-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Thursday, January 6, 2011

ညီညွတ်ရေး လိုအပ်ဟု ဒဂုန်တာရာ နှစ်သစ်ကူးစကားပြော


“နိုင်ငံငြိမ်းချမ်းရေးအတွက် ညီညွတ်ရေး တည်ဆောက်ရန် လိုသည်” ဟု စာရေးဆရာကြီး ဒဂုန်တာရာက ရန်ကုန်တွင် ယမန်နေ့ ပြုလုပ်ခဲ့သည့် နှစ်သစ်ကူးနှင့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် စာရေးဆရာများနှင့် မိတ်ဆုံစားပွဲ၌ ပြောဆိုခဲ့ကြောင်း သတင်းစာဆရာကြီး ဦးဝင်းတင် (ဟံသာဝတီ) က ပြောပြသည်။

ပန်းဆိုးတန်းလမ်းရှိ နန်းယု စားသောက်ဆိုင်၌ ညနေပိုင်းတွင် ၂ဝ၁၁ နှစ်သစ်ကူးပွဲနှင့် လွတ်လပ်ရေး မိတ်ဆုံစားပွဲအဖြစ် စာရေးဆရာများ စီစဉ်ပြုလုပ်သည့် ယင်းပွဲသို့ ဒဂုန်တာရာ၊ ပါရဂူ၊ ဦးဝင်းတင်၊ မောင်မိုးသူ၊ အံ့မောင် စသည့် စာရေးဆရာကြီးများအပါအဝင် ကဗျာဆရာနှင့် စာရေးဆရာ ၄ဝ ခန့် တက်ရောက်စဉ် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ဗမာပြည်ရဲ့ ကောင်းကျိုးတွေအတွက် လုပ်မယ်ဆိုရင်တော့ ငြိမ်းချမ်းရေးရှိမှ ဖြစ်မယ်။ ငြိမ်းချမ်းရေး လိုတယ်။ နိုင်ငံရေး လုပ်တာမှာလည်း ငြိမ်းချမ်းရေး ရှိရမယ်။ ကျန်တဲ့ စာပေ၊ အနုပညာ၊ စီးပွားရေး ဘက်တွေမှာလည်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လုပ်သွားကြဖို့ ပြောတယ်။ ငြိမ်းချမ်းရေးအတွက် အရေးအကြီးဆုံးကတော့ ညီညွတ်ရေး လိုအပ်တယ်လို့ သူပြောတယ်” ဟု ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။ ရှမ်းပြည်နယ် အောင်ပန်းမြို့သို့ ပြန်မည့် ဆရာကြီး ဒဂုန်တာရာကို လေးစားသူများ ဦးဆောင်၍ အဆိုပါ မိတ်ဆုံစားပွဲကို ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

ဒဂုန်တာရာက စာပေနှင့်ပတ်သက်သည့် သဘောတရားများ အယူအဆများ စာပေဖြတ်သန်းမှု အတွေ့အကြုံများ ပြောခဲ့သည့်အပြင် စာပေအနုပညာနှင့် နိုင်ငံရေးလောကတွင် ညီညွတ်ရေးကို ယုံကြည်စွာ လက်ခံကာ၊ အမှန်တကယ် တည်ဆောက်နိုင်ပါက ငြိမ်းချမ်းရေး ရရှိနိုင်ကြောင်းနှင့် ငြိမ်းချမ်းရေး ရရှိပါက ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း မှတ်ချက်ပေးခဲ့သည်။

လာမည့် မေလ ၁ဝ ရက်နေ့တွင် အသက် ၉၂ နှစ်ပြည့်မည့် ဆရာကြီးသည် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေး အထူးလိုအပ်ကြောင်း အစဉ်တစိုက် ပြောကြားခဲ့သူ ဖြစ်သည်။

ဆရာပါရဂူနှင့် ဦးဝင်းတင် အပါအဝင် အခြားစာရေးဆရာ၊ ကဗျာဆရာများက ၎င်းတို့၏ စာပေအမြင် သဘောတရား ယုံကြည်ချက်များ ပြောဆိုဆွေးနွေးခဲ့သော်လည်း လက်ရှိစာပေလောက အနေအထားနှင့် ပတ်သက်၍မူ ပြောဆိုမှု နည်းပါးခဲ့ကြောင်း သိရသည်။

“လက်ရှိ စာပေလောက အနေအထားတွေက ကျနော်လည်း သိပ်နားမလည်ဘူးလေ။ နားလည်တဲ့လူတွေကျတော့ သိပ်ပြောလို့ ကောင်းချင်မှ ကောင်းမယ် အဲလိုများ ဖြစ်နေမလား မသိဘူးဗျ။” ဟု ဦးဝင်းတင်က ပြောသည်။

ယခုကဲ့သို့ စာရေးဆရာကြီးများနှင့် တန်းတူ မိတ်ဆုံစားပွဲသို့ ပထမဆုံးအကြိမ် ဖိတ်ကြားခံခဲ့ရခြင်းနှင့် မိတ်ဆုံစားပွဲတွင် စကားပြောခွင့် ရခြင်းအတွက် ဂုဏ်ယူမိသည်ဟု သူက ဆိုသည်။

ဆရာကြီး ဒဂုန်တာရာ၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်နေကြောင်း သိရသည်။ MIZZIMA သတင်းမှကူယူဖေါ်ပြပါသည်။

