-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Sunday, November 8, 2009

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဒုဥက္ကဌသူရဦးတင်ဦး


Sunday, November 8, 2009
ယနေ့ ထက်တိုင် နေအိမ် အကျယ်ချုပ် ကျခံနေရသော NLD ဒုဥက္ကဌ သူရဦးတင်ဦး





တပ်မတော်မှာ ဗိုလ်ချုပ်အောင်ဆန်းမှ လွဲရင် ဗိုလ်ချုပ်ကြီး သူရ တင်ဦးဟာ အရာရှိ စစ်သည်အပေါင်းရဲ့ လေးစား ရိုသေချစ်ခင်မှုကို အရရှိဆုံး ဗိုလ်ချုပ် တစ်ဦး ဖြစ်တယ်လို့ စစ်ဖက်နီးစပ်သူများထံက တဆင့် သိရှိ ရပါတယ်။ ယနေ့ စစ်အာဏာရှင် ဗိုလ်ချုပ်တွေနဲ့ လုံးဝမတူပဲ စံနမူနာပြ စစ်ခေါင်းဆောင်တဦး ဖြစ်တာမို့ ယနေ့ တပ်မတော်သားတွေ အားလုံး လေ့လာ မှတ်သား သိရှိနိုင်ရန် ဖေါ်ပြပေးခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ၁၉၈၈ခုနှစ် လူထုအုံကြွမှု အရေးတော်ပုံကြီးမှာ ဒီမိုကရေစီရရှိရေးကို ပြည်သူများနဲ့ တသားတည်း တက်ကြွစွာ ပါဝင် လှုပ်ရှားခဲ့ကာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နဲ့ အတူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှာ ဒုဥက္ကဌ တာဝန်ကို ထမ်းဆောင် ခဲ့တာကြောင့် စစ်အာဏာရှင်တွေရဲ့ အငြိုးတရား အာဃာတ တရား ကြီးမားစွာနဲ့ နှစ်ရှည် နေအိမ် အကျယ်ချုပ် ချထားခြင်း ခံနေရသူဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီး သူရ တင်ဦးရဲ့အကြောင်းကို ပြည့်စုံမှန်ကန်စွာ ဖေါ်ပြနိုင်ရေးနဲ့ ဘာလော့ဂ် တိုးချဲ့နိုင်ရေး တို့အတွက် တတ်အားသရွှေ့ စေတနာမေတ္တာဖြင့် ပါဝင် ကူညီပံ့ပိုးခဲ့ကြတဲ့ ပြည်တွင်းပြည်ပရှိ ဗိုလ်ချုပ်ကြီးရဲ့ တပည့် သားသမီးများ၊ တပ်မတော် အရာရှိများနဲ့တကွ ဤဘာလောဂ်ကို လာရောက်ဖတ်ရှု အားပေးကြသူ ပြည်တွင်း ပြည်ပမှ မိတ်ဆွေ သင်္ဂဟ ရဲဘော်ရဲဘက် အပေါင်းတို့အား ကျွန်တော် ကိုဖိုးတရုတ်မှ အထူး ကျေးဇူးတင်စွာ မှတ်တမ်းတင်ပါကြောင်းနှင့် ဆထက်တံပိုး သစ်လွင်ကောင်းမွန်သော အစီအစဉ်များဖြင့် ကြိုးစား တင်ဆက်သွားမှာ ဖြစ်ပါကြောင်းတင်ပြလိုက်ရပါတယ်။

ဗိုလ်ချုပ်ကြီး သက်တော်ရာကျော် ရှည်ပါစေကြောင်းနဲ့ နေအိမ်အကျယ်ချုပ်မှ အမြန်ဆုံး လွတ်မြောက်ကာ မြန်မာ့ဒီမိုကရေစီအရေးအတွက် ဆက်လက် ဆောင်ရွက် သွားနိုင် ပါစေကြောင်း ကျွန်တော်ကိုဖိုးတရုတ်မှ ဆုမွန်ကောင်း တောင်းလိုက်ပါတယ် ခင်ဗျား။

“ဗိုလ်ချုပ်ကြီး သူရတင်ဦး၏ တပ်မတော် အတွင်းမှ

ဘ၀ကောက်ကြောင်း”

