ကြာသပတေး, 17 မတ် 2011
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီ ခေါင်းဆောင် ၂ ဦးနဲ့ ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။ NDF ပါတီနဲ့ ပတ်သက်တာတွေကို ဒေါ်အောင်ဆန်းစုကြည်က စိတ်ဝင်တစား မေးမြန်းခဲ့တယ်လို့ တွေ့ဆုံပွဲမှာ ပါဝင်ခဲ့တဲ့ NDF ခေါင်းဆောင်တဦးက ဗွီအိုအေကို ပြောပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ စုံစမ်းထားတဲ့ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ NLD ကနေ ခွဲထွက်သွားတဲ့ NDF ပါတီ ခေါင်းဆောင် ၂ ယောက်နဲ့ NLD ဒုတိယဥက္ကဋ္ဌ ဦးတင်ဦး နေအိမ်မှာ မတ်လ ၁၇ ရက် ညနေပိုင်းက တွေ့ဆုံခဲ့တာပါ။ ဦးတင်ဦးနေအိမ်မှာ ဖြစ်ပေမဲ့ တွေ့ဆုံပွဲမှာ ဦးတင်ဦး မပါဘဲ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဦးဝင်းထိန် ပါဝင်ခဲ့ပြီး NDF ပါတီဘက်က ဦးခင်မောင်ဆွေနဲ့ ဒေါက်တာသန်းငြိမ်းတို့ ပါဝင်ခဲ့ပါတယ်။
ဒီတွေ့ဆုံပွဲကို အစည်းအဝေးလို့ ခေါင်းစဉ်မတပ်ဘဲ သာမန်တွေ့ဆုံပွဲ အဖြစ်ပဲ ဦးခင်မောင်ဆွေက ပြောခဲ့ပါတယ်။
“ကျနော်တို့ NLD တုန်းက ဖြစ်ပျက်ခဲ့တဲ့ဟာတွေကို ရှင်းပြတာရယ်၊ ကျနော်တို့ပါတီ NDF ရဲ့ အကြောင်းအရာတွေ သူသိချင်တာတွေ မေးတာ ဖြေရပါတယ်။ ပြီးတော့ လွှတ်တော်ထဲမှာ ကျနော်တို့ NDF ရဲ့ လုပ်နိုင်ကိုင်နိုင်ချေတွေ ဘယ်လောက်ရှိလဲ ဆိုတာကို မေးတာလည်း ဖြေရပါတယ်။ အဲဒီလောက်ပါပဲဗျ။ ကျန်တာကတော့ အလာပ သလာပ ရှေးဟောင်းနှောင်းဖြစ်တွေရော၊ ဒီလောက်ပါပဲ။”
NDF ခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အခုတကြိမ် တွေ့ဆုံတာဟာ ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်တုန်းကတော့ နိုင်ငံရေးကိစ္စတွေ၊ ပါတီကိစ္စတွေ ဘာမှမပါဘဲ သာမန် လူမှုရေး ကိစ္စတွေပဲ ပြောဆိုခဲ့ကြတယ်လို့ ပြောခဲ့ဖူးပါတယ်။ အခုတကြိမ်မှာ ဒေါ်အောင်ဆန်းစုကြည်က NDF ပါတီနဲ့ ပတ်သက်လို့ ပိုပြီး စိတ်ဝင်တစား မေးမြန်းခဲ့သလို တွေ့ဆုံပွဲအပေါ် အားရ ကျေနပ်တယ်လို့ ဦးခင်မောင်ဆွေက ပြောပါတယ်။
“သူကလည်း သိချင်တယ်ဗျ၊ ကျနော်တို့ ပါတီတွင်းကိစ္စနဲ့ ပတ်သက်ပြီး သူကလည်း သိချင်စရာတွေ ဖြစ်လာတာကိုး။ လွှတ်တော်ထဲမှာ ပြောတာ ဆိုတာတွေ ကြားနေတာကိုး။ ရယ်စရာ မောစရာတွေနဲ့ ကျနော်တို့ကို နောက်တာလည်း ရှိတာပေါ့။ နောက်တာလည်း ရှိတယ်၊ အပြစ်တင်တာလည်း ရှိတာပေါ့ဗျာ။ အရမ်းကောင်းပါတယ်။ ကျနော်တို့ခေါင်းဆောင်ပဲဗျာ။
“အခုလည်း ကျနော်တို့က တွေ့တဲ့အခါမှာ နိုင်ငံရေးအရရော၊ လူမှုရေးအရရော အားလုံး ခင်ခင်မင်မင် ဖွဲ့ဖွဲ့စည်းစည်း ရှိပါတယ်၊ ပြောရဆိုရတာ။ သူလည်း တော်တော်များများကြီး နားလည်နေပါတယ်။ အားလုံးရဲ့ အခြေအနေကို ခြုံငုံပြီး သိနေပါတယ်။ အင်အားအပေါ်ကို နားလည်လာလေ ကျနော်တို့အပေါ်ကို ပိုပြီး အမြင်ရှင်းလာလေပေါ့။ ပြီးတော့ သဘောပေါက်တာကို သိရတဲ့အတွက် ကျနော် ၀မ်းသာစရာ ဖြစ်ပါတယ်။”
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က မလွတ်မြောက်ခင်လေးမှာ ၂၀၁၀ ရွေးကောက်ပွဲဝင်ရေး မ၀င်ရေးနဲ့ ပတ်သက်လို့ သဘောထား ကွဲလွဲပြီး ဦးခင်မောင်ဆွေတို့က ခွဲထွက်သွားပြီးတော့ NDF ပါတီကို ထူထောင်ခဲ့တာပါ။ အဲဒီအချိန်တုန်းက နှစ်ဘက်အကြား အပြန်အလှန် စကားစစ်ထိုး တိုက်ခိုက်တာတွေ ရှိခဲ့ဖူးပါတယ်။
အခုအခြေအနေမှာတော့ NLD က ရွေးကောက်ပွဲ မ၀င်တဲ့အတွက် မြန်မာစစ်အစိုးရရဲ့ ဥပဒေအရ တရားဝင် နိုင်ငံရေးပါတီ တခုအဖြစ် ဆက်ရှိမနေတော့ဘဲ NDF ကတော့ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေလည်း ရှိနေတဲ့ တရားဝင် နိုင်ငံရေးပါတီတခု ဖြစ်ပါတယ်။ NLD အနေနဲ့ ပါတီ တရားဝင် ရပ်တည်ရေးကိစ္စ မြန်မာတရားရုံးတွေရဲ့ ဆုံးဖြတ်ချက်ဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းပါ အချက်တွေကို ချိုးဖောက်တယ်ဆိုပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို တင်ပြဖို့ ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။
ဗွီအိုအေသတင်း
Friday, March 18, 2011
Thursday, March 17, 2011
အင်န်အယ်ဒီဆိုတာ အများအတွက် အများနဲ့ သက်ဆိုင်တဲ့အဖွဲ့အစည်း

ပထမမေးချင်တာကတော့ မြန်မာပြည်မှာ နိုင်ငံရေးလှုပ်ရှားတက်ကြွမှု ရေခံ မြေခံအတွက် ဘာတွေ ရှိနေပြီလဲ။ အင်န်အယ်ဒီပါတီင်္နဲ့ ပါတီရဲ့ အင်အားတွေက အဲသည်မှာ ရှိနေပြီလား။ ဥပမာအားဖြင့် နိုင်ငံရေးကို စိတ်ဝင်စားတက်ကြွတဲ့ လုပ်ကိုင်နိုင်တဲ့ လူပုဂ္ဂိုလ်တဦးချင်း ရှိနေပြီ။ အဲသည် လူတဦးချင်းဆီကို အားပေးဝန်းယံကူညီတဲ့ ပတ်ဝန်းကျင် ရှိနေပြီ။ ပြီးတော့ အဲသည် လူပုဂ္ဂိုလ်တဦးချင်းစီကနေ စုဝေးပူးပေါင်းပြီး ရပ်တည်လှုပ်ရှားနိုင်တဲ့ အဖွဲ့အစည်းအဖြစ် ရှိနေပြီ။ အဲသည်လိုမျိုး individual – society – institution ဆိုတာမျိုး မြန်မာပြည်ဒီမိုကရေစီရေး လှုပ်ရှားမှုမှာ အင်န်အယ်ဒီရဲ့ နေရာက ဘယ်လိုမျိုး ရောက်ရှိနေသလဲ ဆိုတာကို မေးချင်ပါတယ်။
ပထမအချက်ပြောချင်တာကတော့ ပါတီအဖွဲ့အစည်းတရပ်လို့ပဲ ပြောပြော၊ အင်စတီကျူးရှင်းလို့ပဲ ဆိုဆို အဖွဲ့အစည်းဆိုပြီးတော့ အလုပ် လုပ်စရာမရှိရင် အလကားပဲ။ ဒါကြောင့် တိုင်းပြည်ရဲ့ အနာဂတ်က အရေးကြီးတယ်၊ ဒီမိုကရေစီ ရရှိအောင် စွမ်းဆောင်နိုင်ရေး၊ လုပ်ကိုင်နိုင်ရေးသာလျင် အဓိကကျတယ်လို့ ကျနော်တို့ အစည်းအဝေးတွေမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာ ဖြစ်ပါတယ်။ ဒါတွေကို ဦးတည်ပြီး လုပ်ကိုင်နိုင်ရင် စွမ်းဆောင်နိုင်တဲ့ ပြည်သူထောက်ခံမှုရတဲ့ အဖွဲ့အစည်းပဲလို့ ပြောချင်တာ ဖြစ်တယ်လို့ ကျနော်က ထင်မြင်ပါတယ်။
အခုအချိန်မှာလည်းပဲ ပြည်သူလူထုက အားကိုးတဲ့ မျှော်လင့်ယုံကြည်တဲ့ ခေါင်းဆောင်တွေရှိတာကြောင့်၊ တိုင်းပြည်ရဲ့ နိုင်ငံရေးကိစ္စတွေမှာ မှန်ကန်တဲ့ ရပ်တည်ချက်တွေ လုပ်ရပ်တွေနဲ့ သက်သေပြနိုင်ခဲ့တာကြောင့် ပြည်နယ်နဲ့ တိုင်းအသီးသီး ပါတီတွေ၊ လူငယ်တွေ အင်အားတွေနဲ့ ပါတီညီလာခံသဘောမျိုး ကျင်းပနေနိုင်တာ မဟုတ်လား ဆရာ။
ပြောလို့ ရပါတယ်။ ဒါပေမယ့် ဒီနေရာမှာ ကျနော်တို့ရဲ့ နိုင်ငံရေးအင်အားစုတွေဟာ တလျောက်လုံး ဖိနှိပ်မှုတွေ ဖြိုခွဲမှုတွေ ခံလာခဲ့ရတော့ ပါတီအဖွဲ့အစည်းတွင်းမှာ မျူိးဆက် ကွာဟမှုတွေ ရှိနေတယ်။ စစ်အစိုးရက ကန့်သတ်ပိတ်ဆို့မှုတွေ လုပ်ခဲ့တာတွေကြောင့် ပြည်သူတွေနဲ့ ပါတီအင်အားတွေကြားမှာလည်း နီးစပ် ရင်းနှီးမှုတွေ အားနည်းနေတာတွေ ရှိတာကိုလည်း ၀န်ခံရပါမယ်။
ဒါဆိုရင် အားရှိစရာ အခြေအနေတွေကော မရှိဘူးလားဆရာ။ အခု ရွေးကောက်ပွဲကြီး ပြီးဆုံးသွားတဲ့ အခုကာလအပိုင်းအခြားအတွင်းမှာ လွှတ်တော်တွင်းကို ၀င်ရောက်ခြင်း မပြုဘဲနဲ့ မြန်မာပြည်သူလူထုတွေနဲ့အတူ ရပ်တည်နေတယ်ဆိုတဲ့ အင်န်အယ်ဒီပါတီ အဖွဲ့အစည်းတရပ် အနေနဲ့ ဘာတွေ အားတက်စရာ၊ အားရစရာ အခြေအနေတွေ ရှိသလဲ။
ရှိတာပေါ့။ အခု ပါတီက တိုင်းနဲ့ ပြည်နယ်က လာရောက်ကြတဲ့ဆီမှာ အတွေ့အကြုံတွေ၊ အကြံဥာဏ်တွေ၊ အခက်အခဲတွေ ကိုယ်စီကိုယ်ငှ အများကြီး ရှိတယ်။ အဖွဲ့အစည်းအနေနဲ့ အခုလို စုဝေးမိကြလို့ တဦးနဲ့ တဦး ဝေမျှစရာ၊ သင်ခန်းစာယူစရာ၊ ၀ိုင်းဝန်း ဆွေးနွေး တိုင်ပင်စရာတွေ ရှိကြရတာ ဖြစ်ပါတယ်။ ဗဟိုနဲ့ မြို့နယ်တွေ ဆက်သွယ်ဖို့၊ မြို့နယ်တွေ အချင်းချင်း ဆက်သွယ်ကြဖို့ ဒါတွေ အသိပညာ ဖလှယ်နိုင်တယ်။ ကိုယ့်ပတ်ဝန်းကျင်နဲ့ ပြည်သူတွေကြား အဆက်အစပ်တွေ ကူညီအားပေးနိုင်ဖို့ အကြောင်းတွေ မြင်တွေ့လာကြတယ်။ ကိုယ်သန်ရာ အားသန်ရာတွေ တွေ့လာရတယ်။ လွှတ်တော်ထဲမှာ အချိန်ကုန်နေမယ့်အစား ဆင်းရဲကြပ်တည်းမှု မျိုးစုံ ရင်ဆိုင်နေရတဲ့ ပြည်သူလူထုနဲ့အတူ လုပ်စရာတွေ လုပ်နေကြရတာတွေ သိလာကြတယ်။ ကျနော်တို့ရဲ့ ရပ်တည်ချက်တွေကို ပိုပြီး အမြင်ရှင်းလာကြတယ်လို့ ပြောနိုင်ပါတယ်။
ဘယ်လိုမျိုး လူထုကြားထဲမှာ လုပ်စရာတွေ ရှိနေတယ်လို့ ပြောဆို ဆွေးနွေးလာကြတာလဲ ဆရာ။
လူမှုရေးလိုအပ်ချက်တွေ၊ ပညာရေးလိုအပ်ချက်တွေကအစ ပြည်သူတွေမှာ လိုနေတယ်။ လယ်သမားရေးရာ၊ အလုပ်သမားရေးရာ ပြီးတော့ ကလေးစစ်သား စတဲ့ အရေးကိစ္စတွေက နေရာအနှံ့မှာ ဖြစ်ပွားနေတယ်။ အဲသည်အတွက် အရေးအကြောင်းရှိလို့ ကျနော်တို့ဆီက ပါတီဝင်တွေ၊ လူငယ်တွေ၊ ကွန်ယက်တွေက အဆင်သင့် လုပ်စရာရှိတာ လုပ်ပေးနိုင်မယ်လို့ ကျနော်က မျှော်လင့်တယ်။ ဥပမာ သွေးလှူဖို့ လိုနေတာမျိုးမှာ ကျနော်တို့က သွားလှူနိုင်ရမှာပေါ့။ သဘာဝဘေးဒဏ်တွေ ဘေးဒုက္ခတွေ ဖြစ်ပွားလာရင် ကျနော်တို့တွေက ၀ိုင်းပြီး လုပ်ကိုင်ပေးရမယ်။ အဲသည်အတွက် ကျနော်တို့တွေကိုယ်တိုင်က ကြောက်ရွံ့နေတာ၊ စိုးရိမ်နေတာကို ဖယ်ရှားထားနိုင်ရမယ်။ ဒါတွေကို ဆွေးနွေးဖြစ်တယ်။ ပြောကြတယ်။ ဒါတွေဟာ ကျနော်တို့အတွက် New Dimension တွေ ဖြစ်တယ်လို့ ပြောချင်ပါတယ်။
ဒါဆိုရင် မြန်မာပြည်မှာ ပြည်သူလူထုအများစုရဲ့ အကျိုးစီးပွားကို ကိုယ့်ခြေထောက်ပေါ်ကို ရဲရဲ ရပ်တည်ပြီးတော့ ဆောင်ရွက်ပေးတာ၊ ဒီမိုကရေစီရေးအတွက် စွန့်စားပြီး ဆောင်ရွက်နေတဲ့ ပြည်တွင်း institution လိုမျိုး အဖွဲ့အစည်းဆိုတာက အင်န်အယ်ဒီလိုမျိုးတွေက ရှိနေတယ် ဆိုရင် အခုမှ မှတ်ပုံတင်ပြီးတော့ ရွေးကောက်ပွဲဝင်ပြီး လွှတ်တော်ထဲ ၀င်သွားကြတဲ့ ပါတီတွေ၊ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေကို ဘယ်လို ပြောမလဲ ဆရာ။
ဒါတွေက အခုကတည်းမှ မဟုတ်ပါဘူး၊ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲဝင်ခဲ့တဲ့ တဆညလိုပါတီမျိုးတွေ၊ အဲသည်ပါတီဝင် လူပုဂ္ဂိုလ်တွေ ရှိနေတာပဲ။ ပြီးတော့ လူမှုရေးအသင်းဆိုပြီး ထူထောင်ခဲ့တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းကိုယ်တိုင်ကလည်း နိုင်ငံရေးပါတီ အသွင်ပြောင်းပြီး ၂၀၁၀ ရွေးကောက်ပွဲဝင်ခဲ့တာတွေ မြင်နေရတာပဲ။ သူတို့တတွေက အများပြည်သူတွေအတွက် ဘာတွေ ရပ်တည် ဆောင်ရွက်ပေးနိုင်တာ၊ ပေးခဲ့တာ ရှိသလဲ။ ဒါတွေကို နှိုင်းယှဉ်ပြီးတော့တောင် ပြောစရာမလိုဘူး လို့ ထင်ပါတယ်။ အခုအချိန်မှာ အတိတ်ကအကြောင်းတွေ ပြန်မကြည့်နဲ့ဦး အခုလက်ရှိမှာကော၊ အနာဂတ်မှာပါ သူတို့တွေရဲ့ ရပ်တည်ချက်တွေ၊ လုပ်ဆောင်ချက်တွေဟာ တိုင်းပြည်ရဲ့ အနာဂတ်မှာ ဒီမိုကရေစီရရှိလာအောင် ဘယ်လိုမျိုး စွမ်းမှာလဲ၊ လုပ်မှာလဲဆိုတာကို မြန်မာပြည်သူတွေက အဖြေသိထားပြီး ဖြစ်တယ်လို့ ပြောချင်ပါတယ်။
ကျေးဇူးတင်ပါတယ် ဆရာ။ ဆရာရဲ့ ကျန်းမာရေးကော ဘယ်လိုလဲဆရာ။ နေကောင်းရဲ့လား။ ၈၁ နှစ် ပြည့် မွေးနေ့အတွက် ဆုတောင်းလိုက်ပါတယ် ခင်ဗျာ။
အေးဗျာ။ အသက်ကကြီးလာတော့ မောတယ်ဗျာ။
(ဆက်လက်ဖော်ပြပါမည်)
မိုးမခ သတင်းမှကူးယူဖေါ်ပြပါသည်။
NLD ဗဟိုအလုပ်အမှုဆောင်နှင့် စစ်ကိုင်းတိုင်း ကိုယ်စားလှယ်များဆွေးနွေး

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် စစ်ကိုင်းတိုင်းက ကိုယ်စားလှယ်တွေနဲ့ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်တွေ မတ်လ ၁၆ ရက် ဒီကနေ့ ရန်ကုန် ဌာနချုပ်ရုံးမှာ တွေ့ဆုံ ဆွေးနွေးကြပြီး ပါတီရေးရာ ကိစ္စတွေနဲ့ ဒေသတွင်း အခြေအနေတွေကို ဆွေးနွေးခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်း မြို့နယ်အသီးသီးက ကိုယ်စားလှယ် ၅၃ ဦးနဲ့ စစ်ကိုင်းတိုင်း တိုင်းစည်းရုံးရေး ကော်မတီက အဖွဲ့ဝင် ၉ ဦး စုစုပေါင်း စစ်ကိုင်းတိုင်းက ၆၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရပါတယ်။
စစ်ကိုင်းတိုင်းအတွင်း ထူးခြားတဲ့ အခြေအနေတွေကတော့ ဒီပဲယင်း အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားခဲ့တဲ့ တိုင်း ဖြစ်တာကြောင့် စစ်အစိုးရက ၂၀၀၃ ခုနှစ်နောက်ပိုင်းကတည်းက အပြင်းအထန် ဖိနှိပ်တာတွေ ရှိခဲ့ကြောင်း၊ ဒါကြောင့် လူမှု ကူညီထောက်ပံရေး ကိစ္စတွေကိုတောင် လုပ်ဆောင်နိုင်ဖို့ ခက်ခဲကြောင်း၊ အခမဲ့ဆေးခန်း၊ အခမဲ့စာသင်ကျောင်း ဖွင့်လှစ်တာမျိုးကို ပိတ်ပင်တာတွေ ရှိကြောင်း ကိုယ်စားလှယ်တွေက တင်ပြခဲ့ပါတယ်။
ဒါ့အပြင် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စအဖြစ် အထူးသဖြင့်တော့ ကသာနယ်အတွင်း သစ်တောတွေကို စက်ယန္တရားကြီးတွေကို အသုံးပြုပြီး၊ ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက် စတဲ့သစ်မာတွေ အပါအဝင် သစ်မျိုးစုံကို ခုတ်လှဲပြီး နေ့စဉ် တန်ချိန် ထောင်နဲ့ သောင်းနဲ့ ချီကာ၊ တရုတ်ပြည်ကို တင်ပို့နေတာကြောင့် တရွာနဲ့ တရွာ လှမ်းမြင်ရလောက်အောင် ကွင်းပြင်တွေအဖြစ် သစ်တောတွေ ပြုန်းတီးကုန်ကြောင်း တင်ပြကြပါတယ်။
ဒါ့အပြင် ပါတီစည်းရုံးရေးနဲ့ လူမှုကူညီရေး လုပ်ငန်းတွေ လုပ်ဆောင်နိုင်တာ၊ အခြေအနေ တိုးတက်မှု ရှိလာတာတွေကိုလည်း အချို့မြို့နယ်တွေက တင်ပြကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က အခုလို နိဂုံးချုပ် ပြန်လည် ဆွေးနွေးပါတယ်။
“ကျွန်မတို့ ငြိမ်းချမ်းတဲ့ နည်းကို ရွေးတယ်ဆိုတာ မြန်မာနိုင်ငံမှာ နိုင်ငံရေး အပြောင်းအလဲ ဖြစ်စေချင်လို့ ရှိလို့ ရှိရင် အကြမ်းဖက်တဲ့ နည်းကို မသုံးပဲနဲ့ ဖြစ်နိုင်တယ်ဆိုတဲ့ အစဉ်အလာကို ကျွန်မတို့ ခိုင်မြဲအောင် လုပ်ဖို့ ဖြစ်ပါတယ်။”
အခက်အခဲ အမျိုးမျိုးကြားမှာ ကြိုးပမ်းဆောင်ရွက်နေရတဲ့ အခြေအနေတွေကို ပြောကြားခဲ့သလို ပြည်သူ့ ကိုယ်စားလှယ်တွေအနေနဲ့ ပြည်သူတွေရဲ့ အခြေအနေတွေကို မပြတ်သိနေဖို့ လိုအပ်ကြောင်း၊ ဒါ့အပြင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီ နည်းလမ်းကျကျ ပြည်သူလူထုရဲ့ ဆန္ဒနဲ့အညီ အကြမ်းမဖက် ပြောင်းလဲနိုင်တယ်ဆိုတဲ့ အစဉ်အလာကို ဖြစ်မြောက်အောင် ကြိုးပမ်းဆောင်ရွက်ကြဖို့ စတာတွေ အပါအဝင် အရေးကြီးတဲ့ လမ်းညွှန်ချက်တွေကို ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဒုဥက္ကဋ္ဌ ဦးတင်ဦးနဲ့ အလုပ်အမှုဆောင် ဦးဝင်းတင်တို့ကလည်း လုပ်ဆောင်သင့်တဲ့ နည်းနာတွေကို ညွှန်ပြခဲ့ကြကြောင်း သိရှိရပါတယ်။
RFAသတင်းမှ ကူးယူဖေါ်ပြပါသည်။
ကိုဇာဂနာ လူ့အခွင့်အရေးလှုပ်ရှားသူ အနုပညာသမားဆုချီးမြင့်ခံရ

ပြင်သစ်နိုင်ငံပါရီမြို့အခြေစိုက် နိုင်ငံတကာ လူ့အခွင့်အရေး ဆိုင်ရာ ရုပ်ရှင်ပွဲတော်က မြန်မာနိုင်ငံက အကျဉ်းကျနေတဲ့ စွယ်စုံရ အနုပညာသမား လူရွှင်တော် ဇာဂနာ ခေါ် ကိုသူရကို လူ့အခွင့်အရေး လှုပ်ရှားသူ အနုပညာသမားဆု မတ်လ ၁၅ ရက် အင်္ဂါနေ့က ချီးမြှင့်လိုက်ပါတယ်။
ကိုဇာဂနာ အကြောင်းရိုက်ကူးခဲ့တဲ့ This Prinson Where I Live ဆိုတဲ့သတင်းမှတ်တမ်းခွေ အတွက် အခုလို ဆုချီးမြင့်တာဖြစ်ပြီး ရုပ်ရှင်ကားရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Rex Bloomstein ကို ဆုချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
ဒီဆုကို ပါရီမြို့အခြေစိုက် မြန်မာနိုင်ငံသားများအဖွဲ့က လက်ခံခဲ့တယ်လို့ တာဝန်ခံ ကိုထင်ကျော် က ပြောပြပါတယ်။
ပြီးခဲ့တဲ့လကပဲ အသက် ၅၀ ပြည့်ခဲ့တဲ့ လူရွှင်တော်ဇာဂနာဟာ အာဏာရှင်စနစ်ကို အကြောက်တရား ကင်းကင်းနဲ့ ဝေဖန် သရော်တတ်သူအဖြစ် ထင်ရှားသလို ပြည်ပမီဒီယာတွေကနေ စစ်အစိုးရကို ပွင့်ပွင့်လင်းလင်း ပြောဆိုဝေဖန်တတ်လို့ အာဏာပိုင်တွေက သူ့ရဲ့ အနုပညာ လုပ်ပိုင်ခွင့်တွေကို ပိတ်ပင် ခဲ့ပါတယ်။
အခုချီးမြှင့်ခဲ့တဲ့ ဆုရွေးချယ်ရေးအဖွဲ့က ပါရီမြို့က ကျောင်းသားလူငယ်တွေရဲ့ ဆုံးဖြတ်ချက်နဲ့ ဆုပေးခဲ့တာလို့ သိရပါတယ်။ ဒီဆုဟာ ငွေသားမပါပဲ ရုပ်ရှင်ပွဲတော်တွေမှာ ပေးလေ့ရှိတဲ့ ဖန်သားဆု ရုပ်တုကို ပေးခဲ့တာပါ။
လောလောဆယ် ဆုလက်ခံခဲ့တဲ့ ပြင်သစ်ရောက်မြန်မာတွေက ဒီဆုကို ကိုဇာဂနာလွတ်လာချိန်ဖြစ်စေ၊ မိသားဆုဆန္ဒနဲ့ လက်ခံလိုရင်ဖြစ်စေ လွှဲပြောင်းနိုင်အောင် စီစဉ်ပေးမယ်လို့ ပြောပါတယ်။
ထောင်ဒဏ် ၃၅ နှစ်အပြစ်ပေးခံရပြီး မြစ်ကြီးနားထောင်မှာ အကျဉ်းကျနေတဲ့ ကိုဇာဂနာဟာ သူထောင်ကျနေစဉ်အတွင်း ဒီဆုနဲ့ဆိုရင် နိုင်ငံတကာက ချီးမြှင့်တဲ့ဆု ၄ ဆု ရှိခဲ့ပါတယ်။
ဒီဆုတွေကတော့ ၂၀၀၈ ခု နိုဝင်ဘာလက ဗြိတိန်နိုင်ငံကပေးတဲ့ လူ့အခွင့်အရေး ဆိုင်ရာ အနုပညာ ဖန်တီးမှုဆုကို ဇင်ဘာဘွေနိုင်ငံက ပြဇာတ်ရေးဆရာနဲ့ ပူးတွဲရခဲ့သလို၊ လန်ဒန် ကလောင်ရှင်တွေရဲ့ Pen ကလောင်ဆုနဲ့ ဂျာမနီက Bremen သွေးစည်းညီညွတ်ရေး ဆုတွေပဲ ဖြစ်ပါတယ်။
ဒီအကြောင်း RFA သတင်းထောက် ကိုညိုက နော်ဝေးနိုင်ငံကနေ သတင်းပေးပို့ထားပါတယ်။
RFAသတင်းမှ ကူးယူဖေါ်ပြပါသည်။
Wednesday, March 16, 2011
အမျိုးသမီးရွှေ့ပြောင်းလုပ်သားများကို ဒေါ်အောင်ဆန်းစုကြည် အားပေး
2011-03-15
ပြည်ပကို ရောက်ရှိနေကြတဲ့ မြန်မာအမျိုးသမီး ရွှေ့ပြောင်း အလုပ်သမားတွေအနေနဲ့ မိမိတိုရဲ့ အရည်အသွေး တွေကို အမြဲမြှင့်တင်နေကြဖို့နဲ့ ရေရှည် ရည်မှန်းချက် ထားရှိကြဖို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အားပေး တိုက်တွန်းလိုက်ပါတယ်။

(Photo: AFP)
ထိုင်းနိုင်ငံတွင် အလုပ်လုပ်မည့် မြန်မာနိုင်ငံမှ အလုပ်သမားများ နယ်စပ်ဂိတ်တွင် စောင့်ဆိုင်းနေပုံ ဖြစ်ပါသည်။ မြန်မာ အလုပ်သမား အများစုသည် တရားဝင် စာရွက်စာတမ်းမရှိပဲ ထိုင်းနိုင်ငံထဲတွင် နေထိုင် အလုပ်လုပ်နေကြသည်။ (Photo: AFP)
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအရေး ဆောင်ရွက်နေတဲ့ MAP Foundation က ကြီးမှူးပြီး ချင်းမိုင်မြို့မှာ ကျင်းပခဲ့တဲ့ အကြိမ် ၁၀၀ မြောက် နိုင်ငံတကာအမျိုးသမီးနေ့အခမ်းအနား တက်ရောက်လာကြသူ မြန်မာအမျိုးသမီး ရွှေ့ပြောင်းအလုပ်သမားတွေကို ဒေါ်အောင်ဆန်းစုကြည်က ဗီဒီယိုကတဆင့် ပြောကြားခဲ့တာပါ။
အဲဒီလို ပြောကြားခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်က မိမိတို့အနေနဲ့ ပြည်ပရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ဘဝတွေ သက်သာချောင်ချိရေး ကူညီပေးဖို့ အမြဲ စဉ်းစား ကြိုးစားနေကြာင်း၊ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေအနေနဲ့လည်း ရောက်ရာဒေသမှာ ဝန်ထုပ်ဝန်ပိုး မဖြစ်ရအောင် ကြိုးစားကြရမှာ ဖြစ်ကြောင်း ပြောပါတယ်။
