
Published on July 1, 2011 by အေးနိုင် · No Comments
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရတပ်တွေအကြား တိုက်ပွဲတွေ ကျယ်ပြန့်လာနေတာကို အထူးစိုးရိမ်ပူပန်တယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မတီ (စီအာပီပီ) ပြောခွင့်ရ ဦးအေးသာအောင်က ပြောပါတယ်။
ဦးအေးသာအောင်
ကချင်ပြည်နယ်မှာ အစိုးရနဲ့ ကေအိုင်အကြား တဖက်နဲ့တဖက် တွေ့ဆုံဆွေးနွေးတဲ့အပေါ် ဝမ်းမြောက်ပေမယ့် ကျန်တိုက်ပွဲဖြစ်တဲ့အဖွဲ့တွေကိုလည်း ဒီလိုပဲဆွေးနွေးပြီး တတိုင်းပြည်လုံးသဘောဆောင်တဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးရအောင် ဆောင်ရွက်ဖို့ သူက တိုက်တွန်းပါတယ်။
“အခုလို လက်နက်ကိုင်တိုက်ပွဲတွေ ကျယ်ပြန့်လာတဲ့အခါမှာ ကျနော်တို့ အနေနဲ့ အထူးစိုးရိမ်တယ်။ အခု လက်တလောအနေနဲ့ ကချင်ပြည်နယ်မှာ တွေ့ဆုံဆွေးနွေး တာတွေ ကြားရတော့လည်း ဒါကို ကျနော်တို့က ဝမ်းသာတယ်။ ဒါပေမယ့် ဒီ ဆွေးနွေးရုံနဲ့ မပြီးသေးဘူး။ ကချင်ပြည်နယ်တခုတည်းမှာ ဆွေးနွေးတာထက်စာရင် တပြည်လုံးအတိုင်းအတာနဲ့ အပစ်ခတ်ရပ်စဲပြီးတော့ ဆွေးနွေးဖို့ လိုမယ်။ ပြီးတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံးနဲ့ အပြန်အလှန် ယုံကြည်မှုကို တည်ဆောက်ပြီးတော့ တကယ့် စစ်မှန်တဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို တည်ဆောက်ဖို့ လိုမယ်။ ပြည်တွင်းစစ်ကို ရပ်စဲပြီးတော့ တတိုင်းပြည်လုံး အမျိုးသား ပြန်လည်သင့်မြတ်ရေးကနေ စစ်မှန်တဲ့ပြည်ထောင်စုကို တည်ဆောက်နိုင်မှသာ တကယ့်ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံကို တည်ဆောက်နိုင်မယ်လို့ ကျနော်တို့က ယုံလည်း ယုံကြည်တယ် ဒီအတိုင်းပဲ၊ အားလုံးကို ကျနော်တို့က တိုက်တွန်းလိုပါတယ်။”
ဒီကနေ့ကျင်းပတဲ့ စီအာပီပီအစည်းအဝေးမှာ လက်ရှိနိုင်ငံရေးအခြေအနေတွေ၊ ပင်လုံနဲ့ပြည်ထောင်စုစိတ်ဓာတ်ဆိုတဲ့ ခေါင်းစဉ်နဲ့ စာတမ်းဖိတ်ခေါ်မှုတွေကို ဆွေးနွေးပါတယ်။ စီအာပီပီလုပ်ငန်းတွေမှာ လူငယ်တွေကို တွဲခေါ်ဖို့ ကိစ္စကိုလည်း ဆွေးနွေးကြတယ်လို့ ဦးအေးသာအောင်က ပြောပါတယ်။
ဒီလုပ်ဆောင်ချက်ဟာ အဖွဲ့ဝင်အတိုးအလျော့ကိစ္စ မဟုတ်သလို စီအာပီပီကို ချဲ့ထွင်တာလည်း မဟုတ်ဘဲ စီအာပီပီရဲ့ လက်တွေ့လုပ်ငန်းနယ်ပယ်တွေမှာ လူငယ်တွေကို လုပ်ဆောင်စေဖို့ ဖြစ်တယ်လို့ ရှင်းပြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြို့ပြင်ထွက်မယ့်ကိစ္စနဲ့ ပတ်သက်လို့ စိုးရိမ်ပူပန်မှုတွေ ထွက်ပေါ်နေတဲ့အပေါ် မေးမြန်းချက်ကို ဦးအေးသာအောင်က မကြာခင်သွားမယ့် ခရီးစဉ်ဟာ မိသားစုခရီးစဉ် ဖြစ်တာကြောင့် အထွေအထူးပြောစရာမရှိပါဘူးလို့ ပြောပါတယ်။
ကနဦးပိုင်းတုန်းက နယ်မြို့တွေကိုသွားမယ့်ခရီးစဉ်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအတွက် စိုးရိမ်ပူပန်တာ မှန်ပေမယ့် နိုင်ငံရေးခေါင်းဆောင်တဦးအနေနဲ့ လုပ်သင့်လုပ်ထိုက်တာကို လုပ်တယ်လို့ မြင်ပါတယ်လို့ ဦးအေးသာအောင်က ပြောပါတယ်။
“အခု သွားမယ့် ခရီးစဉ်ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့သားက ဘုရားဖူး သက်သက်သွားမှာပါ။ ဒီခရီးစဉ်နဲ့ ပတ်သက်လို့တော့ ကျနော်တို့ ဘာမှ အထွေအထူး ပြောစရာ မရှိပါဘူး။ ဒါပေမယ့် အရင်က ကျနော်တို့ ပြောခဲ့သလိုပေါ့။ ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပါတီ ခေါင်းဆောင် တယောက်လည်း ဖြစ်တဲ့အတွက်ကြောင့် နိုင်ငံရေးအရ ဆောင်ရွက်တဲ့ နေရာမှာ လိုအပ်တဲ့ နေရာတွေကို ခရီးထွက်ခဲ့တာတွေက ယခင့် ယခင်ကလည်း ရှိတယ်။ အခု ထွက်ဖို့အတွက် စီစဉ်တာနဲ့ ပတ်သက်လို့လည်း ကျနော်တို့ အနေနဲ့ကတော့ စိုးရိမ်ရတာ တပိုင်းပေါ့လေ။ ဒါပေမယ့် ဒါ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ကို လုပ်တယ်လို့ပဲ ကျနော့်အနေနဲ့ မြင်ပါတယ်။”
DVB
No comments:
Post a Comment