၁၉၂၇ ခုနှစ် မတ်လ ၁၂ရက်နေ့မှာ ပုသိမ်မြို့တွင် မွေးဖွားခဲ့ပါတယ်။ ပုသိမ်မြို့ ဗဟိုအမျိုးသား အထက်တန်း ကျောင်းမှာ ဆယ်တန်းအောင်သည်အထိ ပညာ သင်ကြားခဲ့ပါတယ်။ ၁၉၄၃ ခုနှစ် အသက်(၁၆)နှစ်ပြည့်ချိန်တွင် စစ်ထဲဝင်ရန် ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး စစ်ဝန်ကြီးရုံး ဗဟိုကင်းတပ် (ယခု ပဒုမ္မာကွင်းနေရာ ) တွင် တပ်သား အဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အဲဒီနောက် ၁၉၄၄ ခုနှစ်တွင် မင်္ဂလာဒုံ တတိယပတ် စစ်သင်တန်းမှာ ဗိုလ်လောင်းအဖြစ် အသက် (၁၇)နှစ် အရွယ်မှာ တက်ခွင့်ရခဲ့ပြီး အလုပ်သင် ဗိုလ်ဖြစ်လာခဲ့ပါတယ်။ ၁၉၄၆ ခုနှစ်မှာ ကန္နီစာချုပ်အရ ပြန်လည်ဖွဲ့စည်းသော တပ်မတော်တွင် ကြည်း (၃၆၅၁) ဒုဗိုလ်အဆင့်နဲ့ ပြန်တမ်းဝင် အရာရှိ အဖြစ်စတင်ခန့်အပ်ခံရပါတယ်။ ၁၉၄၇ခုနှစ် ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့မှာ ဗမာ့သေနတ်ကိုင်တပ်ရင်းတွင် ဒုဗိုလ်အဖြစ် စတင် တာဝန် ထမ်းဆောင် ခဲ့ပါတယ်။ ၁၉၄၇ ခုနှစ်မှာဘဲ ဗိုလ်ဖြစ်လာခဲ့ပြီး ၁၉၄၈ စက်တင်ဘာလ ၂၇ ရက်နေ့မှာတော့ လက်နက်ကိုင်တပ်များ လေ့ကျင့်ရေး ညွှန်ကြားရေးမှူးရုံးတွင် ဗိုလ်ကြီးအဖြစ် တာဝန်ထမ်းဆောင် ခဲ့ပါတယ်။ နမခတိုင်းမှူး ဗိုလ်မှူးကြီး ဗထူး ဦးစီးတဲ့ တပ်တွေမှာ စစ်မြေပြင်တာဝန်ထမ်းဆောင်ရင်း ဖက်ဆစ်တော်လှန်ရေး ကိုလည်း ဆင်နွှဲခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီးသူရတင်ဦးဟာ ကျူးကျော်သူ တရုတ်ဖြူများကို ရွတ်ရွတ်ချွံချွံ တိုက်ပွဲဝင်ခဲ့တဲ့ တပ်မှူးတဦး ဖြစ်ခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးဟာ ဗမာ့သေနတ်ကိုင် တပ်ရင်း (၁)မှာ တပ်ခွဲမှူးအဖြစ် ၁၉၄၉ခု ဇွန်၂၂ ရက်နေ့တွင် တာဝန် ထမ်းဆောင်ခဲ့ပြီး ၁၉၅၀ခု ဇန်နဝါရီလ ၂၅ ရက်နေ့တွင် အဆိုပါတပ်ရင်းမှာပင် ဗိုလ်မှူးအဆင့်နှင့် ဒုတပ်ရင်းမှူးအဖြစ် ရာထူးတိုးမြှင့်ခြင်း ခံရပါတယ်။ ထိုတပ်ရင်းမှာပင် ၁၉၅၁ခု နိုဝင်ဘာ၂၇ရက်နေ့တွင် တပ်ရင်းမှူး ဖြစ်လာပါတယ်။ ထို့နောက် ၁၉၅၄ခု ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ဒုဗိုလ်မှူးကြီးရာထူးသို့ တိုးမြှင့် ရရှိခဲ့ပါတယ်။ ၁၉၅၇ခု မေလ၃၀ ရက်နေ့တွင် အမှတ် (၄) ခြေလျင် တပ်ရင်း တပ်ရင်းမှူးအဖြစ် ပြောင်းရွှေ့ တာဝန်ပေးအပ်ခံခဲ့ပါတယ်။

၁၉၅၇ခု စက်တင်ဘာ ၁၇ ရက်နေ့တွင် တပ်မတော်ကြည်း တိုက်ခိုက်ရေးကျောင်း (ဗထူး) သင်တန်းကျောင်း ကျောင်းအုပ်ကြီးအဖြစ် ပြောင်းရွှေ့ ခဲ့ပါတယ်။ ၁၉၅၈ခုတွင် ရခိုင်တိုင်း တပ်ပေါင်းစုမှူးနှင့် တိုင်းမင်းကြီး ဖြစ်လာပြီး ၁၉၆၀-၆၁ ခုတွင် အမှတ်(၁၃) တပ်မဟာမှူးအဖြစ် ထပ်မံပြောင်းရွှေ့တာဝန်ထမ်းဆောင် ခဲ့ကာ ဗိုလ်မှူးကြီး ရာထူး ရရှိခဲ့ပါတယ်။ ၁၉၆၁-၆၂တွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် ဒုတိုင်းမှူးအဖြစ် တာဝန် ပေးအပ်ခြင်း ခံရပါတယ်။ ၁၉၆၃ခု ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့တွင် အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး တာဝန်ကို ရာထူးတိုးမြှင့် ပေးအပ်ခြင်း ခံရပါတယ်။ ၄င်းမှတဆင့် ၁၉၆၄ ခု စက်တင် ဘာ ၁၉ ရက်နေ့တွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး အဖြစ်ပြောင်းရွှေ့ခဲ့ပါတယ်။

၁၉၇၂ ခု ဧပြီလ၂၀ ရက်နေ့တွင် ဗိုလ်မှူးချုပ်ရာထူးသို့ တိုးမြှင့်ခံရပြီး ဒုတိယ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) အဖြစ် တာဝန်ပေးအပ်ခြင်း ခံရပါတယ်။ စစ်တပ်ရဲ့ အရေးပါဆုံး ထိပ်ပိုင်းရာထူးဖြစ်တဲ့ ဒုတိယ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) အဖြစ် တာဝန်ပေးအပ်ခြင်း ခံရချိန်မှာ သူ့ရဲ့အသက်ဟာ ၄၅နှစ်သာ ရှိသေးလို့ တပ်မတော်ရဲ့ အသက် အငယ်ဆုံး ဗိုလ်ချုပ်တွေထဲမှာ တစ်ဦးအဖြစ် မှတ်တမ်းတင်ရမှာ ဖြစ်ပါတယ်။ ၁၉၇၄ခုမတ်လ ၈ ရက်နေ့တွင် ဗိုလ်ချုပ်ကြီးရာထူး တိုးမြှင့်ခံရပြီး “တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်”အဖြစ် တာဝန်ပေးအပ်ခြင်း ခံရပါတယ်။ တိုက်ပွဲတွေမှာ ထူးချွန်ရဲဝံ့စွာ တိုက်ခိုက်ခဲ့တဲ့အတွက် “သူရဘွဲ့”ကိုလည်း ရရှိခဲ့ပါတယ်။ နောက်ရက်တွေမှာ စိတ်ဝင်စားဖွယ်ရာ သူ့ရဲ့ဖြတ်သန်းခဲ့တဲ့ ဘ၀ အတွေ့အကြုံတွေကို ဆက်လက် တင်ပြသွားပါမယ် ခင်ဗျား။

တပ်မတော်သားများ သာမက ပြည်သူများကပါ လေးစား

ချစ်ခင်ကြသောတပ်မတော် ကာကွယ်ရေးဦးစီးချုပ်

ဗိုလ်ချုပ်ကြီး သူရတင်ဦး

ယခု အပိုင်းမှာတော့ ဗိုလ်ချုပ်ကြီး သူရ တင်ဦးရဲ့  ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တိုက်ပွဲ ဆင်နွှဲပုံတွေ၊အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှာ တာဝန်ထမ်းဆောင်ြပီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့အတူ အကျယ်ချုပ် ကျခံခဲ့ပုံတွေ၊ စစ်အာဏာရှင်တွေရဲ့  မတရား နိုင်ထက်စီးနင်း လုပ်ခံရပုံတွေကို ဆက်လက် တင်ပြသွားပါမယ်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး သူရ တင်ဦးဟာ အရာရှိ စစ်သည်များရဲ့  လေးစား ရိုသေချစ်ခင်မှု နဲ့ နံမည်ရလာပြီး တိုက်ပွဲတွေမှာလည်း ထူးချွန်တဲ့အပြင် အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အသက် (၄၇) နှစ်သာ ရှိသေးချိန်မှာ စစ်တပ်ရဲ့  ထိပ်ပိုင်းရာထူးကို တရှိန်ထိုး ရလာပြန်လေရာ စစ်အာဏာရှင်များရဲ့ မနာ လို ၀န်တိုမှုကို ခံခဲ့ရပါတယ်။ အထူးသဖြင့် တိုက်ပွဲ အတွေ့အကြုံ မပြောနဲ့ သေနတ်သံတောင်မှ မကြားဖူးတဲ့ ထောက်လှမ်းရေး မျက်မှန်ကြီး ဗိုလ်မှူးချုပ် တင်ဦးဟာ ဦးနေ၀င်းထံ တိုက်ရိုက် ၀င်ထွက်ခွင့် ရသူပီပီ သူရဦးတင်ဦးကို မလိုမုန်းထား ဂျောက်တွန်းဖို့ အကွက်ကောင်းကို ချောင်းနေပါတယ်။

အဲဒီအချိန်မှာ ဗိုလ်ချုပ်ကြီး သူရ တင်ဦးရဲ့  သားဟာ ကျန်းမာရေးအရ ရောဂါ အသည်းအသန် ဖြစ်လို့ နိုင်ငံခြားမှာ ဆေးသွားကုသတဲ့ ကိစ္စနဲ့ လူချစ်လူခင်ပေါတဲ့ ဗိုလ်ချုပ်ကြီး အပေါ် လက်အောက် အရာရှိများက မေတ္တာစေတနာနဲ့ အလိုက်သိသိ လုပ်ကိုင် ဆောင်ရွက်ပေးပေမဲ့ အိမ်ဆောက်ပစ္စည်းများ တင်သွင်းတဲ့ ကိစ္စတွေအပေါ်မှာ မျက်မှန်ကြီး ဗိုလ်တင်ဦးက သူ့ရဲ့ ထောက်လှမ်းရေး အကျင့်ဆိုးအတိုင်း တဆိတ်ကို တအိတ်လုပ်ကာ တင်ပြခဲ့ရာ ဗိုလ်ချုပ်ကြီး သူရ တင်ဦးက ဂုဏ်သိက္ခာ မာနရှိစွာနဲ့ ထွက်စာ တင်ခဲ့ပါတယ်။

ဗိုလ်နေ၀င်း အနေနဲ့လည်း သူ့ကို ခြေရာတိုင်းတယ်လို့ ယူဆလာ တဲ့အတွက် ဒီကိစ္စတွေအပေါ်မှာ ခွင့်မလွှတ်ဘဲ သူရဦးတင်ဦးကို မတရား သဖြင့် ရာထူးမှ ၁၉၇၆ ခုနှစ် မတ်လတွင် ဖယ်ရှားခဲ့ပါတယ်။ ဗိုလ်နေ၀င်း ကိုယ်တိုင်တောင် ဆွစ်ဇာလန်နဲ့ အင်္ဂလန်တို့ကို ချောင်းပေါက်မတတ် သွားလာနေပြီး မိန်းမရှုပ်ထွေးကာ တိုင်းပြည် ငွေကြေး အလွဲသုံးစား လုပ်ခဲ့သလို အခြား စစ်အာဏာရှင် တွေဟာလည်း ဒီကိစ္စတွေထက် ပိုမို ဆိုးဝါးတဲ့ နိုင်ငံခြားဆေးသွားကုပြီး အခေါက်ခေါက် အခါခါ ဈေးဝယ်သွားနေတာမျိုးတွေ ရှိနေပေမဲ့ အရေးမယူခဲ့ဘဲ သူရဦးတင်ဦးအပေါ်တော့ မတရားသဖြင့် လုပ်တဲ့ကိစ္စမို့ တိုင်းပြည်နဲ့ တပ်မတော်ကို အမှန်တကယ်ချစ်တဲ့ တပ်တွင်း အရာရှိများက ခံပြင်း နာကျည်း လာပါတယ်။

ဗိုလ်ချုပ်ကြီး သူရ ကျော်ထင် ရဲ့  PA ကိုယ်ရေးအရာရှိ ဗိုလ်ကြီး အုံးကျော်မြင့် ဦးစီးပြီး ထိပ်ပိုင်း အရာရှိ တချို့ရဲ့  တပ်တွင်းပုန်ကန်မှု ဖြစ်ပွားလာကာ ဗိုလ်နေ၀င်းအားဖြုတ်ချပြီး ဗိုလ်ချုပ်ကြီး သူရ တင်ဦးကို ခေါင်းဆောင် ပြန်တင်ရန် ကြိုးစားခဲ့ရာ မျက်မှန်ကြီး ဗိုလ်တင်ဦးက လက်ဦးမှု ရရှိသွားတာကြောင့် မအောင်မြင်ဖြစ်ခဲ့ရ ပါတယ်။ ၁၉၇၆ ခုနှစ် မှိုင်းရာပြည့် အရေးအခင်းမှာလည်း ကျောင်းသားများက “ဗိုလ်ချုပ်ကြီး သူရ တင်ဦး သက်တော် ရာကျော် ရှည်ပါစေ” လို့ ဆုတောင်း ကြွေးကြော် ကြတဲ့အတွက် ဗိုလ်နေ၀င်းက ပိုမို ဒေါသူပုန်ထလာ ခဲ့ပါတယ်။

ဒါကြောင့် ဗိုလ်နေ၀င်းဟာ ဗိုလ်ချုပ်ကြီး သူရတင်ဦး အပေါ် အာဃာတ တရားကြီးမားစွာနဲ့ ၁၉၇၇ ခုနှစ် သြဂုတ်လ ၂၀ ရက်နေ့မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၇) နှစ် ချမှတ်ခဲ့ပါတယ်။ ဒီဖြစ်စဉ်တွေကြောင့် တပ်မတော် အတွင်း ကြီးမားစွာ ဂယက်ရိုက်သွားပြီး ကျေနပ်မှု မရှိကြလို့ ဗိုလ်နေ၀င်းဟာ တုန်လှုပ်သွားခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး သူရ တင်ဦးဟာ ၁၉၈၀ ခုနှစ်မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာကာ ဥပဒေ ပညာ ဆက်လက်သင်ကြားပြီး ဥပဒေဘွဲ့ ရရှိခဲ့ပြန်ပါတယ်။

၁၉၈၈ ခုနှစ် ပြည်သူလူထုကြီးရဲ့  တပါတီ အာဏာရှင်စနစ် ဆန့်ကျင် အုံကြွမှုကြီး ဖြစ်ပေါ်လာချိန်မှာတော့ ပြည်သူလူထု ကျောင်းသားလူငယ်များကို စစ်တပ်က ရက်စက်စွာ အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှုကို တွေ့မြင် ခဲ့ရတဲ့နောက် ပြည်သူ့ဘက်သို့ ရပ်တည်ဖို့ အဘ သူရ ဦးတင်ဦး အနေနဲ့ ဆုံးဖြတ်ခဲ့ပါတယ်။ တပ်မှူးကြီးဟောင်းများ ပါဝင်တဲ့ မျိုးချစ် ရဲဘော်ဟောင်းများ အဖွဲ့ကို ဖွဲ့စည်းပြီး ဆေးရုံကြီးရှေ့ က လူထု ဟောပြောပွဲကြီးမှာ စစ်အာဏာရှင် စနစ်ရဲ့  ဆိုးကျိုးများအား တရားဟောခဲ့ရာ ပြည်သူလူထုရဲ့  တခဲနက် ထောက်ခံမှုကို ရရှိခဲ့ပါတယ်။

၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ထဲကို ၀င်ရောက် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး NLD ဒုဥက္ကဋ္ဌ အဖြစ် ယနေ့ထိ တာဝန် ထမ်းဆောင်ရင်း ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တိုက်ပွဲကို ဆက်လက် ဆင်နွှဲခဲ့ပါတယ်။

၁၉၄၅ ခု မတ်လ ဖက်ဆစ်တော်လှန်ရေးကာလတွင် အဘ သူရဦးတင်ဦးဟာ ပဲခူး စခန်းမှူးကြီးရုံးမှာ ပြုလုပ်သော တပ်မှူးများ စစ်လေ့ကျင့်ရေး သင်တန်းကျောင်းဆင်း ညစာစားပွဲကို တက်ရောက်လာတဲ့ တပ်မတော်ရဲ့  ဖခင်၊ မြန်မာ့လွတ်လပ်ရေးဗိသုကာ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းနဲ့ အနီးကပ် ရင်းရင်းနှီးနှီး တွေ့ဆုံ စကားပြောခွင့် ရရှိခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက အဘဦးတင်ဦးဟာ ဗိုလ်ချုပ်အောင်ဆန်းကို လေးစားကြည်ညိုကာ အားကျ အတုယူပြီး တပ်တွင်းမှာလည်း စံနမူနာပြ ကျင့်ကြံနေထိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း အဘ သူရဦးတင်ဦးဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှာ ဗိုလ်ချုပ်လမ်းစဉ်ကို ဆက်လက် အကောင်အထည် ဖေါ်ခဲ့ခြင်းဖြစ်တယ်။

၁၉၈၉ ဇူလိုင် (၂၀) ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ အဘ သူရဦးတင်ဦးဟာ နေအိမ် အကျယ်ချုပ် ကျခံရပါသေးတယ်။ ၂၀၀၃ ခုနှစ် မေလ (၃၀) ရက်နေ့မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အဘ သူရ ဦးတင်ဦးဟာ ဒီပဲယင်း လူသတ်ပွဲမှာ အကြမ်းဖက်ခံရကာ အသက်ဘေးမှ သီသီလေး လွတ်မြောက်ခဲ့ပေမဲ့ ကလေးထောင်သို့ ပို့ဆောင်ခံရကာ ထောင်ချခံခဲ့ရပြန်ပါတယ်။

စစ်အာဏာရှင်တွေရဲ့  မတရား နှိပ်ကွပ်မှုကြောင့် ယနေ့အချိန်ထိ (၅) နှစ်ကျော် ဆက်တိုက် နေအိမ် အကျယ်ချုပ် ကျခံနေရကာ ယနေ့ဆိုရင် အသက် (၈၂) နှစ်ကျော် ရောက်ရှိနေပြီ ဖြစ်ပေမဲ့ အသက်ကြီးရင့်လာမှုကိုတောင် ဂရုမစိုက်ဘဲ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တိုက်ပွဲကို ရဲဝံ့စွာ အရှူံးမပေးဘဲ ဆက်လက် တိုက်ပွဲဝင်လျက် ရှိနေပါတယ်။ အဘ သူရဦးတင်ဦးရဲ့ ဖြူစင်တဲ့ နှလုံးသားနဲ့ သံမဏိ စိတ်ဓာတ်ကို အပိုင်း(၃)မှာ ဆက်လက် တင်ဆက် သွားပါမယ် ခင်ဗျား။

ဗိုလ်ချုပ်ကြီး သူရ တင်ဦးရဲ့  ဖြူစင်တဲ့ နှလုံးသားနဲ့

သံမဏိ စိတ်ဓာတ်...။

ယနေ့ တပ်မတော်က ဗိုလ်ချုပ်တွေဟာ အာဏာရှင် စနစ် အောက်မှာ တာဝန်ထမ်းဆောင်ရတာမို့ စစ်အာဏာ ရှင်တွေရဲ့  မှိုင်းငွေ့နဲ့လောင်းရိပ်မိကာ အာဏာရှင် လုံးလုံး ဖြစ်သွားရတာ များပါတယ်။ အာဏာရှင် ဖြစ်သွားပြီ ဆိုရင် အောက်ခြေ အရာရှိ စစ်သည်တွေရဲ့  ရပ်တည်ရေး၊ စားဝတ်နေရေး သက်သာ ချောင်ချိရေးတွေကို လစ်လျူရှုကာ အပေါ်ဖား အောက်ဖိ လုပ်လာကြပါတယ်။ လက်အောက်ငယ်သား တပ်မတော်သားတွေ အပေါ်မှာတောင် ကြည့်ရှူစောင့်ရှောက်ဖို့ အဲဒီလို ၀တ္တရား ပျက်ကွက်နေမှတော့ ပြည်သူလူထုကို ကြည့်ရှူ စောင့်ရှောက်ဖို့ ဝေလာဝေး ဆိုတာကိုလည်း နာဂစ်ကိစ္စမှာ သက်သေပြပြောနိုင်ပါတယ်။

စစ်သားတစ်ဦး ဖြစ်ပြီဆိုရင် လက်ဦးဆရာဆိုတာ အလွန် အရေးကြီးပါတယ်။ လက်ဦးဆရာရဲ့  အဆိုး အကောင်းပေါ် မူတည်ပြီး အတုမြင် အတတ်သင်ကာ သူ့ရဲ့  အနာဂတ်ကို ဖန်တီးတတ်ပါတယ်။ ဗိုလ်ချုပ်ကြီး သူရ တင်ဦးဟာ သူ့ရဲ့  လက်ဦး ဆရာဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ ဒုတိယ လက်ဦးဆရာများ ဖြစ်ကြတဲ့ ဗိုလ်မှူးကြီး ဗထူးနဲ့ ဗိုလ်မှူးချုပ် ကျော်ဇော စတဲ့ ဒိတ်ဒိတ်ကြဲ စံပြ စစ်ဗိုလ်ချုပ်များနဲ့ ထိတွေ့ ဆက်ဆံရကာ အမွေခံ ကောင်းများ ရရှိခဲ့တာကြောင့်လက်ရှိ အာဏာရှင်ဗိုလ်ချုပ်တွေနဲ့ လားလားမျှ မတူဘဲ ဗိုလ်ချုပ်ကြီး သူရ တင်ဦးဟာ မြန်မာ့တပ်မတော်မှာ စံပြ စစ်ခေါင်းဆောင် တဦး အဖြစ် ပြုမူလုပ်ဆောင် ရပ်တည်ပေးခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီး သူရ တင်ဦးဟာ သတ္တိပြောင်မြောက်သလို စစ်ရေးအရ ထူးချွန် ထက်မြက်ပုံကဖြင့် သူ့ရဲ့  ခန္ဓာကိုယ်မှာ ဒဏ်ရာဒဏ်ချက်တွေနဲ့ ပြည့်နှက်နေတာကိုက သက်သေပြလျက် ရှိနေပါတယ်။ သူ့ရဲ့  အင်္ကျီကို ချွတ်လိုက်တိုင်း ရဲဘော်တွေက သူ့ ခန္ဓာကိုယ်ရှိ အမာရွတ်များကို ကြည့်ပြီး မေးတဲ့အခါ သူ့ရဲဘော်တွေကို ဒီဒဏ်ရာကဖြင့် ဘယ်တိုက်ပွဲက ရခဲ့တာ၊ ဟို ဒဏ်ရာကတော့ ဘယ်သူ့ကို ကယ်ထုတ်ရင်းနဲ့ ရခဲ့တာ ဆိုပြီး ရှင်းပြတော့ ရဲဘော်တွေက လေးစားမှု အပြည့်နဲ့ သူ့ကို ငေးကြည့်ခဲ့ရဖူးပါတယ်။

တရုတ်ဖြူနဲ့ တိုက်တဲ့ တိုက်ပွဲမှာ သူကိုယ်တိုင် တပ်ရင်းမှူး တစ်ဦး ဖြစ်လျက်နဲ့ လက်အောက်ကို မလုပ်ခိုင်းဘဲ လက်ပစ်ဗုံး နှစ်လုံးကို ပင်ဖြုတ်ပြီး ရန်သူစခန်းကို သံမဏိ စိတ်ဓာတ် အပြည့်နဲ့ ရဲရဲဝံ့ဝံ့ ထိုးတက် တိုက်ခိုက်ကာ အနစ်နာခံ စံပြလုပ်ခဲ့တာမို့ “သူရဘွဲ့” ချီးမြှင့်ခြင်း ခံရပါတယ်။ ဒါကြောင့် ရဲဘော်တွေနဲ့ တန်းတူ ရှေ့ တန်းမှာ သေမင်းနဲ့အပြိုင် လုပ်ပြရဲတဲ့ သူ့ရဲ့ သတ္တိကြောင့် ရဲဘော်တွေရဲ့  လေးစားမှုကို အထူးခံရပါတယ်။

ဗိုလ်ချုပ်ကြီး သူရ တင်ဦးဟာ အရွယ်နဲ့ မလိုက်အောင် စာအလွန်ဖတ်ပြီး လေ့လာထားတာမို့ သူ့ထက် အသက်ပိုင်း ဆိုင်ရာ၊ ရာထူးပိုင်းဆိုင်ရာ ကြီးတဲ့ ဗိုလ်ချုပ်များနဲ့ ယှဉ်ပြီး စကားပြောရဲသည်အထိ စေ့စပ်သေချာ ပိုင်နိုင်လှသူ ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ဗိုလ်ချုပ်ကြီး သူရ တင်ဦးဟာ ရဲဘော်တွေနဲ့အတူတူ တ၀ိုင်းတည်း ခြင်းခတ် ကစားခဲ့ပြီး ပျော်ရွှင်မှု ဖန်တီးပေးခဲ့ပါတယ်။ တပ်တွေ စစ်ဆေးတဲ့အခါတိုင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ပီပီ ဟိတ်ဟန်နဲ့ မနေဘဲ သူ့ကို လူကြီးပီပီ သီးသန့် ဖယ်ပြီး အထူး ချက်ပြုတ်ပေးထားတဲ့ ထမင်းဟင်းကို ငြင်းပယ်ကာ ရဲဘော်တွေစားမဲ့ ထမင်းဟင်းကိုမှ မြိန်ရှက်စွာ စားသုံးတာဟာဖြင့် ရဲဘော်တွေရဲ့ နှလုံးသားကို ထိမှန် စေခဲ့ပါတယ်။

ရှေ့ တန်းမှာ ရဲဘော်တွေရဲ့  ငတ်ပြတ်နေတဲ့ ဒုက္ခဆင်းရဲ ကြုံတွေ့မှုကို နားလည်မှု အပြည့်ရှိတာကြောင့် မဆလ အစည်းအဝေးရဲ့  ဘတ်ဂျတ်ကိစ္စတွေမှာ ပြင်းထန်စွာ ဆန့်ကျင်ခဲ့သူ ဖြစ်ပါတယ်။ တိုက်ခိုက်ရေး ရိက္ခာထုတ်နဲ့ ရိက္ခာ နှစ်ဆပေးတဲ့ (Double Ration) အထူး အစီအစဉ် တစ်ရပ်ကို နယ်စွန်နယ်ဖျား တပ်များနဲ့ ရန်သူ စခန်းကြီးတွေကို တိုက်ရမဲ့ သက်စွန့်ကြိုးပမ်းသူများအတွက် ဗိုလ်ချုပ်ကြီး သူရ တင်ဦးက စီစဉ်ပေးခဲ့ပါတယ်။

ဒါ့အပြင် ဗိုလ်ချုပ်ကြီး သူရ တင်ဦး ဟာ ကြည်းတပ်က စစ်သည်များသာမက လေတပ်မှ တိုက်ပွဲဝင်ရင်း ကျဆုံး သွားရှာတဲ့ အရာရှိများရဲ့  အသုဘ ဈာပန ခရီးစဉ်မှာ အားပေးနှစ်သိမ့် ပေးပုံကဖြင့် “စံ” တင် လောက်ပါတယ်။ ရွှေကျင် ဧရိယာ စစ်ဆင်ရေး တာဝန်ထမ်းဆောင်ရင်း လေတပ်မှ T 33 ဂျက်လေယာဉ် ၅ စီး စလုံး ပျက်ကျ သွားခဲ့ရာ ကျဆုံးသွားရှာတဲ့ လေယာဉ်ပေါ်ရှိ လေသူရဲများရဲ့  ဈာပနာ အခမ်းအနားကို မင်္ဂလာဒုံ လေတပ်စခန်းမှာ ကျင်းပခဲ့ပါတယ်။

လေသူရဲ အလောင်း တစ်လောင်းစီကို အမြောက်ဆွဲယာဉ် တစီးစီနဲ့ ဂုဏ်ပြုတဲ့အနေနဲ့ (၅) မိုင်ခန့် ဝေးတဲ့ မင်္ဂလာဒုံ စစ်သင်္ချိုင်းကို လမ်းလျှောက် လိုက်ပို့ခဲ့ပါတယ်။ အဲဒီမှာ ဗိုလ်ချုပ်ကြီး သူရ တင်ဦးဟာ တပ်ချုပ် ဖြစ်တာမို့ ကိုယ်ရေးအရာရှိနဲ့ စစ်ဦးစီး အရာရှိများက လုံခြုံရေး အရ ရော သက်သာမှု ရှိစေရန် အတွက်ပါ လူအုပ်ကြီးရဲ့  နောက်မှ ကားဖြင့်သာ လိုက်ဖို့ တင်ပြခဲ့ရာ လက်မခံဘဲ ပယ်ချပြီး ပူဆွေးသောက ဖြစ်နေတဲ့ မိသားစုဝင်တွေနဲ့ အတူတူ လမ်းလျှောက်ခဲ့သူ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီး သူရ တင်ဦးဟာ နေပူပူ လမ်းမကြီးပေါ်မှာ ချွေးသံတရွဲရွဲ ဖြစ်နေပြီး မိသားစုနဲ့အတူ အားပေးကာ ဂုဏ်ပြုခဲ့သူ ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီး သူရ တင်ဦးကို ဗိုလ်နေ၀င်းတို့က အရေးယူလိုက်တဲ့အပေါ်မှာ တပ်ထဲမှာ ရှိတဲ့ အရာရှိ စစ်သည် အများစုဟာ ပူဆွေးသောက ဖြစ်ကုန်ကြပါတယ်။ တိုင်းမှူး အဆင့်မှာတောင် စစ်အာဏာရှင်တွေကို ဘ၀င်မကျဖြစ်ကုန်ပြီး တပ်တွင်း ပုန်ကန်မှု ပြုလုပ်ခဲ့တဲ့ ဗိုလ်ကြီး အုံးကျော်မြင့်ရဲ့  အုပ်စု ထဲမှာ မပခ တိုင်းမှူး ဗိုလ်မှူးကြီး လှဖေတောင် ပါဝင်ရတဲ့အထိ တွေ့မြင်ရပါတယ်။

ဒါကြောင့် တပ်ရင်းတွေကို စစ်အာဏာရှင်တွေဟာ မျက်လုံးပြူး မျက်စံပြာနဲ့ လူကိုယ်တိုင် သွားရောက်ပြီး လည်းကောင်း၊ တိတ်ခွေနဲ့ လည်းကောင်း၊ “ဒါဘာ” မှာလည်းကောင်း၊ ဗိုလ်ချုပ်ကြီး သူရ တင်ဦး ကိစ္စကို ရှင်းလင်းပွဲများ အလျှင်အမြန် ပြုလုပ်ကာ အရာရှိ စစ်သည်တွေကို ချော့မော့ပြောဆို ခဲ့ရပါတယ်။ ဗိုလ်ကြီး အုံးကျော်မြင့်ဟာ ဗိုလ်ချုပ်ကြီး သူရ ကျော်ထင်ရဲ့  ကိုယ်ရေးအရာရှိ PA ဖြစ်ပြီး သူ့ရဲ့  ဆရာ စစ်ဦးစီးချုပ် မျက်နှာ ကိုတောင် မထောက်ထားဘဲ ဗိုလ်ချုပ်ကြီး သူရ တင်ဦးအား စစ်အာဏာရှင်တွေကို ဖြုတ်ချပြီးရင် ခေါင်းဆောင် ပြန်တင်ဖို့ စီစဉ်ခဲ့သူ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်ကို သုံးသပ်ကြည့်ရင် ဗိုလ်ချုပ်ကြီး သူရ တင်ဦးရဲ့  ဖြူစင်တဲ့ နှလုံးသားနဲ့ ရဲရင့်တဲ့ သံမဏိ စိတ်ဓာတ်တွေဟာ အာဏာအရှိဆုံးသူတွေရဲ့  အပါးတော်မြဲ PA ဗိုလ်ကြီး အုံးကျော်မြင့်ရဲ့  နှလုံးသားကိုတောင် ရိုက်ခတ်ခဲ့တာမို့ တပ်မတော်သား တစ်ရပ်လုံးရဲ့  ရင်ထဲ အသည်းထဲမှာလည်း ကဗျည်းအက္ခရာထိုးထားတဲ့ စစ်ခေါင်းဆောင် တစ်ဦးသာ ဖြစ်ပါကြောင်း ကျွန်တော် ကိုဖိုးတရုတ်မှ မှတ်တမ်းတင် ဂုဏ်ပြု အလေးပြုရင်း တင်ဆက်လိုက်ရပါတယ် ခင်ဗျား။

ကိုဖိုးတရုတ် ဘလော့မှ ပြန်လည် မျှဝေခြင်းသာဖြစ်ပါတယ်ရှင်..။ဗိုလ်ထက်မင်း ကိုလဲကျေးဇူးတင်ပါတယ်ရှင်..။


ယနေ့ ကျရောက်တဲ့ ဘဘဦးတင်ဦး ဇနီး ဒေါက်တာတင်မိုးဝေ
တို့ရဲ့ နှစ်(၅၀) ပြည့်ရွှေရတု မွေးနေ့ မှနေပြီး ဘဘဦးတင်ဦးရဲ့ ရည်မှန်ချက်ပန်းတိုင်
သို့ အမြန်ဆုံးရောက်ရပါစေလို့ ဆုတောင်းရင်းနဲု့ မှတ်မှတ်ရရ
အဖြစ် ဂုဏ်ပြုလိုက်ပါတယ်ရှင် ...။

ကျမ မြတ်လေးငုံ ကပြန်လည်ပြီးမျှဝေလိုက်ခြင်းဖြစ်ပါတယ်ရှင်..။ဘဘဦးတင်ဦးအား
မြတ်လေးငုံဘလော့မှ ထပ်မံ ပြီးဖော်ပြပေးခြင်းသာဖြစ်ပါတယ်..။ကျမ ဘဝတွင်
ဘယ်တော့မှာ မမေ့သင့်သော ဘဘဦးတင်ဦး အား မြတ်လေးငုံ ဘလော့မှအမှတ်တရ
အနေဖြင့် ဂုဏ်ပြုလိုက်ပါသည်..။

မြတ်လေးငုံ..။
Read More ...
Thank ...

No comments: