-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Thursday, July 15, 2010

ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအရာရှိ ဦးဝင်းထိန် ပြန်လည်လွတ်မြောက်


ဝီရ / ၁၅ ဇူလိုင် ၂၀၁၀


ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအရာရှိအဖြစ် တာဝန်ယူခဲ့ဖူးသူ တပ်မတော်ဗိုလ်ကြီးအဆင့် အရာရှိဟောင်းဖြစ်သူ ဦးဝင်းထိန်ကို စစ်အစိုးရက စစ်ကိုင်းတိုင်း၊ ကသာ အကျဉ်းထောင်မှ ယနေ့နံနက်ပိုင်းတွင် လွှတ်ပေးလိုက်ကြောင်း သိရသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (မြန်မာနိုင်ငံ) မှ အတွင်းရေးမှူး ကိုတိတ်နိုင်က “လွတ်ရက်စေ့လို့ လွှတ်ပေးလိုက်တာပါ။ ကသာထောင်ကနေ လွှတ်ပေးလိုက်တာ။ အခု မန္တလေးကို သူ ဆင်းလာပြီလို့ ကျနော်တို့ ကြားရပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

အသက် (၆၉) နှစ်ရှိပြီဖြစ်သော ဦးဝင်းထိန်သည် ၁၉၉၆ ခုနှစ် မေလ (၂၁) ရက်နေ့ကတည်းက ဖမ်းဆီးအကျဉ်းချခြင်း ခံခဲ့ရသည်။

ဦးဝင်းထိန်ကို ပြည်ပသတင်းဌာနများသို့ သတင်းအချက်အလက် အမှားများ ပေးသည်ဟု စွပ်စွဲချက် (၂) ရပ်ဖြင့် ထောင်ဒဏ် (၁၄) နှစ် ချမှတ်ခဲ့သည်။ ၎င်းအား မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးဆိုင်ရာ အခြေအနေများနှင့် ပတ်သက်၍ မှားယွင်းသော သတင်းအချက်အလက်များ ဖြန့်ခဲ့မှုဖြင့် ထောင်ဒဏ် (၇) နှစ် ချမှတ်ခဲ့ပြီးနောက် ထောင်တွင်းရှိ နိုင်ငံရေးအကျဉ်းသားတို့၏ အခြေအနေများနှင့် ပတ်သက်၍ ပြင်ပသို့ အစီရင်ခံခဲ့မှုဖြင့် နောက်ထပ် ထောက်ဒဏ် (၇) နှစ် ချမှတ်ခဲ့သည်။

“ဦးဝင်းထိန် ခံရမှာက (၁၄) နှစ်ပါ။ ရက်နေ့တောင် ကျော်နေပါပြီ။ အမှန်က သူ့ကို လွှတ်ပေးသင့်တာ ကြာပြီလေ” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောသည်။

ဦးဝင်းထိန်သည် ၈၈ အရေးတော်ပုံကာလတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဒု-ဥက္ကဋ္ဌ ဦးတင်ဦး၏ ကိုယ်ရေးအရာရှိ တာဝန်ကိုလည်း ထမ်းဆောင်ခဲ့ဖူးပြီး ၁၉၉၅ ခုနှစ် နောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအရာရှိအဖြစ် တာဝန်ယူခဲ့သည်။

ယခင်က သွေးတိုး၊ နှလုံးရောဂါ၊ သွေးကြောကျဉ်း၊ လေးဘက်နာ၊ အရိုးကျီးပေါင်း စသည့် ရောဂါအမျိုးမျိုး ခံစားခဲ့ရဖူးသူ ဦးဝင်းထိန်၏ လက်ရှိ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်ကြောင်း၊ အင်းစိန်ရှိ ၎င်း၏နေအိမ်သို့ မနက်ဖြန် ရောက်နိုင်လိမ့်မည်ဟု မျှော်လင့်ရကြောင်း မိသားစုဝင်တဦးထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် စက်တင်ဘာလ၌ အကျဉ်းသား (၉,၀၀၂) ဦးကို မြန်မာစစ်အစိုးရက လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ရာတွင် လွတ်လာသည့် သတင်းစာဆရာကြီး ဦးဝင်းတင်အပါအဝင် နိုင်ငံရေးအကျဉ်းသား (၇) ဦးတွင် ဦးဝင်းထိန် ပါဝင်လာသော်လည်း ၎င်းအား လွှတ်ပေးပြီးမှ ကသာမြို့ တည်းခိုခန်းမှတဆင့် အကြောင်းပြချက်မပေးဘဲ ပြန်လည်အကျဉ်းချခဲ့သည်။

