-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Tuesday, February 8, 2011

သမ္မတက ဝန်ကြီးဌာန ၃၄ ခု တင်သွင်း


မြန်မာနိုင်ငံ ပြည်ထောင်စု အစိုးရသစ်တွင် ပါရှိမည့် ဝန်ကြီးဌာန ၃၄ ခု၏ အမည်စာရင်းကို သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု လွှတ်တော်တွင် အင်္ဂါနေ့က တင်သွင်းလိုက်သည်။

စက်မှုလက်မှု ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် သမ္မတရုံးဝန်ကြီးဌာနတို့ပါ အသစ်ပါဝင်လာသော သမ္မတ တင်သွင်းသည့် ဝန်ကြီးဌာနများ၏ အမည်စာရင်းများကို ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်က ကြေညာပေးခဲ့သည်။

မဇ္ဈိမက စုံစမ်းရရှိထားသော ဝန်ကြီးဌာနစာရင်းတွင် ကာကွယ်ရေး၊
ပြည်ထဲရေး၊ နယ်စပ်ရေးရာ၊ နိုင်ငံခြားရေး၊ ပြန်ကြားရေး၊ လယ်ယာ၊ ဆောက်လုပ်ရေး၊ ဆက်သွယ်ရေး၊ အမျိုးသားစီးပွား၊ လူမှုဝန်ထမ်း၊ သစ်တော၊ ပို့ဆောင်ဆက်သွယ်ရေး၊ သတ္တု၊ အလုပ်သမား၊ ဟိုတယ်၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ အမှတ် (၁) စက်မှု၊ အမှတ် (၂) စက်မှု၊ စွမ်းအင်၊ အမှတ် (၁) လျှပ်စစ်၊ အမှတ် (၂) လျှပ်စစ်၊ ပညာရေး၊ ယဉ်ကျေးမှု၊ သာသာနာရေး၊ သိပ္ပံ၊ လူဝန်မှုကြီးကြပ်ရေး၊ အားကစား၊ စက်မှုလက်မှုဖွံ့ဖြိုးရေးနှင့် သမ္မတရုံး တို့ပါဝင်သည်။

ဗုဒ္ဓဟူးနေ့တွင် ဝန်ကြီးဌာနများ ဖွဲ့စည်းမှုအပေါ် လွှတ်တော်မှ အဆုံးအဖြတ်ပေးရမှာ ဖြစ်သည်။ ထို့နောက် ခန့်အပ်မည့် ဝန်ကြီးများကိုလည်း ကြေညာမှာ ဖြစ်သည်။

ဝန်ကြီးဌာနများကို ပြည်ထောင်စု လွှတ်တော်တွင် အမတ်များက ကန့်ကွက်လိုလျှင် လွှတ်တော်ရုံးသို့ စာဖြင့် တင်နိုင်သော်လည်း ကန့်ကွက်မည့် လက္ခဏာမတွေ့ရဟု အစည်းအဝေး တက်ရောက်နေသော အမတ်တဦးက မဇ္ဈိမသို့ ပြောသည်။

ယနေ့ကျင်းပသော ၅ ရက်မြောက် လွှတ်တော် အစည်းအဝေးသို့ လွှတ်တော် ကိုယ်စားလှယ် ၆၅၉ ဦးထဲမှ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမတ်တဦး အရေးပေါ် ခရီးလွန်နေသဖြင့် ပျက်ကွက်ခဲ့သည်ဟု သူက ပြောသည်။

အသက် ၆၅ နှစ်အရွယ် ဦးသိန်းစိန်မှာ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သြဇာလွှမ်းခံရသူဟု အတိုက်အခံများက စွပ်စွဲကြသည်။

လွှတ်တော်အတွင်း မေးခွန်းနှင့် အဆိုတင်သွင်းရန် လွှတ်တော်ဥက္ကဋ္ဌ သို့မဟုတ် ပြည်ထောင်စုလွှတ်တော် နာယကထံ မေးခွန်းများကို ၁ဝ ရက်၊ အဆိုတင်သွင်းမှုကို ၁၅ ရက် ကြိုတင်တင်သွင်းနိုင်ပြီး ထိုမှတဆင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ ပေးပို့ရမည်။

လွှတ်တော်အတွင်း ကြီးစိုးထားသော စစ်တပ် ကျောထောက်နောက်ခံ ပြုထားသည့် ကြံ့ဖွံ့ပါတီက ဂုဏ်ပြုညစာ စားပွဲတရပ်ကို တနင်္လာနေ့က ကျင်းပခဲ့ရာ ကိုယ်စားလှယ် ၃၀၀ ကျော်တက်ရောက်ခဲ့သည်။

ဗိုလ်ချုပ်ကြီးဟောင်း သမ္မတ ဦးသိန်းစိန်က လာမည့် ၅ နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် ယခုကတည်းက အကောင်အထည် ဖော်သွားရန် ပြောကြားခဲ့သည်ဟု ပြောဆိုခဲ့သည်။

“ရွေးကောက်ပွဲ စည်းရုံးရေးဝင်နေတဲ့ အချိန်မှာ အရင်အတိုင်း ကတိပေးတာတွေ လုပ်ပေးဖို့ရယ်၊ အောက်ခြေ လူတန်းစားတွေကို တွေ့ထိပြီးတော့ သူတို့ရဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးဖို့ ကိစ္စတွေ၊ ကိုယ်ရောက်တဲ့နေရာမှာ တာဝန်ကျေအောင် လုပ်ဖို့ရယ်၊ မိမိရဲ့ မဲမရလို့ မအောင်တဲ့ နေရာတွေမှာ မိမိရဲ့ စည်းရုံးမှု ညံ့သွားလို့ ပျော့သွားလို့ ဖြစ်တဲ့အတွက်ကြောင့် အဲဒီနေရာတွေ ပိုပြီး စည်းရုံးပြီးတော့ အဲဒီနေရာတွေမှာ ပိုလုပ်ပေးဖို့၊ နောက် ၅ နှစ်အတွက်ကို အခုကတည်းက Plan ချပြီးလုပ်ဖို့ ဒါလေးတွေ မိန့်ကြားသွားပါတယ်” ဟု အမတ်တဦးက မဇ္ဈိမသို့ ပြန်လည်ပြောပြသည်။

ထို့အပြင် ကြံ့ဖွံ့ပါတီ ဒုဥက္ကဋ္ဌများအဖြစ် သူရဦးရွှေမန်း၊ သီဟသူရ ဦးတင်အောင်မြင့်ဦးနှင့် ဦးတင်အေးတို့ကို တင်မြှောက်လိုက်သည်ဟု ကြံ့ဖွံ့ခေါင်းဆောင်တဦးက ပြောသည်။

ကြံ့ဖွံ့ ဥက္ကဋ္ဌ နေရာတွင် ပါတီအတွင်းရေးမှူးဖြစ်သူ လက်ရှိ လယ်ယာစိုက်ပျိုးရေးဝန်ကြီး ဦးဋ္ဌေးဦး ဖြစ်လာနိုင်ကြောင်း ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ RNDP ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ခန့်မှန်းထားသည်။



MIZZIMAသတင်းမှ ကူးယူဖေါ်ပြပါသည်။

ကွန်ရက်ဖြင့် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေး ဖော်ဆောင်မည်


တနိုင်ငံလုံး ချိတ်ဆက်ဖွဲ့စည်း လုပ်ဆောင်မည့် လူထုကွန်ရက်တွင် ရည်ရွယ်ချက်နှင့် ထိန်းကွပ်ရမည် ဖြစ်ပြီး ရည်ရွယ်ချက်မှာ လူအခွင့်အရေးနှင့် ဒီမိုကရေစီအရေး ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးချုပ်တွင် ယနေ့ကျင်းပပြုလုပ်သော “ပြည်နယ်/တိုင်း လူငယ်များတွေ့ဆုံပွဲ” တွင် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ပြောကြားခြင်းဖြစ်သည်။

“ကွန်ရက်ဆိုတာက ဖွင့်ထားတာ၊ သဘောထားကြီးရမယ်၊ နားလည်မှုရှိရမယ်၊ ကွန်ရက်ဆိုတဲ့ အခြေခံသဘောထားကို နားလည်နိုင်အောင် ကြိုးစားရမယ်။ တူညီတဲ့သဘောထား၊ တူညီတဲ့လုပ်ငန်းစဉ်တွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆောင်ရွက်သွားရမယ်။ ကွန်ရက်လုပ်နေတယ်၊ လာမရှုပ်နဲ့ဆိုတာမျိုး မဖြစ်ရဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ကွန်ရက်တွင် လူတိုင်းပါဝင်ရေးနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က “ကွန်ရက်မှာ လူကြီးတွေ မပါရဘူးဆိုတာမျိုး မဟုတ်ဘူး။ လူငယ်တွေလည်း ပါမယ်၊ လူကြီး တွေလည်းပါမယ်။ အဓိက လူငယ်တွေက အင်အားရှိတော့ သွားနိုင်၊ လာနိုင်တော့ လူကြီးတွေထက်ပိုပြီး လှုပ်ရှားနိုင်တယ်။ ကန့်သတ်မှုတွေရှိရင် ကွန်ရက်ရဲ့ဘောင်က ကျဉ်းသွားမယ်” ဟု ဆိုသည်။

လူထုကွန်ရက်တွင် NLD ၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က “NLD ကတော့ နိုင်ငံရေးပါတီဖြစ်တဲ့အတွက် နိုင်ငံရေးလုပ်အနေနဲ့ ဆောင်ရွက်မယ်။ ဒီ့အပြင် လူမှုရေး လုပ်ငန်းတွေကိုလည်း တိုးချဲ့လုပ်ဆောင်သွားမယ်” ဟု ဆိုသည်။

ယနေ့ တွေ့ဆုံပွဲသို့ တက်ရောက်သည့် ပဲခူးတိုင်းမှ မချောစုထွေးက “ကျမတို့က နိုင်ငံရေး အကျဉ်းသား မိသားစုဆိုတော့ ပတ်ဝန်ကျင်က မမေးရဲ၊ မဆိုရဲ၊ မပြောရဲ၊ မဆက်ဆံရဲတာ၊ ပြည်သူတွေ အတွေးအမြင် နိမ့်ကျနေတာ၊ နိုင်ငံရေးဆိုတာ အန်တီစု အဓိပ္ပာယ်ဖွင့်ဆိုသလို ပြည်သူတွေက မသိကြတာ ဆိုတဲ့အကြောင်း တင်ပြခဲ့ပါတယ်” ဟု ပြောသည်။

တက်ရောက်လာသည့် လူငယ်များက အပြန်အလှန် မေးမြန်းကြရာ ဒေါ်အောင်ဆန်းစုကြည် ဖြေကြားသည့်အပြင်၊ မစ္စတာ ဂျွန်ယက်တော အမှုနှင့် ပတ်သက်၍ မေးမြန်းမှုကို ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးဉာဏ်ဝင်း၊ စစ်မှုထမ်း ဥပဒေနှင့် ပတ်သက်၍ NLD ဒု ဥက္ကဋ္ဌ ဦးတင်ဦးတို့က အသီးသီးဖြေကြားပေးကြောင်း သိရသည်။

ယနေ့ဒေါ်အောင်ဆန်းစုကြည်နှင့် လူငယ်များတွေ့ဆုံပွဲသို့ လူငယ် ၂၀၀ ကျော်တက်ရောက်ပြီး စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့နှင့် ဧရာဝတီတိုင်းမှ လူငယ်ရှေ့နေများကွန်ရက်စသည်တို့ တက်ရောက်ကြောင်း NLD ပြန်ကြားရေး အဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောသည်။

ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့တွေ့ဆုံဆွေးနွေးပွဲသို့ နေရာအခက်အခဲကြောင့် မတက်ရောက်နိုင်သော တခြားပြည်နယ်နှင့် တိုင်းဒေသအသီးသီးမှ လူငယ်များနှင့် ထပ်မံတွေ့ဆုံသွားမည်ဟု သိရှိရသည်။

၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့က ပထမဆုံးအကြိမ် လူငယ်များနှင့် တွေ့ဆုံပြီးနောက် လူငယ်များအချင်းချင်း ချိတ်ဆက်ဆောင်ရွက်မှုများ ရှိနေပြီး အဆိုပါလှုပ်ရှားမှုများတွင် တိုးတက်မှုများရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ IRRAWADDYသတင်းမှကူးယူဖေါ်ပြပါသည်။

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် သမ္မတ၏ လုပ်ပိုင်ခွင့် ဥပဒေ အချို့

ပြည်ထောင်စု ရှေ့နေချုပ်

ပြည်ထောင်စုအစိုးရအဖွဲ့ဝင်ဖြစ်သည်။ သမ္မတက ဖွဲ့စည်းပုံအခြေခံ ဥပဒေ ၂၃၇ အရ အသက် ၄၅ နှစ်ပြည့်ပြီးသူ လွှတ်တော်ကိုယ်စားလှယ် သို့မဟုတ် လွှတ်တော် ကိုယ်စားလှယ် မဟုတ်သူများကို ခန့်အပ်နိုင်သည်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးအဖြစ် အနည်းဆုံး ၅ နှစ် ဆောင်ရွက်ခဲ့သူ၊ သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ထက် မနိမ့်သော တရားရေးအရာရှိ သို့မဟုတ် ဥပဒေအရာရှိရာထူးတွင် အနည်းဆုံး ၁ဝ နှစ် ထမ်းဆောင် ခဲ့သူ၊ သို့မဟုတ် တရားလွှတ်တော် ရှေ့နေအဖြစ် အနည်းဆုံး အနှစ် ၂ဝ အမှုလိုက်ခဲ့သူ၊ သို့မဟုတ် ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသူဟု သမ္မတက ယူဆသူဖြစ်ရမည်။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် ဝန်ကြီးချုပ်၊ ဝန်ကြီးများနှင့် ဥပဒေချုပ်တို့ဖြင့် ဖွဲ့စည်း သည်။
ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၁၉ နှင့် ၂ဝ အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အဆင့် ဝန်ကြီးချုပ်များ၊ ဝန်ကြီးများ၊ တရားလွှတ်တော်တရားသူကြီးများနှင့် ဥပဒေ(ဘာလဲ) ချုပ်များ၊ စာရင်းစစ်ချုပ်များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း ဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌများကို သမ္မတက ခန့်အပ်နိုင်သည်။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၈ အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ ဝန်ကြီးချုပ်က တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ ဝန်ကြီးများကို ခန့်အပ် နိုင်ကြောင်းလည်း တွေ့ရသည်။ လုံခြုံရေးနှင့် နယ်စပ်ရေးရာ တာဝန်ပေးအပ်မည့် ဝန်ကြီးများကိုမူ ကာကွယ်ရေး ဦးစီးချုပ်ကပေးသည့် တပ်မတော်သားများကိုသာ ခန့်ရမည်ဖြစ်သည်။

သမ္မတ၏ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်

ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေ ပုဒ်မ ၃၂။ ။ အရ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်ကို သမ္မတက ထုတ်ပိုင်ခွင့်ရှိသည်။ အမိန့်ကို ပြန်ရုပ်သိမ်းခြင်း မရှိလျှင် ရက်ပေါင်း ၆ဝ အတွင်း အနီးဆုံး ပြည်ထောင်စု လွှတ်တော်အစည်းအဝေး၌ အတည်ပြုချက်ယူရမည်။ ရက်ပေါင်း ၆ဝ အတွင်း ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမရှိလျှင် ပြည်ထောင်စုလွှတ်တော် အထူး အစည်းအဝေးခေါ်၍ အတည်ပြုချက် ယူရမည်။

သမ္မတက အရေးပေါ်အခြေအနေ ကြေညာခြင်း

ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၈၅။ ။ အခြေအနေ ၃ ရပ်ကို အခြေခံ၍ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းပြီး ဥပဒေကဲ့သို့ အာဏာတည်သည့်အမိန့်ဖြင့် အရေးပေါ်အခြေအနေ ကြေညာနိုင်သည်။ ပုဒ်ခွဲ (ဂ) အရ နိုင်ငံတော်အာဏာကို အကြမ်းဖက်မှုဖြင့် ရယူရန် ဆောင်ရွက်၊ ကြိုးစားခြင်းကြောင့် ပြည်ထောင်စုနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပြိုကွဲစေမည့်အခြေအနေရှိသည်ဟု ယူဆပါကလည်း ကြေညာမည်ဖြစ်သည်။

ပုဒ်မ ၈၇ အရ တပ်မတော်၏ အကူအညီကို ရယူနိုင်ပြီး စစ်အုပ်ချုပ်ရေးအမိန့်တရပ်လည်း ထုတ်ပြန်နိုင်သည်။ ကာကွယ်ရေးဦးစီးချုပ်အား အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ လုပ်ပိုင် ခွင့်များကို သတ်မှတ်ပေးနိုင်သည်။
ပုဒ်မ ၈၅ ပုဒ်ခွဲ ခ အရ ပြည်သူများ၏ အသက်စည်းစိမ်ကို ထိပါးနိုင်မည့်အခြေအနေရှိသည်ဟု ယူဆပါက ပုဒ်မ ၉ဝ အရ နိုင်ငံတဝန်းလုံးသို့ အမိန့်ထုတ်ပြန်သည့်နေ့ရက်မှ တနှစ်အထိ အရေးပေါ် အခြေ အနေအဖြစ် ကြေညာမည်ဖြစ်သည်။ ယင်းဥပဒေအရ ကာကွယ်ရေးဦးစီးချုပ်လက်သို့ နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာများကို လွှဲအပ်ကြောင်း ကြေညာရမည်။ လွှဲအပ်သည့်နေ့မှစ၍ သမ္မတနှင့် ဒုသမ္မတများမှအပ သက်ဆိုင်ရာလွှတ်တော် များ၏ သဘောတူညီချက်ဖြင့် တာဝန်ပေးထားသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့ သို့မဟုတ် ဒေသဦးစီးအဖွဲ့ဝင်များအား တာဝန်မှ ရပ်စဲပြီးဖြစ်သည်။

လွှတ်တော်၏ အတည်ပြုချက်ယူရန်မလိုပဲ သမ္မတက တိုက်ရိုက်ဆောင်ရွက်နိုင်မည့် စာချုပ်နှင့် သဘောတူညီချက် ၃ဝ

ပြည်ထောင်စု လွှတ်တော် ဆိုင်ရာဥပဒေ ပုဒ်မ ၅၉၊ ၆ဝ၊ ၆၁ တို့အရ အပြည်ပြည်ဆိုင်ရာနှင့် ဒေသဆိုင်ရာ စာချုပ် သဘောတူညီချက်၊ ကွန်ဗင်းရှင်းများကိစ္စ၊ ဆည်မြောင်း တာတမံနှင့် စိုက်ပျိုးရေ ရရှိရေး လုပ်ငန်းများ၊ ရေနက် ပင်လယ်ဆိပ်ကမ်း တည်ဆောက် ရေး၊ လမ်းတံတားတည်ဆောက်ရေး၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး၊ အခွန်ကိစ္စ၊ အနုမြူ စမ်းသပ်မှုပိတ်ပင်ရေး၊ နိုင်ငံတော်အတွင်း ခိုလှုံခွင့်ပေးရေး၊ ရေကြောင်း လေကြောင်း သွားလာမှု၊ စာတိုက်၊ ကြေးနန်း၊ တယ်လီဖုန်း၊ ဖက် (စ်)၊ အီးမေး၊ အင်တာနက်၊ အင်ထရာနက်နှင့် အလားတူ ဆက်သွယ်ရေးဆိုင်ရာကိစ္စ၊ သဘာဝစွမ်းအင် သယံဇာတ ပစ္စည်းများထုတ်ဖော်မှု၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေး စသည်တို့ ဖြစ်သည်။

MIZZIMAသတင်းမှ ကူးယူဖေါ်ပြပါသည်။

Monday, February 7, 2011

ပျောက်ဆုံးနေသောနိုင်ငံချစ်စိတ်ကို ပြန်လည်တွေ့ရှိခြင်း


Sunday, 05 December 2010 02:23 ဇေ၀င်းနောင် .ပိုကောင်းတဲ့ဘ၀တစ်ခုအတွက် ချက် ကိုစလိုဗက်ကီးယားကို စွန့်ခွာခဲ့ရမယ် လို့ အမိမြေက စတင်ထွက်ခွာတဲ့ ၁၉၆၈ ခုနှစ်ကတော့ လူငယ်ဘ၀မှာပဲ ရှိသေးတဲ့ ဂျူရက် တစ်ယောက်မတွေး မိခဲ့ဘူး။

ပညာတတ်တစ်ယောက်ဖြစ်ဖို့အတွက်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပဲ အပြင်ထွက်ခဲ့တဲ့ ရည်မှန်းချက်ကြီးတဲ့ ၂၂ နှစ်သားဟာ အတိတ်ရဲ့အရိပ်တွေကို အမိမြေမှာထားခဲ့ပြီး အနာဂတ်ကို မဖန်တီးပေးနိုင်တဲ့အစိုးရလက်အောက်က စွန့်ခွာခဲ့တယ်။

၁၉၅၀ ပြည့်နှစ်တွေနဲ့ ၁၉၆၀ ပြည့်နှစ်တွေမှာ အဲဒီတုန်းက ဆလိုဗက်နယ် ဘရာတီဆလာဗားက ကောင်လေးတစ်ယောက်ရဲ့ဘ၀ဟာ သူ့ဟာနဲ့သူပျော်စရာကောင်းတာလေးတွေ ရှိခဲ့တာတော့ သေချာပါတယ်။ ကာပါသီယန်တောင်နိမ့်ပိုင်းတွေက ရေခဲကန်တွေမှာ ကျောင်းတုန်းက ရေခဲပြင်ဟော်ကီ ကစားခဲ့တာတွေ၊ သောကြာညတွေမှာ ဒင်းနျုမြစ် ဘယ်ဘက်ကမ်းပါးမှာ မိန်းကလေးတွေနဲ့ စကားတွတ်ထိုးခဲ့တာတွေ၊ စနေ တနင်္ဂနွေဆို တက်ထရာတောင်တန်းတွေဆီ ရထားနဲ့သွားပြီး နှင်းလျှောစီးခဲ့၊ စက်ဘီးစီးခဲ့တာတွေပေါ့။


ဒါပေမဲ့ အရာရာတိုင်းဟာ အကန့်အသတ်တွေ ရှိနေခဲ့တယ်။ လက်တစ်ကမ်းအကွာမှာ ရှိနေပေမဲ့ မရနိုင်ခဲ့တဲ့အရာတွေပေါ့။ ဘရာတီဆလာဗားရဲတိုက်တောင်ကနေကြည့်ရင် ဂျူရက်နဲ့ သူငယ်ချင်းတွေဟာ ဒင်းနျုတစ်ဖက်ကမ်းမှာရှိတဲ့ သြစတြီးယား လယ်ကွင်းတွေနဲ့ရွာတွေကို တွေ့နိုင်တယ်။ ဒါပေမဲ့ သံဆူးကြိုးတွေနဲ့မျှော်စင်တွေပေါ်ကနေ လက်နက်ကိုင်စောင့်ကြပ်နေတဲ့စစ်သားတွေက စက်ဘီးစီးပြီး ခရီးသွားချင်တဲ့ သူတို့ရဲ့ဆန္ဒကို ကန့်သတ်ထားခဲ့တယ်။ သူ့အဘိုးအဘွားတွေ ခေတ်တုန်းကလို သြစတြီးယား-ဟန်ဂေရီကိုရထားနဲ့သွား၊ ဟမ်းဘာ့ဂ်ျနဲ့ဘရီမင်ကို သင်္ဘောစီးပြီး ခရီးဆက်လို့ အမေရိကအထိ သွားလို့ရတဲ့ခရီးမျိုးကို သူလည်းသွားဖူးချင်ခဲ့တာ။
အခွင့်အရေးတွေက ၁၉၆၇ နွေရာသီမှာ သူ့ဆီကိုရောက်လာခဲ့တယ်။ အတော်ဆုံးကျောင်းသားတစ်ယောက်အနေနဲ့ ဂျာမနီမှာစာသွားသင်ဖို့။ အဲဒီမှာပဲ နယူးယောက်ကလာတဲ့ အန်နီတာဆိုတဲ့ မိန်းမပျိုနဲ့သူတွေ့ခဲ့တယ်။ နွေရာသီကုန်လို့ သူ ဘရာတီဆလာဗားကိုပြန်တဲ့အချိန် အန်နီတာကတော့ဂျာမနီမှာပဲ အင်္ဂလိပ်စာပြရင်းကျန်ခဲ့တယ်။ သူတို့တစ်တွေ စာတွေအပြန်အလှန်ရေးခဲ့ကြတယ်။ ဂျာမန်လိုပေါ့။
အံ့အားသင့်စရာကောင်းတဲ့ နိုင်ငံရေးအပြောင်းအလဲတွေဟာ ချက်ကိုစလိုဗက်ကီးယားကို နောက်လတွေမှာရောက်လာခဲ့တယ်။ အလက်ဇန္ဒားဒူစက်ရဲ့ Human Face Of Socialism တို့၊ 'ပရက်ဂ်နွေဦး'တို့က ဆောင်ယူလာခဲ့တဲ့ရလဒ်တွေပေါ့။ နောက်နှစ်နွေရာသီမှာ ဂျူရက်ဟာ အနောက်နိုင်ငံတွေကိုသွားဖို့ အခွင့်အရေးရခဲ့ပြန်တယ်။ ဒီတစ်ခါတော့ နော်ဝေပါ့။ သုံးလေးပတ်လောက်နေဖို့ လုံလောက်တဲ့ အ၀တ်နည်းနည်းကို ထုပ်ပိုးပြီးသူထွက်လာခဲ့တယ်။ ဒါပေမဲ့ ပြန်မလာနိုင်ခဲ့တာ ၁၂ နှစ် ကြာသွားတယ်။
ဝါဆောစာချုပ်ဝင်နိုင်ငံတွေက တင့်ကားတွေ ၁၉၆၈ သြဂုတ် ၂၁မှာ ဘရာတီဆလာဗားကို ၀င်လာတဲ့ အချိန်မှာတော့ ဂျူရက်ဟာ သူ့ဘ၀ကို ပြောင်းလဲသွားစေမဲ့ဆုံးဖြတ်ချက်ကိုချခဲ့တယ်။ ဂျာမနီ၊ အာချန်က နည်းပညာတက္ကသိုလ်မှာ စကောလားရှစ် လျှောက်တာရခဲ့တယ်။ ဂျာမန်တွေက သူ့ကိုနိုင်ငံရေးခိုလှုံခွင့်ပေးခဲ့တယ်။ အန်နီတာနဲ့သူပြန်တွေ့ရပြီ။ နှစ်နှစ်လောက်ကြာတော့ နယူးယောက်က ဘုရားကျောင်းတစ်ခုမှာ သူတို့လက်ထပ်ခဲ့ကြတယ်။ လူတစ်ရာလောက်တက်ပေမဲ့ ဂျူရက်မိသားစုကတော့ တစ်ယောက်မှမပါခဲ့ဘူး။ အာချန်ကိုပြန်လာပြီး သင်ခန်းစာတွေကို အပြီးသတ်ခဲ့ကြတယ်။ ကလေးတစ်ယောက် ဒီမှာမွေးခဲ့ကြတယ်။ အမေရိကန်ကိုပြောင်းလာပြီးတဲ့နောက် အမေရိကန်နိုင်ငံသားတစ်ယောက်ဖြစ်လာခဲ့တယ်။
ဂျူရက်ဟာ သူ့အဘိုးတွေလက်ထက်ကလုပ်ခဲ့သလို သူငယ်ငယ်ကတည်းက အိပ်မက်မက်ခဲ့တဲ့ အတ္တလန္တိတ်ခရီးကို ပင်လယ်ကူးသင်္ဘောကြီးနဲ့ ၁၉၇၂ နွေမှာ ခရီးထွက်ခဲ့တယ်။ သူ့အဘိုးအဘွားတွေနဲ့ မတူတာကတော့ ဒီခရီးအပြီးမှာ အရှေ့ကိုပြန်မလာခဲ့တာပါပဲ။ ကွန်နက်တီကတ်မှာအခြေချတယ်။ နောက်ထပ်ကလေးတစ်ယောက် မွေးတယ်။ အင်္ဂလိပ်စာသင်တယ်။ သူ့နာမည်က အင်္ဂလိကန်လိုဖြစ်သွားပြီး ဂျေးတဲ့။
အတိတ်ကို ပြည်ဖုံးကားချထားခဲ့တယ်။ ချက်တွေ၊ ဆလိုဗက်တွေ ရောက်လာတာများရှိမလားလို့ လိုက်မရှာတော့ဘူး။ သူ့သားတွေရော၊ သူ့မိန်းမရော ဆလိုဗက်လို ပြောတတ်ဖို့လည်း လိုတယ်လို့ သူမထင်တော့ဘူး။
သူ့အစ်မတစ်ယောက်တော့ ခင်ပွန်းနဲ့ သမီးကိုခေါ်ပြီး အမေရိကကို ကူးလာနိုင်ခဲ့ပါတယ်။ ကျန်ခဲ့တဲ့ ဘရာတီဆလာဗားတိုက်ခန်းမှာတော့ အာဏာပိုင်တွေနဲ့ ရှုပ်ရှက်ခတ်ကုန်တယ်။ သူ့မိဘတွေ ကြေကွဲစရာတွေ့ကြုံခဲ့ရတယ်။ ရဲတွေက ဂျူရက်နဲ့ ပတ်သက်လို့ မေးခွန်းထုတ်တယ်။ ဂျူရက်ဆီကစာတွေဟာ လမ်းမှာတင် ပျက်စီးခဲ့ရတယ်။ အိမ်ခန်းသုံးခန်းပါတဲ့မြို့လယ်က အိမ်ကနေ အဲဒီတစ်ဝက်လောက်ကျယ်တဲ့ အိမ်ကလေးကို မိဘတွေရွှေ့ပေးခဲ့ရတယ်။
၁၉၈၀ မှာတော့ အမိမြေကို ပြန်ဖို့ အချိန်ကျပြီလို့သူခံစားမိတယ်။ ရန်သူမွေးသလိုဖြစ်တဲ့ အပြန်ခရီးလို့မစဉ်းစားမိဘဲနဲ့ပေါ့။ အာဏာပိုင်တွေက သူ့ကိုထိန်းသိမ်းထားလို့ရအောင် သူ့အိတ်ထဲကို သံသယရှိဖွယ်ကောင်းတဲ့ ပစ္စည်းလို့သတ်မှတ်ခံရတာ တစ်ခုခုကို တစ်ယောက်ယောက်က ထည့်လိုက်တာမျိုးကြုံခဲ့ရတယ်။
သူ့သားတွေနဲ့အတူ အိမ်အပြန်လမ်းဟာမျှော်လင့်ထားသလို ချောချောမောမောမဖြစ်ခဲ့ရှာဘူး။ သူငယ်ချင်းတစ်ယောက်အိမ် ခဏ၀င်တယ်ဆိုရင်ပဲ သူထွက်သွားပြီး မကြာခင် သူ့သူငယ်ချင်းခမျာ အမေးအမြန်း ခံရတော့တာပဲ။ ဟိုတယ်တစ်ခုမှာတည်းတဲ့ အမေရိကန်လိုပဲပြောတတ်တဲ့သားတွေပါတဲ့ ဂျူရက်တို့မိသားစုဟာ ငွေမာကိုင်ထားတဲ့အမေရိကန်တွေလို့ပဲ သတ်မှတ်ခံခဲ့ရတယ်။
နောက်တစ်ကြိမ်ပြန်လာဖို့က ဆယ်စုနှစ်တစ်နှစ်လောက်ကြာသွားတယ်။ စစ်အေးခေတ် အပ်ကွက်ဝင်နေတဲ့အခြေအနေက ချက်ကိုစလိုဗက်ကီးယားကို ဒုံရင်းဒုံရင်းမှာပဲ ၁၉၈၀ ပြည့်နှစ်များ နှောင်းပိုင်းအထိ ရှိနေစေခဲ့တယ်။
၁၉၆၈ တုန်းက ဖြစ်ခဲ့သလိုပဲ သမိုင်းဝင်ဖြစ်ရပ်တွေဟာ နောက်တစ်ခေါက် ထပ်ဖြစ်လာတယ်။ တစ်ဦးတစ်ယောက်ချင်း၊ မိသားစုတစ်စုချင်းကနေ လူ့အဖွဲ့အစည်းတစ်ခုလုံးအထိ ထင်မထားတဲ့ လားရာဆီကို အမှတ်မထင်ရွေ့လျားသွားခဲ့တယ်။
၁၉၈၉ နိုဝင်ဘာမှာ ဂျူရက် 'ဂျေး' ဇက်နစ်ဟာ သံကန့်လန့်ကာ ပြိုလဲသွားတာကို တီဗွီကထိုင်ကြည့်နေခဲ့တယ်။ သူ့အိပ်မက်တွေကိုတားဆီးထားခဲ့တဲ့ သူ့ရဲ့အတိတ်နဲ့ပြန်လည်ဆက်သွယ်ဖို့ကို ကာဆီးထားကဲ့တဲ့ သံကန့်လန့်ကာပြိုလဲချိန်ကိုပေါ့။ ဂျူရက်ရဲ့သားကြီး ရက်ဇက်နစ် ကတော့ အမေရိကန်ကောလိပ်တစ်ခုက အဆောင်မှာ ရှိနေခဲ့စဉ်ပေါ့။
၁၉၈၉ ဟာအပြောင်းအလဲများရဲ့နှစ်ဖြစ်ခဲ့တယ်။ အရှေ့ဥရောပက ကွန်မြူနစ်အစိုးရတွေ ပြုတ်ကျသွားခဲ့ပြီး သမိုင်းသစ်ကို ရှေးရှုနိုင်ခဲ့ကြတယ်။ သမိုင်းပညာရှင် တီမိုသီဂါ တန်အက်ရှ်ကတော့ "ပိုလန်မှာ ၁၀ နှစ်ကြာတယ်၊ ဟန်ဂေရီမှာ ၁၀ လ ကြာတယ်၊ ချက်ကိုစလိုဗက်ကီးယား မှာတော့ ၁၀ ရက်ပဲ ကြာတယ်"လို့ ပြောခဲ့ဖူးပါတယ်။ ၁၉၈၉ နိုဝင်ဘာ ၁၇ ကနေ ၂၇ အထိ ၁၀ ရက်ဟာ ကတ္တီပါလို့ထင်ရှားတဲ့ သမိုင်းဖြစ်ရပ် တစ်ခုအတွက် လုံလောက်ခဲ့ပါတယ်။ ပရက်ဂ်နွေဦးရဲ့ အရေးနိမ့်မှုကြောင့် ဆွံ့အနေတဲ့ ချက်ကိုစလိုဗက်ကီးယားမှာ ဖြစ်မလာနိုင်တော့ဘူးရယ်လို့ ထင်ထားတဲ့ အခြေအနေကနေ အပြောင်းအလဲကို ညင်ညင်သာသာနဲ့ ရွေ့သွားနိုင်ခဲ့မယ်လို့ ဘယ်သူမှ မမျှော်လင့်ရဲခဲ့ကြဘူး။
ဂျူရက်ရဲ့သားကြီးရက်ဇက်နစ်ဟာ ကတ္တီပါကို မြင်ပြီးတဲ့နောက် ဘရာတီဆလာဗားကို ပြန်ချိန်ကျပြီဆိုတာသိခဲ့တယ်။ နောက်နှစ်ဇန်န၀ါရီအစောပိုင်းမှာပဲ ဖခင်ရဲ့မွေးရပ်ကို ခြေချနိုင်ခဲ့တယ်။ အဘိုးအဘွားတွေရဲ့ ဘ၀ကိုလေ့လာပြီး ဖခင်ဂျူရက်ရဲ့ အတိတ်ကို နားလည်ခွင့်ရခဲ့တယ်။ ဗားကလပ်ဟေဗယ်ရဲ့ပထမဆုံးမိန့် ခွန်းကို ရင်ပြင်ရှေ့ဆုံးဒုတိယတန်းက နားထောင်ခွင့်ရခဲ့တယ်။ အပြောင်းအလဲကို ဦးဆောင်ခဲ့တဲ့ ဟေဗယ်တစ်ယောက် သမ္မတဖြစ်လာတာကို သူတို့သားအဖ မြင်ခွင့်ရခဲ့ကြတယ်။ နောက်သုံးနှစ်အကြာမှာ သားအဖနှစ်ယောက် အဲဒီရင်ပြင်ထဲကို အတူရောက်ခဲ့ကြတယ်။
ချက်နဲ့ဆလိုဗက်တွေရဲ့ကတ္တီပါလမ်းခွဲမှာ ရှန်ပိန်တွေစီးဆင်းနေတာ၊ လူတွေ ကနေကြတာကို မြင်ခဲ့ကြရပြီး ဘရာတီဆလာဗားရဲ့ မျက်နှာသစ်ကိုကြုံခဲ့ရတယ်။
လွယ်လွယ်ကူကူနဲ့တော့ မတိုးတက်ခဲ့ပါဘူး။ ဆလိုဗက်ကီးယား စီးပွားရေးကလည်း မကောင်းခဲ့ပါဘူး။ အမျိုးသားရေးကြွေးကြော်သံနဲ့ လူထူကြိုက်အောင်လုပ်နေတဲ့ အစိုးရဟာ နေတိုးကို ၀င်ဖို့ရော၊ အီးယူကို ၀င်ဖို့ပါ အဆင်မပြေဖြစ်နေခဲ့ပြီး ကိုယ့်ကိုယ်ကိုယ်အထီးကျန်အောင် လုပ်နေခဲ့ပြန်တယ်။
ဂျူရက်အဖေ ၁၉၉၄ နွေဦးမှာ လေဖြတ်နေချိန်မှာတော့ ဂျူရက်ရော သူ့သားတွေရော သူ့အဖေ၊ သူတို့အဘိုးရဲ့ ဘ၀နေ၀င်ချိန်မှာ နံဘေးကို မကြာခဏလာနေဖို့လွယ်ကူနေခဲ့ပါပြီ။ ၁၉၉၅ မှာ ဂျူရက်အဖေ ကွယ်လွန်သွားပေမဲ့ ဂျူရက်ကတော့ တစ်နှစ်တစ်ခါဆိုသလို ပြန်လာမြဲပါ။ တစ်ခေါက် တစ်ခေါက်ပြန်လာတိုင်း သူ့အတိတ်နဲ့ ပိုပြီးဆက်သွယ်နိုင်ခဲ့တယ်။ မိသားစုတွေ ပြန်ဆုံကြ၊ အမျိုးတွေ ဘယ်သူဘယ်ဝါနဲ့ လက်ထပ်သွားကြတာ၊ ဘယ်သူတွေကွယ်လွန်သွားကြပြီ ဆိုတာတွေပေါ့။ ဂျူရက် အမျိုးတွေ၊ သူငယ်ချင်းတွေလည်း ဥရောပတစ်လွှားမှာ ခရီးသွားလို့ရနေပါပြီ။ သြစတြီးယားမှာ ဈေးဝယ်၊ အနောက်ဥရောပမှာ စီးပွားရေးလုပ်၊ အမေရိကန်ကို ပျော်ပွဲစားထွက်ပေါ့။
ထောင်စုသစ်ကို အရောက်မှာတော့ ဆလိုဗက်ကီးယားဟာ နေတိုးနဲ့ ဥရောပသမဂ္ဂကို ၀င်ရောက်နိုင်ခဲ့ပြီး ၁၀ စုနှစ်လေးခုကြာ သမိုင်းစက်ဝန်းကိုအပြည့်လည်ခွင့်မရတဲ့ အခြေအနေကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ အရင်တုန်းကဆို ကိုယ့်ကိုယ်ကိုယ် အမေရိကန်တစ်ယောက်လို့ပဲ မိတ်ဆက်တတ်တဲ့၊ စကားဝဲတယ်နော်လို့ ပြောကြရင် ရှက်ကိုးရှက်ကန်းနဲ့ အရှေ့ဥရောပကလာတာမို့ပါလို့ ပြောတတ်တဲ့ ဂျူရက်၊ အိုမင်းလာချိန်မှာတော့ နာမည်ကျော် ဟော်ကီနဲ့ တင်းနစ်ကစားသမားတွေထွက်တဲ့ ဆလိုဗက်ကီးယားက လာတာဗျလို့ ရဲရဲကြီးပြောတတ်နေပါပြီ။ သူ့သူငယ်ချင်းတွေအတွက် ဧည့်လမ်းညွှန်ကြီးလုပ်ပြီး ဒင်းနျုမြစ်ကြီးအကြောင်း မြိန်ရည်ယှက်ရည် ပြောတတ်နေပါပြီ။ သူ့သားတွေကိုလည်း ဆလိုဗက် စကားသင်ပေးတယ်။ ဒီလိုနဲ့ပဲဘ၀နေ၀င်ချိန်တွေကို ကုန်ဆုံးနိုင်ခဲ့ပါတယ်။
မပြီးသေးတာတွေ ရှိနေပါသေးတယ်။ ဂျူရက်ဇက်နစ်ဆိုတဲ့ လူတစ်ယောက် အာဏာပိုင်တွေက နိုင်ငံမဲ့ဖြစ်အောင်လုပ်ခဲ့လို့ ခိုလှုံခွင့်ယူခဲ့ရသူတစ်ယောက် ပျောက်ဆုံးခဲ့တဲ့အရာပေါ့။ ဒါကို ၂၀၁၀ မှာ၊ ကတ္တီပါ အလွန် ၂၁ နှစ်မှာ သားဖြစ်သူ ရစ်ဇက်နစ်က ပြန်လည်ရယူဖို့လုပ်ခဲ့ပါတယ်။
ဘရာတီဆလာဗားက အရာရှိအမျိုးသမီးကို ရက်ဇက်နစ်ကလျှောက်ထားထားတာလေးများကျပြီလားလို့ မေးလိုက်တော့ အဲဒီအမျိုးသမီးက ပြန်ဖြေပါတယ်။ ဂျူရက်တစ်ယောက် နိုင်ငံကို စွန့်ခွာခဲ့ရတဲ့အချိန်တုန်းက အိပ်မက်တောင်မမက်ခဲ့ဖူးတဲ့ စကားကို အစိုးရ၀န်ထမ်းတစ်ယောက်က သူ့သားကို ပြောလိုက်ပါတယ်။ "ရှင် ဆလိုဗက်တစ်ယောက် ဖြစ်သွားပါပြီ"တဲ့။

Ref : Wall Street Journal, Love of Country Lost and Found by Rick Zednik

(Eleven Media Group)

Copyright © 2011 Mauk Kha. All Rights Reserved

ပါတီဖျက်သိမ်းခံရမှု NLD ကုလ လူ့အခွင့်အရေးကောင်စီ တိုင်မည်

တနင်္လာ, 07 ဖေဖော်ဝါရီ 2011

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တရားဝင် ရပ်တည်ပိုင်ခွင့် အထူးအယူခံကို အပြီးသတ် ပယ်ချလိုက်တာဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းပါ အချက်အတော်များများကို ဖောက်ဖျက် ကျူးလွန်တယ်ဆိုပြီး ဂျီနီဗာ အခြေစိုက် လူ့အခွင့်အရေး ကောင်စီကို တင်ပြ တိုင်ကြားဖို့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် NLD တာဝန်ရှိသူတွေ ဒီကနေ့ တနင်္လာနေ့မှာ ဆုံးဖြတ်လိုက်ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ရှေ့နေအဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးကြပြီးတဲ့နောက်မှာ အခုလို ဆုံးဖြတ်ချက် ချခဲ့ကြတာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ ဆက်သွယ် မေးမြန်းထားတဲ့ ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က နိုင်ငံရေးပါတီအဖြစ် တရားဝင် ရပ်တည်ပိုင်ခွင့်အတွက် အထူးအယူခံ လျှောက်ထားခဲ့တာမှာ NLD ပါတီဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ ၀င်ပြိုင်ဖို့ တရားဝင် မှတ်ပုံတင်ရေး ငြင်းဆန်ခဲ့တာကြောင့်ဆိုပြီး နေပြည်တော်မှာ ရုံးထိုင်တဲ့ တရားရုံးချုပ်ကနေ အထူးအယူခံကို ပယ်ချခဲ့ပါတယ်။ အဲဒီလို ပယ်ချတာဟာ လူ့အခွင့်အရေး ကြေညာစာတမ်းပါ အချက်အတော်များများကို ဖောက်ဖျက်ကျူးလွန်တာ ဖြစ်တယ်ဆိုပြီး NLD က လူ့အခွင့်အရေးကောင်စီကို တင်ပြ တိုင်ကြားဖို့ ပြင်ဆင်နေတာပါ။

“အဓိက ရည်ရွယ်ချက်ကတော့ ကျနော်တို့ တိုင်းပြည်မှာ Rule of Law တရားဥပဒေ စိုးမိုးမှု မရှိဘူး၊ ဒီအမှုမှာ ပေါ်လွင်နေတယ် ဆိုတဲ့ဟာကို အဓိကပါ။”

NLD ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

အထူးအယူခံကို ပယ်ချခံရပြီးတဲ့နောက် မြန်မာနိုင်ငံ တရားရေးစနစ်မှာ ဥပဒေလမ်းကြောင်းအရ နောက်ထပ် လုပ်စရာ ဘာမှ မရှိတော့ဘူး၊ လမ်းကုန်သွားပြီဆိုပြီး NLD ဘက်က အရင်က ပြောထားဖူးပါတယ်။ ဒါကြောင့် လူ့အခွင့်အရေး ကောင်စီကို တင်ပြတာမှာ သူတို့ဘက်ကနေ ခိုင်ခိုင်မာမာ တင်ပြနိုင်မယ်ဆိုရင် လူ့အခွင့်အရေး ကောင်စီကနေ သူတို့ဘက်ကို အလေးသာ ဆုံးဖြတ်ပေးမယ်လို့ NLD က မျှော်လင့်ထားပါတယ်။

အခု NLD ဘက်က ထောက်ပြတဲ့ အချက်ထဲမှာ အဓိကဖြစ်တဲ့ Rule of Law တရားဥပဒေ စိုးမိုးမှုဟာ မြန်မာနိုင်ငံမှာ ပျက်စီးနေခဲ့တာ အတော်ကြာပြီလို့ ဥပဒေရေးရာ ကျွမ်းကျင်သူတွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေ၊ ပညာရှင်တွေက မကြာခဏ ထောက်ပြ ပြောဆိုခဲ့ကြပါတယ်။ အခုအချိန်မှာ သမ္မတလည်းရွေးပြီး လွှတ်တော် အစည်းအဝေးတွေလည်း ကျင်းပနေ၊ အုပ်ချုပ်ရေး ပုံစံတခုကလည်း မကြာခင်မှာ ပေါ်လာတော့မှာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဒီအခြေအနေတွေက တရားဥပဒေစိုးမိုးမှု တိုးတက်ကောင်းမွန်လာမယ့်ဆီ ရှေးရှုသွားလိမ့်မယ်လို့ ဦးဉာဏ်ဝင်းကတော့ မျှော်လင့်မထားပါဘူး။

“လက်ရှိ အဲဒီမေးခွန်းနဲ့ ပတ်သက်ပြီး ပြောရရင် ကျနော်တော့ အကောင်းမမြင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခု အစိုးရဖွဲ့တာတို့၊ သမ္မတရွေးတာတို့ အားလုံးက ဘာမှ အပြောင်းအလဲ မမြင်ဘူး။ ဘာဖြစ်လို့ အပြောင်းအလဲ မမြင်လဲဆိုတော့ ပြည်သူ့လွှတ်တော်၊ ပြည်ထောင်စုလွှတ်တော် ဆိုတာကြီးကို ဆောင်ရွက်ပြီးကာမှ နအဖဆိုတာ ရှိနေတယ်ဗျ၊ ဥပဒေအရ။ အဲဒါကိုက ဘာမှ အပြောင်းအလဲ မရှိဘူးလို့ ကျနော် အဲဒီလိုပဲ ပြောချင်တယ်။”

တရားဥပဒေစိုးမိုးမှု ရှိတယ်ဆိုတာက တရားဥပဒေ အထက်မှာ ဘယ်သူမှ မရှိတာ၊ ဥပဒေရှေ့မှောက်မှာ နိုင်ငံသူ နိုင်ငံသားအားလုံး တန်းတူညီမျှရှိတာ၊ နိုင်ငံသူ နိုင်ငံသားတွေကို အာဏာပိုင်တွေက တရားလက်လွတ် မတရားပြုမူ လုပ်ဆောင်တာမျိုးတွေကနေ အကာအကွယ်ပေးတာ စသည်အားဖြင့် ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီမိုကရေစီ တည်ဆောက်ရေးမှာ တရားဥပဒေ စိုးမိုးမှု ရှိဖို့ရာဟာ အရေးအကြီးဆုံး ဖြစ်တယ်လို့ ဦးဉာဏ်ဝင်းက ထောက်ပြပါတယ်။

“အဓိက အကျဆုံးပဲ။ တိုင်းပြည် Rule of Law မရှိဘဲနဲ့ လူ့အခွင့်အရေးတို့၊ ဒီမိုကရေစီတို့ဆိုတာ မရှိနိုင်ဘူး။ လူ့အခွင့်အရေး၊ ဒီမိုကရေစီက Rule of Law နဲ့ တတွဲတည်းပဲ ကျနော်တို့ ရှုမြင်ပါတယ်။”

NLD ပါတီဟာ နိုင်ငံရေးပါတီအဖြစ် တရားဝင် ရပ်တည်ခွင့်အတွက် တရားဥပဒေကြောင်းအရ ကြိုးစားနိုင်တဲ့ အခွင့်အလမ်းတွေ ကုန်သွားပြီဖြစ်ပြီး လက်ရှိမှာ တရားဝင် နိုင်ငံရေးပါတီတခု မဟုတ်တော့ပေမဲ့ ရန်ကုန်မြို့၊ ရွှေဂုံတိုင်အရပ်မှာ ဆိုင်းဘုတ်တင် အလံထောင်ထားတဲ့ ပါတီရုံးချုပ် ဆက်ရှိနေသေးသလို လှုပ်ရှားမှုတွေကလည်း ရှိနေဆဲပါ။ အခုချိန်ထိတော့ NLD ပါတီရဲ့ လှုပ်ရှားမှုတွေကို မြန်မာအာဏာပိုင်တွေဘက်က သိသိသာသာ ဟန့်တားတာမျိုး မရှိသေးပါဘူး။


VOA

ဆရာအောင်သင်း(စာပေဟောပြောပွဲ တစ်ခုမှ)

လွှတ်တော်ထဲ အပြန်အလှန် မေးခွန်းထုတ်ဖို့ ကိုယ်စားလှယ်တွေ ပြင်ဆင်

မြန်မာနိုင်ငံမှာ ဇန်န၀ါရီလ ၃၁ ရက်နေ့က စတင်ကျင်းပနေတဲ့ လွှတ်တော်ထဲမှာ အစိုးရသစ်အတွင်း မူဝါဒ ချမှတ် လုပ်ဆောင်မှုတွေကို ဝေဖန် ဆွေးနွေးဖို့အတွက် လွှတ်တော်အမတ်တွေ ပြင်ဆင်နေကြပါတယ်။ လွှတ်တော်အမတ်တွေက အစိုးရကို မေးမြန်းချင်တာတွေကို လွှတ်တော် သဘာပတိဆီ တင်ပြပြီး သဘာပတိက မေးမြန်းခွင့်ပြုတာတွေကိုပဲ မေးမြန်းကြရမှာ ဖြစ်ပါတယ်။ အဲဒီလို အစိုးရသစ်ရဲ့ မူဝါဒကို ဆွေးနွေးဖို့ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်က အမတ်တွေ ပြင်ဆင်နေတဲ့ အချိန်မှာ ပြည်နယ်လွှတ်တော်တွေကတော့ အစိုးရသစ် ဖွဲ့အပြီး ပြန်လည်စတင်မယ့် ပြည်နယ်လွှတ်တော် အစည်းအဝေးတွေကို စောင့်ဆိုင်းနေကြပါတယ်။ ဒီအကြောင်း အသေးစိတ်ကို ဆက်သွယ် မေးမြန်းထားတဲ့ မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

လာမယ့် အင်္ဂါနေ့မှာ ဖွဲ့စည်းမယ့် အစိုးရသစ်အတွင်း မူဝါဒ ချမှတ်လုပ်ဆောင်နေမှုတွေကို လွှတ်တော်အမတ်တွေက ထောက်ပြဝေဖန် ဆွေးနွေးဖို့အတွက် ကြိုတင် ပြင်ဆင်နေကြပါတယ်။ မေးခွန်းတွေကို သက်ဆိုင်ရာ လွှတ်တော် သဘာပတိဆီကို ကြိုတင် တင်ပြထားကြရမှာဖြစ်ပြီး သဘာပတိက ခွင့်ပြုတဲ့ မေးခွန်းတွေကိုပဲ အစိုးရအဖွဲ့က တာဝန်ရှိသူတွေကို မေးမြန်းခွင့်ရမှာ ဖြစ်ပါတယ်။ အမျိုးသားလွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်က အခုလို ပြောပါတယ်။

“အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ကျနော်တို့ကို ဟိုတနေ့က ပြောတယ်၊ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ပြောတာ။ ခင်ဗျားတို့ဘက်က မေးခွန်းမေးစရာတွေရှိရင် အခု ကြိုပြီး ပေးထားနော်တဲ့၊ နောက် ၁၀ ရက်လောက်ဆို အစိုးရအဖွဲ့ ပေါ်တော့မယ်တဲ့၊ အစိုးရအဖွဲ့ ပေါ်တဲ့အခါ ခင်ဗျားတို့ မေးထားတဲ့ မေးခွန်းတွေနဲ့ သက်ဆိုင်တဲ့လူကို ကျနော်တို့ ခေါ်ထားပေးမယ်တဲ့။ အဲတော့ မေးစရာရှိတာ မေးဖို့ ကျနော်တို့ အခု အချက်အလက် စုနေတာပေါ့ဗျာ။”

အခုတော့ လွှတ်တော်အမတ်တွေက အစိုးရအဖွဲ့တွင်း မူဝါဒတွေနဲ့ ပတ်သက်ပြီး ဝေဖန်ထောက်ပြ ပြင်ဆင်နိုင်ဖို့ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း မေးခွန်းတွေကို လွှတ်တော် သဘာပတိထံကို ၁၀ ရက် ကြိုတင် အကြောင်းကြားဖို့ ညွှန်ကြားထားတာ ဖြစ်သလို ဒါကို သဘာပတိက ပယ်ချခွင့်လည်း ရှိပါတယ်။ ဆွေးနွေးမေးမြန်းခွင့်ရတဲ့ မူဝါဒတွေကို ပြင်ဆင်ခွင့် ရဖို့ကတော့ လွှတ်တော်တွင်း မဲခွဲ ဆုံးဖြတ်ရာမှာ အင်အားမညီမျှမှုကြောင့် လွယ်ကူမှာ မဟုတ်ဘူးလို့လည်း လွှတ်တော်အမတ်တွေက ပြောဆိုကြပါတယ်။ လက်ရှိ လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်မှု အနေအထားကို ဦးဖုန်းမြင့်အောင် ပြောပြတာကတော့…

“မဲခွဲတော့လည်း ကိုယ့်လူက နည်းတော့ ကိုယ့်လူမဲပဲ ရတာပေါ့ဗျာ။ ဒုတိယသမ္မတ ရွေးပွဲမှာတုန်းက၊ တပ်မတော် ကိုယ်စားလှယ် မပါဘူးပေါ့၊ အဲဒီမှာလည်း ကျနော်တို့ ဒီမိုကရက်တစ် အင်အားစုက ၃၀ လောက်ပဲ ရှိတယ်။ သူတို့အဖွဲ့က ၁၄၀ လောက် ရှိသွားတယ်။ အဲဒီတော့ မဲခွဲတော့လည်း ၁၄၀၊ ၂၇ မဲ၊ အဲဒီလောက်ပါပဲ။ သူ့လူက သူ့ရှိသလောက် မဲရတယ်၊ ကိုယ့်လူကလည်း ကိုယ့်လူရှိသလောက်ပဲ မဲရတယ်။ မဲပေးတာနဲ့ ပတ်သက်လို့ကတော့ မဲခွဲတိုင်းတော့ ခံနေရမှာပေါ့ဗျာ။”

အစိုးရ အဖွဲ့သစ်ကိုတော့ လက်ရှိသမ္မတအဖြစ် ရွေးချယ်ခံထားရတဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်က ဖွဲ့စည်းမှာ ဖြစ်ပါတယ်။ ပြည်ထောင်စုအစိုးရ ဖွဲ့စည်းပြီးနောက် သမ္မတကပဲ ပြည်နယ်နဲ့ တိုင်းဒေသကြီး ၀န်ကြီးချုပ်တွေကို ရွေးချယ် တင်မြှောက်မှာ ဖြစ်ပါတယ်။ ဇန်န၀ါရီလ ၃၁ ရက်နေ့က လွှတ်တော်သဘာပတိ ရွေးချယ်ပြီးနောက် ရပ်နားထားတဲ့ ပြည်နယ်လွှတ်တော်တွေမှာ တိုင်းရင်းသား ပါတီတွေက လွှတ်တော်အမတ်တွေ ပြည်နယ်ဝန်ကြီးချုပ် ဖြစ်နိုင်တဲ့ အလားအလာပေါ်မှာတော့ ရှမ်းပြည်နယ် လွှတ်တော်အမတ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက အခုလို ပြောပါတယ်။

“ပြောရတော့ ခက်တယ်ဗျ။ အမှန် ကျနော်တို့ မျှော်မှန်းထားတာ တိုင်းရင်းသားထဲက ဒု-သမ္မတ တယောက် ဖြစ်ဖို့ဆိုတာတော့ ကျနော်တို့ မျှော်မှန်းသလိုတော့ ဖြစ်လာတယ်ပေါ့ဗျာ။ ပြည်နယ်မှာ တိုင်းရင်းသား ပါတီတွေထဲက ၀န်ကြီးချုပ် ဖြစ်ဖို့ဆိုတဲ့ဟာတော့ ကျနော်တို့ကတော့ မျှော်တော့ မျှော်လင့်တာပေါ့ဗျာ။ ဖြစ်မလား၊ မဖြစ်ဘူးလား ဆိုတာတော့ ပြောလို့မရဘူး။ ၀န်ကြီးချုပ်ကို သမ္မတက အဆိုတင်သွင်းမှာကိုး။ ပြည်နယ်လွှတ်တော်ရဲ့ သဘောတူညီချက် ယူရမှာ။ အဓိကကတော့ သမ္မတပါပဲ။ ကျနော်တို့ပါတီ အနေနဲ့က ရှမ်းပြည်နယ် လွှတ်တော်မှာ ၃၁ ဦးပဲ နိုင်တာကိုး။ ပြည်ခိုင်ဖြိုးက ၅၄ ဦး နိုင်တာကိုး။ ကျနော်တို့က ဒုတိယနေရာပဲ ရတာပေါ့။”

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ကျင်းပခဲ့တဲ့ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်ကနေ လွှတ်တော်သဘာပတိ၊ ဒုတိယသမ္မတနဲ့ သမ္မတ ရာထူးတွေကို လွှတ်တော် ၂ ရပ်ထဲမှာ ကိုယ်စားလှယ်နေရာ ၃၈၈ နေရာ ရထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အမတ်တွေနဲ့ စစ်တပ် ကိုယ်စားလှယ်တွေကသာ ရရှိခဲ့တာဖြစ်ပြီး ပြည်နယ် သဘာပတိ ရွေးကောက် တင်မြှောက်မှုတွေမှာလည်း ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကပဲ အသာစီး ရရှိနေတာ ဖြစ်ပါတယ်။

ဒါကြောင့် ပေါ်လာမယ့် အစိုးရရဲ့ မူဝါဒတွေကို ပြင်ဆင်နိုင်ရေးနဲ့ ပြည်ထောင်စုနဲ့ ပြည်နယ်အစိုးရ အဖွဲ့တွေမှာ လူနည်းစု အနိုင်ရ နိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်းသား ပါတီတွေရဲ့ အခန်းကဏ္ဍဟာ ကျယ်ကျယ်ပြန့်ပြန့် ရနိုင်မယ့် အခြေအနေ ရှိမရှိ ဆိုတာကတော့ မသေချာဘူးလို့လည်း လွှတ်တော်အမတ်တွေက ပြောကြားနေကြပါတယ်။ VOAသတင်းမှ ကူးယူဖေါ်ပြပါသည်။