-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Tuesday, February 23, 2010

ပြည်သူကို အလုပ်အကျွေးပြုတဲ့ တပ်မတော်ဖြစ်ဖို့ သူရ ဦးတင်ဦး တိုက်တွန်း

23 February 2010

ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦး။
ဖေဖော်ဝါရီ ၁၈၊ ၂၀၁၀။
မြန်မာ့တပ်မတော်အနေနဲ့ အစဉ်အလာ ကောင်းတွေကို ထိန်းသိမ်းပြီး ပြည်သူတွေကို အလုပ်အကျွေးပြုတဲ့ တပ်မတော်အဖြစ် ပြောင်းလဲဖို့ မကြာသေးခင်မှာ နေအိမ် အကျယ်ချုပ်က လွတ်မြောက်လာခဲ့တဲ့ NLD ဒု-ဥက္ကဋ္ဌ၊ ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦးက စစ်တပ်အရာရှိတွေ၊ တပ်မတော်သားတွေကို တိုက်တွန်းလိုက်ပါတယ်။ အဘက်ဘက်က ချို့ယွင်းနေတဲ့ တိုင်းပြည်အခြေအနေကို ပြန်လည်ထူထောင်ဖို့ ယုံကြည်မှု တည်ဆောက်ပြီး သဘောတူညီချက်တွေ ရအောင် ကြိုးစားဖို့ လိုတယ်လို့ ဗွီအိုအေ မြန်မာပိုင်းနဲ့ သီးသန့် ဆက်သွယ်မေးမြန်းခန်းမှာ ပြောဆိုခဲ့တာပါ။ အသေးစိတ်ကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

ကာကွယ်ရေးဦးစီးချုပ်ဟောင်း၊ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဒု-ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦးက သူဟာ ငယ်ရွယ်စဉ် အချိန်ကတည်းက တပ်မတော်မှာ အရာရှိငယ် တယောက်အဖြစ် တာဝန်ယူခဲ့ပြီး နောက်ပိုင်းမှာ ကာကွယ်ရေး ဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့တဲ့အကြောင်း၊ တပ်မတော်ဟာ သူ့ရဲ့ အသည်းနှလုံးထဲမှာ ထာဝရ ရှိနေတဲ့ အကြောင်း ဗွီအိုအေ မြန်မာပိုင်းနဲ့ ဆက်သွယ် မေးမြန်းတဲ့အချိန် ပြောဆိုပါတယ်။ သူဟာ တပ်မတော်သားတွေကို ချစ်တဲ့အကြောင်းနဲ့ ဒါပေမဲ့လည်း ပြည်သူတွေကို ပိုချစ်တဲ့အတွက် ဒီမိုကရေစီရေး လှုပ်ရှားမှုတွေမှာ ပါဝင် ဆောင်ရွက် နေတယ်လို့ ဆိုပါတယ်။
လက်ရှိ တပ်မတော်ဟာ ပြည်သူတွေကို အလုပ်အကျွေးပြုတဲ့ တပ်မတော်တရပ် ဖြစ်ဖို့လိုပြီး လွတ်လပ်ရေး ဗိသုကာ၊ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ချမှတ်ခဲ့တဲ့ အစဉ်အလာကောင်းတွေကို ထိန်းသိမ်းဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။

“ဒီလိုပဲ အစဉ်အလာကောင်းတွေကို ထိန်းစေချင်ပါတယ်။ အကုန်လုံး တာဝန်ရှိနေတဲ့သူတွေ အားလုံး အလိုက်ပေါ့။ ပြည်သူသာလျှင် အမိ၊ ပြည်သူသာလျှင် အဖ၊ ပြည်သူတို့ကိုသာ အလုပ်အကျွေးပြုပါ။ နိုင်ငံကို ဦးဆောင် ခေါင်းရွက်သွားနေ တာ ပြည်သူလူထုပါ။ ပြည်သူလူထုရဲ့ ဦးဆောင်မှုအောက်မှာ တပ်မတော်သည် တကယ့်ကို စံပြကောင်းကောင်းနဲ့ ဖြစ်တဲ့ ၀န်ထမ်းကောင်းကြီးတွေပေါ့၊ ကိုယ့်ရဲ့ လုပ်ငန်းကိစ္စ အ၀၀ကို ကျွမ်းကျင်အောင် လုပ်ပြီးတော့ မိမိရဲ့တာဝန်ဖြစ်တဲ့ နိုင်ငံတော် လုံခြုံရေး၊ ကာကွယ်ရေးကို တရားနည်းလမ်း မှန်ကန်စွာနဲ့ ကျင့်သုံးနိုင်အောင်တော့ ဖြစ်စေချင်တယ်၊ ဒါပါပဲ။


အဘက်ဘက်က ချွတ်ခြုံကျနေတဲ့ ဒီနေ့ မြန်မာနိုင်ငံရဲ့ အခြေအနေကို ပြန်လည် တည်ဆောက်နိုင်ဖို့အတွက် နိုင်ငံရေးအရ သဘောတူညီမှုတွေကို ရှာနိုင်တဲ့ ယုံကြည်မှု တည်ဆောက်ဖို့ လိုအပ်တဲ့ အကြောင်းကိုလည်း ဦးတင်ဦးက ပြောပါတယ်။ ဒီလို ယုံကြည်မှု တည်ဆောက်နိုင်တဲ့ အနေအထားကို ဖန်တီးဖို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဘက် ကတော့ အဆင်သင့်ရှိတယ်လို့လည်း သူက ပြောပါတယ်။

“တယောက်နဲ့ တယောက်ဟာ ယုံကြည်မှု တည်ဆောက်ကြဖို့ပဲ။ ပြည်သူလူထုတွေဟာ ဒီနေ့အထိ နိုင်ငံရေးအားဖြင့်၊ စီးပွားရေးအားဖြင့်၊ လူမှုရေးအားဖြင့် ချွတ်ခြုံကျနေတာ။ အဲဒါကို ညှိနှိုင်းဆွေးနွေးပြီး တခုနဲ့တခု တွေ့ဆုံဆွေးနွေးပြီးတော့ ယုံကြည်မှု တည်ဆောက်လို့ ရနိုင်မယ့် နေရာတခု၊ The area of agreement ရောက်အောင် လုပ်မယ်ဆိုရင် လုပ်လို့ ရနိုင်ပါတယ်လို့၊ ယုံယုံကြည်ကြည်လုပ်ပါ။ ဒေါ်အောင်ဆန်းစုကြည် ဘက်ကတော့ ဒီလိုကိစ္စနဲ့ ပတ်သက်လို့ တစိုက်မတ်မတ် စွဲကိုင်ထားတဲ့ ၀ါဒပါ။”

မြန်မာပြည် ဒီမိုကရေစီရေး လှုပ်ရှားမှုမှာ နိုင်ငံတကာရဲ့ ထောက်ခံ အားပေးမှုတွေကို ကြိုဆိုတဲ့အကြောင်း၊ ဒါပေမဲ့လည်း တကယ်တမ်း အပြောင်းအလဲတွေ၊ တိုးတက်မှုတွေရှိဖို့ ပြည်တွင်းက အင်အားတွေကသာ ဆောင်ရွက်နိုင်မှာ ဖြစ်တဲ့ အကြောင်းကိုလည်း အခုလို ပြောဆိုသွားပါတယ်။

“ဒါပေမဲ့ တကယ့်အင်အားကတော့ ကိုယ့် ပြည်သူလူထုပဲ။ ကိုယ့်ဟာကို လုပ်ကြပါ။ ကိုယ့်ဟာကိုလုပ်တဲ့ အားကိုပဲ ကိုယ်က ယုံကြည်တာပါ။ အဲတော့ နိုင်ငံတကာက ကူညီနေပြီး ကျနော်တို့အတွက် ပြောကြတယ်၊ ဆိုကြတယ် ဆိုတဲ့ဟာတွေ အပေါ်မှာ၊ အထောက်အပံ့တွေ အပေါ်မှာတော့ ကြိုဆိုတယ်၊ အားရတယ်၊ ဆက်လက်ပြီးတော့လည်း ကြိုဆိုကြပါ၊ ထောက်ခံကြပါ။ သို့သော် တကယ်ဆောင်ရွက်ရမယ့် အင်အားကတော့ ကိုယ့်ပြည်တွင်းက အားပဲ ဖြစ်တဲ့အတွက် ပြည်သူ လူထုတွေက လုပ်ရမယ်လို့ပဲ၊ ကိုယ့်အချင်းချင်း တိုင်းရင်းသားတွေနဲ့ အတူတကွ လုပ်ရမယ်လို့ပဲ ကျနော်တို့က ယုံကြည် တယ်။”

ဗွီအိုအေ မြန်မာပိုင်းက ဆက်သွယ်မေးမြန်းတဲ့အချိန် ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦးက လက်ရှိ မြန်မာနိုင်ငံ အခြေအနေတွေနဲ့ မြန်မာ့တပ်မတော်အပေါ် သူ့ရဲ့ သဘောထားတွေကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

မြန်မာ့တပ်မတော် အနေနဲ့ အစဉ်အလာကို ထိန်းသိမ်းဖို့ လိုအပ်သလို အနာဂတ်မှာ တပ်မတော်ရဲ့ သမိုင်းကောင်းအောင် ဆောင်ရွက်ဖို့လည်း လိုအပ်တယ်လို့ ဦးတင်ဦးက ပြောပါတယ်။ မြန်မာပြည် နိုင်ငံရေးမှာ တပ်မတော်အနေနဲ့ သမာသမတ် ရှိတဲ့ ဒိုင်လူကြီး နေရာက ရပ်တည်စေချင်တဲ့အကြောင်း NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦးက ပြောပြ သွားပါတယ်။

Sunday, February 21, 2010

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှု ဆောင်များနဲ့ ကင်တာနား ဆွေးနွေးချက် အပြည်အစုံ

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးမှူး မစ္စတာ တိုမာ့စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးရာမှာ နေအိမ်အကျယ်ချုပ်ကျနေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကိစ္စ၊ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော်ရေးကိစ္စ၊ ယုံကြည်ချက်ကြောင့် အကျဉ်းချခံထားရသူတွေကို လွှတ်ပေးဖို့ကိစ္စနဲ့ လွတ်လပ် တရားမျှတပြီး အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲဖြစ်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့ NLD ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင် ဦးခင်မောင်ဆွေက ဗွီအိုအေကိုပြောပါတယ်။ ဒီဆွေးနွေးချက် အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။
မစ္စတာကင်တားနားနဲ့ NLD ခေါင်းဆောင်တွေဟာ ရန်ကုန်မြို့က မြရိပ်ညိုဟော်တယ်မှာ ဖေဖော်ဝါရီလ ၁၈ ရက်၊ သောကြာနေ့က တနာရီနီးပါးကြာ တွေ့ဆုံ ဆွေးနွေးခဲ့ကြတာပါ။ NLD ခေါင်းဆောင်တွေဘက်က ပထမဆုံး ဆွေးနွေးချက်ကတော့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကိစ္စဖြစ်ပါတယ်။ NLD ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးက သူဟာ ၁၉၇၄ ခုနှစ်တုန်းက ၁၀(က)၊ ၁၀(ခ) ဥပဒေတွေကို ပြုစုရေးဆွဲရာမှာ ပါဝင်ခဲ့သူဖြစ်တာကြောင့် ဒီဥပဒေတွေရဲ့ သဘောသဘာဝနဲ့ သက်ရောက်မှုတွေကို အကုန်လုံးနားလည်ကြောင်း၊ ဒါကြောင့် ဒီဥပဒေတွေအရ နေအိမ်အကျယ်ချုပ် ချထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ လိုနေပြီဖြစ်ကြောင်း၊ လူ့အခွင့်အရေးအရကြည့်ရင်လည်း လွှတ်အပ်တဲ့ ကိစ္စဖြစ်ကြောင်း မစ္စတာကင်တားနားကို ဆွေးနွေးပြောဆို ခဲ့တယ်လို့ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးခင်မောင်ဆွေက ပြန်ပြောပြပါတယ်။"ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်အောင်ဆန်းသမီးလည်း ဖြစ်တယ်၊ မြန်မာပြည်သူလူထုရဲ့ ဒီမိုကရေစီရေးကိုလည်း ဦးစီးဦးဆောင်ပြုနေတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်၊ တိုင်းရင်းသားများရဲ့ အရေးကိုလည်း ဂရုစိုက်ပြီးတော့ ဖန်ဆီးဖော်ဆောင်နိုင်တဲ့ အနေအထားမှာရှိတဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကို ဒုဥက္ကဌ ဦးတင်ဦး အနေနဲ့ အထူးတလည် လိုလားပါတယ် ဆိုတဲ့အကြောင်း မစ္စတာ ကင်တားနားကို ပြောပါတယ်။"

ဒါ့အပြင် နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှုနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်ချမှတ်ပြီးပြီးချင်းပဲ ထောင်ဒဏ်ထက်ဝက် လျှော့ပေါ့ဖို့ညွှန်ကြားခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အမိန့်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်က ကောင်းမွန်စွာနေထိုင်မယ်ဆိုရင် ကျန်တဲ့ ထောင်ဒဏ် တနှစ်ခွဲကို လျှော့ပေါ့ပေးမယ်ဆိုတဲ့အချက်၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ရမယ်လို့ စစ်အစိုးရ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က ပြောခဲ့တဲ့အချက်တွေကို ပြန်ထောက်ပြီး တော့လည်း ဆွေးနွေးခဲ့ကြပါတယ်။
အဲဒီနှစ်ခုကို ညီညွတ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်ရဲ့အနာဂတ်အတွက် ကောင်းမွန်တဲ့အနာဂတ် ဖြစ်အောင် စီးပွားရေးပိတ်ဆို့မှုတွေကို ဖြေရှင်းဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ လက်ကမ်းထားတဲ့အဖြစ်တောင် ရောက်နေပြီ ဆိုတဲ့အခါကျတော့ ဒေါ်အောင်ဆန်းစုကြည်ကို မလွှတ်ထိုက်ဘူး၊ လွှတ်ထိုက်တယ်ဆိုတာ အငြင်းပွားစရာ မရှိတော့ပါဘူး။ လွှတ်ပေးဖို့ဟာဖြင့် ကျော်တောင်ကျော်နေပါပြီ ကျနော်က တင်ပြပါတယ်။"

၁၉၉၀ ပြည့်နှစ်တုန်းက နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးနဲ့ တည်ဆောက်ရေးအဖွဲ့ အစိုးရလက်ထက်မှာ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတရပ် ကျင်းပပေးခဲ့ပြီး လွှတ်တော်အမတ် နေရာအများစုကို NLD က အနိုင်ရခဲ့ပါတယ်။ ဒါပေမဲ့လည်း မြန်မာစစ်အစိုးရက အနိုင်ရပါတီကို အာဏာလွှဲမပေးဘဲ အဲဒီရွေးကောက်ပွဲဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးအတွက် ကျင်းပတာဖြစ်တယ် ဆိုပြီး အမျိုးသားညီလာခံကို ၁၉၉၃ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အထိ ၁၄ နှစ်ကြာ ကျင်းပခဲ့ပါတယ်။
၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်နဲ့ပတ်သက်ပြီး NLD က ခုချိန်ထိ ကိုင်စွဲထားတဲ့ ရပ်တည်ချက်နဲ့ သဘောထားကို NLD ခေါင်းဆောင်တွေက မစ္စတာ ကင်တားနားကို ပြောပြခဲ့ကြပါတယ်။
"၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ဟာ ပြည်သူလူထုရဲ့ ဆန္ဒဖြစ်တယ်။ ဒါကို ကျော်လွှားပစ်ပယ်ဖို့ မထိုက်ပါဘူး။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို သက်ဆိုင်ရာ အာဏာပိုင်တွေကနေပြီးတော့ ဒါကို တနည်းနည်းနဲ့ ဖြေရှင်းပေးဖို့ ပထမအချက် ဖြစ်တယ်လို့ ပြောပါတယ်။ ဒါဟာဘာလဲဆိုတော့ ပြည်သူတွေရဲ့ citizen right ပြည်သူတွေရဲ့ အခွင့်အရေးကို ပစ်ပယ်ရာမရောက်အောင် ကျနော်တို့ တင်ပြခြင်းဖြစ်တယ်။"

မြန်မာ့နိုင်ငံရေး အကျပ်အတည်းမှာ ဖြစ်ပေါ်တိုးတက်မှုတခုခု သိသိသာသာ ပြနိုင်ဖို့ဆိုရင် အကျဉ်းထောင်အသီးသီးမှာ အဖမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွတ်မြောက်ရေးကိစ္စကို အဓိကအကျဆုံးကိစ္စရပ်အဖြစ် အစဉ်တစိုက် ပြောဆိုခဲ့ကြပါတယ်။ အခု မစ္စတာကင်တားနားနဲ့ တွေ့ဆုံတဲ့အချိန်မှာလည်း NLD တာဝန်ရှိသူတွေက ဒီကိစ္စကို တောင်းဆိုခဲ့ကြပါတယ်။
"ယုံကြည်မှုအရ အကျဉ်းထောင်ထဲမှာရောက်နေတဲ့ ဒီမိုကရေစီလိုလားတဲ့ နိုင်ငံရေးသမားတွေ ၂,၁၀၀ ကျော်ကိုလည်းပဲ အမြန်ဆုံးလွှတ်ပေးသင့်တယ်လို့ ကျနော်တို့ ပြောပါတယ်။ ဒါဟာလည်းပဲ လူ့အခွင့်အရေးနဲ့ လုံးဝ ထိစပ်နေတာကြောင့်မိုလို့ ယုံကြည်မှုကြောင့် အကျဉ်းကျတယ်ဆိုတာ ယုံကြည်မှုတောင်မှ လွတ်လပ်စွာမလုပ်ရဘူးဆိုတဲ့ အဖြစ်မျိုး မရောက်အောင် အဖမ်းခံနေရတဲ့ ပုဂ္ဂိုလ်တွေအားလုံးကို လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။"
ဒီနှစ်အတွင်းမှာ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွေ ကျင်းပမယ်လို့ မြန်မာအာဏာပိုင်တွေက ကြေညာထားပါတယ်။ NLD ကတော့ ရွေးကောက်ပွဲ ၀င်မယ်-မ၀င်ဘူးဆိုတာကို ခုချိန်ထိ အတိအလင်း မကြေညာသေးဘဲ ရွှေဂုံတိုင် ကြေညာစာတမ်း ထုတ်ပြန်ပြီး ပါတီရဲ့ရပ်တည်ချက်ကို ပြောထားပါတယ်။ ဒီစာတမ်းပါ NLD ရဲ့ တောင်းဆိုချက်တွေကို ခုချိန်ထိတော့ မြန်မာစစ်အစိုးရက လိုက်လျောမယ့်အရိပ်အယောင် မပြသေးပါဘူး။
မစ္စတာကင်တားနားက NLD ရွေးကောက်ပွဲ ၀င် မ၀င် မေးမြန်းတဲ့အပေါ် NLD တာဝန်ရှိသူတွေရဲ့ ဖြေကြားချက်အရ ရွေးကောက် ပွဲဝင်ရေးကိစ္စကို လမ်းဖွင့်ထားဆဲဖြစ်တယ် ဆိုတဲ့သဘော တွေ့ရပါတယ်။
"လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့က အင်မတန် အရေးကြီးပါတယ်။ ဒါ့အပြင် အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့လည်း ကျနော်တို့ လိုလားတယ်ဆိုတဲ့အကြောင်း၊ ပြီးတော့ နိုင်ငံတကာကနေ စောင့်ကြပ်ကြည့်ရှုတဲ့ အဖွဲ့အစည်းမျိုးတွေ ပါလာမှသာလျင် ဒါဟာ ဖြစ်နိုင်မယ်လို့ ကျနော်တို့က ပြောပါတယ်။ ဘာကြောင့်လဲဆိုတော့ ရွေးကောက်ပွဲဖြစ်တယ် ဆိုလို့ရှိရင် NLD ၀င်သည်ဖြစ်စေ၊ မ၀င်သည်ဖြစ်စေ တရားမျှတ လွတ်လပ်ဖို့တော့ လိုတယ်လို့ ကျနော်တို့ ပြောပါတယ်။ အဲဒီတော့ ရွေးကောက်ပွဲမှာ တကယ်လို့များ NLD မ၀င်ဘူးဆိုရင် ဘယ်လိုဖြစ်မလဲ ဆိုတဲ့အခါကျတော့၊ တကယ်လို့ NLD မပါဘူးဆိုရင် တရားမျှတလွတ်လပ်ဖို့က ရာခိုင်းနှုန်း ၁၀၀ % တောင် ဖြစ်သွားမလားလို့ ထင်တယ်လို့ ကျနော်တို့က ပြောပါတယ်။ တကယ်လို့ NLD ပါ ပါမယ်ဆိုလို့ရှိရင်တော့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ကိစ္စတွေ အင်မတန်မှ တရားမျှတလွတ်လပ်ဖို့ အထူးဂရုစိုက် လုပ်ဆောင်ရမှာ ဖြစ်တဲ့အတွက်ကြောင့် နိုင်ငံတကာ စောင့်ကြည့်မှုတွေ မပါဘဲနဲ့တော့ ရွေးကောက်ပွဲဟာ တရားမျှတ လွတ်လပ်မယ်ဆိုတဲ့ အနေအထားကို ဘယ်လိုမှ လက်ခံဖို့အကြောင်း မရှိပါဘူးလို့ ရွေးကောက်ပွဲ ၀င် မ၀င်နဲ့ပတ်သက်ပြီး မေးတဲ့အခါမှာ ဖြေကြားခဲ့ပါတယ်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ILO ကိုယ်စားလှယ်တွေ မြန်မာနိုင်ငံကို လာရောက်ချိန်တုန်းက NLD နဲ့ အဆက်အသွယ် မလုပ်ခဲ့တာဟာ လုပ်ငန်းလုပ်ဆောင်တာတွေ နှောင့်နှေးပြီးတော့ မလိုလားအပ်တဲ့ကိစ္စတွေ ပေါ်လာမှာစိုးလို့ တိုက်ရိုက်မဆက် သွယ်ခဲ့ဘူးလို့ သိရတဲ့အတွက် ဒါဟာမဖြစ်ထိုက်တဲ့ ကိစ္စဖြစ်ကြောင်း၊ NLD အနေနဲ့ ILO အဖွဲ့နဲ့ တိုက်ရိုက် ဆက်သွယ် ပြောဆိုဖို့ရာဟာလည်း အရေးကြီးတဲ့ကိစ္စဖြစ်တယ်လို့ မစ္စတာကင်တားနားကို ဆွေးနွေးပြောဆိုခဲ့ကြောင်း ဦးခင်မောင်ဆွေက ပြန်ပြောပြခဲ့ပါတယ်။


VOA

A Song for Aung San Suu Kyi



Posted by မြတ်လေးငုံ at Sunday, February 21, 2010 , Links to this post , 0 comments
Labels: သီချင်း

ဒေါ်အောင်ဆန်းစုကြည်၏မိန့်ခွန်း2002

နိုင်ငံရေး သီလ”-


နိုင်ငံရေး သီလ”-


နိုင်ငံရေးဆောင်ရွက်ခြင်းသည် အတ္တဟိတ မဟုတ်၊ အများအကျိုးဆောင်သော ပရဟိတ ဖြစ်သည်။ ထို့ကြောင့် နိုင်ငံရေး ဆောင် ရွက်ခြင်းသည် မွန်မြတ်သော အလုပ်ဖြစ်သည်။ နိုင်ငံရေးဆောင်ရွက်သူများအား နိုင်ငံရေးသမားဟု ခေါ်ဝေါ်ခြင်းသည် တွင်ကျယ် သော အများသိဝေါဟာရ ဖြစ်လျှက်ရှိသည်။

`“ပညတ်သွားရာ ဓါတ်သက်ပါ ”ဆိုသကဲ့သို့ နိုင်ငံရေးသမားဆိုလျှင် သတိထားဆက်ဆံရမည့် သူဟူ၍ နားလည်မှုလွဲနေသူ များ စွာရှိနေသည်။ နိုင်ငံရေးသမားနှင့် ဆက်ဆံရသည့်အခါများတွင် ကြောက်သလိုလို၊စိတ်မချသလိုလို ၊မိမိအပေါ် တစုံတရာ အမြတ်

ထုတ်သွားတော့မလိုလို၊ မသိုးမသန့် ဖြစ်တတ်ကြသည်။ တိုသို့ ဖြစ်နေအောင်လည်း နိုင်ငံရေးသမား ဆန့် ကျင်သူတို့က“အဆင်း ဘီးတပ်ပေးပေးခဲ့ ကြသည်။ရေ နစ်သူကို ၀ါးလုံးဖြင့်ထိုး၍ပင် နှစ်ခဲ့ကြသေးသည်။ နိုင်ငံရေးသမားဆိုတာ ကိုယ်ကျိုးရှာ သမား တွေဟု အများပြည်သူ ထင်မြင်ချက် ဖြစ်ပေါ်လာအောင် နည်းမျိုးစုံသုံးကာ နာမည်ဖျက်ခဲ့ကြသည်။ ”




သို့ဖြစ်ရာ နိုင်ငံရေးသမား ဟူသော အသုံးအနှုန်းကို `“နိုင်ငံရေး အကျိုးတော်ဆောင်” ဟုပြောင်းလဲခေါ်ဝေါ်ပါက ဆက်ဆံရန် စိုးကြောက်မှုများ လျော့နည်း သွားလေမည်လား ယူဆမိပေသည်။

နိုင်ငံရေး ဆောင်ရွက်သူများသည် တဦးနှင့်တဦး အယူအဆ၊ မူဝါဒ အားလုံးတူနိုင်မည်မဟုတ်ပေ။ အယူအဆ မတူတိုင်း ရန်သူ များ မဖြစ်သင့်ပေ။ မိမိတို့ မူဝါဒနှင့် လမ်းစဉ်ကောင်းကြောင်း၊ လူထုထံတင်ပြခြင်းနှင့် တချိန်တည်းတွင် မိမိပြိုင်ဘက်များ၏ မူဝါဒ နှင့်လုပ်ငန်းစဉ်များ လွဲမှား ချွတ်ချော်နေကြောင်း ကိုလည်း တင်ပြကြမည်သာ ဖြစ်သည်။ထိုသို့ တင်ပြရာတွင် ရန်စွယ်ငေါငေါ အ မျက်စောက်မန် ကြီးစွာဖြငသ့် မိမိပြိုင်ဘက်ကို တိုက်ခိုက်နှိပ်ကွပ်ခြင်းသည် မလိုလားအပ်သော အပြူအမူဖြစ်၍ နိုင်ငံရေး အကျိုး ဆောင်များ ရှောင်ရှား အပ်ပေသည်။


အတိတ်ကာကတွင်ယင်းသို့ အပြန်အလှန် လက်ညှိုးထိုး အပုပ်ချမှုများကြောင့် နိုင်ငံရေးသမားများ နာမည်ဖျက်ခြင်းဟုဆိုနိုင် ပေသည်။ တဦးနှင့် တဦး ငယ်ကျိုး ငယ်နာမျာများ ဖော်ထုတ်တိုက်ခိုက်ခြင်းကို အဓိက ထားခဲ့ကြရာ ယင်းတို့၏ ကောင်းကွက် များကို လူထုက လုံးဝ မသိရပဲ မကောင်းကွက်များကိုချည်း ထပ်ဖန်တလဲလဲ ကြားသိနေရသည်ဖြစ်၍ နိုင်ငံရေးသမားများသည် လူထုအမြင်တွင် အထင်သေးစရာ ဖြစ်ခဲ့ရပေသည်။

သို့ဖြစ်ရာ နိုင်ငံရး အကျိုးဆောင်လိုသူများသည် အပြန်အလှန် လက်ညှိုးထိုး အပုပ်ချမှုများကို မပြုမိအောင်စောင့်စည်းခြင်းနှင့် ပြိုင်ဘက်ကို လေးစားခြင်းတည်းဟူသော နိုင်ငံရေးသီလ မြဲစေရန် ကြိုးစားသင့်ကြသည်။


နိုင်ငံရေးသီလ မြဲခြင်းနှင့် ငြိမ်းချမ်းစွာ ယှဉ်ပြိုင်မှု ဖြစ်ထွန်းကာ တိုင်းပြည်နှင့် လူမျိုးအတွက် ကောင်းသော ရလာဒ်များပေါ်ထွက် လာမည် ဖြစ်ပေသည်။


အတွေးအမြင် အမှတ်--(၂၀၇)မှ ကားယူဖော်ပြလိုက်ပါသည်။

မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ဖြင်း ဖြစ်ပါ သည်။--ဟစ်တိုင်အဖွဲ

စင်ပြိုင်အစိုးရ ၀န်ကြီးချုပ် ဦးနု


Saturday, 20 February 2010 17:43 ခင်ငြိမ်းသစ် .ဖေဖော်ဝါရီလ ၁၄ ရက်နေ့ဟာ ချစ်သူတွေ ပျော်ရွှင်ကြတဲ့ နေ့ ဖြစ်သလိုပဲ တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့မှာပဲ ၀န်ကြီးချုပ် ဟောင်း ဦးနု ဟာ ကမ္ဘာမြေကို အပြီးတိုင် နှုတ်ဆက်ခဲ့တဲ့ နေ့လည်းဖြစ်ပါတယ်။

ဦးနုဟာ ၁၉၃၅ ခုနှစ် မှာ ကျောင်းသားသမဂ္ဂ ဥက္ကဌ ဖြစ်ခဲ့ပြီး ၁၉၃၆ ခုနှစ်မှာ ကျောင်းသားသပိတ်ကို ဦးဆောင်ခဲ့ပါတယ်။

ကျွန်ပညာရေး အလိုမရှိ ဆိုတဲ့သဘော သက်ရောက်စေဖို့ သူရခဲ့တဲ့ B.A (Law) ဘွဲ့ကို အင်္ဂလိပ် အစိုးရထံပြန်အပ်ခဲ့ ပါတယ်။ ၁၉၃၇ ခုနှစ်မှာ သခင်သန်းထွန်းနဲ့အတူ နဂါးနီ စာအုပ်တိုက်ကို ထူထောင်ပြီး ပြည်သူလူထု နိုင်ငံရေးအသိ နိုးကြား လာအောင် ဖန်တီးခဲ့ပါတယ်။

ဖ.ဆ.ပ.လ အစိုးရ လက်ထက်မှာ ဦးနုဟာ ပထမဦးဆုံး ၀န်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။ ၁၉၈၈ ခုနှစ် အရေးတော်ပုံ ကာလမှာ ဦးနေ၀င်းကို အပြီးသတ် တိုက်ခိုက်ဖို့ ရည်ရွယ်ပြီး စင်ပြိုင် အစိုးရ ဖွဲ့စည်းခဲ့ပါတယ်။ ဦးနုဟာ နိုင်ငံရေးကို ကွက်ကျော် မြင်တတ်သူ၊ မြန်မာစစ်တပ် အကြောင်းကို နောကြေအောင် သိတဲ့သူလို့ ကျမ ထင်ပါတယ်။

ကျမရဲ့ မိဘ ဘိုးဘွားတွေက ဖ.ဆ.ပ.လ ခေတ်ရဲ့ ကုန်ဈေးနှုန်း အကြောင်းကို တသသ ပြောတတ်လို့ ကျမ မှတ်မိနေ ပါတယ်။ ရှေးခေတ်ဟောင်း အောက်မေ့ဖွယ် အဖြစ် ဖ.ဆ.ပ.လ အစိုးရ လက်ထက်မှာ မြန်မာနိုင်ငံရဲ့ ပညာရေး၊ စီးပွားရေး ဟာ အရှေ့တောင် အာရှ နိုင်ငံတွေထဲမှာ ထိပ်တန်း အဆင့် ရှိခဲ့တယ်လို့ လွမ်းလွမ်း ဆွတ်ဆွတ် ပြောတတ်ကြပါတယ်။

ဦးနုကို နိုင်ငံရေးသမား တယောက်အပြင် စာရေးဆရာ တဦး အဖြစ်နဲ့လည်း သိခဲ့ဖူးပါတယ်။ ဦနုရေးတဲ့ တာတေ စနေသား ၀တ္ထုမှာ အဖေ ဦးစံထွန်းက သားမောင်နုကို သိပ်ချစ်တယ်ဆိုတာ ၀တ္ထု အစမှာ ရေးပြထားပါတယ်။

ကျမ ကြီးဒေါ် ပြောပြဖူးတာက ဦးနုကို လူတွေက ဘာသာရေးသမား တဦး အဖြစ်နဲ့လည်း ချစ်ခင်ကြည်ညို ကြတယ်တဲ့။ကျမဘကြီး ပြောပြဖူးတာကတော့ ဦးနုက ငါးပါးသီလကို ခါးဝတ်ပုဆိုး လို ခိုင်မြဲအောင် တည်ဆောက်တယ်တဲ့။ တခါက ဆိုဗီယက် ယူနီယံကိုသွားတော့ အရမ်းအေးလို့ အရက်တိုက်တာ ဦးနုက အရက်မသောက်ဘဲ ရေနွေးပူပူ တခွက် ကိုပဲ မှာသောက်သတဲ့။

ဦးနုကို ကျမ သေချာမြင်ဖူးတာက ကျမတို့ ဗမာပြည် ပြည်သူ့ လွတ်မြောက်ရေး လူငယ်တပ်ဦး (BYLF) ရဲ့ ဒုဥက္ကဋ္ဌ ကိုအောင်ဒင်က စင်ပြိုင် အစိုးရကို ထောက်ခံပြီး သွားရောက်ပူးပေါင်းခဲ့တဲ့ အချိန်က ဘဘ ဦးနု ခြံထဲမှာ လုံခြုံရေး ယူပေးရတုန်းကပါ။

အသက်အရွယ် ကြီးလာပေမယ့် ဘဘ ဦးနု ရင်ထဲမှာ ပြည်သူ့အကျိုး ကို ထမ်းရွက်လိုဆဲပဲ ဆိုတာ သိရတော့ ကျမတို့ ၀မ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ပါတယ်။

၁၉၉၅ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ အသက် ၈၇ နှစ် အရွယ်ရှိတဲ့ နိုင်ငံတော် ၀န်ကြီးချုပ် (စင်ပြိုင်အစိုးရ) ကွယ်လွန်ခဲ့ ပါတယ်။

ဦးနု ကွယ်လွန်ချိန်မှာ သား ၂ ဦး၊ သမီး ၂ ဦး ကျန်ရစ်ခဲ့ပါတယ်။ ဦးနု ကွယ်လွန်ကြောင်း သတင်းစာ ဖတ်ရချိန်မှာ ကျမ ဦးနုကို ဂါရ၀ပြုဖို့ သူ့ခြံထဲ သွားမယ်လို့ စိတ်ကူးထားပါတယ်။ အဲဒီနေ့ ညနေပိုင်းမှာပဲ ကျမ စာသင်တဲ့ အိမ်အောက်ထပ်က လက်ဖက်ရည် ဆိုင်မှာ ကိုမိုးမောင်မောင်ကို တွေ့ပါတယ်။

ကိုမိုးမောင်မောင်က ကျမကို “ခဏလာပါဦး ပြောစရာ ရှိတယ်” ဆိုလို့ ကျမလည်း ကိုမိုးမောင်မောင်နဲ့ ထိုင် စကား
ပြောဖြစ်ပါတယ်။ သူက လက်ရှိ အခြေအနေကို ပြောပြပါတယ်။

“န၀တ က ဦးနုကို သင်္ဂြိုဟ်ဖို့ ဒေါ်ခင်ကြည်ရဲ့ ဂူ ဘေးမှာ ၁၀ ပေ ပတ်လည် မြေကွက် ပေးတယ်၊ ဦနု သားသမီးတွေက ကျဉ်းလို့ မကြိုက်ဘူး။ သူတို့က ကမ္ဘာအေးကုန်းမြေမှာ သင်္ဂြိုဟ်ချင်တယ်။ န၀တ ကတော့ ကြံတောမှာ ဂူဗိမာန် ဆောက်ပေးမယ်တဲ့။ ဒီအခြေအနေကြောင့် တချို့ လူငယ်တွေ အလောင်းလုကြလိမ့်မယ်”လို့ သူက ပြောပြတယ်။

ကျမက “သဘောမတူဘူးလို့ပဲ” ပြန်ပြောခဲ့ပါတယ်။ သူနဲ့ အခြေအတင် ပြောပြီး သူက အခြေအနေ သိရအောင် ဦးနု ခြံထဲ လိုက်ခဲ့ဖို့ ပြောပါတယ်။ ကျမက သေသေချာချာ သိချင်လို့ ဦးနု ခြံထဲ လိုက်သွားခဲ့ပါတယ်။

ခြံထဲရောက်တော့ ဦးအောင် (ဦးနုသား)၊ ဦးဝင်းနိုင်(ယခု အမျိုးသားရေး) တို့နဲ့ တွေ့ပါတယ်။

သူတို့က ဦးနုဟာ သမိုင်းဝင်ပုဂ္ဂိုလ် တဦးဖြစ်လို့ ခုလို သင်္ဂြိုဟ်ရတာကို မကျေနပ်ကြောင်း ပြောပါတယ်။ ကျမက “တရားဝင်
တောင်းဆိုပါလား” ဆိုပြီးပြောလိုက်ပါတယ်။ ဒီတော့ ဦးဝင်းနိုင်က သူတို့ လုပ်သင့်တာ လုပ်ပြီးပေမယ့် ဘာမှ မထူးခြားဘူးလို့ ပြန်ပြောပါတယ်။

ကျမ ခြံထဲက ပြန်လာတော့ သူငယ်ချင်း အေးမိုး ဆီကို ၀င်ပြီးပြော ဆိုဆွေးနွေးနေတုန်း ကိုမောင်မောင်ဦး ရောက်လာပြီး “ဦးနု သားသမီးတွေက မမိုက်ဘူး၊ ဒီကို န၀တ နဲ့ညှိနှိုင်း ဆွေးနွေးပြီးမှ ရောက်လာတာ၊ ပြီးတော့ ပေါက်ကရတွေ လျှောက်ပြောနေတယ်” တဲ့။ ပြီးတော့ ကျမတို့ကို “နင်တို့တွေ သတိထား” လို့ ပြောပါတယ်။

ကျမတို့လည်း ကိုမောင်မောင်ဦးနဲ့ စကားပြောပြီး အားလုံးလမ်းခွဲ၊ အိမ်ပြန်လာပါတယ်။ ကျမတို့ ၃ ယောက်ရဲ့ရင်ထဲမှာတော့ ဦးနုရဲ့ နောက်ဆုံးခရီးမှာ ထိုက်ထိုက် တန်တန် ဂုဏ်ပြုသင့်တယ်လို့ ယူဆကြပါတယ်။

နောက်တနေ့အေးမိုးနဲ့ ရီရီတို့ ဦးနုခြံထဲ သွားကြပါတယ်။ ဖေဖော်ဝါရီ ၂၀၊ ၁၉၉၅ မှာ ဦးနုကို သင်္ဂြိုဟ်ရမယ့်နေ့ ဖြစ်ပါတယ်။ အဲဒီနေ့ ရောက်တော့ အေးမိုးနဲ့ ရီရီ တို့က ကျောင်းကနေ လာကြပါတယ်။ ကျမ၊ ကိုသားကြီး၊ ကိုတိတ်၊ ကိုစိုးနိုင် တို့က ကြည့်မြင်တိုင်ကနေ လာကြပါတယ်။ ခြံထဲမှာ ကျမတို့ အုပ်စုတွေ အတော်များများ ဆုံကြပါတယ်။ အဲဒီအချိန်က ကျမတို့ အုပ်စုရဲ့ နိုင်ငံရေး အရှိန် မြင့်နေတဲ့ အချိန်ဖြစ်လို့ ကျန်တဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေက ကျမ တို့ကို စောင့်ကြည့် နေကြပါတယ်။

ကျမနဲ့ ရီရီက ကြံတောသုဿာန်ရဲ့ အခြေအနေကို သိရအောင် ကိုယ့်အစီအစဉ်နဲ့ကိုယ် အရင် သွားနှင့်ပါတယ်။ ဟိုရောက်တော့ အခြေအနေက တင်းမာ နေပါတယ်။ ဟံသာဝတီ အ၀ိုင်းကနေ ကြံတောအထိ ရဲတွေ၊ ထောက်
လှမ်းရေးတွေက စကားပြောစက်တွေနဲ့ စောင့်နေပါတယ်။ စည်ပင် ၀န်ထမ်းတွေလည်း လမ်းပေါ်မှာ၊ ကြံတော သုဿာန် ဝင်းထဲမှာ အပြည့်ပါပဲ။

ကျမတို့ ကျောင်းသား အုပ်စုထဲက အတော်များများကလည်း ကြံတောကို ကြိုရောက်နေပါတယ်။ ကိုစောလွင်ဦး၊ ကိုစောဝင်းရှိန်၊ ရဲကျော်စွာ၊ ရဲမွန်ထူး၊ မောင်မောင်ကျော်၊ ဦးချိုအောင်သန်း (ဦးအောင်သန်းသား)၊ ကိုချိုချိုထွန်းငြိမ်း
နွမ်းပါးပုံရတဲ့ ကျမ အဖေအရွယ်၊ အမေအရွယ် ပြည်သူတွေက ယပ်တောင်ကိုယ်စီနဲ့ ဦးနု နောက်ဆုံး ခရီးကို လာရောက် ပို့ဆောင်ကြပါတယ်။

ခြံထဲက ထွက်လာတဲ့ ကားပေါ်မှာက အေးမိုး၊ ချိုနွယ်ဦး၊ ကိုဂီး၊ ကိုသားကြီး၊ ကိုတိတ်၊ ကိုမောင်မောင်ဦး၊ ချောအိသိမ်းနဲ့ လူငယ် အတော်များများ ပါလာပါတယ်။ သူတို့ ကားပေါ်မှာ လမ်းတလျှောက်လုံး “ကမ္ဘာမကြေဘူး” သီချင်းကို ဆိုလာ တယ်လို့ ပြောပြပါတယ်။

သူတို့ကား ကြံတောကိုရောက်တော့ သင်္ချိုင်းဝကနေ အခေါင်းတင်ထားတဲ့ စင်မြင့်အထိ စည်ပင်ဝန်ထမ်းတွေက လက်ချင်း ချိတ်ပြီး လမ်းပိတ်ထားကြပါတယ်။ ဒီအချိန်မှာ ကြိုရောက်နေတဲ့ ကျမတို့က “ready … 1 ... 2 … 3” ဆိုပြီး ပြိုင်တူ “နိုင်ငံတော် ၀န်ကြီးချုပ် ကောင်းရာ သုဂတိ လားပါစေ” လို့ အော်လည်းအော်၊ တပြိုင်နက်တည်း လက်ချင်း ချိတ်ထားတဲ့ စည်ပင်ဝန်ထမ်းတွေကို အတင်း ၀င်တိုးကြပါတယ်။

ဘေးက အဘိုးကြီး၊ အဘွားကြီး တွေကလည်း “နိုင်ငံတော် ၀န်ကြီးချုပ် ကောင်းရာ သုဂတိ လားပါစေ” လို့ ၀ိုင်းဆုတောင်း
ပေးကြတော့ ကြံတော တဝန်းလုံး ကြွက်ကြွက်ညံ သွားပါတယ်၊ ကားပေါ်ကလူတွေလည်း ကျမတို့ တွန်းဖွင့်လိုက်တဲ့ လမ်းကျဉ်းကျဉ်းလေး အတိုင်း အတင်းတိုးဝင် လာကြပါတယ်။

အရင်ရောက်နေတဲ့ ကျမတို့အုပ်စုနဲ့ သူတို့အုပ်စု ပေါင်းမိသွားကြပြီး “ကမ္ဘာမကြေဘူး” သီချင်းဆိုလိုက် “၀န်ကြီးချုပ် ဦးနု ကောင်းရာသုဂတိ လားပါစေ” လို့ အော်လိုက်နဲ့ ဦးနုရဲ့ နောက်ဆုံးခရီးမှာ ထိုက်ထိုက်တန်တန် ဂုဏ်ပြုကြပါတယ်။

အဲဒီ အချိန်မှာပဲ ဦးနုသားကြီး ဦးသောင်းထိုက်က ငိုကြီးချက်မနဲ့ “ဖေဖေ့ အသုဘမှာ ဒီလို ဆူဆူပူပူ မလုပ်ပါနဲ့” ဆိုပြီး ကျောင်းသားအုပ်စုကို ပိတ်ကာထားပါတယ်။

ကျမတို့ ကျောင်းသား အုပ်စုတွေက အလောင်းစင်နားကို အတင်းတိုးသွားပြီး ၀န်ကြီးချုပ် ဦးနုကို ကျောင်းသားလူငယ်တွေ လက်နဲ့ မြေချခဲ့ကြပါတယ်။

အဲဒီ အချိန်က ထောင်ကနေ လွတ်လာတာ ၄ ရက်ပဲ ရှိသေးတဲ့ ကိုမိုးကြိုးက ပင်နီ အင်္ကျီဝတ်လာတယ်။ သူက ဦးနုကို အနီးကပ် အလေးပြုပြီး မြေချခဲ့ပါတယ်။

ကျမတို့ တတိယမြောက် မျိုးဆက်က သမိုင်းတာဝန် ကျေပွန်ခဲ့ကြပါတယ်။

န၀တ ကလည်း တာဝန်ကျေပါတယ်။ ကျမတို့ လူငယ်တွေကို ညတွင်းချင်း လိုက်လံ ဖမ်းဆီးပါတယ်။ တချို့လူတွေလည်း ထွက်ပြေးတာ မြန်လို့ လွတ်သွားကြပါတယ်။ ကျမ အပါအ၀င် လူ ၂၀ လောက် အဖမ်းခံခဲ့ရပါတယ်။

အဲဒီထဲကမှ ကျမတို့ ၉ ဦး ထောင် ၇ နှစ် ကျခဲ့ကြပါတယ်။ ပြန်လွတ်သွားတဲ့ အထဲက ၇ ဦးကို အိမ်ကြက်ချင်း အိုးမည်းသုတ် ခွတ် ခိုင်းတဲ့ အနေနဲ့ အစိုးရ သက်သေ လုပ်ခိုင်းပါတယ်။ တချို့ ကလည်း သူငယ်ချင်းတွေနဲ့ တွေ့ရဖို့ တရားခွင်ကို လာနိုင်အောင် အစိုးရ သက်သေအဖြစ် ထွက်ဆိုကြပေမယ့် ကျမတို့ကို မထိခိုက်အောင် ဖေးမ ထွက်ဆိုကြပါတယ်။

ဒါပေမယ့် မောင်မောင်ကျော်နဲ့ ဦးချိုအောင်သန်း (ဗိုလ်ချုပ်အောင်ဆန်း တူ) ကတော့ အစိုးရ သက်သေအဖြစ် မထွက်ဆို ခဲ့ကြပါဘူး။ ၃ ဦး ကိုလည်း တရားခံပြေးအဖြစ် ကြေညာခဲ့ပါတယ်။

ဦးနု ဈာပနက အပြန် လူငယ်တွေရဲ့ လှုပ်ရှားမှု ကို ကြည့်ပြီး စိတ်တက်ကြွလာတဲ့ အရပ်သား ၂ ဦး ဖြစ်ကြတဲ့ ကိုဌေးဝင်း (ကိုသြ) နဲ့ ကိုသံချောင်းတို့ ညဘက်မှာ ဆက်လက်ကြွေးကျော်ခဲ့လို့ ထောင် ၇ နှစ် ကျခဲ့ပါတယ်။

ဦးနုဟာ လွတ်လပ်ရေး ကြိုးပမ်းခဲ့တဲ့ ခေါင်းဆောင် တဦး၊ ကျောင်းသား သမဂ္ဂ ဥက္ကဋ္ဌ တဦး၊ ၈၈ အရေးတော်ပုံကို အပြီးသတ်ဖို့ ရည်ရွယ်ပြီး စင်ပြိုင်အစိုးရ ထောင်ခဲ့တဲ့ နိုင်ငံရေး ဂုရုကြီး တဦးအဖြစ် ကျမတို့ ဂုဏ်ပြုပါတယ်။

ဦးနုဟာ ကွယ်လွန်ချိန်အထိ စင်ပြိုင် အစိုးရ ၀န်ကြီးချုပ် အဖြစ် နေအိမ် အကျယ်ချုပ် ကျခံခဲ့ရပါတယ်။

Copyright © 2010 ဧရာဝတီ

(၆၂)မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ်အဖြင့် ဦးတင်ဦးအား အမျိုးသားပြန်လည်သင့်မြတ်ရေး သူရဲကောင်းဆုချီးမြင့်ပွဲ မှတ်တမ်းဓာတ်ပုံ.....






ယနေ့ ဝါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းဖေအိမ်၌ ပြုလုပ်သော ၀ါရင့်နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များမှ ပြန်လည်လွတ်မြောက်လာသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဒု)ဥက္ကဌဦးတင်ဦးအား ဂုဏ်ပြုပွဲတွင် ချင်းအမျိုးသားများမှ (၆၂)မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ် အဖြင့် ဘဘဦးတင်ဦးအား အမျိုးသားပြန်လည်သင့်မြတ်ရေးသူရဲကောင်းဆု ကို ချီးမြင့်လိုက်ပါသည်။ အခမ်းအနား ကို ၀ါရင့်နိုင်ငံရေးလုပ်ဖော် ကိုင်ဖက်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်ဝင်များ၊ တိုင်းရင်းသားခေါင်းဆောင်များနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ် အဖွဲ့ဝင် များတက်ရောက်ခဲ့ကြသည် ။ အဆိုပါအခမ်းအနားကို နံနက် ၁၀ နာရီတွင်စတင်ကျင်းပပြီး နေ့ လည် ၁၂ နာရီခန့်  တွင်ပြီးဆုံးခဲ့ပါသည်


News from Posted by မြတ်လေးငုံ at Saturday, February 20, 2010
Labels: သတင်းဓာတ်ပုံ