ဦးဝင်းထိန်သည် နောက်ဆုံးအကြိမ် အကျဉ်းချခံရစဉ် အင်းစိန်ထောင် (၁) နှစ်၊ မန္တလေးထောင် (၁) နှစ်၊ မြင်းခြံထောင် (၉) နှစ်ခွဲ၊ ကသာထောင် (၃) နှစ်ကျော် စသဖြင့် အကျဉ်းထောင်အသီးသီးသို့ ပြောင်းရွှေ့ခြင်းခံခဲ့ရသည်။

၁၉၈၉ ခုနှစ်တွင် ဦးဝင်းထိန်အား စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်မှ ဖမ်းဆီးခဲ့ပြီး နိုင်ငံတော် နှောင့်ယှက်ဖျက်ဆီးသူများ၏ အန္တရာယ်မှ ကာကွယ်သည့် ပုဒ်မ (၅/ည) ဖြင့် ထောင်ဒဏ်(၅) နှစ် ချမှတ်ခဲ့သည်။

တပ်မတော် ဗိုလ်ကြီးအဆင့်ဖြင့် ကာကွယ်ရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေစဉ် ဗိုလ်ကြီး အုန်းကျော်မြင့်နှင့်အတူ နိုင်ငံတော်ပုန်ကန်မှုဖြင့် ၁၉၇၅ ခုနှစ်၌ ရေကြည်အိုင် စစ်ကျောရေးစခန်းတွင် (၆) လခန့် အထိန်းသိမ်းခံရပြီးနောက် တာဝန်မှ ရပ်ဆိုင်းခြင်းခံခဲ့ရသည်။

::: Copyright © 1992-2010 The New Era Journal

စည်တော်ကြီး

ဗိုလ်မှူးအောင်လင်းထွဋ် - ၁၉၉၀ ရွေးကောက်ပွဲမှ ၂၀၁၀ ရွေးကောက်ပွဲသို့

Ag Lin Htut s Article

သတင်း--ဒေါက်တာလွဏ်းဆွေ

(၆၃)နှစ်မြောက်အာဇာနည်နေ့


ဓါတ်ပုံ အာလူးလေး

ရေနံအစမ်းတွင်းတတွင်းရဲ့ အိုင်ထွန်းမှု (အက်ဆေး)


မောင်ချောနွယ်


သူတပါးကို အကျဉ်းအကျပ် မပေးခဲ့သူ (သူလည်း မကျဉ်းကျပ်ချင်ဘူးလေ) ခုနှစ်စဉ်ကြယ်ပြောင်လေးများကို လှလွန်းလို့ ငေးကြည့်ရင်း ...။

သလဲသီးထဲက စီစီရီရီနဲ့ နီရဲနေတဲ့ သလဲစေ့လေးတွေရဲ့ အနေအထိုင် ပေါင်းကူးတံတားဖြူဖြူလေးလို လိုက်နေ ထိုင်ရင်း ...။ ပွဲတော်တွေထဲမှာ မီးရောင်စုံနဲ့ ဒုက္ခကြီးကြီး လည်ပတ်ရာမှာ ရဟတ်စီးသူ။ သူ့အပျော်ကို ကျနော် စာနာရင်း ...။ မြို့ကြီးပြကြီးထဲက ညနေရီကြယ်ပြာလေး မာကျူရီရဲ့အလွမ်းကို လွမ်းရင်း ...။ စိမ်းမြသစ်လွင် သော ရေဝေတောတန်းလေးရဲ့ချမ်းမြေ့မှုကို သူနဲ့အတူ ထပ်တူချမ်းမြေ့ရင်း ...။ မိုးစွေငှက်ကလေးရဲ့ ကောင်း ကင်ကို ကျနော် လေးစားတန်ဖိုးထားရင်း ...။

ဒါပေမယ့် ကျနော်တို့ ပြောပြနိုင်တဲ့အရာဟာ တခုပဲရှိပါတယ်။ သံတုံးသံခဲတွေမှာ သွေးသားမရှိကြပါဘူးလို့ ...။ ကျနော်တို့ရဲ့ ဒဏ်ရာတွေကို ကိုယ့်အနုပညာနဲ့ကိုယ် သွေးတိတ်စေခဲ့ကြပါတယ်။

ကိုယ့်သွေးအန်ဖတ်နဲ့ကိုယ် အသိုက်ဆောက်ခဲ့ကြသူ ဇီဝဇိုးငှက်ကလေးများကို မြတ်နိုးရင်း ...၊ ကျနော်တို့ရဲ့ ချစ်ခြင်းမေတ္တာဆီ ရောက်ရှိလာတဲ့ သစ်ရွက်ကလေးများကို ကျနော်တို့တတွေ နွေးထွေးယုယခဲ့ပါတယ်။ ကျ နော်တို့ဟာ ကျနော်တို့ရဲ့ သစ္စာတရားနဲ့အတူ နေထိုင်ကြီးပြင်းခဲ့ကြပြီး သူတပါးရဲ့ ကောက်ပဲသီးနှံတွေကို မခိုး ယူ မစားသောက်ဘဲ ညောင်သီးလေးများကိုသာ စားသောက်ခဲ့သူ ငူငှက်ကလေးပမာ နေထိုင်ခဲ့ကြပါတယ်။

ကျနော်တို့အားလုံးမှာ နားလည်မှုဆင်ဖိုနီ အထူးလိုအပ်လှပါတယ်။ ကမ္ဘာပေါ်မှာ အရှားပါးဆုံး ပင်ဒါဝက်ဝံက လေးကို ချစ်သလို ကျနော်တို့ရဲ့ ကဗျာဆရာကို ချစ်ပါ။ ကဗျာဆရာဟာ ပင်ဒါဝက်ဝံကလေးတွေ ဖြစ်ပါတယ်။ ဟိမ၀န္တာက ရှားပါးတဲ့ ကျားသစ်နက်ကလေးကို အားကိုးသလို ကျနော်တို့ရဲ့ ကဗျာဆရာကို အားကိုးပါ။


ကဗျာဆရာဆိုတာ
ကမ္ဘာပေါ်မှာ အရှားပါးဆုံး
ဟိမ၀န္တာက ကျားသစ်နက် ဖြစ်ခဲ့ပါတယ်။ ။


မောင်ချောနွယ်
(မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း၊ အောက်တိုဘာလ၊ ၂၀၀၀ ပြည့်နှစ်)

copy- ဒေါက်တာလွဏ်းဆွေ

စစ်အစိုးရအား တရားစွဲခြင်းသည် တွေ့ဆုံဆွေးနွေးမှုကို လမ်းပိတ်ခြင်းမဟုတ်ဟု ဒေါ်စုပြောကြား

ဝီရ / ၁၄ ဇူလိုင် ၂၀၁၀


မြန်မာစစ်အစိုးရအား တရားစွဲဆိုနိုင်ရန် ဆက်လက်လုပ်ဆောင်ခြင်းသည် အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းကြောင်းမှ သွေဖည်သွားစေရန် မဟုတ်ဘဲ တွေ့ဆုံဆွေးနွေးရေးအတွက် အန်အယ်လ်ဒီက လမ်းဖွင့်ထားဆဲဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

“နအဖကို တရားစွဲနိုင်ဖို့ တရားရုံးဆီ နောက်တကြိမ် အခုလို စာတင်ဖို့ ပြင်ဆင်နေတာဟာ နအဖနဲ့ အန်အယ်လ်ဒီအကြား ရင်ကြားစေ့ရေးအတွက် ဒိုင်ယာလော့ ပိတ်ပင်လိုက်တာ မဟုတ်ဘူး။ တွေ့ဆုံဆွေးနွေးရေးအတွက် အမြဲတမ်း တခါးဖွင့်ထားပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောတာ ဖြစ်ပါတယ်” ဟု ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သူ ၎င်း၏ရှေ့နေ ဦးဉာဏ်ဝင်းက ခေတ်ပြိုင်သို့ ပြောကြားသည်။

