-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Thursday, November 5, 2009

အမေရိကန်ကိုယ်စားလှယ်အဖွဲ့ မြန်မာပြည်မှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအပြည့်အဝ ထွန်းကားဖို့နဲ့ အစိုးရနဲ့ အတိုက်အခံတို့ တွေ့ဆုံနိုင်ဖို့ ရည်ရွယ်။







လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့်မြန်မာနိုင်ငံကို ရောက်ရှိနေသည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရှေ့အာရှနှင့်ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ်ကမ်ဘဲလ်နှင့် ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး စကော့မာရှယ်တို့ ဦးဆောင်သည့် အမေရိကန်အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဝင်(၄)ဦးတို့ ယနေ့မနက် ၁၁နာရီမှ ၁နာရီအထိ အင်းလျားလိတ်ဟိုတယ်တွင် (၂)နာရိကြာ တွေ့ဆုံဆွေးနွေးခဲ့ပြီး၊ နေ့လည်(၃)နာရီခွဲမှ(၄)နာရီခွဲ အထိ အမျိုးသားဒီမိုကရေစီအဖွဲချုပ် ရုံးခန်း၌ အဘဦးဝင်းတင်၊ ဦးခင်မောင်ဆွေအပါအဝင် အဖွဲ့ချုပ်CEC (၆)ဦးနှင့် (၁)နာရီကြာထပ်မံ တွေဆုံခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။


" ဒီနေ့ မနက်(၁၁)နာရီကနေ နေ့လည်(၁)နာရီအထိ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှနှင့်ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာကာ့တ်ကမ်ဘဲလ်င့်တို့ ကိုယ်စားလှယ်အဖွဲ့ဝင်(၄)ဦးတို့ (၂)နာရီကြာ အင်းလျားလိတ်ဟိုတယ်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးတဲ့ အကြောင်းအရာတွေတော့ မသိရပါဘူး။ နေ့လည်(၃)နာရီခွဲကနေ(၄)နာရီအထိ အဖွဲ့ချုပ်ရုံးမှာ မစ္စတာကာ့တ်ကမ်ဘဲလ် တို့ကိုယ်စားလှယ်လေးဦးရယ် ဒီကဋ္ဌာနေကိုယ်စားလှယ် နှစ်ဦးရယ် ပေါင်း(၆)ဦးနဲ့ ဦးဝင်းတင်၊ ဦးခင်မောင်ဆွေအပါအဝင် အဖွဲ့ချုပ်CEC (၆)ဦးနဲ့ ထပ်မံတွေဆုံပါတယ်။ အန်ကယ်လည်းပါပါတယ်။ သူတို့လာတဲ့ ကိစ္စနဲ့ပတ်သတ်ပြီး အကျိုးစီးပွားကို သိပ်တော့မပြောပါဘူး။ အခုမှ အစပဲရှိသေးတာရယ်၊ နောက်ဆက်လုပ်ရမယ့် အလုပ်တွေကရှိသေးတာရယ် အခြေအနေက မဆုံးသေးတာရယ်ကြောင့်ပါ။

အဓိက သူတို့ရည်ရွယ်ချက်က မြန်မာပြည်မှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအပြည့်အဝ ထွန်းကားဖို့နဲ့ မြန်မာပြည်အတွင်းနိုင်ငံသား အချင်းချင်း အစိုးရနဲ့ အတိုက်အခံတို့ တွေ့ဆုံနိုင်ဖို့ ရည်ရွယ်တယ်လို့ ပြောဆိုပါတယ်။ သူတို့ဘက်က လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာကာ့တ်ကမ်ဘဲလ် တစ်ယောက်ပဲအဓိကပြောဆိုပါတယ်။ အဖွဲ့ချုပ်ရုံးမှာ တွေ့ခွင့်ရတဲ့အတွက် အန်ကယ် ဦးဝင်းတင်၊ ဦးခင်မောင်ဆွေတို့ ပထမဆုံးအကြိမ်အဖြစ် နိုင်ငံခြားသံတမန်တွေနဲ့ တွေ့ဆုံခွင့်ရတာပါ။ မကြာခင်အချိန်မှာ ထပ်လာဦးမယ်လို့ ပြောသွားပါတယ်။ သူတို့ဒီနေ့ ညနေ(၆)နာရီခွဲ ပြန်ဘို့စီစဉ်ထားပေမယ့် နေပြည်တော်က ထွက်လာတာနောက်ကျတဲ့ အတွက်ကြောင့် (၇)နာရီခွဲမှ ပြန်ဖြစ်မယ်ပြောပါတယ်။ လေဆိပ်မှာ သတင်းစာရှင်းလင်းပွဲ လုပ်မယ်ပြောပါတယ်" ဟုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

အိုဘားမားအစိုးရ၏ မြန်မာပြည်နှင့် ပတ်သတ်တဲ့ နိုင်ငံခြားရေးဆိုင်ရာ မူဝါဒအသစ်ချမှတ်သည့် အချိန်မှစ၍ မြန်မာစစ်အစိုးရနှင့် အမေရိကန်အစိုးရကြား ထိတွေ့ဆက်ဆံမှု ပိုမိုများပြားလာပါတယ်။ ယခုအကြိမ်လာရောက်မှုသည် ၁၉၉၅ခုနှစ်က အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး မက်ဒလင်း အောဘရိုက် လာရောက်ပြီးသည့် နောက်ပိုင်း ပထမဆုံးအကြိမ် အမေရိကန် အစိုးရ၏ အဆင့်မြင့် ကိုယ်စားလှယ်များ လာရောက်တွေ့ဆုံမှုဖြစ်ပါတယ်။

သတင်း....ဒီမိုဝေယံ။..။

No comments: