-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Monday, February 7, 2011

ပိတ်ဆို့မှု ဆက်လက်ထားဖို့ NLD ထောက်ခံမယ်


စစ်အစိုးရအပေါ် ပစ်မှတ်ထား ပိတ်ဆို့မှုတွေကို ဆက်လက်ထားရှိသင့်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က မနက်ဖြန် ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ထုတ်ပြန်မယ့် ကြေညာချက်မှာ ပါရှိမယ်လို့ သိရှိရပါတယ်။
ဖေဖော်ဝါရီလ ၄ ရက်နေ့ RFA က ထုတ်လွှင့်ခဲ့တဲ့ `လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်’ အစီအစဉ်မှာ “အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ စီးပွားရေး ပိတ်ဆို့မှုအပေါ် သဘောထားကို ဒီရက်ပိုင်းအတွင်း တရားဝင် ကြေညာပါမယ်။ စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းရေးကို နိုင်ငံရေးနည်းဗျူဟာ တခုအနေနဲ့ သုံးနေတဲ့ ပုဂ္ဂိုလ်တွေ အဖွဲ့တွေ ရှိသလို တိုင်းပြည်ရဲ့ စီးပွားရေးကို တကယ်ပဲ ထိခိုက်တယ်ထင်လို့ ရုပ်သိမ်းပေးစေချင်တဲ့ သူတွေလည်း ရှိပါတယ်။ ဒါတွေ မှန်မမှန် သေချာသုံးသပ်ပြီး ဘယ်လို ဆက်လုပ်သင့်သလဲဆိုတာ အဖြေတခု ရှာရမှာပါ” ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုချက် ပါရှိပြီးနောက် အခုလို သတင်းထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အဲဒီကြေညာချက်နဲ့ပတ်သက်ပြီး NLD ဒု-ဥက္ကဋ္ဌ ဦးတင်ဦးနဲ့ RFA ဆက်သွယ်မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။ RFAသတင်းမှ ကူးယူဖေါ်ပြပါသည်။

Friday, February 4, 2011

အင်္ဂါနေ့တွင် အစိုးရသစ်ဖွဲ့မည်

လွှတ်တော် အစည်းအဝေးများကို ၃ ရက် နားကာ လာမည့် အင်္ဂါနေ့တွင် ပြည်ထောင်စုလွှတ်တော် ခေါ်ယူ၍ အစိုးရသစ် ဖွဲ့စည်းမည်ဖြစ်သည်။ လာမည့် အစိုးရသစ်အတွက် ကာကွယ်ရေးဦးစီးချုပ်အဖြစ် ဒုတိယဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို လည်းကောင်း၊ ကာကွယ်ရေးဝန်ကြီးအဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင်ကို လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီး အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုအား လည်းကောင်း၊ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဦးမောင်မြင့်အားလည်းကောင်း ခန့်အပ်မည်ဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးအဖြစ် ဦးကျော်ဆန်းကို ဆက်လက် ခန့်ထားမည်ဟု သတင်းများ ထွက်ပေါ်နေသည်။ IRRAWADDYသတင်းမှ ကူးယူဖေါ်ပြပါသည်။

ဦးသိန်းစိန် သမ္မတဖြစ်


။ မြန်မာနိုင်ငံ၏ သမ္မတအဖြစ် လက်ရှိဝန်ကြီးချုပ် ဦးသိန်းစိန်ကို ယနေ့ နေပြည်တော်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စု လွှတ်တော်က ရွေးချယ်လိုက်သည်။

ဦးသိန်းစိန်က ၄ဝ၈ မဲဖြင့် သမ္မတဖြစ်ကာ၊ ဒုသမ္မတ ၁ နေရာအတွက် သီဟသူရတင်အောင်မြင့်ဦးက ၁၇၁ မဲဖြင့်လည်းကောင်း၊ ဒုသမ္မတ ၂ နေရာအတွက် ဦးစိုင်းမောက်ခမ်းက ၇၅ ဖြင့်လည်းကောင်း ရွေးချယ်ခံကြရခြင်း ဖြစ်သည်။

ယမန်နေ့တွင် ဒုသမ္မတလောင်းများအဖြစ် ပြည်သူ့လွှတ်တော်က
ဦးသိန်းစိန်ကိုလည်းကောင်း၊ အမျိုးသားလွှတ်တော်က ဒေါက်တာစိုင်းမောက်ခမ်းကိုလည်းကောင်း၊ တပ်မတော်သား အစုအဖွဲ့က သီဟသူရ ဦးတင်အောင်မြင့်ဦးကိုလည်းကောင်း ရွေးချယ်ခဲ့ရာမှ ယနေ့တွင် သမ္မတကို ဆက်လက်၍ မဲပေးရွေးချယ်ခဲ့ခြင်းလည်း ဖြစ်သည်။ ၎င်းတို့ ၃ ဦးစလုံးမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်အမတ်များ ဖြစ်ကြသည်။

အသက် ၆၆ နှစ်အရွယ် ဦးသိန်းစိန်မှာ မြန်မာပြည် လွတ်လပ်ရေးရပြီးနောက်ပိုင်း ၈ ဦးမြောက် သမ္မတ ဖြစ်သည်။ ယခင် သမ္မတများမှာ စဝ်ရွှေသိုက်၊ ဒေါက်တာဘဦး၊ မန်းဝင်းမောင်၊ ဦးနေဝင်း၊ ဦးစန်းယု၊ ဦးစိန်လွင်နှင့် ဒေါက်တာမောင်မောင်တို့ ဖြစ်သည်။

ဦးသိန်းစိန်သည် ၁၉၈၈ ခုနှစ်တွင် တပ်မတော်မှ အာဏာသိမ်းပြီးနောက် ကကကြည်းတွင် စစ်ဦးစီးဗိုလ်မှူးကြီး ရာထူးမှ ၂ဝဝ၅ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးအထိ စစ်ဘက်ဆိုင်ရာ ရာထူးတိုးမြှင့်ခံခဲ့ရသည်။ ပြီးခဲ့သည့်နှစ် ဧပြီလဆန်းပိုင်းတွင် စစ်တပ်ရာထူးမှ အနားယူခဲ့ပြီး၊ မန္တလေးတိုင်း ဇဗ္ဗူသီရိမြို့နယ်မှနေ၍ ပြည်သူ့လွှတ်တော်အတွက် ကြံ့ဖွံ့ပါတီမှ ကိုယ်စားပြုကာ ဝင်ပြိုင်ခဲ့ရာတွင် အနိုင်ရခဲ့သည်။


MIZZIMAသတင်းမှ ကူးယူဖေါ်ပြပါသည်။

Thursday, February 3, 2011

ဦးသိန်းစိန်နှင့် စိုင်းမောက်ခမ်း ရွေးချယ်ခံရ

ပြည်သူ့လွှတ်တော်တွင် စစ်အစိုးရ ဝန်ကြီးချုပ်ဖြစ်သူ ဦးသိန်းစိန်နှင့် အမျိုးသား လွှတ်တော်တွင် စိုင်းမောက်ခမ်းကို ဒုသမ္မတများအဖြစ် ယနေ့ ရွေးချယ်လိုက်သည်။

နေပြည်တော်တွင် ဆက်လက်ကျင်းပနေသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဒုသမ္မတရွေးချယ်ရာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်လည်းဖြစ်သူ ဦးသိန်းစိန်က ပြိုင်ဘက် ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီမှ ဦးစောသိန်းအောင်ကို ၂၇၆ မဲ - ၃၈ မဲ ဖြင့် အပြတ်သတ် အနိုင်ရခဲ့သည်။

အမျိုးသားလွှတ်တော်တွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှပင် စိုင်းမောက်ခမ်းက ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP မှ ဒေါက်တာအေးမောင်ကို ၁၄ဝ မဲ - ၂၇ မဲဖြင့် အနိုင်ရရှိလိုက်ခြင်း ဖြစ်သည်။

မနက်ဖြန်တွင် သမ္မတကို ရွေးချယ်မည်ဖြစ်ရာ ဦးသိန်းစိန်၊ စိုင်းမောက်ခမ်းတို့သည် စစ်ဘက်မှ ရွေးချယ်သော ဒုသမ္မတနှင့် ယှဉ်ပြိုင်ကြရမည်။

စစ်တပ်ကိုယ်စားလှယ်များက ရွေးချယ်သော ဒုသမ္မတမှာ သီဟသူရ ဦးတင်အောင်မြင့်ဦးဟု နေပြည်တော်မှလာသော သတင်းပေးသူများက ပြောသည်။ သို့သော် စစ်အစိုးရအာဘော် နိုင်ငံပိုင် မီဒီယာများတွင် ထိန်ချန်ထားသည်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတ ၁ ဦးနှင့် ဒုသမ္မတ ၂ ဦး ပေါ်ထွက်လာမည် ဖြစ်သည်။



MIZZIMAသတင်းမှ ကူးယူဖေါ်ပြပါသည်။

ဒုသမ္မတလောင်းများ ကိုယ်ရေးအကျဉ်း

။ နေပြည်တော်တွင် ယနေ့ကျင်းပခဲ့သည့် ပြည်ထောင်စု လွှတ်တော်က ဒုသမ္မတလောင်း အမည်စာရင်းများ တင်သွင်းခဲ့ရာ လက်ရှိဝန်ကြီးချုပ် ဦးသိန်းစိန်နှင့် အာဏာသိမ်း စစ်ကောင်စီ အတွင်းရေးမှူး ၁ လည်း ပါဝင်သည်။

ဦးသိန်းစိန်ကို ပြည်သူ့လွှတ်တော်မှ၎င်း၊ နအဖ စစ်ကောင်စီ အတွင်းရေးမှူး ၁ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်မှ၎င်း အမည်စာရင်း တင်သွင်းခဲ့ခြင်း ဖြစ်သည်။

၎င်းတို့အပြင် ပြည်သူ့လွှတ်တော်က ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီမှ စောသိန်းအောင်၊ အမျိုးသား လွှတ်တော်က ရခိုင်အမျိုးသား တိုးတက်ရေးပါတီမှ ဒေါက်တာအေးမောင်နှင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ စိုင်းမောက်ခမ်းတို့ပါ အမည်စာရင်း တင်သွင်းခံကြရသည်။

အဆိုပါ ဒုသမ္မတလောင်း ၅ ဦး၏ ကိုယ်ရေးအကျဉ်းကို လေ့လာသိရှိနိုင်ရန် စုဆောင်းတင်ပြလိုက်ပါသည်။

-----------------

အမည် ဦးသိန်းစိန် (ဗိုလ်ချုပ်ကြီးဟောင်း)
မွေးသက္ကရာဇ် ၂ဝ. ဝ၄. ၁၉၄၅
ရာထူးအလုပ်အကိုင် ဝန်ကြီးချုပ်နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ

တပ်မတော်ထဲ ဝင်ရောက်ခြင်း

ဦးသိန်းစိန်သည် ပြင်ဦးလွင် စစ်တက္ကသိုလ် အပတ်စဉ် ၈ ဆင်း ဖြစ်သည်။

ဝန်ကြီးချုပ် ဖြစ်လာခြင်း

၁၉၈၈ ခုနှစ်တွင် တပ်မတော်မှ အာဏာသိမ်းပြီးနောက် ကကကြည်းတွင် စစ်ဦးစီးဗိုလ်မှူးကြီးနှင့် စစ်ဆင်ရေး ကွပ်ကဲရေးမှူး တာဝန်များ ထမ်းဆောင်ခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် ကြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် တိုးမြှင့်ခန့်အပ်ခံခဲ့ရသည်။

၁၉၉၈ ခုနှစ်တွင် ဗိုလ်ချုပ်၊ ၂ဝဝ၂ ခုနှစ်တွင် စစ်ရေးချုပ်၊ ၂ဝဝ၃ ခုနှစ်တွင် ဒုတိယဗိုလ်ချုပ်ကြီး ရာထူးအပြင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေးကောင်စီ နအဖ အတွင်းရေးမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ၂ဝဝ၄ ခုနှစ်တွင် အတွင်းရေးမှူး (၁) အဖြစ် တိုးမြှင့်ခန့်ထားခံရသည်။

၂ဝဝ၇ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့တွင် ဝန်ကြီးချုပ်စိုးဝင်း ကွယ်လွန်ပြီးနောက် ၂၄ ရက်နေ့တွင် နိုင်ငံတော် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သည်။ ယင်းရာထူး ခန့်အပ်ခံရပြီးနောက် ၂ဝဝ၅ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးအထိ စစ်ဘက်ဆိုင်ရာ ရာထူးတိုးမြှင့်ခံခဲ့ရသည်။ ၂ဝ၁ဝ ခုနှစ် ဧပြီလဆန်းပိုင်းတွင် စစ်တပ်ရာထူးမှ အနားပေးခြင်း ခံရသည်။

နိုင်ငံတကာ ဆက်ဆံရေး

ဝန်ကြီးချုပ်ဖြစ်ပြီးနောက် နိုင်ငံတကာ ချစ်ကြည်ရေး ခရီးစဉ်များအဖြစ် တရုတ်၊ လာအို၊ ကမ္ဘောဒီးယား၊ သီရိလင်္ကာ၊ ထိုင်း စသည့် အိမ်နီးချင်း နိုင်ငံများသို့ သွားရောက်လည်ပတ်ခဲ့ပြီး၊ နှစ်နိုင်ငံဆက်ဆံရေး ဆောင်ရွက်ခဲ့သည်။

၂ဝဝ၈ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် နာဂစ်ဆိုင်ကလုန်း မုန်တိုင်းဒဏ်ခံ ပြည်သူများထံ သွားရောက်ခဲ့သည့် အစိုးရ အရာရှိများထဲတွင် ပထမဆုံး ဖြစ်သည်။

နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက် ဖွဲ့စည်းခဲ့သည့် အမျိုးသား သဘာဝဘေး ကာကွယ်တားဆီးရေး ဗဟိုကော်မတီ၏ ဥက္ကဋ္ဌတာဝန်ကိုလည်း ပူးတွဲထမ်းဆောင်ခဲ့သည်။

၂ဝ၁ဝ ခုနှစ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌအနေဖြင့် ဦးဆောင်ကာ ပါတီအသွင်ပြောင်းပြီး ရွေးကောက်ပွဲ ဝင်ခဲ့သည်။ ကိုယ်တိုင်လည်း မန္တလေးတိုင်း ဇဗ္ဗူသီရိမြို့နယ်မှနေ၍ ပြည်သူ့လွှတ်တော်အတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရရှိခဲ့သည်။

ရွေးကောက်ပွဲတွင် ဦးသိန်းစိန်ခေါင်းဆောင်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှာ အမျိုးသား လွှတ်တော်တွင် ၅၇ ရာခိုင်နှုန်းနှင့် ပြည်သူ့လွှတ်တော်တွင် ၅၉ ရာခိုင်နှုန်း အနိုင်ရရှိခဲ့သည်။

ဇနီးသည်မှာ ဒေါ်ခင်ခင်ဝင်း ဖြစ်သည်။ ရင်သွေး ၃ ဦး ထွန်းကားသည်။ လက်ရှိတွင် နေပြည်တော်၌ နေထိုင်လျက်ရှိသည်။

-----------------

အမည် သီဟသူရ တင်အောင်မြင့်ဦး
မွေးသက္ကရာဇ် ၂၉. ၅. ၁၉၅ဝ
ရာထူးအလုပ်အကိုင် အတွင်းရေးမှူး ၁ (နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ)
ဗဟိုနာယကအဖွဲ့ဝင် (ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)

တပ်မတော်ထဲ ဝင်ရောက်ခြင်း

ပြင်ဦးလွင် စစ်တက္ကသိုလ် အပတ်စဉ် ၁၂ ဆင်း ဖြစ်သည်။

နအဖ အတွင်းရေးမှူး ၁ ဖြစ်လာခြင်း

၁၉၈ဝ ခုနှစ်တွင် ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) နှင့် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် စစ်ဘက်ဆိုင်ရာ သီဟသူရဘွဲ့ ရရှိခဲ့သည်။

၁၉၉ဝ ခုနှစ်တွင် စစ်ကိုင်းတိုင်း ခြေလျင်တပ်ရင်း ၁၁၁ တွင် တပ်ရင်းမှူးအဖြစ် တာဝန်ယူခဲ့ပြီးနောက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တမခ ၃၃ တွင် စစ်ဦးစီးမှူး ပထမတန်းအနေဖြင့် စစ်ဗျူဟာမှူး တာဝန်ထမ်းဆောင်ခဲ့သည်။

ထို့နောက် အရှေ့မြောက်ပိုင်း စစ်ဌာနချုပ်လက်အောက်ခံ ကျောက်မဲမြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ် (စကခ-၁) တွင် ဗိုလ်မှူးချုပ်အဖြစ် တာဝန်ပေးအပ်ခံရပြီး ၁၉၉၇ ခုနှစ်တွင် လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူးအဖြစ် တိုးမြှင့်ခန့်အပ်ခံရသည်။

၂ဝဝ၂ ခုနှစ်တွင် စစ်ထောက်ချုပ်၊ ၂ဝဝ၃ ခုနှစ်တွင် ဒုတိယဗိုလ်ချုပ်ကြီးအထိ ဖြစ်လာခဲ့ပြီး ၂ဝဝ၇ ခုနှစ်တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ နအဖ တွင် အတွင်းရေးမှူး ၁ အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။

၂ဝဝ၉ ခုနှစ် မတ်လမှစ၍ ဗိုလ်ချုပ်ကြီး ရာထူးအထိ တိုးမြှင့်ခံခဲ့ရသည်။

ပါတီနိုင်ငံရေး လှုပ်ရှားမှု

၂ဝ၁ဝ ခုနှစ်တွင် စစ်ဘက်ဆိုင်ရာတာဝန်များမှ အနားယူကာ နအဖ အတွင်းရေးမှူး ၁ ရာထူးအပြင်၊ ပါတီအသွင် ပြောင်းလာသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတွင် ဗဟိုနာယကအဖွဲ့ဝင်အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။

၂ဝ၁ဝ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်အဖြစ် မန္တလေးတိုင်း ပုဗ္ဗသီရိမြို့နယ်မှနေ၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အနေဖြင့် ဝင်ရောက်အရွေးခံကာ အနိုင်ရခဲ့သည်။

ယင်းရွေးကောက်ပွဲတွင် ဦးသိန်းစိန် ခေါင်းဆောင်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှာ အမျိုးသား လွှတ်တော်တွင် ၅၇ ရာခိုင်နှုန်းနှင့် ပြည်သူ့လွှတ်တော်တွင် ၅၉ ရာခိုင်နှုန်း အနိုင်ရရှိခဲ့သည်။

ဦးတင်အောင်မြင့်ဦး၏ ဇနီးသည်မှာ ဒေါ်ခင်စောနှင်းဖြစ်ပြီး၊ သားဖြစ်သူမှာ နိုင်လင်းဦး (ခေါ်) တေဇာစောဦး ဖြစ်သည်။ နိုင်လင်းဦးသည် ဗိုလ်ကြီးဟောင်းတဦးဖြစ်ပြီး ဧရာဟင်္သာကုမ္ပဏီပိုင်ရှင်လည်း ဖြစ်သည်။

လက်ရှိတွင် နေပြည်တော်၌ နေထိုင်လျက်ရှိသည်။

-----------------

အမည် ဒေါက်တာအေးမောင်
မွေးသက္ကရာဇ် ၁. ၁၁. ၁၉၅၇
ပါတီတာဝန် ဥက္ကဋ္ဌ (ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP)
မွေးရပ်ဇာတိ အောင်ဆိပ်ကျေးရွာ၊ ရသေ့တောင်မြို့နယ်၊ ရခိုင်ပြည်နယ်

ပညာအရည်အချင်း

၁၉၇၅ ခုနှစ်တွင် စစ်တွေမြို့ အထက ၂ မှ ၁ဝ တန်း အောင်မြင်ခဲ့ပြီး စစ်တွေခရိုင် လူရည်ချွန်အဖြစ် ရွေးချယ်ခံခဲ့ရသည်။ ၁၉၈၁ ခုနှစ်တွင် ရန်ကုန် မွေးမြူရေးနှင့် ဆေးကုသရေး (တိမွေးကု) တက္ကသိုလ်မှ B.V.S (Yangon) ဘွဲ့ ရရှိခဲ့သည်။

၁၉၈၁ ခုနှစ်တွင် ရန်ကုန်မြို့ ရွာသာကြီးတွင် စိုက်ပျိုးမွေးမြူရေး ကေဒါသင်တန်းကို ၃ နှစ်ကြာ တက်ရောက်ခဲ့သည်။

အလုပ်အကိုင်

၁၉၈၄ ခုနှစ်တွင် ရှမ်းပြည်နယ်တောင်ပိုင်း မိုးနဲနှင့် ၁၉၈၆ ခုနှစ်တွင် နမ့်ခမ်းမြို့၌ အစိုးရဝန်ထမ်း ဖြစ်ခဲ့ပြီး၊ ၁၉၉ဝ ခုနှစ်တွင် ရခိုင်ပြည်နယ် အမ်းမြို့နယ်၌ မြို့နယ်ဦးစီးအရာရှိအဖြစ် လုပ်ကိုင်ခဲ့သည်။ အမ်းမြို့နယ်တွင် တနှစ်ကျော် တာဝန်ယူခဲ့ပြီး၊ မောင်တောတွင် ၁၉၉၆ ခုနှစ်အထိ အဆိုပါ ရာထူးဖြင့် ဆက်လက် ထမ်းဆောင်ခဲ့သည်။

၁၉၉၇ ခုနှစ်တွင် ရန်ကုန်မြို့သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ရပြီး ၁၉၉၈ ခုနှစ်တွင် လက်ထောက် ညွှန်ကြားရေးမှူး တာဝန်ဖြင့် မောင်တောတွင် ၂ဝဝ၉ ခုနှစ်အထိ လုပ်ကိုင်ခဲ့သည်။ ထို့ပြင် ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ၏ စီမံကိန်းများတွင်လည်း ပြည်တွင်း အတိုင်ပင်ခံ ပညာရှင်အဖြစ် ၂ဝဝ၈ ခုနှစ်မှ ၂ဝ၁ဝ ခုနှစ်အထိ ၅ ကြိမ်တိုင်တိုင် ဆောင်ရွက်ခဲ့သည်။

၂ဝဝ၉ ဧပြီလတွင် ကယားပြည်နယ်သို့ ပြောင်းရွှေ့မိန့် ကျခဲ့ပြီးနောက် အငြိမ်းစားယူခဲ့သည်။

လက်ရှိတွင် ရခိုင်ပြည်နယ်၌ ဆေးဆိုင်နှင့် မွေးမြူရေးခြံများ လုပ်ကိုင်လျက်ရှိသည်။

ဇနီးသည်မှာ အငြိမ်းစား ကျောင်းဆရာမဖြစ်ပြီး၊ သားသမီး ၂ ဦး ထွန်းကားခဲ့သည်။

နိုင်ငံရေးလှုပ်ရှားမှု

၁၉၉ဝ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် မဲရုံမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ဝင်ပြိုင်ရန်အတွက် RNDP ကို ထိုနှစ် ဇွန်လ ၁ ရက်နေ့တွင် တည်ထောင်ခွင့် ရယူနိုင်ခဲ့ပြီး ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။

ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော်အတွက် စစ်တွေမြို့နယ် မဲဆန္ဒနယ် ၁ တွင် ဝင်ပြိုင်ခဲ့ရာ အနိုင်ရရှိခဲ့သည်။

RNDP သည် လွှတ်တော်သုံးရပ်လုံးအတွက် အမတ်ကိုယ်စားလှယ် ၄၄ ဦးဖြင့် ဝင်ပြိုင်ခဲ့ရာ ၃၅ ဦး ရွေးချယ်ခံခဲ့ရသည်။

ပါဝင်ခဲ့သည့် အသင်းအဖွဲ့များ

၁၉၇၁ မှ ၁၉၇၅ ခုနှစ်အထိ စစ်တွေမြို့နယ် ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်အဖြစ် မီးဘေးကယ်ဆယ်ရေး၊ လူမှုရေးနှင့် ဒုက္ခသည်ကူညီရေး လုပ်ငန်းများတွင် ကူညီဆောင်ရွက်ခဲ့သည်။

၁၉၇၆ မှ ၁၉၈၁ ခုနှစ်အထိ စစ်တွေမြို့ တက္ကသိုလ်များ ပညာသင်ထောက်ပံ့ရေး ကော်မတီတွင် အလုပ်အမှုဆောင် အဆင့်အထိ တာဝန်ယူခဲ့သည်။

၁၉၇၆ မှ ၁၉၈၁ ခုနှစ်အထိ တက္ကသိုလ်များ ရခိုင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) တွင် အလုပ်အမှုဆောင်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၈ဝ ပြည့်နှစ် ရခိုင်တန်ဆောင်မဂ္ဂဇင်း အမှတ် ၁၆ တွင် မဂ္ဂဇင်းကော်မတီ အတွင်းရေးမှူးနှင့် ထုတ်ဝေသူ ဖြစ်ခဲ့သည်။

၁၉၈၂ ခုနှစ်တွင် ရွှေတိဂုံစေတီတော် ရခိုင်မောင်မယ် တံမြက်စည်းလှဲအသင်း တည်ထောင်ရာ ဦးဆောင်ပါဝင်ခဲ့သည်။
-----------------------

အမည် ဦးစောသိန်းအောင်
ပါတီ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ

၁၉၅၈ ခုနှစ်တွင် ၁ဝ တန်း အောင်မြင်ခဲ့ပြီး ၁၉၆၃-၆၄ ခုနှစ်တွင် သမိုင်းအဓိက ဘာသာဖြင့် ဘွဲ့ရရှိခဲ့သည်။
ဘွဲ့ရပြီးနောက် ကျောင်းဆရာ လုပ်ကိုင်ခဲ့သည်။ ၁၉၇၈-၇၉ နှစ်တွင် အလုပ်သမားဝန်ကြီးဌာနဝန်ကြီး ဦးကျော်ဇော်ထံ ကိုယ်ရေးအရာရှိအဖြစ် လုပ်ကိုင်ခဲ့သည်။ ထို့နောက် ၁၉၇၉ ခုနှစ်တွင် သင်္ဘောသား လုပ်ကိုင်ခဲ့သည်။

၁ဝ နှစ်ကြာပြီး ၁၉၈၈ ခုနှစ် ဇွန်လ ၂ဝ ရက်နေ့တွင် မြန်မာပြည်သို့ ပြန်ရောက်လာခဲ့သည်။

အိမ်ထောင်ဆက် ၂ ဆက်ရှိခဲ့ပြီး ပထမအိမ်ထောင်ကို အသက် ၂၈ နှစ် အရွယ်တွင် ပြုခဲ့ပြီး၊ သားတဦးနှင့် သမီးတဦး ထွန်းကားခဲ့သည်။

နိုင်ငံရေးလှုပ်ရှားမှု

၁၉၆၅ ခုနှစ်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) သင်တန်းတက်ရောက်ခဲ့သည်။ သင်တန်းတက်ပြီးနောက် ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။

-----------------
အမည် ဒေါက်တာ စိုင်းမောက်ခမ်း

၁၉၅ဝ ခုနှစ်တွင် မူဆယ်မြို့၌ မွေးဖွားခဲ့ပြီး မန္တလေးဆေးတက္ကသိုလ်မှ ဆရာဝန်ဘွဲ့ ရရှိခဲ့သည်။

အလုပ်အကိုင်

ရှမ်းပြည်နယ် လားရှိုးမြို့နယ်တွင် “ယူလီခ” အထူးကုဆေးခန်း ဖွင့်လှစ်ထားသည်။

ပါဝင်လှုပ်ရှားခဲ့သည့် အသင်းအဖွဲ့များ

ဒေါက်တာစိုင်းမောင်ခမ်းသည် ဗဟိုရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့နှင့် လားရှိုးမြို့နယ် ရှမ်းစာပေနှင့် ယဉ်ကျေးမှု အဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသည်။

နိုင်ငံရေးလှုပ်ရှားမှု

၂ဝ၁ဝ ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှနေ၍ အမျိုးသားလွှတ်တော်အတွက် ရှမ်းပြည်နယ် မဲဆန္ဒနယ် ၃ တွင် ဝင်ပြိုင်ခဲ့ရာ အနိုင်ရခဲ့သည်။ ရွေးကောက်ပွဲအကြို စည်းရုံးရေးကာလအတွင်း အခမဲ့ ဆေးကုသပေးမည်ဟူ၍ လူထုကျန်းမာရေး အကြောင်းပြချက်ဖြင့် စည်းရုံးရေးဆင်းခဲ့မှုကြောင့် ဝေဖန်ခံခဲ့ရသည်။


MIZZIMAမှကူးယူဖေါ်ပြပါသည်။

သမ္မတနှင့် အခွင့်အာဏာ

လွှတ်တော်တွင် စာရင်းသွင်းထားသည့် ဒုတိယ သမ္မတလောင်းများမှာ ကြံ့ဖွံ့ပါတီ ဥက္ကဋ္ဌ ဦးသိန်းစိန် (ဗိုလ်ချုပ်ကြီးဟောင်း) နှင့် ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီမှ စောသိန်းအောင်၊ ဒေါက်တာ စိုင်းမောက်ခမ်း (ကြံ့ဖွံ့ပါတီ) နှင့် ရခိုင် RNDP မှ ဒေါက်တာ အေးမောင်တို့ ဖြစ်သည်။ တပ်မတော် အမတ်များက သီဟသူရ တင်အောင်မြင့်ဦးကို ရွေးချယ်ထားသည်ဟု နေပြည်တော်ရှိ စစ်ဘက်နှင့် နီးစပ်သော သတင်းရပ်ကွက်များက ပြောသည်။ သို့သော် နိုင်ငံပိုင် မီဒီယာများတွင် မည်သူဖြစ်သည်ကို ချန်လှပ်ထားသည်။

သမ္မတအရည်အချင်း စိစစ်ရေးအဖွဲ့ကို ကြံ့ဖွံ့အမတ်များဖြစ်သည့် သူရဦးရွှေမန်း (ဗိုလ်ချုပ်ကြီးဟောင်း)၊ ဦးနန္ဒကျော်စွာ၊ ဦးသောင်း၊ ဦးခင်အောင်မြင့် (ဗိုလ်ချုပ်ဟောင်း)၊ ဦးမျိုးမြင့်၊ ဦးမြညိမ်း တို့အပါအဝင် တပ်မတော်အမတ်တဦး စုစုပေါင်း ၇ ဦးဖြင့် ဖွဲ့ထားသည်။

ထို့ပြင် ဖွဲ့စည်းပုံ အခန်း-၃၊ ပုဒ်မ ၅၉ ပါ အချက်များဖြင့် ချိန်ထိုး၍ ရွေးချယ်ရမည်ဖြစ်သဖြင့် သမ္မတလောင်းများသည် အပိုဒ် (ဃ) “နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေး” အမြင်များလည်း ရှိရမည် ဖြစ်သည်။

သမ္မတနှင့် ဒုသမ္မတများ၏ သက်တမ်းသည် ၅ နှစ်ဖြစ်သော်လည်း နောက်တကြိမ် သမ္မတအသစ် ရွေးချယ်တင်မြှောက်ပြီးသည်အထိ လုပ်ငန်းများ ဆက်လက်လုပ်ဆောင်နိုင်ခွင့်ရှိသည်။

ဖွဲ့စည်းပုံ ပုဒ်မ ၅ဝ အရ နေပြည်တော်ကို “ပြည်ထောင်စုနယ်မြေ” အဖြစ် သမ္မတက တိုက်ရိုက် အုပ်ချုပ်သွားမည် ဖြစ်သည်။ နိုင်ငံတော် ကာကွယ်ရေး၊ လုံခြုံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး စသည်တို့နှင့် စပ်လျဉ်းပြီး “ထူးခြားသောအခြေအနေ” ရှိသည့်နယ်မြေများကိုလည်း ဥပဒေပြဋ္ဌာန်းပြီး သမ္မတက တိုက်ရိုက်အုပ်ချုပ်ခွင့် ရှိနေသည်။

နယ်ခြားစောင့်တပ် လက်မခံသည့် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များနှင့် လက်နက်ကိုင် တိုက်နေဆဲ တိုင်းရင်းသားအဖွဲ့များ၏ နယ်မြေများတွင် ရွေးကောက်ပွဲကော်မရှင်၏ လုပ်ပိုင်ခွင့် ပြဋ္ဌာန်းချက် “နယ်မြေလုံခြုံရေး” အခြေအနေအရ ရွေးကောက်ပွဲများ မကျင်းပခဲ့ပေ။

သမ္မတ၏ အခြားလုပ်ပိုင်ခွင့်များကို ၂ဝဝ၈ ဖွဲ့စည်းပုံကို အခြေခံသည့် ပြည်ထောင်စုလွှတ်တော်ဆိုင် ရာဥပဒေ ပုဒ်မ ၅၉၊ ၆ဝ၊ ၆၁ တို့ တွင် ဖော်ပြထားရာ လွှတ်တော်၏ အတည်ပြုချက်ယူရန်မလိုပဲ သမ္မတက တိုက်ရိုက်ဆောင်ရွက်နိုင်မည့် စာချုပ်နှင့် သဘောတူညီချက် ၃ဝ ရှိနေသည်။

ထိုလုပ်ပိုင်ခွင့်များအနက် အပြည်ပြည်ဆိုင်ရာနှင့် ဒေသဆိုင်ရာစာချုပ် သဘောတူညီချက်၊ ကွန်ဗင်းရှင်းများကိစ္စ၊ ဆည်မြောင်း တာတမံနှင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်းများ၊ ရေနက်ပင်လယ်ဆိပ်ကမ်း တည်ဆောက်ရေး၊ လမ်းတံတားတည်ဆောက်ရေး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး၊ အခွန်ကိစ္စ၊ အနုမြူစမ်းသပ်မှုပိတ်ပင်ရေး၊ နိုင်ငံတော်အတွင်း ခိုလှုံခွင့်ပေးရေး၊ ရေကြောင်း လေကြောင်း သွားလာမှု၊ စာတိုက်၊ ကြေးနန်း၊ တယ်လီဖုန်း၊ ဖက် (စ်)၊ အီးမေး၊ အင်တာနက်၊ အင်ထရာနက်နှင့် အလားတူ ဆက်သွယ်ရေးဆိုင်ရာကိစ္စ၊ သဘာဝစွမ်းအင် သယံဇာတ ပစ္စည်းများထုတ်ဖော်မှု၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရေး စသည်တို့လည်း ပါဝင်နေသည်။

လက်ရှိ စစ်အစိုးရက မြန်မာ့ကမ်းရိုးတန်းတလျှောက် ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ ထားဝယ်ရေနက်ဆိပ်ကမ်း၊ ကုလားဂုတ်ရေနက်ဆိပ်ကမ်း၊ ဘုတ်ပြင်းရေနက်ဆိပ်ကမ်းတို့ တည်ဆောက်ရန် စီစဉ်နေသည်။

ကျောက်ဖြူရေနက်ဆိပ်ကမ်းကို တရုတ်နိုင်ငံနှင့်လည်းကောင်း၊ ထားဝယ်ရေနက်ဆိပ်ကမ်းကို ထိုင်းနိုင်ငံနှင့်လည်းကောင်း စတင်ပူးပေါင်းဆောင်ရွက်နေပြီ ဖြစ်သည်။

လွှတ်တော်ဆိုင်ရာ ဥပဒေ ပုဒ်မ ၁ဝ က “ဖွဲ့စည်းပုံအခြေခံဥပဒေ” ကို ဆန့်ကျင်၍ လွတ်လပ် စွာ ပြောဆိုဆွေးနွေးခွင့်နှင့် ဆန္ဒမဲပေးခွင့် ရှိကြမည်မဟုတ်ကြောင်း ရှင်းလင်းစွာ ဖော်ပြထားသည်။

ဖွဲ့စည်းပုံ ပုဒ်မ ၄၃၆ အရလည်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ဖွဲ့စည်းပုံကို ပြင်ဆင်မည်ဟု သဘောတူပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှ ဆန္ဒမဲပေး ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဟု ဖော်ပြထားသည်။

လက်ရှိလွှတ်တော်တွင် စစ်တပ်နှင့် စစ်တပ်ကထောက်ခံသည့် ကြံ့ခိုင်ဖွံ့ဖြိုးရေးက အများစုဖြစ်သဖြင့် ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ မလွယ်ကြောင်း ဝေဖန်သူများက ပြောသည်။
MIZZIMAသတင်းမှ ကူးယူဖေါ်ပြပါသည်။