-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Wednesday, December 16, 2009

အန်အယ်လ်ဒီခေါင်းဆောင် (၃) ဦးကို ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဂါရ၀ပြု


အန်အယ်လ်ဒီခေါင်းဆောင် (၃) ဦးကို ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဂါရ၀ပြု
NEJ / ၁၆ ဒီဇင်ဘာ ၂၀၀၉


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဥက္ကဋ္ဌ ဦးအောင်ရွှေအပါအ၀င် ဗဟိုအလုပ်အမှုဆောင် (၃) ဦးကို ဒေါ်အောင်ဆန်းစုကြည်က ယနေ့ နံနက်ပိုင်း၌ စိမ်းလဲ့ကန်သာဧည့်ရိပ်သာတွင် တွေ့ဆုံဂါရ၀ပြုခဲ့သည်ဟု အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောသည်။

၎င်းက “ကျနော်သိရသလောက်တော့ မနက် (၁၁) နာရီက (၁၂) နာရီထိပါ။ စိမ်းလဲ့ကန်သာဧည့်ရိပ်သာမှာ ဒေါ်အောင်ဆန်းစုကြည်က အရင်ဆုံးရောက်ပါတယ်။ နောက် ဦးအောင်ရွှေ၊ ဦးလွင်၊ ဦးလွန်းတင်တို့က ရောက်လာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က အဲဒီက ကြိုဆိုပြီးတော့ အဲဒီပုဂ္ဂိုလ် (၃) ဦးကို လှူဖွယ်ပစ္စည်းတွေနဲ့ ကန်တော့ပါတယ်” ဟု ပြောသည်။

ဒီဇင်ဘာ (၁၄) ရက်တွင် နအဖစစ်အစိုးရ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဦးအောင်ရွှေနေအိမ်သို့ သွားရောက်ကာ ဒေါ်အောင်ဆန်းစုကြည်အား ဂါရ၀ပြုရေးအစီအစဉ်နှင့်ပတ်သက်၍ သဘောထားမေးမြန်းခဲ့ပြီးနောက် ဦးအောင်ရွှေ၊ ဦးလွင်နှင့် ဦးလွန်းတင်တို့ (၃) ဦးကို တနေရာတည်းတွင် စုစည်း၍ ဒေါ်အောင်ဆန်းစုကြည်က ဂါရ၀ပြုခွင့် ရရှိခြင်းဖြစ်သည်။

အန်အယ်လ်ဒီမှ ခေါင်းဆောင်ကြီး (၃) ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် သီးခြားတွေ့ဆုံစကားပြောကြားခွင့် ရသည်ဟုလည်း ဦးဉာဏ်ဝင်းက ပြောသည်။

၎င်းက “ဒီနေ့ သူတို့ (၄) ယောက်က သီးခြားစကားပြောကြတယ်လို့ သိရပါတယ်။ ကျနော်သိသလောက်တော့ အန်ကယ်ဦးလွန်းတင်က ဒေါ်စုရဲ့ အခုရပ်တည်ချက် နိုင်ငံရေးဆောင်ရွက်ချက်အားလုံးကို ထောက်ခံတယ်။ အဲဒီတော့ ဆက်လုပ်ပါလို့ အားပေးခဲ့တယ်လို့ သိရပါတယ်” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ယခုကဲ့သို့ အသက်အရွယ်ကြီးသူ အန်အယ်လ်ဒီ ခေါင်းဆောင်ကြီး (၃) ဦးအား တွေ့ဆုံကာ ဂါရ၀ပြုရသည့်အတွက် အင်မတန် ကျေနပ်ဝမ်းသာဖြစ်နေသည်ဟု သိရကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

“ဒေါ်စုက ပြန်လာတဲ့အခါမှာ သူတော်တော်ကျေနပ်တယ်ဆိုတာ ကျနော်သိရတယ်။ နောက်ပြီးတော့ လူကြီးတွေကို သူမတွေ့ရတာကြာပြီး တွေ့ရလို့ အထူးဝမ်းမြောက်ဝမ်းသာရှိတယ်ဆိုတာ ကျနော်သိရပါတယ်” ဟု ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့သည့် နိုဝင်ဘာ (၁၁) ရက်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ပေးပို့သည့်စာတွင် ကျန်းမာရေးအရ မိမိတို့နေအိမ်အသီးသီးတွင်သာ နေထိုင်လျက်ရှိကြသော အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင်နှင့် အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးလွန်းတင်တို့ကို ၎င်းတို့နေအိမ်အသီးသီးတွင် သွားရောက်ဂါရပြု ကန်တော့လိုသည့်အတွက် စီစဉ်ဆောင်ရွက်ပေးပါရန် ထည့်သွင်းမေတ္တာရပ်ခံခဲ့သည်။

No comments: