-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Tuesday, April 19, 2011

NLD ပရိတ်တရားနာနှင့် သက်ကြီး ပူဇော်ပွဲ

၂၀၁၁ ဧပြီလ ၁၇ ရက်နေ့ နှစ်ဆန်း ၁ရက်နေ့၊ ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီိမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ပရိတ်တရားတော်နာနှင့် သက်ကြီးပူဇော်ပွဲကို အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် မြို့နယ်ပေါင်းစုံ ဗဟိုအမျိုးသမီးအဖွဲ့ဝင်များမှ ဦးစီးပြီး ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

အဆိုပါနေ့တွင် မြို့နယ်အသီးသီးမှ အမျိုးသမီးအဖွဲဝင်များ၊ အဖွဲ့ချုပ် အဖွဲ့ဝင်များသည် အမျိုးသားဒီမိုကရေစီရုံးချုပ်မှ ဥက္ကဌ ဦးတင်ဦး၊ ဦးဝင်းတင် အပါအ၀င် အဖွဲဝင် ၂၂ဦး တို့အားလည်း ဂါရ၀ပြု ကန်တော့ခဲ့ကြကြောာင်း သိရှိရသည်။

ထို့နောက် အထွေအထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်အား ဗဟိုအမျိုးသမီးအဖွဲ့ဝင်များမှ နှစ်သစ် နှစ်ဦးမင်္ဂလာအချိန်အဖြစ် ဂါရ၀ ပြုကန်တော့ကြောင်းနှင့် နှစ်သစ်ကူးအတွက် ဆုမွန်ကောင်း မိန့်ခွန်းပြောဆိုသည်။

"ကိုယ်လုပ်နေတဲ့ အလုပ်က တိုင်းပြည်အတွက် တကယ်အကျိုးရှိပြီး ဆထက်တံပိုး ထမ်းဆောင်နိုင်ပါစေလို့ နှစ်သစ်ကူးအတွက်ကတော့ တကယ်တော့ လူတွေက ကိုယ့်ရဲ့ နှစ်သစ်ကူးနဲ့ကိုယ်ရှိကြတာဘဲ ဘာလို့နှစ်သစ်ကူးလုပ်ချင်ကြလဲဆိုတော့ လူတွေကပြန်ပြန်ပြီးတော့ အသစ်တဖန် လုပ်ချင်ကြတာ အသစ်တဖန်လုပ်နိုင်မယ့် အခွင့်အရေးတွေ ထူထောင်နိုင်မယ့် အခွင့်အရေးအတွက် မျှော်ခိုးကြလို့ပေါ့ သဘာဝအရ ပြန်လည်လာတာပေါ့ သစ်ဆန်းဖို့က ကိုယ့်ဘာသာကိုယ် လုပ်ရမှာ ကျမတို့နိုင်ငံမှာဆိုရင် နိုင်ငံသူ နိုင်ငံသားတွေအတွက် သာယာစေမယ့် စနစ်မျိုး လုံခြုံစေမယ့်စနစ်မျိုး လွတ်လပ်စေမယ့် စနစ်မျိုး အဲ့ဒါတွေကို ကြိုးစားစေချင်တယ် တာဝန်ယူစေချင်တယ်" ဟု အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်မှ ဆုတောင်းပေးခဲ့သည်။

ထို့နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ စင်ကာပူ နှင့် ဂျပန်ရောက် မြန်မာနိုင်ငံသားများ၏ အလှူငွေများလှူဒါန်းခြင်းနှင့် စစ်ကိုင်းတိုင်းမှ မြို့ခံတစ်ဦးမှလည်း အထွေအထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၏ လူမှုရေးလုပ်ငန်းများအတွက် အလှူငွေ လှူဒါန်းခဲ့ကြောင်းသိရှိရသည်။

IRRAWADDY BLOG မှကူးယူဖေါ်ပြပါသည်။

NLD ကောင်းမှုကုသိုလ်ပွဲမှာ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး တောင်းဆို


နှစ်သစ်ကူး ကောင်းမှုကုသိုလ်ပြုတဲ့ အနေနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရွှေဂုံတိုင်ရုံးမှာ သက်ကြီးပူဇော်ပွဲ အခမ်းအနားနဲ့အတူ အညတြ နိုင်ငံရေး အကျဉ်းသား ဂုဏ်ပြုပွဲ ကျင်းပခဲ့သလို နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး လက်မှတ်ရေးထိုး လှုပ်ရှားမှုကိုလည်း ပြုလုပ်ခဲ့ပါတယ်။အခမ်းအနားကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေ၊ နိုင်ငံရေး လှုပ်ရှားနေသူတွေနဲ့ နိုင်ငံရေး အကျဉ်းသား မိသားစုတွေလည်း တက်ရောက်ခဲ့ကြပါတယ်။

အလားတူ ဒီမိုကရေစီနိုင်ငံ ထူထောင်ရေး အတူတကွ လက်တွဲ ဆောင်ရွက်နိုင်ဖို့ဆိုရင် သမ္မတ ဦးသိန်းစိန် အစိုးရ အနေနဲ့ နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးဖို့ လိုအပ်တယ်လို့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားနေတဲ့ ကွန်ယက်အဖွဲ့က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် လာမယ့် ရက်အနည်းငယ်အတွင်းမှာ နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး လက်မှတ်ရေးထိုး တောင်းဆိုထားတဲ့ စာကို သမ္မတ ဦးသိန်းစိန်ထံကို တိုက်ရိုက် ပေးပို့မှာဖြစ်တယ်လို့ ဦးဆောင် လှုပ်ရှားနေသူတဦး ဖြစ်တဲ့ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဖြိုးမင်းသိန်းက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ၊ ပြည်ပ ရောက်နေသူတွေ၊ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ဖို့ နိုင်ငံရေး ပြဿနာတွေကို တွေ့ဆုံဆွေးနွေးရေး နည်းလမ်းနဲ့ အဖြေရှာဖို့ သမ္မတဦးသိန်းစိန် အစိုးရကို တိုက်တွန်းထားတယ်လို့လည်းဆိုပါတယ်။

ဒီကနေ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ကျင်းပတဲ့ အညတြ ဂုဏ်ပြုဆု ချီးမြှင့်ပွဲ အခမ်းအနား တက်ရောက်လာသူ အားလုံးလည်း လက်မှတ် ရေးထိုးခဲ့ကြတယ်လို့ သိရပါတယ်။ နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးဖို့ လက်မှတ်ရေးထိုး တောင်းဆိုမှုကို ပြည်နယ်၊ တိုင်းနဲ့ မြို့နယ်အလိုက် ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားသွားမယ်လို့ ကိုဖြိုးမင်းသိန်းက ပြောပါတယ်။
RFAသတင်းမှ ကူးယူဖေါ်ပြပါသည်။

Thursday, April 14, 2011

နှစ်ကူးမှာ နိုင်ငံရေး အကျဉ်းသားတွေလွှတ်ဖို့ ကင်တားနား မျှော်လင့်

ဗုဒ္ဓဟူး, 13 ဧပြီ 2011

မြန်မာအာဏာပိုင်တွေဟာ အခွင့်အလမ်းတခုအနေနဲ့ ကျရောက်နေတဲ့ မြန်မာနှစ်ဆန်းမှာ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ မျှော်လင့်ပါတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာကင်တာနားက ပြောပါတယ်။ တချိန်တည်းမှာ မြန်မာနိုင်ငံကို သွားရောက်ခွင့် ရဖို့ကိုလည်း မြန်မာအာဏာပိုင်တွေထံကို သူ စာရေးတောင်းဆို ထားတယ်လို့ သိရပါတယ်။ ဆက်သွယ် မေးမြန်းထားတဲ့ ကိုသားညွှန့်ဦးက တင်ပြထားပါတယ်။

အခု မြန်မာနှစ်သစ်ကူးမှာ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်လာမလား မျှော်လင့်သူတွေက မျှော်လင့်ချက်ထားကြသလို နိုင်ငံရေးပါတီအချို့ကလည်း အခုတက်လာတဲ့ အရပ်သား အစိုးရသစ်အနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အခုနှစ်ကူးမှာ လွှတ်ပေးဖို့ကိုလည်း တောင်းဆိုနေကြပါတယ်။ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် သောမတ်အိုဟေး ကင်တာနားလည်း ဒီလို တောင်းဆိုတဲ့အထဲ ပါဝင်ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးခြင်းအားဖြင့် အခုလာမယ့် နှစ်သစ်မှာ မြန်မာအစိုးရအနေနဲ့ အခွင့်ကောင်းတခု ဆုပ်ကိုင်နေမယ်လို့ မျှော်လင့်တဲ့အကြောင်း ဗွီအိုအေကို ပြောပါတယ်။

“ကျနော်အနေနဲ့ ဒီတာဝန်ကို ယူကတည်းက နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးကို တလျှောက်လုံး တောင်းဆိုခဲ့ပါတယ်။ အာဆီယံနိုင်ငံတွေ အပါအ၀င် မြန်မာ့အရေးအတွက် စိုးရိမ်သူ အတော်များများကလည်း တိုက်တွန်းခဲ့ကြပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ တောင်းဆိုချက်တွေကို မြန်မာအာဏာပိုင်တွေ အနေနဲ့ အခု မြန်မာနှစ်ဆန်း ကျရောက်တဲ့အခါမှာ အခွင့်ကောင်းတခုအနေနဲ့ စတင် အကောင်အထည် ဖော်လွှတ်ပေးဖို့ မျှော်လင့်ထားပါတယ်။ တဖက်မှာလည်း ကျနော့် အတွေ့အကြုံအရတော့ မြန်မာ အာဏာပိုင်တွေ အနေနဲ့ကလည်း သူများစကား နားထောင်တာထက် သူ့စဉ်းစား သတ်မှတ်ချက်အပေါ် တည်ပြီးတော့ ဆုံးဖြတ် လုပ်ကိုင်တတ်ပါတယ်။ စောင့်ကြည့်ရသေးတာပေါ့ဗျာ။”

၂၀၁၀ ရွေးကောက်ပွဲအတွင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြတဲ့ နိုင်ငံရေးပါတီအချို့နဲ့ ကိုယ်စားလှယ် အချို့ဟာလည်း နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်စေရေးကို လွှတ်တော်အတွင်း ဆောင်ရွက်သွားမယ်ဆိုပြီး ကတိဂ၀တ်တွေ ပြုခဲ့ကြပါတယ်။ ပြည်ထောင်စုလွှတ်တော်ခေါ်တော့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ရေးကိစ္စကို ကိုယ်စားလှယ်အချို့က တင်ပြခဲ့ပေမဲ့ လွတ်ငြိမ်းချမ်းသာခွင့် ကိစ္စဟာ ဖွဲ့စည်းပုံအရ နိုင်ငံတော်သမ္မတနဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဆုံးဖြတ်ရမှာဖြစ်တယ်ဆိုပြီး ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်တွေက ငြင်းပယ်တာကြောင့် လွှတ်တော်တွင်း ဆွေးနွေး မဲခွဲခွင့်မရခဲ့ပါဘူး။ ဒါကြောင့် အစိုးရသစ်ပေါ်လာတဲ့အချိန်မှာ အခုနှစ်ကူးမှာ နိုင်ငံရေးအကျဉ်းသား လွတ်ရေးကိစ္စ အစပြုလာမလား မျှော်လင့်သူတွေ ရှိလာတာပါ။

မစ္စတာကင်တာနားအနေနဲ့ကတော့ လူ့အခွင့်အရေးကိစ္စတွေ အတွက် မြန်မာနိုင်ငံကို သွားရောက်လည်ပတ်ခွင့် အစိုးရသစ်ကို စာပို့လိုက်ပြီလို့သိရပါတယ်။ ဒါပေမဲ့ အခုအချိန်အထိတော့ တုံ့ပြန်ချက်မရသေးပါဘူး။

“တစုံတရာ အဖြေတော့ အခုအချိန်အထိ ဘာမှ မရသေးပါဘူး။ စောင့်နေတုန်းပါ။ ရှေ့အပတ်ထဲကျရင်တော့ အဖြေ သိကောင်းသိနိုင်ပါတယ်။ အပြုသဘောဆောင်တဲ့ တုံ့ပြန်ချက်အဖြေ ရမယ်လို့တော့ မျှော်လင့်ထား ပါတယ်။ ဒါကလည်း ခန့်မှန်းချက်ပါ။”

မစ္စတာကင်တာနားအနေနဲ့က ပြီးခဲ့တဲ့နှစ် လူ့အခွင့်အရေးကောင်စီ ညီလာခံပြီးကတည်းက မြန်မာနိုင်ငံကို သွားရောက်ခွင့် မရခဲ့ပါဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့ လူ့အခွင့်အရေးကောင်စီ ညီလာခံကာလအတွင်းမှာတော့
မြန်မာနိုင်ငံဖက်က ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ကို အစိုးရသစ်ဖွဲ့ပြီးနောက် လာရောက်ခွင့် ပေးပါ့မယ်လို့ ကတိပြုခဲ့ပါတယ်။ ဒါကြောင့် အခု မြန်မာနှစ်ဆန်းနောက်ပိုင်းမှာ အစိုးရသစ်အနေနဲ့ သူ့ကို လာရောက်ခွင့် ပေးနိုင်မယ်လို့ မျှော်လင့်ထားတာပါ။

အစိုးရအနေနဲ့ကတော့ နိုင်ငံတကာကိုယ်စားလှယ်တွေ လာရောက်တိုင်း နိုင်ငံရေးအကျဉ်းသားအချို့ကို လွှတ်ပေးတာမျိုး ရှိခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံရေးကြောင့် ဖမ်းဆီးခံရသူတွေကို နိုင်ငံရေးအကျဉ်းသားရယ်လို့
မြန်မာအာဏာပိုင်တွေက မသတ်မှတ်ဘဲ ရာဇ၀တ်ပြစ်မှုကြောင့် အကျဉ်းကျခံရသူလို့သာ သတ်မှတ်ပါတယ်။ ဒါကြောင့်လည်း ပြီးခဲ့တဲ့ စစ်အစိုးရကာလမှာတော့ အကျဉ်းသားတွေကို လွှတ်ငြိမ်းချမ်းသာခွင့်၊ လွတ်ငြိမ်းသက်သာခွင့် ပေးတဲ့အခါမှာ နိုင်ငံရေးကြောင့် အကျဉ်းကျသူက နည်းနည်း သာမန်ရာဇ၀တ်မှုနဲ့ အကျဉ်းကျသူတွေလွတ်တာက ပိုများခဲ့တယ်လို့ ပြောရမှာပါ။

VOA

ဒေါ်အောင်ဆန်းစုကြည် ဆယ်စုနှစ်ရဲ့ အသံအဖြစ် ဂုဏ်ပြုခံရ








VOA

ကိုမိုးဇော်ဦး (NLD-LA) နဲ့ အင်တာဗျူး (ရုပ်သံ)



Face to Face (Irrawaddy)

Tuesday, April 12, 2011

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ရဟန်းအမအဖြစ် ပြုလုပ်ပေးတဲ့ အဖွဲ့ချုပ်အဖွဲ့ဝင် လူငယ်(၅)ဦးရဲ့ ရဟန်းခံ အလှူမင်္ဂလာ (ဓါတ်ပုံ)






၁၁ရက်နေ့က ပြုလုပ်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ရဟန်းအမအဖြစ် ပြုလုပ်ပေးတဲ့ အဖွဲ့ချုပ်အဖွဲ့ဝင် လူငယ်ငါးဦးရဲ့ ဒုလ္လဘ ရဟန်းခံ အလှူမင်္ဂလာအခမ်းအနားသို့ ဘဘဦးတင်ဦး၊ ဗိုလ်ကြီးဝင်းထိန်နဲ့ အဖွဲ့ချုပ်ဗဟိုလူငယ်အဖွဲ့ဝင်များ.. ဗဟိုအမျိုးသမီးအဖွဲ့ဝင်များ၊ ရဟန်းခံမိသားစုဝင်များနှင့် ဖိတ်ကြားထားသူများ အပါအဝင် လူဦးရေ (၂၀၀)ခန့် တက်ရောက်ခဲ့ကြပါတယ်..။
ဒီမိုဝေယံ မှကူးယူဖေါ်ပြပါသည်။

Saturday, April 9, 2011

ဒိန်းမတ်ကျောင်းသားများ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ


မြန်မာနိုင်ငံကို အလည်အပတ် ရောက်ရှိနေတဲ့ ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့ International High School က ဆရာမတဦးနဲ့ ကျောင်းသူကျောင်းသား ၁၂ ဦးတို့ မနေ့က မွန်းလွဲပိုင်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ကြကြောင်း သိရပါတယ်။
အဲဒီလို တွေ့ ဆုံရာမှာ ကျောင်းသူကျောင်းသားတွေက ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ်တွေ အကြောင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ စိတ်ဝင်တစား ဆွေးနွေးခဲ့ကြတယ်လို့ NLD ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ပြောပါတယ်။

“အဲဒီကျောင်းက Globaliaztion ဘာညာ အစရှိတဲ့ နိုင်ငံတကာ ဗဟုသုတတွေကို လေ့လာသင်ကြားတဲ့ ကျောင်းဖြစ်တဲ့အတွက် ကလေးတွေက Globaliaztion အပါအဝင် နိုင်ငံတကာနဲ့ ပတ်သက်တဲ့ကိစ္စတွေ အထွေထွေ အတွင်းရေးမှူးကို မေးကြတယ်လို့ သိရပါတယ်”

အဲဒီ ကျောင်းသားတွေထဲမှာ နော်ဝေးနိုင်ငံက ၂ ဦးနဲ့ အိုက်စလန် နိုင်ငံသား ၂ ဦး ပါဝင်တယ်လို့ ဆိုပါတယ်၊၊ ဆွေးနွေးပွဲအပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့အနေနဲ့ ကျောင်းသားတွေက အာဖရိက တေးသီချင်းတပုဒ် သီဆိုခဲ့ကြပြီး မှတ်တမ်းတင် ဓာတ်ပုံတွေလည်း ရိုက်ယူသွားခဲ့ကြတယ်လို့ သိရပါတယ်။
RFAသတင်းမှ ကူးယူဖေါ်ပြပါသည်.။