-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Wednesday, February 2, 2011

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ပြောကြား


လွှတ်တော်ထဲမှာ အငြင်းအခုံကိစ္စတွေကို ခွင့်ပြုမှာမဟုတ်ဘူးလို့ သိရပါတယ်။ လွှတ်တော် စတင် ဖွင့်လှစ်ခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်နေ့က အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရတဲ့ ဦးခင်အောင်မြင့်က အဲဒီလို ပြောဆိုခဲ့တာဖြစ်ပါတယ်။
စကားပြောကောင်းတဲ့သူက ပိုပြီးငြင်းခုံနိုင်မှာဖြစ်လို့ ငြင်းခုံခြင်းအားဖြင့် အချိန်ကုန်မခံနိုင်ကြောင်း၊ ငြင်းခုံနေလို့ အလုပ်ဖြစ်မှာ မဟုတ်တဲ့အတွက် အငြင်းအခုံတွေကို ခွင့်မပြုကြောင်း မြန်မာ့အသံက လွှင့်သွားတဲ့ သူ့ရဲ့မိန့်ခွန်းကို နားထောင်လိုက်ရသူတဦးက ပြောပါတယ်။

“အဲဒီ လွှတ်တော်ထဲမှာ ငြင်းခုံနေလို့ရှိရင် စကားပြောကောင်းတဲ့လူက ပြောနေရင် စကားနိုင်လုနေမယ်၊ အဲလိုမျိုးပေါ့၊ တမျိုး ဖြစ်သွားမယ်ပေါ့။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ပြောနေတာ ဝိုင်းရယ်နေတာပေါ့၊ အဲဒီမှာ ဟာသဖြစ်နေတာ။ လွှတ်တော်ကြီး လုပ်နေပြီး တကဲ့ ကလေးအဆန်ဆုံး အကွက်ဖြစ်နေတယ်။”

တနင်္ဂနွေညနေပိုင်းက ထုတ်လွှင့်ခဲ့တဲ့ သတင်းမှာ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌရဲ့ အဲဒီ ပြောကြားချက်ကြောင့် လူအတော်များများ စိတ်ပျက် ဒေါသထွက်ခဲ့ရတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

ယဉ်ကျေးမှုဝန်ကြီး ဖြစ်ခဲ့တဲ့ ဦးခင်အောင်မြင့်ဟာ သတင်းစာရှင်းလင်းပွဲတွေမှာ သဘောထား တင်းမာသူ တယောက်အဖြစ် တွေ့ရတယ်လို့ ပြည်တွင်း သတင်းစာဆရာတွေက ပြောဆိုကြပါတယ်။
RFAသတင်းမှ ကူးယူဖေါ်ပြပါသည်။

မြန်မာစစ်အစိုးရ ၏တံခါးပိတ်လွှတ်တော် ဖွင့်ပွဲ(ရုပ်သံ)

Tuesday, February 1, 2011

ဒုသမ္မတလောင်းအတွက် ဗိုလ်ချုပ်ဟောင်း ၂ ယောက်နှင့် တိုင်းရင်းသားများ ဝင်ပြိုင်


ပြည်ထောင်စု လွှတ်တော်တွင် ယနေ့ ဒုသမ္မတလောင်း အမည်စာရင်းတင်သွင်းရာ လက်ရှိဝန်ကြီးချုပ် ဦးသိန်းစိန်နှင့် အာဏာသိမ်း စစ်ကောင်စီ အတွင်းရေးမှူး ၁ တို့လည်း ပါဝင်နေသည်။

ပြည်သူ့လွှတ်တော်အတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဝန်ကြီးချုပ် ဦးသိန်းစိန်နှင့် ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီမှ စောသိန်းအောင်တို့ တင်သွင်းခံရသည်။

စစ်ဘက် ကိုယ်စားလှယ်များက
နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး (၁) သီဟသူရ ဦးတင်အောင်မြင့်ဦးကို ရွေးချယ်ကြသည်။

အမျိုးသား လွှတ်တော်တွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ဒေါက်တာစိုင်းမောက်ခမ်းနှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဒေါက်တာအေးမောင်တို့ ယှဉ်ပြိုင်နေကြသည်။

ဆန်ကာတင်စာရင်းဝင် ဒုသမ္မတလောင်းများကို အရည်အချင်း စိစစ်နေပြီး ကြာသပတေးနေ့တွင် သမ္မတနှင့် ဒုသမ္မတများ ရွေးချယ်မည် ဖြစ်သည်
ကြံ့ခိုင်ဖွံ့ဖြိုးရေးက အသာစီးရထားသဖြင့် ဦးသိန်းစိန်နှင့် ဒေါက်တာစိုင်းမောက်ခမ်းတို့ လွှတ်တော် ၂ ရပ်မှ ဒုသမ္မတများ ဖြစ်လာဖွယ်ရှိသည်။

ဒေါက်တာစိုင်းမောက်ခမ်းမှာ လားရှိုးမှ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်(၃)အတွက် ကြိုတင်မဲ တသောင်းကျော်နှင့် အနိုင်ရသူ ဖြစ်ပြီး ဗဟိုရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌလည်းဖြစ်သည်။ ကြံ့ဖွံ့အတွက် မဲဆွယ်စဉ်က ကြံ့ဖွံ့မထောက်ခံလျှင် ထောင်ထဲ တောထဲရောက်သွားမည်ဟု ခြိမ်းခြောက်မဲဆွယ်ခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။

အစိုးရအဖွဲ့ ယခုအပတ်ထဲ ဖွဲ့နိုင်မည်ဟု လွှတ်တော်တက်နေသော အမတ်တဦးက မဇ္ဈိမသို့ ပြောသည်။
MIZZIMAသတင်းမှ ကူးယူဖေါ်ပြပါသည်။

အာဆီယံ အမတ်များနှင့် NLD တွေ့ဆုံ


အာဆီယံ လစ်ဘရယ် ဒီမိုကရက် အဖွဲ့က ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟို အလုပ် အမှုဆောင် အဖွဲ့ကို ယမန်နေ့က တွေ့ဆုံခဲ့သည်။

မနေ့ မွန်းလွဲပိုင်း ၂ နာရီကနေ ညနေ ၃ နာရီခွဲလောက်အထိ ဗဟိုအလုပ်အမှုဆောင်အဖွဲ့နဲ့ ပါတီရုံးချုပ်မှာတွေ့တယ်။ ညနေ ၄ နာရီမှာတော့ အထွေထွေ အတွင်းရေးမှူးချုပ် ဒေါ်အောင်ဆန်းစုကြည်ကို သူ့နေအိမ်မှာပဲ သွားရောက်တွေ့ဆုံကြပါတယ်”ဟု NLD ပြောခွင့်ရ ဦးအုန်းကြိုင်က ပြောသည်။

အဆိုပါအဖွဲ့တွင် အာဆီယံအဖွဲ့ဝင် ကမ္ဘောဒီးယား ၊ ထိုင်း ၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားနိုင်ငံများမှ လွှတ်တော်ကိုယ်စားလှယ်များအပြင် သီရိလင်္ကာ လွှတ်တော်အမတ် တဦးပါဝင်ကာ အရှေ့အာရှဒေသအတွင်း ဒီမိုကရေစီစနစ် ဖွံ့ဖြိုးတိုးတက်လာစေရန် နိုင်ငံရေး ကွန်ရက်သဖွယ် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် လာရောက်ဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

“အရှေ့အာရှဒေသအတွင်းမှာ ဒီမိုကရေစီစနစ် ပိုမိုအားကောင်းလာရေးအတွက် သူတို့ရဲ့ဆောင်ရွက်နေမှုတွေကို ပြောတယ်။ အဖွဲ့ချုပ်ရဲ့ ဆောင်ရွက်မှုတွေ ၊ အခက်အခဲတွေကိုလည်း သူတို့ မေးမြန်းဆွေးနွေးတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးတဲ့ အခါမှာလည်း ဒီအချက်တွေကိုပဲ ပြောကြဆိုကြတာပါ”ဟု ဦးအုန်းကြိုင်က ပြောသည်။

ယခုလ ၂၁ ရက်နေ့က ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကဆစ် ဖိရုမ်း နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးခဲ့ပြီး နောက် ယခုတွေ့ဆုံမှုသည် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်လာအပြီး အာဆီယံဒေသတွင်းမှ နိုင်ငံရေး ခေါင်းဆောင်များနှင့် ဒုတိယ အကြိမ်မြောက် တွေ့ဆုံမှုဖြစ်သည်။

အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ရာထူးကို ၂၀၁၄ တွင် မြန်မာနိုင်ငံက တာဝန်ယူရန် ပြင်ဆင်နေသည်ဆိုသော သတင်း အာဆီယံ သံတမန်အသိုင်းအ၀ိုင်းအတွင်း ပေါ်ထွက်နေစဉ် ပါတီအဖြစ်မှ ရပ်စဲကြောင်း ကြေညာခြင်းခံထားရသည့် NLD ပါတီကို အာဆီယံ လွှတ်တော် အမတ်များက သွားရောက်တွေ့ဆုံခဲ့ခြင်းလည်း ဖြစ်သည်။

၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ NLD က စစ်အစိုးရ ကျင်းပပေးမည့် ရွေးကောက်ပွဲသည် တရားမျှတမှု မရှိနိုင်သည့်အပြင်၂၀၀၈ ဖွဲ့စည်းပုံကိုလည်း လက်မခံနိုင်ဟုဆိုကာ နိုင်ငံရေး ပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့် မလျှောက်ထားရန် ၂၀၁၀ ခုနှစ် မတ်လ ၂၉ ရက်နေ့က ဆုံးဖြတ်ခဲ့သည်။

ထို့နောက် နအဖ စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲကော်မရှင်က NLD ပါတီနှင့် ၁၉၉၀ ရွေးကောက်ပွဲဝင် ပါတီ(၁၀) ခုကို တရား ၀င် ပါတီအဖြစ်မှ ရပ်စဲကြောင်း ၂၀၁၀ ခုနှစ် စက်တင်ဘာ ၁၄ ရက်တွင် ကြေညာခဲ့သည်။

ထိုကဲ့သို့ ကြေညာခဲ့သည့်အပေါ် ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် တရားရင်ဆိုင်ခဲ့ပြီး ပါတီရပ်တည်ခွင့်အတွက် တရား ရုံးချုပ် သို့ လျှောက်ထားခဲ့သော်လည်း နေပြည်တော် တရားရုံးချုပ်က အထူးအယူခံကို ဇန်န၀ါရီ ၂၈ ရက်တွင် အပြီးသတ် ပယ်ချ ထား သည်။

ပါတီ ရပ်တည်ခွင့် ပယ်ချခံရမှုနှင့် စပ်လျဉ်း၍ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်သို့ တင်ပြရန် NLD ပါတီက ဆုံးဖြတ် ထား သည်။ IRRAWADDYသတင်းမှ ကူးယူဖေါ်ပြပါသည်။

လွှတ်တော်မှာ စစ်အစိုးရ ဖွဲ့စည်းပုံအတိုင်း ပြန်ဖြစ်လာ


၂၀၁၀ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေ ဇန်နဝါရီ ၃၁ ရက် ဒီကနေ့ ပထမဆုံးနေ့အဖြစ် နေပြည်တော်မှာ လွှတ်တော် ခေါ်ယူကျင်းခဲ့ပါတယ်။ အမျိုးသားလွှတ်တော်နဲ့ ပြည်ထောင်စု လွှတ်တော် နှစ်ရပ်လုံး ခေါ်ယူ ကျင်းပတာ ဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော်ကို မနက် ၈ နာရီ ၅၅ မိနစ်က စတင်ခဲ့ပြီး နေ့လည် ၂ နာရီခွဲမှာ ပြီးဆုံးခဲ့ပါတယ်။

အမျိုးသားလွှတ်တော်ကို ၃ နာရီမှာ စတင်ပြီး ညနေ ၄ နာရီ ၁၅ မိနစ်မှာ ပြီးဆုံးခဲ့တာပါ။ ဒီကနေ့ လွှတ်တော် စတင် ကျင်းပတာနဲ့ပတ်သက်ပြီး NDF လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်းက အခုလိုပြောပြပါတယ်။

“ပထမနေ့ အနေနဲ့ကတော့ ကျွန်တော်တို့ ပြည်သူ့လွှတ်တော်မှာ ဥက္ကဋ္ဌ၊ ဒု ဥက္ကဋ္ဌ ရွေးတယ်ပေါ့ဗျာ။ အဲ ဥက္ကဋ္ဌက ဦးရွှေမန်း၊ ဒု ဥက္ကဋ္ဌက နန္ဒကျော်စွာ၊ နန္ဒကျော်စွာဆိုတာ ဒဂုံမြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ပေါ့။”

ပြည်သူ့လွှတ်တော် သဘာပတိအဖြစ် ဗိုလ်ချုပ်ဌေးဦးကို ရွေးချယ်လိုက်တာ ဖြစ်ပြီး အမျိုးသားလွှတ်တော် သဘာပတိအဖြစ် ကချင်ပြည်နယ်က အမတ်တဦးဖြစ်တဲ့ ဦးကက်ထိတ်နမ် ဖြစ်ပါတယ်။ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးရွှေမန်းကို ရွေးချယ်ခဲ့ပါတယ်။

မနက်ဖြန် ၁၀ နာရီမှာ လွှတ်တော်အမတ်တွေအားလုံး လွှတ်တော်အစည်းအဝေးပြန်တက်ဖို့ ဖိတ်ခေါ်ထားပါတယ်။ မနက်ဖြန်မှာ ဒုတိယ သမတလောင်း ၃ ဦးကို ပြည်သူ့ လွှတ်တော်။ အမျိုးသားလွှတ်တော်နဲ့ တပ်မတော်သား အစုအဖွဲ့ကနေ တဦးစီ အမည်တင်သွင်းပေးဖို့ အစီအစဉ်ကို လုပ်ဆောင်မှာ ဖြစ်ကြောင်းသိရပါတယ်။ အဲဒီ ဒုတိယ သမတလောင်း ၃ ဦးထဲကမှ သမတကြီးကို ပြည်ထောင်စု လွှတ်တော်ကနေ ပြန်လည် ရွေးချယ် တင်မြှောက်ရမှာ ဖြစ်ပါတယ်။

ဒီကနေ့ကျင်းပတဲ့ ပြည်နယ်လွှတ်တော် ဖွင့်ပွဲမှာလည်း ပထမဆုံး သဘာပတိ ရွေးချယ်ခဲ့ပြီး၊ နောက်ပိုင်းမှာတော့ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌ နေရာတွေကို မဲစနစ်နဲ့ ရွေးချယ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလိုရွေးချယ်ရာမှာ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနဲ့ ဒုတိယ ဥက္ကဋ္ဌ နေရာတွေအတွက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်တွေသာ ရရှိသွားခဲ့တဲ့အတွက် တိုင်းရင်းသားပါတီတချို့က ဝေဖန်နေကြပါတယ်။

ချင်းပြည်နယ်မှာဆိုရင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ အဖြစ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဦးဟောက်ကင်းခန် နဲ့ ဒုတိယ ဥက္ကဋ္ဌအဖြစ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဦးအုန်းလွင်တို့ ဖြစ်တယ်လို့ သိရပါတယ်။

မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌအဖြစ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဦးကြင်ဖေ ၊ ဒုတိယ ဥက္ကဋ္ဌ နေရာကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဦးဌေးလွင်တို့ ရခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌအဖြစ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဗိုလ်မှူးကြီးဟောင်း စိန်တင်ဝင်း ၊ ဒုတိယဥက္ကဋ္ဌက ဦးတင်အောင် ဖြစ်တယ်လို့သိရပါတယ်။

အလားတူ တခြား တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေမှာလည်း ကြံ့ခိုင်ဖွံြ့ဖိုးရေးပါတီက ကိုယ်စားလှယ်တွေသာ အရွေးခံခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြည်နယ် ဝန်ကြီးချုပ်တွေအဖြစ် ရန်ကုန်တိုင်းမှာ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေ၊ မန္တလေးမှာ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်၊ စစ်ကိုင်းတိုင်းမှာ ဒုတိယ ဗိုလ်ချုပ်ကြီး သာအေးတို့ကို ခန့်ထားဖို့ လျာထားပြီးဖြစ်တယ်လို့ သိရပါတယ်။ ယခင်သူတို့တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ တိုင်းတွေမှာ ပြန်လည် တာဝန်ပေးအပ်မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

ဒီနေ့ အစည်းအဝေးကို နေ့တဝက် လောက်မှာ အပြီးသတ်ရုပ်သိမ်းလိုက်ပြီး လာမဲ့ သမတ ရွေးချယ်ပြီးမှသာ နောက်ထပ် ပြည်နယ် တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွေကို ပြန်လည် စတင်ဖို့ ရှိတယ်လို့ သိရပါတယ်။

လွှတ်တော်ခေါ်ယူခဲ့တာနဲ့ ပတ်သက်ပြီး RFA မှ ဦးဇော်မိုးကျော်နဲ့ ဒေါ်ခင်ခင်အိတို့က နေပြည်တော်ရောက် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ မေးမြန်းတင်ဆက်ထားပါတယ်။ RFAသတင်းမှ ကူးယူဖေါ်ပြပါသည်။

စစ်တပ်ချုပ်ကိုင်တဲ့ လွှတ်တော်ကြောင့် အပြောင်းအလဲအတွက် အခွင့်အလမ်း ဆုံးရှုံး


မြန်မာနိုင်ငံမှာ မနေ့ကစပြီး ခေါ်ယူကျင်းပခဲ့တဲ့ လွှတ်တော်တွေမှာ စစ်တပ်အရာရှိတွေနဲ့ စစ်အစိုးရရဲ့ USDP ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက လွှမ်းမိုးထားလိမ့်မယ် ဆိုတာကို မူလကတည်းက မျှော်လင့်ပြီးသား ဖြစ်တယ်လို့ အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဌာနက ပြောပါတယ်။

မနေ့က ကျင်းပတဲ့ လွှတ်တော်တွေမှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် သူရ ဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ် ယဉ်ကျေးမှုဝန်ကြီး ဦးခင်အောင်မြင့်တို့ကို ရွေးချယ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက် ပါလီမန် ရွေးကောက်ပွဲတွေဟာ လွတ်လပ်မျှတမှု မရှိဘူးဆိုပြီး အမေရိကန် ပြည်ထောင်စုက ထုတ်ပြန်ကြေညာပြီးသား ဖြစ်ပါတယ်။

“အခု လွှတ်တော် အခြေအနေနဲ့ ပတ်သက်လို့ ဘာမှ အံ့အားသင့်စရာ မရှိပါဘူး။ အမေရိကန် ပြည်ထောင်စု အနေနဲ့ကတော့ အရင်က ပြောထားတဲ့အတိုင်း နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးပြီး အားလုံး ပါဝင်နိုင်တဲ့၊ လမ်းဖွင့်ပေးထားတဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တရပ်ကို မြင်ချင်ပါတယ်။” လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ပီ.ဂျေ ခရော်လီ (P.J Crowley) က ပြောသွားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ဗဟိုတရားရုံးက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို အသိအမှတ်ပြုဖို့ ငြင်းပယ်ခဲ့တာကိုလည်း စိတ်ပျက်မိတဲ့အကြောင်း ပြောပါတယ်။

တကယ်တော့ NLD နဲ့ တခြား ဒီမိုကရက်တစ် ပါတီတွေ၊ တိုင်းရင်းသား ပါတီတွေကို အသိအမှတ်ပြုတာဟာ မြန်မာအာဏပိုင်တွေအတွက် အခွင့်အလမ်းတရပ် ဖြစ်တယ်လို့လည်း ပြောပါတယ်။ ဒါကြောင့် မြန်မာအာဏာပိုင်တွေဟာ နောက်ထပ် အခွင့်အရေးတရပ်ကို ဆုံးရှုံး နစ်နာခဲ့ရတယ်လို့ အမေရိကန် ပြည်ထောင်စု အနေနဲ့ မြင်တဲ့အကြောင်း ပြောသွားပါတယ်။

မနေ့က နေပြည်တော်မှာ ကျင်းပတဲ့ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်နဲ့ တပြိုင်တည်းပဲ တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော်တွေကိုလည်း ခေါ်ယူ ကျင်းပပါတယ်။ နောက်ဆုံးရရှိတဲ့ သတင်းတွေအရ တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော်တွေမှာလည်း ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်တွေပဲ လွှတ်တော်ဥက္ကဋ္ဌအဖြစ် အရွေးခံရပါတယ်။

သူရ ဦးရွှေမန်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် အရွေးခံရတာကြောင့် ဦးရွှေမန်း နိုင်ငံတော်သမ္မတ ဖြစ်လာမယ်ဆိုတဲ့ မျှော်လင့် ခန့်မှန်းမှုတွေ ကုန်ဆုံးသွားပြီး လက်ရှိ ၀န်ကြီးချုပ် ဦးသိန်းစိန် သမ္မတ ဖြစ်လာနိုင်တယ်ဆိုတဲ့ ခန့်မှန်းမှုတွေ ပိုထွက်လာပါတယ်။ ဒီနေ့မှာတော့ ဒုတိယ သမ္မတ ၃ ဦး ရွေးချယ်မှု စတင်မယ်လို့ မျှော်လင့်ရပါတယ်။

အတိုက်အခံ လှုပ်ရှားသူတွေက ဒီလွှတ်တော်ကနေ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ ရရှိလာနိုင်လိမ့်မယ်လို့ မယူဆကြပါဘူး။ VOAသတင်းမှ ကူးယူဖေါ်ပြပါသည်။

ရခိုင်လွှတ်တော်မှာ ကြံ့ဖွံ့က ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ အရွေးခံရ

ရခိုင်ပြည်နယ် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ရွေးချယ်ခံရကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP က ပြောသည်။

ဥက္ကဋ္ဌအဖြစ် ဂွမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မှ ဦးထိန်လင်းနှင့် ဒုဥက္ကဋ္ဌအဖြစ် မာန်အောင်မြို့နယ် အမှတ် ၂ မှ ဦးသာညွန့်ကို ယနေ့ စတင်ကျင်းပသည့် ပြည်နယ်လွှတ်တော် အမတ်များက မဲပေးရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

“ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌတော့ ရွေးပြီးပြီ ပြောတယ်။ ကြံ့ခိုင်ရေးပဲ ရမှာပေါ့။ ကြံ့ခိုင်ရေးက စစ်တပ်က ထောက်ပေးမှာပေါ့။ ကြံ့ခိုင်ရေးက မဲများတယ်လေ။ ဂွက ဦးထိန်လင်းက ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌက မာန်အောင်က ဦးသာညွန့် ရတယ်” ဟု RNDP ပြည်သူ့လွှတ်တော်အမတ် ဦးဘရှိန်က မဇ္ဈိမကို ပြောသည်။

ယနေ့ညနေပိုင်းတွင် ထုတ်လွှင့်သည့် စစ်အစိုးရပိုင် MRTV 4 ရုပ်သံကလည်း ဦးဘရှိန် ပြောသကဲ့သို့ ထုတ်ပြန်ကြေညာသွားသည်။

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၄၆ ဦး (သို့မဟုတ်) ၄၇ ဦးရှိပြီ၊ ထိုအထဲတွင် တပ်မတော်သားကိုယ်စားလှယ် ၁၁ ဦး (သို့မဟုတ်) ၁၂ ဦး ရှိသည်။ အရပ်သားထဲတွင် ၃၄ ရှိသည့်အနက် RNDP မှ ၁၈ ဦး ပါဝင်ပြီး ကျန်နေရာအများစုမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ဖြစ်သည်။

ရခိုင်လွှတ်တော် အစည်းအဝေးကို စစ်တွေမြို့ ပြည်နယ်ခန်းမ၌ ကျင်းပခဲ့ခြင်း ဖြစ်သည်။


MIZZIMAသတင်းမှ ကူးယူဖေါ်ပြပါသည်။