“ကျွန်မအနေနဲလည်း ကျွန်မတို့ရဲ့ ပြည်ပရောက်သွားတဲ့ ရွှေ့ပြောင်း အလုပ်သမားများ၊ ဒုက္ခသည်များနဲ့ ဒေသခံ ပြည်သူများ အကြားမှာ ပြေလည်နိုင်ဖို့ အရေးကြီးတယ်။ အဲဒီလို ပြေလည်နိုင်ဖို့ ဘယ်လို ကြိုးစားပြီး လုပ်ဆောင်ရမလဲ ဆိုတာကို အမြဲပဲ စဉ်းစားနေပါတယ်။ ဥပမာအားဖြင့်ဆိုရင် ကျွန်မတို့ ပြည်ပရောက်သွားတဲ့ အမျိုးသမီးများဟာ ဒီဒေသအတွက် ဝန်ထုပ်ဝန်ပိုး တခုသာမက ဒေသကိုလည်း အကျိုးပြုနိုင်တယ်ဆိုတာကို ကွက်ကွက်ကွင်းကွင်း ပေါ်မယ်ဆိုလို့ရှိရင် ဒေသခံတွေအနေနဲ့လည်း ကျွန်မတို့ရဲ့ အမျိုးသမီးတွေ အပေါ်မှာ စိတ်ထားဟာ ပြောင်းသွားမယ်လို့ ကျွန်မတို့ ထင်ပါတယ်။”
“ကျွန်မတို့ရဲ့ ရည်ရွယ်ချက်ကတော့ ပြည်ပရောက်သွားတဲ့ မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသား အားလုံး လုံလုံခြုံခြုံ လွတ်လွတ်လပ်လပ်နဲ့ ကျွန်မတို့ နိုင်ငံကို ပြန်လာနိုင်မဲ့ အခြေအနေတခု ဖန်တီးဖို့ပါပဲ။”
ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားရာမှာ ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ရဲ့  ဘဝ တိုးတက်ရေးအတွက် MAP Foundation လို အဖွဲ့အစည်းမျိုးတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ကြိုးစားမှာ ဖြစ်ကြောင်း၊ ရွှေ့ပြောင်း အလုပ်သမားတွေအနေနဲ့ ရတဲ့အခွင့်အရေးတွေကို အသုံးချပြီး မိမိတို့ အရည်အသွေး တိုးတက်မြင့်မားလာအောင် အားထုတ်ကြရမှာ ဖြစ်ကြောင်း တိုက်တွန်းခဲ့ပါတယ်။
“ကျွန်မ ပြောချင်တာကတော့ မျှော်လင့်ချက်ကိုတော့ ဘယ်တော့မှ လက်မလွှတ်ပါနဲ့။ ဒီနိုင်ငံကနေပြီးတော့ ထွက်သွားရတဲ့ အကြောင်းများဟာ ဘယ်လို အခက်အခဲတွေကြောင့်လဲ ဆိုတာ တယောက်နဲ့ တယောက် မတူပေမဲ့ နောက်ဆုံး ဘယ်သူကမှ ထွက်သွားချင်လို့ ဒီလိုပုံစံနဲ့ ထွက်သွားကြတာ မဟုတ်ပါဘူး။ ကိုယ့်တိုင်းပြည်မှာ အခက်အခဲတွေ များလွန်းလို့ ကိုယ့်တိုင်းပြည်ရဲ့ ဒုက္ခတွေက များလွန်းလို့ တခြား ပြည်ပတိုင်းပြည်ကို သွားပြီး ရုန်းကန်ရတာ ဖြစ်ပါတယ်။”
“ကျွန်မတို့ အမျိုးသမီးတွေဟာ အရည်အချင်း ရှိတယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်။ ဘဝမှာ ရုန်းကန်နိုင်တဲ့ အရည်အချင်းဆိုတာ နည်းတဲ့ အရည်အချင်း မဟုတ်ပါဘူး။ ဒီလို ဘဝမှာ ရုန်းကန်နိုင်တဲ့ အရည်အချင်း ရှိလို့လဲ စွန့်စွန့်စားစားနဲ့ ပြည်ပကို သွားပြီးတော့ ဘဝသစ် ထူထောင်ဖို့ ကြိုးစားကြတာပါ။ ဒီလို ကြိုးစားတဲ့ နေရာမှာ တချိန်လုံး ရေရှည် အကျိုးအတွက်ကို စဉ်းစားစေချင်ပါတယ်။ ရေရှည် ရည်မှန်းချက်ကို မျက်ခြေမပြတ် ရှိစချေင်ပါတယ်။”
မကြာလှတဲ့အချိန်တချိန်မှာ မိမိတို့အားလုံး မြန်မာနိုင်ငံမှာ ပြန်လည်ဆုံတွေ့ပြီး မြန်မာ့အကျိုး၊ ကမ္ဘာ့အကျိုး အတူသယ်ပိုး ဆောင်ရွက်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က အားပေးစကား ပြောဆိုခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ မြန်မာ ရွှေ့ပြောင်းအလုပ်သမား အနည်းဆုံး နှစ်သန်းလောက် ရှိမယ်လို့ ခန့်မှန်းကြပါတယ်။
Copyright © 1998-2011 Radio Free Asia. All rights reserved.

