-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Thursday, January 27, 2011

NLD ရပ်တည်ရေးအမှု ၂၈ ရက်နေ့ အမိန့်ချမည်


ပါတီဆက်လက်ရပ်တည်ရေး အထူးအယူခံ လျှောက်ထားသည့် အမှုကို ယခုလ ၂၈ ရက်နေ့တွင် အမိန့်ချမည်ဟု သိရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ အကျိုးဆောင်ရှေ့နေ ဦးကျော်ဟိုးက ပြောသည်။

ပါတီရပ်တည်ရေး နောက်ဆုံးအဆင့် အထူးအယူခံတင်သွင်းခြင်းကို နေပြည်တော် တရားရုံးချုပ်က ယခုလ ၁၃ ရက်နေ့တွင် လက်ခံခဲ့ကာ၊ ၂၄ ရက်နေ့တွင် နှစ်ဖက်ကြားနာခဲ့ပြီးနောက် ရန်ကုန် တရားရုံးချုပ် ကြိုတင်အသိပေး စာရင်းတွင် စီရင်ချက်ချမည့်အကြောင်း ဖော်ပြထားခြင်း ဖြစ်သည်။


“ဒီနေ့ ရန်ကုန် တရားရုံးချုပ်က ကြိုတင်သတိပေးစာရင်းမှာ ကပ်ထားတာက အဲဒီအမှုကို ဒီလ ၂၈ ရက်နေ့ ၁ဝ နာရီ နေပြည်တော် တရားရုံးချုပ်မှာ အမိန့်ချမယ် ဆိုပြီးတော့မှ စာကပ်ထားပါတယ်” ဟု ဦးကျော်ဟိုးက မဇ္ဈိမကို ပြောသည်။

ကြိုတင်အမှုခေါ်စာရင်းတွင် မည်သည့်အမှုကို လက်ခံသည်/ပယ်သည်၊ မည်သည့်အမှုကို အမိန့်ချပြီးပြီဟူသည့် သတိပေးချက်များသာ သာမန်အားဖြင့် ကပ်လေ့ရှိပြီး အမှုတခုကို မည့်သည့်နေ့ အမိန့်ချမည်ဟု မကပ်တတ်သဖြင့် ထူးခြားသည်ဟု ဆိုသည်။

သူက “ဒီလိုကြိုတင်အမှုခေါ်စာရင်းနဲ့ ထုတ်ပြန်တယ်ဆိုတာ ဒါထူးခြားတယ်ပေါ့ဗျာ။ တခြားဘယ်အမှုမှ ဒီလိုကြိုတင်ပြီးတော့ အမိန့်ချမယ်လို့ ကြိုတင်အသိပေးတဲ့ဟာ ကျနော်တော့ တခါမှ မကြုံဖူးဘူး။ ဒီအမှုတခုပဲ ကြုံဖူးတယ်။ ဘယ်နေ့ဘယ်ရက် အမိန့်ချမယ်ဆိုပြီးတော့ ဒီလိုစာရင်းထုတ် ကြေညာတာက ဒီတခါပဲ ကျနော် ကြုံဖူးတာပေါ့။ ထူးခြားတယ်ပေါ့” ဟု ပြောဆိုသည်။

၁၉၉ဝ ရွေးကောက်ပွဲတွင် အမတ်နေရာ ၈၂ ရာခိုင်နှုန်းဖြင့် အနိုင်ရခဲ့သည့် NLD သည် ၂ဝ၁ဝ ရွေးကောက်ပွဲ ကော်မရှင်ထံ ပြန်လည်၍ ပါတီမှတ်ပုံမတင်သဖြင့် တရားဝင်ပါတီအဖြစ်မှ ပျက်ပြယ်ကြောင်း ကော်မရှင်က ၂ဝ၁ဝ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့ ကြေညာချက်တွင် ဖော်ပြခဲ့သည်။

ထိုသို့ကြေညာအပြီး NLD အထွေထွေအတွင်းရေမှူး ဒေါ်အောင်ဆန်းစုကြည်က တရားဝင်ပါတီအဖြစ် ဆက်လက်တည်ရှိခွင့် ရှိကြောင်း ပထမအကြိမ် အယူခံတင်သွင်းခဲ့သည်။ သို့သော် အယူခံကို နေပြည်တော် တရားရုံးချုပ်က ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ပယ်ချခဲ့သေးသည်။

ယခုလ ၂၈ ရက်နေ့တွင် ချမှတ်မည့် အမိန့်အတွက် ရှေ့နေများဖြစ်သည့် ဦးဥာဏ်ဝင်း၊ ဦးကျော်ဟိုးနှင့် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းမြင့်တို့ နေပြည်တော် တရားရုံးချုပ်သို့ သွားရောက်ကြားနာမည်။



MIZZIMAသတင်းမှ ကူးယူဖေါ်ပြပါသည်။

Wednesday, January 26, 2011

ပြည်သူ့စစ်မှုထမ်းဥပဒေကို NLD လူငယ်ကန့်ကွက်


စစ်အစိုးရရဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေဟာ ပြည်တွင်းစစ် ဖြစ်နေတဲ့ လက်ရှိ မြန်မာနိုင်ငံ အခြေအနေအရ ပြဌာန်းဖို့ မသင့်သေးတဲ့ ဥပဒေတရပ် ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လူငယ်) က ဇန်နဝါရီ ၂၄ ရက် မနေ့က ရက်စွဲနဲ့ ကြေညာလိုက်ပါတယ်။

ဒီဥပဒေကြောင့် ပြည်တွင်း လူငယ်ထုကြားမှာ စိုးရိမ်သောက ရောက်နေကြပြီး၊ တိုင်းပြည်အနာဂတ် အတွက် ဆိုးဝါးစေနိုင်တယ်လို့ ဝေဖန် ထောက်ပြထားပါတယ်။ ဒါနဲ့ ပတ်သက်လို့ NLD လူငယ်တာဝန်ခံ (၁) ကိုမျိုးညွန့်က RFA ကို အခုလို ပြောပါတယ်။

“လူငယ်တွေကြားထဲမှာ ကြောက်ကြလန့်ကြတာတွေ ရှိတာပေါ့။ တချို့ကျတော့လည်း စစ်မှုမထမ်းရအောင် ထွက်ပြေးမယ်ပေါ့။ နောက်လူငယ်တွေကျတော့လည်း ဘာဖြစ်လဲ သေနတ်ရလို့ရှိရင် သေနတ်ပြောင်း ပြန်လှည့်မယ်ပေါ့။ ပြန်ချမယ်ပေါ့။ ဒါမျိုးလေးတွေ ကျွန်တော်တို့ မြင်ရတယ်။ ဒါရှေ့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် မကောင်းတဲ့ လက္ခဏာလေးတွေ တွေ့ရတယ်ဗျ။ ဒီဟာကြောင့် ကျွန်တော်တို့က ဒီဥစ္စာကို ကျွန်တော်တို့အနေနဲ့ သဘောထား ကြေညာချက် ထုတ်ပြန်ရတာပါ။”

မြန်မာနိုင်ငံအတွက် စစ်မှု မထမ်းမနေရ ဥပဒေ တကယ်လိုအပ်လား၊ မလိုအပ်ဘူးလားဆိုတာကို ပညာရှင်တွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး၊ ပညာရှင်တွေက လိုအပ်တယ်လို့ ယူဆရင်တောင် ပြည်သူ့ဆန္ဒ တောင်းခံပြီးမှ ပြဌာန်းသင့်တယ်လို့လည်း NLD လူငယ်အဖွဲ့က ထောက်ပြထားပါတယ်။

ဒါ့အပြင် ပြည်သူ့စစ်မှုထမ်း ဥပဒေကြောင့် အလုပ်ရှင်နဲ့ အလုပ်သမားကြား ပဋိပက္ခ ဖြစ်လာနိုင်တဲ့ အလားအလာ တွေ့ရတယ်လို့လည်း ဝေဖန်သုံးသပ်ထားပါတယ်။

စစ်အစိုးရဟာ အရွယ်ရောက်သူတိုင်း စစ်မှုမထမ်းမနေရ ဥပဒေကို ပြည့်သူ့ စစ်မှုထမ်း ဥပဒေလို့ နာမည်တပ်ပြီး နိုင်ငံတော် ပြန်တမ်းအဖြစ် ၂၀၁၀ ဒီဇင်ဘာလ ၁၇ ရက် နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

NLD လူငယ်တာဝန်ခံ ကိုမျိုးညွန့်နဲ့ RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က ဆက်သွယ် မေးမြန်းထားပါတယ်။ ။RFAသတင်းမှ ကူးယူဖေါ်ပြပါသည်။

NLD ပါတီ ရပ်တည်ခွင့်အမှု သံတမန်များ စိတ်ဝင်စား


ဒီကနေ့ ဇန်နဝါရီ ၂၅ ရက် နေ့လည်ပိုင်းက သြစတြေးလျား သံအရာရှိတဦး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တွေနဲ့ လာရောက် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိပါတယ်။

လာရောက် တွေ့ဆုံသူမှာ အကြီးတန်း သံအရာရှိတဦး ဖြစ်တဲ့ Ms. Ruth Steward ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲနဲ့ ပတ်သက်လို့ NLD ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က အခုလို ပြောပါတယ်။

“အော်ဇီက သံမှူးတယောက် လာတွေ့ပါတယ်။ ရုံးမှာပါ၊ ကျွန်တော်တို့ ဦးတင်ဦးနဲ့ ဦးဝင်းတင်ကို လာတွေ့တာ၊ ကျွန်တော်နဲ့ ဦးဝင်းထိန်နဲ့လည်း ရှိပါတယ်။ ဆွေးနွေးတဲ့ အကြောင်းအရာတွေကတော့ အစုံပါပဲ၊ ဒါပေမဲ့ သူက အဓိကကတော့ NLD မနေ့ကတုန်းက ရုံးကိစ္စပေါ့ဗျာ၊ အဲဒီ ရုံးကိစ္စကို နည်းနည်း စိတ်ဝင်စားပုံ ရပါတယ်။”

လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေနဲ့ အန်အယ်ဒီရဲ့ သဘောထားတွေကို သိရှိလိုတဲ့ အတွက် လာရောက် ဆွေးနွေး မေးမြန်းတာလို့ ဆိုပါတယ်။ အဓိက အနေနဲ့ ဗဟိုတရားရုံးမှာ အန်အယ်ဒီ ပါတီရဲ့ တရားဝင် ရပ်တည်မှုဆိုင်ရာ အမှုကိစ္စကို အထူး စိတ်ဝင်စားပုံ ရတယ်လို့ သိရပါတယ်။

ညနေပိုင်းမှာတော့ ဗန်ကောက်မြို့က ရောက်လာတဲ့ ထိုင်းနိုင်ငံဆိုင်ရာ နယ်သာလန် သံအမတ်ကြီးနဲ့ ဇနီးကို ဒေါ်အောင်ဆန်းစုကြည်က နေအိမ်မှာ လက်ခံ တွေ့ဆုံခဲ့ပါတယ်။

အလားတူ ဒီကနေ့ အန်အယ်ဒီ ရုံးချုပ်မှာ နိုင်ငံရေး အကျဉ်းသားတွေကို တဦးချင်း တာဝန်ယူရေးအတွက် မဲနှိုက်တာကို ဆက်လက် လုပ်ဆောင်လျက် ရှိပါတယ်။ အခုချိန်ထိ နိုင်ငံရေး အကျဉ်းသား ၃၀၀ ကျော်လောက်အတွက် တာဝန်ယူမဲ့သူတွေ ရရှိထားပြီး ဖြစ်တယ်လို့ စုံစမ်း သိရှိရပါတယ်။ RFAသတင်းမှ ကူးယူဖေါ်ပြပါသည်။

လွှတ်တော်အကြို နေပြည်တော်မှာ ဈေးဆိုင်တွေ စောစောပိတ်ဖို့ အမိန့်ထုတ်


စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်မှာ လွှတ်တော်စတင်ဖို့ ရက်ပိုင်းပဲ လိုတော့ချိန်မှာ လုံခြုံရေးတွေကို တိုးမြှင့်ထားသလို ဈေးဆိုင်တွေကိုလည်း အချိန်စောပြီး ပိတ်ခိုင်းနေပါတယ်။ အခုလို နေပြည်တော်မှာ နောက်ဆုံးဖြစ်နေတဲ့ အခြေအနေတွေကို ဆက်သွယ် မေးမြန်းထားတဲ့ မသင်းသီရိက တင်ပြပေးထားပါတယ်။

လာမယ့် ၃၁ ရက်နေ့ကျရင် လွှတ်တော်ကျင်းပမယ့် နေပြည်တော်မှာ ဒီရက်ပိုင်းတွေ အတွင်းကစလို့ လုံခြုံရေး တင်းကျပ်မှုတွေ အတော်လေး စတင်နေပါပြီ။ လာမယ့် ကြာသပတေး ဇန်န၀ါရီ ၂၇ ရက်နေ့ကစလို့ နေပြည်တော်၊ ပျဉ်းမနားမြို့တွေမှာရှိတဲ့ စားသောက်ဆိုင်နဲ့ တခြားအရောင်းဆိုင်တွေ အားလုံးကို ညနေ ၆ နာရီနောက်ပိုင်း ပိတ်ဖို့ အာဏာပိုင်တွေက အကြောင်းကြားထားတယ်လို့ ပျဉ်းမနားက စားသောက်ဆိုင် ပိုင်ရှင်တဦးက ပြောပါတယ်။

“၂၇ ရက်နေ့ကစပြီး ညနေ ၆ နာရီ ပိတ်ရမယ်လို့ အကြောင်းကြားထားပါတယ်။ ပျဉ်းမနားဘက်ရော၊ နေပြည်တော် မြို့မဈေးတို့၊ သပြေကုန်းဈေးတို့ ပတ်ဝန်းကျင်မှာရှိတဲ့ ဆိုင်တွေအားလုံး။ ပြန်ဖွင့်ရမယ့် ရက်ကိုတော့ အကြောင်းကြားမယ်လို့ ပြောတယ်။ အခုထိ မပြောသေးတော့ လွှတ်တော်ပြီးမှပဲ ပြန်ဖွင့်ရမယ့် အခြေအနေပါပဲ။ နေပြည်တော်မှာက အဲဒီလို ဆိုင်ပိတ်ဆိုရင် ညမထွက်ရ အမိန့်လိုပဲ မထွက်ကြတာ ထုံးစံလို ဖြစ်နေပါပြီ။ တခုခု ပိတ်ဆိုတာနဲ့ နေပြည်တော်က လူတွေက ညမထွက်ရဲတော့ဘူး၊ မထွက်ကြတော့ဘူး။ အိမ်ထဲပဲ နေလိုက်ကြတာပဲ။ အဲဒီလို ထုံးစံဖြစ်နေပါပြီ။”

တခါ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကစလို့ လုံခြုံရေးကားတွေ မြို့တွင်းလှည့်လည်မှုတွေ စတင်နေပြီ ဖြစ်သလို မြို့ဝင်မြို့ထွက် ဂိတ်တွေကိုလည်း အထူးစစ်ဆေးပြီး ညဘက်ဆို ဧည့်စာရင်းတွေ စစစ်နေပြီလို့ သူက ပြောပါတယ်။

“ရဲကားတစီးမှာ ရဲ ၃၀ လောက်ဆန့်တဲ့ကား ၄ စီးလောက်ရယ်၊ ရှေ့က ၀ါယာလက်ကားရယ်၊ ရဲမော်တော်ဆိုင်ကယ် ၂ စီး၊ ၃ စီးရယ်က ပြီးခဲ့တဲ့ ၄ ရက်လောက်ကစပြီး ည ၉ နာရီဆို မြို့ထဲမှာ စပတ်ပါတယ်။ မြို့ထဲမှာ အမှတ် ၁ ရဲစခန်းရှေ့က ထွက်တယ်။ ရာဇသင်္ဂဟလမ်းပေါ် တက်တယ်။ ပြီးတော့ ရာဇဌာနီလမ်းကိုသွား၊ ဟိုး နေပြည်တော် ကားဝင်းကို ပြန်၊ ပြီးတော့မှ အရှေ့ဘက်ကနေ ပျဉ်းမနားမြို့ထဲကို ပြန်ဝင်၊ ပျဉ်းမနားမြို့ထဲမှာ တပတ် ပတ်ပြီးတော့မှ နေပြည်တော် အမှတ် ၁ ရဲစခန်းကို ပြန်ဝင်သွားတာပေါ့။ ဧည့်စာရင်းကတော့ ရပ်ကွက်တိုင်းမှာ တော်တော်ကြီးကို ပိုက်စိတ်တိုက် စစ်နေပါတယ်။”

ဒီလို လုံခြုံရေး လှည့်ကင်းတွေ၊ တခါ ညနေ ၆ နာရီနောက်ပိုင်း ဆိုင်မဖွင့်ရ ဆိုတဲ့အတွက် မြို့ခံတွေဟာ ညဘက်မှာ အပြင်မထွက်ရဲကြတော့ဘဲ သွားလာမှုတွေ နည်းသွားကြပါတယ်။ ဒီလို အခြေအနေတွေကြောင့် ညပိုင်းဖွင့်ကြတဲ့ ကျူရှင်တွေ၊ စာကျက်ဝိုင်းတွေ ဒီရက်ပိုင်းတွေအတွင်း ပိတ်ထားမယ် ဆိုတာကြောင့် စာမေးပွဲ နီးလာပြီဖြစ်တဲ့ ၁၀ တန်းကျောင်းသားတွေ အခက်အခဲ ဖြစ်ကြရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

လွှတ်တော်ကျင်းပမယ့် နေပြည်တော်မှာ အခုလို လုံခြုံရေး တင်းကျပ်နေသလို လွှတ်တော် ၃ ရပ်အတွက် တက်ကြမယ့် လွှတ်တော် ကိုယ်စားလှယ်တွေကိုလည်း ကန့်သတ်ချက်တွေ ထုတ်ထားပါတယ်။ လုံခြုံရေးအရ လွှတ်တော်တွင်း မယူရဆိုတဲ့ ပစ္စည်းတွေ စာရင်းကို လွှတ်တော်တက်ဖို့ ဖိတ်စာနဲ့ တခါတည်း ပူးတွဲ ပေးပို့ထားတာတွေ ရှိပါတယ်။ အခု လွှတ်တော်တက်ဖို့ နေပြည်တော်ကို ရောက်နေတဲ့ ကိုယ်စားလှယ် တချို့ထဲက အမျိုးသား ဒီမိုကရက်တစ် အင်အားစု (NDF) ပါတီရဲ့ ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုးကတော့ သူနောက်ဆုံးသိရတဲ့ အခြေအနေကို အခုလို ပြောပါတယ်။

“အဓိကကတော့ လက်ကိုင်ဖုန်းပေါ့၊ ကွန်ပျူတာ၊ ပြီးတော့ လက်ဆွဲအိတ်၊ လွယ်အိတ်၊ ခေါင်းပေါင်းဘူး၊ ကျန်တာကတော့ တပ်မတော်သား ကိုယ်စားလှယ်တွေလည်း ပါတဲ့အခါကြတော့ လက်နက် မယူရဘူး၊ လက်နက် ခဲယမ်းမီးကျောက် အဲဒါတွေ မယူရဘူး။ ကန့်သတ်ချက်ကတော့ ကင်မရာပေါ့၊ အဲဒါပါပဲ။ အဲဒီ ပန်ကြားလွှာက ဖိတ်စာနဲ့အတူတူတွဲပြီး ပါတာပါ။ ဖိတ်စာနဲ့တကွပေါ့။ အထဲမှာ ပန်ကြားထားတာ ဖြစ်ပါတယ်။ ထပ်ပြီးတော့ ထပ်မံ ကန့်သတ်တာမျိုး မရှိပါဘူး။”