နိုင်ငံ့ဝန်ထမ်းများ၏ တာဝန်ဝတ္တရားအတိုင်း ကျေပွန်စွာ ထမ်းဆောင်ခြင်းမရှိသည့် မြန်မာစစ်အစိုးရကို တရားစွဲဆိုနိုင်ရန် နောက်ထပ် ပြင်ဆင်နေသည့်အပေါ် ဒေါ်အောင်ဆန်းစုကြည်က ယင်းကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

မှတ်ပုံတင်ပြီးသား ပါတီတခုအနေဖြင့် ဆက်လက်ရပ်တည်ခွင့်နှင့် ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ တရားဥပဒေအရ ဆက်လက်ရပ်တည်ခွင့်တို့အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော်ကိုယ်စားလှယ်များက တရားရုံးချုပ်သို့ ပြီးခဲ့သည့် ဧပြီ (၂၉) ရက်တွင် တရားစွဲဆို လျှောက်တင်ခဲ့သည်။ ယင်းသို့ တရားစွဲဆိုမှု (၂) မှုစလုံးကို လုပ်ထုံးလုပ်နည်းများနှင့် မှန်ကန်မှုမရှိသည့်အတွက် လက်မခံကြောင်း တရားရုံးချုပ်က မေ (၅) ရက်တွင် ပယ်ချခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ပယ်ချခဲ့မှုကို တရားဥပဒေနှင့်မညီသည့်အတွက် ဆက်လက် တရားစွဲဆိုသွားရန် ပြင်ဆင်နေခြင်းဖြစ်သည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ဦးဉာဏ်ဝင်းက “သွားတွေ့ရင် အမှုကိစ္စကလွဲပြီး ဘာမှ မပြောရဘူးလို့ နအဖက ကန့်သတ်လာတဲ့အပေါ် ကန့်ကွက်ဖို့ ဒေါ်အောင်ဆန်းစုကြည်က နို့တစ်စာကြမ်း ရေးခိုင်းထားတယ်။ အဲဒီစာကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ အတည်ပြုချက် ရပြီးရင် အမြန်ဆုံး တင်သွားမှာပါ။ ပြီးတော့ ပြီးခဲ့တဲ့ ဇွန်လတုန်းက နအဖကို တရားစွဲထားတဲ့ကိစ္စကို တရားရုံးက ပယ်ချတာဟာ တရားဥပဒေအရ လုပ်ခွင့်မရှိတဲ့အကြောင်း နောက်တကြိမ် တရားစွဲနိုင်ဖို့ နည်းစနစ်ကျကျ လုပ်ဆောင်သွားဖို့ ရှိပါတယ်” ဟု ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရာတွင် အခြားအကြောင်းအရာများ မဆွေးနွေးရန် ပိုမိုတင်းကျပ်သော ကန့်သတ်မှုများကို ပြီးခဲ့သည့် ဇွန်လ (၂၅) ရက်တွင် စစ်အစိုးရ အာဏာပိုင်တို့က စတင်သတိပေးလာပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအကြား တွေ့ခွင့်ရရန် ပိုမိုခက်ခဲလာကြောင်း သိရသည်။

“ပထမအကြိမ် တရားစွဲဆိုတုန်းက တရားရုံးက ငြင်းခွင့်မရှိဘူး။ ဒါနဲ့ပတ်သက်ပြီး အကြောင်းပြန်တာ မရှိသေးတော့ အခုတခါ နေပြည်တော်ဆီ စာရေးပြီး ဒီအမှုတွေကို ကြားနားပေးဖို့ တင်ပြတာ ဖြစ်တယ်” ဟု ဦးဉာဏ်ဝင်းက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ် ထိန်းသိမ်းထားမှုနှင့် ပတ်သက်၍ အထူးအယူခံ လျှောက်လွှာ တင်နိုင်ရေးအတွက်လည်း ၎င်း၏ ရှေ့နေများဖြစ်သော ဦးဉာဏ်ဝင်းနှင့် ဦးကြည်ဝင်းတို့က လွန်ခဲ့သော ဇူလိုင် (၁၃) ရက် နေ့လယ်ပိုင်း၌ (၂) နာရီခန့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ထို့အပြင် အန်အယ်လ်ဒီသည် တရားဝင်ပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့် မရှိတော့ကြောင်း ပြောကြားမှုအပေါ် အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်များက တရားဥပဒေအရ တရားဆိုစွဲနိုင်ရန် ပြင်ဆင်နေကြောင်း ဦးဉာဏ်ဝင်းက ပြောကြားသည်။

