-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Thursday, June 25, 2009

21-6-2009 အိုဆာကာ







21-6-2009နေ့အိုဆာကာမြို့တွင်ကျင်းပသောဒုက္ခသည်ဆိုင်ရာနေ့အခမ်းအနားသို့နဂိုယာစည်းရုံးရေးဒေသအဖွဲ့ဝင်များတက်ရောက်ခဲ့
ကြပြီးလက်ရှိဂျပန်နိုင်ငံတွင်ကြုံတွေနေရသောဒုက္ခသည်ဆိုင်ရာအတွေ့အကြုံများနှင့်လက်ရှိမြန်မာနိုင်ငံအတွင်းဒေါ်အောင်ဆန်းစုကြည်၏
လက်ရှိရင်ဆိုင်နေရသောအခြေအနေနှင့်ဒေါ်အောင်ဆန်းစုကြည်၏လွတ်မြောက်ရေးအတွက်ပြည်တွင်းပြည်ပလှုပ်ရှားမှုများတင်ပြခဲ့ပါ
သည်။

Wednesday, June 24, 2009

တရားခွင်စစ်ဆေးမှု တရားမမျှတကြောင်း ဒေါ်စုပြောကြား

တားမြစ်ချက်ကို ချိုးဖောက်တယ်လို့ စွပ်စွဲပြီး တရားစွဲဆို ခံနေရတဲ့ ဒေါ်အောင်ဆန်း
စုကြည်က သူ့ကိုကြားနာနေတဲ့ တရားခွင်မှာ တရားဥပဒေစိုးမိုးမှုမရှိတဲ့ အခြေအနေ
တွေကို သူ့ရဲ့ ဥပဒေအကျိုးဆောင်တွေနဲ့ တိုင်ပင်ဆွေးနွေးခဲ့တယ်လို့ ရှေ့နေတွေက
ပြောပါတယ်။ သူ့ကိုဖမ်းဆီးထားရာ ရန်ကုန်မြို့က အင်းစိန်ထောင်မှာ ရှေ့နေတွေနဲ့
တွေ့ဆုံပြီး အခုလို ပြောဆိုလိုက်တာပါ။ အကြောင်းစုံကို စုံစမ်းထားတဲ့ ကိုအောင်လွင်ဦး
က တင်ပြပေးထားပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံနေရပြီး တရားစွဲဆိုခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်က သူ့ကို
ကြားနာစစ်ဆေးနေတဲ့ တရားခွင်ရဲ့ မမျှတမှုတွေနဲ့ ပတ်သက်လို့ ဥပဒေအကျိုးဆောင်
တွေနဲ့ တိုင်ပင်နှီးနှောတာတွေ လုပ်ခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် သူနဲ့
အတူ စွပ်စွဲခံထားရတဲ့ အဖော်အဖြစ်နေထိုင်သူ ၂ ဦးနဲ့ သူတို့ရဲ့ရှေ့နေ ၄ ဦးတို့နဲ့ ၂ နာရီ
လောက်ကြာ တွေ့ဆုံဆွေးနွေးမှုတွေအတွင်း အဲဒီလိုပြောလိုက်တာလည်း ဖြစ်ပါတယ်။
ဒီအထဲက ဥပဒေအကျိုးဆောင်တဦးဖြစ်တဲ့ ဦးဉာဏ်ဝင်း ပြောပြတာကတော့ …

“၃ နာရီခွဲကနေ ၅ နာရီခွဲအထိ ကျနော်တို့ တွေ့ဖြစ်ပါတယ်။ ရှေ့နေ ၄ ယောက်လုံး
ပါပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရော၊ ဒေါ်ခင်ခင်ဝင်းရော၊ ၀င်းမမရော၊ သူတို့လည်း
လာပါတယ်။ အကြောင်းအရာအနေနဲ့ကတော့ မူလအမှုအပေါ်မှာ အမြင်တွေ၊ အကြောင်း
အရာအမြင်၊ ဥပဒေအမြင် ဆွေးနွေးကြတယ်။ နောက် ဗဟိုတရားရုံးမှာ ရှိနေတဲ့အမှု
အခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း ဆွေးနွေးကြတယ်။ အမှုအကြောင်းအရာ
အဓိက ဆွေးနွေးပါတယ်။

“တရားဥပဒေစိုးမိုးမှု၊ ဒီအမှုမှာ ဘယ်နေရာတွေမှာ တာဝန်ရှိတယ်၊ ဘယ်သူတွေ
တာဝန်ရှိတယ်၊ Transparency မရှိတာတွေ၊ ဒီဟာတွေအားလုံးကို သူဆွေးနွေးတယ်။
အခွင့်အရေးနဲ့ တာဝန်ပေါ့၊ အခွင့်အရေးရှိရင် တာဝန်လည်း ရှိရမယ်။ ဒီဟာတွေနဲ့
ပတ်သက်ပြီး မညီညွတ်တာတွေ၊ Rule of Law နဲ့ မညီညွတ်တာတွေ၊ အဲဒါတွေကို
ဆွေးနွေးကြတာပေါ့။”

အခုအချိန်အထိကတော့ တရားခွင်က ဒေါ်အောင်ဆန်းစုကြည်ဘက်က ခုခံချေပပေး
မယ့် သက်သေ ၄ ယောက် တင်ပြထွက်ဆိုခွင့် တောင်းထားပေမယ့် ၂ ယောက်သာ
ရထားတာဖြစ်ပါတယ်။ ဒါပေမယ့်လို့ တရားလိုအဖြစ် တရားစွဲဆိုထားတဲ့ အာဏာပိုင်
တွေဘက်ကတော့ သက်သေ ၁၄ ယောက်အထိ ရုံးတော်မှာ ထွက်ဆိုခွင့်ရခဲ့တာမို့လို့
လည်း ဒါဟာ တရားမျှတမှု မရှိဘူးဆိုပြီး ရှေ့နေတွေက ပြောထားတာပါ။ ဒီအတွက်
လည်း နောက်ထပ် ကျန်သက်သေ ၂ ဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်လိုပဲ နေအိမ်
အကျယ်ချုပ် ကျခံနေရသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်န်အယ်လ်ဒီ) ပါတီ
ဒု-ဥက္ကဋ္ဌ ဦးတင်ဦး၊ နောက် အတွင်းရေးမှူး ဦးဝင်းတင်တို့ကိုပါ တရားခွင်မှာ ထွက်ဆိုခွင့်
ရဖို့ ဆက်ပြီး ကြိုးစားနေကြတာပါ။

အဲဒီအတွက် တရားရုံးချုပ်ကို ပြင်ဆင်ချက်တင်သွင်းထားတာ ကြားနာဖို့ကိုလည်း
လာမယ့်ဗုဒ္ဓဟူးနေ့မှာ ရက်သတ်မှတ်ထားပါတယ်။ ဒီအတွက်ကြောင့် မူလက ရန်ကုန်
အင်းစိန်ထောင်တွင်းမှာ တံခါးပိတ် ကြားနာနေတဲ့ တရားခွင်ကို သောကြာနေ့မှာ
ချိန်းဆိုထားပေမဲ့ အပြောင်းအလဲတွေ ရှိလာဖို့ မျှော်လင့်ရကြောင်း ဦးဉာဏ်ဝင်းက
ပြောပါတယ်။

အခုနောက်ဆုံး ဥပဒေအကျိုးဆောင်တွေနဲ့ တွေ့ဆုံရာမှာတော့ အမှုကိစ္စတွေ ဆွေးနွေး
ခဲ့တာတွေအပြင် ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ ၆၄ နှစ်ပြည့် မွေးနေ့မှာ သူ့ကို
ထောက်ခံသူတွေရဲ့ အားပေးမှုတွေအပေါ် တုံ့ပြန်သတင်းစကား ပြောခဲ့တယ်လို့လည်း
ဦးဉာဏ်ဝင်းက ဆိုပါတယ်။

“ဒီကာလမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့နဲ့ပတ်သက်ပြီး ပြည်တွင်းကရော၊ ပြည်ပ
ကရော ဆုတောင်းပေးတာတွေ၊ အဲဒါတွေအားလုံးအတွက်ကို သူက ကျေးဇူးတင်
ကြောင်း ပြောပေးပါ၊ တဦးချင်းအနေနဲ့ ဒီလို ကျေးဇူးတင်ကြောင်း ပြောကြားနိုင်ခြင်း
မရှိသေးတာကိုလည်း နားလည်ပေးကြပါဆိုပြီး အဲဒါတော့ ပြောခိုင်းပါတယ်။”

အဲဒီတော့ မွေးနေ့တုန်းက ဒံပေါက်ကျွေးတယ်ဆိုတာရော အထဲမှာ လုပ်ဖြစ်သွား
တာပေါ့။

“လုပ်ဖြစ်ပါတယ်၊ အားလုံးအဆင်ပြေပါတယ်တဲ့၊ ကျနော်တို့လည်း မေးတော့၊ သူနဲ့
အတူတူနေထိုင်တဲ့ လုံခြုံရေး အမျိုးသမီးဝန်ထမ်းတွေ၊ နောက် သူနေတဲ့ အိမ်ခြံဝင်း
ဝန်းကျင်မှာ ချထားတဲ့ လုံခြုံရေးရဲဘော်တွေ၊ အားလုံးကို သူကျွေးတာပါ။”

တရားစွဲဆိုတာတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေအကျိုးဆောင် တဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းက ရန်ကုန်
အင်းစိန်ထောင်မှာ တွေ့ဆုံစကားပြောခဲ့တဲ့ အခြေအနေတွေကို ပြောပြခဲ့တာ
ဖြစ်ပါတယ်။

Saturday, June 20, 2009

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏(၆၄)နှစ်ပြည့်မွေးနေ့ (နဂိုယာ)










လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏(၆၄)နှစ်ပြည့်မွေးနေ့ ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲ နဂိုယာစည်းရုံးရေးဒေသမှကျင်းပခဲ့ရာ မြန်မာဒီမိုကရေစီအဖွဲ့ချုပ် (နဂိုယာနယ်မြေ)မှအဖွဲ့ဝင်များ၊မြန်မာဒီမိုကရေစီအရေးလှုပ်ရှားနေသောမြန်မာနိုင်ငံသားများ၊မြန်မာ့ဒီမိုကရေစီအရေးကိုအားပေးနေသောဂျပန်နိုင်ငံသားများစုစုပေါင်းအင်အား(၄၀)ကျော်တက်ရောက်ခဲ့ကျပါသည်။

Friday, April 17, 2009

မြန်မာသည် ဖီလစ်ပိုင်ကို စံနမူနာ ယူသင့်ကြောင်း အာရိုယို ပြောကြား


မဇ္ဈိမသတင်းဌာန
သောကြာနေ့၊ ဧပြီလ 17 2009 20:01 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ဖီလစ်ပိုင် သမ္မတ ဂလိုရီရာ မကာပါဂဲလ် အာရိုယို က သူ့နိုင်ငံ၏ ဒီမိုကရေစီ အတွေ့အကြုံသည် မြန်မာ စစ်အစိုးရအတွက် လမ်းပြ အလင်းရောင်တခု ဖြစ်ကြောင်း ပြောကြားပြီး၊ အမျိုးသား ညီညွတ်ရေးနှင့် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး ပိုမို ခိုင်မာစေရန်နှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများဆိုင်ရာ ကိစ္စရပ်များတွင် သူ့အစိုးရ ချဉ်းကပ်ဖြေရှင်းခဲ့သည့် နည်းလမ်းများအတိုင်း မြန်မာ စစ်ဗိုလ်ချုပ်များလည်း လိုက်နာ ဆောင်ရွက်သင့်ကြောင်း တိုက်တွန်းလိုက်သည်။

“မြန်မာနိုင်ငံလိုပါပဲ၊ ဖီလစ်ပိုင်ဟာလည်း နိုင်ငံရေး အယူအဆ အမျိုးမျိုးရှိပြီး၊ လူမျိုးစုပေါင်း တရာကျော်နဲ့ ဖွဲ့စည်းထားတာပါ။ ဒါပေမဲ့ အဲဒါတွေက တိုင်းပြည်ရဲ့ ဒီမိုကရေစီအရေး ပဲ့တင်ထပ် တောင်းဆိုနေမှုတွေကို ပျက်စီး မသွားစေတဲ့အပြင် ပိုမို ခိုင်မာသွားအောင်သာ လုပ်ဆောင်ပေးခဲ့ပါတယ်”ဟု အာရိုယို၏ ပြောကြားချက်များကို ဖီလစ်ပိုင် နိုင်ငံခြားရေးဌာနမှ ယနေ့ ထုတ်ပြန်သည့် ကျေညာချက်ထဲတွင် ကိုးကားဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် မတူကွဲပြားသော လူမျိုးစု ၁၃၅ မျိုး ရှိသည်ဟု မြန်မာစစ်အစိုးရက ဆိုသည်။

အာရိုယိုက သူ့အစိုးရသည် ဖီလစ်ပို င်နိုင်ငံသား အားလုံးကို အမျိုးသား နိုင်ငံရေးထဲသို့ လမ်းပြခေါ်ဆောင်သွားကြောင်းကိုမူ .. “နိုင်ငံတော် စည်းလုံး ညီညွတ်ရေးနဲ့ စစ်မှန်တဲ့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး စိတ်ဓာတ်နဲ့အတူ ဒီ လူမျိုးစု အားလုံးကို ကျမ ကမ်းလှမ်းခဲ့ပါတယ်။ အဲဒါက ကျမတို့ လူ့အဖွဲ့အစည်းနဲ့ နိုင်ငံရေးစနစ်ကို သူတို့ရဲ့ နိုင်ငံရေး အယူအဆ အမျိုးမျိုးကို အလွန်အကျွံ အလေးပေးခြင်း မရှိစေဘဲ ရှေ့ကို တိုးသွားနိုင်စေခဲ့ပါတယ်” ဟု ပြောသည်။

ထို့အပြင် လာမည့် မေလတွင် နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီး ထိန်းသိမ်းထားသည့် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နောက်ဆုံး တိုးမြှင့်ထားသည့် သက်တမ်း ကုန်ဆုံးသွားမှုအပေါ် လွှတ်ပေးရန်လည်း ဖီလစ်ပိုင် သမ္မတက တောင်းဆိုလိုက်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ချို့တဲ့နေခြင်းအပေါ် သူမအနေဖြင့် များစွာ အလေးအနက် ထားရှိကြောင်း ထိုင်းနိုင်ငံတွင် ကျင်းပနေသည့် ၁၄ ကြိမ်မြောက် အာဆီယံ ထိပ်သီး ညီလာခံ၏ ဒုတိယအခေါက် ယခုလ ၁ဝ ရက်နေ့တွင် မြန်မာစစ်အစိုးရ ဝန်ကြီးချုပ် သိန်းစိန်သို့ ထုတ်ဖော်ပြောဆိုခဲ့သည်။

ဖီလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အဆိုအရ၊ ဖီလစ်ပိုင် သမ္မတ၏ အဆိုကို မြန်မာဝန်ကြီးချုပ်က သဘောတူ လက်ခံသည့်အနေဖြင့် သူ့တိုင်းပြည်သည် ဒီမိုကရေစီ လမ်းကြောင်းတလျှောက် တိုးတက် ဖြစ်ထွန်းနေကြောင်းနှင့် ပန်းတိုင်ရောက်ရန် ပထမ ခြေလှမ်းအဖြစ် ပြီးခဲ့သည့်နှစ်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်ကို ရေးဆွဲပြီးစီးခဲ့သလို၊ လာမည့်နှစ်တွင်လည်း အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

သမ္မတ အာရိုယို၏ ကမ်းလှမ်းအကြံပြုချက်ကို မြန်မာဝန်ကြီးချုပ်၏ အဓိပ္ပာယ် ဖွင့်ဆိုချက်သည် အမေရိကန် အထက်လွှတ်တော် အမျိုးသမီးအမတ်များ၏ မြန်မာ့အရေးနှင့် ပတ်သက်သည့် သူတို့၏ ရပ်တည်ချက်များကို ကုလ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းထံသို့ ပြီးခဲ့သည့် အင်္ဂါနေ့က ပေးပို့သည့် စာထဲတွင် ဖော်ပြထားသည်များနှင့် တိုက်ရိုက်ပင် ဖီလာဆန့်ကျင် ဖြစ်နေသည်။

မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံ အဖြစ်သို့ တည်ဆောက်ရာတွင် အခြေခံတခုအဖြစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ တရားဝင်မှုကို ကန့်ကွက်ငြင်းဆိုထားပြီး၊ ရှေ့ဆက်မည့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များကို ဖျက်သိမ်းရန် ဆီးနိတ် အမျိုးသမီးအမတ်များက တောင်းဆိုထားသည်။

“လက်ရှိ အခြေခံဥပဒေသည် အမျိုးသမီးများကို အစိုးရ၏ ထိပ်ပိုင်းနေရာများမှ ဖယ်ထုတ်ထားပြီး၊ စစ်အာဏာရှင်များကို လွတ်ငြိမ်းချမ်းသာခွင့် ပေးရန် ကြိုးပမ်းထားသဖြင့်၊ စစ်အစိုးရ၏ တိုင်းရင်းသူ အမျိုးသမီးများအပေါ် စနစ်တကျ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို တရားဥပဒေအတိုင်း အရေးယူဆောင်ရွက်ရန် ငြင်းဆိုထားခြင်း ဖြစ်ကြောင်း” အဖွဲ့ဝင် ၁၁ ဦးပါဝင်သည့် ဆွေးနွေးပွဲတွင် ခုခံပြောဆိုခဲ့သည်။

သိသာထင်ရှားသည်မှာ ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းပြည်၏ ထိပ်ပိုင်းနေရာတွင် အာဏာ မရယူနိုင်အောင် စစ်အစိုးရ၏ လက်ရှိ အခြေခံဥပဒေမှ ရေးဆွဲ ပြဋ္ဌာန်းထားသည့် အချက်ပင်။

ပေးပို့သည့်စာ လက်ခံ ရရှိကြောင်းကို အထွေထွေ အတွင်းရေးမှူးချုပ်ရုံးမှ အသိအမှတ်ပြုသည့်အနေဖြင့် အကြောင်းပြန်ရာတွင် “အထွေထွေ ညီလာခံကနေပြီး သူ့ကို ပေးအပ်ထားသည့် လုပ်ပိုင်ခွင့်များအရ၊ လူ့အခွင့်အရေး လေးစားလိုက်နာရေး၊ ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းရေးနှင့် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးကို မြှင့်တင်ရန်အတွက် အထွေထွေ အတွင်းရေးမှူးချုပ်သည် သူ၏ အထူး အကြံပေးအရာရှိ အီဗရာဟင် ဂန်ဘာရီနှင့်အတူ မြန်မာနိုင်ငံအရေးကို အနီးကပ်စွာ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။

မစ္စတာ ဘန်ကီမွန်းသည် လာမည့် ရက်သတ္တပတ်များအတွင်း အရှေ့တောင်အာရှ နိုင်ငံများသို့ ခရီးသွားရန် စီစဉ်နေပြီး၊ မြန်မာနိုင်ငံသို့လည်း သွားရောက် လည်ပတ်ရန် အလေးအနက်ထား စဉ်းစားနေကြောင်း သိရှိရသည်။