NDF ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုး ပြောပြခဲ့တာ ဖြစ်ပါတယ်။

လာမယ့် ၃၁ ရက်နေ့ လွှတ်တော်ကျင်းပတဲ့အခါ သတင်းသမားတွေ သတင်းသွားယူခွင့် ရမလား၊ မရဘူးလားဆိုတဲ့ ကိစ္စကတော့ ဒီနေ့ထိ အတိအကျ မသိရသေးပါဘူး။ နိုင်ငံခြား သတင်းဌာနတွေနဲ့ နိုင်ငံခြား သတင်းဌာနတွေအတွက် အလုပ်လုပ်ပေးနေကြတဲ့ ပြည်တွင်းသတင်းထောက်တွေ စာရင်းကိုတော့ ပြန်ကြားရေးဌာနက မနက်ဖြန်လောက် အကြောင်းကြားနိုင်တယ်လို့ မျှော်လင့်နေကြပါတယ်။ ဒါပေမဲ့ ပြည်တွင်း သတင်းဂျာနယ်တွေ အတွက်တော့ အခုရက်ထိ စာရင်းတောင်းတာ၊ အကြောင်းကြားတာမျိုး မရှိသေးတာမို့ သတင်းသွားယူခွင့် ရှိမရှိ ဆိုတာတောင် မသိရသေးဘူးလို့ သတင်းထောက်တွေက ပြောပါတယ်။ VOAသတင်းမှ ကူးယူဖေါ်ပြပါသည်။

လွှတ်တော်သတင်းအတွက် CPC တင်ပြ

လွှတ်တော် အစည်းအဝေးပွဲ သတင်းများရယူရန် ပုဂ္ဂ္ဂလိက စာနယ်ဇင်းများ ဖွံ့ဖြိုးရေး ကော်မတီ (CPC) က စာပေစိစစ်ရေးထံ တင်ပြတောင်းဆိုထားသော်လည်း အကြောင်းပြန်ကြားချက် တစုံတရာ မရသေးကြောင်း CPC ၏ ဥက္ကဋ္ဌဖြစ်သူ ဦးကိုကိုကပြောသည်။

ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ခံ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးမြင့်မောင် ပါဝင် တက်ရောက်သော အစည်းအဝေး တခုကို CPC က ဇန်နဝါရီ ၁၈ ရက်နေ့က ကျင်းပခဲ့သည်။

“သတင်းရယူဖို့နဲ့ ပတ်သက်ပြီး ဘာမှအကြောင်းမကြားသေးဘူး၊ သတင်းရယူဖို့နဲ့ပတ်သက်ပြီး ဘာမှ မူဝါဒ မရှိသေးဘူး၊ တက်ရမလား မတက်ရမလား ဘာမှမပြောသေးဘူး၊” ဟု ဦးကိုကိုက ပြောသည်။

ဗိုလ်မှူးဟောင်း တဦးဖြစ်သူ ဦးမျိုးမြင့်မောင်သည် CPC ၏ အတွင်းရေးမှူး အဖြစ်လည်း ဆောင်ရွက်နေသည်။

CPC သည် မြန်မာ့ ပုဂ္ဂလိကစာနယ်ဇင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားသည့် ကော်မတီဖြစ်သည်ဟု ၁၈ ရက်နေ့က ထုတ်ပြန်သည့် ကော်မတီကြေညာချက်တွင် ဖော်ပြထားသည်။

သို့သော် အစိုးရ ကိုယ်စားပြုသူများ ပါဝင်နေသဖြင့် CPC ကို လွတ်လပ်သော အသင်းအဖွဲ့တခု ဖြစ်မည်မဟုတ် ဟု ဝေဖန်သူများက ပြောသည်။

CPC တွင် ဥက္ကဌ ဦးကိုကိုနှင့် စာပေစီစစ်ရေးမှ ဦးမျိုးမြင့်မောင်အပြင် ဂျာနယ်ကိုယ်စားပြုသူ ၁၅ ဦး၊ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ (MWJA) အမှုဆောင်နှင့် စာနယ်ဇင်းသမား စုစုပေါင်း ၅ဦး၊ ပြင်ပ အလွတ် သတင်းစာဆရာ ၃ ဦး စုစုပေါင်း ၂၅ ဦး ပါဝင်သည်။


MIZZIMAသတင်းမှ ကူးယူဖေါ်ပြပါသည်။

Tuesday, January 25, 2011

သမ္မတနေရာ ဦးရွှေမန်း တစ်ပြေး


နေပြည်တော်မှလာသော အထူးသတင်းတရပ်အရ လာမည့်လွှတ်တော်တွင် စစ်ဘက်မှတင်သွင်းမည့် ဒုသမ္မတနေရာအတွက် ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်း အလားအလာ အကောင်းဆုံး ဖြစ်နေကြောင်း သိရသည်။

အရပ်သားဝေစုတွင် အမတ်နေရာ အများဆုံးရထားသော စစ်တပ် ကျောထောက်နောက်ခံ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဝန်ကြီးချုပ် ဦးသိန်းစိန်ကို ပြည်သူ့လွှတ်တော်မှ တင်သွင်းသော ဒုသမ္မတ အဖြစ် ရွေးလိမ့်မည်ဟု သီးခြားသတင်းရပ်ကွက်တခုက ပြောသည်။

shwemannတိုင်းရင်းသားပါတီများက ဒုသမ္မတ တနေရာ တောင်းဆိုနေသော်လည်း အမျိုးသားလွှတ်တော်က စီးပွားရေး လုပ်ငန်းရှင် တဦးကို ဒုသမ္မတ တင်မြောက်ရန် ကြံ့ဖွံ့ဘက်က လျာထားသည်ဟုလည်း ပြောသည်။

သို့သော် ပြည်နယ်နှင့် တိုင်းအချို့တွင် တိုင်းရင်းသား အမတ်များကို ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီး ဝန်ကြီးချုပ် သို့မဟုတ် လွှတ်တော်ဥက္ကဋ္ဌ အဖြစ် ရွေးချယ်နိုင်လိမ့်မည်ဟု ပါရှိသည်။

ကြံ့ဖွံ့မှာ ပြည်သူ့လွှတ်တော်တွင် ၅၉ ရာခိုင်နှုန်း၊ အမျိုးသားလွှတ်တော်တွင် ၅၇ ရာခိုင်နှုန်း လွှမ်းမိုးထားသဖြင့် ကြံ့ဖွံ့ ထောက်ခံသူမှာ ဒုသမ္မတနှင့် သမ္မတ ဖြစ်လိမ့်မည်။

ဒုသမ္မတ ၃ ယောက်အနက် သမ္မတဖြစ်ရန် အလားအလာ အကောင်းဆုံးမှာ သူရဦးရွှေမန်းဖြစ်ပြီး တပ်မတော်တွင်း သူ့ကို ထောက်ခံမှု အားကောင်းနေသည်ဟုလည်း စစ်တပ်သတင်းရပ်ကွက်တခုက ပြောသည်။

နံပါတ် ၂ စစ်ခေါင်းဆောင် ဒုတိယကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး အနားယူမည်ဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှလွဲ၍ ကာကွယ်ရေး ဦးစီးချုပ်အပါအဝင် စစ်တပ်ခေါင်းဆောင်များ အငြိမ်းစားယူရမည့် အသက်ကို ပြန်လည် ပြဋ္ဌာန်းလိမ့်မည်ဟု ဆိုသည်။

ဒုဗိုလ်ချုပ်ကြီး မြင့်အောင်နှင့် ဒုဗိုလ်ချုပ်ကြီး ကိုကိုတို့ကို ကာကွယ်ရေးဦးစီးချုပ်နှင့် ဒုကာကွယ်ရေး ဦးစီးချုပ်ရာထူးများ လျာထားပြီးဖြစ်သော်လည်း မည်သည့်အချိန် တရားဝင်လွှဲပြောင်းမည် မသိနိုင်ဘဲ ဖြစ်နေသည်။

အလားတူပင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မည်သည့်နေရာ ဆက်ကိုင်ထားမည်ဆိုသည်ကို စစ်ဘက် အကဲခတ်များ အပါအဝင် တပ်တွင်း အရာရှိကြီးများပင် မပြောနိုင် ဖြစ်နေသည်။

အများစုထင်ကြေးတွင် ဗိုလ်ချုပ်မှူးကြီးရာထူးကို ဆက်ကိုင်ထားပြီး ကာကွယ်ရေး ဦးစီးချုပ်သစ်ထက် ရာထူးအမြင့်ယူ၍လည်းကောင်း၊ ကြံ့ဖွံ့ နာယကအဖြစ်လည်းကောင်း ဆက်ကိုင်နိုင်ဖွယ်ရှိသည်ဟု ဆိုသည်။

ကြိုတင် ရေးဆွဲထားသည့် စစ်မှုမထမ်းမနေရ စနစ်ကိုလည်း လွှတ်တော်က အတည်ပြုရန် တပ်ကိုယ်စားလှယ်များ တင်ပြသွားလိမ့်မည်ဟု စစ်တပ်အရာရှိတဦးက ပြောကြားသည်။

ယခုရက်ပိုင်းအတွင်း လာမည့်လွှတ်တော်အတွင်း အာဏာခွဲဝေမှုနှင့် ပတ်သက်ပြီး ဆုံးဖြတ်ချက်များ ချသွားမည်ဟု သတင်းရင်းမြစ်ကဆိုသည်။

စီးပွားရေးမြို့တော် ရန်ကုန်၌ တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ရွေးကောက်ပွဲတွင် ဆိပ်ကြီးခနောင်တိုမှ ကြံဖွံ့ကိုယ်စားပြု အနိုင်ရထားသည့် ဦးမြင့်ဆွေ (ယခင် ကစထမှူးဟောင်း ဒုဗိုလ်ချုပ်ကြီး မြင့်ဆွေ) ကို ယာယီ အတည်ပြုထားကြောင်းလည်း သတင်းရင်းမြစ်က ဆိုသည်။
MIZZIMAသတင်းမှ ကူးယူဖေါ်ပြပါသည်။

လူထု နိုင်ငံရေး ပါဝင်ခွင့်မရှိသေးဟု စောင့်ကြည့်အဖွဲ့ ဝေဖန်


မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ ဆက်လက် ဆိုးရွားနေပြီး စစ်အစိုးရက လူထု၏ နိုင်ငံရေး လှုပ်ရှားပါဝင်နိုင်ခွင့်ကို ဆက်လက် ငြင်းဆိုနေသည်ဟု အမေရိကန် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW) က မနေ့က ဝေဖန်လိုက်သည်။

စစ်တပ်ထောက်ခံသည့် ပါတီများအနိုင်ရရေးကို ရည်ရွယ်ထုတ်ပြန်ထားသည့် ဥပဒေများဖြင့် လူတဦးချင်း၏ ထင်မြင်ယူဆခွင့်၊ အသင်းပင်းဖွဲ့စည်းခွင့်၊ သတင်းရေးသား ထုတ်ပြန်ခွင့် စသည့် အခြေခံအခွင့်အရေးများကို တင်းကျပ်ထားပြီးမှ ရွေးကောက်ပွဲ ကျင်းပခဲ့သည်ဟု အဖွဲ့၏ ယခုနှစ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထိုစဉ်က နေအိမ်အကျယ်ချုပ်ကျခံနေရသည့် Human_Rights_watchအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ မဝင်နိုင်ရေးသာမက ပါတီဝင်အဖြစ်ပင် မရပ်တည်နိုင်ရန် ရွေးကောက်ပွဲ ဥပဒေဖြင့် “ကြိုတင်တားဆီး” ခဲ့သည်ဟု HRW က စွပ်စွဲထားသည်။

“နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ” မှ အခန်း ၁ ပုဒ်မ ၂-(ဌ)၊ နှင့် အခန်း ၂ ပုဒ်မ ၄-(င) တို့တွင် ထောင်ဒဏ်ကျခံနေရသူ၊ အယူခံမှု သို့မဟုတ် ပြင်ဆင်မှုလျှောက်ထားသော ထောင်ဒဏ်ကျခံနေရဆဲသူများကို ပါတီဝင်အဖြစ် လက်မခံရန် ဖော်ပြထားသည်။

ထို့ပြင် ပါတီများ မဲဆွယ်စည်းရုံးရာတွင်လည်း စစ်တပ်နှင့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မဝေဖန်ရန်၊ ဘာသာရေးအဆောက်အဦးများ၊ စာသင်ကျောင်းများတွင် ဟောပြောပွဲမလုပ်ရဟု ထုတ်ပြန်သည့် စည်းကမ်းများကို အခွင့်အရေးချိုးဖောက်မှုများအဖြစ် ထောက်ပြထားသည်။

မမျှတသည့် ယှဉ်ပြိုင်မှုအဖြစ် HRW က ထောက်ပြထားသည့် အခြားတချက်မှာ စစ်အစိုးရ ဝန်ကြီးချုပ် အပါအဝင် ဝန်ကြီး ၂၇ ဦး မနှစ် ဧပြီလက စစ်တပ်ရာထူးများမှ နှုတ်ထွက်ပြီး “လူမှုရေးအသင်း” အဖြစ် ဖွဲ့စည်းခဲ့သည့် ကြံ့ခိုင်ဖွံ့ဖြိုးရေးကို ပါတီအသွင်ပြောင်း ဦးဆောင်၍ အသင်းပိုင်ရန်ပုံငွေနှင့် ပစ္စည်းများကို အမွေဆက်ခံခဲ့သည့်ကိစ္စဖြစ်သည်။

ထို့ပြင် စစ်အစိုးရနှင့် သဘောထားမတိုက်ဆိုင်သော လက်နက်ကိုင်တိုင်းရင်းသားပြည်နယ် ကချင်၊ ကယား၊ ကရင်၊ မွန်နှင့် ရှမ်းပြည်နယ်တို့မှ မြို့နယ် ၃၂ ခုတွင်လည်း လုံခြုံရေးအကြောင်းပြချက်ဖြင့် ရွေးကောက်ပွဲမကျင်းပခဲ့ကြောင်း HRW က ထောက်ပြသည်။

နိုဝင်ဘာရွေးကောက်ပွဲသည် လူ့အခွင့်အရေး စံချိန်စံညွှန်းများနှင့် မကိုက်ညီဟု HRW က ထောက်ပြသကဲ့သို့ ရန်ကုန်အခြေစိုက် အတိုက်အခံအဖွဲ့တခုဖြစ်သော “လူ့အခွင့်အရေးမြန်မာ့ကွန်ယက်” အဖွဲ့ကလည်း စစ်အစိုးရ၊ ကော်မရှင်နှင့် ကြံ့ဖွံ့ပါတီတို့၏ ရွေးကောက်ပွဲကာလ အဂတိလိုက်စားခြင်း၊ ဥပဒေဖောက်ဖျက်ခြင်း တို့ကို အချက်အလက်များနှင့်တကွ စာတမ်းတစောင် ထုတ်ပြန်ထားသည်။

လူ့အခွင့်အရေးမြန်မာ့ကွန်ယက်၏ စာတမ်းတွင် မဲစာရင်းပြုစုခြင်း၊ မတရားမဲဆွယ်စည်းရုံးခြင်း၊ ကြိုတင်မဲ၊ ကိုယ်စားပြုမဲ၊ ဘက်လိုက်မှုများ၊ မဲရေတွက်ထုတ်ပြန်ခြင်း၊ ရွေးကောက်ပွဲဥပဒေများကို ချိုးဖောက်ခြင်းအပါအဝင် အပိုင်း ၁၂ ခုခွဲ၍ မှတ်တမ်းများဖြင့် ထောက်ပြထားသည်။

၁၉၈၃ နောက်ပိုင်း တိကျသည့် သန်းခေါင်စာရင်းကောက်ယူမှုမရှိပဲနှင့် ကော်မရှင်က ကြေညာခဲ့သည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၉ သန်းကျော်ဆိုသည်ကို “ဆန္ဒမဲပေးနိုင်သည့် လူဦးရေ စာရင်း” အတိအကျ ဖြစ်ကြောင်း အတည်ပြုရန် ခက်ခဲသည်ဟု အဖွဲ့က မဲစာရင်းပြုစုပုံနှင့် ပတ်သက်၍ ကွန်ယက်က ထောက်ပြထားသည်။

စစ်အစိုးရဝန်ကြီးများသည် နိုင်ငံပိုင်ငွေများဖြင့် မဲဆွယ်ခဲ့ခြင်း၊ ကြိုတင်မဲမသမာမှုများ၊ မဲရုံမှူး ကိုယ်တိုင်မဲခြစ်ပေးခြင်း၊ မဲလက်မှတ်များကို တကြိမ်ထက်ပိုထုတ်ခြင်းများ၊ ဘာသာရေး အဆောက်အဦးများ၌ မဲဆွယ်စည်းရုံးခွင့်မရှိဟု သတ်မှတ်ထားသော်လည်း ကြံ့ဖွံ့ပါတီကိုမူ ခွင့်ပြုခြင်း၊ ဥပဒေအတိုင်း အများပြည်သူရှေ့ မဲရေတွက်ခြင်း မပြုခြင်းတို့ကို အချက်အလက်နှင့်တကွ ထောက်ပြထားသည်။

ကချင်ပြည်နယ် အင်ဂျန်းယန် မဲဆန္ဒနယ် ၂ နှင့် ဆွမ်ပရာဘွမ် မဲဆန္ဒနယ် ၂ သည် ပယ်ဖျက်ထားသည့် မဲဆန္ဒနယ်များဖြစ်သော်လည်း ကြံ့ဖွံ့ပါတီက အနိုင်ရသည်ဟု နိုင်ငံပိုင်သတင်းစာမှ ကြေညာခဲ့ပြီးနောက် မဟုတ်မှန်ကြောင်း အမှားပြင်ဆင်ချက် ပြန်ထည့်ပေးရခြင်းကိုထောက်ပြ၍ ကြံ့ဖွံ့ မဲအနိုင်စာရင်းများမှာ တိကျသေချာမှု မရှိကြောင်း ဖော်ပြသည်။

ထို့ပြင် ယနေ့အထိ မဲမသမာမှုများနှင့် ပတ်သက်၍ ကြံ့ဖွံ့ပါတီနှင့် အခြားပါတီများ အပြန်အလှန် တရားစွဲဆိုမှုများကိုလည်း ထောက်ပြသည်။

ထို့ပြင် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ကုလသမဂ္ဂတွင် ကန့်ကွက်သည့် အဆိုကို နိုဝင်ဘာ ၁၈ ရက်က ပြုလုပ်ရာ ထောက်ခံသူ ၉၆ နိုင်ငံ၊ ကန့်ကွက်သူ ၂၈၊ ကြားနေ ၆ဝ ရှိသည်ကို ကြည့်ခြင်းဖြင့် စစ်အစိုးရက လူထုဆန္ဒကို မျက်ကွယ်ပြုခဲ့သည်မှာ ထင်ရှားသည်ဟု ယင်းစာတမ်းက ထောက်ပြလိုက်သည်။
MIZZIMAသတင်းမှ ကူးယူဖေါ်ပြပါသည်။