မြင့်မောင် | သောကြာနေ့၊ ဧပြီလ ၂၃ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၄၃ မိနစ် .
နယူးဒေလီ (မဇ္ဈိမ)။ ။ ပါတီသက်တမ်းကုန်ကာလအတွက် ကြိုတင်ပြင်ဆင်သောအနေဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်ခေါင်းဆောင်များက မြို့နယ် ၆ဝ တွင် ကွင်းဆင်းရှင်းလင်းမှုများ ပြုလုပ်ခဲ့သည်ဟု စုံစမ်းသိရှိရသည်။
လူထုအကြား လူမှုရေးလုပ်ငန်းများ လုပ်ကိုင်မည့် စီမံကိန်းအတွက် လူငယ်လုပ်ငန်း ဖော်ဆောင်ရေး အဖွဲ့ဝင်များက လွန်ခဲ့သည့် သီတင်းပတ်နှစ်ပတ်အတွင်း ကချင်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်း၊ မန္တလေး၊ ပဲခူးနှင့် ဧရာဝတီတိုင်းများတို့ လှည့်လည်ပြီး ဆွေးနွေးမှုပြုကြသည်။
“အဓိကကတော့ စုစုစည်းစည်း၊ ညီညီညွတ်ညွတ်နဲ့ အန်တီစု လွတ်လာတဲ့အခါမှာ စုစည်းညီညွတ်ပြီး ပါတီအင်အား ပြုန်းမသွားဖို့၊ လူမှုရေးလုပ်ငန်းတွေကို အဓိက ဆောင်ရွက်လို့ ရတယ်။ ကျနော်တို့ရုံးတွေ ပိတ်ကောင်း ပိတ်နိုင်တယ်၊ ပါတီဆိုင်းဘုတ်တွေ ချကောင်းလည်း ချနိုင်တယ်။ သို့သော် ကျနော်တို့ ပါတီဝင်တွေအချင်းချင်း အဆက်အသွယ်တွေတော့ ရှိနေရမယ်” ဟု စည်းရုံးရေးခရီးစဉ်သွားရောက်ခဲ့သူ လူငယ်လုပ်ငန်း ဖော်ဆောင်ရေး တာဝန်ခံ (၃) ကိုအေးထွန်းက မဇ္ဈိမကို ပြောသည်။
“ လူငယ်တွေနဲ့ ဆက်သွယ်ရေး လမ်းကြောင်းတွေ ဖွင့်မယ်။ ဝါးအစည်း ပြေမသွားအောင်၊ စနစ်တကျ စုစည်းထားနိုင်အောင်လို့ ဒါကို ဆောင်ရွက်ညှိနှိုင်း လုပ်ဆောင်တာပါ။ ပြည်နယ်စည်းကနေပြီးတော့ ရပ်ကျေးတွေရော၊ မြို့နယ်က လူတွေရောကို အစည်းအဝေး ခေါ်ထားတော့ တက်ရောက်လာတဲ့ အဖွဲ့ဝင်တွေကို ရှေ့လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ရှင်းပြတယ်။ ဆွေးနွေးမှုတွေ၊ ညှိနှိုင်းမှုတွေ ရှိရမယ်။ အဖွဲ့အစည်းကတော့ ပျက်သွားတာ မဟုတ်ဘူး။ ဖွဲ့စည်းပုံကတော့ ဒီအတိုင်းပဲ ရှိရမယ်။ ဆောင်ရွက်စရာရှိတာကို ဆက်လက်ဆောင်ရွက်သွားမယ်” ဟု သူက ဆက်ပြောသည်။
လာမည့်လ ၆ ရက်နေ့ ပါတီသက်တမ်း ကုန်ပြီးနောက် အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး၊ HIV/AIDS ဝေဒနာသည်များ စောင့်ရှောက်ရေး အပါအဝင် လူမှုရေးလုပ်ငန်းများ ဆက်လုပ်ရန်အတွက် ရည်ရွယ်ထားကြောင်း မန္တလေးတိုင်း NLD လူငယ်တဦးက မဇ္ဈိမကို ပြောသည်။
“ပါတီအနေနဲ့ ရှေ့လာမယ့် အနာဂတ်မှာ ပါတီဆိုင်းဘုတ် မရှိပေမယ့် အဖွဲ့ချုပ် လုပ်ဆောင်နေကျ လုပ်ငန်းတွေကို ဆက်လုပ်သွားမယ်၊ ပါတီမှာ လက်ရှိထမ်းဆောင်နေတဲ့ အဆင့်တွေအတိုင်း ဆက်လုပ်မယ်။ တိုင်းနဲ့ ပြည်နယ်တွေမှာရှိတဲ့ ပါတီဝင်တွေကလည်း လက်ရှိ ပါတီမှာ ထမ်းဆောင်နေတဲ့ အဆင့်တွေအတိုင်းပဲ ဆက်လုပ်သင့်တဲ့ ပါတီလုပ်ငန်းစဉ်တွေကို ဆက်လုပ်သွားဖို့၊ ပါတီဝင်တွေနဲ့ ညှိနှိုင်းတိုင်းပင်ပြီး လုပ်သွားနိုင်ဖို့ ရည်ရွယ်ထားတယ်” ဟု သူကပြောသည်။
အင်အားအကောင်းဆုံးအချိန်က ပါတီဝင် ၂၂ သန်းအထိ ရှိခဲ့သော အန်အယ်ဒီတွင် အသက် ၁၈ နှစ်မှ ၃၅ နှစ်အထိ လူငယ်ဟု သတ်မှတ်ထားကာ ပါတီ၏ဆုံးဖြတ်ချက်တွင် သြဇာသက်ရောက်မှုရှိသော အင်အားစုတစုဖြစ်သည်။ အခြားသော တိုင်းနှင့် ပြည်နယ်များကိုလည်း လူငယ်ခေါင်းဆောင်များ လှည့်လည်ရန် ပြင်ဆင်ထားသည်။
ပါတီဖျက်သိမ်းခံရလျှင် စုစုစည်းစည်းဖြင့် လုပ်ငန်းဆောင်တာများ ပြုလုပ်ရေး မည်သို့ပြုလုပ်မှာလဲဆိုသည်က ပါတီဝင်များရော စောင့်ကြည့်လေ့လာသူများအကြား စိတ်ဝင်စားမှုဖြစ်နေခဲ့သည်။
တရားမျှတမှုမရှိသော ရွေးကောက်ပွဲဥပဒေများကြောင့် ပါတီအား ပြန်လည်၍ မှတ်ပုံမတင်ရန် ပြီးခဲ့သည့်လ ၂၉ ရက်နေ့တွင် ရန်ကုန် NLD ရုံးချုပ်၌ ဗဟိုအလုပ်အမှုဆောင် ကော်မတီ CEC နှင့် ပြည်နယ်/တိုင်း ဗဟိုဦးစီးအဖွဲ့ CC အဖွဲ့ဝင်များ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြသည်။
© Copyright 1998 - 2009 Mizzima News. All Rights Reserved
Sunday, April 25, 2010
Wednesday, April 21, 2010
အယူဝါဒ ပြောင်းတယ်ဆိုတာ---မောင်ဝံသ

အင်တာဗျူးတခုမှာ ဂျာနယ်အယ်ဒီတာကမေးတယ်။ တချို့ လူတွေဟာ ဟိုးငယ်စဉ်က ယုံကြည်ခဲ့တဲ့ အယူဝါဒ ကို အခုကျမှ ဟောင်းနွမ်းဆွေးမြေ့ နေ ပြီလို့  ပြောတတ်ကြတာတွေ့ ရပါတယ်။ အဲဒါမျိုး ဘဘယ်လို ပြောာချင်ပါသလဲတဲ့။
ကျွန်တော်သိတယ်။ သည်ကိစ္စမျိုး အစာမကြေသူ အတော်များတာပဲ။ ဒါကြောင့် ကျွန်တော်လည်း ခုလို ပြန်ဖြေပါတယ်။
လူငယ်တစ်ယောက်ရဲ့ ဘ၀ကို သူဖတ်ခဲ့တဲ့ စာတွေ ၊သူစွဲလမ်းခဲ့ ရုပ်ရှင်တွေ ၊သူ့ မိဘတွေ၊ သူအထင်ကြီးလေးစားတဲ့ စံနမူနာ ပုဂ္ဂိုလ်တွေ သာမက သူ ကြီးပြင်းလာတဲ့ ခေတ်ရဲ့  အငွေ့  အသက်တွေကလည်း သြဇာလွှမ်းပါတယ်။ ဆိုလိုတာက ဖက်ဆစ်တော် လှန်ရေး ရေချိန်မြင့်နေချိန်မှာ ကြီးပြင်းလာတဲ့ လူငယ်ဟာ အနိမ့်ဆုံးတော့ ဖက်ဆစ်ဆန့် ကျင်ရေးစိတ်ဓါတ် ရင်ထဲမှာရှိနေမှာပဲ။
ဆိုရှယ်လစ်လူ့ ဘောင်ထူထောင်ခြင်းသည်သာ အလိုလားအပ်ဆုံးဆိုတဲ့ စာတွေဖတ်လာခဲ့ရင် လက်ဝဲစိတ်ဓါတ်တော့ မွေးနေမိမှာ ပဲ။ မိမိယုံကြည်စွဲကိုင်ခဲ့တဲ့ အယူဝါဒ တခုကို နောင်တချိန်မှာ မှားယွင်းဟောင်းနွမ်းမှု တခုလို့  ပြန်လည်သုံး သပ်မှု ရှိသလို ဆက် လက်ဖက်တွယ်ထား သူလဲ ရှိနိုင်ပါတယ်။
ကွန်မြူနစ်ဝါဒ ယုံကြည်ခဲ့သူက နောက်အနှစ် ၂၀လောက်ကြာလာတဲ့အခါ ကွန်မြူနစ်ဝါဒကို ပြန်လည်ဝေဖန်ရင် လူတွေက အပြစ် တင်တတ်တယ်။ အပြစ်တင်သူတွေဟာ တကယ်တော့ ကွန်မြူနစ်ဝါဒကို ကြိုက်လို့ မဟုတ်ဘူး။ ယုံကြည်ချက်အဟောင်းကို ပြန် လည်ဝေဖန်သူကို သဘော မကျတာ ဖြစ်တယ်။ဒါဆိုရင်ဖက်ဆစ်ဝါဒကြီးကို ယုံကြည်ခဲ့သူတယောက်က ဖက်ဆစ်ဝါဒကို ပြန်လည် ဝေဖန်ခဲ့ရင်ကော ဘယ်လိုပြောမလဲဗျ။
ကျွန်တော့ သဘောကတော့ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်ရေးဖူးခဲ့သလိုပဲ အယူဝါဒဆိုတာ သမုတိသစ္စာတွေပဲလို့  ပြောချင် တယ်။
ပြောင်းလဲတယ်ဆိုတာလဲ အမှားကအမှန် ပြောင်းလဲတယ်ဆိုရင် ကြိုဆိုရမှာပဲ။ ဒီနှစ်ဟာ ၈ါလီလီယို နှစ် ၄၀၀ ပြည့်နှစ်ပါ။ နေကို ကမ္ဘာက ပတ်နေ တာပါလို့  ဂါလီလီယိုက သူတွေ့ ရှိတာကို အမှန်အတိုင်း ပြောမိလို့  အပြစ်ဟဏ်တွေ ခံခဲ့ရတယ်မဟုတ်လား။ ကမ္ဘာကိုနေက လှည့်ပတ်နေတယ်လို့ ။ကမ္ဘာကြီးဟာ ပြားနေတယ်လို့  ရှေး ယခင်က ယုံကြည်ခဲ့ကြတဲ့ အတိုင်း ဆက်ယုံနေခဲ့ရင် ယုံကြည်ချက် ခိုင်မာသူလို့  ပြောမလား။
မောင်ဝံသ
အတွေးအမြင် ၂၁၃--မောင်ဝံသ၏ ဝေါမြို့ ကလာခဲ့တယ် ဆောင်းပါးမှ
ပြိုင်ဘက်ရှိမှ ပိုပြီးတိုးတက်နိုင်မယ်”
ဧရာဝတီ Tuesday, April 20, 2010

ကိုအေးချမ်းနိုင် (ဓာတ်ပုံ - ဘန်ကောက်ပို့စ်)
ဧရာဝတီ Tuesday, April 20, 2010 .ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) သည် ၁၉၉၂ ခုနှစ်မှ စတင် ထုတ်လွှင့်ခဲ့သည်။ ၂၀၀၅ ခုနှစ် မေလတွင် စတင်၍ DVB ရုပ်သံ ထုတ်လွှင့် ခဲ့ရာ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး ကာလနှင့် ၂၀၀၈ ခုနှစ် မေလတွင် တိုက်ခတ်သော နာဂစ် ဆိုင်ကလုန်း မုန်တိုင်း နောက်ပိုင်း တို့တွင် ပြည်တွင်း၌ ဖြစ်ပျက်နေသော အခြေအနေများကို မြန်မာပြည်သူများ ပိုမို သိရှိစေခဲ့သည်။ ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးကို အခြေခံထားသည့် ပြည်တွင်းမှ DVB ရုပ်သံ သတင်းထောက် တဦးအကြောင်း မှတ်တမ်းရုပ်ရှင် Burma VJ မှာ ၂၀၀၉ ခုနှစ် အော်စကာ ဆုပေးပွဲတွင် ဆန်ခါတင် ၅ ကား စာရင်း၌ ပါဝင်ခဲ့ပြီး နိုင်ငံတကာ ဆုများစွာ ရရှိခဲ့သည်။ ထို DVB သတင်းဌာန၏ အုပ်ချုပ်ရေးမှူး ကိုအေးချမ်းနိုင်ကို ဧရာဝတီ သတင်းထောက် အေးချမ်းမြေ့က တွေ့ဆုံ မေးမြန်းထား ပါသည်။
မေး။ ။ အရင်ဆုံး Burma VJ နဲ့ ဘယ်လို ဆက်စပ်ခဲ့တာလဲ သိပါရစေ။
ဖြေ။ ။ သူတို့ ကုမ္ပဏီက ကျနော်တို့နဲ့ ဘာမှ မဆိုင်ပါဘူး။ သူတို့က ကျနော်တို့နဲ့ စ အဆက်အသွယ်လုပ်တဲ့ ၂၀၀၆ ခုနှစ်လယ် လောက်ကတည်းက နယ်စပ်ကနေ မြန်မာပြည်ထဲ ပြန်ဝင်သွားတဲ့ သတင်းမီဒီယာ သမားတွေ၊ ကင်မရာမင်းတွေ၊ ဗီဒီယို ဂျာနယ်လစ်တွေ အကြောင်းကို Documentary လုပ်ချင်တယ်။ လုပ်ချင်တော့၊ ကျနော်တို့နဲ့ အစမ်း စရိုက်တယ်။ ပြည်တွင်းက ထွက်လာတဲ့ သတင်းထောက်တွေကို မျက်နှာမပြဘဲနဲ့ ဗီဒီယိုရိုက်တယ်။ စပြီး ဆင်နေပြီပေါ့၊ ဆင်နေရင်းနဲ့ အဲဒီမှာ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ဖြစ်တယ်။ ဖြစ်တော့ ကျနော်တို့ကလည်း အရမ်းကို အလုပ်ရှုပ်သွားတယ်။ အလုပ်ရှုပ်တော့ သူတို့ကို သိပ်ပြီး အကူအညီမပေးနိုင်တော့ဘူး။ ဒါပေမယ့် သူတို့က တချိန်လုံးရှိနေတယ်။ ဆန္ဒပြပွဲ တောက်လျှောက် အထဲကနေပြီးတော့ ဗီဒီယို အရုပ်တွေ ထုတ်လာတယ်။ အဲဒီထုတ်လာတဲ့ အရုပ်တွေကို ဒီထဲမှာ တခါပြန်ပြီးတော့ နိုင်ငံတကာကို ပြန်ဖြန့်တယ်။ ဆိုတော့ ကျနော်တို့ လုပ်တဲ့ အော်ပရေးရှင်း တခုလုံးကို သူတို့ မျက်စိရှေ့မှာ၊ သူတို့ ဘေးကထိုင်ပြီး မြင်ရသလို ဖြစ်သွားတယ်။ နောက် အရုပ်တွေ ထွက်လာတော့ ဒီအရုပ်တွေကြည့်ပြီးတော့ အဲဒီမှာ သူတို့ စဉ်းစားတယ် ဘာလုပ်လို့ရမလဲ ...။ အဲဒီမှာ အရင်ရှိထားတဲ့ အိုင်ဒီယာ တခုလုံး ပျောက်သွားတယ်။ ဒီအရုပ်တွေနဲ့ပဲ ဗီဒီယိုကင်မရာ သမားတွေ အကြောင်းကို documentary လုပ်မယ် ဆိုပြီးတော့ ဖြစ်သွားတာပါ။
မေး။ ။ DVB ရဲ့ ဒါရိုက်တာ တယောက် အနေနဲ့ Burma VJ အပေါ် ဘယ်လိုသုံးသပ်လဲ။ ကိုအေးချမ်းနိုင်တို့ အရုပ်တွေနဲ့ ဆုတွေ အများကြီး ရသွားတဲ့ အပေါ်မှာပေါ့။
ဖြေ။ ။ ဒီ Documentary က DVB အတွက် သမိုင်းမှတ်တိုင် တခုလို ဖြစ်သွားတဲ့ အတွက် ဗမာပြည်နဲ့ ပတ်သက်တဲ့ Documentary ထဲမှာ နာမည်လည်း ကြီးသွားတယ်၊ လူကြည့်လည်း များသွားတယ်။ DVB အတွက်တော့ တကယ်ကို အရေးကြီးတဲ့ မှတ်တိုင်တခုပါ။
မေး။ ။ DVB အနေနဲ့ အရုပ်ရတာ အရင်ကထက် ပိုလွယ်တယ် ပြောနိုင်လား။
ဖြေ။ ။ ပိုလွယ်လာတယ် လို့တော့ မဟုတ်ဘူး။ ဒါပေမယ့် လူပိုများလာတဲ့ အတွက်ကြောင့် အရုပ်က ပိုထွက်လာတယ်။ ခက်ခဲမှုကတော့ နဂိုအတိုင်းပဲ။ ဒါပေမယ့် အရင်တုန်းက ကျနော်တို့ စလုပ်တဲ့ အချိန်မှာ ဥပမာ - ၂၀၀၇ လူထု ဆန္ဒပြပွဲဖြစ်တော့ ကျနော်တို့မှာ လူ ၃၀ လောက် ရှိတယ်။ ဒီလူ ၃၀ မှာ တယောက်ချင်းစီက အရုပ်ထုတ်တာ မဟုတ်ဘူး။ လူ ၃၀ က သူတို့ အုပ်စုလေးတွေနဲ့ လုပ်ကြတယ်။ အုပ်စုတစုက အစီအစဉ် တခုပေါ့။ အခုက လူ ၈၀၊ ၁၀၀ လောက် ရှိလာတယ်။ ဆိုတော့ အစီအစဉ် ပိုများလာတယ်။ ဒါပေမယ့် တကယ်တမ်းပြောရင် အရုပ်ရဖို့ ရိုက်ရတာ အရင်ကထက် စာရင် ပိုတောင်ခက်လာတယ်။
ဘာမှ နိုင်ငံရေးနဲ့ မပတ်သက်တဲ့ ကိစ္စ၊ ဥပမာ - ဈေးထဲမှာဆိုပါစို့။ ဆန္ဒပြပွဲကြီးကို ရိုက်နေတာ မဟုတ်ဘူး။ သာမန် လှုပ်ရှား သွားလာနေတဲ့ ဟာတွေ ရိုက်တာတောင်မှ အန္တရာယ် တော်တော်ကြီးတယ်။ ကင်မရာ ထုတ်တာနဲ့ လာမေးတယ်၊ မင်း ဘာလုပ်တာလဲ၊ ဘယ်ကလဲ၊ ဘာအတွက် ရိုက်တာလဲ။ သတင်းစာရှင်းလင်းပွဲတွေ သွားရင်လည်း အဲဒီလို လာမေးတာတွေ ရှိတယ်။ သူတို့ဘက်က စောင့်ကြည့်တာလည်း ပိုများလာတယ်။
လူတွေက ကျနော်တို့ TV တွေကို ကြည့်တယ်ဆိုတာက အဓိက သူတို့ မမြင်ဘူးတာတွေ မြင်ရလို့။ MRTV လိုဟာမျိုးမှာ မြင်ရတဲ့ ဟာတွေ ကျနော်တို့ လွှင့်တာမရှိဘူး။ တကယ်တမ်း သူတို့ လုပ်ချင်တာက ကျနော်တို့ကို လူတွေ မကြည့်ချင်အောင်လုပ်ချင်တာ။ ဒါပေမယ့် သူတို့ မပြတဲ့ သတင်းတွေ၊ အရုပ်တွေကို ပြတော့ လူတွေက ကြည့်မှာပဲ။ သူတို့က အရမ်းကို တဖက်သတ်ကြီး ဖြစ်နေတော့ ဘယ်သူမှ ကြည့်မှာ မဟုတ်ဘူး။ ကျနော်တို့ကို လူတွေမကြည့်အောင် လုပ်လေလေ၊ လူတွေက ပိုကြည့်ချင်လေလေ ဖြစ်မှာပဲ။
၂၀၀၇ ဇွန်၊ ဇူလိုင် ကာလတွေက စပြီး ကျနော်တို့ ၂၄ နာရီ လွှင့်တယ်။ အဲဒီနောက်ပိုင်းမှာတော့ ကြည့်တဲ့ သူက တော်တော် များလာတယ်။ အထဲက ကျနော်တို့ သတင်းထောက်တွေ ကိုယ်တိုင် ကြုံရတာတွေရှိတယ်။ သူတို့ ပြန်ပြောပြတယ်။ ဥပမာ - သတင်းထောက်တွေ ကိုယ်တိုင် ဈေးသွားတာ၊ မြို့ထဲမှာ လမ်းလျှောက်တာမျိုး လုပ်တဲ့အချိန် လက်တို့ပြီး DVB program တွေဝယ်မလား။ သူတို့မှာ CD တွေ ရှိတယ် ဆိုတာမျိုး တိုးတိုးတိတ်တိတ်လေး လာလာပြောတာတွေရှိတယ်။
မေး။ ။ နာဂစ်ဆိုင်ကလုန်း ကာလတုန်းက DVB အနေနဲ့ လုပ်နိုင်ခဲ့တာတွေ ဘာတွေရှိခဲ့လဲ။
ဖြေ။ ။ ရွှေဝါရောင် တော်လှန်ရေး ပြီးတော့ တချို့တွေ အဖမ်းခံရတာရှိတယ်၊ တချို့ ပစ္စည်းတွေ ဆုံးရှုံးသွားရတာတွေ ရှိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီတုန်းက မိုးတွေ အကြီးအကျယ်ရွာတော့ ကင်မရာတွေ တလုံးပြီး တလုံးပျက်တယ်။ တချို့လည်း ရှောင်တိမ်း နေရတယ်။ အဲဒီနောက်ပိုင်းမှာ တကယ်တော့ ကျနော်တို့ အဓိက ပြင်တာက အခြေခံဥပဒေ ဆန္ဒခံယူပွဲအတွက်ကို ပြင်တာ။ ဒါပေမယ့် အဲဒီ အချိန်မှာ နာဂစ်ဖြစ်လာတယ်။ ကံကောင်းချင်တော့ အဲဒီအချိန်မှာ ပြည်တွင်းက လူတွေ ပြန်ရှိတယ်။ ပစ္စည်းတွေလည်း ပြန်ရှိတယ်။ နာဂစ်ဆိုင်ကလုန်း ဖြစ်တော့ ပထမဆုံး ထွက်လာတဲ့ အရုပ်က ကျနော်တို့ ဆီကပဲ။ အဲဒီအချိန်မှာ အင်တာနက် တွေကလည်း အကုန် ဒေါင်းသွားပြီ။ တယ်လီဖုန်း လိုင်းတွေကလည်း အကုန်ကျသွားပြီ။ ကျနော်ကြည့်ရတာ တချို့ နိုင်ငံခြား သတင်းထောက်တွေ အထဲမှာ ရှိနေပုံရတယ်။ သူတို့က သူတို့ မီဒီယာတွေ အတွက် cover လုပ်ဖို့ ရောက်နေကြတာ။ ဘယ်လောက်ထိဖြစ်လဲ ဆိုတော့ သူတို့တောင်မှ အရုပ်တွေ ပြန်မထုတ်နိုင်ဘူး။ ဒါပေမယ့် ကျနော်တို့ သတင်းထောက်တွေက နာဂစ် ဖြစ်ပြီး တရက်၊ နှစ်ရက် အတွင်း ဧရာဝတီတိုင်းကို ရောက်သွားပြီး အဲဒီကနေ ရွာသားတွေနဲ့တွေ့၊ လူတွေ သေတာတွေ၊ ကြေတာတွေ၊ အဲဒီအရုပ်တွေကို ကျနော်တို့ TV ကလည်း ထွက်တယ်။ နိုင်ငံခြား မီဒီယာ တော်တော်များများကိုလည်း ပေးနိုင်ခဲ့တယ်။
မေး။ ။ လာမယ့် ရွေးကောက်ပွဲ အတွက်ကော ဘာတွေ လုပ်ဖို့ ပြင်ထားလဲ။
ဖြေ။ ။ လာမယ့် ရွေးကောက်ပွဲအတွက်ကတော့ program ပိုင်းအရရော နောက်ပြီး training ပိုင်းအရရော လုပ်ဖို့ရှိတယ်။ ရွေးကောက်ပွဲ မ၀င်တဲ့ လူတွေ မ၀င်တဲ့ အကြောင်း။ ၀င်တဲ့ လူတွေ ၀င်တဲ့ အကြောင်း debate လို ပုံစံနဲ့ လုပ်ဖို့ ရှိတယ်။ နောက် election law နဲ့ ပတ်သက်တာတွေ။ ဥပမာ- သူများနိုင်ငံတွေမှာ election ကို ဘယ်လိုလုပ်ကြလဲ ဆိုတဲ့ ဟာမျိုးတွေ။ election မှာ လူထုရဲ့ အခန်းကဏ္ဍက ဘယ်လိုအရေးပါတယ် ဆိုတာမျိုးတွေ သွားဖို့ရှိတယ်။ နောက်တခါ ဘယ်ပါတီပဲဖြစ်ဖြစ် ရွေးကောက်ပွဲ နိုင်ရင် သူတို့ ပါတီရဲ့ ပေါ်လစီက ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုရှိလဲ၊ စီးပွားရေး ပေါ်လစီက ဘယ်လိုရှိလဲ၊ အစရှိသဖြင့်ပေါ့။ အဲဒါလေးတွေကို တခုချင်းစီ ဆွဲထုတ်ပြီးတော့ လုပ်မယ်။ အဲဒါက တခုပေါ့။
ရွေးကောက်ပွဲ ကာလအတွင်းနဲ့ ရွေးကောက်ပွဲ မဖြစ်ခင် တပတ်လောက်ပဲ ဖြစ်ဖြစ် ရွေးကောက်ပွဲပြီးလို့ တပတ်လောက်ပဲ ဖြစ်ဖြစ် ကျနော်တို့ အချိန်တော်တော် များများ တိုးချဲ့ဖို့ရှိတယ်။ မနက်ကနေ စပြီး ညနေမိုးချုပ်တဲ့ အထိပေါ့။ နော်ဝေး ကနေ တိုက်ရိုက်လွှင့်ဖို့ စီစဉ်ထားတယ်။
မေး။ ။ ကိုအေးချမ်းနိုင်တို့ အနေနဲ့ တော်လှန်ရေးကနေ မွေးဖွားလာတဲ့ မီဒီယာ တခု ဖြစ်တဲ့အတွက် တော်လှန်ရေး ပြီးဆုံးသွားရင် ဘာအနေနဲ့ ဆက်ပြီးတော့ ရပ်တည်မလဲ။ ဆက်ပြီး ရှိနေဦးမလား။
ဖြေ။ ။ မြန်မာပြည် အခြေအနေ ပြောင်းသွားရင် DVB နာမည်နဲ့ပဲ ဆက်နေမယ်။ ဒါပေမယ့် ကျနော်တို့ ဆက်လုပ်ဖို့ ရှိတာက မြန်မာပြည် အခြေအနေ ပြောင်းပြီဆိုရင် မြန်မာပြည်ထဲကို ဝင်ပြီး ဘယ်လိုဆက် ရပ်တည်မလဲ။ ဘယ်လိုတည်ဆောက်ရမလဲ။ ဘယ်လို ဖြစ်မလဲဆိုတာ စဉ်းစားရမယ်။ ပြောရရင်တော့ မြန်မာပြည် ပြောင်းပြီး ၄၊ ၅ နှစ်အထိ donor ဆီက ပိုက်ဆံရနေမယ်။ ဒါပေမယ့် ရေရှည်မှာ ကျနော်တို့ ကိုယ့် ဘာသာကိုယ် ရပ်တည်ရမယ်။
မေး။ ။ DVB က ဒါဟာ တခုတည်းသော TV ဆိုပြီးတော့ ပြည်တွင်းမှာ ရှိရာကနေ နောက်ထပ် ကိုအေးချမ်းနိုင်တို့နဲ့ အပြိုင် ပေါ်လာနိုင်တဲ့ TV တွေ အပေါ်မှာရော ဘယ်လို သဘောထားမလဲ။
ဖြေ။ ။ ကျနော် ထင်တာတော့ ကောင်းတယ်။ များများပေါ်လေ ကောင်းလေပဲ။ မြန်မာပြည်ထဲမှာ ပြနေတဲ့ လိုင်းတွေက အစိုးရ ရုပ်သံတွေ။ ဒါပေမယ့် ဒီမိုကရေစီ ရတဲ့ နိုင်ငံတွေမှာ ရုပ်သံလိုင်းတွေ အများကြီးပဲ။ ထိုင်းနိုင်ငံလို နိုင်ငံမှာတောင် အများကြီးပဲ။ မြန်မာပြည်မှာက လူဦးရေ ၅၅ သန်းလောက်ရှိတယ်။ ဒီ တခုနဲ့ ကျနော်တို့ ဘယ်လိုမှ cover မလုပ်နိုင်ဘူး။ နောက်တခုက တခါတလေကျတော့ ကိုယ့်တယောက်ပဲ ရှိနေတယ်ဆိုရင် ကိုယ်က သိပ်ကြိုးစားချင်စိတ် မရှိဘူး။ ကိုယ်နဲ့ အဲဒီလို ပြိုင်ဘက် ရှိလာတယ်ဆိုရင် ကြိုးစားချင်စိတ် ပို ရှိလာတယ်။ ပြိုင်ဘက် ရှိမှ ပိုပြီးတိုးတက်နိုင်တယ်။
ကျနော်တို့ကတော့ အားပေးတယ်။ အဲဒီရည်ရွယ်ချက်နဲ့ ကျနော်တို့ အခုဆိုရင်လည်း တခြားအဖွဲ့အစည်းတွေ၊ တခြား မီဒီယာ တွေနဲ့ တွဲပြီးတော့ သတင်းတွေထုတ်ဖို့၊ documentary တွေထုတ်ဖို့၊ အဲဒါမျိုးတွေ ကျနော်တို့ များများစားစား လုပ်မယ်။ အဲဒီလိုမျိုး လိုင်းတွေ များလာတာ ကျနော်ထင်တယ်၊ ပြဿနာမရှိဘူး။ နောက်တခုက မြန်မာပြည်လို နိုင်ငံမျိုးမှာ တကယ်တမ်းပြောရရင် နည်းသေးတယ်။ ဥပမာ တခုပြောရရင် ၂၀၀၇ သံဃာ ဆန္ဒပြပွဲမှာ ဂျပန်သတင်းထောက် နာဂအိ အသတ်ခံရတယ်။ သူအသတ်ခံရတဲ့ ပုံကို ကျနော်တို့ စရတော့ ဆိုဒ် တဘက်တည်းက တပုံပဲရတယ်။ ဒါပေမယ့် နောက်ပိုင်း ကျနော်တို့ လူတွေ ပို့လာတဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ ထပ်ရတော့ သုံးမျိုးတောင်ရတယ်။ အဲဒီနေရာမှာ ပြောရရင် အဲဒီမှာ ကျနော်တို့ သတင်းထောက် ၃ ယောက် စလုံးက ရှိတယ်။ ကျနော်ဆိုလိုချင်တာက တကယ်လို့သာ တယောက်မှ မရှိဘူးဆိုလို့ ရှိရင် တပုံမှ ရမှာ မဟုတ်ဘူး။ လူများတာက ပြဿနာမရှိဘူး။ လူများတယ်ဆိုရင် ပိုပြီး cover လုပ်တဲ့ နေရာမှာ အားကောင်းမယ်။ နောက်တခုက အဲဒီ အမြင် သုံးခုကနေ ရလိုက်တဲ့ အတွက်ကြောင့် ကျနော်တို့ သေချာ စဉ်းစားဆုံးဖြတ်နိုင်ခဲ့တယ်။ အနီးကပ်ပစ်တာလား၊ တေ့ ပစ်တာလား၊ မတော်တဆ ပစ်မိတာလား။ အဲဒီပုံတွေကို ဂျပန်ပုလိပ်တွေကလည်း ယူသွားတယ်။ ဂျပန်အစိုးရနဲ့ စကားပြောတဲ့ အခါမှာ အဲဒီ အရုပ်တွေက အများကြီး တန်ဖိုးရှိတာပေါ့။ များတယ်သာ ပြောပေမယ့် မြန်မာနိုင်ငံ အနေနဲ့ ကြည့်မယ်ဆိုရင် သတင်းထောက်တွေ ဒီထက်များရင် ပိုပြီးကောင်းတယ်။
မေး။ ။ ရေဒီယိုနဲ့ ပတ်သက်လို့ ပြည်တွင်းမှာ ပြောနေတာ DVB က ဖမ်းလို့ သိပ်အဆင်မပြေဘူးတဲ့။ နောက်တခုက တခြားရေဒီယိုနဲ့ ယှဉ်လိုက်ရင် နည်းနည်းအားနည်းတယ် ဆိုပြီးတော့ ပြောနေကြတာရှိတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ထပ်ပြီး တိုးမြှင့်ဖို့ရှိလား။ ဘယ်လို့ တုံ့ပြန်မလဲ။
ဖြေ။ ။ ကျနော်တို့ ဒီကိစ္စကို တော်တော်များများ ပြင်တာတွေရှိတယ်။ နောက်တခုက frequency ပိုကောင်းလာအောင် ကျနော်တို့ လုပ်နေတယ်။ ကျနော်တို့လည်း သိတယ်။ ကျနော်တို့ရဲ့ ရေဒီယို အသံလှိုင်း ဖမ်းရတာ ခက်တယ်။ BBCနဲ့ နှိုင်းယှဉ်တယ်၊ VOAနဲ့ နှိုင်းယှဉ်တယ်၊ RFAနဲ့နှိုင်းယှဉ်တယ်။ သူတို့ အဲဒီလို နှိုင်းယှဉ်ပြီးတော့ ကျနော်တို့ အသံက အဆင်မပြေဘူး ပြောတယ်။ ခုနပြောတဲ့ အသံလွှင့်ဌာနတွေက ဒီအာရှ၊ အရှေ့တောင်အာရှ တွေမှာပဲ ရှိတယ်။ VOAဆိုရင် ထိုင်းက လွှင့်တာရှိမယ်၊ BBC ဆိုရင် စင်္ကာပူက လွှင့်တာရှိမယ်၊ RFA လည်း ဒီလိုပဲ။ ကျနော်တို့က အဲဒီ station တွေ အကုန်လုံးကို လိုက်ချိတ်တယ်၊ ကြိုးစား ကြည့်တယ်။ ဒါပေမယ့် သူတို့က ကျနော်တို့ကို နိုင်ငံရေး ဆိုပြီးတော့ပဲ မြင်တယ်။ ကျနော်တို့ station မြန်မာပြည်နဲ့ ဝေးတဲ့ အတွက်ကြောင့်မို့ အသံလိုင်းက သူတို့ နှိုင်းယှဉ်ရင်တော့ မကောင်းဘူး။ ဒါပေမယ့် လုံးဝကို ဖမ်းလို့ မရတာတော့ မဟုတ်ပါဘူး။
မေး။ ။ ပြည်ပက မြန်မာ မီဒီယာတွေက တော်လှန်ရေးကနေ ပေါက်လာဖွားလာတဲ့ မီဒီယာတွေ ဖြစ်တဲ့အတွက် သတင်းသမား လိုက်နာရမယ့် ကျင့်ဝတ်တွေနဲ့ လွဲချော်နေတာတွေ ရှိတယ် ဆိုပြီး ပြောကြတာနဲ့ ပတ်သက်လို့ကော ကိုအေးချမ်းနိုင် ဘယ်လို မြင်ပါသလဲ။
ဖြေ။ ။ တောက်လျှောက် အခုထိ ပြောနေ၊ လုပ်နေကြတာပါပဲ။ ကျနော်တို့ မြန်မာပြည်ရဲ့ ဂျာနယ်လစ်ဇင်ကိုက အရမ်း ကျပ်တယ်။ ဆရာဦးဝင်တင်တို့ တတွေ၊ တကယ့် သတင်းစာ ဆရာကြီးတွေတောင်မှ ၆၂ ခုနှစ်မှာ အဖမ်းခံရတာတို့၊ အပိတ်ခံရတာတို့ ဖြစ်တယ်။ အဲဒီကနေစပြီးတော့ ကျနော်တို့ သတင်းစာလောက ပျက်သွားလိုက်တာ ၈၈ အထိပဲ။ ၈၈ မှာတုန်းက မြန်မာပြည်မှာ ခုနက ကျန်နေခဲ့တဲ့ ဂျာနယ်လစ်တွေ ဆရာကြီးတွေရှိတယ်။ နောက် ၈၈ အပြီး ဒီဘက်ထွက်လာတဲ့ သူတွေ အကုန်လုံးက တက်ကြွလှုပ်ရှားသူ၊ နိုင်ငံရေး သမားတွေချည်းပဲ။ နောက်တခုက မီဒီယာနဲ့ ပတ်သက်ပြီး အတွေ့အကြုံ မရှိကြဘူး။ ဒါပေမယ့် ကိုယ်က စာလေး၊ ပေလေးတွေ စိတ်ဝင်စားတယ်၊ ဒီဘက်မှာ နိုင်ငံခြား သတင်းထောက်တွေ တွေ့တယ်။ သတင်းစာ တိုက်ကြီးတွေ တွေ့တယ်။ အဲဒါကို ကိုယ်က အားကျပြီးတော့ စရေးကြတယ်။ ရေးကြတော့ အဲဒီရေးတဲ့ အချိန်မှာတော့ ကိုယ်က နိုင်ငံရေးသမား၊ တက်ကြွလှုပ်ရှားသူ ဆန်ဆန်ပေါ့လေ။ ပြောရမယ်ဆိုရင် ကြိုက်သလို၊ အဆင်ပြေသလို လုပ်ကြတာ။ နောက်ပိုင်း နည်းတွေ ရလာတယ်၊ အတွေ့အကြုံတွေ ရလာတော့ နောက်ပိုင်း မီဒီယာဆိုတာ independent ဖြစ်ရမယ်။ မလွတ်လပ်တဲ့ မီဒီယာဟာ ဘယ်တော့မှ လုပ်စားလို့ မရဘူး။ အဲဒါမျိုးတွေ သိလာတဲ့ အချိန်မှာ စပြီး ပြင်လာကြပါတယ်။
မေး ။ ။ အခု အဲဒီ DVB ကကော independent ဖြစ်ဖို့ ဦးတည်နေတာလား။
ဖြေ ။ ။ ကျနော်တို့က independent ဖြစ်နေပါပြီ။ ကျနော်တို့ ရေဒီယို စ လွှင့်တဲ့ အခါမှာ အမြဲတမ်း ကျနော်တို့ ရေဒီယိုရဲ့ အစမှာ DVB က အမျိုးသား ညွန့်ပေါင်း အသံလွှင့်ဌာနပါဆိုပြီး အဲဒီလို ကြေညာလေ့ရှိတယ်။ အဲဒါ ၁၉၉၂ ခုနှစ်ကနေ ၂၀၀၂ အထိပဲ။ ၂၀၀၂ မှာ ကျနော်တို့ ဖြုတ်လိုက်တယ်။ ဖြုတ်လိုက်တယ်ဆိုတာက အမျိုးသား ညွန့်ပေါင်းအစိုးရရဲ့ အသံလွှင့်ဌာန ဆိုတဲ့ ကျနော်တို့ရဲ့ အသံကြီးက ဒီအစိုးရအတွက်ပဲ လုပ်ပေးတာဖြစ်မယ်။ အဲဒါကို ကျနော်တို့ မဖြစ်စေချင်ဘူး။ နောက်တခုက မီဒီယာဆိုတာက independent ဖြစ်ဖို့လိုတယ်။ အစိုးရအဖွဲ့ တခုခု၊ နိုင်ငံရေး ပါတီ တခုခုက ထိန်းထားတာ မဖြစ်သင့်ဘူး။ ကျနော်တို့ ၂၀၀၆ မှာ DVB foundation အနေနဲ့ ပြောင်းလိုက်တယ်။ ပြောင်းလိုက်တဲ့ အချိန်မှာ အဖွဲ့အစည်းတွေက လူတွေလည်း ပါတယ်။ ၆ ယောက်လောက် ရှိမယ်။ အဲဒီပါတဲ့ လူတွေ အကုန်လုံးက သူတို့ ကိုယ် သူတို့ သတင်းသမားအဖြစ်ပဲ ပါဝင်တယ်။ သူတို့ organization ကို ကိုယ်စား မပြုဘူး။
အခုကျနော်တို့ independent ဖြစ်သွားပြီ။ ခုနက ဖောင်ဒေးရှင်း ဖြစ်သွားတဲ့ အချိန်မှာပဲ နော်ဝေးနိုင်ငံ ဥပဒေအရ အယ်ဒီတာတွေက နော်ဝေးမှာရှိတဲ့ သတင်းအယ်ဒီတာတွေ လိုက်နာရမယ့်၊ စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေ လိုက်နာရမယ်။ အဲဒီဟာ လိုက်နာတယ် ဆိုတာက လွတ်လပ်တဲ့ မီဒီယာတခုအနေနဲ့ ရပ်တည်သွားမယ် ဆိုတဲ့ဟာမျိုး။ တကယ်လို့ အဲဒီလို ရပ်တည်နေတဲ့ အချိန်မှာ ကျနော်တို့ကို ခုနက အစိုးရ အဖွဲ့အစည်း၊ နိုင်ငံရေး အဖွဲ့အစည်း တခုခုကပဲ ဖြစ်ဖြစ် ကျနော်တို့ကို ဖိအား လာပေးမယ်ဆိုရင် ကျနော်တို့ရဲ့ တာဝန်က အလုပ်ကနေ ရပ်ဆိုင်းခံရမယ်။ သူတို့ ပြောတဲ့ အတိုင်း လိုက်နာပြီး လိုက်လုပ်လို့ မရဘူး။ ၂၀၀၂ ကနေစပြီးတော့ အမျိုးသားညွန့်ပေါင်းအစိုးရ ကနေပြီး ကျနော်တို့ကို ဘယ်ဟာထည့်ရမယ် ဆိုတာမျိုး ပြောတာတွေ မရှိပါဘူး။
အခုကျနော်တို့ ဘာတွေပဲ လုပ်နေ လုပ်နေ ကျနော်တို့ရဲ့ နောက်ဆုံး ပန်းတိုင်က ဒီမိုကရေစီ ရသွားတဲ့ အချိန်မှာ တကယ့် independent မီဒီယာ တခု အနေနဲ့ လူထု အကျိုးပြု မီဒီယာ တခု အနေနဲ့ ရပ်တည်ဖို့ပါ။ ဘယ်အစိုးရပဲ တက်တက် မီဒီယာက အရမ်းကို အရေးကြီးတယ်။ တကယ်လို့ မီဒီယာဟာ independent မဖြစ်ဘူးဆိုရင် နောက်တက်လာမယ့် အစိုးရလည်း ဘယ်လောက် ကောင်းတယ်ပြောပြော ပြောလို့မရဘူး၊ တဖက်စောင်းနင်း ဖြစ်သွားနိုင်တယ်။ မီဒီယာက ထောက်ပြဖို့လိုတယ်။ အဲဒီလို မီဒီယာမျိုး မြန်မာပြည်ထဲမှာ ရပ်တည်နိုင်ဖို့ လိုတယ်။

ကောက်ရိုးနဲ့ လဲရင်တော့ အိုးကွဲပဲရလိမ့်မယ်
ဘွဲ့ဖြူ
၂၁/ ဧပြီ ၂၀၁၀
အန်အယ်လ်ဒီပါတီ ခေါင်းဆောင်များကတော့ သူတို့ဟာ ပြည်သူ့အရေးတော်ပုံကြီးထဲက မွေးဖွားပေါ်ပေါက်လာတဲ့ အရေးတော်ပုံပါတီတရပ်ရဲ့ စစ်မှန်တဲ့ ခေါင်းဆောင်တွေဖြစ်ကြောင်း အခိုင်အမာ သက်သေပြလိုက်ကြပြီဖြစ်တယ်။ အမေရိကန် လွတ်လပ်ရေးကြေညာစာတမ်းကြီးမှာ ပါဝင်လက်မှတ် ရေးထိုးခဲ့ကြတဲ့ ခေါင်းဆောင်ကြီးများကို အမေရိကန်ပြည်ထောင်စုကို ထူထောင်ခဲ့ကြတဲ့ ဖခင်ကြီးများ (Founding fathers) ဆိုပြီး အမေရိကန်ပြည်သူတွေက ကမ္ဘာတည်သရွေ့ ကျေးဇူးတင်အမှတ်ရနေကြသလို ၂၀၁၀ ခုနှစ် မတ်လ (၂၉) ရက်နေ့မှာ ချမှတ်လိုက်တဲ့ ဂုဏ်ပြောင်တဲ့ သမိုင်းဝင် ဆုံးဖြတ်ချက်ကြောင့် အန်အယ်လ်ဒီခေါင်းဆောင်များကိုလည်း မြန်မာ့ဒီမိုကရေစီရေး ရုန်းကန်မှုအစဉ်ကြီးထဲက အလွန်အရေးပါတဲ့ အကွေ့တကွေ့မှာ စစ်အာဏာရှင်တွေရဲ့ ခြိမ်းခြောက်ဟိန်းဟောက်မှုကို မကြောက်မရွံ့ နောက်မတွန့်ဘဲ အညံ့မခံ မလံမလှဲခဲ့သူများအဖြစ် မြန်မာပြည်သူတွေက ကမ္ဘာတည်သရွေ့ ကျေးဇူးတင် အမှတ်ရနေကြတော့မှာဖြစ်တယ်။
နအဖရဲ့ စိန်ခေါ်သံကို အန်အယ်လ်ဒီက ရဲရဲဝံ့ဝံ့ ပြန် ‘ထူး’ လိုက်ပြီဖြစ်တဲ့အတွက် မြန်မာပြည်ရဲ့ နီးကပ်တဲ့ အနာဂတ်ကာလမှာ ရုန်းရင်းဆန်ခတ် ရုတ်ရုတ်သဲသဲ ဖြစ်ရပ်တွေကို တဖန်ပြန်လည်မြင်တွေ့လာကြရမှာကတော့ သေချာနေတယ်။ နအဖဟာ အန်အယ်လ်ဒီဆီက အခုလို တုံ့ပြန်မှုမျိုးလည်း ပေါ်ထွက်လာနိုင်တယ်ဆိုတာကို တွက်ထားပြီးဖြစ်မှာ သေချာနေတာမို့ သူ့မှာ ရှေ့လုပ်ငန်းစဉ်တွေ ရှိမှာအသေအချာပဲ။ တနည်းပြောရရင် နအဖဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တလျှောက်လုံး စိုးရိမ်တကြီး တဖွဖွ သတိပေးခဲ့တဲ့ ‘အလုံးစုံပျက်သုဉ်းရေးလမ်း’ ကို ရွေးချယ်လျှောက်လှမ်းဖို့ ဆုံးဖြတ်ထားသူဖြစ်တာမို့ အခုလို အန်အယ်လ်ဒီက သူ့ကို ပြတ်ပြတ်သားသား တုံ့ပြန်လိုက်တဲ့အခါ ‘ဘယ်သူသေသေ ငတေမာရင်ပြီးရော’ လမ်းစဉ်ကို ဒီဂရီအမြင့်ဆုံး ကိုင်စွဲလုပ်ဆောင်သွားတော့မှာ သေချာနေတယ်။
ဖိနှိပ်ချေမှုန်းတဲ့ နည်းလမ်းအသုံးပြုပြီး ပြည်သူတွေရဲ့ တရားဥပဒေနဲ့ လျော်ညီတဲ့ ဆန္ဒတွေကို နှိပ်ကွပ်တဲ့နေရာမှာ လက်လည်းယဉ်၊ အတွေ့အကြုံလည်း ရင့်နေပြီဖြစ်တဲ့ မြန်မာစစ်အာဏာရှင်တွေဟာ သူတို့ရဲ့ စစ်အာဏာရှင်စနစ် ရာသက်ပန် တည်တံ့ခိုင်မြဲရေး လမ်းကြောင်းမှာ အဓိက ဆူးငြောင့်ခလုတ်ဖြစ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီကို အပြီးသတ် ဖယ်ရှားရှင်းလင်းနိုင်ဖို့ အစွမ်းကုန်ကြိုးပမ်းကြတော့မှာ ဖြစ်တယ်။
အခုအချိန်မှာ အဆုံးအဖြတ်ပေးမယ့် အခန်းကဏ္ဍကို ရောက်ရှိလာတာက မြန်မာပြည်သူတွေဖြစ်တယ်။ ဒီကနေ့ မြန်မာပြည်သူတွေ စဉ်းစားကြရမယ့် တခုတည်းသောအရာက ပြည်သူတရပ်လုံးရဲ့ အခွင့်အာဏာ (Mandate) ကို တရားဝင်ရရှိထားတဲ့ အန်အယ်လ်ဒီ မပါဝင်တဲ့၊ တရားမ၀င်တဲ့ ရွေးကောက်ပွဲမှာ ဘယ်ပါတီကို မဲထည့်မလဲဆိုတဲ့ အရည်မရ အဖတ်မရ ကိစ္စမဟုတ်ဘူး (ဘယ်ပါတီကိုပဲ မဲထည့်ထည့် အဲဒီရွေးကောက်ပွဲမှာ အနိုင်ရမှာက နအဖဖြစ်တယ်ဆိုတာ ထင်ရှားပေါ်လွင်နေနှင့်ပြီးသားဖြစ်တာကြောင့်ဖြစ်တယ်)။ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်လိုက်ပြီဖြစ်တဲ့ အန်အယ်လ်ဒီ ပါတီကို ဘယ်လိုနည်းနဲ့ အကောင်းဆုံးဖြစ်အောင် ၀န်းရံကာကွယ် စောင့်ရှောက်ကြမလဲဆိုတဲ့ ကိစ္စဖြစ်တယ်။ လူတယောက်ဟာ သူ အရာဝတ္ထုတွေကို ပကတိအရှိအတိုင်း မြင်နိုင်အောင် စွမ်းဆောင်ပေးနေတဲ့ မိမိရဲ့မျက်လုံးကို ကာကွယ်စောင့်ရှောက်သလိုမျိုး မြန်မာပြည်သူတွေဟာလည်း မိမိတို့ အမှန်တရားကို ရှင်းရှင်းလင်းလင်း မြင်နိုင်အောင် ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား လမ်းညွှန်ဦးဆောင်မှုပေးခဲ့တဲ့ အန်အယ်လ်ဒီကို အခိုင်အမာ ၀န်းရံကာကွယ် စောင့်ရှောက်ကြရမှာဖြစ်တယ်။
အမေရိကန်နိုင်ငံရဲ့ ဒုတိယသမ္မတ သောမတ်ဂျက်ဖာဆင်က ဒီလိုပြောခဲ့ဖူးတယ်။ “အစိုးရမရှိတဲ့ သတင်းစာနဲ့ သတင်းစာမရှိတဲ့ အစိုးရ ဘာကိုရွေးမလဲဆိုရင် ကျနော်ကတော့ အစိုးရမရှိတဲ့ သတင်းစာကို ရွေးမယ်” တဲ့။ အခုလည်း အန်အယ်လ်ဒီဟာ နိုင်ငံရေးမရှိတဲ့ ပါတီနဲ့ ပါတီမရှိတဲ့ နိုင်ငံရေးဆိုတဲ့ ရွေးစရာနှစ်ခုမှာ ဒုတိယတခုကို ရွေးလိုက်တာဖြစ်တယ်။ နိုင်ငံရေးဆိုတာ အနှစ်သာရအရ ပြည်သူလူထုရဲ့ ထောက်ခံမှုပဲဖြစ်တယ်။ ဒါကြောင့် အန်အယ်လ်ဒီရဲ့ ဆုံးဖြတ်ချက်ဟာ သူ ရရှိထားတဲ့ ပြည်သူလူထုရဲ့ ထောက်ခံမှု၊ သူ့အပေါ်ထားရှိတဲ့ ပြည်သူလူထုရဲ့ ယုံကြည်ကိုးစားမှုကို အဆုံးစွန် အလေးအနက်ထားကြောင်း ပြသလိုက်တာပဲဖြစ်တယ်။ “ကျနော်တို့ တပ်ဦးက ချီတက်မယ်။ ပြည်သူတွေ ကျနော်တို့နောက်က ဖ၀ါးခြေထပ် ထက်ကြပ်မကွာ လိုက်ခဲ့ကြပါ” လို့ တောင်းဆိုလိုက်တာဖြစ်တယ်။
တနည်းပြောရရင် ဒီနှစ်ထဲမှာလုပ်မယ့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲဆိုတဲ့ ‘ဟာသ မဟာစင်တော်ကြီးပေါ်မှာ’ နအဖနဲ့ သူ့လူတသိုက် ‘အတည်ပေါက်’ ကပြအသုံးတော်ခံနေကြတဲ့အချိန်မှာ အန်အယ်လ်ဒီ ပါတီဆိုင်းဘုတ်နဲ့ ပါတီအလံတွေ အများပြည်သူမြင်ကွင်းကနေ တဒင်္ဂ ပျောက်ကွယ်ကောင်းပျောက်ကွယ်နေနိုင်တယ်။ ဒါပေမယ့် နအဖရဲ့ အဲဒီကမ္ဘာကျော် မျက်လှည့်ပွဲကြီးမှာ ပါဝင်ပူးပေါင်းမှုမလုပ်ခြင်းဖြင့် သူတို့ရင်ထဲမှာ အန်အယ်လ်ဒီ ရှိနေကြာင်း ရဲရဲဝံ့ဝံ့ ပြသတဲ့ ပြည်သူအရေအတွက် သိန်းသန်းချီရှိနေလိမ့်မယ်လို့ မျှော်လင့်ကြောင်း အန်အယ်လ်ဒီက သတင်းစကားပါးလိုက်တာဖြစ်တယ်။
အန်အယ်လ်ဒီ ရွေးကောက်ပွဲမ၀င်ရင် ဘာလုပ်မှာလဲလို့ မြန်မာ့နိုင်ငံရေးသမားဆိုသူအချို့က မေးလေ့ရှိကြတယ်။ အဲဒီလိုလူမျိုးတွေကို ဆန်းစစ်လေ့လာကြည့်လိုက်တဲ့အခါ သူတို့ဟာ သမိုင်းကို ဖန်တီးနိုင်တဲ့ လူထုရဲ့ စွမ်းပကားကို ဘယ်တုန်းကမှ မယုံကြည်သူတွေဖြစ်တာကို တွေ့ရတယ်။ ဒါပေမယ့် ရယ်စရာတခုကတော့ လူထုလှုပ်ရှားမှု ဒီရေမြင့်တက်လာပြီး (သူတို့အထင်) နိုင်တော့မယ့်ပုံပေါက်လာပြီဆိုရင် အဲဒီလှုပ်ရှားမှုရဲ့ ရှေ့တန်းတနေရာမှာ သူတို့ကို တွေ့ရလေ့ရှိပြန်တဲ့အချက်ပဲ။ သူတို့ဟာ များသောအားဖြင့် သူတို့ကိုယ်သူတို့ လူထုက လိုက်မမီလောက်အောင် နိုင်ငံရေးအသိရေချိန်မြင့်တဲ့ ပညာတတ်များအဖြစ် မြင်လေ့ရှိသူများဖြစ်တယ်။
သူတို့ဟာ နိုင်ငံရေးကျမ်းကြီးကျမ်းခိုင်များကို လေ့လာလိုက်စားလေ့ရှိကြသူများဖြစ်ပေမယ့် လူထုနိုင်ငံရေးကိုတော့ မျက်ကွယ်ပြုလေ့ရှိကြသူများဖြစ်တယ်။ ‘နိုင်ငံရေးသိပ္ပံ’ ဆိုတဲ့ စကားလုံးကို တွင်တွင်သုံးလေ့ရှိကြပေမယ့် နိုင်ငံရေးမှာ မသိကိန်း သီအိုရီရှိတယ်ဆိုတဲ့ အချက်ကိုတော့ သူတို့ မျက်စိလျှမ်းလေ့ရှိကြတယ်။ ဒါမှမဟုတ် သူတို့ရဲ့ လူတန်းစားသဘာဝအရ အဲဒီသီအိုရီကို လက်ခံဖို့ ငြင်းဆန်လေ့ရှိကြတယ်။ လူ့သမိုင်းဆိုတာ အကောင်းအဆိုး ဒွန်တွဲတည်ရှိနေတဲ့ လူသားတွေရဲ့ လှုပ်ရှားမှုအစဉ်ကြီးဖြစ်တာနဲ့အညီ အဲဒီလူသားရဲ့ ကံသုံးပါးအမူအရာလေးတခုက သမိုင်းတခုလုံးကို လှည့်ပြောင်းကွေ့ချိုးသွားစေနိုင်တယ်ဆိုတာကို အဲဒီလူတွေ မျက်စိမှောက်တတ်ကြတယ်။ ဒါမှမဟုတ် သူတို့လေ့လာထားတဲ့ သဘောတရားနဲ့ မကိုက်ညီလို့ဆိုပြီး အဖြစ်မှန်ကို လက်ခံဖို့ ငြင်းဆန်တတ်ကြတယ်။
ဒါကြောင့်ပဲ ရွေးကောက်ပွဲမ၀င်ရင် အန်အယ်လ်ဒီ ဘာလုပ်မှာလဲလို့ သူတို့က တွင်တွင်မေးနေကြတာဖြစ်တယ်။ သူတို့မသိတာက သူတို့ရဲ့ အဲဒီမေးခွန်းကို အန်အယ်လ်ဒီ ကိုယ်တိုင်ကရော အန်အယ်လ်ဒီရဲ့ လမ်းစဉ်ကို ထောက်ခံနေကြသူတွေကပါ ဖြေဆိုမှာမဟုတ်တဲ့အချက်ပဲ။ ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ နအဖကိုယ်စား မေးပေးရာရောက်နေတဲ့ မသိသားဆိုးရွားလှတဲ့ အဲဒီမေးခွန်းကို လူထုနိုင်ငံရေးကို ယုံကြည်သူ ဘယ်သူကမှ ဖြေဆိုမှာမဟုတ်ဘူး။
နောက်တချက်ကလည်း နိုင်ငံရေးသဘောတရားတခုအရ ရုပ်ပိုင်းဆိုင်ရာ အင်အားကြီးမားသူနဲ့ သေးငယ်သူအကြားဖြစ်နေတဲ့ ပဋိပက္ခတခုမှာ တိုက်ပွဲပုံသဏ္ဍာန်ကို ဆုံးဖြတ်သူဟာ ရုပ်အင်အားကြီးမားသူသာဖြစ်တယ်။ ရုပ်အင်အားသေးငယ်သူမှာ ရွေးချယ်ပိုင်ခွင့်မရှိဘဲ ရုပ်အင်အားကြီးမားသူ ရွေးချယ်တဲ့ တိုက်ပွဲပုံသဏ္ဌာန်ကိုပဲ လက်ခံရစမြဲဖြစ်တယ်။ နယ်စပ်ဒေသက တိုင်းရင်းသားတွေရဲ့ လက်နက်ကိုင်တော်လှန်ရေးတွေဟာ အဲဒီအချက်ကို အခိုင်အမာ မီးမောင်းထိုးပြနေတဲ့ သက်သေတွေဖြစ်တယ်။ ရုပ်အင်အားသေးငယ်သူ ရွေးချယ်နိုင်တာတခုပဲရှိတယ်။ အဲဒါကတော့ မိမိရဲ့အခြေခံမူကို စွန့်လွှတ်ပြီး ရန်သူ့ရှေ့မှောက်မှာ ဒူးထောက်အရှုံးပေးမှာလား၊ မပေးဘူးလားဆိုတာပဲဖြစ်တယ်။
“ကျမတို့ရဲ့ ဦးခေါင်းကတော့ ပျော့ပျောင်းပါတယ် ... ဒါပေမယ့် ကျမတို့ရဲ့ ဒူးခေါင်းကတော့ မပျော့ပျောင်းဘူး” လို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ဖူးတယ်။ ဒါဟာ မိမိကိုယ်ကို ရိုသေလေးစားသူမှန်သမျှအတွက် လမ်းညွှန်သဘောတရားတခုဖြစ်တယ်။ အခု အဲဒီလမ်းညွှန်မှုကို ပြတ်ပြတ်သားသား ခံယူကျင့်သုံးခြင်းဖြင့် အန်အယ်လ်ဒီ ခေါင်းဆောင်များက သူတို့ပါတီဟာ စစ်မှန်တဲ့ အရေးတော်ပုံပါတီတရပ်ဖြစ်ကြောင်း အခိုင်အမာ သက်သေပြလိုက်ပြီဖြစ်တယ်။
ဒီတော့ လက်ရှိအချိန်မှာ ဒီမိုကရေစီလိုလားတဲ့ မြန်မာပြည်သူလူထုကြီးရဲ့ လက်ငင်းတာဝန်က ဘာလဲ။ မိမိတို့ရဲ့ တပ်ဦးမှာရှိနေတဲ့ အရေးတော်ပုံပါတီကြီးက ဆေးဖော်ကြောဖက်မလုပ်ဖို့ ဆုံးဖြတ်ထားတဲ့ နအဖရဲ့ ရွေးကောက်ပွဲဆိုတဲ့ (ဘယ်သူ့မျက်စိကိုမှ မလှည့်နိုင်တဲ့) မျက်လှည့်ပွဲကို မိမိတို့ကလည်း ဆေးဖော်ကြောဖက် မလုပ်ကြဖို့ဘဲဖြစ်တယ်။ ဒီနေရာမှာ မိမိတို့ကိုယ်မိမိတို့ နိုင်ငံတနိုင်ငံရဲ့ စတုတ္ထမဏ္ဍိုင်အဖြစ် ထင်မြင်ယူဆနေကြသူ မီဒီယာလောကသားတွေအနေနဲ့လည်း အများယောင်လို့ယောင် အမောင်တောင်မှန်းမြောက်မှန်းမသိ လိုက်လုပ်ပြီး နအဖရဲ့ မျက်လှည့်ပွဲမှာ ‘ဝေလေလေ’ ၀င်မလုပ်မိကြဖို့ အရေးကြီးတယ်။
စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး ကမ္ဘာ့အဆိုးဆုံး စာရင်းဝင် နိုင်ငံတခုက စာနယ်ဇင်းတွေဟာ ပြည်သူလူထုဘက်က ဘယ်လိုမှ ပြတ်ပြတ်သားသား မရပ်တည်နိုင်ဘူးဆိုတာကို နားလည်နိုင်တယ်။ ဒါပေမယ့် မိမိရဲ့ ပုဂ္ဂလိကအကျိုးစီးပွားကို ငဲ့ရင်းငဲ့ရင်း စစ်အာဏာရှင်တွေရဲ့ အသုံးချခံဖြစ်မသွားဖို့ သိပ်ကိုအရေးကြီးတယ်။ လာမယ့် ရွေးကောက်ပွဲဟာ မြန်မာပြည်သူအားလုံး ပျော်ပျော်ပါးပါး တက်တက်ကြွကြွ ပါဝင်ဆင်နွှဲကြမယ့် ရွေးကောက်ပွဲမျိုးမဟုတ်ဘူးဆိုတာ ဒီလောက်တောင် ပေါ်ပေါ်လွင်လွင် ထင်ထင်ရှားရှား မြင်သာနေတဲ့အချိန်မျိုးမှာ ပြည်တွင်းက မြန်မာ့မီဒီယာတွေ (အထူးသဖြင့် ပုဂ္ဂလိကစာနယ်ဇင်းတွေ) အနေနဲ့ ဒီရွေးကောက်ပွဲနဲ့ဆိုင်တဲ့ သတင်းတွေကို ဘာမှ တခုတ်တရ လိုက်ရှာ၊ လိုက်တွေ့ဆုံမေးမြန်းပြီး ထည့်ပေးစရာမလိုဘူး။ မတတ်သာလို့ ဖော်ပြရတဲ့ ပုံစံမျိုးထက်မပိုသင့်ဘူး။ အဲသလိုမှ မဟုတ်ဘဲ တကယ့်အစစ်အမှန် ရွေးကောက်ပွဲကြီးလို သဘောထားပြီး ပြည်သူတွေ မျက်စိနောက်လောက်အောင် လုပ်နေမယ်ဆိုရင်တော့ သမိုင်းရဲ့ဒဏ်ခတ်မှုကို ခံကြရမှာပဲဖြစ်တယ်။ မုသားပြောတာနဲ့စာရင် ဘာမှမပြောတာကမှ ပိုကောင်းသေးတယ်ဆိုတဲ့ အယူအဆကို ပြည်သူ့မီဒီယာဘက်တော်သားတွေ လက်ကိုင်ထားသင့်တယ်လို့ ယုံကြည်တယ်။
ထောင်ထဲမှာ နှစ်ပေါင်းများစွာ နေခဲ့ရဖူးသူတွေ အများအပြား ပါဝင်တဲ့ အန်အယ်လ်ဒီခေါင်းဆောင်ပိုင်းကတော့ ထောင်ထဲဝင်ရမယ့် အန္တရာယ်အပါအ၀င် အန္တရာယ်များစွာကို မကြောက်မရွံ့ နောက်မတွန့်ဘဲ တရားဓမ္မနဲ့ လျော်ညီတဲ့ လမ်းမှန်ကို ဦးဆောင်လျှောက်လှမ်းနေကြပြီဖြစ်တယ်။ ဒီအချိန်မှာ မီဒီယာတွေအပါအ၀င် မြန်မာပြည်သူတွေဟာလည်း ‘ကြောက်ရင်လွဲ ရဲရင်မင်းဖြစ်’ ထုံး နှလုံးမူပြီး အန်အယ်လ်ဒီရဲ့ ဦးဆောင်မှုနောက်ကို ရဲရဲဝံ့ဝံ့ လိုက်ပါလျှောက်လှမ်းကြရမှာပဲ ဖြစ်တယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုတဲ့ ခြင်္သေ့ဆီဟာ ရဲရင့်ညီညွတ်သော ပြည်သူဆိုတဲ့ သိင်္ဂီရွှေခွက်မှာသာ တည်ရှိနိုင်တာဖြစ်တယ်။
အဲသလိုမှမဟုတ်ဘဲ ခေါင်းဆောင်တွေက ခေါင်းဆောင်ပီသစွာ တပ်ဦးက လျှောက်လှမ်းနေတာတောင်မှ မိမိတို့က အကြောက်တရား လွှမ်းမိုးတာခံပြီး ဖရိုဖရဲ တကွဲတပြား ဖြစ်နေကြဦးမယ်ဆိုရင်တော့ ဒီမိုကရေစီဟာ ဝေးနေဦးမှာပဲဖြစ်တယ်။ ဒူးခေါင်းပျော့သူများဟာ ခဲမူးစေ့ ဒီမိုကရေစီနဲ့ပဲ ထိုက်တန်မှာဖြစ်တယ်။ ကောက်ရိုးနဲ့ လဲရင်တော့ အိုးကွဲပဲရလိမ့်မယ်။ ။
::: Copyright © 2004 The New Era Journal :::

NLD ၏ ရပ်တည်ပုံအသစ်
ရန်ငြိမ်းအောင် (လူငယ်) | ကြာသပတေးနေ့၊ ဧပြီလ ၀၈ ရက် ၂၀၁၀ ခုနှစ် ၁၃ နာရီ ၁၀ မိနစ် .
(ရွေးကောက်ပွဲကော်မရှင်တွင် နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ခြင်း မပြုရန် သမိုင်းဝင် ဆုံးဖြတ်ချက် ချပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ဘာဆက်လုပ်မည်၊ ဘယ်လိုယန္တရားဖြင့် လည်ပတ်မည်ကို သိချင်နေသူများအတွက် အဖွဲ့ချုပ်လူငယ်များက ဖြေကြားပေးလိုက်သော ဆောင်းပါးဖြစ်သည်။)
မှတ်ပုံတင်ခြင်း မပြုရန် တညီတညွတ်တည်း ဆုံးဖြတ်ပြီးနောက် နယ်မှ ဗဟိုဦးစီးအဖွဲ့များ၊ ကိုယ့်နေရင်း ဒေသများသို့ ပြန်ကြပြီဖြစ်သော်လည်း၊ NLD ရုံးချုပ်တွင် ယခင်ကထက်ပင် စည်ကားလျက်ရှိနေသည်ဟု သိရပါသည်။ ရောက်လာသမျှသော အဖွဲ့ဝင်များ၏ ရင်ထဲတွင် ဘယ်လိုဆက်လုပ်ကြရမှာလဲဟူသော မေးခွန်းက ရှိနေမည်မှာ မလွဲပါ။ မတ်လ ၃ဝ ရက်နေ့မှစ၍ နေ့စဉ် အဆက်မပြတ် လာရောက်နေကြသော နိုင်ငံခြား သံတမန်များကလည်း ဤမေးခွန်းကိုပင် မေးကြသည်ဟု ဆိုပါသည်။ ဤမေးခွန်းကို ဖြေရန် မကြိုးစားမီ ယခုရော ဘယ်လိုလုပ်နေကြသလဲဟု ဆန်းစစ်ရန် လိုသည်ဟု ထင်ပါသည်။
ဒီပဲယင်းလုပ်ကြံမှုနောက် ၂ဝဝ၄ ခုနှစ် ဧပြီလတွင် ဗဟိုအဖွဲ့ချုပ်ရုံးကို ဖွင့်ပြီးကတည်းက ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ မွန်၊ တနင်္သာရီ၊ မကွေးတိုင်း၊ ပြည်နယ်စည်း အားလုံးတို့သည် ရုံးချုပ်မှာသာ ရုံးထိုင်အစည်းအဝေး လုပ်နေခဲ့ကြသည်မှာ ယနေ့ နောက်ဆုံးအခြေအနေအထိပင် ဖြစ်ပါသည်။ ကျန် တိုင်း/ပြည်နယ်စည်း အားလုံးတွင်လည်း မန္တလေးတိုင်းစည်း တခုတည်းသာ ပုံမှန်နီးပါး အမှီအခိုကင်းစွာ လှုပ်ရှားနိုင်ပါတော့သည်။ မြို့နယ်စည်းများမှာလည်း ဆက်သွယ်ရေးအဖွဲ့ သာသာလောက်သာ ရှိပါတော့သည်။ နိုင်ငံရေးလှုပ်ရှားမှုကိုထား၍ အခမ်းအနား၊ ဟောပြောပွဲ၊ ဆွေးနွေးပွဲများကို မလုပ်နိုင်သည့်အပြင် အဖွဲ့ချုပ်၏ တရားဝင် စာရွက်စာတမ်းများပင် ပုံမှန်လက်ကမ်းရန် မတတ်နိုင်ကြပါ။ ဤသို့ဆိုလိုက်၍ ဒီပဲယင်း လုပ်ကြံမှုပြီးကတည်းက အခုအချိန်ထိ ၇ နှစ်ကာလအတွင်း NLD များ ဖြစ်ဖြစ်မြောက်မြောက် ဘာမှ မလုပ်ခဲ့ဟုဆိုလျှင် မှားပါလိမ့်မည်။
အပြင်းအထန် ဖိနှိပ်နေသည့်ကြားမှပင် Signature campaign များ၊ ဆုတောင်းပွဲများ၊ အခမ်းအနားများ လုပ်ခဲ့ကြပါသည်။ အဓမ္မလုပ်အားပေးကိစ္စ၊ ကလေးစစ်သားကိစ္စများတွင်လည်း ယနေ့တိုင် တက်ကြွစွာ လုပ်နေခဲ့ကြပါသည်။ ၂ဝဝ၇ ရွှေဝါရောင်တော်လှန်ရေး စလယ်ဆုံး ကာလသုံးပါးလုံးတွင် အဖွဲ့ချုပ်အဖွဲ့ဝင်များက ပါဝင်လှုပ်ရှားရန်၊ ခေါင်းဆောင်ရန် နောက်မကျခဲ့ကြပါ။ သို့သော် ထိုသို့လှုံ့ဆော်လှုပ်ရှား၊ ပါဝင်ခေါင်းဆောင်ခဲ့ကြသူများမှာ အဖွဲ့ချုပ်၏ ပုံမှန်ဖွဲ့စည်းပုံ ယန္တရားနှင့် ကင်းလွတ်ပြီး လုပ်ခဲ့ကြခြင်း ဖြစ်ပါသည်။
အချို့က အဖွဲ့ချုပ်ဗဟိုက မသိအောင် လှုပ်ရှားခဲ့ခြင်းဖြစ်ပြီး၊ အချို့က အဖွဲ့ချုပ် ညွှန်ကြားချက်များကို ချိုးဖောက်ပြီး ဗြောင်ဆောင်ရွက်ခဲ့ရခြင်း ဖြစ်ပါသည်။ အားလုံးသိပြီးကိစ္စ ဖြစ်နေ၍ ဥပမာများ၊ နမူနာများ ပေးနေရန် မလိုပါ။ NLD နှင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ကြားမှ အနေအထားကို ကြည့်လျှင်လည်း ထိုနည်းတူစွာပင် ဖြစ်ပါသည်။ အဖွဲ့ချုပ် ဗဟိုအနေနှင့် ပြည်ပဒီမိုကရေစီအင်အားစုများကို မဆိုထားဘိ၊ ကုလသမဂ္ဂနှင့်ပင် ပုန်းကွယ်၍ ဆက်သွယ်ဆက်ဆံခဲ့ရပါသည်။ ပြင်ပမှာ စည်းရုံးလှုပ်ရှားနေရသော သူများသာမက၊ ရန်ကုန်ရှိ သံတမန်များထဲမှာပင် အဖွဲ့ချုပ်၏ သဘောထား တစုံတရာကို သိလိုလျှင်၊ ဘယ်သူ့ကို မေးရမှန်းမသိ၊ ဘယ်လိုဆက်သွယ်ရမှန်းမသိ ဖြစ်နေသည်မှာ အားလုံးအသိပင် ဖြစ်ပါသည်။
ထို့ကြောင့် လွန်ခဲ့သော ဒီပဲယင်းလွန် ကာလအတွင်းက အဖြစ်အပျက်များကို ပြန်လည်သုံးသပ်လျှင် အဖွဲ့ချုပ်၏ ပုံမှန်ဖွဲ့စည်းပုံသည် အသွင်ပျက်နေသည့်အပြင် အရေးဟယ်၊ အကြောင်းဟယ်ဆိုလျှင် အသုံးမကျ၊ အဖွဲ့ဝင် တဦးချင်း (သို့မဟုတ်) နီးစပ်ရာ စုစည်းထားသော၊ ပုံမှန်မဟုတ်သော အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်နှင့်သာ လှုပ်ရှားခဲ့ရသည်ဟု မြင်နိုင်ပါသည်။ ထို့ပြင် အဖွဲ့ချုပ်၏ တရားဝင် ရပ်တည်မှုဆိုသည်ကလည်း တကယ် ဖြစ်လာပြီဆိုပါက ဘာမှ အကာအကွယ် မပေးနိုင်သည်ကို၊ ဧရာဝတီတိုင်း ဘိုကလေးမြို့က အဖွဲ့ချုပ်ဆိုင်းဘုတ် အတင်းဆွဲချခံခဲ့ရခြင်းက သက်သေပြနေပါသည်။
ထိုမျှသာမကပါ၊ အခြေအနေနှင့် မကိုက်ညီတော့သည့် ထိုအသွင်ပျက် ဖွဲ့စည်းပုံအပိုင်းအစများ အတွင်းမှာပင် လူနှင့် နေရာ လျော်ညီမှု ရှိမရှိကလည်း သံသယဖြစ်စရာ ကောင်းပါသည်။ ဒေါ်အောင်ဆန်းစုကြည်ပြီးလျှင် လူသိအများဆုံးဟု ဆိုရမည့် မစုစုနွေးသည် သာမန်အဖွဲ့ဝင်ဘဝမှ မြှင့်တင်ပေးခြင်းမရှိဘဲ အဖွဲ့ချုပ်ထဲမှ ထုတ်ပစ်ဖို့ လုပ်ခြင်းကို အကြိမ်ကြိမ် ခံခဲ့ရသည်မှာလည်း အများအသိပင် ဖြစ်ပါသည်။ ထိုထိုသော အကြောင်းများကြောင့် အဖွဲ့ချုပ်၏ ခေါင်းဆောင်မှု အခန်းကဏ္ဍဆိုသည်မှာ၊ တကယ့် အခြေအနေများတွင် ဘယ်ရောက်နေမှန်းမသိ ဖြစ်ရသည်မှာ မဆန်းလှပါ။
အဖွဲ့ချုပ် လက်ရှိဖွဲ့စည်းတည်ဆောက်ပုံ အနေအထား၏ ထိရောက်မှု မရှိခြင်းကို Vote "No" Campaign ကို ကြည့်လျှင် သိသာပါသည်။ ဆန္ဒခံယူပွဲကျင်းပသည့် အချိန်တွင် ရွှေဝါရောင်တော်လှန်ရေးပြီး၍ ၈ လ ခန့်သာ ရှိသေးသည်။ မတရား လုပ်နေမှန်း ပြည်သူလူထုကလည်း သိပါသည်။ သို့လျက်နဲ့ပင် Vote "No" Campaign သည် လိုအပ်သော အရှိန်အဟုန်ကို မရောက်ခဲ့ပါ။ အပေါ်က အောက်ကို ခိုင်း၊ အောက်က အပေါ်မှ ခေါင်းဆောင်ပြီး လာလုပ်ပါဟု ဆိုရင်းနှင့် ပြီးသွားခဲ့ပါသည်။ အဖွဲ့အစည်း၏ လှုပ်ရှားမှုအသွင်ဖြင့် စခဲ့သော်လည်း၊ တဦးချင်း စွမ်းဆောင်နိုင်မှုအပေါ်မှာ မူတည်၍သာ အောင်မြင်မှုအချို့ ရခဲ့ပါသည်။
ရွှေဝါရောင် တော်လှန်ရေးကာလက၊ အဖွဲ့ချုပ် အဖွဲ့ဝင်များသည် ဗဟို၏ သဘောထားကို စောင့်မနေဘဲ မိမိတို့ ယုံကြည်ရာကို ယုံကြည်ချက်တူရာ ကျန်ဒီမိုကရေစီရေး လှုပ်ရှားသူများ၊ မိမိတို့ကို အားပေးနေသော ပြည်သူများနှင့် အခြေအနေအရ လိုအပ်သလို ပူးပေါင်းညှိနှိုင်းပြီး လှုပ်ရှားခဲ့ကြပါသည်။ အဖွဲ့ချုပ် အဖွဲ့ဝင်တို့ကလည်း လိုအပ်လျှင် အပြင်လူတို့၏ ခေါင်းဆောင်မှုနောက်တွင် လိုက်ရန် ဝန်မလေးခဲ့သောကြောင့်၊ တလကျော်ကျော် အချိန်တိုလေးအတွင်း နိုင်ငံရေးပရောဟိတ် အားလုံးလောက်က မဖြစ်နိုင်တော့ပါဟု ဟောထားသော အုံကြွမှုတရပ် ပေါ်ပေါက်လာခဲ့ရခြင်း ဖြစ်ပါသည်။ ထိုအုံကြွမှုကိုလည်း ဘယ်သူကမှ စည်းရုံးမထားသော လူငယ်လေးများက နည်းပညာသစ်များကို သုံး၍ အာဏာပိုင်များ ဆက်သွယ်ရေး လမ်းကြောင်းများမှတဆင့် ကမ္ဘာကို သိစေခဲ့ပါသည်။
ထိုအချက်များကိုကြည့်၍ ဘယ်လိုဆက်လုပ်ကြမလဲဟူသော မေးခွန်းကို ဖြေရပါလျှင် အရေးအကြောင်းရှိလျှင်၊ လုပ်နေကျအတိုင်း လုပ်ကြတာပေါ့ဟု ဖြေချင်ပါသည်။ အတိအကျ ပြောပါဆိုလျှင်တော့ …
(က) အဖွဲ့ချုပ် စထောင်ကတည်းက ရှိခဲ့သော အထက်အောက်ဆက်ဆံရေး Vertical (သို့) Hierarchical organizational model (သို့) ပိရမစ်ပုံစံ ဖွဲ့စည်းပုံ (သို့) Max Weber ၏ Bureaucratic model ကို နှမြောမနေပါနှင့်။ ထိုပုံစံသည် ပုံပျက်နေပြီ ဖြစ်သည့်အပြင် အသုံးမတည့်တော့ပါ၊ လွှင့်ပစ်လိုက်စမ်းပါ။
(ခ) အကြောဆုံချက် (Node) နှင့် ချိတ်ဆက် (Link) များကို အခြေခံသော ကွန်ယက် (Network organization) ကို တပြေးညီဆက်သွယ်ရေး (Horizontal) ပုံစံဖြစ်အောင် အဖွဲ့ချုပ်တွင် လက်ရှိ ကျန်နေသူများနှင့် ပြန်လည်ဖွဲ့စည်းပါ။ မှတ်ပုံတင်ရန် မလိုပါ။ တရားလည်း ဝင်ပါသည်။
(ဂ) အဖွဲ့ထဲက လက်ရှိများသာမက၊ ထွက်ထားသူ၊ ထုတ်ထားသူ၊ အပြင်က လှုပ်ရှားသူ၊ အားပေးသူ၊ ယုံရသူ၊ မယုံရသူ စသည့် နယ်စည်းခြားနားခြင်းများကို လျှော့ပြီး ဒီမိုကရေစီရေး လှုပ်ရှားသူများ (ဒီ/လှုပ်) နှင့် စိတ်ဝင်စားသူ၊ အားပေးသူ အားလုံး ဆက်သွယ်ရေးလမ်းကြောင်း (Communication links) များ ဖွင့်ပါ။ မိမိကွန်ယက် (Network) နှင့် ချိတ်ဆက်ပါ၊ ဆက်သွယ်ရန် နည်းမျိုးစုံကို သုံးပါ။
(ဃ) ထို့နောက်တွင် Node တခုစီက မိမိတို့ ယုံကြည်ရာကို မိမိတို့ဘာသာ အမှီအခိုကင်းစွာ ဆောင်ရွက်နိုင်ပါသည် (သို့) အဆက်အသွယ်ရှိသော အခြား Node များနှင့် ညှိနှိုင်းပူးပေါင်း၍ Synchronize (တပြေးညီ) လှုပ်ရှားမှု လုပ်ပါ။
(င) တပြည်လုံး၏ Network အားလုံး၏ ခေါင်းဆောင်သည် ဒေါ်အောင်ဆန်းစုကြည် ဖြစ်သည်ဟု ခံယူထားပါ။ Node များတွင် အပေါ်/အောက်ဟူ၍ မရှိသော်လည်း ဗဟိုနှင့် အဝန်းဒေသ (Center and Peripheral) ဟူ၍ ရှိမည်ဖြစ်ပါသည်။
( www.youthrecord.co.cc တွင် အဖွဲ့ချုပ်လူငယ်များ၏ ဆောင်းပါးများကို ဖတ်ရှုရရှိနိုင်ပါသည်။)

လူ့အခွင့်အရေး အကျိုးဆောင်လုပ်မည်ဟု NLD လူငယ်ကြေညာ
ခိုင်စု | ဗုဒ္ဓဟူးနေ့၊ ဧပြီလ ၂၁ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၀၃ မိနစ် .
နယူးဒေလီ (မဇ္ဈိမ)။ ။ ပါတီသက်တမ်း ကုန်ဆုံးပြီးနောက် လူ့အခွင့်အရေးကိစ္စဘက် ဦးလှည့် လုပ်ကိုင်သွားမည်ဟု ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် NLD လူငယ်ပြန်ကြားရေး တွဲဖက်တာဝန်ခံ ကိုခိုင်စိုးက ပြောသည်။
ပြီးခဲ့သည့်လ ၉ ရက်နေ့တွင် စစ်အစိုးရက ထုတ်ပြန်ခဲ့သည့် ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ လာမည့်လဆန်းပိုင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD သည် ပါတီသက်တမ်း ကုန်ဆုံးတော့မည်ဖြစ်ရာ ၎င်းတို့အနေဖြင့် လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုများ ပိုမိုလုပ်ကိုင်သွားမည့်အကြောင်း ပြောဆိုခြင်း ဖြစ်သည်။
“NLD က ရွေးကောက်ပွဲ မဝင်ဘူးလို့ ဆုံးဖြတ်ပြီးနောက်ပိုင်း ကျနော်တို့ရဲ့ လုပ်ငန်းစဉ်တွေကို လူမှုရေးဘက်ကို ဦးတည်ပြီး လုပ်မှာဖြစ်တဲ့အတွက် မြန်မာနိုင်ငံရဲ့ အခြေအနေအရ လူ့အခွင့်ရေး လှုပ်ရှားမှုတွေကို ထင်ထင်ရှားရှား လုပ်သွားရတော့မယ်လို့ ယူဆလို့ လုပ်တာပါ။ ဘာ့လို့လဲဆိုတော့ ၂ဝဝ၈ အခြေခံဥပဒေအရ ရွေးကောက်ပွဲမတိုင်မီနဲ့ ရွေးကောက်ပွဲနောက် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေ ဆိုးလာနိုင်တယ် ယူဆလို့ပါ” ဟု ကိုခိုင်စိုးက မဇ္ဈိမကို ပြောသည်။
“ကျနော်ကလည်း နိုင်ငံရေး အကျဉ်းသားဟောင်းတဦး ဖြစ်ခဲ့ဖူးတော့ အတွေ့အကြုံလည်း ရှိခဲ့ပါတယ်။ ကျနော်တို့ လုပ်မယ့် အနေအထားအပေါ် မူတည်ပြီး ဘယ်လိုအန္တရာယ် ရှိတယ်ဆိုတာကို သဘောပေါက်ပြီးသားပါ။ သို့သော်လည်း အချိန်အခါက ကျနော်တို့ ကြောက်နေလို့ မရဘူး။ လုပ်စရာ ရှိတာကို လုပ်ရတော့မယ်လို့ မြင်လို့ပါ။ 'ဒီလိုလုပ်တာကတော့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေတွေ ဖွံ့ဖြိုးတိုးတက်လာဖို့နဲ့အတူ ဒီမိုကရေစီ လမ်းကြောင်းမှန်ပေါ် ရောက်လာဖို့ပါ။ ၂ဝဝ၈ ခုနှစ် အခြေခံ ဥပဒေက စစ်မှန်တဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ မရနိုင်ဘူး ယူဆလို့ လုပ်တာပါ” ဟု သူက ဆိုသည်။
တနိုင်ငံလုံး အတိုင်းအတာဖြင့် လူ့အခွင့်အရေးလှုပ်ရှားမှုကို ဥပဒေဘောင်အတွင်းက လုပ်ကိုင်သွားမည်ဖြစ်ကာ၊ ပဲခူး၊ ဧရာဝတီနှင့် မကွေးတိုင်း ခရီးစဉ်များဖြင့် စတင်မည်ဖြစ်ပြီး ကျေးလက်ဒေသများတွင် ကြုံတွေ့နေသည့် အာဏာပိုင်များ၏ ဖိနှိပ်မှု၊ ကလေးစစ်သား စုဆောင်းမှုအပြင် ရွေးကောက်ပွဲတွင် အတင်းအဓမ္မ မဲပေးခိုင်းခြင်းများကို လူ့အခွင့်အရေးချိုးဖောက်မှုအဖြစ် ဖော်ထုတ်သွားမည်ဟု သိရသည်။
“နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုကို တတ်နိုင်သလောက် ထောက်ပံ့မယ်။ သူတို့ရဲ့အိမ်ကို သွားပြီး ဆွေနွေးမယ်၊ နှစ်သိမ့်မယ်၊ အားပေးမယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး force မရှိဖို့၊ လွတ်လပ်စွာ ဆုံးဖြတ်နိုင်တဲ့ အနေအထားရှိဖို့ ပြောပြဆွေးနွေးမယ်။ အဲဒါမျိုးတွေ ကြုံတွေ့ရရင်လည်း ကျနော်တို့ကို အကြောင်းကြားဖို့နဲ့ ကျနော်တို့ကတဆင့် ဒီကိစ္စတွေကို သိသင့်သိထိုက်တဲ့ လူတွေကို ပြောပြဖို့ ဖြစ်ပါတယ်” ဟု ကိုခိုင်စိုးက ပြောသည်။
သူ၏လုပ်ငန်း၌ ဝန်းရံပေးမည့်သူများ ရှိနေပြီး ယခုအချိန်တွင် တဦးတည်းတာဝန်ခံ၍ လုပ်ကိုင်မည်ဖြစ်ကာ၊ လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေး အကျဉ်းကျနေသဖြင့် သူမ၏ လုပ်ငန်းများအား ကွက်လပ်ဖြည့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း သူက ဆိုသည်။
ကိုခိုင်စိုးသည် ၁၉၉၈ ခုနှစ်တွင် အင်းစိန်မြို့နယ် အထူးတရားရုံးက အရေးပေါ် စီမံချက် အက်ဥပဒေ - ပုဒ်မ ၅ (ည)၊ တရားမဝင် အဖွဲ့အစည်းများနှင့် ဆက်သွယ်မှု - ပုဒ်မ ၁၇ (၁) ဖြင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခံရပြီး၊ ၂ဝဝ၅ ခုနှစ်တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။ ထောင်မှ လွတ်မြောက်လာပြီးနောက် လူမှုရေးလုပ်ငန်းများကို လုပ်ဆောင်လာခဲ့ကာ၊ ၂ဝဝ၇ ခုနှစ်တွင် NLD အဖွဲ့ဝင် ဖြစ်လာခဲ့သည်။
သူက “ကျနော် ထောင်က ထွက်လာပြီးနောက်ပိုင်း အရမ်းဆင်းရဲတဲ့ ကလေးတွေ၊ ပညာရေး တပိုင်းတစနဲ့ ကျောင်းထွက်ပြီး လမ်းဘေးရောက်နေတဲ့ ကလေးတွေကို အလှူရှင်တွေရှာပြီး အသက်မွေးဝမ်းကျောင်း လုပ်ငန်းတခုခု သင်ပေးတာတွေ၊ စီးပွားရေး အခက်အခဲကြောင့် ပြည့်တန်ဆာလုပ်နေတဲ့ မိန်းကလေးတွေ လမ်းမှန်ရောက်အောင် စည်းရုံးပြီး ဆံပင်ညှပ်သင်တန်းပေးပြီး အလုပ်လုပ်နိုင်အောင် ကူညီတာတွေကို လုပ်ခဲ့ပါတယ်” ဟု ပြောသည်။

Subscribe to:
Posts (Atom)