-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Monday, August 23, 2010

ဒို့ရွာဘုရားပွဲနဲ့ ကွမ်းတောင်ကိုင်

pwe2

©2007 Fine-Leaves.blogspot.com,

ကျက်သရေရှိတဲ့လူမိုက်တွေ (လူထုစိန်ဝင်း)

ကိုယ်တိုင် အသက် ၇၀ တန်း လူကြီးတစ်ယောက် ဖြစ်လာတဲ့အခါမှာ သတိထားမိတာတစ်ခုက လူကြီးနှစ်မျိုးနှစ်စား ရှိတယ်ဆိုတဲ့ အချက်ဖြစ်တယ်။ တစ်မျိုးက အသက်ကြီးလာတာနဲ့အမျှ တစ်နေ့တခြားပိုပိုပြီးယဉ်ကျေးလိမ္မာလာတဲ့လူကြီးဖြစ်တယ်။
အတွေ့အကြုံကသင်ခန်းစာယူတတ်
နောက်တစ်မျိုးကတော့ အသက်ကြီးလေ တစ်နေ့တခြား ပိုပိုပြီး မိုက်လာတဲ့ ကြီးမိုက်လူကြီး ဖြစ်တယ်။ ပထမအမျိုးအစား လူကြီးက အတွေ့အကြုံတွေထဲက သင်ခန်းစာ ထုတ်ယူတတ်တဲ့အတွက် အမြင်မတော်တိုင်း ၀င်မပြောတော့ဘူး။ သဘောမကျတိုင်း ၀င်မပါတော့ဘူး။ "သတ္တ၀ါတစ်ခု ကံတစ်ခုပဲ" လို့ သဘောထားပြီး ဥပေက္ခာတရား လက်ကိုင်ထားတတ်တယ်။ ရေငုံနှုတ်ပိတ် ခပ်မဆိတ် နေတတ်တယ်။ စိတ်ထဲမှာ ယားကျိယားကျိ ဖြစ်လာရင်တောင် ၀င်ပြီး မပြောမိ၊ မဆိုမိအောင်၊ ကိုယ်တိုင်ဝင်မပါမိအောင်၊ ပုတီးစိပ်လို့ဖြစ်စေ၊ တရားသဘော ဆင်ခြင်နှလုံးသွင်းလို့ဖြစ်စေ ကံသုံးပါးကို ချွန်းအုပ်ပြီးထိန်းချုပ်ထားတတ်တယ်။
ကံသုံးပါးလုံးမထိန်းချုပ်တတ်
ဒုတိယအမျိုးအစားကတော့ လောကဓံရဲ့ အထုအထောင်း၊ အရိုက်အပုတ်တွေ ဘယ်လောက်ပဲ ခံခဲ့ရ ခံခဲ့ရ သင်ခန်းစာ ထုတ်မယူတတ်ဘူး။ နောင်တလည်း မရဘူး။ ကာယကံ၊ ၀စီကံ၊ မနောကံ သုံးပါးစလုံးကို ချွန်းအုပ်မထားနိုင်ဘူး။ အမြင်မတော်တာတွေ့ရင် ၀င်ပြောလိုက်တယ်၊ မသင့်တော်ဘူးထင်ရင် ၀င်စွက်လိုက်တယ်၊ မတရားဘူးထင်ရင် ၀င်တားလိုက်တယ်၊ လူတကာရဲ့ အပူကို ကိုယ့်အပူလုပ်ပြီး ကိုယ့်ကိုယ်ကိုယ် လောင်မြိုက်နေစေတယ်။ ကိုယ်၏ ချမ်းသာခြင်း၊ စိတ်၏ချမ်းသာခြင်းနဲ့ ဘ၀၏ငြိမ်းချမ်းခြင်းဆိုတာကို ဘယ်တော့မှ မခံစားရပါဘူး။ ဒီလို လူမျိုးကိုမှ လူမိုက်မခေါ်ရင်ဘယ်သူ့ကိုလူမိုက်ခေါ်ရတော့မှာလဲ။
လူလိမ္မာတွေကများ
