-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Tuesday, June 7, 2011

ဒေါ်အောင်ဆန်းစုကြည်ခရီး အစိုးရကို အသိပေးမည်


မကြာမီ ပြုလုပ်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်နှင့် ပတ်သက်ပြီး အာဏာပိုင်တို့ကို ကြိုတင် အသိပေးမည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ယနေ့ ပြောလိုက်သည်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအရ ဘယ်ဒေသ၊ ဘယ်အချိန်၊ နေ့၊ ရက်၊ နာရီတွင် သွားမယ် ဆိုတာကိုတော့ လက်ရှိအစိုးရကို အကြောင်းကြားဖို့  ရှိတယ်။ ခွင့်ပြုချက် ယူတာမျိုးလည်း မဟုတ်ဘူး” ဟု NLD ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်က ဧရာဝတီကို ပြောသည်။

ခရီးစဉ်ကို ယခုလ ၁၉ ရက်နေ့တွင် ကျရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ၆၆ နှစ်ပြည့် မွေးနေ့အပြီး ရက်ပိုင်း အတွင်း စတင် နိုင်ဖွယ်ရှိသည်ဟုလည်း NLD အဖွဲ့ဝင်များထံမှ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကိစ္စများ တာဝန်ယူထားသူတဦးဖြစ်သည့် NLD မှ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်ကမူ “ခရီးစဉ်နဲ့ ပတ်သက်ပြီး ပြောဖို့ အများကြီး စောနေသေးတယ်။ လုံခြုံရေးကြောင့် ကျနော်တို့က အသေးစိတ်ကို မပြောသေးပါဘူး” ဟု ဧရာဝတီကို ရှင်းပြသည်။

မကြာခင်က မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သော အမေရိကန် ဒု-လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ဂျိုးဇက်ယွန်း၊ အမေရိကန် အထက် လွှတ်တော်အမတ် ဂျွန်မက်ကိန်းတို့ကလည်း ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကို တာဝန်ယူရန် အစိုးရကို တိုက်တွန်းခဲ့သည်။

အစိုးရကမူ ဒေါ်အောင်ဆန်းစုကြည်ကို သာမန် အရပ်သားတဦးအဖြစ်သာ သဘောထားကြောင်း ဂျွန်မက်ကိန်းကို ပြန်လည် တုန့်ပြန်လိုက်သည်။

“ဥပဒေနှင့်အညီ သွားလာ လှုပ်ရှား ဆောင်ရွက်မှုများကို ကန့်သတ်ရန် မရှိပါကြောင်း၊ သို့သော်လည်း နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကိုမူ အလေးထား စောင့်ထိန်းရန် လိုအပ်ပါကြောင်း” ဟု ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးက ဂျွန်မက်ကိန်းနှင့် နေပြည်တော်တွင် တွေ့ဆုံစဉ် ပြောကြားလိုက်ပုံကို အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။

အများအပြားက စိတ်ဝင်တစား စောင့်ကြည့်သွားမည့် ခရီးစဉ်အတွင်း စာနယ်ဇင်းသမားများ လိုက်ပါ သတင်းယူနိုင်လျှင် လုံခြုံရေး ပိုမို ကောင်းမွန်မည် ဖြစ်ကြောင်း သံတမန် အသိုင်းအ၀န်းနှင့် နီးစပ်သူတဦးက သုံးသပ်သည်။

ဤအတောအတွင်း NLD လူငယ်များ၊ ဒေါ်အောင်ဆန်းစုကြည်၏ အစီအစဉ်ဖြင့် ပေါ်ပေါက်လာသည့် လူငယ် ကွန်ရက် အဖွဲ့ဝင်များ၊ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများက စနစ်ကျသော လုံခြုံရေး အစီအမံများ လုပ်ဆောင်နေကြကြောင်း လူငယ်ကွန်ယက် ဦးဆောင်သူ တဦး ဖြစ်သည့် ကိုဖြိုးမင်းသိန်းက ပြောသည်။

“ခရီးစဉ် အသေးစိတ်ကိုတော့ ကျနော်တို့ မသိရသေးပါဘူး။ အခု လူငယ်တွေ အနေနဲ့ စနစ်ကျ တဲ့ ကြိုတင် ပြင်ဆင်မှုတွေနဲ့ လုံခြုံရေး ယူပေးကြဖို့ စီစဉ်နေကြပါတယ်”ဟု ၎င်းက ဆက်ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကို စိုးရိမ် ပူပန်ကြသော်လည်း လူထုနှင့် အနီးကပ် တွေ့ဆုံနိုင်မှ လူထုအကျိုးကို ပို၍ ဖော်ဆောင်နိုင်မည်ဟု NLD လူငယ်ခေါင်းဆောင် ကိုရာဇာက မှတ်ချက်ပေး ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် နောက်ဆုံး ခရီးထွက်ခဲ့သည့် အချိန်မှာ ၂၀၀၃ ခုနှစ် မေလက ဖြစ်သည်။

ထိုစဉ်က ဒီပဲယင်းမြို့အနီးတွင် အာဏာပိုင်တို့က ကျောထောက် နောက်ခံပြုထားသည်ဟု အများက ယူဆသော တုတ်၊ ဓား လက်နက်ကိုင် လူရမ်းကားများက ဒေါ်အောင်ဆန်းစုကြည်တို့၏ ယာဉ်တန်းကို စောင့်ဆိုင်း တိုက်ခိုက်ခဲ့သည်။

နောက်တနေ့တွင် အာဏာပိုင်တို့က ထိုဖြစ်ရပ်အကြောင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် ပဋိပက္ခဖြစ်ခဲ့သည့် လူအုပ်၏ အင်အားမှာ အရေအတွက် ၅၀၀၀ ရှိသည်ဟု ပြောဆိုခဲ့သည်။

တိုက်ခိုက်မှုအပြီး ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ယာဉ်တန်းတွင် ပါဝင်သူ အများအပြား အထိန်းသိမ်းခံလိုက်ရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလက နေအိမ် အကျယ်ချုပ်မှ ပြန်လည် လွတ်မြောက်လာသည့် နောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်မြို့ အတွင်းသာ သွားလာခဲ့ပြီး NLD လုပ်ငန်းများကို ဦးဆောင်လျက်ရှိသည်။

Arrawaddy မှ ကူးယူဖော်ပြပါသည်

Monday, June 6, 2011

နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ဆုတောင်းပွဲတွေ ရန်ကုန်မှာ ပြန်စ


နိုင်ငံရေးအကျဉ်းသား အားလုံး ခြွင်းချက်မရှိ ပြန်လွတ်ရေး ဆုတောင်းပွဲတခုကို ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရားမှာ ဒီကနေ့မနက် ၁၁ နာရီက ပြုလုပ်ခဲ့ကြပါတယ်။

မြို့နယ်တချို့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်တွေ၊ တက်ကြွလှုပ်ရှားသူတွေ စုစုပေါင်း ၄ဝ ကျော် လောက်က ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြတာပါ။ ဒီပွဲကို ထောက်လှမ်းရေးတွေက စောင့်ကြည့်ပြီး ဓာတ်ပုံရိုက် မှတ်တမ်းယူကြတယ်လို့ သိရပါတယ်။

ဆုတောင်းပွဲကို ဦးဆောင်သူတဦး ဖြစ်တဲ့ မြောက်ဒဂုံမြို့နယ်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် ဒေါ်ခင်ဝင်းခိုင်က RFA ကို အခုလိုပြောပါတယ်။

“နိုင်ငံရေးအကျဉ်းသား ၂ ထောင်ကျော် အမြန်ဆုံး လွတ်မြောက်ပါစေဆိုပြီး တနင်္ဂနွေနေ့တိုင်း ကျမတို့ ဘုရားတွေ အကုန်လုံး လှည့်ပြီး သွားတာ။ ဒီတပတ် သမိုင်း ကျိုက်ဝိုင်းဘုရားမှာ။ လူ ၄၄ ယောက် ဆုတောင်းပွဲ လုပ်ခဲ့ပါတယ်။ ထောက်လှမ်းရေးတွေကလည်း စိတ်ဝင်စားတယ်။ တော်တော်များများပဲ ၃ဝ လောက် ရှိတယ်။ ဝိုင်းပြီးတော့ ဓာတ်ပုံရိုက်တယ်။ ပြီးတော့ တအုပ်ကြီးပဲ သမိုင်းလမ်းဆုံအထိ နောက်က လိုက်လာတယ်”

ဆုတောင်းပွဲမှာ ပါဝင်ခဲ့သူတွေကတော့ ဒဂုံ-တောင်၊ ဒဂုံ-မြောက်၊ မရမ်းကုန်း၊ သံလျင်၊ မြောက်ဥက္ကလာ၊ တွံတေးမြို့နယ်တွေက ဖြစ်တယ်လို့ သိရပါတယ်။ သူတို့အားလုံးဟာ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လက်မှတ်ထိုးပြီး သမ္မတ ဦးသိန်းစိန်ဆီ ပေးပို့တဲ့ လှုပ်ရှားမှုမှာလည်း ပါဝင်ကြတယ်လို့ သိရပါတယ်။


RFA မှ ကူးယူဖော်ပြပါသည်။

ဆန္ဒပြမယ်ဆိုလို့ မြို့တော်ခန်းမ ရှေ့မှာ လူတွေ စောင့်ကြည့်နေ


နိုင်ငံရေးပါတီတချို့ ဆန္ဒပြမယ်ဆိုတဲ့ သတင်းတွေ ကြောင့် ရန်ကုန် မြို့တော်ခန်းမရှေ့မှာ ဒီကနေ့ နေ့လည်ပိုင်းက လူနှစ်ရာ ဝန်းကျင်လောက် စုရုံးခဲ့ပြီး ရဲနဲ့ လုံထိန်းတွေ၊ အရပ်ဝတ် လုံခြုံရေး ဝန်ထမ်းတွေ ရောက်ရှိလာတယ်လို့ သိရပါတယ်။
ဒီလို လူစုလူဝေး ဖြစ်နေချိန်မှာ အရပ်ဝတ် လုံခြုံရေးအရာရှိတဦးက အရင် စစ်အစိုးရ ထုတ်ပြန်ထားတဲ့ ‘ငါးယောက်ထက် လူ ပိုမစုရ’ ဆိုတဲ့အမိန့်ကို သိသလားလို့ ခြိမ်းခြောက် မေးမြန်းတဲ့အတွက် စောင့်ကြည့်နေသူ တချို့နဲ့ စကား အချေအတင် ဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။

NLD အဖွဲ့ဝင်တဦး ဖြစ်တဲ့ ဒေါ်ခင်ဝင်းခိုင်က အခုလို ပြောပါတယ်။

“မြို့တော်ခန်းမမှာ လူနှစ်ရာကျော်လောက်၊ ဘုရားကျောင်းရှေ့မှာ ဒီဘက်က ပန်းခြံထောင့်မှာ လေးငါးဆယ်ယောက် အဲဒီလို လူတွေက စုနေတာ။ ဒီနေရာတွေက တနင်္ဂနွေနေ့ဆိုရင် လူရှင်းတယ်။ အခုကျတော့ လူအများကြီး ရောက်နေတယ်။ လုံခြုံရေးတွေလည်း အများကြီးပဲ။ တအောင့်လောက်နေတော့ ရဲမှူးလား ဘာလားမသိဘူး သူက လာပြီးတော့ ဒီမှာ ဘာလာလုပ်တာလဲတဲ့။ ခင်ဗျားတို့ မာရှယ်လော မသိဘူးလား တဲ့။ ကျမတို့ဘက်က လူတွေကလည်း ပြန်ပြောတယ်၊ အရပ်သားအစိုးရ ဖြစ်တဲ့အတွက် ဒီ ပုဒ်မတွေ မာရှယ်လောတွေ ရှိသေးလို့လား ဆိုတော့ သူတို့က ‘မဟုတ်ပါဘူး၊ မရှိပါဘူး’ တဲ့။ မရှိရင် ကျမတို့ကို လာမပြောနဲ့ဆိုပြီး ကျမတို့နဲ့ စကားများပြီး ကျမတို့လည်း တအောင့်လောက်နေတော့ ကိုယ့်လမ်းကိုယ် ပြန်လာကြတယ်”

နိုင်ငံရေးပါတီ တချို့က ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့စွဲနဲ့ ဦးသိန်းစိန် အစိုးရဆီမှာ ဆန္ဒပြခွင့် တင်ပြ တောင်းခံထားကြပါတယ်။ ဒီအတွက် ဆန္ဒပြပွဲ ဖြစ်မဖြစ် အကဲခတ်ကြသူတွေ စုရုံး ရောက်ရှိနေကြတာလို့ သိရပါတယ်။

အဲဒီ ဆန္ဒပြခွင့် တင်ပြချက်ကို အာဏာပိုင်တွေက ခွင့်မပြုဘဲ ဇွန်လ ၂ ရက်နေ့က ငြင်းဆန်ထားပြီးပြီလို့လည်း သိရပါတယ်။


RFA မှ ကူးယူဖော်ပြပါသည်။

Sunday, June 5, 2011

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့တွင် သွေးလှူဒါန်းနိုင်ရန် လူငယ်များ ကြိုးပမ်းနေ




မြန်မာပြည်တွင်းက လူငယ်တစုဟာ ၂၀၁၁ ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၆၆ နှစ်မြောက် မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဇွန်လ ၁၄ ရက်နေ့မှ စတင်ကာ သွေးလှူဒါန်းတဲ့ လှုပ်ရှားမှုကို ပြုလုပ်မှာ ဖြစ်ကြောင်း၊ ထို အဖွဲ့ကို BG အဖွဲ့လို့ အမည်ပေးထားပြီး သွေးလှူဒါန်းလိုသူများအနေနဲ့ ရန်ကုန်မြို့က ကိုညီညီ (၀၉၄၉ ၃၂၈ ၀၅၅)၊ဒေါ်သီတာ (၁ ၃၉၆ ၄၇၆)၊ ကိုလင်းထက် (၀၉၇၃ ၁၂၅ ၈၈၅)၊ ကိုကောင်းထက်ကျော် (၀၉၉ ၉၂၇ ၀၈၂) တို့ထံ ပူးတွဲပါ တယ်လီဖုန်းအမှတ်များမှတဆင့် ဆက်သွယ်နိုင်ကြောင်း သိရပါတယ်။

(အခု ဖော်ပြထားတဲ့ ဓါတ်ပုံများဟာ မေ ၃၀ ရက် ဒီပဲယင်း လုပ်ကြံမှု နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် BG အဖွဲ့ သွေးလှူဒါန်းစဉ်က ဓါတ်ပုံများ ဖြစ်ပါတယ်။)

burmatoday မှ ကူးယူဖော်ပြပါသည်။

အခိုင်အမာ ခြေလှမ်းများ လှမ်းရန် ဂျွန်မက်ကိန်း တိုက်တွန်း


(အမေရိကန် ဆီးနိတ်အမတ် မစ္စတာဂျွန်မတ်ကိန်းသည် ရန်ကုန်တိုင်း ဒဂုံမြို့နယ်ရှိ အမေရိကန်စင်တာ၌ သောကြာနေ့ ဇွန်လ(၃)ရက်၂၀၁၁ခုနှစ်၊ မနက်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ်။ဓါတ်ပုံ-မဇ္ဈိမ)
`စကားအလှများ´ ပြောနေရုံသက်သက်သာ မဟုတ်ဘဲ `အခိုင်အမာ ခြေလှမ်းများ´ လှမ်းပါရန် အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက သူ၏ ၃ ရက်ကြာ မြန်မာခရီးစဉ်အပြီး သောကြာနေ့တွင် မြန်မာအစိုးရကို တိုက်တွန်းပြောကြားခဲ့သည်။

အဆိုပါ ၃ ရက်ကြာ ခရီးစဉ်အတွင်း ဂျွန်မက်ကိန်းသည် ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး အပါအ၀င် အခြား အရေးပါသော အစိုးရခေါင်းဆောင်များ၊ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်များနှင့် တွေ့ဆုံခဲ့ပြီး NLD က ရန်ကုန်တွင် ဖွင့်လှစ်ထားသော HIV/AIDS `ကယ်ဆယ်ရေးဂေဟာ´ သို့လည်း သွားရောက်ကြည့်ရှုခဲ့သည်။

`အစိုးရသစ်သည် အမေရိကန်နိုင်ငံနှင့် ဆက်ဆံရေးကောင်းမွန်ရန် စိတ်ဆန္ဒရှိနေကြောင်း´ ထင်ရှားသည်ဟု လွန်ခဲ့သော ၁၅ နှစ်လုံးလုံး ဗီဇာငြင်းပယ်ခံခဲ့ရသည့် မစ္စတာမက်ကိန်းက တွေ့ဆုံဆွေးနွေးပွဲများအပြီး ပြောကြားခဲ့သည်။

မြန်မာနိုင်ငံကို နောက်တခေါက် လာရောက်ရသည့်အတွက် `အလွန်ဝမ်းမြောက်ကြောင်း´ အနာဂတ် အမေရိကန်-မြန်မာ ဆက်ဆံရေးအတွက်လည်း အကောင်းမြင် မျှော်လင့်ချက်ထားရှိပါကြောင်း သူက ပြောကြားသည်။

အမေရိကန်အနေနှင့် မည်သည့်နိုင်ငံနှင့်မျှ ဆက်ဆံရေး ဆိုးရွားစေလိုသည့် ဆန္ဒမရှိကြောင်း နှစ်နိုင်ငံကြား အလွန်ပင် ဆက်ဆံရေး ဆိုးရွားခဲ့သည့် အိမ်နီးချင်း ဗီယက်နမ်နှင့် သံတမန်ရေးဆက်ဆံမှု တိုးတက်လာမှုကို ဥပမာပေးကာ သူက အလေးပေး ပြောကြားသွားခဲ့သည်။

`အခု အစိုးရသစ်ဟာ အတိတ်နဲ့နှိုင်းစာရင် အပြောင်းအလဲ တစုံတရာရှိခဲ့တာကို ကျနော် အသိအမှတ်ပြုပါတယ်။ သို့သော် ကျနော် မနေ့က အစိုးရအရှာရှိတွေနဲ့ တွေ့ဆုံတုန်း ပြောခဲ့သလိုပါဘဲ ဆက်ဆံရေး တိုးတက်လာဖို့ဆိုတာ စကားအလှတွေ ပြောနေရုံနဲ့ မရဘူး၊ အခိုင်အမာ လုပ်ဆောင်ပြဖို့ လိုတယ်´ ဟု အမေရိကန်သံရုံးသို့ လာရောက်သော အကဲခတ်များကို သူက ပြောကြားခဲ့သည်။

`ထိတွေ့ဆက်ဆံရေးမူဝါဒအရ ကြိုးပန်းမှုတွေဟာ ရလဒ်ပြနိုင်ရမယ်၊ အချိန်အကန့် အသတ်ရှိရမယ်´ ဟုလည်း အလျင်အမြန် အပြောင်းအလဲများ ပြုလုပ်ရန် သူက တိုက်တွန်းပြောကြားသွားသည်။

အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံအပေါ် ထားရှိသော ထိတွေ့ဆက်ဆံရေးမူဝါဒသည် အရေးပါသော ခြေလှမ်းများ လှမ်းနိုင်မှုအပေါ်တွင် မူတည်နေပြီး၊ ဤသို့လှမ်းနိုင်မှသာ မြန်မာအစိုးရသည် ဒီမိုကရေစီရေး အပြောင်းအလဲများ ပြုလုပ်ရန် အမှန်တကယ် ပိုင်းဖြတ်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သက်သေပြနိုင်မည်ဖြစ်ကာ အမေရိကန်ဘက်ကလည်း အပြန်အလှန် အပြောင်းအလဲများ ပြုလုပ်လိုသည့် ဆန္ဒပေါ်လာစေမည်ဖြစ်ကြောင်း သူက ပြောသည်။

နိုင်ငံရေးအကျဉ်းသားများကို ခြွင်းချက်မရှိ လွှတ်ပေးရေးသည်လည်း မြန်မာနိုင်ငံတွင် စစ်မှန်သော ဒီမိုကရေစီ အပြောင်းအလဲများ ပေါ်ပေါက်ရေးအတွက် အရေးပါသော လိုအပ်ချက်ဟု သူက သာဓကအဖြစ် ပြောခဲ့သည်။

အပြုသဘောဆောင်သော ထိတွေ့ဆက်ဆံမှုမူဝါဒတွင် လက်ရှိ ပိုနေမြဲကျားနေမြဲ အခြေအနေမှ ပြောင်းလဲရန် လိုအပ်ပြီး ထိုသို့အပြောင်းအလဲများ အထင်အရှား ပေါ်ပေါက်လာခြင်းမရှိပါက ပိတ်ဆို့အရေးယူမှုသည်လည်း ဆက်လက်ရှိနေဦးမည်ဟု သူက ပြောသည်။ `ဒီမိုကရေစီရေး အပြောင်းအလဲအတွက် နက်နက်ရှိုင်းရှိုင်း စိတ်ဆန္ဒရှိနေတယ်ဆိုတာကို သက်သေပြနိုင်တဲ့ အခိုင်အမာခြေလှမ်းတွေကို ဒီအစိုးရအနေနဲ့ မလုပ်ဆောင်နိုင်ရင် ပိတ်ဆို့အရေးယူမှုတွေကို ဖြေလျှော့ပေးနိုင်မယ့် အလားအလာလည်း ရှိမှာမဟုတ်ပါဘူး´ ဟု သူက ဆိုသည်။

ရှိရင်းစွဲ ပိတ်ဆို့အရေးယူမှုများကို ပိုမိုထိရောက်စေရေးအတွက် တိုးတက်ကောင်းမွန်အောင် လုပ်ဖို့လိုသေးသည်ဟုလည်း သူက ပြောသည်။ `တကယ်တော့ ကျနော်တို့ လုပ်ရမှာ လက်ရှိ ရှိနေတဲ့ ပိတ်ဆို့အရေးယူမှုတွေကို အကောင်အထည်ဖော်ရာမှာ ပိုမိုထိရောက်တဲ့ နည်းလမ်းတွေကို ရှာဖို့ပဲ´ ဟုလည်း သူက ပြောသည်။

အမျိုးသား ရင်ကြားစေ့ရေး ဒီမိုကရေစီလုပ်ငန်းစဉ်ဖြင့် တိုင်းပြည်ကို တစည်းတလုံးတည်း ဖြစ်အောင်လုပ်ရာတွင် ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန်လည်း မစ္စတာမက်ကိန်းက တောင်းဆိုလိုက်သည်။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ၏ ကြေညာချက်ဖြစ်သည့် `မည်သည့် ရင်ကြားစေ့ရေး လုပ်ငန်းစဉ်တွင်မဆို ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသား လူနည်းစုများ၊ အခြားအတိုက်အခံခေါင်းဆောင်များ၊ NLD တို့ ပါဝင်ရမည်´ ကို သူသဘောတူညီကြောင်းနှင့် NLD သည် ယခင်က တရားဝင် ပါတီအဖြစ် အသိအမှတ်ပြုခံခဲ့ရသည့် ပါတီဖြစ်ပြီး ယခုလည်း တရားဝင်နိုင်ငံရေးပါတီ တရပ်အဖြစ် နောက်ထပ် ပြန်လည်အသိအမှတ်ပြုသင့်ကြောင်းလည်း သူက ပြောသည်။

အနုမြူမပြန့်ပွားရေးဆိုင်ရာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များကို လိုက်နာရန်လည်း သူက မြန်မာအစိုးရကို တောင်းဆိုသွားသည်။ မြန်မာနိုင်ငံ၏ နျူကလီးယား အစီအစဉ်ကို ရပ်တန့်ထားပြီးဖြစ်ကြောင်း အဆိုပါခရီးစဉ်အတွင်း ဒုသမ္မတ သီဟသူရ ဦတင်အောင်မြင့်ဦးက သူ့ကို ပြောဆိုခဲ့သည်ဟု ဆိုသည်။ အစိုးရထုတ်သတင်းစာ မြန်မာ့အလင်းတွင် ဖော်ပြထားချက်အရ `မြန်မာနိုင်ငံအနေဖြင့် အနုမြူလက်နက်များ ထုတ်လုပ်ရန် အခြေအနေမရှိပါကြောင်း၊ ထိုသို့ထုတ်လုပ်နိုင်ရန် စီးပွားရေးအင်အားလည်း တောင့်တင်းခြင်း မရှိပါကြောင်း´ ဒုသမ္မတက သူ့ကို ပြောကြားခဲ့သည်။

`မြောက်ကိုရီးယားအစိုးရနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှု မှန်သမျှကို ရပ်ဆိုင်းရန်နှင့် နိုင်ငံတကာ ဥပဒေအရ တာဝန်ရှိမှုများကိုလည်း လေးစားလိုက်နာပါရန်´ သူက မြန်မာအစိုးရကို တောင်းဆိုပြောကြားခဲ့သည်။

ရန်ကုန်မြို့ပြင်ပသို့ ထွက်ရန် ရည်ရွယ်ထားသည့် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်သည် မြန်မာအစိုးရအတွက် အပြောင်းအလဲများကို အမှန်တကယ် လိုလားကြောင်း ပြသရန် အခွင့်အရေးတရပ်ဟုလည်း သူက ပြောဆိုခဲ့သည်။ ယခင်က ဖြစ်ပွားခဲ့သော NLD ပါတီဝင်များ၏ နိုင်ငံရေး လူထုအစည်းအဝေးကြီးများကို အကြမ်းဖက် တိုက်ခိုက်ခဲ့ခြင်းများကို ရည်ညွှန်း၍ သူက `ယခင်ကကဲ့သို့သော အဖြစ်အပျက်များ ယခုတခါ မဖြစ်ပေါ်စေရေးအတွက် အစိုးရသစ်၏ ဆောင်ရွက်နိုင်စွမ်းနှင့် လိုလိုလားလား ရှိမှုသည် သူတို့၏ အပြောင်းအလဲအပေါ် တကယ်စိတ်ဆန္ဒရှိမှုကို စမ်းသပ်မည့် အရေးကြီးသော စမ်းသပ်ချက်တရပ်ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို အကာအကွယ်ပေးရေးသည် ထင်ရှားသော နိုင်ငံသားတဦးကို ပေးအပ်သည့် အထူးအခွင့်အရေးမျှသာ မဟုတ်ဘဲ လူသားဂုဏ်သိက္ခာအတွက် တောင်းဆိုမှုတရပ်လည်းဖြစ်ကာ နိုင်ငံသားတိုင်း ရထိုက်သော အခွင့်အရေးတရပ်လည်းဖြစ်သည်ဟု ပြောဆိုသည်။

နအဖ ၏ လူမှုရေးအသင်းဟုဆိုကာ ယခုအခါ အစိုးရရာထူးကြီးမျာကို ရယူထားသည့် ယခင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့၏ အဖွဲ့ဝင်များနှင့် စစ်အစိုးရ ဗိုလ်ချုပ်ကြီးများသည် NLD ပါတီဝင်များ၏ ယာဉ်တန်းကို ၂၀၀၃ ခုနှစ်တွင် ဒီပဲယင်း၌ တိုက်ခိုက်ခဲ့ရာတွင် စီစဉ်ကြံစည်ခဲ့ကြသည်ဟု စွပ်စွဲပြောဆိုမှုများ ရှိသည်။ ယင်းဒီမိုကရေစီစနစ် ဆန့်ကျင်သည့် လုပ်ရပ်၌ NLD ပါတီဝင် အနည်းဆုံး ၇၀ ကို ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့ဝင်များက သတ်ဖြတ်ခဲ့သည်ဟုလည်း ဆိုကြသည်။

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် လူသားဖြစ်မှုအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများကို စုံစမ်းစစ်ဆေးနိုင်ရန်အတွက် ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့စည်းစစ်ဆေးရေး ဆက်လက် လုပ်ဆောင်ရန်လည်း မစ္စတာမက်ကိန်းက ကမ္ဘာ့နိုင်ငံများကို တောင်းဆိုပြောကြားသွားသည်။ သို့သော် ထိုသို့ စုံစမ်းရေးကော်မရှင် ဖွဲ့စည်းစစ်ဆေးရေးကို ထောက်ခံပြောကြားခြင်းသည် `လက်စားချေရန်နှင့် အပြစ်ပေးဒဏ်ခတ်ရန်´ တောင်းဆိုခြင်း မဟုတ်ကြောင်းလည်း သူက အလေးပေးပြောဆိုခဲ့သည်။ `အရာရာကို တာဝန်ခံမှုရှိစေရန်နှင့် မြန်မာပြည်သူလူထုအတွက် တရားမျှတမှု ပေါ်ပေါက်ရေးအတွက်သာဖြစ်ကြောင်း´ သူက ပြောဆိုခဲ့သည်။

သူက အာရပ်ကမ္ဘာတွင် ဖြစ်ပေါ်လျက်ရှိသော နွေဦးရာသီ တော်လှန်ရေးများကို ရည်ညွှန်းကာ `ယခုအခါ အပြောင်းအလဲများ ဖြစ်ပေါ်တော့မည့် လက္ခဏာများကို တွေ့မြင်နေကြရပြီဖြစ်သည်။ ထိုအပြောင်းအလဲများသည် အာရပ်ကမ္ဘာတွင်သာ ရပ်တန့်နေမည် မဟုတ်ပါ။ တရွေ့ရွေ့ပြောင်းလဲသော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို အစိုးရများက ရှောင်ဖယ်နေမည်ဆိုလျှင် တော်လှန်ရေးနည်းဖြင့် ဖြစ်ပေါ်မည့် အပြောင်းအလဲများကို သူတို့ ရင်ဆိုင်ကြရမည်။ ထိုသို့ရွေးချယ်ခွင့်ကို ရွှေ့ဆိုင်းထား၍မူ ရနိုင်ကောင်း ရနိုင်ပါသည်၊ အချိန်ဆွဲထား၍ ရကောင်းရနိုင်ပါသည်၊ သို့သော် ငြင်းပယ်၍မူ ရမည်မဟုတ်ပါ´ ဟု သတိပေးပြောကြားသွားခဲ့သည်။

မြို့တော်သစ် နေပြည်တော်ကို အမေရိကန်ဒေါ်လာ ၃၀ ဘီလျံ အကုန်ခံ၍ တည်ဆောက်ခဲ့သော လက်ရှိအစိုးရကို ဖွံ့ဖြိုးမှုအတွက် တကယ်လိုအပ်နေသည့် အရာများကိုလည်း ပိုမိုအာရုံစိုက် လုပ်ဆောင်ပါရန်လည်း သူက တိုက်တွန်းပြောကြားသွားသည်။ `ပြည်သူလူထုအတွက် အကောင်းဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့် အရာများကို မျက်ခြည်မပြတ်ရန်လည်း လိုပါသည်။ တိုင်းပြည်တွင်းရှိ အရေးတကြီး စိန်ခေါ်နေသည့် ပြဿနာများဖြစ်သော ကျန်းမာရေး၊ ဆင်းရဲမွဲတေမှု၊ ပညာရေး၊ အုပ်ချုပ်မှု စသည်တို့ကိုလည်း အစိုးရသစ်က အလားတူ ကိုင်တွယ်ဆောင်ရွက်သင့်ပါကြောင်း၊ နေပြည်တော် တည်ဆောက်စဉ်က အသုံးပြုခဲ့သော ဇွဲနှင့် အရင်းအမြစ်များ အတိုင်းပင် အသုံးပြု ဆောင်ရွက်သင့်ပါသည်´ ဟု သူက ပြောသည်။

`အစိုးရသစ်က တကယ့်ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို စစ်စစ်မှန်မှန် လုပ်ဆောင်လိုစိတ် ရှိသည်ဆိုပါက သူတို့သည် အမေရိကန် ပြည်ထောင်စုဘက်မှ အလားတူ လိုလိုလားလား ဆောင်ရွက်မည့်သူကို တွေ့နိုင်မှာ ဖြစ်ပါသည်´ ဟုလည်း သူက ပြောသည်။

mizzima မှ ကူးယူဖော်ပြပါသည်။