-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Sunday, January 24, 2010

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အလံကို ရေးဆွဲသူ ပန်းချီဆရာမျိုးမြင့် (သရုပ်ဖော် အောင်လတ်)


၁၉၈၉ ခုနှစ် NLD ရဲ့ ပထမဆုံး ပြည်ထောင်စုနေ့ အခမ်းအနား။ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လုံမြို့၊ ပင်လုံကျောက်တိုင်ရင်ပြင်။ အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖိနှိပ်ခံ တိုင်းရင်းသား လူမျိုးပေါင်းစုံက ၄၂ နှစ်မြောက် ပြည်ထောင်စုနေ့ အဓိဋ္ဌာန်ကို ရွတ်ဆိုခဲ့ကြတယ်။ ဒီအဓိဋ္ဌာန်ကို ရုပ်ရှင်မင်းသားကြီး အောင်လွင်က တိုင်ပေးပါတယ်။

ကျွန်ုပ်တို့သည် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ နိုင်ငံ့ခေါင်းဆောင်ကြီးများ ပြုစုပျိုးထောင်ခဲ့သော ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး ထွန်းကားရန် အခြေခံအုတ်မြစ်ဖြစ်သည့် ပင်လုံစိတ်ဓာတ် ရှင်သန်ဖွံ့ဖြိုးရေးအတွက် လည်းကောင်း၊ ဒီမိုကရေစီ အရေးအခင်းတွင် သွေးမြေကျခဲ့ရသော ကျောင်းသား လူငယ်၊ ရဟန်းရှင်လူများ၏ သစ္စာကို စောင့်သိသောအားဖြင့် လူ့အခွင့်အရေးများကို အာမခံသည့် စစ်မှန်သော ဒီမိုကရေစီ ရရှိသည်အထိ လည်းကောင်း၊ ဇွဲ သတ္တိတို့ဖြင့် ညီညီညွတ်ညွတ်

ကြိုးပမ်းသွားကြမည်ဟု အလေးအနက် အဓိဋ္ဌာန် ပြုပါ၏။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို တည်ထောင်တဲ့ အချိန်မှာ အဖွဲ့ချုပ်ရဲ့ အလံဟာ ကျောင်းသားတွေကို ဂုဏ်ပြုတဲ့ ခွပ်ဒေါင်းအလံ ဖြစ်လာပါတယ်။ မပြီးဆုံးသေးတဲ့ ခေတ်သစ် ဖက်ဆစ်တော်လှန်ရေး၊ စစ်အာဏာရှင်စနစ် ဖြုတ်ချရေးအတွက် အနီခံမှာ ခွပ်ဒေါင်းအ၀ါရောင်နဲ့အတူ

အဖြူရောင်ကြယ်ပွင့်ကြီးကို ထည့်သွင်းထားတဲ့ အလံတော်ပါပဲ။

ဒီအလံတော်ကို ရေးဆွဲပေးခဲ့သူက ပန်းချီမျိုးမြင့် ဖြစ်ပါတယ်။ ပန်းချီမျိုးမြင့်ဟာ တစ်ခါတုန်းက တိုက်ပွဲဝင် ကျောင်းသား အနုပညာရှင်တဦးပါ။

၁၉၇၄ ဦးသန့် ဈာပန အရေးအခင်း ဖြစ်တော့ ကျောင်းသားတွေက ရန်ကုန်တက္ကသိုလ် ဆဲဗင်းဂျူလိုင် ရင်ပြင်မှာ ကမ္ဘာ့ငြိမ်းချမ်းရေး ဗိသုကာကြီး ဦးသန့်အုတ်ဂူ တည်ဆောက်ကြပါတယ်။ အုတ်ဂူမှာ သာသနအလံ၊ ခွပ်ဒေါင်းအလံ၊ ကုလသမဂ္ဂအလံ သုံးလက် ယှဉ်တွဲ လွှင့်ထူထားပါတယ်။ အုတ်ဂူနောက်ခံမှာ ဦးသန့်ပုံတူ ပန်းချီကားချပ်ကြီးကို ဆင်ယင် ချိတ်ဆွဲထားပါတယ်။ ဦးသန့်ပုံတူကို ရေးဆွဲခဲ့သူကတော့ တိုက်ပွဲဝင် ကျောင်းသား အနုပညာရှင် ပန်းချီမျိုးမြင့်ပါပဲ။

နောင် ၁၄ နှစ် အကြာမှာ သူဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အလံ၊ တစ်နည်းအားဖြင့် ဒီမိုကရေစီ တော်လှန်ရေး အလံကို ရေးဆွဲတဲ့ ပန်းချီဆရာ ဖြစ်လာခဲ့ပါတယ်။

အခု ဒေါ်အောင်ဆန်းစုကြည်အိမ်က ရုံးခန်းမှာ ချိတ်ထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံတူ ပန်းချီကားကြီးဟာ ရုပ်ရှင် ဒါရိုက်တာ ပန်းချီစိုးမိုးရဲ့ လက်ရာ ဂန္ထ၀င်မြောက် ပန်းချီကား ဖြစ်ပါတယ်။

၁၉၈၈ ခုနှစ် ကျောင်းသားတွေ ဦးဆောင်တဲ့ ရှစ်လေးလုံး အရေးတော်ပုံမှာ ကျောင်းသား ပြည်သူတွေနဲ့ အတူ စာပေနဲ့ အနုပညာရှင်တွေလည်း တက်တက်ကြွကြွ ရဲရဲရင့်ရင့် ပါဝင်ခဲ့ကြပါတယ်။ စာပေလောကသားတွေ ဆိုရင် စာရေးဆရာ၊ ကဗျာဆရာ၊ သတင်းစာဆရာတွေနဲ့ အပြိုင် ကာတွန်းဆရာတွေကလည်း သူတို့ရဲ့ ကာတွန်း ပိုစတာတွေနဲ့ မဆလ စစ်အုပ်စုကို သရော်ခဲ့၊ တိုက်ခိုက်ခဲ့တယ်။

ဓာတ်ပုံဆရာတွေကလည်း လူထုရဲ့ အရေးတော်ပုံကို သူတို့ ကင်မရာတွေနဲ့ အမိအရ မှတ်တမ်းတင်နိုင်ခဲ့ကြတယ်။

ပန်းချီဆရာတွေကကော။ ပန်းချီဆရာတွေက အနုပညာမြောက် ပိုစတာတိုက်ပွဲ ဆင်ခဲ့ကြတယ်။ အနုပညာမြောက် နဖူးစည်းတွေ ဆိုင်းဘုတ်တွေ အလံတွေ ထုတ်လုပ်ခဲ့ကြတယ်။ အနုပညာမြောက် ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်အောင်ကျော်၊ ကိုဖုန်းမော်တို့ရဲ့ ပုံတူပန်းချီကားတွေ ရေးဆွဲပေးခဲ့ကြတယ်။

အဲဒီအထဲကမှ နောင်တော် ကဗျာဆရာ၊ ပန်းချီဆရာတယောက်ကိုတော့ ကျွန်တော့်ကိုယ်တွေ့အရမို့ အထူး သတိရ၊ အမြဲ အမှတ်ရနေပါတယ်။

ကျောင်းသားတွေရဲ့ တိုက်ပွဲအရှိန်ဟာ ဒီရေအလား တိုးတက် မြင့်မားလာပါတယ်။ သမ္မတကြီး ဦးနေ၀င်း ဆင်းပြေးသွားရပါပြီ။ နောက်ထပ် တက်လာတဲ့ သမ္မတ ဦးစိန်လွင်လည်း အရူးမီးဝိုင်း ဖြစ်ပြီး နုတ်ထွက်ပေးလိုက်ရပြန်ပြီ။ အခု ဒေါက်တာမောင်မောင် သမ္မတ ဖြစ်လာပြီး ကျောင်းသားသမဂ္ဂ အဆောက်အအုံသစ်ကြီးကို ပျော်ပျော်ပါးပါး အုတ်မြစ်ချကြတာပေါ့လို့ ပျားရည်နဲ့ ၀မ်းချလာတဲ့အချိန်။

ကျောင်းသားတွေ ဦးဆောင်တဲ့ လူထုတိုက်ပွဲဟာ အမြင့်ဆုံး အဆင့်ကို ရောက်လာပါပြီ။ အစိုးရ၀န်ထမ်းတွေလည်း အုံနဲ့ကျင်းနဲ့ လမ်းပေါ်ထွက် ဆန္ဒပြလာကြပါပြီ။ ကြည်း-ရေ-လေ တပ်မတော်သား စစ်သည်တော် အမြောက်အမြားလည်း ကျောင်းသားပြည်သူတွေနဲ့ ပူးပေါင်းလာကြပါပြီ။ ဗိုလ်ချုပ်ကြီး(ဟောင်း) သူရဦးတင်ဦးတို့၊ ဆရာမောင်သော်ကတို့က ဒီမိုကရေစီ တိုက်ပွဲထဲ ၀င်လာတဲ့ ပြည်သူ့ဘက်သား စစ်သည်တော်တွေကို လှိုက်လှဲ နွေးထွေးစွာ ကြိုဆိုခဲ့ကြပါတယ်။

ဒါပေမဲ့ မဆလ စစ်ဗိုလ်ချုပ်တွေဟာ မည်းမည်းမြင် ရန်သူလို့ ထင်နေပါတယ်။ သူတို့ရဲ့ အမိန့်ပေးခံ လက်အောက်ခံ စစ်တပ်တွေက ဆန္ဒပြသမားတွေကို ရက်ရက်စက်စက် ပစ်ခတ် နှိမ်နင်းနေတုန်းပါ။

အဲဒီမှာ ကျွန်တော်တို့ရဲ့ နောင်တော် ကဗျာဆရာ၊ ပန်းချီဆရာဟာ သူ့စိတ်ထဲ မခံမရပ်နိုင် ဖြစ်လာပုံ ရပါတယ်။ သူက သင်္ဘောဆေး အနီတစ်ပုံး၊ စုတ်တံကြီးကြီး တစ်ချောင်း ကိုင်ပြီး ပထမဆုံး အနော်ရထာလမ်းနဲ့ဆူးလေလမ်းဆုံ ကတ္တရာလမ်းပေါ်မှာ တပ်မတော်အတွက် ပြည်သူ့အမိန့် ဆိုတဲ့ စာလုံးတွေ ရေးလိုက်ပြီး အောက်ကနေ ဂျီသရီး ဂျီဖိုးလို သေနတ်တစ်လက်ရဲ့ ပြောင်းတံရှည်ကို တစ်ဝက်လောက်ကနေ နောက်ဖက် လှန်ချိုးထားတဲ့ ပုံအကြီးကြီး ရေးဆွဲလိုက်ပါတယ်။

သူရဲ့ ဒီ တပ်မတော်အတွက် ပြည်သူ့အမိန့် ဆိုတဲ့ သေနတ်ပြောင်း နောက်လှန်ချိုးပုံဟာ ဒီမိုကရေစီ အင်အားစုတွေက ကူးယူ ရေးဆွဲလို့ နေရာတကာ ပျံ့နှံ့သွားပါတော့တယ်။ ဒါ့ထက် မှတ်မှတ်ရရ ဖြစ်ရတာကတော့ ဆန္ဒပြ ချီတက်ပွဲ တစ်ခုမှာ သူက သူ့ရဲ့ ဒီ သေနတ်ပြောင်း နောက်လှန်ချိုး ပိုစတာ စာရွက်တွေ တစ်ထပ်ကြီး ကျွန်တော့လက်ထဲ ထည့်ပြီး တပ်ဦးက ချီတက်နေတဲ့ ရှေ့ဆုံးက ကျောင်းသားတွေလက်ထဲ ထည့်ပေးဖို့ တောင်းဆိုခဲ့တာပါပဲ။

အဲဒီနေ့က ဆန္ဒပြ စစ်ကြောင်းကြီးရဲ့ အလယ်လောက် ကျွန်တော်တို့ မြန်မာနိုင်ငံကဗျာဆရာများ ဆိုင်းဘုတ် အောက်က လိုက်ပါ ချီတက်နေတဲ့ ကျွန်တော်ဟာ နောင်တော်ကဗျာဆရာ ပန်းချီဆရာ ပေးလိုက်တဲ့ ပိုစတာ စာရွက်တွေ ပိုက်ပြီး ကိုက် သုံးလေးရာလောက် လှမ်းနေတဲ့ ရှေ့ဆုံးက တပ်ဦး ကျောင်းသားတွေ လက်ထဲအရောက် ပြေးပြီး ပို့ခဲ့ရတဲ့ အတွေ့အကြုံဟာ အခုနေ ပြန်တွေးရင် ကြည်နူးစရာ၊ ရင်ခုန်စရာ လုပ်ရပ်ကြီးပါ။

အလွမ်းတွေကို အင်အားအဖြစ် ပြောင်းလဲပစ်ရမယ်။

ဒီမိုကရေစီတိုက်ပွဲဝင် ပန်းချီဆရာတွေကို ကျွန်တော် ဂုဏ်ပြုပါတယ်။ အနုပညာရှင်တွေဟာ ကျောင်းသား ပြည်သူတွေနဲ့အတူ လူထုအရေးတော်ပုံကို ဆက်လက် ယုံကြည် ရင်ခုန်နေကြဦးမယ်လို့လည်း ကျွန်တော် မျှော်လင့်ပါတယ်။

ကျွန်တော်တို့ခေတ်မှာ ကျွန်တော်တို့လုပ်နိုင်တာဟာ ကျွန်တော်တို့အနုပညာပဲ ရှိတာ မဟုတ်လား။ ။



[ မူရင်း - လွတ်လပ်တဲ့ အာရှအသံ / Radio Free Asia - www.rfa.org/burmese ]

မြန်မာပြည်နှင့် ကြားခံနိုင်ငံသဘာဝ

အောင်ကျော်ခင် (ဝေဖန်သုံးသပ်ချက်)



၂၂ ဇန်န၀ါရီ ၂၀၁၀


ကမ္ဘာ့မြေပုံပေါ်မှာ (၁၉) ရာစုအစောပိုင်းက တည်ရှိခဲ့တဲ့ နိုင်ငံတွေထဲမှာ (၅၀) ရာခိုင်နှုန်းဟာ ယနေ့အထိ ဆက်လက် ရှင်သန်နေတာ တွေ့ရတယ်လို့ သုတေသီတွေကဆိုတယ်။ ကျန် (၅၀) ရာခိုင်နှုန်းမှာ ကွယ်ပျောက်သွားတာရှိသလို အသွင်ပြောင်းသွားတာလည်းရှိတယ်။ နိုင်ငံတော် ပျောက်ကွယ်သွားပေမယ့် တိုင်းသူပြည်သားကတော့ အနည်းနဲ့အများ ကျန်ရှိနေတယ်။ အုပ်ချုပ်ပုံစနစ် ပြောင်းလဲသွားတဲ့သဘောပဲ။ နိုင်ငံဟာ မိမိကံကြမ္မာကို မိမိဘာသာမဖန်တီးနိုင်တော့ဘဲ သူတပါးလက်အောက်ခံသဘောမျိုး ဖြစ်သွားရင် အဲဒီနိုင်ငံကို ပျောက်ကွယ်သွားပြီ (သို့မဟုတ်) သေဆုံးသွားပြီလို့ ယူဆတဲ့သဘောဖြစ်တယ်။

မြန်မာ့သမိုင်းမှာ (၂) ကြိမ်တိုင်တိုင် မြန်မာနိုင်ငံ ကွယ်ပျောက်သွားဖူးတယ်။ (၁၃) ရာစုမှာ တရုတ်နဲ့ ဆက်ဆံရေးအဆင်မပြေ ဖြစ်လာပြီး တရုတ်တပ်တွေ မြန်မာပြည်ထဲ ၀င်ရောက်တိုက်ခိုက်လို့ ပုဂံပြည့်ရှင် ‘နရသီဟပတေ့မင်း’ ထွက်ပြေးရပြီး ပုဂံနေပြည်တော် မွန်ဂိုတရုတ်တို့လက်အောက် ကျရောက်သွားတာကို လူသိများတယ်။ (၁၃) ရာစုနှောင်းပိုင်းမှာ ပုဂံနေပြည်တော်ကို တရုတ်ပိုင် ‘မြန်ချွန်’ ပြည်နယ်လို့ သတ်မှတ်တယ်။ ဒါပေမယ့် တရုတ်ဟာ မြန်ချွန်ပြည်နယ်ကို တိုက်ရိုက်မအုပ်ချုပ်ဘဲ သူတို့ကို သစ္စာခံတဲ့ မြန်မာမင်းတွေကတဆင့်သာ အုပ်ချုပ်ခဲ့တယ်။

(၁၈) ရာစုအလယ်ပိုင်းမှာ ကုန်းဘောင်မင်းဆက်က မြန်မာနိုင်ငံတော်ကို တည်ထောင်ပြန်တော့လည်း အနှစ်တရာကျော်သာခံပြီး (၁၉) ရာစုနှောင်းပိုင်းမှာ အင်္ဂလိပ်ကိုလိုနီဘ၀ရောက်သွားလို့ ပျက်စီးပျောက်ကွယ်သွားတယ်။ အင်အားကြီး ဥရောပနိုင်ငံတွေ ဖြစ်တဲ့ အင်္ဂလိပ်နဲ့ပြင်သစ်တို့ အာရှတောင်ပိုင်းမှာ အားပြိုင်ကြရာမှာ ကြားခံဒေသဖြစ်တဲ့ မြန်မာနိုင်ငံဟာ နိုင်ငံခြားဆက်ဆံရေး မကျွမ်းကျင်တဲ့အတွက် အင်္ဂလိပ်သိမ်းပိုက်တာကို ခံလိုက်ရတယ်လို့ သုံးသပ်ကြတယ်။ အင်အားကြီးနိုင်ငံတွေရဲ့ အကြားက နိုင်ငံလေးတွေဟာ မလိမ္မာရင် ရေရှည်မှာပျောက်ကွယ်ဖို့ အလားအလာများတာကို ဆိုလိုတာပါပဲ။

ကြားခံနိုင်ငံ (Buffer State) ဆိုတာဟာ ပြိုင်ဆိုင်နေတဲ့ အင်အားကြီးနိုင်ငံ (၂) ခုအကြားမှာ တည်ရှိနေတဲ့ အင်အားနည်းတဲ့ နိုင်ငံပဲဖြစ်တယ်။ တရုတ်နဲ့ရုရှကြားက မွန်ဂိုလီးယား၊ အိန္ဒိယနိုင်ငံနဲ့ တရုတ်အကြားက နီပေါ၊ ဘူတန်၊ စစ်ကမ်၊ မြန်မာ စတာတွေလည်း ကြားခံနိုင်ငံတွေဖြစ်တယ်။ ကိုလိုနီခေတ်က အင်္ဂလိပ်ပိုင် မြန်မာ၊ မလေးရှားနဲ့ ပြင်သစ်ပိုင် အင်ဒိုချိုင်းနားအကြားမှာ ထိုင်းနိုင်ငံဟာ ကြားခံအဖြစ် စခန်းသွားခဲ့ရတယ်။

အိန္ဒိယကို ဗြိတိသျှအစိုးရ အုပ်ချုပ်မင်းလုပ်ခဲ့စဉ်က တိဗက်ကို အိန္ဒိယနဲ့တရုတ်အကြားက လွတ်လပ်တဲ့ ကြားခံနယ်မြေအဖြစ် အင်္ဂလိပ်က သတ်မှတ်ထားတယ်။ အကြောင်းကတော့ တိဗက်ကို သိမ်းပိုက်ပြီး ကိုလိုနီလုပ်ဖို့ကိစ္စဟာ စီးပွားရေးအရ တွက်ခြေမကိုက်လို့ဘဲ။ တိဗက်မှာ တရုတ်သြဇာရှိထားကြောင်း အင်္ဂလိပ်က အသိအမှတ်ပြုထားပေမယ့် အိန္ဒိယမှာရှိတဲ့ အင်္ဂလိပ်ကို မနိုင်နိုင်တဲ့အတွက် တရုတ်ဟာ တိဗက်ကို မသိမ်းပိုက် နိုင်ဘူး။ ၁၉၄၇ မှာ အိန္ဒိယက အင်္ဂလိပ်ထွက်ခွာပြီး အင်အားကောင်းတဲ့ တရုတ်ကွန်မြူနစ် ၁၉၄၉ မှာ အာဏာရလာတာဟာ တိဗက်ရဲ့ လွတ်လပ်တဲ့ ကြားခံနိုင်ငံဘ၀ကို နိဂုံးချုပ်အောင် ဖန်တီးလိုက်တဲ့ အချက်နှစ်ချက်ပဲ။

နိုင်ငံတော်တွေ ပျောက်ကွယ်သွားရတဲ့ အကြောင်းရင်းကို နယူးယောက်မြို့ ကိုလံဘီရာတက္ကသိုလ် အမျိုးသမီးပါမောက္ခ တာနီရှာဖေဇယ် (Tanisha Fazal) က ၂၀၀၇ မှာ စာအုပ်ထုတ်ဝေခဲ့တယ်။ ပထ၀ီအနေအထားနဲ့ နိုင်ငံခြားဆက်ဆံရေး အခြေအနေက နိုင်ငံတွေရဲ့ ကံကြမ္မာကို ဖန်တီးပုံ (၂၇၁) မျက်နှာ ရေးထားတဲ့စာအုပ်ဖြစ်တယ်။ ပြိုင်ဆိုင်နေတဲ့ အင်အားကြီး နိုင်ငံတွေအကြားမှာ တည်ရှိနေတဲ့ ကြားခံနိုင်ငံ (Buffer State) ဟာ ပျက်စီးပျောက်ကွယ်ဖို့ အလားအလာ အများဆုံး ဖြစ်နေတာကို သမိုင်းအထောက်အထားတွေ ဝေေ၀ဆာဆာနဲ့ တင်ပြထားတဲ့ စာအုပ်ဖြစ်တယ်။

လူဦးရေ သန်း (၅၀) ရှိတဲ့ မြန်မာနိုင်ငံဟာ လူဦးရေ သန်း (၁) ထောင်ကျော်စီရှိတဲ့ အိန္ဒိယနဲ့ တရုတ်အကြားက ကြားခံနိုင်ငံ (Buffer State) ဖြစ်နေတယ်။ အခုအထိတော့ အိန္ဒိယနဲ့တရုတ်ဟာ တိုင်းပြည်တိုးတက်ရေးကိုသာ အာရုံစိုက်နေလို့ ပြိုင်ဆိုင်ရေးကို ဦးစားမပေးနိုင်သေးဘူး။ လောလောဆယ်အနေချောင်ပေမယ့် တရုတ်/အိန္ဒိယပြိုင်ဆိုင်မှု ပြင်းထန်လာရင် မြန်မာနိုင်ငံအတွက် အန္တရာယ်ရှိလာနိုင်ပါတယ်။ ဒီလိုဖြစ်လာရင် ကြားခံနိုင်ငံလေးဟာ ရေရှည်လွတ်လပ်ဖို့ အခက်အခဲရှိတယ်။

ဒါကြောင့် ဘက်မလိုက်တဲ့ နိုင်ငံခြားရေးလမ်းစဉ်ကို ကျင့်သုံးပြီး ကြားခံနိုင်ငံတွေ ရပ်တည်လေ့ရှိတယ်။ ဒါပေမယ့် တရုတ်ဘက် ကိုချည်းလိုက်နေပြီး ကြားနေရေးလမ်းစဉ် ကျင့်သုံးတယ်လို့ပြောရင် ဘယ်သူမှ ယုံမှာမဟုတ်ဘူး။ အိန္ဒိယ-မြန်မာ ပူးပေါင်း ဆောင်ရွက်မှုကြောင့် တရုတ်အကျိုးစီးပွားကို ထိခိုက်လာမယ်ဆိုရင် ဘေဂျင်းက လက်ခံမှာမဟုတ်ပါဘူး။ လောလောဆယ် မှာတော့ တရုတ်နဲ့အိန္ဒိယဟာ အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်ဖို့ကိုသာ ဦးစားပေးနေတဲ့အတွက် မြန်မာစစ်အစိုးရဟာလည်း တရုတ်ရဲ့အကျိုးစီးပွားကို မထိခိုက်အောင် အိန္ဒိယနဲ့ ပူးပေါင်းဆောင်ရွက်ရမယ့် သဘောရှိတယ်။

ကြားခံနိုင်ငံတွေထဲမှာ လုံးဝပျောက်ကွယ်သွားတာမျိုးရှိသလို ပြန်လည်ရှင်သန်လာတာမျိုးလည်း ရှိပါတယ်။ ကြားခံနိုင်ငံ (၂၁) နိုင်ငံကို ကိုလံဘီယာတက္ကသိုလ်ပါမောက္ခ တာနီရှာဖေဇယ် လေ့လာတဲ့အခါမှာ (၅) နိုင်ငံဟာ လုံးဝပျောက်ကွယ်သွားပြီး (၁၆) နိုင်ငံကတော့ ပြန်လည်ရှင်သန်လာတာ တွေ့ရတယ်တဲ့။ အဲဒီအထဲမှာ မြန်မာ၊ ကိုရီးယား၊ ပိုလန်၊ ကူဝိတ်နဲ့ ယူဂိုစလားဗားယား နိုင်ငံတွေလည်း ပါဝင်ပါတယ်။ ဒါပေမယ့် ယူဂိုစလားဗီးယား ဖက်ဒရေးရှင်းဟာ ၁၉၉၂ ခုနှစ်မှာ ကွယ်ပျောက်သွားပေမယ့် ပါဝင်သူတွေဟာ သီးခြားနိုင်ငံအဖြစ် ဆက်လက်ရပ်တည်ကြတယ်။ ဖက်ဒရေးရှင်းကသာ ပြန်လည်ရှင်သန်စရာ အလားအလာ မရှိတော့တာပါ။

ဒုတိယကမ္ဘာစစ်ပြီးဆုံးလို့ နောက်စစ်မဖြစ်ရအောင် ကမ္ဘာ့ကုလသမဂ္ဂတည်ထောင်တဲ့အခါမှာ ကျူးကျော်တိုက်ခိုက်မှုကို လက်မခံနိုင်ကြောင်း ပဋိညာဉ်စာချုပ်မှာ ရေးထားတဲ့အတွက် အပြည်ပြည်ဆိုင်ရာ ဥပဒေသဘောမျိုးဖြစ်လာတယ်။ ဒါကြောင့် ကျူးကျော်တိုက်ခိုက်တာမျိုးမလုပ်ဘဲ ကိုယ်လိုချင်တာကိုရအောင် ဘယ်လိုလုပ်မလဲဆိုတာကို စဉ်းစားလာကြပါတယ်။ တိုင်းပြည်ကို မသိမ်းပိုက်ဘဲ ကိုယ်လိုချင်တဲ့အစိုးရ တက်လာအောင် အပြင်ကဆောင်ရွက်တဲ့နည်းဖြစ်တယ်။ ၁၈၁၆ က ၁၉၄၅ အထိ အစိုးရနဲ့ခေါင်းဆောင်ပိုင်း ပြောင်းလဲအောင် အပြင်က လုပ်ပေးနိုင်တဲ့ အကြိမ်ပေါင်း (၂၁) ကြိမ်ရှိပြီး ၁၉၄၅ နဲ့ ၁၉၉၈ အကြားမှာ (၁၄) ကြိမ်ရှိတယ်လို့ တာနီရှာဖေဇယ်က စာရင်းလုပ်ထားတယ်။

ကြားခံနိုင်ငံဟာ ၀င်ရောက်သိမ်းပိုက်ခံရမယ့် အန္တရာယ်ကိုရော၊ စွက်ဖက်ခံရမယ့်အန္တရာယ်ကိုရော အမြဲတမ်းရင်ဆိုင်နေရတယ်။ ဒါပေမယ့် ၁၉၄၅ နောက်ပိုင်းမှာတော့ ၀င်ရောက်စွက်ဖက်တာ ပိုများလာတယ်။ မြန်မာပြည်လို လောင်စာစွမ်းအင် တင်ပို့ရောင်းချတဲ့ ကြားခံနိုင်ငံမျိုးဟာ အိမ်နီးချင်းတွေနဲ့ မဟာမိတ်ဖြစ်သွားပေမယ့် ပြည်တွင်းရေးစွက်ဖက်မှု ပိုပြီးနက်ရှိုင်း လာတာကို ကြုံတွေ့ရနိုင်တယ်။ ကြားခံနိုင်ငံ (Buffer State) ရှင်သန်ရေးမှာ ဘက်မလိုက်တဲ့ ကြားနေရေးလမ်းစဉ် ကျင့်သုံးဖို့ လိုအပ်သလို အပြည်ပြည်ဆိုင်ရာက အသိအမှတ်ပြုဖို့လည်း လိုအပ်တယ်။ အပြည်ပြည်ဆိုင်ရာရဲ့ အသိအမှတ်ပြုမှု အတိုင်းအတာကို လိုက်ပြီးတော့လည်း ကြားခံနိုင်ငံဟာ ရှင်သန်နိုင်ပါတယ်။

ကြားခံနိုင်ငံဟာ အစိုးရအရည်အချင်းရှိဖို့ အလွန်အရေးကြီးတယ်။ အရည်အချင်းမရှိတဲ့ အစိုးရလက်ထက်မှာ ရပ်တည်နိုင်စွမ်း လျော့နည်းလာတယ်။ မြန်မာပြည်လွတ်လပ်ရေးဟာ အနှစ် (၆၀) ကျော်သွားပေမယ့် နိုင်ငံရေး၊ စီးပွားရေး တိုးတက်မှု မရှိတဲ့အတွက် အားနည်းတဲ့နိုင်ငံဘ၀က မတက်နိုင်သေးဘူး။ မြန်မာ့သမိုင်းမှာ မင်းဆက်တွေ၊ နိုင်ငံတော်တွေ၊ ခေတ်တွေ ကွယ်ပျောက်သွားတာကိုကြည့်ရင် မြန်မာနိုင်ငံတော်ဆိုတာ အမြဲတမ်း တည်ရှိနိုင်တဲ့အရာမဟုတ်ကြောင်း သိနိုင်ပါတယ်။

ဦးဝင်းတင် ရန်ကုန်ပြန်ရောက်

ကျော်ခ | သောကြာနေ့၊ ဇန်နဝါရီလ ၂၂ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၁၅ မိနစ် .
ချင်းမိုင် (မဇ္ဈိမ) ။ ။ ဆယ်စုနှစ် ၂ ခုနီးပါး အကျဉ်းကျခဲ့ရာမှ ပြန်လွတ်လာပြီးနောက် နယ်သို့ ပထမဆုံး အကြိမ် ခရီးထွက်သွားသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အလုပ်အမှုဆောင် ဦးဝင်းတင်သည် ယနေ့တွင် ရန်ကုန်သို့ ပြန်လည်ရောက်ပြီ ဖြစ်သည်။

၃ ရက်ကြာ မန္တလေး-မေမြို့ ခရီးစဉ်တွင် မန္တလေးတိုင်း မြို့နယ် ၃၀ မှ ပါတီဝင်များကို ပါတီ ဗဟိုအလုပ်အမှုဆောင် တိုးချဲ့ပြင်ဆင်ခြင်းနှင့် ရွှေဂုံတိုင်စာတမ်း ရပ်တည်ချက်တို့ကို အလေးထား ရှင်းပြခဲ့ကြောင်း သိရသည်။

“စီအီးစီ ခေါင်းဆောင်မှု တိုးချဲ့တဲ့အခါမှာ အားလုံးရဲ့ သဘောတူညီနဲ့ဆိုတာကို ရှင်းပြခဲ့တယ်။ နိုင်ငံရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး ရွှေဂုံတိုင်ကြေညာစာတမ်းအပေါ်မှာပဲ ရပ်တည်တယ်။ အဲဒီအတိုင်းပဲ ရပ်တည်ဖို့ရာ ကျနော် တိုက်တွန်းခဲ့တယ်” ဟု အသက် ၈၀ နှစ်အရွယ် ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။

ထောင်ကထွက်ပြီး တနှစ်နှင့် ၄ လခန့်အတွင်း ခရီးဝေးအဖြစ် မန္တလေးမြို့သို့ ယခုလ ၁၉ ရက်နေ့တွင် လူထုဦးလှ နှစ်တရာပြည့် အခမ်းအနားသို့ သွားရောက်မှုဖြင့် စတင်ခဲ့ခြင်းဖြစ်သည်။

ဦးဝင်းတင် (တွဲဘက်သဘာပတိ) နှင့်အတူ ဦးအုန်းကြိုင် (အန်အယ်ဒီဗဟိုအလုပ်အမှုဆောင်)၊ ကဗျာဆရာ ဖျာပုံနီလုံဦး (ခ) ဦးအောင်မြင့် (ဗဟန်းမြို့နယ်ဥက္ကဋ္ဌ) နှင့် စာရေးဆရာ မုံရွာအောင်ရှင် (စစ်ကိုင်းတိုင်း တိုင်းစည်းရုံးရေးကော်မတီ ဒုတိယဥက္ကဋ္ဌ) တို့လည်း လိုက်ပါသွားကြသည်။

ခရီးစဉ်သည် အဓိကအားဖြင့် လူထုဦးလှ (ကွယ်လွန်) နှစ် ၁ဝဝ ပြည့် အခန်းအနားသို့ တက်ရောက်ရန် သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းစာဆရာဟောင်းဖြစ်သူ ဦးဝင်းတင်က ပြောသည်။

ထိုမှတဆင့် ၂ဝ-၂၁ ရက်နေ့တို့တွင် မန္တလေးနှင့် မေမြို့၌ ပါတီဝင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ မန္တလေးရှိ နိုင်ငံရေးအကျဉ်းသား မိသားစုများကိုလည်း တွေ့ဆုံအားပေးခဲ့ကြောင်း သိရသည်။

“ထူးထူးခြားခြား သဘောထားကွဲလွဲတဲ့ ဆွေးနွေးချက်တွေ တခုမှ မတွေ့ခဲ့ရဘူး။ သူတို့အဓိကထားပြီး တိုက်တွန်းချက်ကတော့ ညီညီညွတ်ညွတ် လုပ်ကြဖို့နဲ့ အများဆန္ဒနဲ့ လုပ်နိုင်အောင်နဲ့ ဒီလောက်ပါပဲ” ဟု ဦးဝင်းတင်က ဆက်ပြောသည်။

ဆွေးနွေးပွဲဖြစ်စဉ်များနှင့် ပတ်သက်၍ ရုံးချုပ်ရှိ စီအီးစီ အစည်းအဝေးတွင် ပြန်လည်တင်ပြသွားမည်ဟုလည်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စတင်တည်ထောင်ရာတွင် ပါဝင်ခဲ့သူလည်းဖြစ်သည့် ဦးဝင်းတင်သည် ၁၉၈၈ ခု ဒီမိုကရေစီရေးလှုပ်ရှားမှု၌ ပါဝင်ခဲ့သဖြင့် ၁၉၈၉ ခုနှစ် ဇူလိုင်လတွင် ထောင်ဒဏ် အနှစ် ၂ဝ ချမှတ်ခံရပြီး ၁၉ နှစ်ကျော် အကျဉ်းကျခံခဲ့ရသည်။ ၂ဝဝ၈ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့တွင် အင်းစိန်ထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့သည်။

၁၃ နှစ်အရွယ်မှစ၍ သတင်းစာလောကသို့ ဝင်ရောက်ခဲ့သော ဦးဝင်းတင်သည် ထောင်တွင်း၌ တွေ့ဆုံ ဆွေးနွေး အဖြေရှာရေး စာတမ်းများ၊ နေအိမ်အကျယ်ချုပ်ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် တောင်းဆိုမှုများ၊ ထောင်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ စာတမ်းများကို ရေးသားခဲ့သည်။

သူသည် UNESCO ၏ Guillermo Cano ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ရေးဆု (Guillermo Cano World Press Freedom Prize)၊ ကမ္ဘာ့သတင်းစာများအသင်း၏ လွတ်လပ်ရေးအတွက် ရွှေကလောင်ဆု (Newspapers' Golden Pen of Freedom)၊ နယ်စည်းမခြား သတင်းထောက်များဆု (Winner of Reporters Without Border) စသည့်များ ချီးမြှင့်ခံခဲ့သည်။

(ကိုဝိုင်း တည်းဖြတ်သည်။)

အဖိုးကြီး စစ်တမ်း(ဆရာကြီးဦးတင်မိုးကွယ်လွန်ခြင်း(၃)နှစ်ပြည့်အမှတ်တရ)








မိုးချိုသင်း
ဇန်န၀ါရီ ၂၂၊ ၂၀၁၀
ကြာသာပတေးနေ့၊ ဇန်နဝါရီလ ၂၁၊ ၂၀၁၀ - အလုပ်များနေတာရော၊ ဒီလို လ မျိုးမှာ အလုပ်များနေ အလုပ်ရှုပ်နေအောင် ကြိုးစားပြီး နေနေမိတာရောကြောင့် ဘလော့လေးကို လှည့်မကြည့်ဖြစ်တာ ကြာပါပြီ။ ဒီလိုလတွေဆို ရာသီဥတုက အေးအေး၊ လူ့ခံစားချက်က ခပ်ဆွေးဆွေးမို့ အသံတိတ်လို့သာ ကြိတ်မှိတ်နေချင်မိတာပါလေ..။

ဒါပေမဲ့ ဒီနေ့တော့ အဖေ့ ကဗျာလေး တပုဒ် တင်ချင်မိတယ်။ ကဗျာ နံမည်က အဖိုးကြီး စစ်တမ်း တဲ့။ ဖတ်ကြည့်ပါအုံး..။
အဖိုးကြီး စစ်တမ်း

တင်မိုး


အသက်ကလေးထောက်ခါမှ
အရက်ခွက်ကလေး တမြှောက်မြှောက်

ချက် အောက် စကားတွေ တပြောပြောနဲ့

တသောသောနေ
အမောဖြေတတ်တဲ့ အဖိုးကြီး။


သေရိပ်နီးခါမှ

စိပ်ပုတီး နာနာကိုင်

မဟာမြိုင် တောရမှီးပေမဲ့

ဒေါသကလဲ ကြီးတတ်သေးရဲ့

လောဘမီးကလဲ အရှိန်ဟပ်

အိမ်မကပ်နိုင်တဲ့ အဖိုးကြီး။


ရွာလယ်မှာ စွာကျယ် စွာကျယ်နဲ့

ငါဟယ် မင်းဟယ်

ငြင်းမယ် လို့ မကြံနဲ့

မင်းတို့က မမှန်

ငါသာလျှင် အမှန် လို့၊ ငါ မာန်တွေ တက်

ငါ အရိုးမျက်နေတဲ့၊ လက်တို အခက်ပို အမျက်သို နေတဲ့ အဖိုးကြီး။


ဒီလို အဖိုးကြီးမျိုးတော့ ဆောရီး..ဆောရီး

မဖြစ်ချင်ပေါင်။

ကြွေခါနီးတဲ့ သစ်သီးလို

အသက်ကြီးတော့လဲ အဖိုးကြီး ဖြစ်မှာပေါ့လေ..


ဒါပေမဲ့ ရိုးရိုးကုပ်ကုပ်

ပုဆိုးစုတ်ကလေးနဲ့ပဲဖြစ်ဖြစ်
ကိုယ့်အလုပ် ကိုယ်ဆင်း၊ ကိုယ့်ယာခင်း ကိုယ်စိုက်

လျှာအလိုမလိုက်၊ ဘာကိုမှ မကြိုက်

ပျော်ပိုက်ရာ တော်ထိုက်ရာနေ

စာပေလဲ မပြတ်၊ ကဗျာတွေလဲ ဖတ်

ရပ်သူ ရွာသားတွေနဲ့

ထပ်တူမခြား နေတတ်တဲ့

ဇရပ်ငုံးတို တာတမံ ခရိုး အနီးက

မပြတ်ပြုံးချိုနေတဲ့ သာမန် အဖိုးကြီးပဲ ဖြစ်ချင်တယ်။


တင်မိုး
၁၄၊၉၊၂၀၀၃



ဒီနေ့တနေ့လုံး ဟင်းတွေ ချက်ပြီး မနက်ဖန်မှာ ဆွမ်းကပ်ဖို့ ချက်ပြုတ် ပြင်ဆင်နေပါတယ်။ အရင်က ကိုယ်ဟင်းချက်ရင် နံဘေးက စားပွဲလေးမှာ စာရေးရင်း စကားပြော အဖော်လုပ်ပေးတတ်တဲ့၊ သမီးဘာချက်ချက် ကောင်းတာပဲ ပြောတတ်တဲ့၊ မပြတ်ပြုံးချိုနေတဲ့ သာမန် အဖိုးကြီးကို လွမ်းဆွတ်မိပါရဲ့..။

အလွမ်းခရီး ၃နှစ် ပြည့်ခဲ့ပြီလေ..။

ပြုသမျှ ကုသိုလ်အစုစု ကို ရောက်ရာဘ၀က သာဓု ခေါ်ပါ အဖေ..။

(မိုးချိုသင်း ဘလောက်ဂ်က ယူပါတယ်။ ခွင့်တောင်းစရာ မလိုပါ … တဲ့)