::: Copyright © 1992-2010 The New Era Journal :::

ဒေါ်စုနှင့် ရှေ့နေများတွေ့ဆုံမှု ကန့်သတ်ချက်တိုး

ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၁၄ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၄၅ မိနစ် .
ချင်းမိုင် (မဇ္ဈိမ) ။ ။ နေအိမ်အချုပ် ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ပါတီဝင် ရှေ့နေများ တွေ့ဆုံခွင့်ရရေး ကြန့်ကြာသွားမှာဖြစ်သော ကန့်သတ်မှုတခုကို စစ်အစိုးရက ထပ်မံ တိုးမြှင့်လိုက်ရာတွင် ရဲ၏ ခွင့်ပြုချက်သာမက ဒေါ်အောင်ဆန်းစုကြည်၏ သဘောတူညီချက်လည်း လိုသည်ဟု ပြဌာန်းလိုက်ခြင်း ဖြစ်သည်။

ယခင်က ဒေါ်အောင်ဆန်းစုကြည် နေအိမ်တည်ရှိရာ ဗဟန်းမြို့နယ် တာဝန်ခံ အက်စ်ဘီ ခေါ် သတင်းရဲတပ်ဖွဲ့ထံ တွေ့ဆုံခွင့် လျှောက်လွာတင်၍ ခွင့်ပြုချက်တောင်းခံရန်သာ လိုအပ်သော်လည်း ဇူလိုင် ၁ဝ ရက်နေ့မှစပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း တွေ့ဆုံရန် သဘောတူကြောင်း ရေးသားထားသောစာကို တင်ပြရန် လိုသည်ဟု ရဲက ညွှန်ကြားလိုက်သည်။

ညွန်ကြားချက် အသစ်အရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးနှင့် တွေ့ဆုံခွင့်ရရန် ယခင်က ၂-၃ ရက်ကြာ စောင့်ဆိုင်းရခြင်းမှ ရက်သတ္တပတ် တပတ်ခန့် ဖြစ်သွားနိုင်သည်ဟု ပါတီ ပြောရေးဆိုခွင့် ရှိသူလည်းဖြစ်သော ရှေ့နေ ဦးဥာဏ်ဝင်းက ပြောသည်။

ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်တွင် လက်ရှိ အမှုကိစ္စ သုံးခုရှိနေရာ သူမကို အပြစ်ဒဏ်ချထားခြင်း အပေါ် ပြန်သုံးသပ်ရန် တရားရုံးသို့ အထူးအယူခံတင်ခြင်းနှင့် စစ်အစိုးရကို တရားစွဲဆိုခြင်း နှစ်ခုတို့ ဖြစ်သည်။

“ဒေါ်စု သဘောတူ လက်မှတ်ထိုးမဲ့စာကို ကျနော် ရိုက်ပါတယ်။ ဒီလို တွေ့ဆုံမှု တောင်းထားတာကို သဘောတူပါတယ်လို့ပဲ ရေးတာ။ အဲဒါကို ရဲတပ်ဖွဲ့က ဒေါ်အောင်ဆန်းစုကြည်ကို ပို့ပြီးတော့ ဒေါ်စု သဘောတူပါတယ်ဆိုတဲ့ လက်မှတ်ထိုးပေးလိုက်တဲ့စာကို ကျနော်က လက်မှတ်ထိုးပါတယ်” ဟု ဦးဥာဏ်ဝင်းက ပြောသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ရှေ့နေများ တွေ့ဆုံရာတွင် အမှုကိစ္စမှအပ အခြား အကြောင်းအရာများကို ပြောဆိုခြင်း မပြုရန် ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့က သတင်းရဲတပ်ဖွဲ့က နှုတ်ဖြင့် ညွန်ကြားထားသည်ဟု ရှေ့နေများက ပြောသည်။

ရဲ၏ ကန့်သတ်မှုကို မကျေနပ်၍ ဒေါ်အောင်ဆန်းစုကြည်က ကန့်ကွက်ရန် ပြင်ဆင်လျှက်ရှိသည်ဟုလည်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေ ဦးကြည်ဝင်း၊ ဦးဥာဏ်ဝင်းတို့ ယမန်နေ့က ၂ နာရီခန့် တွေ့ဆုံစဉ် သူမအပေါ် ချမှတ်ထားသော ပြစ်ဒဏ်အတွက် အထူးအယူခံ လျှောက်လဲရန် ဆွေးနွေးခဲ့သည်။

အင်လျားကန်အတွင်း ရေကူး၍ နေအိမ်သို့ ခိုးဝင်လာသော အမေရိကန် နိုင်ငံသား ဂျွန်ယက်တောကို ဧည့်ခံမှုဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် ထောင်ဒဏ် ၁၈ လကို နေအိမ်တွင် နေရမှာဖြစ်ပြီး ကျန် ၁၈ လကို ဆိုင်းငံ့အဖြစ် ချမှတ်ထားသည်။

ရန်ကုန်ရှိ တရားသူကြီး ၃ ဦးထိုင် ဗဟိုတရားရုံးချုပ်တွင် အထူးအယူခံခွင့်ရရန် ဒေါ်အောင်ဆန်းစုကြည်ဘက်က လျှောက်လဲထားပြီး ခွင့်ပြုချက်ရလျှင် နေပြည်တော်ရှိ တရားရုံးချုပ်သို့ ဆက်လက် လျှောက်ထားရမှာ ဖြစ်သည်။

တိုင်းပြည်နှင့် လူမျိုးအတွက် ထမ်းဆောင်ရမည့် တာဝန်ဝတ္တရားများကို ကျေပွန်အောင် မဆောင်ရွက်သဖြင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်သော စစ်အစိုးရတဖွဲ့လုံးကို ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်ဒီက တရားစွဲဆိုနိုင်ရေး ပြင်ဆင်လျှက်ရှိသည်။

နိုင်ငံဝန်ထမ်းသည် ဥပဒေ ပြဌာန်းချက်အရ လုပ်ရမည့်တာဝန်များကို မလုပ်ဆောင်၍ တရားရုံးတော်က ဆောင်ရွက်ရန် အမိန့်ချမှတ်နိုင်ရေး လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆိုသည်။ နစ်နာသူ ဘက်က လျှောက်ထားသော သီးခြားသက်သာခွင့် အက်ဥပဒေပုဒ်မ ၄၅ နှင့် ၅၄ တို့အရ တရားစွဲဆိုရန် ကြိုးစားခြင်းဖြစ်သည်ဟု သိရသည်။

ဧပြီလက တရားစွဲခဲ့သော်လည်း တရားရုံးက လက်မခံဘဲ ပယ်ချခဲ့သဖြင့် နောက်တကြိမ် တရားထပ်စွဲရန် ပြင်ဆင်ခြင်း ဖြစ်သည်။

စစ်အစိုးရကို တရားစွဲဆိုမှု နောက်တခုမှာ အန်အယ်ဒီပါတီဝင် လွှတ်တော် ကိုယ်စားလှယ်များသည် တရားဥပဒေအရ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက် ရပ်တည်ပိုင်ခွင့်ရှိကြောင်းနှင့် ၂ဝ၁ဝ ရွေးကောက်ပွဲ ဥပဒေများက အလိုအလျောက်ပျက်ပြယ်အောင် ပြုလိုက်ခြင်းအတွက် မကျေနပ်သော အန်အယ်ဒီအမတ် ၂၆ ဦးက ပုဒ်မ ၄၂ နှင့်စွဲဆိုခြင်း ဖြစ်သည်။


© Copyright 1998 - 2009 Mizzima News. All Rights Reserved.[x] close