ဒေါ်အောင်ဆန်းစုကြည်နှင့် ပြင်သစ်ဘာသာ ကျောင်းသားများ တွေ့ဆုံ
2011-03-15
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မတ်လ ၁၄ ရက် မနေ့ညနေက ရန်ကုန်မြို့ ပြည်လမ်းမှာရှိတဲ့ ပြင်သစ်သံရုံး ယဉ်ကျေးမှူဌာနကို သွားရောက်ပြီး အဲဒီဌာနက ဖွင့်ထားတဲ့ ပြင်သစ်ဘာသာ သင်တန်းမှာ သင်ယူနေတဲ့ မြန်မာ ကျောင်းသူကျောင်းသား ၅၀ ခန့်နဲ့ တွေ့ဆုံခဲ့ ပါတယ်။

Photo: RFA
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ပါတီ ဌာနချုပ်ရုံးတွင် ၂၀၁၀ ဒီဇင်ဘာ ၂၈ ရက်က လူငယ်များအား မိန့်ခွန်းစကား ပြောကြားနေပုံ ဖြစ်ပါသည်။ (Photo: AFP)
ညနေ ၄နာရီခွဲလောက်မှာ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီးနဲ့အတူစာသင်ခန်းထဲကို ဝင်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မြင်လိုက်ရတဲ့အခါ မိမိတို့ ကျောင်းသားတွေအားလုံး စိတ်လှုပ်ရှားသွားခဲ့ရကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်က မိမိကိုယ်ကျိုးအတွက်သာ မဟုတ်ပဲ တိုင်းပြည်နဲ့ လူမျိုးအတွက်ပါ ရည်မှန်းချက်ထားပြီး ပညာသင်ကြဖို့ သူတို့ကို တိုက်တွန်းသွားကြောင်း ပြင်သစ်စာသင်ယူနေတဲ့ ကျောင်းသူတဦးက RFA ကို ပြောပါတယ်။
“၄ နာရီခွဲလောက်ကျတော့ သံအမတ်နဲ့ ဆင်းလာတာပေါ့နော်။ အဲဒါ သံအမတ်ကြီးကနေပြီးတော့ ကျွန်မတို့ကို မိတ်ဆက်ပေးတယ်။ ပြင်သစ်လို မိတ်ဆက်ပေးတယ်။ ဒါပေမဲ့ ကျွန်မတို့က လက်ခုပ်တီးလိုက်တယ်ပေါ့နော်။ ပြီးလည်း ပြီးရော အန်တီစုက ထိုင်တော့ ကျွန်မတို့လည်း အားလုံး ဝိုင်းပြီးတော့ ထိုင်ကြတယ်။ အန်တီစုက ဘာပြောလဲဆိုတော့ သူ့မှာ နိုင်ငံရေး လုပ်တာ အဓိပ္ပာယ် အများကြီး ရှိပါတယ်ပေါ့။ ကောင်းတာလည်း ရှိတယ်၊ မကောင်းတာလည်း ရှိတယ်ပေါ့နော်။ ဒါတွေ ဝေဖန် ပိုင်းခြားတတ်ရမယ် ဆိုတာကိုလည်း သူပြောတယ်။”
ဒေါ်အောင်ဆန်းစုကြည်ဟာ ကျောင်းသားတွေနဲ့ တွေ့ဆုံ အပြီးမှာ ပြင်သစ်သံရုံး ယဉ်ကျေးမှုဌာနနဲ့ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့တို့ ပူးပေါင်း ကျင်းပတဲ့ ဓာတ်ပုံပြပွဲကို ဆက်လက် သွားရောက် ကြည့်ရှုခဲ့တယ်လို့လည်း သိရပါတယ်။

Subscribe to:
Posts (Atom)