စစ်မှန်သောလွတ်လပ်ရေး ပေါ်ထွန်းရန် ကြိုးစားဟု ဒေါ်အောင်ဆန်းစုကြည်ပြော



မြန်မာနိုင်ငံတွင် စစ်မှန်သော လွတ်လပ်ရေး ပေါ်ထွန်းရန် တိုင်းရင်းသား ပြည်သူများ အားလုံး ညီညွတ်စွာဖြင့် ကြိုးစား ဆောင်ရွက်ရန် လိုအပ်ကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။


ရန်ကုန် ရွှေဂုံတိုင်မြို့နယ်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးချုပ်တွင် ယနေ့ ကျင်းပသော ၆၃ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

စစ်မှန်သော လွတ်လပ်ရေးသည် စစ်မှန်သော လူ့အခွင့်အရေးအပေါ် အခြေခံ ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း၊ ယနေ့ မြန်မာပြည်သူလူထုသည် စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ စိုးရိမ် ကြောင့်ကြမှုများ၊ မလုံခြုံမှုများကို ခံစားနေရပြီး ယုံကြည်ချက်အတွက် ထောင်သွင်း အကျဉ်းချထားခြင်း ခံရသော နိုင်ငံရေးအကျဉ်းသားများ ရှိနေကြောင်း၊ ယနေ့ လွတ်လပ်ရေး အချိန်အခါ သမယတွင် လွတ်လပ်ရေး ရယူပေးခဲ့သော အာဇာနည် ခေါင်းဆောင်ကြီးများကို သတိရရန် လိုအပ်သကဲ့သို့ ယခုလက်ရှိ မတရားဖမ်းဆီး ချုပ်နှောင်ခံနေရသော နိုင်ငံရေး အကျဉ်းသားများကိုလည်း မမေ့ရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်မှန်သော လွတ်လပ်ရေးရရှိရန်လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“လွတ်လပ်ချင်တယ်၊ တိုးတက်ချင်တယ် ဆိုရင် ကိုယ်ကနေ စပြီးတော့ ကြိုးစားရမယ်။ တခြားသူတွေ ဘာလုပ်နေလဲ ဆိုတာ မကြည့်ပါနဲ့။ ကိုယ်ဘာလုပ်နေလဲ ဆိုတာ ပြန်ပြီးတော့ဆင်ခြင်ပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသည်။

NLD ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးကလည်း ယနေ့ မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေးနှင့် ကျန်းမာရေး စသည့် အထွေထွေအခက်အခဲများ ကြုံတွေ့နေရပြီး ပြည်သူ အများစုက နေ့စဉ်နှင့်အမျှ အထူး စိုးရိမ်ပူပန် ကြောင့်ကြနေရကာ အနာဂတ် မျှော်လင့်ချက် ပျောက်ကွယ် နေသကဲ့သို့ ခံစားနေရသည်ဟု ပြောသည်။

“နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွှတ်ပေးဖို့၊ တိုင်းပြည်မှာ အမှန်တကယ် ကြုံတွေ့နေရတဲ့ အကျပ်အတည်းတွေ ပြေလည်ဖို့ အဆုံးအဖြတ်ပေးနိုင်တဲ့ ပုဂ္ဂိုလ်များပါဝင်တဲ့ တွေ့ဆုံဆွေး နွေးပဲဖြစ်ဖို့၊ အမျိုးသား ရင်ကြားစေ့ရေးအတွက် ဆောင်ရွက်ဖို့ နအဖ ကို တိုက်တွန်းချက်ပါတဲ့ NLD ကြေညာချက်ကိုလည်း ဒီနေ့ ထုတ်ပြန်ပါတယ်” ဟု NLD ဗဟို အလုပ်အမှုဆောင် တဦးက ဆိုသည်။

၆၃ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မြန်မာ့စီးပွားရေး သုံးသပ်ချက် စာတမ်းကို ထုတ်ပြန်ခဲ့ပြီး မြန်မာ့စီးပွားရေး အကျပ်အတည်းမှ လွန်မြောက်နိုင်သော နည်းလမ်းများအနေဖြင့် လူမျိုးအားလုံး တန်းတူညီမျှ အလုပ်လုပ်နိုင်ရန် အခွင့်အလမ်း ရရှိစေရေး၊ ၀င်ငွေအဆင့် အတန်းမြင့်မားကာ ဆင်းရဲနွမ်းပါးမှု လျော့နည်း ပပျောက်ရေး၊ ဒေသ အလိုက်နှင့် လူမျိုးများအကြား တည်ရှိနေသည့် လူမှုရေး စီးပွားရေး မညီမျှမှုများ လျော့နည်းစေရေး ဆောင်ရွက်ရမည်ဟု သုံးသပ်ဖော်ပြထားသည်။

အဆိုပါစာတမ်း၌ မြန်မာနိုင်ငံတွင် ပြည်တွင်း လှည့်လည်သုံးစွဲငွေ အဖြစ် ၁၉၈၈ ခုနှစ် ဒီဇင်ဘာလက ကျပ်ကုဋေပေါင်း ၁၈၀၀ ခန့်သာ ရှိခဲ့ရာမှ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလတွင် ကျပ်ကုဋေ ၄ သိန်းကျော်အထိ များပြားလာခဲ့သည်ဟု အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့၏ ထုတ်ပြန်ချက်များတွင် ဖော်ပြထားကြောင်း၊ လက်ရှိတွင် လွတ်လပ်သော စီးပွားရေးစနစ် ကျင့်သုံးသည်ဟု ဆိုသော်လည်း အခွင့်ထူးခံအသိုင်းအ၀န်းကို စီးပွားရေး အခွင့်အလမ်းများ ပေးအပ်သော ပုဂ္ဂလိက လက်ဝါးကြီးအုပ် စနစ်ကိုသာ အသုံးပြုနေကြောင်း၊ ပညာရေးနှင့် ကျန်းမာရေးတွင် ကျခံ သုံးစွဲမှုမှာ လွန်စွာ နည်းပါးကြောင်း၊ သဘာဝ ပတ်ဝန်းကျင်နှင့် ပြည်သူ့အရေးကို မစဉ်းစားဘဲ ဆည်မြောင်း၊ တာတမံ၊ မြစ်ကူးတံတားများ လွန်ကဲစွာ တည်ဆောက် သဖြင့် စိုက်ပျိုးမြေများ အကြီးအကျယ် ထိခိုက်နေကြောင်း ဖော်ပြထားသည်။


ဆက်လက်ပြီး ယင်းစာတမ်းတွင်ပင် အစိုးရဘတ်ဂျက် လိုငွေပြမှုကို ထိန်းသိမ်းရန် ငွေစက္ကူသစ်များ ထပ်မံရိုက်နှိပ်ခြင်း မပြုဘဲ အစိုးရ ငွေချေးစာချုပ်များ ပိုမိုရောင်းချခြင်း၊ အခွန်ငွေကို အလေအလွင့်မရှိစေရန် ကောက်ခံခြင်းများ ပြုလုပ်၍ ထိရောက်စွာ သုံးစွဲသင့်ကြောင်း အကြံပြုထားသည်။

NLD အနေဖြင့် စီးပွားရေးပိတ်ဆို့မှုများ၏ အကျိုးဆက်အား သုံးသပ်ရန် လိုအပ်သည်ကို အသိအမှတ်ပြုကြောင်း၊ လူသား အရင်းအမြစ်နှင့် ကျန်းမာရေး၊ ပညာရေး အသုံးစရိတ်တိုးမြှင့်ကာ တရားဥပဒေ စိုးမိုးရေး၊ ပွင့်လင်းမြင်သာသော၊ တာဝန်ခံသော၊ အကျင့်ပျက်လာဘ်စားမှု ကင်းသော၊ ထက်မြက်ထိရောက်သော မျှတပြီး တမျိုးသားလုံးပါဝင်နိုင်သော အုပ်ချုပ်ရေး ယန္တရား ဖော်ဆောင်ရန် လိုအပ်ကြောင်း ထိုစီးပွားရေးသုံးသပ်ချက် ကြေညာ စာတမ်းတွင် ဖော်ပြထားသည်။

ယနေ့ ကျင်းပသော ၆၃ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ NLD အဖွဲ့ဝင်များ၊ တသီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်းများ၊ တိုင်းရင်းသား နိုင်ငံရေး ပါတီများ၊ ရန်ကုန် အခြေစိုက် နိုင်ငံရေးပါတီများ၊ သတင်းမီဒီယာများ အပါအဝင် အင်အား အင်အားရာဂဏန်းချီ၍ တက်ရောက်ခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ၆၃ နှစ်မြောက်လွတ်လပ်ရေးအခမ်းအနား တက်ရောက် လာသူများကို စစ်အစိုးရ ရဲများက ဓာတ်ပုံရိုက်ကူးခြင်း၊ မှတ်တမ်းတင် ဗီဒီယိုရိုက်ကူးခြင်းများ ပြုလုပ်ခဲ့သော်လည်း တစုံတရာ အနှောင့်အယှက် ပေးခဲ့ခြင်း မရှိကြောင်း သိရသည်။

အခမ်းအနားအပြီး နိုင်ငံရေးအကျဉ်းသားနှင့် မိသားစုဝင်များကို ကူညီစောင့်ရှောက်မှုပေး လိုသော စေတနာရှင်များအား နိုင်ငံရေးအကျဉ်းသား အမည်ပါသော မဲလိပ်များ နှိုက်ယူ မဲဖောက်ကာ တာဝန်ယူစေသည့် အစီအစဉ် ကျင်းပသည်။

ဒေါ်အောင်ဆန်းစုကြည်က လှိုင်သာယာမြို့နယ်မှ နိုင်ငံရေးအကျဉ်းသား တဦး၏ မိသားစုကို ကူညီရန် မဲပေါက်ခဲ့သည်။ အလားတူ ၆၃ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို NLD ပါတီမှ ခွဲထွက်ထူထောင်ကာ ၂၀၁၀ ရွေးကောက်ပွဲ ဝင်ခဲ့သည့် အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီကလည်း ၎င်း ရုံးချုပ်တွင် ယနေ့ ကျင်းပခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ အသက်သွေးချွေးတို့ဖြင့် ရင်းနှီးရယူခဲ့သည့် ရလဒ်ဖြစ်သဖြင့် ဤအခမ်းအနားကို ကျင်းပရခြင်းဖြစ်ကြောင်း NDF ပါတီ တာဝန်ရှိသူများက ဆိုသည်။

လွတ်လပ်ရေးအား ပိုင်ဆိုင်ခြင်းနှင့်အတူ ထိမ်းသိမ်းဖို့ရန် တာဝန်လည်း မြန်မာပြည်သူများ ထံတွင်ရှိကြောင်း၊ လွတ်လပ်ရေးတွင် အခွင့်အရေးများ ရှိသကဲ့သို့ တာဝန်များလည်းရှိကြောင်း၊ NDF သည် ငြိမ်းချမ်းသောနည်း၊ စီးပွား ရေးဖွံ့ဖြိုး တိုးတက်သော လမ်းကြောင်းမှ အမျိုးသား ရင်ကြားစေ့ရေး ပန်းတိုင်သို့ အရောက်ချီတက်ပြီး ထိုမှ တဆင့် ဒီမိုကရေစီ လူ့ဘောင်သို့ ချီတက်ရန် မျှော်မှန်ကြောင်း အဆိုပါ အခမ်းအနားတွင် NDF ပါတီ ခေါင်းဆောင် တဦးဖြစ်သူ ဦးခင်မောင်ဆွေကပြောသည်။

လွတ်လပ်သော နိုင်ငံတခုရှိ ပြည်သူများတွင် ဆင်းရဲမွဲတေမှု၊ အလုပ်လက်မဲ့ ဖြစ်မှု၊ ခိုကိုးရာမဲ့မှု၊ ပညာမတတ်မှု၊ ကျန်းမာရေး ချို့တဲ့မှု စသည့် လူမှုရေး နာကျင်မှုများ ရှိနေပါက အနှစ်သာရ ပြည့်ဝသည့် လွတ်လပ်မှု မဖြစ်နိုင်ဟု အမျိုးသား ဒီမိုကရေစီအင်အားစုက ခံယူထားကြောင်း NDF က ၆၃ ကြိမ်မြောက် လွတ်လပ်ရေးနေ့ သ၀ဏ်လွှာ ထုတ်ပြန်သည်။

၎င်း အခမ်းအနားသို့ ရန်ကုန်တိုင်းအတွင်းရှိ NDF ပါတီဝင်များ ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်များ တတ်ရောက်ခဲ့ကြပြီး သဘာပတိအဖြစ် နိုင်ငံရေးဦးဆောင်သူ ဦးခင်မောင်ဆွေမှ ဆောင်ရွက်သည်။

၂၀၁၀ ရွေးကောက်ပွဲတွင် NDF ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ၁၆ ဦး အနိုင် ရရှိခဲ့သော်လည်း သဃန်းကျွန်းမြို့နယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်အား ပါတီမှ ထုတ်ပယ်ထားသည့်အတွက် အနိုင်ရ ကိုယ်စားလှယ် ၁၅ ဦး ရှိသည့် ပါတီဖြစ်သည်။

ယနေ့ထုတ် စစ်အစိုးရပိုင် သတင်းစာများတွင်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပေးပို့သည့် ၆၃ နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာပါရှိပြီး ယင်းသဝဏ်လွှာ၌ စစ်အုပ်ချုပ်ရေး ယူထားသည့်ကာလအတွင်း တပ်မတော်သည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေခံကောင်းများကို ဘက်စုံ တည်ဆောက်ပေးနိုင်ခဲ့ကြောင်း၊ ထိုသို့ တည်ဆောက်ပေးနိုင်မှုများသည် သမိုင်း မှတ်တိုင်အဖြစ် ကျန်ရှိနေမည် ဖြစ်ကြောင်း၊ ပြည်သူများအပေါ်၌ စေတနာကြီးမားပြီး တာဝန်ကျေသည့် တပ်မတော် ဖြစ်ကြောင်း ပါရှိသည်။

“မြန်မာနိုင်ငံကို အင်အားချည့်နဲ့ သွားစေရန်အတွက် တခုတည်းသော နည်းလမ်းမှာ ပြည်ထောင်စုပြိုကွဲရေးနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှု ယိုယွင်း ပျက်စီးရေးပင် ဖြစ်ပေသည်။ ထိုအချက်ကို ဖော်ဆောင်ရန်အတွက် နိုင်ငံရေး သစ္စာတရား နည်းပါး သူတို့ကို အသိမဲ့သော်လည်းကောင်း၊ သိပါလျက်သော်လည်းကောင်း စည်းရုံးသိမ်းသွင်း အသုံးချကာ တိုင်းပြည်ပျက်စီးရာ ပျက်စီးကြောင်းကို ဖျက်လိုဖျက်ဆီး ကြံစည်အားထုတ် လုပ်ဆောင်လာနိုင်ပေသည်” ဟု ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၎င်း၏ သဝဏ်လွှာတွင် ထည့်သွင်းပြောဆိုထားသည်။

ရွေးကောက်ပွဲကို တည်ငြိမ်အေးချမ်းစွာဖြင့် အောင်မြင်စွာ ကျင်းပနိုင်ခြင်းသည် နိုင်ငံသူ နိုင်ငံသားများအတွက် ဂုဏ်ယူဖွယ်ရာ အစဉ်အလာကောင်း ဖြစ်သည် ဟူ၍လည်း ၎င်း သဝဏ်လွှာတွင် ပါရှိသည်။

