-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Tuesday, December 15, 2009

ဒေါ်အောင်ဆန်းစုကြည် ရှေ့နေနှင့် တွေ့မည်၊ အဖွဲ့ချုပ် ခေါင်းဆောင်များနှင့်လည်း တွေ့ခွင့်ရဖွယ်ရှိ



Tuesday, 15 December 2009 13:50 ကိုထွေး

အယူခံနှင့်ပတ်သက်သော ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုလျှောက်လဲချက်အတွက် တွေ့ဆုံဆွေးနွေးရန် ဒေါ်အောင်ဆန်းစုကြည်ကို ယနေ့ ညနေပိုင်းတွင်သွားရောက် တွေ့ဆုံမည် ဖြစ်ကြောင်း ရှေ့နေဖြစ်သူ ဦးဉာဏ်ဝင်းက ပြောသည်။

ပြစ်မှုဆိုင်ရာ ပြင်ဆင်မှု လက်ခံရေးအတွက် တရားရုံးချုပ်၌ လာမည့် ၂၁ ရက်နေ့တွင် လျှောက်လဲချက် ပေးရမည်ဖြစ်သဖြင့် ယင်းကဲ့သို့ သွားရောက်တွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။

“ဒီနေ့ ညနေပိုင်းလောက်မှာ တွေ့မယ်၊ တရားရုံး ရှေ့နေကိစ္စ” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်များ ဖြစ်သည့် ဦးအောင်ရွှေ၊ ဦးလွင်၊ ဦးလွန်းတင်တို့နှင့် တွေ့ဆုံခွင့်ပေးရန် ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီနှင့် ရဲမှူးကြီး တို့သည် ယမန်နေ့ နံနက်ပိုင်းက သဘောထားများ လာရောက် မေးမြန်းခဲ့ကြောင်း NLD ပြန်ကြားရေး တာဝန်ခံ ဦးခင်မောင်ဆွေက ဆိုသည်။

“ဒေါ်စုနဲ့တွေ့ဖို့ရာ တနေရာတည်းမှာ ၃ ဦး ကန့်တော့ ခံမယ်ဆိုရင် ဘယ်လို သဘောရလဲ လာမေးတယ်၊ ဗုဒ္ဓ ဘာသာထုံးစံရှိပါတယ် ကန်တော့ခံတယ် ဆိုတာက ကန်တော့ ခံတဲ့သူဆီကို ကန်တော့မယ်သူက လာရရိုး ထုံးစံ ရှိပါတယ် သီးခြားစီ ကန်တော့ခံချင်ပါတယ်လို့ ပြန်ပြောလိုက်တယ်တဲ့၊ ဒါပေမဲ့ ဒေါ်စု သဘောထားက အားလုံးကို တွေ့ပြီးတော့မှ ကန်တော့ဖို့ လုပ်မယ် ဆိုရင်လည်းပဲ ငြင်းစရာ မရှိပါဘူးလို့ ပြန်ကြားလိုက်တယ် ဆိုတော့ ဗိုလ်ချုပ် ခင်ရီက ဒေါ်အောင်ဆန်းစုကြည် နဲ့ သွားတွေ့မယ်လို့ ပြောသွားတယ်” ဟု ၎င်းက ပြော သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့ ဒီဇင်ဘာလ ၉ ရက်နေ့က ရန်ကုန်မြို့ရှိ အစိုးရ ဧည့်ဂေဟာတွင် ၄၅ မိနစ်ကြာ တွေ့ဆုံခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ ဦးအောင်ရွှေ၊ ဦးလွင်၊ ဦးလွန်းတင်တို့နှင့် တွေ့ဆုံရန် အာဏာပိုင်တို့က စီစဉ်နေခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် နိုဝင်ဘာ ၁၁ ရက်နေ့ကလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရရန် ဒုတိယ စာတစောင် ရေးသားပေးပို့၍ ကျန်းမာရေး ချွတ်ယွင်း နေသော NLD ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် များဖြစ်သည့် ဦးအောင်ရွှေ၊ ဦးလွင်နှင့် ဦးလွန်းတင် တို့ကို သွားရောက် ဂါရ၀ပြု ကန်တော့ခွင့် ပေးရေး တောင်းဆိုထားသည်။

ထို့အပြင် NLD ဒုဥက္ကဋ္ဌ ဦးတင်ဦး အပါအ၀င် ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် တွေ့ဆုံခွင့် ပေးရေး၊ စစ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ခွင့်ရရေး၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့် ပြုရေး တို့လည်း ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုထားသည်။

ဦးဉာဏ်ဝင်းက“ဒီလို တွေ့ခွင့်ရတာ ကောင်းတဲ့လက္ခဏာပါပဲ၊ စကားတွေပြောဖို့လည်း ခွင့်ပေးမှာပါ၊ ကျနော် ခန့်မှန်းတာကတော့ တပတ်အတွင်း ဖြစ်မှာပါ” ဟု ဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြား ရေးဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ် ဦးဆောင်သည့် အမေရိကန် ကိုယ်စားလှယ် အဖွဲ့ ခရီးစဉ်အတွင်း ယင်း အဖွဲ့နှင့် မတွေ့ဆုံမီ ဦးတင်ဦးကို ချန်လှပ်၍ NLDဗဟို အလုပ် အမှုဆောင်အဖွဲနှင့် တွေ့ဆုံရန် အစိုးရက စီစဉ်ပေး သော်လည်း ဒေါ်အောင်ဆန်း စုကြည်က ကျေနပ်မှုမရှိသဖြင့် ငြင်းပယ်ခဲ့သည်။

No comments: