လင်းသန့် Thursday, 12 May 2011 12:46 .အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုဖြင့် လူထုအခြေပြု အဖွဲ့အစည်းများ ကျယ်ပြန့်စွာ ပေါ်ပေါက်လာရေး အတွက် ဧပြီနှင့် မေလများအတွင်း တိုးမြှင့်ဆောင်ရွက်နေကြောင်း သိရသည်။

မေလ ၂ ရက်နေ့က ရန်ကုန် NLD ရုံးချုပ်၌ ကျင်းပသော လယ်ယာမြေဖွံ့ဖြိုးရေး သင်တန်းတွင် ဒေါ်အောင်ဆန်းစုကြည် အမှာ စကားပြောကြားနေစဉ် (ဓာတ်ပုံ - ခင်မောင်ဝင်း / AP)
လယ်သမားများအား လယ်ယာမြေဖွံ့ဖြိုးရေး သင်တန်းများပေးခြင်းနှင့် လယ်သမားသမဂ္ဂများ ပေါ်ထွန်းရေး လှုပ်ရှားနေကြ သူများနှင့် ဆွေးနွေးကူညီမှုများကို NLD က လတ်တလော ဆောင်ရွက်ပေးနေသည်။
လယ်သမားသမဂ္ဂများ ပေါ်ထွန်းရေး လှုပ်ရှားနေကြသူများ၌ NLD ပါတီဝင် မဟုတ်သူများနှင့် NLD ပါတီဝင်များပါဝင်သည်။
“ဒီမိုကရေစီစနစ် အမှန်တကယ်ကျင့်သုံးနိုင်ဖို့အတွက်က ဒီလို လယ်သမားတွေ၊ အလုပ်သမားတွေရဲ့အခွင့်အရေး ကာ ကွယ်ပေးနိုင်တဲ့ အစည်းအရုံးတွေပေါ်ပေါက်လာဖို့ဆိုတာ မရှိမဖြစ်လိုတယ်၊ ဒီလို သမဂ္ဂတွေခေါ်ခေါ်၊ အစည်းအရုံး ပြော ပြော ပေါ်ပေါက်ဖို့ စိတ်အားထက်သန်တဲ့သူတွေနဲ့ဆွေးနွေးမှုတွေ၊ ကူညီမှုတွေလုပ်နေတယ်”ဟု NLD ခေါင်းဆောင် တဦးဖြစ်သည့် ဦးဝင်းထိန်က ဧရာဝတီကိုပြောသည်။
၂၀၀၉ ခု ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ကောက်ယူထားသော မြန်မာနိုင်ငံ သန်းခေါင်စာရင်းအရ လူဦးရေ ၅၉ သန်း ကျော် ရှိပြီး ၇၀ ရာခိုင်နှုန်းကျော်သည် လယ်သမားများဖြစ်၍ စိုက်ပျိုးရေးနိုင်ငံ ဖြစ်ကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန စာရင်းဇယားများတွင် ဖော်ပြထားသည်။
“မြန်မာနိုင်ငံက စိုက်ပျိုးရေးနိုင်ငံဖြစ်တော့ လယ်သမားအရေး အကာအကွယ်ပေးဖို့လိုတယ်။ အခု အဖွဲ့ချုပ်က ကျနော် တို့ ဖြစ်ချင်တာတွေကို အကူအညီပေးတော့ ပိုအားရတာပေါ့ဗျာ။ ကျယ်ပြန့်ဖို့ဆိုတာက ကျနော်တို့ကကြိုးစားရမှာပဲ။ ဒေါ် အောင်ဆန်းစုကြည်က ကျနော်တို့ဆန္ဒကို အလေးအနက်ထားတာကို ကျနော်တို့ဂုဏ်ယူတယ်”ဟု လယ်သမား သမဂ္ဂ ပေါ်ပေါက်ရေးကြိုးပမ်းနေသည့် အမည်မဖော်လိုသူ လယ်သမားတဦးက ပြောသည်။
ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်(ILO)ပြဌာန်းချက်များနှင့်အညီ အခြေခံအလုပ်သမားအစည်းအရုံးများ အလုပ်ဌာနအလိုက် ဖွဲ့စည်း၍ နိုင်ငံလုံးဆိုင်ရာ အလုပ်သမားအစည်းအရုံး အဖွဲ့ချုပ်(Trades Union Congress)ဖွဲ့စည်းတည်ထောင်ပြီးအလုပ် သမားအကျိုး အမြဲတမ်း ကာကွယ်စောင့်ရှောက်သွားမည် ဖြစ်သည်ဟု NLD ၏ ပြီးခဲ့သည့် အလုပ်သမားနေ့ ကြေညာချက် တွင်ဖော်ပြထားသည်။
သက်ဆိုင်ရာ စက်ရုံ အလုပ်ရုံ အလုပ်သမား၏ အခွင့်အရေး ကာကွယ်ရန်အတွက် တက်ကြွလှုပ်ရှားနေသူများနှင့် ဆွေးနွေးပြီး NLD ပါတီအနေဖြင့် လိုအပ်သည်များကို ကူညီထောက်ပံ့နေသည်ဟု သိရသည်။
“ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် ဖြစ်စေချင်တာက ဘယ်နိုင်ငံရေးပါတီအသင်းအဖွဲ့ကမှ ဒီလို သမဂ္ဂတွေ၊ အစည်း အရုံး တွေကို မလွှမ်းမိုး စေချင်ဘူး”ဟု ဦးဝင်းထိန် က ဆက်လက်ပြောသည်။
အလုပ်သမားသမဂ္ဂများ ပေါ်ပေါက်ရေးကြိုးပမ်းနေကြသူများက ၄င်းတို့အနေဖြင့် တရားဝင် သမဂ္ဂပေါ်ပေါက်ရေး ဆက် လက်ကြိုးပမ်းသွားမည်ဖြစ်ပြီး NLD နှင့်လက်တွဲသွားမည်ဟုလည်း ဆိုသည်။ ၄င်းတို့မှာ သိုသိပ်စွာလုပ်ဆောင်နေရကြောင်း သိရသည်။
NLD ပါတီသည် ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာပြီးနောက်ပိုင်း လူမှုကူညီရေးလုပ်ငန်းများ၊ လူငယ် ကွန်ရက်များ၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဟောပြောပွဲများ၊ ပညာရေးဆိုင်ရာ လုပ်ငန်းများ စသည် တို့ကို အရှိန်မြှင့်လုပ်ဆောင်လာခဲ့သည်။
လာမည့် ဇွန်လပိုင်းမှ စတင်၍ NLD က ဆယ်တန်း ဖြေဆိုမည့် အဖွဲ့ဝင်လူငယ်များကို အခမဲ့ ပညာ သင်ကြားပေးမည် ဖြစ် ကြောင်း၊ လတ်တလော၌ သင်ကြားမည့် လူငယ် ၃၀ ခန့်ရှိပြီး NLD မှ ဆရာ၊ ဆရာမ များက သင်ကြားပေးရန် စီစဉ် ထားကြောင်း သိရသည်။
NLD ပါတီသည် မြန်မာနိုင်ငံဒီမိုကရေစီ စနစ် ရှင်သန်ကြီးထွားစေရေးအတွက် လူထုအခြေပြုအဖွဲ့အစည်းများ ခိုင်မာစွာ ပေါ်ထွန်းရေး အရှိန်မြှင့်လုပ်ဆောင်နေမှုများအပေါ် အစိုးရသစ်အနေနှင့်လည်း ပြင်းထန်သော ဟန့်တား ဝေဖန်မှုမျိုး မတွေ့ရသေးပေ။
သို့သော် အစိုးရသစ်တက်လာပြီးနောက်ပိုင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ၏ ရွေးကောက်ပွဲဝင်ပါတီများကို ပေးပို့ သည့် ညွှန်ကြားချက်တခုတွင် NLD ကို တိုက်ရိုက်မရည်ညွှန်းသော်လည်း တရားမ၀င်အသင်းတခုအသွင် ဖော်ပြခဲ့ သည် ဟု သိရသည်။ ယင်းညွှန်ကြားချက်မှာ နိုင်ငံရေးပါတီများသည် တရားမ၀င် အဖွဲ့အစည်းများနှင့် မဆက်သွယ်ရ ဟူသော ညွှန်ကြားချက်ဖြစ်သည်။
NLD ပါတီသည် နအဖ စစ်အစိုးရကျင်းပပေးသည့် ၂၀၁၀ ရွေးကောက်ပွဲမ၀င်ရန် ဆုံးဖြတ်ပြီး ပါတီမှတ်ပုံတင်ရန် အတွက် လည်း ဥပဒေအရ တရားဝင်တည်ရှိနေဆဲဖြစ်၍ ထပ်မံမှတ်ပုံမတင်ဟု ငြင်းဆိုခဲ့သည်။
မြန်မာအစိုးရသစ်၏ ပြည်ထောင်စုဝန်ကြီးများ အနေဖြင့်လည်း အလုပ်သမား၊ လယ်သမားများ၏ အကျိုးအတွက် သက် ဆိုင်ရာ တိုင်း၊ ဒေသကြီး အစိုးရ ၀န်ကြီးများနှင့် လက်တွဲပြီးဆောင်ရွက်သွားမည်ဟု နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြ ထားသည်။
Copyright © 2011 ဧရာဝတီ. All Rights Reserved.