ဧရာဝတီ သတင်းမှကူးယူဖေါ်ပြပါသည်။

Wednesday, January 5, 2011

NLD ရန်ပုံငွေ ဈေးရောင်းပွဲ ကျပ်သိန်း ၂၀၀ ကျော်ဖိုးရောင်းရ



နိုင်ငံရေး အကျဉ်းသားများ ကူညီရေးနှင့် လူမှုအထောက် အကူပြုရေး ရန်ပုံငွေအတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ကျင်းပသည့် ဈေးရောင်းပွဲတော်သို့ လူပေါင်း ထောင်နှင့်ချီ၍ လာရောက်ခဲ့ပြီး ကျပ်သိန်း ၂၀၀ ကျော်ဖိုး ရောင်းချခဲ့ရကြောင်း သိရှိရသည်။
ဇန်နဝါရီလ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ ရွှေဂုံတိုင် NLD ရုံးချုပ်တွင် ကျင်းပခဲ့သည့် ဈေးရောင်း ပွဲတော်သည် ၁၉၉၀ ရွေးကောက်ပွဲ နောက်ပိုင်း ပထမဆုံး ပြန်လည် ပြုလုပ်သည့်ပွဲ ဖြစ်ကြောင်း၊ ယခု ပွဲသည် ဈေးရောင်းသည်နှင့် မတူဘဲ အလှူအတန်းတခု ကျင်းပသည့် ပုံစံမျိုးနှင့် ပိုတူကြောင်း NLD လူငယ်အဖွဲ့ဝင် တဦးဖြစ်သူ ကိုရာဇာက ပြောသည်။

“ပြီးခဲ့တဲ့ နှစ်ရက်မှာ ရောင်းရတာကတော့ သိန်း ၁၀၀ ကျော်မယ်။ ဒီနေ့နဲ့ဆိုရင် သိန်း ၂၀၀ ဖိုးလောက် ရောင်းရတယ်။ ဒီကနေ ရတဲ့အကျိုး အမြတ်တွေကို လူကြီးတွေက အချိုးကျ ပြန်ခွဲပြီး လူမှုရေး လုပ်ငန်းတွေမှာ အသုံးပြုသွားဖို့ ရှိတယ်” ဟု ကိုရာဇာက ဆိုသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) ၏ အတွင်းရေးမှူး ဦးအေးသာအောင်က ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ မတိုင်မီကာလများတွင် NLD သည် လူမှုအခြေပြု လုပ်ငန်းများ အတွက် ပင်နီတိုက်ပုံများ၊ NLD အမှတ်တရ ရင်ထိုးတံဆိပ်များကို ရောင်းချ၍ လူမှုရေး လုပ်ငန်းများ အတွက် အသုံးပြုခဲ့သည်ဟု ပြောပြသည်။

ဦးအေးသာအောင်က ဆက်လက်၍ “ဒီနှစ်အတွက် ထူးခြားတာကတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးဝင်းတင်တို့က သူတို့ရထားတဲ့ လက်ဆောင်ပစ္စည်းတွေကို လူမှုရေးလုပ်ငန်း ရန်ပုံငွေအတွက် ဈေးပွဲတော်မှာ ပြန်ရောင်းတယ်ဆိုတဲ့ ကိစ္စပါပဲ။ အရင်နှစ်တွေတုန်းကတော့ ဒါမျိုး မရှိခဲ့ဘူးလေ” ဟု ဆိုသည်။

ဈေးရောင်းပွဲတော်တွင် NLD ပါတီတွင်းမှ ဌာနအလိုက် ရောင်းချခဲ့ခြင်းဖြစ်ပြီး ဆိုင်ခန်း ၂၀ ခန့် ပါဝင်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ရေးဆွဲထားသည့် ပို့စ်ကတ်များ အပါအဝင် ဓာတ်ပုံ၊ သော့ချိတ်၊ စာအုပ်စာတမ်းများနှင့် တိုင်းရင်းသား ဝတ်စုံများကို ရောင်းချခဲ့ကြောင်းလည်း သိရှိရသည်။

ကိုရာဇာက “လာရောင်းကြတာကတော့ မြို့နယ်၊ ပြည်နယ်အလိုက်က NLD အဖွဲ့ဝင်တွေ၊ ကျနော်တို့ လူငယ်အဖွဲ့တွေ၊ အမျိုးသမီးအဖွဲ့တွေနဲ့ ခြံအမှတ် ၅၄ လို့ နာမည်ပေးထားတဲ့ အန်တီစု ပါဝင်တဲ့ အရောင်းဌာနတွေကနေ ရောင်းချကြတယ်။ ခြံအမှတ် ၅၄ အဖွဲ့ကတော့ အန်တီစုနဲ့ သက်ဆိုင်တဲ့ ပို့စ်ကတ်၊ ပြက္ခဒိန်၊ သော့ချိတ်တွေ ရောင်းချတယ်။ သူတို့ကတော့ ရောင်းအကောင်းဆုံးပဲ” ဟု ပြောသည်။

ဈေးရောင်းပွဲတော်သို့ သွားရောက်ခဲ့သူ ရန်ကုန်မြို့ခံတဦးက “လူတွေ တော်တော်သွားကြတယ်။ အားပေးတဲ့ သူတွေလည်း များတယ်။ အန်တီစုနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ အများကြီး ရောင်းရတယ်။ တခြားပစ္စည်းတွေ ဥပမာ တိုင်းရင်းသား အဝတ်အထည်တို့ စာအုပ်တွေ ဘာတွေကိုလည်း ဈေးပွဲတော်မှာ ရောင်းကြတယ်။ ဒါပေမယ့် အန်တီစုပုံပါတဲ့ ပြက္ခဒိန်တို့၊ သူဆွဲထားတဲ့ ပန်းချီပို့စ်ကတ်တွေ၊ သော့ချိတ်လေးတွေကို အများဆုံး ဝယ်ကြတယ်။ တချို့တွေဆိုရင် သော့ချိတ်တွေဝယ်ပြီး ဖုန်းမှာ ချက်ခြင်း တပ်လိုက်ကြတာမျိုးလည်း ရှိတယ်” ဟု ဆိုသည်။

ရန်ကုန် အခြေစိုက် သတင်းထောက်တဦးကလည်း “သူတို့ရောင်းတဲ့ ဈေးနှုန်းတွေက တအားကြီး ဈေးကြီးတာမျိုး မဟုတ်တော့ ဈေးရောင်းပွဲ သွားကြတဲ့သူတိုင်းနီးပါး ဝယ်ကြတယ်။ ပြီးတော့ ခုကာလကလည်း ဒေါ်စုပုံနဲ့ ဗိုလ်ချုပ်ပုံတွေကို လွတ်လွတ်လပ်လပ် သဘောမျိုး ဝယ်ခွင့်ရနေတဲ့ အခါကျတော့ လူတွေ တော်တော်ဝယ်ကြပါတယ်။ တခြားနေရာတွေမှာ ရောင်းလို့မရတော့ ဝယ်နိုင်ကြတာပေါ့”ဟု ပြောသည်။

ယခု ဈေးရောင်းပွဲတော်၏ အကျိုးအမြတ်များကို နိုင်ငံရေး အကျဉ်းသားများ၏ မိသားစုများကို ထောက်ပံ့ရေး၊ HIV/AIDS ဝေဒနာရှင်များ ပြုစုရေး၊ သဘာဝ ဘေးဒဏ်ခံရသော ဒေသများအတွက် ကူညီရေးတို့၌ ပြန်လည် အသုံးပြုသွားမည်ဟုလည်း သိရှိရသည်။

NLD သည် လူမှုအခြေပြု လုပ်ငန်းများအဖြစ် HIV/AIDS ဝေဒနာရှင်များကို ဂေဟာ သုံးခုဖွင့်လှစ်၍ စောင့်ရှောက်ခြင်း၊ ဂီရိ ဆိုင်ကလုန်း မုန်တိုင်းကဲ့သို့သော သဘာဝဘေးဒဏ်ခံ ဒေသများကို ထောက်ပံ့ကူညီခြင်း၊ အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုများကို ထောက်ပံ့ခြင်း စသည့် လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိသည်။

လက်ရှိ အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားပေါင်း ၂၂၀၀ ကျော်တို့ကို အမြန်ဆုံးလွှတ်ပေးရန် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ အပါအဝင် အခြားသော အဖွဲ့အစည်းများက ယမန်နေ့က တောင်းဆိုခဲ့ကြသည်။
Irrawaddy Blog မှကူးယူဖေါ်ပြပါသည်.

Tuesday, December 28, 2010

အိုင်ယာလန်ငြိမ်းချမ်းရေးဆု ဆန်ကာတင်စာရင်း ဒေါ်စုပါဝင်

အိုင်ယာလန်နိုင်ငံက နှစ်စဉ် ချီးမြင့်တဲ့ ၂၀၁၀ ပြည့်နှစ်အတွက် Tipperary နိုင်ငံတကာ ငြိမ်းချမ်းရေးဆု အတွက် ပဏာမ ဆန်ကာတင် ဆုရှင် စာရင်းကို ထုတ်ပြန်ရာမှာ မြန်မာနိုင်ငံက ဒေါ်အောင်ဆန်းစုကြည် လည်း ပါဝင်တယ်လို့ ဒီကနေ့ ထုတ်ပြန်တဲ့ ဆုချီးမြင့်ရေးအဖွဲ့ ကြေညာချက်မှာ ပါဝင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အခုလို ဆန်ကာတင် ဆုရှင်စာရင်းမှာ ပါဝင်တာကို ၀မ်းမြောက်ကြိုဆိုကြောင်း၊ ဆုအတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုက်တန်သူတဦး ဖြစ်ကြောင်း၊ အိုင်ယာလန်မှာ မြန်မာ့အရေး ဆောင်ရွက်နေတဲ့ Burma Action Ireland က ဒုတိယ ဥက္ကဋ္ဌ Eileen Seymour က ပြောပါတယ်။

၂၀၁၀ ပြည့်နှစ် ဆုအတွက် ပဏာမ အမည်စာရင်းကို အဖွဲ့ရဲ့ ကော်မတီက ရွေးချယ်တာ ဖြစ်ပြီး ဒီဆန်ကာတင် စာရင်းမှာ မြန်မာနိုင်ငံက ဒေါ်အောင်ဆန်းစုကြည် အပြင်၊ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးဟောင်း Mary Robinson၊ ထိုင်ဝမ် ဗုဒ္ဓဘာသာ သီလရှင်ကြီး Cheng Yen၊ ဂါဇာ ကမ်းမြောင်ဒေသ ဆိုင်ရာ ကုလသမဂ္ဂ ကယ်ဆယ်ရေးနဲ့ အလုပ်အကိုင်ဌာန အကြီးအကဲ John Ging၊ အာဖဂန်နစ္စတန် လူ့အခွင့်အရေး ဥက္ကဋ္ဌ နဲ့ ဆူဒန်ဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ဒေါက်တာ Sama Samar တို့လည်း ပါဝင်တယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အခုလို ပဏာမ ရွေးတဲ့အထဲ ထည့်သွင်းခဲ့တဲ့အတွက် အိုင်ယာလန်မှာရော နိုင်ငံတကာမှာပါ မြန်မာနိုင်ငံက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အခြေအနေတွေကို ပိုသိလာအောင် နောက်တဆင့် ပံ့ပိုးနိုင်လိမ့်မယ်လို့လည်း Burma Action Ireland က Ms. Eileen Seymour က ပြောပါတယ်။

Tipperary ငြိမ်းချမ်းရေးဆုကို မနှစ်က ကွယ်လွန်သူ အမေရိကန် အထက်လွတ်တော် အမတ် Edward Kennedy ရရှိခဲ့ပြီး အရင်က တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင် မင်ဒဲလား၊ အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်တို့ ချီးမြင့် ခံခဲ့ရပါတယ်။

ဆရာအော်ပီကျယ် ရဲ့လက်ရာတွေထဲမှ (ပြုံးနိုင်ပါစေ)



ဒေါ်အောင်ဆန်းစုကြည်နှင့်လူငယ်၃၀၀ကျော်ယနေ့တွေ့



မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နယ်ပယ် အသီးသီးမှ လူငယ် ၃၀၀ ကျော်တို့ ယနေ့ တွေ့ဆုံကြရာ လူငယ် ၅၂ ဦးက ၎င်းတို့ ကြုံတွေ့နေရသော ပညာရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးနှင့် ဘာသာရေး အခက်အခဲများကို တင်ပြဆွေးနွေး ခဲ့ကြသည်။


“အကြောင်းအရာက တော်တော်စုံတယ်။ တက္ကသိုလ် ကျောင်းသား ကျောင်းသူတွေက တက္ကသိုလ်တွေမှာ ပညာရေးနဲ့ ပတ်သက်ပြီး မပြည့်စုံတဲ့ အကြောင်း၊ ပညာရေးစနစ် ချို့ယွင်း နေတဲ့အကြောင်း၊ ကျန်းမာရေးဝန်ထမ်း လူငယ်တွေနဲ့ တရားရုံးမှာ အလုပ်လုပ်နေတဲ့ လူငယ်တွေက သူတို့အခက်အခဲတွေနဲ့ နိုင်ငံရေး စနစ် ပြောင်းလဲဖို့ လိုအပ်တဲ့ အကြောင်းတွေကို တော်တော် ပြည့်ပြည့်စုံစုံ တင်ပြတယ်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို မေးခွန်း ထုတ်ကြတယ်” ဟု တွေ့ဆုံပွဲ တက်ရောက်ခဲ့သော လူငယ်တဦးက ဆိုသည်။

လူမှုရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် လူငယ်အဖွဲ့အစည်းများ၊ ကျောင်းသားလူငယ်များ၊ ပြည်တွင်း သတင်းမီဒီယာများမှ လူငယ်များ၊ နိုင်ငံ့ ၀န်ထမ်း လူငယ်များ၊ ဥပဒေပညာရှင်လူငယ်များ၊ ကျန်းမာရေးဝန်ထမ်း လူငယ်များ၊ အခြေခံ လုပ်သား လူငယ်များ အပါအ၀င် ၃၀၀ ကျော်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး လူမှုကွန်ရက်တခုကို ထူထောင် သွားမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။

အဆိုပါ ကွန်ရက်သည် ဆင်းရဲကျပ်တည်းလျက် ရှိသော မြန်မာနိုင်ငံတွင် ပညာရေး၊ လူမှုရေး လုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် လူငယ် အဖွဲ့အစည်းများ ချိတ်ဆက်ထားသည့် လူမှုကွန်ရက် တခုဖြစ်ကြောင်း သိရသည်။

“အခုဆွေးနွေးပွဲပြီးတာနဲ့ ကိုယ့်အဖွဲ့အစည်းနဲ့ ဘယ်လို ဆက်သွယ်ရမလဲဆိုတာ စာရင်း ပေးသွင်းပါ။ လက်တွေ့ကျကျ စပြီး အလုပ်လုပ်မယ်။ နောက် တလ၊ ခြောက်ပတ်လောက် အကြာ ဒီလုပ်ငန်းတွေ ဘယ်လောက်ထိရောက်သလဲ ဆိုတာ သုံးသပ်ဖို့
ပြန်တွေ့ကြမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးပွဲတွင် ပြောဆိုခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲတွင် လူငယ်များ အားလုံးက ဒေါ်အောင်ဆန်းစုကြည်ကို “အမေ” ဟု ခေါ်ဝေါ် ခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်က လူငယ်များနှင့် ထမင်းလက်ဆုံ စားခဲ့သည်။

တွေ့ဆုံပွဲသို့ တက်ရောက်လာသည့် မီဒီယာသမား လူငယ်များက ဒေါ်အောင်ဆန်းစုကြည် ထူထောင်မည့် လူမှု ကွန်ရက်တွင် မြန်မာ သတင်းသမားများ ကွန်ရက်ဟူသော အမည်ဖြင့် လူမှုရေး၊ ပညာရေးနှင့် အီးမေးလ်၊ အင်တာနက် အပါအဝင် IT နည်းပညာများ ကူညီရန် အဆိုပြုသည်ဟု သိရှိရသည်။

“ဒီကွန်ရက်ကနေ လူမှုရေးလုပ်ငန်းတွေ၊ အင်္ဂလိပ်စာသင်တန်း၊ ကွန်ပျူတာသင်တန်းတွေ အားလုံး စုပေါင်းလုပ်ကြမယ်။

ဒေါ်အောင်ဆန်းစုကြည် ပြောတာက မြန်မာလူငယ်တွေ အဆင့်မြင့် ပညာရေးတွေ သင်ယူနိုင်ဖို့ အစီအစဉ်တွေ လုပ်သွားမယ်တဲ့။ အားတက်ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း တော်တော်အားရတယ်။ တော်တော် အောင်မြင်တဲ့ တွေ့ဆုံပွဲပါ” ဟု ဆွေးနွေးပွဲ တက်ရောက်သူ တက္ကသိုလ် ကျောင်းသား လူငယ်တဦးက ပြောသည်။

လူငယ်များက ဒုတိယပင်လုံ ညီလာခံကိစ္စ၊ တိုင်းရင်းသားအရေး၊ NLD ရှေ့ဆက် ရပ်တည်ရေးကိစ္စ၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ၁၉၉၀ ရွေးကောက်ပွဲနှင့် ၂၀၁၀ ရွေးကောက်ပွဲကိစ္စ ဆိုင်ရာများကိုလည်း မေးမြန်းခဲ့ကြပြီး ဒေါ်အောင်ဆန်း စုကြည်က လူငယ်များ၏ မေးခွန်းများအားလုံးကို ပြန်လည်ဖြေကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည်ဖြစ်ရာ NLD ကို အတိုက်အခံ အင်အားစုအဖြစ် မြန်မာ့ နိုင်ငံရေးတွင်၏ ပါဝင်ခွင့် ပေးရမည်ဆိုသော တောင်းဆိုချက်နှင့် ပတ်သက်ပြီး လူငယ်တဦးက မေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်က “အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးကNLD ကို အသိအမှတ်ပြုတာ ကြိုဆိုရမှာပါ။ မြန်မာ့ဒီမိုကရေစီအရေးမှာ အာဆီယံထောက်ခံမှုက အရေးကြီးပါတယ်” ဟု ပြန်လည် ဖြေကြားခဲ့သည်။

မြန်မာနိုင်ငံတွင် အလုပ်ရှင်က အလုပ်သမားများအပေါ် ဖိနှိပ်သော ကိစ္စရပ်များ အတွက် ကမ္ဘာ့အလုပ်သမားအဖွဲ့ (ILO) နှင့် NLD မှ ဥပဒေ ပညာရှင်များနှင့် ညှိနှိုင်းတိုင်ပင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ လူငယ် ဥပဒေ ပညာရှင်များအား ဥပဒေ ဆိုင်ရာ သင်တန်းများ ပေးသွားရန်ရှိကြောင်း၊ အဆိုပါ လူငယ် ဥပဒေ ပညာရှင်များအနေနှင့် NLD ဥပေဒပြု အဖွဲ့တွင် ပါဝင်ကြရန် ဖိတ်ကြားကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က လူမှုရေးနှင့် နိုင်ငံရေးသည် ခွဲခြားမရဘဲ ဒွန်တွဲနေကြောင်း၊ ပြည်သူလူထု၏ လိုအပ်ချက်များကို လူမှုရေးအရ ဖြည့်ဆည်းပေးခြင်းဖြင့် ပြည်သူလူထု၏ ချစ်ခင်မှုကို ရရှိနိုင်ကြောင်း ရှင်းပြသည်။

အစိုးရသည် NLD ကို မတရားအသင်းအဖြစ် မကြေညာနိုင်ကြောင်း၊ မှတ်ပုံမတင်သော နိုင်ငံရေးပါတီ တရပ်အဖြစ်သာ ပြောဆိုနိုင်ကြောင်း၊ ပြည်သူလူထု ရပ်တည်နေသမျှ ကာလပတ်လုံး NLD ဆက်လက် ရပ်တည်နေမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က NLD ဆက်လက်ရပ်တည်ရေးနှင့် ပတ်သက်သည့် လူငယ်များ၏ မေးမြန်းချက်ကို ဖြေကြားသည်။

ဒုတိယပင်လုံညီလာခံ ကိစ္စကို အလွန်ကြောက်မက်ဖွယ်ကောင်းသော ခြိမ်းခြောက်မှု၊ နိုင်ငံရေးအားစမ်းမှု အဖြစ် ရှုမြင်မှုများရှိကြောင်း၊ အဆိုပါ သုံးသပ်ချက်များသည် လုံးဝ မှန်ကန်မှုမရှိကြောင်း၊ မြန်မာ့နိုင်ငံရေး ဖြစ်စဉ်တွင် တိုင်းရင်းသား စည်းလုံညီညွတ်ရေးအတွက် ခေတ်နှင့်လျော်ညီသော ပင်လုံညီလာခံတခု မဖြစ်မနေလိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် လူငယ်တွေ့ဆုံပွဲသို့ လာရောက်သော လူငယ်များကို စစ်အစိုးရ အာဏာပိုင်များက ဓာတ်ပုံနှင့် ဗီဒီယို မှတ်တမ်းတင်ခြင်းမှအပ တစုံတရာ အနှောင့်အယှက် မပေးခဲ့ပေ။

အမျိုးသားခေါင်းဆောင် တပ်မတော်၏ ဖခင်ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီး မဟာသီရိသုဓမ္မ မိခင်ကြီးဒေါ်ခင်ကြည်ဂူဗိမာန်သို့ လူထုခေါင်းဆောင် သွားရောက်ဂါဝရပြု... (ဓာတ်ပုံ