ဝမ်းသာရမှာလား၊ ၀မ်းနည်းရမှာလားဆိုတာ သေသေချာချာ ရေရေရာရာတော့ မပြောတတ်ဘူး။ လူ့လောကကြီး တစ်ခုလုံးမှာ လူလိမ္မာတွေက လူမိုက်တွေထက် ပိုများတာကို တွေ့ရတယ်။ နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ ဥပေက္ခာတရား လက်ကိုင်ထားသူတွေ များကြတယ်။ အမြင်မတော်တာတွေ့လည်း ငါနဲ့ ဘာဆိုင်တာမှတ်လို့ဆိုပြီး မျက်နှာလွှဲနေလိုက်ကြတယ်။ မတော်မတရားတာတွေ မြင်နေရလည်း ကိုယ့်မထိသရွေ့တော့ ဘာဖြစ်လို့ ကြားကနေ အမုန်းခံရမှာလဲဆိုပြီး ခပ်ကင်းကင်း နေလိုက်တယ်။ ကိုယ့်ကို လက်တွေ့ထိလာတော့မှ နာရကောင်းမှန်းသိပြီး အော်ကြဟစ်ကြလေတော့တယ်။
အခါနှောင်းခဲ့ပြီ
မနှစ်က အမေရိကန်နိုင်ငံ အနှံ့အပြား မြို့ကြီးပေါင်း လေးငါးဆယ်မှာ လူတွေ သိန်းချီပါဝင်တဲ့ စစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဖြစ်ခဲ့တာကို မှတ်မိကြမှာပါ။ အဲဒါ ကိုယ့်ထိမှ နာရကောင်းမှန်း သိကြတဲ့ အထင်ရှားဆုံး သာဓကဖြစ်တယ်။ အီရတ်နဲ့ အာဖဂန်စစ်ပွဲမှာ ကိုယ့်သားတွေ၊ ကိုယ့်ခင်ပွန်းတွေ အသက်ဆုံးရှုံးသွားကြရတဲ့ မိဘတွေနဲ့ ဇနီးသည်တွေက ဦးဆောင်ဆင်နွှဲရာက လူတွေသိန်းချီပြီး ပါဝင်ဆင်နွှဲလာကြတာ ဖြစ်တယ်။ အလာကောင်းပေမယ့် အခါနှောင်းခဲ့ပြီလို့ ပြောရတော့မှာပါ။ သေပြီးသူတွေပြန်မရှင်နိုင်တော့ပါဘူး။
ဘ၀ပေးအသိ
အစကတည်းက တားဆီးကန့်ကွက်ခဲ့ကြမယ်ဆိုရင် လူတွေ သိန်းနဲ့ချီပြီး သေခဲ့ကြမှာ မဟုတ်ပါဘူး။ အစကတော့ အကြမ်းဖက်သမား နှိမ်နင်းရေးတို့ လူ့အခွင့်အရေးတို့ဆိုတဲ့ စကားတွေကို နားယောင်ပြီး စစ်ပွဲကြီးတွေကို ထိထိရောက်ရောက် မတားခဲ့ကြဘူး မဟုတ်လား။ ကျောင်းတက်နေဆဲ ကိုယ့်သားတွေ စစ်မှုထမ်း ဆင့်ခေါ်ခံရပြီး နိုင်ငံရပ်ခြားမှာ သေသွားကြရတော့မှ စစ်ကို ဆန့်ကျင်ရကောင်းမှန်း သဘောပေါက်သွားကြရတာကိုး။ ဘ၀ပေး အသိတစ်ခုပါပဲ။ အဖိုးတန်အသိ ဖြစ်ပေမယ့်ပေးလိုက်ရတဲ့တန်ဖိုးကကြီးလွန်းလှပါတယ်။
ဆင်ခြင်တုံသိ
အသိဆိုတာ လက်တွေ့ဘ၀က ပေါ်ထွက်လာတာ မှန်ပေမယ့် အခုလို တန်ဖိုးကြီးကြီး ပေးလိုက်ရတာမျိုးတော့ မဖြစ်သင့်ဘူး။ ရှေ့နောက်မြော်မြင် စဉ်းစားတဲ့ ဆင်ခြင်တုံတရားနဲ့လည်း အတန်အသင့်သိနိုင်ပါတယ်။
ဘ၀ပေးအသိလောက် လေးနက်ခိုင်မာမှု မရှိပေမယ့် ဘ၀ပေးအသိက တန်ဖိုးကြီးလွန်းပါတယ်။ ဆင်ခြင်တုံသိနဲ့ သိနိုင်တာမျိုးဆိုရင် ဘ၀မပေးဘဲ ရယူသင့်ပါတယ်။ အီရတ်နဲ့ အာဖဂန်ကို ကျူးကျော်တိုက်ခိုက်ရင် ဘာတွေဖြစ်လာနိုင်တယ်ဆိုတာ ဆင်ခြင်တုံသိနဲ့ အလွယ်တကူ သိနိုင်တယ်။ ဗီယက်နမ်စစ်ကအကောင်းဆုံးသက်သေမဟုတ်ဘူးလား။
ဉာဏ်ရှိရင်တောင်ပို့မှန်းသိတယ်
"ဖွတ်ထွက်မှ တောင်ပို့မှန်းသိတယ်" ဆိုတဲ့ စကားက ဆင်ခြင်တုံတရား ကင်းမဲ့တဲ့ လူမိုက်တွေကို ရည်ရွယ်တဲ့ စကားဖြစ်တယ်။ အသိဉာဏ်ရှိသူမှန်ရင် တောင်ပို့ကြီးကို မြင်တာနဲ့ တောင်ပို့မှန်းသိတယ်။ ဖွတ်ကြီး ထွက်ပြစရာ မလိုဘူး။ ဘုရားက ဘုရား၊ တောင်ပို့က တောင်ပို့ သိသာပါတယ်။ မှားစရာ ဘာအကြောင်းမှ မရှိပါဘူး။ အရေးကြီးတာက ဘယ်နေရာ ဘယ်ကိစ္စဖြစ်ဖြစ် ဆင်ခြင်တုံတရားနဲ့ အသိဉာဏ်ကိုအသုံးချတတ်ဖို့သာဖြစ်တယ်။
လူလိမ္မာတွေများလွန်းရင်မကောင်းဘူး
မဆိုင်ရင် ၀င်မပြောဘူး၊ ၀င်မစွက်ဘူး၊ ၀င်မပါဘူးလို့ နေရင်းနဲ့ ကိုယ်နဲ့တိုက်ရိုက် ဆိုင်လာတဲ့အခါကျတော့ အများကြီးနောက်ကျသွားလို့ နောင်တရခဲ့ရင်လည်း ဘာမှမတတ်နိုင်တော့ပါဘူး။ အဲဒါကြောင့် လောကကြီးမှာ လူလိမ္မာတွေ သိပ်များလွန်းနေရင်လည်း မကောင်းပါဘူး။ မသူတော်တွေ ကြီးစိုးနိုင်ပါတယ်။ မကောင်းတာ၊ မမှန်တာ၊ မတရားတာတွေကိုတွေ့ရင် အမုန်းခံပြီး ပြောဖို့ လိုပါတယ်။ လောကကြီး လှပစေချင်သူ မှန်သမျှ ပြောကိုပြောရပါမယ်။
အနာခံဖို့ချည်းပဲ
စာနယ်ဇင်းသမားဆိုတာ မှန်တာပြောရရင် မိုက်လို့ လုပ်နေကြသူတွေ များတယ်။ လူလိမ္မာနည်းတယ်၊ မြန်မာနိုင်ငံမှာ ချမ်းသာတဲ့ သတင်းသမား ဘယ်ခေတ်ကမှ မရှိပါဘူး။ အများအားဖြင့် ရရစားစားပါပဲ။ အင်္ဂလိပ်နယ်ချဲ့ခေတ်မှာ လူမိုက်ငှားပြီး ဓားထိုးခံရလို့ သေခဲ့ရတဲ့ ဆရာသင်လို အယ်ဒီတာမျိုးရှိသလို အသရေဖျက်မှုနဲ့ တရားစွဲခံရသူ၊ အစိုးရကို အကြည်ညိုပျက်စေမှုနဲ့ တရားစွဲခံရသူတွေ ရှိပါတယ်။ လွတ်လပ်ရေးရပြီးတဲ့ နောက်ပိုင်းခေတ်တွေမှာလည်း ထောင်ကျသူ၊ ကျွန်းရောက်သူ၊ နရသိန်စံတွေ မနည်းလှပါဘူး။ အသာစံဖို့အကြောင်း လုံးလုံးမရှိဘဲ အနာခံဖို့ချည်း နေရမှာကို သိသိကြီးနဲ့ လုပ်နေကြသူတွေဖြစ်လို့မိုက်လို့လုပ်တဲ့လူမိုက်တွေလို့ပြောတာပါ။
နိုင်ငံကျက်သရေတိုးစေဖို့
ဒီလို လူမိုက်တွေဟာ လူမိုက်ဖြစ်ပေမယ့် ကျက်သရေရှိတဲ့ လူမိုက်မျိုးဖြစ်ပါတယ်။ တိုင်ပြည်နိုင်ငံကို ကျက်သရေရှိအောင် အနာခံ၊ အမုန်းခံပြီး လုပ်နေကြသူတွေ ဖြစ်တယ်။ အမြင်မတော်တာ၊ အကြားမတော်တာ မှန်သမျှကို သတိတရားရပြီး ပြုပြင်နိုင်ကြအောင် ထောက်ပြနေကြတာ ဖြစ်တယ်။ ရှေးအခါကဆိုရင် ရှင်ဘုရင်များဟာ တိုင်းပြည်ရဲ့ အခြေအနေမှန်၊ နိုင်ငံသူနိုင်ငံသားတွေရဲ့ ဘ၀အမှန်ကို သိရဖို့အတွက် စွန့်စွန့်စားစားနဲ့ ရုပ်ဖျက်ပြီး စနည်းနာ ထွက်ကြရတယ်။ အခုခေတ်တော့ သတင်းမီဒီယာများရဲ့ ကျေးဇူးကြောင့် တိုင်းပြည်တစ်ပြည်လုံးရဲ့ အခြေအနေမှန်တွေကို ထိုင်ရာမထ သိနိုင်ကြတဲ့အတွက် လုပ်သင့်လုပ်ထိုက်တာတွေကို ချက်ချင်းလက်ငင်း လုပ်နိုင်လာခဲ့တယ်။ သတင်းမီဒီယာတွေဟာတိုင်းပြည့်လက်ရုံးဖြစ်တယ်။အင်မတန်အားကိုးရပါတယ်။
ရေကင်းသံလေးနဲ့ချီတက်စေ
ကိုယ်တိုင်က အသက် ၇၀ ရောက်တဲ့အထိ မိုက်လက်စ မဆုံးသေးဘဲ အမြင်မတော်တာတွေ့တိုင်း ၀င်ဝင် ပြောမိ ရေးမိ ဖြစ်နေသေးတယ်။ မေတ္တာထားကြသူအပေါင်းက စေတနာအရင်းခံနဲ့ သတိပေးကြပေမယ့် အေးအေးလူလူ မနေနိုင်ဘူး။ အဲဒါကြောင့် ပြည်သူ့ခေတ် အယ်ဒီတာများက ဆိုင်းသံဗုံသံကြားရင် မနေနိုင်ဘူး။ စိတ်ထဲမှာ ရိုးတိုးရွတဖြစ်ပြီး ခြေလှုပ်လက်လှုပ်ကလေး ၀င်လုပ်ချင်သေးတယ်ဆိုတာကို သဘောပေါက် နားလည်နိုင်တယ်။ ကိုယ်က ဒုက္ခိတဖြစ်နေလို့ ခြေလှုပ်လက်လှုပ် မလုပ်နိုင်ပေမယ့် မေးထိုးကလေးနဲ့တော့ အားပေးနိုင်ပါသေးတယ်။ အဲဒါကြောင့် ရွာစားစိန်ဝံသရေ မတိမ်းမစောင်းရအောင် (မဟုတ်သေးပါဘူး) ရေကင်းသံလေးနဲ့ ချီတက်ကြစေဗျား။
၂၇-၇-၂၀၁၀
[ပြည်သူ့ခေတ်၊ အတွဲ-၁၊ အမှတ်-၅၊ သြဂုတ်လ ၅ ရက်၊ ၂၀၁၀ ခုနှစ်၊ စာမျက်နှာ-၁၂

Sunday, August 22, 2010

ရွေးကောက်ပွဲနီးလေ ပါတီတွေ အခက်အခဲ ပိုတွေ့လာကြောင်း NLD ဝေဖန်

2010-08-21
စစ်အစိုးရ ထုတ်ပြန်တဲ့ ရွေးကောက်ပွဲ ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ ကြောင့် ရွေးကောက်ပွဲ နီးလာလေ နိုင်ငံရေးပါတီတွေ ရင်ဆိုင်ရတဲ့ အခက်အခဲတွေ ပိုပြီး ကြီးမားလာတယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပြောဆိုပါတယ်။


၁၉၉၀ အထွေထွေ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ် အနိုင်ရခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့  ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်ပေးခြင်း မပြုတာကြောင့် အခု ကျင်းပမယ့် ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ကြောင်း ကြေညာခဲ့သလို မဲမပေးဘဲ သပိတ်မှောက်ဖို့ ပြီးခဲ့တဲ့ သြဂုတ်လ ၁၉ ရက်နေ့က ဆုံးဖြတ်ခဲ့ပါတယ်။

ဒီဆုံးဖြတ်ချက်ကြောင့် ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီတချို့ အပေါ် ထိခိုက် နစ်နာမှုတွေ ဖြစ်ပေါ်စေတယ်လို့  ဝေဖန်သံတွေလည်း ထွက်ပေါ်နေပါတယ်။ အစိုးရ ကျောထောက်နောက်ခံ ပါတီတွေကို ထောက်ခံတဲ့ မဲတွေပဲ ရသွားနိုင်တယ်လို့ ဝေဖန်သူတွေက ဆိုကြပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲ ကျင်းပဖို့ အချိန် နီးကပ်လာလေ စစ်အစိုးရက ဥပဒေ စည်းမျဉ်းစည်းကမ်းတွေထုတ်ပြီး ပိုမို တင်းကြပ်လာတာကို ကြည့်မယ်ဆိုရင် နိုင်ငံရေးပါတီတွေ အနေနဲ့  ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ဖို့ အခက်အခဲတွေ ပိုပြီး ရင်ဆိုင်လာရတာ တွေ့ ရတယ်လို့  အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဌ ဦးတင်ဦးက ပြောပါတယ်။

“ဒါကတော့ ကျနော်တို့ကြောင့်တင် မဟုတ်ပါဘူး။ ကော်မရှင်က လုပ်ကိုင်နေတဲ့ စည်းမျဉ်းတွေ ဥပဒေတွေ၊ ထုတ်ပြန်နေတဲ့ တင်းတာတွေ ကြပ်တာတွေ၊ နောက် ပြောဆိုခွင့်မရှိတာတွေ၊ ဒါတွေနဲ့ အကုန်လုံး အကြပ်အတည်း ဖြစ်နေတာပဲ။ အဲဒီတော့ ကျနော်တို့ချည်း မဟုတ်ပါဘူး၊ သူတို့ဟာ သူတို့လည်း မလွယ်ပါဘူး။ ပိုဆိုးတာက ၃၁ ရက်နေ့မှာ သူတို့ရဲ့ ရွေးကောက်ပွဲကိုယ်စားလှယ် စာရင်းတင်ရမယ်၊ မတင်ရင် အဲဒါတွေနဲ့ ပတ်သက်လို့ ဆက်လက်တင်ခွင့် မရဘူးဆိုတော့ အခုရက်ကလည်း ဘာမှ မကျန်ဘူး။ သူတို့လည်း တက်သုတ်ရိုက်လုပ်တောင် မီမှာမဟုတ်ဘူး၊ အဲဒီတော့ သူတို့လည်း ညည်းညူနေတာပေါ့။ အဲဒီလို ဖြစ်နေတဲ့ကြားထဲမှာ ကျနော်တို့ကတော့ ပြတ်ပြတ် တခုပဲ ပြောလိုက်တယ်။ သို့သော်လည်းပဲ ဒါနဲ့ပတ်သက်လို့ နောက်ထပ် စဉ်းစားစရာ အချက်အလက် ရှိတာလေးတွေတော့ ချွင်းချက်အဖြစ်နဲ့ ပါမယ်ပေါ့”

NLD အနေနဲ့ ရွေးကောက်ပွဲမ၀င်ဖို့ ဆုံးဖြတ်ခဲ့ ပြီးတဲ့နောက်မှာ ရှေ့  ဆက်သွားမယ့် လုပ်ငန်းစဉ် တခုအနေနဲ့  စစ်အစိုးရ တဖက်သတ် ကျင်းပမယ့် ရွေးကောက်ပွဲကို မဲမပေးဘဲ သပိတ်မှောက်ဖို့ ကြေညာလိုက်တာ ဖြစ်တယ်လို့  ဦးတင်ဦးက ပြောပြပါတယ်။

“လူတွေနားလည်အောင်၊ အထူးသဖြင့် ကျနော်တို့ အဖွဲ့ချုပ် ပါတီဝင်တွေ နားလည်အောင်က ပြတ်ပြတ်ပဲ ပြောရမှာပဲ၊ တိုတိုတုတ်တုတ်ပဲ ပြောရမှာပဲ။ လျှောက်ပြီးပြောနေလို့ရှိရင် သူတို့လည်း မရွေးတတ်၊ မလုပ်တတ် မကိုင်တတ်နဲ့ ဖြစ်ကုန်မှာစိုးလို့။ ကျနော်တို့ မှတ်ပုံလည်းမတင်ဘူး၊ ရွေးကောက်ပွဲလည်း မဝင်ဘူးဆိုတော့ ဒါက သူတို့နဲ့ သီးခြား လွတ်လွတ်ကင်းကင်းနေတော့ သပိတ်မှောက်တယ်လို့ပဲ နားလည်လွယ်အောင် ပြောလိုက်တာပဲ။ နောက်ပြီးတော့ မဲပေးတာ ပေးနိုင်တယ်ဆိုတာတော့ သိပြီးသားပဲ။ ဒါပေမယ့် အဖွဲ့ချုပ် အနေနဲ့ကတော့ မှတ်ပုံလည်းမတင်ဘူး၊ ရွေးကောက်ပွဲလည်း မဝင်ဘူးဆိုတော့ ဒါနဲ့ ပတ်သက်တာအားလုံးကို မဲမပေးပေမယ့်လည်း သူတို့ သတ်မှတ်ထားသော ဥပဒေနဲ့အညီ မဲမပေးပိုင်ခွင့်ရှိတယ်၊ ဒီလိုပဲ ကျနော်တို့ကတော့ ခပ်တိုတိုပဲ ပြောလိုက်မှာပဲ”

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ နိုင်ငံရေးအရ စည်းရုံးရေး လုပ်ငန်းစဉ်တွေ၊ လူထု အကျိုးပြု လုပ်ငန်းတွေကို ဆက်လက် လုပ်ကိုင်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့  ဦးတင်ဦးက ပြောသွားပါတယ်။

RFA

The-Voice-6-38

The Voice 6-38 (E-Book)

Saturday, August 21, 2010

မြန်မာ့ တပ်မတော်ရဲ့ တကယ့် သူရဲကောင်းများ

Army

သတင်း- မြတ်လေးငုံ

အနာဂတ်သစ် ဂျာနယ်...

အနာဂတ်သစ်ဂျာနယ်..

သတင်း-- ဒီမိုဝေယံ

ရွေးကောက်ပွဲ သပိတ်မှောက်ရေး အန်အယ်လ်ဒီ အသေးစိတ် ထုတ်ပြန်ရန်ရှိ


စိုးမိုး / ၂၀ သြဂုတ် ၂၀၁၀


ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ရွေးကောက်ပွဲဆိုင်ရာ အသေးစိတ် အချက်အလက်များ အခြေအနေကို ကြည့်ပြီး ရွေးကောက်ပွဲ သပိတ်မှောက်ရေး ဗျူဟာ အသေးစိတ် ထုတ်ပြန်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ပြောကြားသည်။

ယမန်နေ့က အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် (၇) ဦးနှင့် ဗဟိုဦးစီးအဖွဲ့ဝင် (၈) ဦးတို့ ဆွေးနွေးပွဲအပြီး ရွေးကောက်ပွဲကို သပိတ်မှောက်ရန် ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်သည်။

“ဘယ်သူကတော့ဖြင့် ဘယ်မဲဆန္ဒနယ်မှာ၊ မဲပြားက ဘယ်လိုပုံစံ၊ ဘယ်လို မဲပေးရမှာ၊ အခြား စည်းကမ်းချက်တွေက ဘယ်လို စသဖြင့် အဲဒါတွေ ပေါ်လာတဲ့အခါမှာ ကျနော်တို့ ခုဏက ပြောတဲ့ ဘာလုပ်ရမလဲ ဆိုတဲ့ဟာတွေ ထွက်လာပါလိမ့်မယ်။ ကျနော်တို့ အခြေအနေပေါ် ကြည့်ပြီး ဆွေးနွေးဆုံးဖြတ်ကြမယ်လို့ ကျနော်တို့ သဘောထားရှိပါတယ်” ဟု ဦးအုန်းကြိုင်က ပြောကြားသည်။

ရွေးကောက်ပွဲ ကျင်းပမည့်ရက် ထွက်ပေါ်လာပြီး တပတ်အကြာတွင် အန်အယ်လ်ဒီပါတီဝင်များအနေဖြင့် ရွေးကောက်ပွဲကို သပိတ်မှောက်မည်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ဥပဒေနှင့်အညီ ပြည်သူလူထုအနေဖြင့် မဲမပေးလိုက မပေးဘဲ နေပိုင်ခွင့် ရှိသည်ဟု အန်အယ်လ်ဒီက ယမန့်နေ့က ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

ရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာလ (၇) ရက်နေ့ ရွေးကောက်ပွဲကျင်းပမည်ဟု ကြေညာသော်လည်း ပြည်သူလူထုအတွင်း မဲပေးရမည့် ပုံစံ၊ အမတ်လောင်းများ၊ ပါဝင်ယှဉ်ပြိုင်မည့်ပါတီများ စသည်တို့ကို အသေးစိတ် မကြေညာနိုင်သေးပေ။

“သပိတ်မှောက်မယ်ဆိုတာ ကျနော်တို့ ၀င်ပြီး မပါဘူးပေါ့ဗျာ။ ဒါပဲ။ မပါဘူးဆိုတာကိုပဲ၊ မပါဝင်ဘဲ သပိတ်မှောက်ထားတယ် ဆိုတာကိုပဲ ကျနော်တို့က ဘယ်လို အကောင်အထည်ဖော်မလဲ ဆိုတာနဲ့ ပတ်သက်လို့ကတော့ ခုဏကပြောတဲ့ ရွေးကောက်ပွဲ အသေးစိတ် အချက်အလက်တွေက ဘာမှ ပုံပေါ်လာတာ မရှိသေးဘူး။ အဲတော့ ကျနော်တို့လဲ အဲဒီကိစ္စကို ဆွေးနွေးခြင်း မရှိသေးဘူးဆိုပြီး မနေ့က ရပ်ထားလိုက်တာပါ” ဟု ဦးအုန်းကြိုင်က ပြောသည်။

နအဖကောင်စီက ထုတ်ပြန်သည့် ရွေးကောက်ပွဲဥပဒေများသည် တရားမျှတမှုမရှိသောကြောင့် အန်အယ်လ်ဒီပါတီက ယခုနှစ် မတ်လ (၂၉) ရက်နေ့တွင် ပါတီအနေဖြင့် မှတ်ပုံတင်မည်မဟုတ်ကြောင်း ဆုံးဖြတ်ခဲ့ပြီး ယခု ရွေးကောက်ပွဲကို သပိတ်မှောက်ကြောင်း ကြေညာလိုက်ခြင်းဖြစ်သည်။

::: Copyright © 1992-2010 The New Era Journal ::