-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Wednesday, March 23, 2011

လယ်သမားကွန်ယက် NLD ဖွဲ့


တောင်သူလယ်သမားများကို ကူညီနိုင်ရေးအတွက် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အကြံပြုချက်အရ ဧရာဝတီတိုင်းတွင် လယ်သမားကွန်ယက်တခုကို ဖွဲ့စည်းပြီးကြောင်း အင်္ဂါနေ့တွင် ကြေညာလိုက်ရာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပထမဆုံးသော လယ်သမားကွန်ယက် ဖြစ်လာသည်။

မြို့နယ် ၁၉ ခုမှ တောင်သူလယ်သမား ၃၃ ဦးပါဝင်သော ကွန်ယက်က ဥပဒေနည်းလမ်းအရ တရားစွဲခြင်း၊ သတင်းအချက်အလက်များကို ရန်ကုန်မြို့ရှိ အန်အယ်ဒီ ရုံးချုပ်သို့ ပေးပို့ခြင်းများ ပြုလုပ်မှာ ဖြစ်သည်။

ကွန်ယက်ကို ပါတီဒုဥက္ကဋ္ဌ ဦးတင်ဦး ဦးဆောင်ပြီး ဒုဥက္ကဋ္ဌအဖြစ် ဧရာဝတီတိုင်း CEC အဖွဲ့ဝင် ဦးလှဖေ၊ အဖွဲ့ဝင်များအဖြစ် ဦးမန်းညွန့်သိန်း (ပန်းတနော်)၊ ဦးရွှေလှကြိုင် (ကံကြီးဒေါင့်)၊ ဦးသန်းထွန်းအေး (ကံကြီးဒေါင့်)၊ ဦးဝင်းထွန်း (ကျောင်းကုန်း)၊ ဦးမန်းဂျော်နီ (ကျုံပျော်)၊ ဦးအောင်ခင်ဘို (ဘိုကလေး)၊ ဦးသောင်းအေး (မအူပင်) ၊ ဦးမောင်မောင်ကြီး (အိမ်မဲ) နှင့် ဦးကျော်မြင့် (ဇလွန်) တို့ပါဝင်ထားသည်။

“တောင်သူလယ်သမားတွေ အခက်အခဲရှိတဲ့အခါ ဘယ်အဖွဲ့ကို တင်ပြရမှန်း မသိဘူး။ အခုလို ဖွဲ့လိုက်တော့ သူတို့ရဲ့ အခက်အခဲတွေကို ကျနော်တို့ဆီ တိုက်ရိုက်တိုင်ကြားနိုင်တာပေါ့။ ဥပမာအားဖြင့် လယ်ယာမြေ သိမ်းတဲ့နေရာမှာ ဒေသဆိုင်ရာ အာဏာပိုင်တွေကနေ လယ်လုပ်ပိုင်ခွင့်ကို လွှဲပြောင်းချလိုက်တာတွေ ရှိတယ်။ ဒါဖွဲ့လိုက်တော့ လယ်သမားတွေက ဆက်သွယ်ရေး လုပ်လာတယ်” ဟု NLD လုပ်ငန်းစဉ်တခုဖြစ်သော ဗဟိုတောင်သူလယ်သမား လုပ်ငန်းအဖွဲ့မှ အတွင်းရေးမှူး ဦးကျော်မြင့်က မဇ္ဈိမကို ပြောသည်။

မတ်လ ၉-၁၈ ရက်နေ့ထိ ရွှေဂုံတိုင်ရှိ အန်အယ်ဒီရုံးချုပ်၌ ဗဟိုခေါင်းဆောင်များနှင့် ပြည်နယ်နှင့်တိုင်း မြို့နယ်စည်းအဖွဲ့များ၊ အမျိုးသမီးအဖွဲ့များ၊ လူငယ်အဖွဲ့များမှ ကိုယ်စားလှယ်ပေါင်း ၅၄ဝ ကျော်တို့ တွေ့ဆုံခဲ့အပြီး ကွန်ယက်ဖွဲ့ရန် ဆုံးဖြတ်ခဲ့ကြသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း အချိန်အခါမဟုတ် မိုးရွာသဖြင့် ဧရာဝတီတိုင်း ရေကြည်မြို့နယ် ငသိုင်းချောင်းရွာရှိ ပြောင်းခင်းဧက ၄ဝဝဝ ကျော် ပျက်စီးမှုနှင့် ဇလွန်မြို့နယ်မှ စက္ကူစက်ရုံမှ ဓာတုပစ္စည်း စွန့်ပစ်မှုကြောင့် လယ်သမားများ အခက်အခဲ ဖြစ်ရပုံကို NLD သို့ တင်ပြမှုများ ရှိနေသည်ဟု
စိုက်ပျိုးရေး ပညာရှင်လည်းဖြစ်သော ဦးကျော်မြင့်က ပြောသည်။

အတိုက်အခံပါတီကြီးဖြစ်သော NLD တွင် လူငယ်ကွန်ယက်၊ ရှေ့နေကွန်ယက်နှင့် လယ်သမားကွန်ယက် ဟူ၍ ၃ ခု ဖွဲ့စည်းခဲ့ပြီး ဖြစ်သည်။

အလားတူပင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည) ကလည်း တောင်သူလယ်သမား အသင်းအဖွဲ့များ ဖွဲ့စည်းနိုင်ရေးကို လွှတ်တော် အတွင်း၊ အပြင်၌ ဆောင်ရွက်သွားမည်ဟု ပြောခွင့်ရပုဂ္ဂိုလ် ဦးဟန်ရွှေက ပြောသည်။

သို့သော် နိုင်ငံရေးပါတီများက ကိုယ့်အလုပ်သမား၊ သူ့အလုပ်သမားဟူ၍ သီးခြားဖွဲ့စည်းပါက အမျိုးသား စည်းလုံးညီညွတ်မှုကို ပျက်ပြားစေနိုင်သဖြင့် အဖွဲ့တခုတည်းအဖြစ် ဖွဲ့စည်းရန် လိုအပ်သည်ဟု ဆိုသည်။

“ ကိုယ့်ပါတီက ကိုယ့်လယ်သမား၊ သူ့ပါတီက သူ့လယ်သမားဆိုပြီးတော့ လုပ်မယ်ဆိုရင် စည်းလုံးညီညွတ်မှု ပျက်ပြားလိမ့်မယ်။ ဖဆပလ တုန်းက ဒီလိုအဖြစ်အပျက်မျိုး ဖြစ်ဖူးတယ်။ ဖဆပလ အလုပ်သမားကနေ ဖဆပလ သန့်ရှင်းတည်မြဲဆိုပြီးတော့ နှစ်ဖွဲ့လုပ်လိုက်တော့ အလုပ်သမား နှစ်ဖွဲ့ဖြစ်သွားတယ်။ ဒီလိုနဲ့ အမျိုးသား စည်းလုံးညီညွတ်မှု ပျက်တာရှိတယ်” ဟု ဦးဟန်ရွှေက မဇ္စျိမကို ပြောသည်။


MIZZIMAသတင်းမှ ကူးယူဖေါ်ြ့ပါသည်။

ရွှေတိဂုံရှိ ကျောင်းသားသပိတ် ကျောက်တိုင် ထာဝရပိတ်မည်


ရန်ကုန်မြို့ရှိ ရွှေတိဂုံ စေတီပေါ်၌ စိုက်ထူထားသော ကျောင်းသားသပိတ် အထိမ်းအမှတ် သမိုင်းဝင် ကျောက်စာတိုင်အား နိုင်ငံရေး လှုပ်ရှားမှုများ ပြုလုပ်မည်ကို စိုးရိမ်သည့်အတွက် ဆက်လက်ပိတ်ပင်ထားရန် အာဏာပိုင်များက ညွှန်ကြားထားသည်ဟု ရွှေတိဂုံစေတီ ဂေါပကအဖွဲ့တာဝန်ရှိသူ တဦးက ပြောဆိုလိုက်သည်။
စိုးရသစ် ပြောင်းလဲသွားမည် ဖြစ်သော်လည်း ရွှေတိဂုံစေတီ ဂေါပကအဖွဲ့ အနေနှင့် မူဝါဒပိုင်းအရသော် လည်းကောင်း၊ အုပ်ချုပ်ရေး ပိုင်းတွင် သော်လည်းကောင်း အပြောင်းအလဲ ရှိမည်မဟုတ်ဘဲ စေတီပေါ်၌ နိုင်ငံရေးလှုပ်ရှားမှုများ မဖြစ်ပေါ်စေရန် လုံခြုံရေး အရ တားဆီးမှုများကို သက်ဆိုင်ရာ အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဂေါပက တာဝန်ရှိသူက ပြောပြသည်။

“မူဝါဒပိုင်းကော၊ လုပ်ငန်းဆောင်ရွက်တဲ့ အပိုင်းကော ဘာမှမပြောင်းလဲပါဘူး။ စေတီတော်မှာ လုံခြုံရေးယူနေတဲ့ အဖွဲ့တွေကလည်း သူတို့လုပ်ငန်းစဉ်တွေ ဆက်လုပ်ကြမယ်။ အစိုးရသစ် ဆိုပေမယ့် အရင်က လူကြီးတွေဆိုတော့ သိပ်ထူးထူးထွေထွေ ပြောင်းစရာ မရှိဘူး။ စနေထောင့်က သမိုင်းဝင် ကျောက်စာတိုင်လည်း ဖွင့်ပေးဖို့ မရှိဘူး။ အစကတည်းက တသက်လုံး ပိတ်ထားဖို့ ညွှန်ကြားထားပြီး သား။ အဲဒီနေရာကို ကျောင်းသားတွေ လာစုပြီး ဆူပူဖို့ စုဝေးတာတွေ ဖြစ်မှာစိုးလို့”ဟု ဂေါပက တာဝန်ရှိသူက ဆိုသည်။

၂၀၀၉ ခု နှစ်ကုန်ပိုင်း ကတည်းက အထူးကန့်သတ် နယ်မြေအဖြစ် ပိတ်ပင်ထားသည့် ရွှေတိဂုံစေတီ စနေထောင့်အနီး နေ လ ဘုရား နှစ်ဆူဘေးတွင် စိုက်ထူထားသော ကျောက်စာတိုင်သည် မြန်မာနိုင်ငံ၏ ပထမဆုံး ကျောင်းသား သပိတ်ဟု ဆိုနိုင်သော ၁၉၂၀ ခုနှစ် ကျောင်းသား အရေးတော်ပုံကြီး စတင်ပေါက်ဖွားရန် ရန်ကုန်ကောလိပ် ကျောင်းသားကြီးများ လျှို့ဝှက်တိုင်ပင် စည်းရုံး သစ္စာပြုခဲ့သည့် နေရာတခုဖြစ်ပြီး ယင်းသမိုင်းဝင် ကျောင်းသားသပိတ် ကျောက်စာတိုင် ၀န်းကျင်တခုလုံးကို သံပန်းများဖြင့် ကာရံ၍ အနီးတွင် လုံခြုံရေး ၀န်ထမ်းများ စဉ်ဆက်မပြတ် ချထားခဲ့သည်မှာ ဆယ်နှစ်ကျော်ရှိနေပြီ ဖြစ်ကြောင်း ဘုရားဂေါပက အဖွဲ့ထံမှ သိရှိရသည်။

ယင်းကျောင်းသားသပိတ် ကျောက်စာတိုင်တွင် ၁၉၂၀ ကျောင်းသားသပိတ်ဆင်နွှဲမည့် ဆွေးနွေးသစ္စာပြုသည့် ကောလိပ်ကျောင်း သားကြီး ၁၁ ဦးဖြစ်သော ကိုဘရှင်-သံတွဲ ၊ ကိုညီပိတ်၊ ကိုဖိုးကွန်း၊ ကိုဧ၊ ကိုလှတင်၊ ကိုဘဦး၊ ကိုဖေသိန်း၊ ကိုထွန်းဝင်း၊ ကိုဘရှင်-ထားဝယ်၊ ကိုဘခင်၊ ကိုအောင်ဒင် တို့၏ အမည်များနှင့် ဤနေရာတွင် အင်္ဂလိပ်အစိုးရ၏ မတရားသော ရန်ကုန်တက္ကသိုလ် အက် ဥပဒကို သပိတ်မှောက်ရန် ကျောင်းသားများ လျှို့ဝှက်သစ္စာပြုခဲ့ကြသည်ဟု ကျောက်စာတိုင်တွင် ရေးထိုးထားသည်။

ထိုသို့ ကျောင်းသားများ စတင်သပိတ်မှောက်သော ၁၉၂၀ ခုနှစ် ဒီဇင်ဘာလ ၅ ရက်၊ မြန်မာ သက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင် မုန်း လဆုတ် ၁၀ ရက်နေ့ကို အမျိုးသားနေ့ အဖြစ် သတ်မှတ်ခဲ့ကြသည်။

မြန်မာကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်တက်ရောက်နိုင်ရန် ခက်ခဲလွန်းသည့် ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို အင်္ဂလိပ် အစိုးရက ၁၉၂၀ သြဂုတ်လ ၂၈ ရက်နေ့တွင် ပြဋ္ဌာန်းလိုက်သည့်အတွက် ကောလိပ်ကျောင်းသားကြီးများက ထိုဥပဒေကို စတင် သပိတ်မှောက်ခဲ့ကြခြင်း ဖြစ်သည်။

ကိုလိုနီခေတ်စနစ်၏ ကျွန်ပညာရေးစနစ်ကို တော်လှန်သော သမိုင်းဝင်နေရာကို ပိတ်ပင်ထားခြင်းသည် သမိုင်းကိုဖျောက်ဖျက်ရန် ကြိုးစားခြင်းဖြစ်ပြီး နိုင်ငံအတွက် ရှေးဟောင်းသမိုင်းဝင် နေရာတခုဆုံးရှုံးလိုက်ရခြင်းဖြစ်ကြောင်း ဂျာမန် ဧည့်လမ်းညွှန်တဦးက ပြော သည်။

“ဧည့်သည်တွေက မေးတယ်။ အဲဒီ ကျောက်တိုင်ကြီးက ဘာလဲ။ ဘာလို့ပိတ်ထားတာလဲ မေးကြတယ်။ ကျနော်တို့ကတော့ မေးရင် ရှင်းပြတယ်။ ဒီနေရာက ကျောင်းသားတွေ အင်္ဂလိပ်ကိုလိုနီကိုတော်လှန်ဖို့ဆွေးနွေးကြတဲ့ အထိမ်းအမှတ်နေရာလို့ပြောတော့ သူတို့က သမိုင်းတန်ဖိုးအရမ်းကြီးတယ်လို့ ပြန်ပြောတယ်။ သမိုင်းဝင်နေရာကို ပိတ်ပင်တာ မိုက်မဲတဲ့လုပ်ရပ်ပဲလို့ ဝေဖန်ကြတယ်”ဟု ၎င်းက ဆိုသည်။

ရွှေတိဂုံစေတီသည် ဗုဒ္ဓဘာသာဝင်များအတွက် အထွဋ်အမြတ်နေရာတခုဖြစ်ရုံမျှမက မြန်မာ့နိုင်ငံရေးအတွက် အလွန်အရေးပါသော နေရာတခုဖြစ်ပြီး လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလ၊ လွတ်လပ်ရေးရပြီးနောက်ကာလ အပါအ၀င် နိုင်ငံရေးလှုပ်ရှားမှုများ စတင် မွေးဖွားသန္ဓေတည်ရာ သမိုင်းဝင်နေရာတခုဖြစ်သောကြောင့် အာဏာရှင်အစိုးရအဆက်အဆက် စိုးရိမ်ကြခြင်းဖြစ်နိုင်ကြောင်း ပြည်တွင်း သတင်းဂျာနယ်အယ် ဒီတာတဦးက ပြောဆိုသည်။

“အာဏာရှင်တွေကြောက်မယ်ဆိုရင်လည်း ကြောက်လောက်စရာပဲ။ ဒီစေတီတော်ကြီးကို သစ္စာပြုပြီး တော်လှန်ရေးလုပ်ခဲ့ကြတဲ့ သူရဲကောင်း ရဲဘော်တွေကလည်း သမိုင်းတလျှောက်မှာ နည်းမှ မနည်းပဲကိုး။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးလို သံဃာတော် တွေ ဦးဆောင်တဲ့ တော်လှန်ရေးကြီးကလည်း ဒီစေတီတော်ကြီးကိုပဲ အခြေပြုပြီးဖြစ်ခဲ့တာဆိုတော့ အာဏာရှင်တွေ ချောက်ချားကြ တာ မဆန်းပါဘူး”ဟု ရန်ကုန်မြို့ခံတဦးကလည်း ပြောသည်။

ရွှေတိဂုံစေတီ ရင်ပြင်သို့ တက်ရောက်မည့် မုခ်များအားလုံးတွင် ရဲ၊ စစ်ဖက်ဆိုင်ရာ လုံခြုံရေးအဖွဲ့(စရဖ) နှင့် အရပ်ဝတ် ထောက် လှမ်းရေးများ ပါဝင်သော လုံခြုံရေးတပ်ဖွဲ့များကို ၂၄ နာရီမပြတ်ချထားပြီး ဘုရားဖူးလာသူများအား စစ်ဆေးလေ့ရှိကာ စေတီရင်ပြင် တခုလုံးတွင်“မိုင်း အသိ၊ မိုင်း သတိ” ဆိုသော ဆိုင်းဘုတ်တချို့ ထားရှိသည်ကိုလည်း တွေ့ရသည်။

စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ၂၀၀၅ ခုနှစ်တွင် ပျဉ်းမနား ကြပ်ပြေးဒေသကို နေပြည်တော်ဆိုသော အမည်နှင့် မြို့တော်အဖြစ် သတ်မှတ်ပြောင်းရွှေ့ပြီးနောက် အဆိုပါမြို့သစ်တွင် ရွှေတိဂုံစေတီ ပုံတူ ဥပ္ပါတသန္တိစေတီတဆူကို တည်ထား ကိုးကွယ်လျက်ရှိသည်။
IRRAWADDYသတင်းမှကူးယူဖေါ်ပြပ်သည်။

Monday, March 21, 2011

နိုင်ငံရေးအကျဉ်းသားတွေကို မေ့မထားကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း


မြန်မာနိုင်ငံမှာ အကျဉ်းကျခံနေရဆဲ ဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသား ၂ ထောင်ကျော်ကို မေ့မထားကြဖို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က Amnesty Internationl ခေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့မှာ ပါဝင်လှုပ်ရှားသူတွေကို တယ်လီဖုန်းကတဆင့် တိုက်တွန်း ပြောကြားလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကိုမြို့မှာ ပြုလုပ်နေတဲ့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (အမေရိကန် အဖွဲ့ခွဲ) ရဲ့ နှစ် ၅ဝ မြောက် အထွေထွေညီလာခံကို တယ်လီဖုန်းကတဆင့် ပြောကြားတဲ့ နှုတ်ခွန်းဆက်စကားမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ထည့်သွင်းပြောသွားတာပါ။

နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်ဖို့အတွက် လူထုအခြေခံ လှုပ်ရှားသူတွေရဲ့ ကြိုးပမ်းမှုကို လေးစား အသိအမှတ် ပြုပါကြောင်းနဲ့ ကျန်တဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုလည်း မေ့မထားကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှုတ်ခွန်းဆက်စကား အပြီးမှာ ဇင်ဘာဘွေနိုင်ငံက အမျိုးသမီးများရဲ့ လူမှု အခွင့်အရေး အဖွဲ့ တည်ထောင်သူ Jenni Williams ကလည်း တယ်လီဖုန်းကတဆင့် နှုတ်ခွန်းဆက် ပြောဆိုပါတယ်။ အဲဒီအဖွဲ့ဟာ ဇင်ဘာဘွေနိုင်ငံမှာ အကြမ်းမဖက်တဲ့ လူမှု အခွင့်အရေး လှုပ်ရှားမှုတွေကြောင့် ညှဉ်းပန်းနှိပ်စက်ခံ၊ အကျဉ်းကျခံခဲ့ရတဲ့ အမျိုးသမီးတွေ စုစည်းပြီး တည်ထောင် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (အမေရိကန်အဖွဲ့ခွဲ) ရဲ့ နှစ်ပတ်လည်ညီလာခံမှာ နယ်ပယ်အသီးသီးက အောင်မြင် ကျော်ကြားသူတွေ၊ ထင်ရှားတဲ့ စာပေအနုပညာရှင်တွေ အပါအဝင် လူ့အခွင့်အရေး လှုပ်ရှားသူတွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
RFAသတင်းမှ ကူးယူဖေါ်ပြပါသည်။

Sunday, March 20, 2011

NLD(LA)JB နဂိုရာစည်းရုံးရေဒေသ၏ပူးပေါင်းဆောင်ရွက်မှု့






ငလျှင်ဒဏ်နှင့်ဆူနာမီဒဏ်ကို ကြီးမားပြင်းထန်စွာ ခံစားနေရသောဂျပန်ပြည်သူများအတွက် ကူညီမှု့တစ်ခုအနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဋ္ဌာနခွဲနဂိုရာစည်းရုံးရေးဒေသ အဖွဲ့င်များသည်။ဂျပန်NGOအဖွဲ့အစည်းတစ်ခုဖြစ်သော RSY.NAGOYA အဖွဲ့နှင့်ပူးပေါင်းပြီး အလှူငွေကောက်ခံခြင်းကို SAKAEရှိMITSUKOSHI ကုန်တိုက်ရှေ့တွင် ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်

Saturday, March 19, 2011

ပြည်သူ့အကျိုးပြု လုပ်ငန်းများ NLD တိုးမြှင့်မည်


ပါတီရုံးခွဲ မရှိသေးသည့် ကယားပြည်နယ်မှအပ ပြည်နယ်/တိုင်း ၁၃ ခုတွင် ပြည်သူ့အကျိုးပြု လုပ်ငန်းများ အရှိန်ဟုန်မြင့် လုပ်ဆောင်သွားမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ပြောဆိုသည်။

ဗဟန်းမြို့နယ် NLD ရုံးချုပ်တွင် ဗဟိုအလုပ်မှုဆောင်အဖွဲ့နှင့် ပြည်နယ်နှင့် တိုင်း မြို့နယ်စည်းအဖွဲ့၊ အမျိုးသမီးအဖွဲ့၊ လူငယ်အဖွဲ့ ကိုယ်စားလှယ် စုစုပေါင်း ၅၄ဝ ကျော်တို့ ယခုလ ၉-၁၈ ရက်နေ့အထိ တွေ့ဆုံကာ၊ ၎င်းတို့ဒေသများ၌ လိုအပ်သည့် လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး လိုအပ်ချက်များကို တင်ပြဆွေးနွေးအပြီး ချမှတ်ခဲ့ခြင်း ဖြစ်သည်။

“ပြည်သူလူထုရဲ့ ဘဝက လိုအပ်ချက်တွေအရမ်းများလာနေပါပြီ။ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားပေါ့။ စတဲ့ လိုအပ်ချက်တွေ များလာနေတဲ့ ပြည်သူလူထုကို ကူညီနိုင်ဖို့ ပြည်နယ်တိုင်းတွေကို ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို လုပ်ခိုင်းနေပါတယ်။ အခမဲ့ဆေးခန်းဖွင့်တာတို့၊ ပညာဒါနတို့၊ သွေးလှူဒါန်းတာတို့၊ သောက်သုံးရေရရှိရေး ကူညီနိုင်တာတို့ စတဲ့ ဟာတွေ ကူညီပေးစရာတွေ ရှိတယ်” ဟု အဖွဲ့ချုပ်ပြောခွင့်ရ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

ဆွေးနွေးပွဲသို့ NLD ဥက္ကဋ္ဌ ဦးတင်ဦး၊ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၊ ဗဟိုအလုပ်မှုဆောင်ဝင်များ၊ ပြည်နယ်/တိုင်း ၁၃ ခုမှ စည်းအဆင့် ၃ ဦးစီ၊ မြို့နယ်စည်းအဆင့် ၂ ဦးစီ၊ အမျိုးသမီးအဖွဲ့ ကိုယ်စားလှယ် ၂ ဦးစီနှင့် လူငယ်အဖွဲ့ ၂ ဦးစီဖြင့် ဆွေးနွေးရက် ၁ဝ ရက်အတွင်း ဦးရေ ၅၄ဝ ကျော် တက်ရောက်ခဲ့သည်။

ပြည်နယ်/တိုင်းများတွင် လုပ်ကိုင်နေသည့် ပြည်သူ့အကျိုးပြုလုပ်ငန်း အားနည်းချက်၊ အားသာချက်များ ဆွေးနွေးခဲ့ပြီး၊ တိုးမြှင့်လုပ်ကိုင်သွားမည်ဖြစ်ကာ၊ လုပ်ဆောင်ပေးမည့် ဒေသများလည်း တိုးချဲ့သွားမည်ဖြစ်သည်။

“အခုပြည်သူလူထုမှာ အဓမ္မ လယ်ယာမြေသိမ်းမှု ကိစ္စတွေဖြစ်တယ်။ နောက် ဥပဒေမဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကိုလည်း ဥပဒေအထောက်အကူပြုအဖွဲ့က ဘယ်လိုကူညီနိုင်မလဲဆိုတာ ဆွေးနွေးတယ်။ နောက် ရေရှည်ဆောင်ရွက်သွားဖို့ ကိစ္စတွေကိုလည်း မှတ်သားထားပြီးတော့ ဆက်လက်ဆောင်ရွက် သွားဖို့ရှိတယ်” ဟု ဦးအုန်းကြိုင်က ပြောသည်။

ပြည်နယ်/တိုင်း၊ မြို့နယ်စည်းများ၏ တင်ပြတောင်းဆိုမှုများကို ဗဟိုက ချက်ချင်းလုပ်ပေးနိုင်မည့် ကိစ္စများကို ဆုံးဖြတ်လုပ်ဆောင်ပေးခဲ့သလို၊ အချိန်ယူ လုပ်ငန်းများကို ဆက်လုပ်သွားမည်ဖြစ်ကြောင်းနှင့် ယင်းသို့ကူညီမှုများကို NLD သို့ ပြည်သူက လှူဒါန်းသည့် ငွေများဖြင့် ဖြည်းဖြည်းချင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အထိန်းသိမ်းခံမှ ပြန်လွတ်ပြီးနောက် ပညာရေး၊ ကျန်းမာရေး ကူညီရေးသာမက၊ နိုင်ငံရေးအကျဉ်းသားများကိုပါ ထောက်ပံ့ပေးနေသည်များလည်း ရှိသည်။

၂ဝ၁ဝ ခုနှစ်တွင် ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သည့် ဂီရိမုန်တိုင်းသင့် ပြည်သူများကို ကူညီပံ့ပိုးခဲ့သလို၊ ၂ဝဝ၈ ခုနှစ် ဧရာဝတီတိုင်း နာဂစ်မုန်တိုင်းသင့် ဒေသအချို့၌ ရေတွင်းရေကန်များ တူးဖော်ပေးခဲ့သေးသည်။

နောက်ဆုံးရက် ယနေ့၌ ကချင်ပြည်နယ်နှင့် ဆွေးနွေးခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်ပါ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ ပြည်နယ်/တိုင်း ၁၃ ခုမှ ခေါင်းဆောင် ၅၄ဝ ကျော် တက်ရောက်သဖြင့် အောင်မြင်သည့် ဆွေးနွေးမှုအဖြစ် ပါတီခေါင်းဆောင်များက ဆုံးဖြတ်ခဲ့ကြသည်။

“အဖွဲ့ချုပ်ဟာ မှတ်ပုံတင်မထားတော့ဘူး၊ မရှိတော့ဘူးပြောပြော၊ ရှိတယ်ပဲပြောပြောပေါ့ဗျာ။ အဖွဲ့ချုပ်ဟာ ပြည်သူလူထုကြားမှာ ခိုင်ခိုင်မာမာ ဆက်လက်ပြီးတော့ ရှိနေတယ်ဆိုတာ။ ဒါ အထင်ရှားဆုံး သာဓကပဲ။ ဒါကိုက အဓိက ဒီဆွေးနွေးပွဲရဲ့ အောင်မြင်ချက်ဖြစ်တယ်လို့ အဲလို သုံးသပ်ကြပါတယ်။ ပြည်သူလူထုကလည်း အားကိုးနေဆဲပဲဆိုတာ တောင်းဆိုနေမှုတွေက သက်သေပါပဲ” ဟု ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ သုံးသပ်ချက်ကို ဦးအုန်းကြိုင်က ပြောပြသည်။


MIZZIMAသတင်းမှ ကူးယူဖေါ်ပြပါသည်။

အစိုးရသစ်နဲ့ ဆွေးနွေးဖို့ NLD အဆင်သင့်


မြန်မာနိုင်ငံက နိုင်ငံရေးပြဿနာတွေပြေလည်ဖို့အတွက် နောက်တက်လာတဲ့အစိုးရနဲ့ ဆွေးနွေးညှိနှိုင်းပြီး အပေးအယူလုပ်ဖို့ အဆင်သင့်ပဲလို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ NLD ဗဟိုအလုပ်အမှုဆောင်တွေနဲ့ ကချင်ပြည်နယ်က NLD ပါတီဝင်တွေ တွေ့ဆုံစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောလိုက်တာပါ။ ရန်ကုန် NLD ရုံးချုပ်မှာ တိုင်းနဲ့ပြည်နယ်အလိုက် NLD စည်းရုံးရေးမှူးတွေနဲ့ ဆွေးနွေးပွဲ နောက်ဆုံးနေ့ဖြစ်တဲ့ ဒီကနေ့ သောကြာနေ့မှာ အခုလို ပြောလိုက်တဲ့အကြောင်း အသေးစိတ်ကိုတော့ မသင်းသီရိက တင်ပြထားပါတယ်။

တွေ့ဆုံဆွေးနွေးရေးကို ဦးတည်နေတဲ့ NLD ပါတီဟာ နောက်တက်လာမယ့် အစိုးရသစ်နဲ့ရော ဘယ်အဖွဲ့အစည်းနဲ့မဆို ဆွေးနွေးညှိနှိုင်းပြီး အပေးအယူနဲ့ အလျော့အတင်းလုပ်ဖို့ အဆင်သင့်ပဲလို့ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ကချင်ပြည်နယ်က NLD စည်းရုံးရေးမှူးတွေနဲ့ဆွေးနွေးပွဲမှာ ပြောလိုက်တာပါ။ ဒါ့ကြောင့် NLD ပါတီဟာ စည်းလုံးညီညွတ်ကြဖို့လိုသလို လူထုရှေ့က မားမားမတ်မတ် ရပ်ကြဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသွားတယ်လို့ NLD ပါတီပြောခွင့်ရသူ ဦးအုန်းကြိုင်ကပြောပါတယ်။

“တွေ့ဆုံဆွေးနွေးရေးကို ဦးတည်တဲ့အဖွဲ့ဖြစ်တယ်။ န.အ.ဖ မဟုတ်ဘူးဆိုရင်လည်း ဘယ်နံမည်နဲ့ အစိုးရပဲဖြစ်ဖြစ်ပေါ့လေ၊ နောက်ဆုံးကျတော့ တပ်မတော်အစိုးရအပေါ်မှာ သြဇာအာဏာရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးညှိနှိုင်းဖို့ဆိုတာကို ကျမတို့ ဦးတည်ချက်ထားပြီးတော့ လုပ်နေတာဖြစ်တယ်။ အဲဒီတော့ ကျမတို့ အနှစ် ၂၀ ကျော် အဆင်မပြေတဲ့ကိစ္စတွေကို ကျော်လွှားပြီးတော့ ညှိနှိုင်းဆွေးနွေဖို့ ကျမတို့ ဦးတည်နေတာ။ ဒီဟာအတွက် ကျမတို့အပေးအယူလုပ်ဖို့ အဆင်သင့်ပဲပါဆိုတာလည်း ထပ်လဲလဲပြောနေတယ်။ တွေ့ဆုံဆွေးနွေးတယ်ဆိုတာဟာ ဘယ်ဘက်ကမှ လိုချင်သလိုတော့ ရနိုင်မှာမဟုတ်ဘူး။ အလျော့အတင်းဆိုတာ ရှိမှာပဲဆိုတာ ကျမတို့ သဘောပေါက်တယ်။ ကျမတို့အချင်းချင်းလည်း မပြေလည်တဲ့အခါကျရင် အလျော့အတင်း ရှိရမယ်။ ဘယ်သူကပိုပြီးတော့ အလျော့ပေးနိုင်သလဲဆိုတာ ပြိုင်ပါတဲ့။ အထွေထွေအတွင်းရေးမှူးက လမ်းညွှန်ပါတယ်။”

ကယားပြည်နယ်ကလွဲပြီး ကျန်တဲ့ တိုင်းနဲ့ပြည်နယ် ၁၃ ခုက NLD ပါတီ စည်းရုံးရေးမှူးတွေနဲ့ ဆွေးနွေးပွဲတွေကို ၁၀ ရက်ကြာကျင်းပခဲ့တဲ့အထဲ ဒီကနေ့ နောက်ဆုံးနေ့အဖြစ် ကချင်ပြည်နယ်နဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ ဒီကနေ့ ကချင်ပြည်နယ်နဲ့ တွေ့တဲ့အခါမှာတော့ အဲဒီဒေသတွေမှာ တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်နေကြတဲ့ ကချင်လူထုရဲ့ခံစားချက်တွေကို ပြောပြခဲ့ကြပါတယ်။

“ရွေးကောက်ပွဲလုပ်ပြီးတော့ လွှတ်တော်ကျင်းပနေချိန်မှာ ဟိုမှာတပ်အင်အားတွေ တိုးချဲ့ပြီးတော့ တပ်ချတာတွေ တိုးလုပ်လာနေတယ်တဲ့၊ အဲဒီတော့ အဲဒါတွေဟာ တဖက်နဲ့တဖက်ပေါ့ဗျာ။ လက်နက်ကိုင် တိုက်ခိုက်ကြတော့မလို ပြည်သူလူထုက စိုးရိမ်ထိတ်လန့်နေတယ် ဆိုတာတွေကိုလည်း တင်ပြသွားကြပါတယ်ခင်ဗျ။”

ကချင်ပြည်နယ်တွင်း နိုင်ငံရေးဖိနှိပ်မှုကြီးတဲ့ အခြေအနေ၊ စိုးရိမ်စရာဖြစ်နေတဲ့ စီးပွားရေး မှောင်ခိုလောကနဲ့ လူငယ်တွေရဲ့ မူးယစ်ဆေးဝါးသုံးစွဲမှုတွေအပေါ်မှာလည်း NLD ပါတီက ဘယ်လိုကူညီနိုင်မလဲဆိုတာကို ဒီဆွေးနွေးပွဲအတွင်း စဉ်းစားခဲ့ကြပါတယ်။

“တိုင်းရင်းသားဒေသတွေလည်း ဖြစ်တယ်။ ပြီးတဲ့အခါကျတော့ သက်ဆိုင်ရာ အာဏာပိုင်တွေကလည်း အလွန်ဖိနှိပ်တဲ့အနေအထားမှာ ရှိနေတယ်။ အဲဒါကြောင့်မိုလို့ စည်းရုံးရေးလုပ်ငန်းတွေက အခက်အခဲတွေ ရှိနေတဲ့အကြောင်း တင်ပြပါတယ်။ ကချင်ပြည်နယ်မှာ လူငယ်များအကြားမှာလည်း တခြား စီးပွားရေး လုပ်ကိုင်ဆောင်ရွက်ဖို့ အခွင့်အလမ်းတွေ မရှိတဲ့အခါကျတော့ မှောင်ခိုလုပ်ငန်းတွေနဲ့ပဲ ပတ်သက်နေတာတွေ ဖြစ်နေတယ်။ ကချင်ပြည်နယ်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောင်ကားမှုနဲ့ သုံးစွဲမှု အခြေအနေကလည်း တအားကိုတက်လာတယ်။ နိုင်ငံရေးကိုစိတ်ဝင်စားတဲ့ လူငယ်ကလည်း သူကိုယ်တိုင် စားဝတ်နေရေးကို လုပ်နေတာက မှောင်ခိုလုပ်ငန်းလို ဖြစ်နေတဲ့အခါကျတော့ သူကကြောက်နေတယ်။ အဲဒီသဘောတွေ ဖြစ်နေတယ်ဆိုတဲ့အကြောင်းတွေ တင်ပြပါတယ်။ ဒါ နိုင်ငံရေး စည်းရုံးရေးနဲ့ ပတ်သက်လို့။”

မြန်မာနိုင်ငံရဲ့ နေရာတော်တော်များများမှာ ကြုံနေရတဲ့ သဘာဝပတ်ဝင်းကျင် ပျက်စီးမှု၊ လယ်ယာမြေသိမ်းခံရတဲ့ အခြေအနေတွေကလည်း ကချင်ပြည်နယ်မှာ ဆိုးဆိုးရွားရွားရှိနေတာ ဖြစ်ပါတယ်။

“တနိုင်းချောင်းဟာ အခုအခါမှာ မြစ်ရဲ့ ဟိုးအဖျားပိုင်းမှာ ရွှေကျင်တဲ့လုပ်ငန်းတွေဟာ အင်တိုက်အားတိုက်လုပ်နေတဲ့ အတွက်ကြောင့် ချောင်းကကောလာတယ်။ အဲဒီမှာ သောက်သုံးရေတောင် အခက်အခဲဖြစ်လာတယ်။ သွားလာဖို့ဆိုတာတောင်မှ မလွယ်တော့ဘူး ဖြစ်နေတယ်။ အဲဒီတော့ ဒေသ သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုတွေက တအားကိုဆိုးရွားနေတယ်။ ဖားကန့် အခြေအနေကတော့ အတော်ကို အဆိုးဆုံးဖြစ်နေပါတယ်။ ကျောက်စိမ်းတူးဖော်တဲ့လုပ်ငန်းတွေကို ကုမ္ပဏီတွေကိုလုပ်ပိုင်ခွင့်တွေ အပြတ်ပေးထားတဲ့အတွက်ကြောင့် ဥတိုချောင်းဟာ အခုဆိုရင် လုံးဝပျောက်လုနီးပါး ဖြစ်နေပြီးတော့ လူတွေလည်းနေစရာမရှိအောင်ကို ဖြစ်နေပြီ။ အလွန့်ကို ဆိုးရွားခက်ခဲနေပါတယ်၊ အဲဒါကလည်း တတ်နိုင်ရင် ကူညီဖြေရှင်းပေးပါလို့ ပြေကြတယ်။”

NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအုန်းကြိုင် ပြောပြခဲ့တာပါ။ ကချင်ပြည်နယ်မှာ ကျပ်တည်းတဲ့စီးပွားရေးကြောင့် ကျောင်းမနေနိုင်ကြတဲ့ ကလေးငယ်တွေနဲ့ ပညာရေးစနစ်နိမ့်ကျမှု၊ ကျန်းမာရေးစောင့်ရှောက်မှု မကောင်းတဲ့ အခြေအနေတွေနဲ့အတူ လူမှုရေးကိစ္စတွေမှာလည်း အခက်အခဲရှိနေကြတဲ့ ကချင်လူထုရဲ့ ဘ၀တွေကိုလည်း ကချင်အဖွဲ့တွေက တင်ပြခဲ့ကြပါတယ်။

NLD ရုံးချုပ်မှာ မတ်လ ၃ ရက်နေ့ကနေ ၁၈ ရက်နေ့ထိ တိုင်းနဲ့ပြည်နယ် အဖွဲ့လိုက် ၁၀ ရက်ကြာ ဆွေးနွေးခဲ့အပြီး NLD ရုံးချုပ်နဲ့အတူ ဥပဒေအထောက်အကူပြုအဖွဲ့၊ လူငယ်ကွန်ယက်အဖွဲ့တွေအပြင် လူမှုထောက်ကူပြုအဖွဲ့တွေနဲ့ပါ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေက ပြန်လည်ဆွေးနွေးပြီး အကူအညီပေးသွားဖို့ကိုလည်း ဆက်လက်စီစဉ်သွားမယ်လို့ NLD ပါတီက ပြောပါတယ်။
VOAသတင်းမှကူးယူဖေါ်ပြပါသည်။

တအိအိ အနောက်မှာ --(ညီပုလေး )

ဟောဒီမြို့မှာ ဗိုလ်ချုပ် အောင်ဆန်းလမ်းတို့၊ ရှင်စန်္ဒိမာလမ်း၊ အာဇာနည် လမ်းတို့ကို မြို့နေပြည်ထိုင် ပုဂ်္ဂိုလ်တိုင်း သိမီကြတယ်။ အထင်ကရ လမ်းကြီးတွေ ဟုတ်လား။

အဲဒီ ဗိုလ်ချုပ်အောင်ဆန်း လမ်းပေါ်မှာ ဆိုင်တွေ၊ ကနားတွေ အများကြီး။ ရွှေဆိုင်တွေလည်းရှိတယ်။ ကျောက်မျက်ရတနာ အရောင်း ဆိုင်တွေလည်း ရှိကြတယ်။ ပုဂ္ဂလိက ဘဏ်တိုက်တွေရော၊ စားသောက်ဆိုင်တွေရော၊ ရုပ်ရှင်ရုံတွေရော၊ စတိုးဆိုင်တွေရော၊ ဖိနပ်ဆိုင်တွေ၊ နာရီ အရောင်းဆိုင်တွေ၊ ဘာလိုချင်သလဲ ဟောဒီ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်မှာအကုန်ရတယ်။

ဒီတော့စာအုပ်ဆိုင်ဆိုတာလည်းပါတော့တာပေါ့။စာအုပ်ဆိုင်ကရှိတော့ရှိတယ်။အကြီးကြီးတော့ မဟုတ်ဘူး။ စာအုပ်ဆိုင်ရှင်တွေခမျာ စစချင်းတော့ နည်းနည်းနဲ့ကျဲကျဲဝိုင်းကြရတယ်ထင်ပါရဲ့။ ဆိုင်ရှင်လင်မယားနှစ်ယောက်မှာ ယောက်ျားသည်က ညိုညိုပုပုပါးပါး၊ မိန်းမဖြစ်သူက ဖြူ ဖြူ ဖြောင့်ဖြောင့်။ သူတို့နှစ်ယောက်ကို မြင်ရတဲ့ စာအုပ်ဝယ်သူတွေက ရှေ့သွားနောက်လိုက် ညီပါပေတယ်လို့ ဆိုသူ ရှိသလို ဘယ်လိုကြည့်ကြည့် မအပ်မစပ်တဲ့ အတွဲပါကွာလို့ တွေးသူလည်း တွေးမိကြပေမပေါ့။ သူတို့ နာမည်တွေကလည်း ၀တ္ထုစာအုပ် မာတိကာထဲက ယူပြီးမှည့်ထားသလိုပဲ။ခင်ပွန်းဖြစ်သူကကိုထွန်းဆွေမင်းတဲ့။

ထွန်းတောက်ထွဋ်ဆီ က ထွန်းကိုယူ၊ ဦးဆွေ(ဒဿ နိက)ဆီက ဆွေကိုကောက်၊ မင်းခိုက်စိုးစန်ဆီက မင်းကိုယူ မှည့်ထားရော့သလား။ ဇနီးသည်ရဲ့ နာမည်က လည်း မခေဘူး။ နှင်းခင်ရီ တဲ့လေ။ ခင်နှင်းရီ၊ ခင်နှင်းရည် ဆိုတာလို ကြားဖူးနေကျ နာမည်မျိုး မဟုတ်ဘဲ နှင်းခင်ရီတဲ့လေ။ စာရေးဆရာမတွေ ဖြစ်ကြတဲ့ နှင်းဆီအောင်၊ ပုညခင်၊ ကေသရီတို့ကိုများသူ့မိဘကစွဲလမ်းခဲ့လေသလား။

ကိုထွန်းဆွေမင်းက မနက်စောစော ဆိုင်ခင်းလေ့ ရှိတယ်။ ဒီမောင် ဆိုင်ရှေ့မှာ တံမြက်စည်း လှည်းရင် မနှင်းခင်ရီက စင်ပေါ်က စာအုပ်တွေ ဖုန်သုတ်တယ်။ ပါးစပ် ကတော့ ဈေးရောင်းကောင်းမယ့် ဓနသိဒ်္ဓိ ဂါထာ တစ်ခုခု ရွတ်ရင်းပေါ့။ အကြောင်း မညီညွတ်လို့၊ ဒါမှမဟုတ် ကိုထွန်းဆွေမင်း ရပ်ကွက်ထဲက လူမှုရေး ကိစ္စ တစ်ခုခုရှိလို့ တံမြက်စည်း မလှည်းအားရင်မနှင်းခင်ရီလှည်းတယ်။ဖုန်လည်းသုတ်တယ်။

မောင်တစ်ထမ်း မယ်တစ်ရွက် ဆိုင်လေးပါပဲ။ စစချင်း စာအုပ် သုံးလေးရာနဲ့ စဖွင့်ခဲ့တဲ့ ဆိုင်ကလေး။ ဆိုင်သက်တမ်းငါးနှစ်လောက်ရတော့ စာအုပ်ရေ တစ်ထောင့်ငါးရာ ဖြစ်လာရော။ သိပ်ပြီးထူးဆန်းတဲ့ကိစ္စတော့မဟုတ်ပါဘူး။ ဒီလင်မယားချွေချွေတာတာ ၀တ်စားကြတယ်လေ။ ရောင်းရသမျှဆိုင်ထဲပဲပြန်မြှုပ်နှံတဲ့သဘော။ အပျော်ဖတ်စာအုပ်တွေ၊ ကျောင်းပြဋ္ဌာန်းချက်တွေ မရောင်းလေတော့ သူတို့စာအုပ်ဆိုင်လေးက “ဖြောက်ဖြောက် ဖြောက်ဖြောက်” ရောင်းရတဲ့ ဆိုင်လေး။

ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ ဆရာကြီး ရွှေဥဒေါင်း၊ ဆရာဇော်ဂျီ၊ ဆရာ မင်းသုဝဏ်၊ ဆရာဗန်းမော်တင်အောင်၊ ဆရာမြသန်းတင့်၊ သခင်မြသန်း၊ လူထုဦးလှ၊ လူထုဒေါ်အမာ၊ သိန်းဖေမြင့်၊ ခင်မျိုးချစ်၊ အောင်သင်း၊ ဦးရွှေအောင်၊ ရွှေဘိုမိမိကြီး တို့ရဲ့ စာအုပ်မျိုးတွေ ရောင်းရာကနေ စာဖတ်ပရိသတ် တောင်းဆိုတဲ့ ခင်နှင်းယု၊ ခင်ဆွေဦး၊ ကလျာ၊ တက္ကသိုလ် ဘုန်းနိုင်တို့ တင်ရောင်းလာတယ်။ စာအုပ်ဝယ်သူတွေရဲ့ အလိုကို လိုက်ရင်း ရှင်ဆန္ဒာဓိက၊ ရဝေနွယ်(အင်းမ)၊ မေတ္တာရှင်(ရွှေပြည်သာ)၊ ဆရာကြီးဦးကြည်၊ ဂျူး၊ မင်းခိုက်စိုးစန် တို့ပါ ဖြန့်ချိရပါလေရော။

စာအုပ်ဝယ် ဆိုတာက စိတ်ကူးအမျိုးမျိုးနဲ့ လာကြတာ။ ဆရာကြီး ရွှေဥဒေါင်းရဲ့ တစ်သက်တာ မှတ်တမ်း ၀ယ်မလို့လာတာ၊ ဒါပေမဲ့ ဒေါက်တာ သန်းထွန်းရဲ့ ငါ ပြောချင်သမျှ ငါ့အကြောင်း တွေ့တဲ့အခါ ကောက်ဝယ်ချင် ၀ယ်သွားတာ။ လူထုဒေါ်အမာရဲ့ ပြည်သူချစ်သော အနုပညာသည်များဝယ်ပြီး ငွေပိုငွေလျှံလေးကျန်သေးတော့ ဘုရားရှိခိုးအမျိုးမျိုးပါ ၀ယ်သွားသူ မျိုးလည်းရှိ။ ဖြောက်ဖြောက် ပေမယ့် တချို့ဈေးဝယ်တွေက ဒိပြင် စာအုပ်ဆိုင်ကြီးတွေ မြို့အနှံ့ ရှိပေမယ့် သူတို့ဆိုင်ကိုမှ ပုံမှန်အားပေးကြတဲ့ အမာခံ ဖောက်သည်တွေလည်းရှိတယ်။

ကုန်စည်ဒိုင်က ပဲအရောင်းအ၀ယ်ဆရာကြီးကိုကြည်လွင်လိုပုဂ်္ဂိုလ်၊ ဆန်ကုန်သည်များ အသင်းက ကိုသိန်းဇော်လိုလူ၊ သမိုင်းကျူရှင်ဆရာ ဦးသိန်းဟန်၊ ပွဲကုန်းက ဒေါက်တာစံရ၊ မဟာဝိသုဒ္ဓါရုံနဲ့ မြတောင်တိုက်ကဦးပဉ္စင်းတချို့၊ စစ်ကိုင်း မြစကြာကျောင်းတိုက် ဦးပဉ္စင်းတွေ၊ သူတို့လိုချင်တဲ့စာအုပ် ဒီဆိုင်မှာမရှိရင် မှာထားခဲ့တယ်။ နောက်တစ်ခေါက်မှယူမယ်။ အဲဒီအခါ ကိုထွန်းဆွေမင်း ဆိုင်ကယ် ဖင်ကြားညှပ်ပြီး အော်ဒါပေးထားတဲ့စာအုပ် မရ ရအောင် ရှာပြီ။

ဒီလိုနဲ့ လစဉ်ဝယ်သူတွေ၊ ပုံမှန် ဖောက်သည်တွေ တစ်လပြီး တစ်လ တိုးလာတော့တယ်။ သူတို့ သင်ပေး လို့ပဲ ဗလာစာအုပ်ပါ တွဲရောင်းတော့ အထိုက်အလျောက် ရောင်းရတာပါပဲ။

စာအုပ်ချည်းလား၊ ခဲတံလေး၊ ဘောလ်ပင်လေး ပါထားလေ။ ပြန်အမ်းစရာ အနုပ်မရှိတဲ့ အခါ ဘောလ် ပင် အမ်းနေကြတာ၊ ပေတံ မရှိဘူးလား။ ခဲဖျက်ရော၊ ခဲသား ဘောလ်ပင် တင်ဦး၊ ဒီလိုနဲ့ မနှင်းခင်ရီ ဈေးချိုထဲက စာရေး ကိရိယာဆိုင်တွေဘက် ခြေဦး လှည့်တဲ့အခါ လှည့်ရတယ်။

စာအုပ်ရောင်းတယ် ဆိုတာ လာဝယ်သူက ဘာစာအုပ် မရှိဘူးလားလို့ မေးရင် ရှိပါတယ်။ ဒီမှာပါ ခင်ဗျာ၊ ဒီမှာပါရှင် ဆိုပြီး ၀ယ်သူ့လက် အပ်လိုက်ချင်တာ။ ဒါပေမဲ့ စာအုပ်တိုက် မျိုးစုံက စာအုပ်တွေကလည်း ထွက်လိုက်တာ၊ သူတို့ ဇနီး မောင်နှံ လိုက်မမီဘူး။

ဈေးဝယ် ဖြောက် ဖြောက်ဆိုတဲ့ စကားဟာ ဘာ အလင်္ကာ မြောက်တယ်တော့ သူတို့ ဇနီးမောင်နှံ သိကြပုံ မပေါ်ဘူး။ ဒါပေမဲ့ သူတို့ရဲ့မိတ်ဆွေဆိုလည်း ဟုတ်၊ သူတို့ရဲ့ စာအုပ်ဝယ်ဖောက် သည်ဆိုလည်း ဟုတ်တဲ့ ဒေါက်တာ စိုးစန်ရဲ့ ဆေးခန်းကလည်း ဖြောက်ဖြောက် ထဲမှာပါတယ်။ ဒေါက်တာ စိုးစန်ရဲ့ ဆေးခန်းက မြို့စွန်မြို့ဖျား မဟုတ်သလို လူစည်ကားတဲ့မြို့အလယ်ကောင်လောက်မှာလည်းမဟုတ်ဘူး။

ဒါပေမဲ့ သူလိုအမ်ဘီဘီအက်စ်ဘွဲ့ တစ်ခုတည်း ပိုင်ဆိုင်ထားတဲ့ ဆရာဝန်ခမျာ ရှင်စန်္ဒိမာ လမ်းပေါ်မှာ အတော် ရုန်းရရှာတယ်။ ဒေါက်တာစိုးစန်က ကိုထွန်းဆွေမင်းတို့ဆိုင်က တိုင်းမ် မဂ္ဂဇင်းအဟောင်း၊ ရီးဒါးဒိုင်ဂျက်စ်အဟောင်းလေးတွေဝယ်ပြီး ဆေးခန်းမှာလူနာတွေစောင့်ရင်း ဖတ်လေ့ရှိတယ်။

လူချင်း ခင်လေတော့၊ ဘယ့်နှယ်လဲ ဆရာ ဆေးတွေ ၀ယ်လာတာ များလှချေလား၊ လူနာတွေ ကျတယ်လို့ ထင်တယ်မေးရင်၊ ဟုတ်ပါဘူးဗျာ၊ ဒါ ယောက္ခမကြီးအတွက် အ၀ယ်ခိုင်းလို့ ၀ယ်လာတာ၊ ဆေးခန်းဖွင့်တာ အင်္ဂလိပ်စာတော့ အတော်တိုးတက်လာပြီ ဆိုတဲ့ ဖြောက်ဖြောက်ဖြောက်ဖြောက်မျိုး။

မြန်မာ့ရေနံကအင်ဂျင်နီယာ ကိုတင့်လွင်နဲ့ ကွန်ပျူတာဆရာ ကိုမျိုးတို့ ခဏခဏ မေးကြလွန်းလို့ မန္တလေးမြို့ မြေပုံ၊ မြန်မာပြည်မြေပုံ၊ ကမ္ဘာမြေပုံ၊ အေဘီစီဒီ ကားချပ်၊ ကကြီးခခွေး သင်ထောက်ကူကားချပ် ပလတ်စတစ်လောင်းပြီးသားတွေ ချိတ်ထားလိုက်တယ်။ မဟာမုနိဘုရားကြီး ပုံတော်တွေ တောင် ပါလိုက်သေး။ ရွှေတိဂုံ၊ မဟာမုနိ၊ ကျိုက်ထီးရိုး ဘုရား စေတီကြီးသုံးဆူရဲ့ရုပ်ပုံတွေပါမကျန်ဘူး။

ဒါတွေလည်း ဖြောက် ဖြောက် ဖြောက်ဖြောက်နဲ့ ရောင်းနေရတာပဲ။ စာအုပ် ဆိုင်သက်လေး အတော် ရလာတော့ ကိုထွန်းဆွေမင်းက စာအုပ်လာဝယ် သူတွေကို ခန့်မှန်းတဲ့ အကျင့် ကျင့်ကြည့် တယ်။ ဒီပုဂ်္ဂိုလ် ကြည့်ရတာ ရှေ့နေ ထင်ပါရဲ့။ ဒါဆိုရင် သူတို့ဖောက်သည် ရှေ့နေ ဦးထွန်းဝေနဲ့များ စာအုပ် အကြိုက်ချင်း တူလေမလား။ အတွေးအမြင်၊ ရွက်နုဝေ၊ အောင်ပင်လယ်၊ ရနံ့သစ် မဂ္ဂဇင်းတွေကို ရောင်းရမယ် ထင်ပေမယ့် “ရေးပေးပါ” လို သူ့မြေးအရွယ်တွေဝယ်လေ့ ရှိတဲ့စာအုပ် ရှိသလားမေးချင် မေးတာမျိုး။

ဒီကလေးမ တစ်သိုက် ကတော့ ကွန်ပျူတာ စာအုပ်တွေ လှန်လှောကြမယ် ထင်ပါရဲ့။ ဖိုတိုရှော့တွေ၊ ၀င်းဒိုးစ်တွေ၊ ကိုရယ်ဒရောတွေ ရှိရဲ့လားလို့ ကိုထွန်းဆွေမင်း မျက်လုံးနဲ့ ကြိုရှာ ထားပေမယ့် သူတို့မေးတဲ့ စာအုပ်က မေတ္တာရှင်(ရွှေပြည်သာ) ဆရာတော် ပြုစုတဲ့ သညာသိနှင့် ပညာသိဆိုတဲ့ သုဒ္ဓ၀ိပဿနာကျင့်စဉ်စာအုပ် ဖြစ်ချင်ဖြစ် တတ်တယ်။

ကိုထွန်းဆွေမင်းနဲ့ မနှင်းခင်ရီတို့ ခမျာလည်း စာအုပ်ဆိုင် ဖွင့်ခါမှ သူတို့နဲ့ အသက်အရွယ် မတိမ်းမယိမ်းတွေက ဦးလေး၊ ဦးကြီးတို့၊ ဒေါ်ကြီး၊ အန်တီတို့ အခေါ် ခံရလို ခံရနဲ့။ တစ်ခါတစ်ရံတော့ ကိုထွန်းဆွေမင်း မှန်းချက်နဲ့ နှမ်းထွက် ကိုက်တယ်။ ဒီချာတိတ် သုံးယောက်ကတော့ ကဗျာစာအုပ် ၀ယ်မယ့် ချာတိတ်တွေလို့ ထင်မိတာ။မောင်ချောနွယ်၊ အောင်ချိမ့်၊ သုခမိန်လှိုင်သာမက စောဝေ၊ နွယ်စိမ်းဝေဆိုတဲ့ ဆိုင်ကပ် နေတတ်တဲ့ ဝေနှစ်ပါး ၀ယ်သွားသလိုမျိုးကြုံရရင်အလွန်ပျော်တာပေါ့။

ဒါပေမဲ့ အဲဒီနေ့ ကိုထွန်းဆွေမင်း နာမည် ပေးခက်တဲ့ ခံစားမှု တစ်ခုခံစား လိုက်ရတယ်။ စာအုပ် လာဝယ်သူတွေရဲ့ ဒီဇိုင်းတွေက ဈေးသူ ဈေးသား ထင်ပါရဲ့။ မော်တော်ကားနဲ့ လာတာ။ သပ် သပ်ရပ်ရပ်ဝတ်စားလာကြတာ။ အချိန်ကလည်း ဈေးချိုမှာ ဆိုင်ခင်းကြ၊ မန်းမြန်မာပလာဇာမှာ ဆိုင်ထွက်ကြတဲ့အချိန်။

အဒေါ် အရွယ်နဲ့ တူမ အရွယ်နှစ်ယောက် ကားပေါ်က ဆင်းလာကြတာ။ သားအမိလည်း ဖြစ်ချင်ဖြစ်မယ်။ ဒါဆရာမ ခင်နှင်းယုပရိသတ်၊ ဒါမှမဟုတ် ဆရာမကြီး လူထုဒေါ်အမာ ပရိသတ်ထင်ရဲ့။အမေ့ရှေးစကားလား၊ဇီဝဇိုးလား။

“၀သုန္ဓရေလက်ရေးဆိုတဲ့စာအုပ်ရှိသလား”

ကိုထွန်းဆွေမင်း ထိတ်ထိတ်ပျာပျာဖြစ်ပြီး ရှော့ခ်ရ သွားတယ်။
၁၉၈၇ ကာလဆီက ထွက်ခဲ့တဲ့ ၀တ္ထုတိုစုစည်းမှုစာအုပ်လေး။ မန္တလေးမြို့က ထုတ်ဝေတဲ့ လက်ခုပ်သြဘာ သံတွေညံခဲ့တဲ့ ဒီစာအုပ်လေး။ သူမှတ်မိတယ်။ သူ့ဆိုင်ကတင် အုပ်သုံးလေးဆယ် လောက် ရောင်းခဲ့ရဖူးတယ်လေ။ ဟေ့ကောင် စဉ်းစား စမ်း၊ အဟောင်းဆိုင် တစ်ခုမှာ မင်းတွေ့ခဲ့ဖူးတယ်လေ။ အဲဒီ ဆိုင်ညွှန်းရအောင် ထွန်းဆွေမင်း ပြန်စဉ်းစားစမ်း။ အမြန်စဉ်းစားပေမယ့်စဉ်းစားလို့မရဘူး။

စဉ်းစားလို့မရတာ ဒီလိုကား၊ ဒီလိုအဆင်အယင်နဲ့ ၀သုန္ဓရေလက်ရေးဆိုတဲ့စာအုပ်နဲ့ ဘယ်လိုမှ ဆက်စပ်မရတာလည်းပါတယ်။ ကိုထွန်းဆွေမင်းက အရိုးခံအတိုင်း ပြောလိုက်တယ်။

“ဒီစာအုပ်က ထွက်ခဲ့တာ ကြာသွားပြီ။ ကျွန်တော့်ဆိုင်မှာ မရှိပါဘူးခင်ဗျာ၊ အဟောင်းဆိုင် တွေမှာမှရှိလိမ့်မယ်။ကျွန်တော်ရှာထားပေးရမလားခင်ဗျာ”

ဟုတ်ကဲ့လို့ အမျိုးသမီး နှစ်ယောက်ပြိုင်တူ ဖြေကြပြီး အသက် နည်းနည်းကြီးသူက “ကျွန်မတို့ ဖုန်းနံပါတ် ပေးခဲ့မယ်၊ အဲဒီစာအုပ်ရရင် ဖုန်း ဆက်ပေးပါလားရှင်”

ကိုထွန်းဆွေမင်း ခေါင်းလည်း ညိတ်သလို ပါးစပ်ကလည်း ဟုတ်ကဲ့လို့ ပြော လိုက်မိတယ် ထင်ပါရဲ့။
ပြည်သူချစ်သော အနုပညာသည်များ စာအုပ်နဲ့ အမေ့ ရှေးစကား ပ-ဒု-တ သုံးတွဲ စလုံး ရောင်းလိုက်ရတယ်။
သူတို့တစ်တွေ ဆိုင်က ထွက်သွားပြီး ခဏနေမှ ကိုထွန်းဆွေမင်း သတိရတော့တယ်။ ၀သုန္ဓရေလက်ရေးစာအုပ်ကို အာဇာနည်လမ်းပေါ်က ကိုခင်မောင်ရဲ့ စာအုပ်အဟောင်းဆိုင်မှာ သူတွေ့ခဲ့ဖူးတယ်။ သူလည်း ဖတ်ဖူးပြီး ကြိုက်တဲ့စာအုပ်ကို အခုလို လာမေးတော့ ကိုထွန်း ဆွေမင်း မရရအောင် ရှာပေးချင်မိတယ်။ နေနှင့်ဦး၊ ပိုက်ဆံ မရှိသေးလို့၊ ငါ့မှာများ ပိုက်ဆံ ရှိရင် ဒီစာအုပ်မျိုး ပြန်ထုတ်မယ်လို့ ကြုံးဝါးတဲ့ အထဲမှာ ၀သုန္ဓရေလက်ရေး စာအုပ်လည်း တစ်အုပ် အပါအ၀င်ပေါ့။

ဆရာဝင်းစည်သူ၊ မိုးမိုး (အင်းလျား)၊ နုနုရည် (အင်းဝ)၊ ခင်ပန်နှင်း၊ သိုက်ထွန်းသက်၊ ရဲသျှမ်း၊ ညီပုလေးတို့ အမျိုးသားရေးတာဝန်ကျေခဲ့ကြတဲ့ လက်ရာတွေ။ ဒီစာအုပ် ပြန်ထုတ်ခွင့်ရရင် စာရေးဆရာတွေကိုလည်း ဉာဏ်ပူဇော်ခ စို့စို့ပို့ပို့ ကန်တော့လိုက်ဦးမယ်လို့ တေးထားတဲ့ စာအုပ်။

အရောင်းအ၀ယ်ပါးနေချိန်မှာ ဆိုင်ရှေ့ကို မော်တော်ဆိုင်ကယ် မပြောနဲ့ စက်ဘီးနဲ့ ဖြစ်ဖြစ်၊ ခြေကျင်ပဲဖြစ်ဖြစ် လူတစ်ယောက်ယောက်လာရပ်ပြီး ဆိုင်ဘက်ကြည့်နေရင် ကိုပဲ မျှော်လင့်တကြီးနဲ့ ပျော်ရတာ မဟုတ်လား။ ရောင်းရ ချေသေးရဲ့၊ ရောင်းချင်လွန်း လို့လေ။

ဒီတစ်ခါတော့ အမျိုးသမီးလေး တစ်ယောက် သပ်သပ်ရပ်ရပ်၊ ဣနြေ္ဒရရလေး။ အသက်တော့ အစိတ်နဲ့သုံး ဆယ်တွင်းလောက် ရှိပေ မပေါ့။ မော်တော်ဆိုင်ကယ် ပေါ်က ဆင်းတာလည်း အေးအေးဆေးဆေး။ ဒီဆိုင်မှာ ၀ယ်နေကျ ဖောက်သည် ဟန်မျိုး။ သူစီးလာတဲ့ မော်တော် ဆိုင်ကယ်ကလည်း သူဝတ် စားထားသလိုပဲ သစ်သစ် လွင်လွင် ပြောင်ပြောင်လက်လက်။ ကုမ္ပဏီဝန်ထမ်းလား၊ ဘဏ်ဝန်ထမ်းလား၊ တက္ကသိုလ် တစ်ခုခုက ဆရာမလေး လေလား။ ဒါမှ မဟုတ်အတော်အတန်ပြည့်စုံတဲ့အသိုင်းအ၀ိုင်းကလား။

စာအုပ်စင်ပေါ်က စာအုပ်တွေကို တစ်ချက် ဝေ့ကြည့်ပြီး သင်ထောက်ကူ ကားချပ်တွေ၊ မြေပုံကားချပ် တွေဆီ သူ့မျက်လုံးလေး ရောက်သွားတယ်။ က ကလေးငယ် ချစ် စဖွယ်လား၊ အေဖော် အဲရိုး ပလိန်းလား။ ဒါမှမဟုတ် ကိုး န၀င်း မိုးလင်းမှသိမယ်ဆိုတဲ့ အဆင့်ကိုးဆင့်ပါတဲ့ ပုတီးစိပ်နည်းကားချပ်လား။

စာအုပ်သည် ဆိုတာ ၀ယ်သူရဲ့ လိုအင်ကို ဖြည့် ဆည်းရင်း ဆိုင်ကလေးဖွံ့ဖြိုး တိုးတက်အောင် ကြိုးစားရတာ ဟုတ်လား။ အခုလာတဲ့ အမျိုးသမီးလေးရဲ့ လိုအင်ကို သူတို့ လင်မယား ဘယ်လို ဖြည့်ဆည်းကြမလဲ။ အမျိုးသမီးလေးက “တရုတ်စာနဲ့ ရိုက်ထားတဲ့ မြန်မာပြည် မြေပုံတို့၊ မန္တလေး မြို့မြေပုံတို့ ရှိသလား”တဲ့။ သူတို့ လင်မယားနှစ် ယောက်ခမျာ ပါးစပ် အဟောင်းသားနဲ့။

ညီပုလေး
(ရွှေအမြုတေ မဂ္ဂဇင်း၊မတ်လ ၂၀၁၁)