုတာ သမထ၊ ၀ိပဿနာမှာ ပြောသလိုပါပဲ။ လူမှာ လောဘ၊ ဒေါသ၊ မောဟတွေ များနေရင် စိတ်မကျန်းမာဘူးပေါ့။ အဲဒါတွေ မရှိရင် စိတ်ကျန်းမာတာပေါ့။ မနာလိုတာ မရှိဘူး၊ ကလဲ့စားချေတာ မရှိဘူး။ ကလဲ့စားချေဖို့ မရှိရုံတင် မဟုတ်ဘူး။ ကျနော် သတိတောင် မထားမိဘူး။ စိတ်ကျန်းမာရေးကတော့ လောဘ၊ ဒေါသ၊ မောဟနည်းရင် ကျန်းမာ တာပေါ့။ လောဘဆိုတာကလည်း ၀ိပဿနာက ပြောသလိုပါပဲ။ အစားကောင်းလေး စားချင်တယ်ဆိုရင် တ ကယ်အစားကောင်း စားရတယ် ဆိုတာကိုက ဒုက္ခပဲလို့ နားလည်သွားတဲ့ အခါကျတော့ ဘာကိုမှ မမက် တာပေါ့။

အဲဒီတော့ ကျနော်တို့ ငယ်ငယ်က ကိုရင်ဝတ်ရင် ပထမဆုံး စသင်ရသလိုပေါ့။ ဒီသင်္ကန်းဟာ ခန္ဓာကိုယ် လုံခြုံဖို့၊ ရာသီဥတုဒဏ် ခံနိုင်ဖို့၊ လှဖို့ မဟုတ်။ ဒီအစားဟာ အသက်ရှင်နေမှ တရားအားထုတ်နိုင်မှာဖြစ်လို့ ကျန်းမာ ရေးအတွက် စားရတာ၊ စားကောင်းလို့ အရသာရှိလို့ မဟုတ်ဘူးဆိုတာ။ ဒါမျိုးတော့ ကျနော်က မှတ်မိတယ် ဗျာ။ အဲဒါတွေပါပဲ။ အဲဒီတော့ လောဘ၊ ဒေါသ၊ မောဟတွေက အပြီးချုပ်သွားတာတော့ မဟုတ်ဘူးဗျ။ ဒါပေ မယ့် နည်းသွားတာပေါ့။ အများကြီး နည်းသွားတာပေါ့။


“နိုင်ငံရေးစိတ်ဓာတ်ကြောင့် ဒုစရိုက်နည်းသွားတယ်။ အများအကျိုးအတွက် ကိုယ်ကျိုးစွန့်ရမယ်ဆိုတဲ့ လမ်းကြောင်းရောက်သွားတယ်”


မေး ။ ။ ဒီတော့ ကျင့်ဝတ်ကို စောင့်ထိန်းတာဟာ လောဘ၊ ဒေါသ၊ မောဟကို ထိန်းချုပ်တာပဲဆိုတော့ ကျင့်ဝတ်ဟာ စိတ်ကျန်းမာရေးရဲ့ အခရာလို့ ပြောရမှာပေါ့။

ဖြေ ။ ။ နိုင်ငံရေးမှာတော့ ရှိတယ်ဗျာ။ မက်ကီယာဗယ်လီက မင်းစစ် တိုက်တာ နိုင်ချင်လား၊ နိုင်ဖို့ပဲ အရေးကြီးတာ။ လူဘယ်လောက် သေ သေဆိုတာမျိုး၊ မင်းအောင်မြင်ဖို့ရာ ဘယ်လိုပဲရရ ဆိုတာမျိုးပေါ့။ ဒါက တော့ ပြင်းထန်ပါတယ်။ သိပ်မဟုတ်ဘူးဗျာ။ ကျနော်ကတော့ မကြိုက် ဘူးပေါ့ဗျာ။ အောင်မြင်ဖို့ ဆိုပေမယ့် စောင့်ထိန်းရမှာကိုလည်း စောင့် ထိန်းရမှာပေါ့။

ကျနော် ငယ်ငယ်က ၁၅နှစ်၊ ၁၆နှစ်။ ကျနော် ၁၅နှစ်မှာ ဆယ်တန်း အောင်တယ်။ ကျနော်တို့နေတဲ့ ကျောင်းက ၆လနဲ့ အအောင်ပေး တော့ ကျနော် စောအောင်နေတယ်။ ဒီတော့ တက္ကသိုလ်တက်ဖို့အတွက် တစ်နှစ်အားနေတာပေါ့။ အဲဒီတော့ ကျနော်က သမိုင်းဝါသနာပါတယ်။ နိုင်ငံရေး ၀ါသနာပါတယ်ဆိုတော့ စာတွေဖတ်နေတာပဲ။ အမှန်က ၁၅နှစ်၊ ၁၆နှစ်ဆိုတာ ကလေကချေ ဖြစ်နိုင်တယ်။ ဆိုးသွမ်းလူငယ် ဖြစ်သွားနိုင်တယ်။ ကျနော် ဖြစ်မသွားဘူး။

အဲဒီမှာ ကျနော်က လွတ်လပ်ရေးရမယ်။ သခင်လူမျိုးတွေ၊ တို့ဗမာ(မြန်မာ)တွေ ဘာညာ ဆိုတာထဲရောက် တော့ အကျင့်စာရိတ္တကို ထိန်းပြီးသား ဖြစ်သွားတယ်။

မေး ။ ။ အမျိုးသားလွတ်လပ်ရေးအတွက်ဆိုတဲ့ နိုင်ငံရေးနိုးကြားမှုက ထိန်းတာပေါ့။

ဖြေ ။ ။ နိုင်ငံရေးနိုးကြားမှု ဟုတ်တယ်။ မိဘလည်းပါတယ်။ ဆရာလည်းပါတယ်။ နောက်ပြီးတော့ နိုင်ငံရေး လည်း ပါတာပေါ့။ ကျနော့်မိဘတွေက အင်မတန် ရတနာသုံးပါး ကိုင်းရှိုင်းကြတယ်။ ငယ်ငယ်ကဆို ကျနော်တို့ အိမ်မှာ သီချင်းမဆိုရဘူး။ အမဲသား မစားရဘူး။ သွားနေတဲ့ကျောင်းက နေရှင်နယ်ကျောင်း။ နယ်ချဲ့ကို တချိန်လုံး ဆန့်ကျင်နေတာ။ နောက် စစ်ပြီးသွားတော့ ကွန်မြူနစ်ပါတီ ရောက်သွားတယ်။ Anti-Capitalism အရင်းရှင်နယ်ချဲ့ ဆန့်ကျင်ရေးပေါ့။ အဲဒါတွေက ကျနော့်ကို ဆိုးသွမ်းလူငယ်ဘက် မရောက်အောင် ထိန်းပေး ခဲ့တာပေါ့။

နိုင်ငံရေးစိတ်ဓာတ်ကြောင့် ဒုစရိုက်နည်းသွားတယ်။ အများအကျိုးအတွက် ကိုယ်ကျိုးစွန့်ရမယ်ဆိုတဲ့ လမ်း ကြောင်းရောက်သွားတယ်။

လူငယ်တွေရဲ့ ပြဿနာကိုတော့ ကျနော်က ကျောင်းဆရာအဖြစ်နဲ့ အကို၊ အဖေ၊ အဘိုးအနေနဲ့ နေ့တိုင်း ရင် ဆိုင်နေရတာပါ။ သားတွေ၊ မြေးတွေ ရှိတယ်။ တပည့်တွေ ရှိတယ်။ သူတို့ကို ပညာတတ်အောင်၊ စရိုက် ကောင်းအောင် စံပြအဖြစ်နဲ့ နေရတယ်။ ဟောရ ပြောရတယ်။

ကျနော်တို့ ငယ်စဉ်က တောမှာနေရတော့ အရက်ဆိုင်တို့ ဘာတို့ မရှိဘူး။ ဒါပေမယ့်လည်း ပျက်စီးစရာတွေ အများကြီး ရှိပါတယ်။ တိမ်းစောင်းမသွားအောင် ထိန်းပေးတာ ကျနော့်အဖေလို့ ထင်တာပဲ။ စစ်သုံးနှစ် ဖြစ် တဲ့အချိန်မှာ ပညာသင်စရာ ကျောင်းမရှိတော့ ကျနော့်အဖေက မင်းတို့ ဘုန်းကြီးကျောင်းမှာ သင်စရာ တတ် စရာ အတတ်ပညာတွေ ရှိတာပဲ။ သွားသင်ကြပါလားလို့ နှိုးဆော်တယ်။ သင်ချင်တာပြော ဆရာရှာပေးမယ် ဆိုပြီး ကျနော့်အစ်ကိုက သဒ္ဒါသင်္ဂြိုဟ် သင်ချင်တယ်ဆိုလို့ သူကိုးကွယ်တဲ့ ဆရာဘုန်းကြီးဆီကို ပို့တယ်။ ကျ နော်က ဗေဒင်သင်ချင်တယ်ဆိုတော့ ဗေဒင်သင်တဲ့ ဘုန်းကြီးဆီ ပို့တာပေါ့။ အဲဒီလို ပညာတစ်ခုခု လုပ်နေတဲ့ အချိန်မှာ စိတ်ကလေကလွင့် မဖြစ်ဘူးပေါ့။

ငယ်ငယ်က ကျနော်တို့က ပုံပြောပါဆိုရင် ကျနော့်အဖေက ငါးရာ့ငါးဆယ်ကို ဖတ်ပြောတာ။ အဲဒီပုံစံမျိုး ရှိတယ်။ မိဘလည်း ပါတယ်ပေါ့ဗျာ။ ဒါပေမယ့် ကျနော်တို့မှာ ထားရမယ့် စည်းကမ်းတို့ ဘာတို့ကို နိုင်ငံရေးကလည်း ထိန်းတယ်။ ကျနော်တို့ခေတ်က အဲဒီခေတ်ကိုးဗျ။ ၁၃၀၀ ပြည့်အရေးတော်ပုံတို့ ဘာတို့။ ကျနော်တို့ တောကို နိုင်ငံရေး ခေါင်းဆောင်တွေလာရင် တရားပွဲ နားထောင်မယ်။ သခင်မျိုးဟေ့ တို့ဗမာ (မြန်မာ)လို့ အော်မယ်ဆိုတော့ နိုးကြားထကြွတဲ့ စိတ်က အဲဒီမှာ ရှိနေတာပေါ့။ နောက် အာရှလူငယ်လုပ် တော့ ဗလငါးတန်တို့ ဘာတို့လုပ်တယ်။ ဂျပန်ခေတ်မှာကျတော့ ဖက်ဆစ်တော်လှန်ရေး လုပ်တာကို လူကြီးတွေက မကြိုက်ဘူးပေါ့ဗျာ။ ဂျပန်ကင်ပေက သိပ်ဆိုးတာဆိုတော့ မိဘတွေ စိတ်ဆင်းရဲကြတာပေါ့။ အရက်သမား၊ ဘိန်းသမား၊ မြာသမား၊ ဖဲသမားတော့ မဖြစ်ဘူး။ ဒါပေမယ့် မိဘတွေက စိတ်ပူရတယ်။ စိတ်ဆင်းရဲရတယ်။ ဂျပန်က ဖမ်းမိရင် သတ်ပစ်တာကိုး။

မေး ။ ။ ဒါပေမယ့်လည်း အဲဒီအချိန်က ဂျပန်ရန်ကြောင့် စိတ်ပူတာဖြစ်မှာပေါ့။ နောင်တော့ မိဘတွေက ဆရာ့လိုသားမျိုး မွေးထားရတဲ့အတွက် ဂုဏ်ယူနေကြမှာ မဟုတ်လား။

ဖြေ ။ ။ အင်း အဲဒီလို စဉ်းစားရင်တော့လည်း ရပါတယ်။ ငါက ခေါင်းဆောင်ဖြစ်ချင်တယ်။ ခေါင်က မိုးလုံမှ ပေါ့ဆိုတဲ့စိတ်က ငယ်ငယ်ကတည်းက မိဘနဲ့အသိုင်းအ၀ိုင်းက သွင်းပေးတဲ့ စိတ်ဓာတ်ဖြစ်တယ်လို့ အချုပ်အား ဖြင့် ပြောရမှာဖြစ်တယ်။

(တကောင်းစာအုပ်တိုက်ထုတ် ဒေါက်တာသန်းထွန်း၏ ‘သမိုင်းနှင့် စကားပြောခြင်း’ စာအုပ်မှ ကောက်နှုတ်ဖော်ပြပါသည်)

Posted by ဒေါက်တာလွဏ်းဆွေ at 5:57 PM

Labels: အမှတ်တရ

No comments: