-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Friday, October 15, 2010

ထိုင်းက ပြန်ပို့မည်ကို မြန်မာအတိုက်အခံများဝေဖန်

မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ အောက်တိုဘာလ ၁၄ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၂၃ မိနစ် . Share1vote
nowBuzz up!
ချင်းမိုင်(မဇ္ဈိမ) ။ ။ ၂ဝ၁ဝ ရွေးကောက်ပွဲပြီးလျှင် မြန်မာဒုက္ခသည်များနှင့် မြန်မာအတိုက်အခံ အင်အားစုများကို နေရပ်ရင်း ပြန်ပို့မည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုလိုက်သည်မှာ လူသားချင်း စာနာမှုမရှိဟု ထိုင်းနိုင်ငံရှိ မြန်မာ့အရေး လှုပ်ရှားသူများက ဝေဖန်ပြစ်တင်လိုက်ကြသည်။

ပြီးခဲ့သည့်လ ၃ဝ ရက်နေ့တွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ကျင်းပသည့် Asia Society Forum ဆွေးနွေးပွဲ၌ ထိုင်းဝန်ကြီး ကဆစ်ဖိရွမ်း တက်ရောက်နေစဉ် မြန်မာများကို နေရပ်ရင်း ပြန်ပို့မည်ဟု Radio Australia မှ သတင်းထောက် Cochrane ကို ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ကျနော် ဘန်ကောက်ကို ပြန်သွားပြီးတော့ ပထမဆုံး ကျနော်ဆောင်ရွက်မယ့် ကိစ္စတခုကတော့ ဒုက္ခသည်စခန်းထဲက မြန်မာတွေ၊ အိမ်ရာပစ်ပြေးထားရတဲ့ ဒုက္ခသည်တွေ၊ ဘန်ကောက်နဲ့ ချင်းမိုင်က ပညာတတ်တွေအနေနဲ့ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ပြီးသွားတဲ့အခါ မြန်မာပြည်ကို ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ပိုပြီးထိရောက်တဲ့ ကြိုတင်ပြင်ဆင်မှု အစီအစဉ် ပရိုဂရမ်တခုကို စတင်အကောင်အထည်ဖော် ဆောင်ရွက်ဖို့ကိစ္စပါ” ဟု မစ္စတာ ကဆစ်က ပြောဆိုခဲ့သည်။

ဤပြောဆိုချက်နှင့်ပတ်သက်၍ HREIB ခေါ် လူ့အခွင့်အရေး ပညာပေးဋ္ဌာန (မြန်မာနိုင်ငံ) မှ ဒါရိုက်တာ ဦးအောင်မျိုးမင်းက “အခုလို ပြန်ပို့ခြင်းက ကျနော်တို့ရဲ့ အသက်အိုးအိမ်တွေကို ထိခိုက်နိုင်တဲ့အပြင် လူသားချင်းစာနာမှု ဥပဒေကို အတိအလင်း ချိုးဖောက်ခြင်းပဲ ဖြစ်တယ်။ အဲဒီတော့ သူတို့ကုလသမဂ္ဂမှာ ပြောထားတဲ့အချက်နဲ့ အခုလက်ရှိလုပ်တဲ့ အချက်တွေက အရမ်းကို ကွာခြားမှုတွေ ဖြစ်နေတယ်” ဟု မဇ္ဈိမကို ပြောသည်။

မြန်မာအမျိုးသမီးသမဂ္ဂ BWU မှ ဒေါ်တင်တင်ညိုကလည်း “သူတို့ကို ပြန်ပို့မယ်ဆိုရင် သေချာတာတခုက ဒီလူတွေ အားလုံးက ထောင်ကျအောင်၊ ပြီးတော့ ဟိုမှာပြန်ရောက်ပြီးလို့ရှိရင် ဒုက္ခဆင်းရဲပေါင်းစုံ ရောက်အောင်၊ လုပ်ပေးလိုက်တာနဲ့ အတူတူပဲ ဖြစ်မယ်” ဟု ပြောဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) မှ ပြန်ကြားရေးတာဝန်ခံ ဦးညိုအုန်းမြင့်ကမူ ထိုင်းအစိုးရအနေဖြင့် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများ ပြန်လည်စတင်နိုင်ရန် စစ်အစိုးရအပေါ် ယခုလို လိုက်လျောမှု ပြုလုပ်ခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုင်းအစိုးရမှ မြန်မာဒုက္ခသည်များနှင့် အတိုက်အခံ အင်အားစုများကို အတင်းအကျပ် နေရပ်စေလွှတ်ပါက မြန်မာ့အရေး ထောက်ခံသည့် ထိုင်းလူမှုအဖွဲ့အစည်းများမှတဆင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်သွားမည်ဖြစ်သည်။

မြန်မာဒုက္ခသည်များမှာ ထိုင်း-မြန်မာ နယ်စပ်တလျှောက်ရှိ ဒုက္ခသည်စခန်းပေါင်း ၉ ခုတွင် နေထိုင်လျက်ရှိကာ လူဦးရေအားဖြင့် တသိန်းခွဲခန့် ရှိသည်။

© Copyright 1998 - 2009 Mizzima News. All Rights Reserved.

မြန်မာ့ ရွေးကောက်ပွဲ ဂျပန် စောင့်ကြည့်မည်

ဆလိုင်းထွန်း | ကြာသပတေးနေ့၊ အောက်တိုဘာလ ၁၄ ရက် ၂၀၁၀ ခုနှစ် ၂၃ နာရီ ၁၂ မိနစ် .5
Share1vote
nowBuzz up!0diggs
digg
နယူးဒေလီ (မဇ္ဈိမ) ။ ။ စစ်အစိုးရ ရွေးကောက်ပွဲကို အသိမှတ်မပြုရန် ဆုံးဖြတ်နိုင်သည့် အချက်အလက် ရှိသော်လည်း စောင့်ကြည့်သွားဦးမည်ဟု ဒုတိယ ဂျပန် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Yamahana Ikuo က ဂျပန်ရောက် မြန်မာ့အရေး လှုပ်ရှားသူများကို ယမန်နေ့တွင် ပြောဆိုခဲ့သည်။

တိုကျိုမြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် မြန်မာ့ရေးရာရုံး (ဂျပန်) အပါအဝင် ဒီမိုကရေစီရေး လှုပ်ရှားသည့် မြန်မာအဖွဲ့ ၇ ဖွဲ့အပြင် ဂျပန် အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်၊ မြန်မာ့ရေးရာဆိုင်ရာ ဂျပန်လွှတ်တော် ကိုယ်စားလှယ်များ အဖွဲ့တို့မှ ကိုယ်စားလှယ် ၁ဝ ဦးကို တွေ့ဆုံစဉ် ဂျပန်ဝန်ကြီးက ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“၂ဝ၁ဝ ရွေးကောက်ပွဲကို အသိမှတ်မပြုဖို့ ပြောတော့ ဒုဝန်ကြီးက အသိအမှတ်မပြုဖို့ ဆုံးဖြတ်လို့ မရနိုင်သေးပေမယ့် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံရေး အကျဉ်းသားတွေကို မလွှတ်ပေးဘူး၊ (NLD က မလျှောက်လို့ မပါတာလို့ မပြောဘူး) ပါလို့မရအောင် လုပ်ထားကြောင့်မို့ NLD လည်း ရွေးကောက်ပွဲကို ပါလို့မရဘူး။ ဒါကို ဆုံးဖြတ်နိုင်ဖို့ အချက်လက် ရှိတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲပြီးတဲ့အထိ စောင့်ကြည့်မယ်လို့ ပြောတယ်” ဟု မြန်မာ့ရေးရာရုံး (ဂျပန်) မှ အတွင်းရေးမှူး ဒေါက်တာမင်းညိုက မဇ္ဈိမကို ပြောသည်။

၂ဝဝ၈ ခုနှစ် ဥပဒေသည် ဒီမိုကရေစီနိုင်ငံ တည်ထောင်ရာ မရောက်ခြင်း၊ လုပ်အားပေးခိုင်းစေမှုကို လုပ်ခွင့်ပေးခြင်းနှင့် ယခုရွေးကောက်ပွဲသည် စစ်အာဏာရှင်စနစ် ပိုမိုဆိုးရွားလာနိုင်ခြင်းကြောင့် ဂျပန်အစိုးရအနေဖြင့် အသိမှတ်မပြုရန် မြန်မာအင်အားစုများက တောင်းဆိုခဲ့ရာ ဝန်ကြီးက ယခုလို တုံ့ပြန်ပြောဆိုခဲ့ခြင်းလည်း ဖြစ်သည်။

“၂ဝဝ၈ အခြေခံဥပဒေက စစ်အာဏာရှင်နိုင်ငံ တည်ထောင်တာ။ ILO က လို့ပြောနေတဲ့ အဓမ္မ လုပ်အားပေးတဲ့ဟာကို တရားဝင် လုပ်ပိုင်ခွင့်ရှိတယ်။ လိုအပ်ရင် လိုအပ်သလို သုံးနိုင်တယ်လို့ အတိအလင်းပါတယ်။ ၅ ဦးကော်မတီလို့ခေါ်တဲ့ သမ္မတက စစ်တပ်က မဟုတ်တောင် ၄ ဦးက စစ်တပ်က လူတွေပါ။ လက်ရှိသွားတဲ့ပုံက ဒီမိုကရေစီလမ်းကြောင်း သွားတာ မဟုတ်ဘူး။ သုံညကို ရောက်တယ်လို့ သူတို့က ပြောတယ်” ဟု ဒေါက်တာမင်းညိုက ဆိုသည်။

သူက ဆက်ပြီး “နိုင်ငံခြားရေး ပေါ်လစီမှာ ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံရေးအကျဉ်သားတွေကို လွှတ်ပေးရမယ်။ ရွေးကောက်ပွဲမှာ အားလုံးပါရမယ်။ ရွေးကောက်ပွဲဟာ လွတ်လပ်ရမယ်၊ မျှတရမယ်လို့ ပါတယ်။ သူတို့က ငြင်းနိုင်စရာ မရှိဘူး၊ ရွေးကောက်ပွဲရလဒ်အပေါ် အမေရိကန်နဲ့ EU တို့နဲ့ တသံတည်းဖြစ်လိမ့်မယ်။ ကျနော်တို့ လုပ်ဆောင်မှုကို ထောက်ခံလာဖို့များတယ်။ ၁ဝဝ ရာခိုင်နှုန်းမရောက်ရင်တောင် ၆ဝ ရာခိုင်နှုန်းထိ ရောက်လာမယ်” ဟု ပြောသည်။

မြန်မာအင်အားစုများက စစ်အာဏာပိုင်များ၏ ရာဇဝတ်မှုများကို ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းရေး ထောက်ခံပေးရန်နှင့် စစ်အစိုးရကို ကျောထောက်နောက်ခံ ပေးနေသည့် တရုတ်အစိုးရကို ဝိုင်းဝန်းထိန်းပေးရန် တောင်းဆိုခဲ့ကြသေးသည်။

“စုံစမ်းရေးကော်မရှင်ဆိုတဲ့ ကိစ္စကို ၁၃ နိုင်ငံက ထောက်ခံတာ တွေ့တယ်။ ဂျပန်အစိုးရကလည်း ဒီမိုကရေစီနိုင်ငံ ဖြစ်တဲ့အတွက် အသိမှတ်ပြု ထောက်ခံပေးပါလို့ တောင်းဆိုတယ်။ နောက်ဆုံးအချက်က စစ်အစိုးရက နောက်ကနေ ငွေအား၊ စီးပွားရေး အမျိုးမျိုး ထောက်ခံပေးနေတဲ့ တရုတ်နိုင်ငံကို ဂျပန်အစိုးရအနေနဲ့ တတ်နိုင်သလောက် ဝိုင်းထိန်းပေးဖို့ တင်ပြတယ်” ဟု ဒေါက်တာမင်းညိုက ပြောသည်။

မစ္စတာ Yamahana Ikuo က ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင် ဖွဲ့စည်းရေးကိစ္စကို လေ့လာနေကြောင်းနှင့် လေ့လာမှု ပြီးစီးပါက ဂျပန်အစိုးရအနေဖြင့် ဆုံးဖြတ်ချက် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။

ဂျပန်သည် အာရှတွင် အဖွံ့ဖြိုးဆုံးဖြစ်ကာ စက်မှုလက်မှု စက်ကိရိယာနှင့် နည်းပညာအရာတွင် အထွန်းကားဆုံးဖြစ်ပြီး ကုန်သွယ်စီးပွားတွင်ပါ တရုတ်၊ အိန္ဒိယထက် ပိုမိုမြင့်မားသဖြင့် မြန်မာနိုင်ငံအတွက် အရေးကြီးသည့် နိုင်ငံဖြစ်ကြောင်း ဒေါက်တာမင်းညိုက ပြောဆိုသည်။

ဂျပန်ရောက် မြန်မာ့အရေး လှုပ်ရှားသူများအနေဖြင့် ၂ဝ၁ဝ ရွေးကောက်ပွဲ အသိမှတ်မပြုရေးအတွက် ဂျပန်အစိုးရနှင့် လွှတ်တော်သို့ပါ စည်းရုံးတိုက်တွန်းသွားမည်ဟု သိရသည်။


© Copyright 1998 - 2009 Mizzima News. All Rights Reserved.

ရွေးကောက်ပွဲနဲ့ ပြည်မအေး၊ အားလုံး ကြေလည်အောင် ဆွေးနွေးရမယ်”

| ကြာသပတေးနေ့၊ အောက်တိုဘာလ ၁၄ ရက် ၂၀၁၀ ခုနှစ် ၁၁ နာရီ ၂၂ မိနစ် .5
Sharevote
nowBuzz up!0diggs
digg
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဌ ဦးတင်ဦး စင်္ကာပူနိုင်ငံသို့ မျက်စိကုသရန် ရောက်ရှိနေစဉ် မဇ္ဈိမ သတင်းထောက် ခင်ဖြူဝင်းက တွေ့ဆုံ မေးမြန်းထားခြင်း ဖြစ်သည်။

NLD ဆက်လက် ရပ်တည်ဖို့နဲ့ ရှေ့အလားအလာကို ဘယ်လိုမြင်ပါသလဲ။

သူတို့က NLD ဆက်လက်ရပ်တည်ခွင့် မရှိတော့ဘူးလို့ ထုတ်ပြန်ကြေညာပါတယ်၊ ဒါပေမဲ့ NLD ဟာ NLD ပါပဲဗျာ၊ NLD ဆက်ရပ်တည်ဖို့ အခွင့်အလမ်းတွေရှိပါတယ်။ ကျနော်တို့ အခွင့်အရေးတွေ ပြန်တောင်းဆိုဖို့ NLD အခန်းကဏ္ဍ ပြန်ရောက်လာအုံးမှာပါ။

NLD ရဲ့ လုပ်ငန်းစဉ်တွေ တိုးတက်ဖို့ ဘယ်လို ဆက်လုပ်မယ် ပြင်ထားပါသလဲ။

သူတို့က NLDကို မရှိတော့ဘူး၊ ပျက်ပြယ်ပြီ၊ ဖျက်သိမ်းလိုက်ပြီ ဆိုပေမယ့် ဥပဒေအရ သူတို့ ဖျက်သိမ်းလို့ မရဘူး၊ ဘာကြောင့်လဲဆိုတော့ ၁၉၉ဝ ရွေးကောက်ပွဲမှာ ရလာတဲ့ ရလဒ်အရ မြန်မာတပြည်လုံးက NLD ကို လွှတ်တော် ကိုယ်စားလှယ်တွေ အများဆုံး ရွေးပေးခဲ့တာဖြစ်တယ်။ အဲဒီအခွင့်အာဏာက ပြည်သူလူထုက ပေးတဲ့ ပြည်သူလူထုကပေးတဲ့ ကိုယ်စားလှယ်တွေအပေါ်မှာပဲ ရှိနေသေးတယ်။ အဲဒါကြောင့် ဒီလို ရွေးကောက်ပွဲက ရလာတဲ့ ရလဒ်ရှိနေရဲ့သားနဲ့ ဘာမှလဲ မလုပ်ရသေး၊ ဘာမှလဲ မဆောင်ရွက်ရသေး၊ ဘာအပြစ်မှလဲမလုပ်၊ ဘာအမှုအခင်းမှလဲ မလုပ်ဖူး တိုင်းပြည်အတွက် ဥပဒေဘောင် အပြင်ဘက်ကနေ ဖေါက်ဖျက်တာမျိုးလဲ မရှိဘဲနဲ့ ဒါကို ပျက်ပြယ်ပြီ၊ ဖျက်လိုက်ပြီ ဆိုတာက အဓိပ္ပာယ်မရှိဘူး။ အဲဒါကြောင့် NLDက ရှိနေသေးတယ်။ တခုရှိတယ် သူတို့ထင်သလို NLD ပါတီမရှိဘူး၊ အဲဒါမှန်တယ်ထားလိုက်။ဒါပေမဲ့ NLDဟာ ပြည်သူ့ပါတီအနေနဲ့ ပြည်သူလူထုထဲမှာ အစဉ်ရှိသွားမယ်။ ပြည်သူလူထုရဲ့ အားပေးမှု ထောက်ခံမှု သူတို့ရဲ့ ကြင်နာမှု ထောက်ထားမှု၊ စာနာမှု အားလုံးကိုရရှိပြီး ပြည်သူလူထုထဲကို ဝင်တိုးတဲ့ ပြည်သူ့ရဲ့ပါတီ အနေနဲ့ ပြည်သူအားကိုးတဲ့ ပါတီအနေနဲ့ အသက်ရှင်လျက်ရှိတယ်၊ အသက်ရှင်လျက်ရှိမယ်၊ နောင်ကိုလည်း တလျောက်လုံး ရှင်လာမယ်။ ပြီးတော့မှ ပြန်လုပ်စရာရှိတာတွေလဲ ပြည်သူလူထုရဲ့ ထောက်ခံချက်နဲ့ လုပ်လာနိုင်မှာဖြစ်တယ်။ ဒါက ကျနော်တို့ ခိုင်ခိုင်မာမာ ယုံကြည်ထားတဲ့ အချက်ပါ။

ကျနော်တို့ အခွင့်အရေး တွေကို ကျနော်တို့ ပြန်တောင်းဆိုမယ်။ ဥပဒေမှာရှိတယ်၊ အရင်တုန်းက ထုတ်ပြန်ထားတဲ့ ဖြစ်တည်ပြီးရှိနေတဲ့ ကိစ္စအရပ်ရပ်မှာ နောက်ဥပဒေက ထုတ်လိုက်လို့ ဒီဥပဒေက ရှေ့မှာရှိနေတဲ့ လူဥပဒေတယောက် အတွက်သော်လည်းကောင်း၊ အဖွဲ့အစည်းအတွက် သော်လည်းကောင်း နစ်နာမယ်ဆိုရင် အဲဒီ နစ်နာချက် တွေကို တရားဥပဒေက ကုစားပေးရမယ်။ ဒါကြောင့် ဒီအချက်တွေကို ကျနော်တို့ တရားရုံးကို တင်ထားပြီးသား ဖြစ်တယ်။ အခု အဲဒီ နစ်နာမှုတွေဟာ NLD အဖွဲ့က လွှတ်တော် ကိုယ်စားလှယ်တွေ နစ်နာတာမဟုတ်ဘူး။ ပြည်သူလူထုက သူတို့ ဆန္ဒနဲ့ သူတို့ လိုချင်ပါတယ်ဆိုတဲ့ လေဘာတီရယ်၊ ဒီမိုကရေစီရယ်၊ လူ့အခွင့်အရေးရယ် အဲဒီနစ်နာချက်တွေကို တရားရုံးက ကုစားပေးရမယ်။

အဲဒီလို ကုစားပေးဖို့ ၁၉၄၅ ခုနှစ် ဥပဒေမှာ ဆိုထားတာက ရှေ့မှာရှိနေတဲ့ အဖွဲ့အစည်းတခုခုအား သူတို့ လုပ်ကိုင်ဆောင်ရွက်ချက်တွေအားလုံးကို သူတို့ ထုတ်ပြန်ထားတဲ့ ဥပဒေအတိုင်း လုပ်ကိုင် ဆောင်ရွက်နေလျက်သားနဲ့ နောက်တခု ဥပဒေထုတ်လိုက်လိုက်လို့ ဒါကို ထိခိုက် နစ်နာတယ်ဆိုရင် ရှေ့ကခံရတဲ့လူတွေနဲ့ အဖွဲ့အစည်းဟာ တရားရုံးမှာ မိမိတို့ သက်သာခွင့်ကို ရယူလျှောက်ထားခွင့် ရှိတယ်ဆိုတာကို ဥပဒေနဲ့အညီ ကျနော်တို့ တင်ထားတယ်။ အဲဒါကြောင့် ဒီဥပဒေအရ တရားရုံးက NLD အဖွဲ့က လွှတ်တော် ကိုယ်စားလှယ်တွေ နစ်နာတာ မဟုတ်ဘူး။ ပြည်သူလူထုက သူတို့ ဆန္ဒနဲ့ သူတို့ လိုချင်ပါတယ်ဆိုတဲ့ လေဘာတီရယ်၊ ဒီမိုကရေစီရယ်၊ လူ့အခွင့်အရေးရယ် အဲဒီ နစ်နာချက်တွေကို တရားရုံးက ကုစားပေးရမယ်။
မှန်မှန်ကန်ကန် ဆုံးဖြတ်ပေးရမယ်ဆိုတာ ယုံကြည်ထားတယ်။ အဲဒါ ဆုံးဖြတ်ပေးမပေး ဆိုတာကိုတော့ ကျနော်တို့ တင်ထားဆဲ ဖြစ်တဲ့အတွက် လျှောက်လဲဖို့အတွက် ကျနော်တို့ စောင့်နေတယ်။ ဒါကြောင့် ကျနော်တို့ဥပဒေကြောင်းအရလဲ NLDက ရှိနေသေးတယ်။

ဆိုင်းဘုတ်တို့၊ အလံတို့၊ ရုံးတို့ အရေးမကြီးဘူး၊ ရွေးကောက်ပွဲတို့ ဘာတို့ အရေးမကြီးဘူး၊ အရေးကြီးတာက နိုင်ငံတော်နဲ့ ပတ်သက်တဲ့ နိုင်ငံရေး တည်ငြိမ်မှုရဖို့ဟာ ရွေးကောက်ပွဲတခုတည်းနဲ့ ဆုံးဖြတ်ပြီး လုပ်လို့မရဘူး။ ဒီမိုကရေစီမှာ ရွေးကောက်ပွဲဟာ လုပ်ငန်းစဉ်တခု အဲဒါ မှန်ပါတယ်။ ဒါပေမဲ့ အဲဒီ လုပ်ငန်းစဉ်တခုတည်းနဲ့ နိုင်ငံကြီးတခုလုံး နိုင်ငံရေးအရ တည်ငြိမ်သွားပြီဆိုတာ မဖြစ်နိုင်ဘူး။ နိုင်ငံရေးအရ တည်ငြိမ်တယ်ဆိုတာဟာ နိုင်ငံသူ နိုင်ငံသားအားလုံး စစ်တပ်အုပ်ချုပ်တဲ့သူကော၊ ဒီမိုကရေစီ လိုလားတဲ့ အင်အားစုတွေကော တိုင်းရင်းသားအားလုံးကော ညှိနှိုင်းဆွေးနွေးပြီးတော့မှ သဘောတူညီမှု ရပြီး ဆောင်ရွက်ချက်သာလျှင် နောင်မှာ အရှည်ငြိမ်းချမ်းရေးရမယ်လို့ ယုံကြည်တဲ့အတွက် NLD သည် ဒီအပေါ်မှာ ရပ်တည်ထားတဲ့အတွက်ကြောင့် ဘယ်တော့မှ မပျက်ပြယ်ဘူး၊ အသက်ရှင်လျက်ရှိမယ်၊ အခုလဲရှိမယ် နောင်လဲရှိမယ်၊ နောင်ကိုလဲ ပြည်သူလူထု ဆန္ဒအရ လုပ်လို့ရလာအုံးမယ်ဆိုတာကို တကယ်ယုံကြည်ပြီး ဆောင်ရွက်နေတယ်၊ ရဲရဲဝံ့ဝံ့ပဲ အားလုံးဆောင်ရွက်နေတယ်။

၉ဝ ရွေးကောက်ပွဲမှာ ပြည်သူက NLD ကို လုပ်ပိုင်ခွင့် အာဏာတွေ အများကြီး ပေးခဲ့တယ်။ အခု လုပ်မယ့် ရွေးကောက်ပွဲမှာကော NLD အနေနဲ့ မဲပေးမယ့်သူတွေကို ဘာပြောချင်ပါသလဲ။

တိုင်းရင်းသားချင်း ပေးချင်တယ်ဆိုတာ တိုင်းရင်းသားတွေထဲကကော သူတို့လိုချင်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး၊ တန်းတူညီမျှရေး၊ သူတို့ လိုလားတဲ့ ဖယ်ဒရယ်မူကို ရမလား၊ ရမယ်လို့ ယုံကြည်ရင် မင်းတို့သဘောပဲ...
ကျနော်တို့က မှတ်ပုံလဲမတင်ဘူး၊ ရွေးကောက်ပွဲလဲ မဝင်ဘူး ဆိုတော့ရှင်းနေပြီ၊ ရွေးကောက်ပွဲကို သပိတ်မှောက်တယ်ပေါ့။ ဒါကြောင့် ကျနော်တို့က ပြည်သူလူထုကို ရှင်းရှင်းလင်းလင်း ပြောထားတာက သပိတ်မှောက်တယ်၊ ကန့်ကွက်တယ်၊ ဒါကြောင့် လူထုအနေနဲ့ မဲပေးဖို့ဆိုတာ ဒီမိုကရေစီ အစဉ်အလာအရ မဲပေးရမယ်လို့ ဥပဒေက ဆိုထားတယ်။ သို့သော်လဲ မဲမပေးဘဲ နေပိုင်ခွင့်လဲ ရှိတယ်ဆိုတော့ သူတို့ မကြိုက်ရင် မဲမပေးပဲ နေရုံပဲပေါ့၊ ဆိုလိုတာက ဒေါ်အောင်ဆန်းစုကြည်ပြောထားတဲ့ စကားအတိုင်းပဲ၊ ပြည်သူလူထုကပြောတယ်၊ ကြံ့ဖွံ့ကော တစည ကိုကော မကြိုက်ဘူး၊ နောက် ရွေးကောက်ပွဲဝင်တဲ့လူတချို့ဟာလဲ တချိန်က လူထုအတွက် ဘာမှ လုပ်လာတာမဟုတ်ဘူး၊ ရွေးကောက်ပွဲဆိုမှ ထလာတဲ့လူတွေဖြစ်တဲ့အတွက် ဒီလူတွေကိုလဲပဲ မယုံကြည်ဘူး၊ အဲလိုဆိုရင် NLD ကိုပဲ မဲပေးချင်တဲ့လူတွေက NLD မရှိရင် မပေးဘဲနေကြပေါ့။ အဲဒါကြောင့် ကျနော်တို့က ရွေးကောက်ပွဲကို သပိတ်မှောက်ကြလို့ လူထုနားလည်အောင် ရှင်းရှင်းလင်းလင်းပဲ ပြောလိုက်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုမပြောရင် လူထုက ဟိုလို ဒီလိုထင်ပြီးတော့ ရွေးကောက်ပွဲ သပိတ်မှောက်ပါလဲပြောတယ်၊

ရွေးကောက်ပွဲအကြောင်းလဲ ပြောနေတယ်ဆိုရင် အဓိပ္ပာယ်က ရှေ့နောက် မညီဘူး။ အဲဒီတော့ ပြတ်ပြတ်သားသားပဲ ရွေးကောက်ပွဲကို သပိတ်မှောက်ကြလို့ပဲ ကျနော်တို့ ပြောလိုက်တယ်။ တိုင်းရင်းသားတွေနဲ့ ပတ်သက်လို့လဲ မေးလာတာတွေရှိတယ်၊ တိုင်းရင်းသားတွေထဲမှာ တိုင်းရင်းသားအချင်းချင်း ပေးချင်တာတွေရှိပါတယ်တဲ့၊ NLD က ခုလိုပြောတဲ့အတွက် သူတို့မှာ အခက်အခဲ ရှိပါတယ်တဲ့၊ မှန်ပါတယ် တိုင်းရင်းသားချင်းပေးချင်တယ်ဆိုတာ တိုင်းရင်းသားတွေထဲကကော သူတို့လိုချင်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး၊ တန်းတူညီမျှရေး၊ သူတို့လိုလားတဲ့ ဖယ်ဒရယ်မူကိုရမလား၊ ရမယ်လို့ ယုံကြည်ရင် မင်းတို့သဘောပဲလို့ ပြောလိုက်တယ်။

တဦးချင်း အမြင်အနေနဲ့ အခုလောလောဆယ် အခြေအနေမှာ တပ်မတော်ထဲက အသစ်တက်မယ့် ဗိုလ်ချုပ်တွေရဲ့ အလားအလာကို ဘယ်လို မြင်ပါသလဲ။

စစ်တပ်ဆိုတာကတော့ အမိန့်ပေး အုပ်ချုပ်ပြီး လာတာပေါ့ဗျာ၊ စစ်တပ်ထဲမှာလဲ ဒီမိုကရေစီ အရေးနဲ့ ပတ်သက်လို့ စိတ်ဓာတ်တွေရှိနေတယ်၊ ရှိမှာပဲလို့ ကျနော် ယုံကြည်တယ်။ ဘာဖြစ်လဲဆိုတော့ သူတို့လည်း ပြည်သူလူထုပဲ၊ တပ်မတော်သားတွေလည်း ပြည်သူပြည်သားတွေပဲ။ ပြည်သူပြည်သားတွေ ဆင်းရဲ ဒုက္ခရောက်တာနဲ့အမျှ သူတို့ ဆွေမျိုးသားချင်းတွေ ဒုက္ခရောက်ကြတာမြင်တဲ့အတွက် တပ်မတော်သားအကုန်လုံးက သူတို့ရှေ့လာမယ့် စစ်အုပ်ချုပ်ရေးလို အာဏာရှင်အုပ်ချုပ်ရေး တပါတီ အုပ်ချုပ်ရေုး အဲဒီလိုမျိုးတွေ မလိုချင်ကြပါဘူး။ ဒါကြောင့် သူတို့ထဲမှာလဲ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လိုချင်နေတဲ့ စစ်သားတွေ အများကြီးရှိပါတယ်။ သို့သော်လဲပဲ သူတို့က အမိန့်ပေး အုပ်ချုပ်တာဖြစ်တဲ့အတွက် အခုချိန်မှာ မလုပ်နိုင်သေးပေမယ့် တချိန်မှာတော့ သူတို့ဟာ နိုင်ငံရေးအရ ပွင့်လင်းလာပြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြန်ပြီး ဒီမိုကရေစီဘက် မျက်နှာမူလာပြီး ပါဝင်ဆောင်ရွက်နိုင်လိမ့်မယ်လို့ ယုံကြည်တယ်။ တပ်မတော်သားအားလုံးက ဒီပုံစံအတိုင်းသွားမယ်လို့တော့ ကျနော်မထင်ဘူး။

နယ်ခြားစောင့်တပ်ဖွဲ့ ဖွဲ့စည်းမှုနဲ့ ပတ်သက်ပြီး တဦးချင်းအနေနဲ့ ဘယ်လိုမြင်ပါသလဲ။

နယ်ခြားစောင့်ဖွဲ့တဲ့ကိစ္စကတော့ ကျနော့်အနေနဲ့ ဝင်ပြီးတော့ မပြောချင်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ပြောလိုက်ရင်လဲ ရှုပ်ထွေးသွားလိမ့်မယ်၊ အဲဒီတော့ ဒီကိစ္စက သူတို့ ငြိမ်းချမ်းရေး ယူတုန်းက ဘယ်လိုကတိတွေထားသလဲ၊ အဲဒီ ထားတဲ့ကတိကို တည်အောင်လုပ်ရင်တော့ ကောင်းကြမယ်ပေါ့နော်။ သူတို့ ပြောနေတာ ကြားတာကတော့ ဟိုဘက်ကလဲ ဒီလိုပြောတယ်၊ ဒီဘက်ကလဲ ဟိုလိုပြောတယ်။ အမျိုးမျိုး ပြောနေတဲ့ အပေါ်မှာ ကျနော်တို့က မဝေဖန်ချင်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ဝင်ပြီး ပါလိုက်လို့ရှိရင် အခြေအနေတွေက အကုန်ရှုပ်ထွေးသွားမယ် ထင်တယ်။ အဲဒီတော့ သူတို့ ကိစ္စက အခုလုပ်နေတဲ့လူတွေနဲ့ပဲ အေးအေးချမ်းချမ်းနဲ့ ငြိမ်းချမ်းအောင် လုပ်ပါလို့ပဲ ကျနော်က ပြောချင်တယ်။

ပါလီမန်ထဲမှာ တပ်မတော်က ၂၅ ရာနှုန်း နေရာယူထားတယ်၊ ဒါဟာ မဖြစ်သင့်ဘူးလို့ တချို့က ယူဆကြတယ်။ အဲဒါကိုကော ဘယ်လိုမြင်ပါသလဲ။

ဒီမိုကရေစီ သွားမယ်လို့ သူတို့ကပြောတယ်၊ ဒီမိုကရေစီကို စစ်မှန်သော ဒီမိုကရေစီ၊ နောက်ပြီးတော့ စည်းကမ်းရှိသော ဒီမိုကရေစီလို့ သူတို့ကပြောတယ်၊ အဲဒီလို ပြောပြီးတော့မှ ၂၅ ရာခိုင်နှုန်းလဲထည့် ဒါက ရွေးကောက်ပွဲ မလုပ်ဘဲနဲ့ကိုဝင်မယ်။ အခုဆိုရင် သူတို့ထဲက ခေါင်းဆောင်တွေ ဟိုးအရင်တည်းက ဘာပဲဖြစ်ဖြစ် သူတို့က အနိုင်ယူပြီးတော့ တပြည်လုံးမှာရှိတဲ့ ပြည်သူအားလုံးကို စစ်ကျွန်လုပ်မယ် ဆိုတဲ့သဘောနဲ့ တရားဝင် ထောက်ခံမှုရအောင် ကြိုးစားပြီးတော့ ကမ္ဘာကို မျက်လှည့်ပြတာပဲ။ အမှန်ကတော့ ဒီမိုကရေစီကို အမှန်တကယ် ယုံတယ်ဆိုရင် ဒီ ၂၅% ဆိုတာလဲ ထည့်ဖို့ မလိုဘူးပေါ့။
အကြံအစည်အတိုင်း လုပ်နေကြပြီလေ၊ ဒါတင်မကဘူး သူတို့က ပိုသေချာအောင် ထပ်ပြီးတော့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်းပေါ့၊ ပထမတုန်းက လူမှုရေးပဲလုပ်မယ်လို့ဆိုတယ်၊ စပြီး လုပ်ကထဲက လူတွေကိုစု နအဖ စစ်အစိုးရရဲ့ သဘောထားတွေကို ကြေညာခိုင်း၊ ဆန္ဒပြခိုင်း အော်ခိုင်း ဟစ်ခိုင်း ဆိုထဲက နိုင်ငံရေးလုပ်မယ်ဆိုတာကို ကျနော်တို့ကသိတယ်။ အဲဒါကြောင့် ကျနော်တို့ကလဲ ဒီအဖွဲ့ကို ကန့်ကွက်တာပဲ။ ဒါပေမဲ့ ခုတော့ ရှင်းသွားပြီလေ၊ ဒီအဖွဲ့ကြီးတခုလုံး ပါတီ ပြောင်းလိုက်ပြီးတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးရဲ့ ငွေကြေး၊ ပိုက်ဆံ၊ ဘဏ္ဍာ၊ ပစ္စည်းပစ္စယ အားလုံးကို သုံးပြီး ဝင်အရွေးခံမှာ၊ ဘာပဲဖြစ်ဖြစ် သူတို့က အနိုင်ယူပြီးတော့ တပြည်လုံးမှာရှိတဲ့ ပြည်သူအားလုံးကို စစ်ကျွန်လုပ်မယ်ဆိုတဲ့သဘောနဲ့ တရားဝင်ထောက်ခံမှုရအောင် ကြိုးစားပြီးတော့ ကမ္ဘာကို မျက်လှည့်ပြတာပဲ။

အမှန်ကတော့ ဒီမိုကရေစီကို အမှန်တကယ် ယုံတယ်ဆိုရင် ဒီ ၂၅% ဆိုတာလဲ ထည့်ဖို့မလိုဘူးပေါ့။ ဒီမိုကရေစီဆိုတာက အရွေးခံရပြီးတော့မှ ကိုယ်စားပြုရမယ်။ အဲဒီတော့ နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာစာတမ်းပါ အချက်နဲ့လွဲနေပြီ၊ ကိုယ့်တိုင်းပြည်ကို အုပ်ချုပ်မယ့်အစိုးရကို ကိုယ့်ပြည်သူလူထုက တင်မြှောက်တဲ့လူကပဲ လုပ်ရမယ်လို့ပြောတာကို မတင်မြှောက်တဲ့လူက ခု ၂၅% ပါနေတယ်ဆိုတော့ ဒီဟာက ဘယ်လိုလုပ်ပြီး ဒီမိုကရေစီ ဟုတ်မလဲ။ ကြံ့ခိုင်ရေးလို အသင်းတွေကလဲ အတင်းအဓမ္မ ကြိုတင်မဲတွေကော၊ ဝန်ထမ်းတွေကိုလဲ သူတို့ပဲပေးရမယ်ဆိုတာတွေကော၊ ချေးငှားစရိတ်တွေပေးပြီးတော့ လူတွေကို ကြံ့ခိုင်ဖွံ့ဖြိုးအသင်းထဲ ဝင်အောင်လုပ်၊ နောက်ပြီး ကြံ့ဖွံ့ကိုပဲ မဲပေးရမယ်ဆိုတဲ့ သဘောတွေလုပ်ဆိုတော့ ပြန်ကောက်ရရင် ၂၅% ထည့်ကထဲက ကျနော်တို့က ဒီမိုကရေစီ သွားမယ်ဆိုတာ မယုံကြည်ဘူး။ ဒါတွေကို ကျနော်တို့က စောစောစီးစီးသိတယ်၊ အဲဒါကြောင့် ကျနော်တို့ တလျှောက်လုံး ပြောဆိုလာတာ ဖြစ်ပါတယ်။

နောက်လာမယ့် ရွေးကောက်ပွဲတွေမှာကော NLD အနေနဲ့ မှတ်ပုံပြန်တင်ပြီး ရွေးကောက်ပွဲ ပြန်ဝင်နိုင်မလား။

ဒါကတော့ ကျနော်တို့ စောင့်ကြည့်ရမှာပါ၊ အခု ရွေးကောက်ပွဲပြီးလို့ အရွေးခံရတဲ့ ပါတီတွေ ဘယ်လောက် လုပ်နိုင်တယ်ဆိုတာ ကြည့်ရမှာပေါ့။ အဲဒီအပေါ်မှာ မူတည်ပြီးတော့ နိုင်ငံတကာက တရားမျှတမှုမရှိဘူး ပြောတာများလာတယ်ဆိုရင် တမျိုးပေါ့။ နောက်ပြီးတော့ သူတို့ ဒါကို လုပ်လာကိုင်လာရင်းနဲ့ ဒီမိုကရေစီကို သူတို့တကယ်ပဲ ယုံယုံကြည်ကြည်နဲ့ ပြောင်းလဲမှုတွေ လုပ်လာမယ်ဆိုရင်လဲ ဒါကတမျိုးပေါ့။ အဲဒါလောက်ပဲ ပြောနိုင်မယ်၊ အခု အခင်းအကျင်းအားလုံးကတော့ ဒီမိုကရေစီ တိုင်းပြည်ဖြစ်လာမယ့် အလားအလာ မရှိသေးဘူး။



© Copyright 1998 - 2009 Mizzima News. All Rights Reserved.

ဦးတင်ဦးနှင့် တွေ့ဆုံခြင်း

Thursday, October 14, 2010

မဲမပေးရေး လှုပ်ရှားမှုတွင် တိုင်းရင်းသား ခေါင်းဆောင်များ ပါဝင်လာ

မြင့်မောင် | ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ ၁၃ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၂၅ မိနစ် . Sharevote
nowBuzz up!0diggs
digg
နယူးဒေလီ (မဇ္ဈိမ) ။ ။ ရွေးကောက်ပွဲ မဲမပေးရေး စည်းရုံးလှုပ်ရှားမှုတွင် ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီများနှင့် ဖွဲ့စည်းထားသည့် လွှတ်တော်ကိုယ်စားပြုကော်မတီ CRPP မှ ခေါင်းဆောင်များပါ ပါဝင်လာပြီဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၇ ရက်ကြာ ကချင်ပြည်နယ် ခရီးစဉ်ကို ရန်ကုန်မြို့မှ ယမန်နေ့တွင် ထွက်ခွါလာရာ၊ CRPP အဖွဲ့ဝင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ခေါင်းဆောင် ဦးအေးသာအောင် လိုက်ပါလာပြီး ယနေ့တွင် မန္တလေးတိုင်းအတွင်းရှိ ၁၁ မြို့နယ်မှ NLD မြို့နယ်စည်း၊ ရပ်/ကျေးအဖွဲ့ဝင်များနှင့် ရှင်းလင်းပြောကြားမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“NLD ကို အာဏာပိုင်တွေက ဖျက်သိမ်းခဲ့ပြီး နောက်ပိုင်း အဖွဲ့ချုပ် ရပ်ကျေး၊ မြို့နယ်စည်းတွေနဲ့ အခုလို ပထမဆုံး တွေ့ဆုံရတာ ဝမ်းသာတယ်၊ အားတက်မိတယ်။ အဓိက ခရီးစဉ်က ကချင်ပြည်နယ် ခရီးစဉ်” ဟု CRPP အတွင်းရေးမှူးလည်း ဖြစ်သည့် ဦးအေးသာအောင်က ပြောသည်။

မန္တလေးတိုင်းရှိ မိုးကုတ်၊ စဉ့်ကူး၊ မတ္တရာ၊ သပိတ်ကျင်း၊ ပုသိပ်ကြီး၊ တံတားဦး၊ အမရပူရ၊ စဉ့်ကိုင်၊ ပြင်ဦးလွင်မှ NLD မြို့နယ်စည်းနှင့် ရပ်/ကျေး အဖွဲ့ဝင်များကို ဗဟိုအလုပ်အမှုဆောင်ဝင် ဦးအုန်းကြိုင်၊ အမျိုးသမီးအဖွဲ့ဝင်များဖြစ်သည့် မဖြူဖြူသင်း၊ ဒေါ်လှလှမိုး၊ ဒေါ်အေးအေးမာ၊ လူငယ်ဖော်ဆောင်ရေးအဖွဲ့ဝင် ကိုမျိုးညွန့်နှင့်အတူ ဦးအေးသာအောင်က ရွေးကောက်ပွဲ မဲမပေးရေးကို ယနေ့ ဆွေးနွေးဖလှယ်ခဲ့ကြသည်။

NLD ခေါင်းဆောင်အချို့နှင့် CRPP အဖွဲ့ဝင်များဖြစ်သည့် ဇိုမီးအမျိုးသားကွန်ကရက် ZNC ဥက္ကဋ္ဌ ပူးကျင်ရှင်းထန်က ရှမ်းပြည်တောင်ပိုင်း၊ ကယားပြည်၊ ဒီမိုကရေစီပါတီမှ ဦးစိုးဝင်းက ပဲခူးတိုင်းအနောက်ခြမ်းသို့ လိုက်ပါခဲ့ပြီး ဖြစ်သည်။

ဦးအေးသာအောင်က ကချင်ပြည်နယ်သို့ ရောက်သည့်အခါ CRPP ၏ ပြီးခဲ့သည့်လ ၃ ရက်နေ့ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည့် မဲမပေးရေး အပါအဝင် ဆုံးဖြတ်ချက်အချို့ကို ရှင်းလင်းတင်ပြမည်ဟု ဆိုသည်။

၂ဝ၁ဝ ရွေးကောက်ပွဲတွင် မဲမပေးဘဲ သပိတ်မှောက်ရေး၊ တိုင်းရင်းသားများ ရင်ဆိုင်နေရသည့် အခက်အခဲနှင့် ပြဿနာများကို ဆွေးနွေးရန်၊ အပစ်ရပ်များအနေဖြင့် နယ်ခြားစောင့်တပ် ဖွဲ့ရေးနှင့် ၂ဝဝ၈ ဥပဒေကို လက်မခံသဖြင့် နှစ်ဖက်အကြား တင်းမာလာပြီး ပြည်တွင်းစစ်မီး တောက်လောင်မည်ကို စိုးရိမ်ကြောင်းနှင့် ဒီမိုကရေစီနှင့် တိုင်းရင်းသား အခွင့်အရေး ဖော်ဆောင်ပါက ပင်လုံစိတ်ဓာတ် အခြေခံသည့် ဥပဒေ ပြဋ္ဌာန်းမှသာ ပြည်တွင်းစစ် ချုပ်ငြိမ်းပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် စစ်မှန်သည့် ပြည်ထောင်စု နိုင်ငံတော်ကို တည်ဆောက်နိုင်မည်ဟု ပြောဆိုရန် CRPP က ဆုံးဖြတ်ခဲ့သည်။

ဦးအေးသာအောင်က “ကချင်က ပြောထားတယ်၊ ပင်လုံသဘောတူချက်နဲ့သာ ပြည်ထောင်စုကို ဖွဲ့စည်းမယ်ဆိုလို့ရှိရင် ကချင်တွေဟာ လက်နက်ကိုင်စရာ မလိုတော့ဘူးဆိုတဲ့ ကိစ္စနဲ့ CRPP အနေနဲ့ အနာဂတ်မှာ ပြည်ထောင်စုကို ဖွဲ့တဲ့အခါ ပင်လုံမူနဲ့ ဘယ်လို သဘောတူညီချက်ဖွဲ့မယ်ဆိုတဲ့ ဆုံးဖြတ်ချက် အပါအဝင် အခုဖြစ်နေတဲ့ တိုင်းရင်းသားနဲ့ နအဖ၊ နအဖ အပေါ် ယုံကြည်မှုမရှိလို့ လက်နက်တွေကို မဖြုတ်သေးတဲ့ အခြေအနေတွေကို ဆွေးနွေးဖို့ စီစဉ်ထားတယ်” ဟု ပြောသည်။

ပြီးခဲ့သည့်လ ၁၄ ရက်နေ့တွင် ရွေးကောက်ပွဲ ကော်မရှင်က ကြေညာချက်အမှတ် ၉၇/၂ဝ၁ဝ ကို ထုတ်ပြန်ခဲ့ရာ သတ်မှတ်ရက်အတွင်း နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုကြောင်း လျှောက်ထားခြင်း မရှိသဖြင့် NLD အပါအဝင် ပါတီဟောင်း ၅ ပါတီကို ဥပဒေအရ အလိုအလျောက် ပျက်ပြယ်ကြောင်း ကြေညာပြီးနောက် NLD က ရွေးကောက်ပွဲ မဲမပေးရေးကို လိုက်လံရှင်းပြခဲ့ရာ ယခုအခါ တိုင်းနှင့် ပြည်နယ် ၁ဝ ခုနီးပါး ပြီးစီးပြီဖြစ်သည်။

“ပါတီဝင်ထုတွေက ပိုပြီး စည်းလုံးမှုတွေ ရှိလာတယ်၊ အင်အားလည်း ပိုကောင်းလာတယ်။ ပါတီကျစ်လစ်မှုရှိပြီး ရှင်သန်ပြီဆိုတဲ့ ထူးခြားတဲ့ တိုးတက်မှု ရလဒ်လို့ ပြောလို့ ရတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲ မဲမပေးနဲ့ ဆိုတာကတော့ ပါတီဝင်တွေက နားထောင်ကြတယ်။ တချို့လူတွေက ကြောက်နေရလို့ မဲသွားပေးရင် နောင် ဒီအကြောက်တရားက လွတ်မှာ မဟုတ်ဘူး။ သို့သော် ဘယ်သူတွေ ဘယ်လောက်ပဲ မဲမပေးဘဲနေမယ် ဆိုတာကိုတော့ ရွေးကောက်ပွဲပြီးမှ ပြောလို့ရမယ်” ဟု ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

CRPP ကို ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၈ဝ ရာခိုင်နှုန်းကျော်တွင် အနိုင်ရခဲ့သည့် NLD နှင့် တိုင်းရင်းသား ပါတီများအချို့က လွှတ်တော်ခေါ်ယူနိုင်ရေးအတွက် ရည်ရွယ်ကာ ၁၉၉၈ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။

CRPP တွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ၊ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် SNLD ၊ ရှမ်းပြည်နယ် ကိုးကန့် ဒီမိုကရက်တစ်ပါတီ SSKDP ၊ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ MNDF ၊ ဇိုမီးအမျိုးသားကွန်ဂရက် ZNC ၊ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ် UNLD တို့လည်း ပါဝင်သည်။

© Copyright 1998 - 2009 Mizzima News. All Rights Reserved.

အဖွဲ့ချုပ် ဒု-ဥက္ကဌ ဦးတင်ဦး ပြန်လည်ရောက်ရှိ




DVB

ဒေါ်အောင်ဆန်းစုကြည် မဲပေးဖို့ ငြင်းဆို


အင်္ဂါ, 12 အောက်တိုဘာ 2010

နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးခွင့်ပြုတာဟာ စစ်အစိုးရက ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေနဲ့ လွဲချော်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြလိုက်သလို ရွေးကောက်ပွဲမှာ သူမဲပေးမှာ မဟုတ်ဘူးလို့လည်း သက်ဆိုင်ရာ အာဏာပိုင်တွေကို ပြောလိုက်တယ်လို့ သူ့ကို ဒီကနေ့ သွားတွေ့ခဲ့တဲ့ ရှေ့နေတွေကတဆင့် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ လာမယ့် ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိကြောင်း သက်ဆိုင်ရာ အာဏာပိုင်တွေက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ လာရောက် အကြောင်းကြားစဉ် အခုလို ပြောလိုက်တာလည်း ဖြစ်ပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

လာမယ့် ရွေးကောက်ပွဲမှာ မဲပေးခွင့်ပြုတဲ့အကြောင်း မကြာသေးခင် ရက်ပိုင်းကပဲ နေအိမ်မှာ သွားရောက် အကြောင်းကြားခဲ့တဲ့ အာဏာပိုင်တွေကို ဒေါ်အောင်ဆန်းစုကြည်က ဒါဟာ ဥပဒေကြောင်းနဲ့ လွဲချော်နေတယ်လို့ ပြန်လည်ထောက်ပြခဲ့တာပါ။ ဒါကလည်း ပြီးခဲ့တဲ့ မတ်လက စစ်အစိုးရက ထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေထဲမှာ ပြစ်ဒဏ်ကျခံနေရသူများဟာ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိသလို မဲပေးပိုင်ခွင့် မရှိကြောင်း ပြဋ္ဌာန်းထားတာမို့ အခု သူ့ကို မဲပေးခွင့် ပေးလိုက်တာဟာ ဥပဒေအရ ကြည့်မယ် ဆိုရင် လွဲချော်နေတယ်လို့ ပြောကြောင်း ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ သွားတွေ့ခဲ့တဲ့ ရှေ့နေ ဦးကြည်ဝင်းက ပြောပါတယ်။

“ထုတ်ပြန်တဲ့ ဥပဒေတွေထဲမှာ စကားရပ်တခု ပါတယ်။ ထောင်ဒဏ် ကျခံနေရသူ၊ အဲတော့ တရားရုံး တရုံးရုံးက ပြစ်ဒဏ် စီရင်ထားသူကို ဆိုလိုသည်တဲ့။ ထိုသူက အဲဒီ ချမှတ်တဲ့ ပြစ်ဒဏ်ကို မကျေနပ်လို့ အယူခံထားသူလည်း ပါဝင်သည်လို့ ဆိုတော့ ဒေါ်စုက အဲဒီအထဲ ပါနေတာပေါ့။ အခု အယူခံထားတာလည်း မကျေနပ်လို့ အယူခံထားတာ။ အဲတော့ သူက ထောင်ဒဏ်ကျခံနေရသူ ဆိုတဲ့ဘက်မှာ သွားပါတဲ့သဘော ဖြစ်နေတယ်။ ဒေါ်စုက သူ့မှာ Voting Right၊ မဲပေးပိုင်ခွင့် မရှိဘူးဆိုပြီးတော့ အဲဒါကို ရှင်းပြလိုက်တယ်။”

ဒါ့အပြင် နိုဝင်ဘာလ ၇ ရက်နေ့မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲကို မဲမပေးဘူးလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ချထားတဲ့ အမှုအပေါ် အထူးအယူခံလွှာကို လာမယ့် အောက်တိုဘာလ ၁၈ ရက်နေ့ တရားရုံးချုပ် ရန်ကုန်မှာ ကြားနာမှာမို့ ဒီအယူခံလွှာ ကိစ္စအတွက် ရှေ့နေတွေ ဖြစ်ကြတဲ့ ဦးကြည်ဝင်းနဲ့ ဦးဉာဏ်ဝင်းတို့ ၂ ဦး ဒီကနေ့ နေအိမ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို သွားတွေ့ခဲ့တာလည်း ဖြစ်ပါတယ်။

“အဓိကတော့ ကျနော်တို့ ပြင်ဆင်လာခဲ့ကြတာနဲ့ ရေးသား လျှောက်လဲချက်ကို ဒေါ်စုကို သွားပြတာ။ အဲတော့ သူကလည်း အဲဒီဟာကို ကျနော်တို့နဲ့ ဖတ်လည်း ဖတ်ကြည့်တယ်၊ ဆွေးနွေးလည်း ဆွေးနွေးတယ်။ ဆွေးနွေးပြီးတော့မှ အချက် လေးငါးချက်ပဲ ထပ်ပြီးတော့ ဖြည့်သင့်တယ်လို့ ပြောတယ်။ ဖြည့်ပေးစေချင်တယ်လို့ ပြောတယ်။ အဲတော့ အဲဒီ လေးငါးချက် ကျနော်တို့ဆီမှာ ပါတယ်။ ကျန်တဲ့ဟာတွေလည်း ရှင်းပြခဲ့တယ်။”

မနှစ် သြဂုတ်လ ၁၁ ရက်နေ့က ချမှတ်လိုက်တဲ့ ဒီပြစ်ဒဏ်အတွက် မူလ အင်းစိန်တရားရုံးမှာ ၀င်ခဲ့တဲ့ အယူခံကိုလည်း ပယ်ချခဲ့သလို ရန်ကုန်တိုင်း တရားရုံးမှာ မနှစ် စက်တင်ဘာ ၄ ရက်နေ့က တင်တဲ့ အယူခံလွှာကိုလည်း အောက်တိုဘာလ ၂ ရက်နေ့မှာ ပလပ်ခဲ့ဖူးတာမို့ ၂ ကြိမ်ထိ လက်မခံဘဲ ရှိထားခဲ့ပြီး အခုတော့ တရားရုံးချုပ်မှာ အထူးအယူခံလွှာ လက်ခံ မခံ ကြားနာမှာလည်း ဖြစ်ပါတယ်။

ဒါဟာလည်း စစ်အစိုးရက ၁၉၇၄ အခြေခံဥပဒေကို ၂၀၀၈ အခြေခံဥပဒေနဲ့ အစားထိုးခဲ့တယ်လို့ ကြေညာထားပြီးကာမှ ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုရာမှာ အခြေခံဥပဒေဟောင်းကို အသုံးပြုထားတာ ဖြစ်တယ်လို့ ဦးကြည်ဝင်းက ထောက်ပြပါတယ်။

“အင်မတန် အရေးကြီးတဲ့အချက်၊ ၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေက ၈၈ ခုနှစ်က ရပ်ဆိုင်းသွားတယ် ဆိုတာကို ရန်ကုန်တိုင်း တရားသူကြီးက အမိန့်ချခဲ့တယ်။ အဲဒါက ကျနော်တို့ရဲ့ အမြတ်၊ အောင်ပွဲ၊ အဲလို ပြောနိုင်တယ်။ သို့သော် တရားသူကြီးက အဲဒီနေရာလေးမှာ အဲဒီလမ်းကြောင်းပေါ် ရောက်ပြီးကာမှ ပြန်ပြီးတော့ ဂကွေ့ ကွေ့ပြီးတော့ ၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက ပုဒ်မ ၅ ခုနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မူလ အခွင့်အရေးတွေပေါ့ဗျာ၊ Fundamental Rights တွေ ကန့်သတ်တာပေါ့။ လှည့်ပတ်ပြီး ထွက်သွားတာ။”

ရှေ့နေ ဦးကြည်ဝင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အထူးအယူခံအတွက် လိုအပ်တာတွေကို ထပ်မံဖြည့်စွက်ပြီးရင် အမှုကို ကြားနာမယ့် အောက်တိုဘာ ၁၈ ရက် မတိုင်ခင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ထပ်မံတွေ့ဆုံဖို့ ရှိတယ်လို့လည်း ပြောပါတယ်။


VOA

ကျမ ကြားခဲ့ မြင်ခဲ့ဖူးသော


Posted by admin on October 2nd, 2010

ကျမတို့ တိုင်းပြည်က လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ ပါလီမာန်ဒီမိုကရေစီ စနစ်ကို ကျင့်သုံးခဲ့ပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲတွေ ကျင်းပပေးခဲ့ပါတယ်။ တခြားရွေး ကောက်ပွဲတွေအကြောင်းကို အထွေအထူး မကြားဘူးပေမယ့် ၁၉၆၀ ခုနှစ်မှာ စစ်တပ်က ဦး ဆောင်ကျင်းပပေးခဲ့တဲ့ ရွေးကောက်ပွဲ အကြောင်းကို တော့ အဖိုးအဖွားတွေပြောပြ လို့ ကြားဖူးခဲ့ပါတယ်။ ဦးနု၊ ဦးတင် ဦးဆောင်တဲ့ နုတင် အဖွဲ့က သန့်ရှင်းဖဆပလ၊ ဦး ကျော်ငြိမ်း၊ ဦးဘဆွေ ဦးဆောင်တဲ့အဖွဲ့က တည်မြဲဖဆပလ တို့ဖြစ်ပြီး အဲဒီ ၂ ပါတီက အဓိက ပြိုင်ဖက်တွေပါ။ သန့်ရှင်းက အဝါရောင်ကို ဆင်မြန်းပြီး၊ တည်မြဲက အနီရောင်ကို ဝတ်ဆင်ပါတယ်။ တည်မြဲအဖွဲ့ကို စစ်တပ်က ထောက်ခံပါတယ်။ ဒါကြောင့် ရွေးကောက် ပွဲမတိုင်ခင်မှာ မဲဆွယ်စည်းရုံးပေခဲ့ပြီး၊ ရွေးကောက်ပွဲ ရက်တွေမှာ မဲလိမ်၊ မဲခိုးတာတွေ ပြုလုပ်ခဲ့ပါတယ်။ ပြူစောထီးလို လက်နက်ကိုင်အဖွဲ့တွေကို မွေးမြူပြီး တောနေပြည်သူ တွေကို လက်နက်နဲ့ ခြိမ်းခြောက်ခဲ့ပါသေးတယ်။

ဒါပေမဲ့ ဘယ်လောက်ပဲ မတရား လုပ်လုပ် ပြည်သူတွေက နုတင်ကိုပဲ မဲပေးခဲ့ကြလို့ သန့်ရှင်းက အာဏာရခဲ့ပါတယ်။ ဒါကြောင့်လဲ ၁၉၆၂ ခုနှစ်မှာ ဦးနေဝင်းက စစ်တပ်ကို အသုံးချပြီး အာဏာသိမ်းခဲ့ပါတယ်။ ၁၉၇၄ ခုနှစ်မှာ တပါတီစနစ်ကို အတည်ပြုပြဋ္ဌာန်းဖို့ ပြည်သူ့ဆန္ဒခံယူပွဲကို ကျင်းပခဲ့ပါတယ်။ ပြည်သူတွေက တပါတီစနစ်ကို မနှစ်သက်ပေ မယ့် မဲခိုး၊ မဲလိမ် စတဲ့ အောက်လမ်းနည်းတွေကိုသုံးပြီး တနိုင်ငံလုံးက ထောက်ခံပါ တယ်လို့ ကမ္ဘာကိုပါ ကြေညာခဲ့ပါတယ်။ ဦးနေဝင်း လက်ထက်မှာလည်း ရွေးကောက်ပွဲ တွေ ကျင်းပ ပေးခဲ့ပါတယ်။ ဗဟိုကချပေးတဲ့ လူကိုပဲ ပြည်သူတွေက ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ရွေးချယ်ခဲ့ ကြရပါတယ်။ မဲရုံတွေမှာ အဖြူပုံးက ထောက်ခံမဲ၊ အမဲ ပုံးက ကန့်ကွက်မဲဆိုပြီး ခွဲခြားထားပါတယ်။ ထူးခြားတာက အဖြူပုံးကို အရှေ့မှာထားပြီး၊ အမဲပုံးကို နောက်မှာထားပါတယ်။ မဲပုံးတွေထားတဲ့အခန်းကို အောက်ဘက်က လက်တ တောင်လောက် လွှတ်ထားပါတယ်။ မဲထည့်သူက အမဲပုံးကိုထည့်မယ်ဆိုရင် အခန်းအ တွင်းပိုင်းကို ဝင်သွားတယ်ဆိုတာကို အပြင်က ထိုင်ကြည့် နေတဲ့ မဲရုံတာဝန်ခံတွေက တွေ့နေရပါတယ်။ ဒါကြောင့် တချို့လူတွေက မဲပြားတွေကို ဘယ်ပုံးထဲမှ မထည့်ဘဲ ကိုယ့်အိပ်ထဲ ကိုယ်ထည့်လာပါတယ်။ မဲရေတွက်တဲ့ အချိန်မှာ မဲပြားတွေပျောက်တော့ မဲရုံမှူး ဦးနှောက်စားပါတယ်။

၁၉၈၈ မတိုင်ခင် နောက်ဆုံး ရွေးကောက်ပွဲမှာ ကျမတို့ သင်္ဃန်းကျွန်း မြို့နယ်မှာ ပြဿ နာတခု ဖြစ်သွားခဲ့ပါတယ်။ ဘယ်သူကမှ တွေးထင်မထားခဲ့လို့ နဲနဲတော့ လှုပ်လှုပ်ရှား ရှားဖြစ်သွားခဲ့ပါတယ်။ အဲဒါက ကျမတို့ မြို့နယ်က ကိုယ်စားလှယ်လောင်းကို ကန့်ကွက် ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒုတိယအကြိမ် မဲထပ်ထည့်ခိုင်းတော့ ပြည်သူတွေကို ထပ်မထည့်ခိုင်းတော့ဘဲ သူတို့ ပါတီ၊ ကောင်စီတွေပဲ လက်သိပ်ထိုး မဲထည့် ကြရပါ တယ်။ နောက်တကြိမ် မဲထည့်ရတော့မှ ကိုယ်စားလှယ်လောင်းခင်မျာ အသက်ရှူလို့ ရ သွားပါတယ်။ ဒီနေရာရဖို့ သူမှာလည်း ရင်းနှီးထားရတာ ကိုး။

၁၉၈၈ အရေးတော် ပုံကြီးကို ဖြိုခွင်းအပြီးမှာ နဝတ က ၁၉၉၀ ခုနှစ်မှာ ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ ကတိပြုခဲ့ ကြပါတယ်။ နိုင်ငံတကာကိုလဲ လွပ်လပ်ပြီး တရားမျှတရ ပါ့မယ်လို့ အာမခံ ပေးခဲ့ပါတယ်။ ဒါအပြင် ရွေးကောက်ပွဲ ပြီးရင် စစ်တပ်ကစစ်တန်းလျား ကို ပြန်မယ်လို့လည်း တရားဝင်ဂတိပေးခဲ့ပါသေးတယ်။ ကျမရဲ့အမြင်ကို ပြောရမယ်ဆို ရင်တော့ လုံးဝလွတ်လပ်ပြီး တရားမျှတခဲ့တာတော့ မဟုတ်ပါဘူး။ တစည (တိုင်းရင်း သား စည်းလုံးညီညွတ်ရေး) ပါတီက အရင်တုန်းကပိုင်ဆိုင်ခဲ့တဲ့ ကားတွေ၊ ပစ္စည်းတွေကို ဆက်လက်အသုံးပြုခွင့် ရခဲ့ပါတယ်။ မဲဆွယ်စည်း ရုံးရာမှာလည်း အဲဒီတုန်းကမှ စတည် ထောင်တဲ့ ပါတီတွေမရတဲ့ အခွင့်အရေးတွေ ရခဲ့ပါတယ်။ ဘယ်ပါတီမှ ရပ်ကွက်တွေထဲ မှာ တအိမ်တက်တအိမ်ဆင်း မဲဆွယ်စည်းရုံးခွင့် မရပေမယ့် တစည ပါတီကတော့ တ အိမ်တက်ဆင်း မဲဆွယ်စည်းရုံးခွင့်ရခဲ့ပါတယ်။ ဒါကြောင့် ကျမတို့ ရပ်ကွက်ထဲကို တစည က စည်းရုံးရေးဆင်းမယ်ဆိုတော့ ကျောင်းသားလူငယ်တွေ စုပေါင်းတိုင်ပင်ကြပါတယ်။ ပြီးတော့ ကျမတို့ကို ပိုက်ဆံလှူမယ့် လူတွေဆီကငွေကို အလှူခံပြီးတော့ NLD ရဲ့ အ မှတ်အသားဖြစ်တဲ့ ခမောက်တွေဝယ်ယူပြီးတော့ ခမောက်မဝယ်ရသေးတဲ့ အိမ်တွေကို ခမောက်ဝယ်ပေးလိုက်ပြီး တစည အမတ်လောင်း ဒေါက်တာကျော်စိန် ရပ်ကွက်ထဲလာ တော့ အိမ်တွေက တခါးပိတ်ထားပြီး အိမ်ရှေ့မျက်နှာစာမှာ ခမောက်တွေကိုပဲ ထုတ် ထားလိုက်ပါတယ်။ ဒေါက်တာကျော်စိန်နဲ့ သူ့ရဲ့ ကိုယ်စားလှယ်တွေလဲ ငိုက်စိုက်ငိုက် စိုက်နဲ့ ရပ်ကွက်ထဲက ထွက်သွားကြရပါတယ်။

NLD ပါတီ စည်းရုံးရေးဆင်းတဲ့အခါ တချို့နေရာတွေမှာ ထောက်လှမ်းရေးရဲ့ စောင့် ကြည့်နှောက်ယှက်ခြင်း ခံရတတ်ပါတယ်။ တချို့ နေရာတွေမှာတော့ NLD ကို ထောက် ခံတဲ့ ပြည်သူတွေကို ထောက်လှမ်းရေးက ခြိမ်းခြောက်တတ်ပါတယ်။ ဒါပေမယ့် အဲဒီ အ ချိန်တုန်းက နဝတ အနေနဲ့ ဒီလောက်ကြီး ခွက်ခွက်လန်အောင် ရှုံးမယ်မထင်လို့ရော၊ ပြည်သူတွေရဲ့ နိုင်ငံရေးနိုးကြား တက်ကြွနေမှုကို လန့်နေသးတာရောကြောင့် အတင်း အကြပ်နှိပ်ကွက်တာမျိုးတော့ မလုပ်ခဲ့ပါ ဘူး။ ဒါပေမဲ့ မသိမသာ ဘက်လိုက်မှုတွေတော့ ရှိခဲ့ပါတယ်။

ရွေးကောက်ပွဲ မတိုင်ခင် စာရွက်စာတန်း ထုတ်ဝေရာမှာတော့ ဘာအတား အစီးအ နှောက်အယှက်မှ မရှိပါဘူး။ ရေဒီယိုနဲ့ ရုပ်မြင်သံကြားကနေ ၁၅ မိနစ်စာ ဟောပြောရာ မှာလည်း ဘာအတားအစီးမှ မရှိပါဘူး။ ဝန်ကြီးချုပ်ဟောင်း ဦးနုရဲ့ဇနီး ဒေါ်မြရီက သူတို့ ပါတီ အနိုင်ရရင် သန့်ရှင်းအာဏာရစဉ်က ကုန်ဈေးနှုန်းမျိုးဖြစ်အောင် လုပ်ပေးမယ်ဆို လို့ ကျမတို့တောင် ငြင်းခုံခဲ့ဖူး ပါတယ်။ ကျမတို့ စဉ်းစားမိတာက အဲဒါ သိပ်မဖြစ်နိုင်ဘူး လို့ ထင်ခဲ့မိတာပါ။ NLD ပါတီကတော့ “စုနိုင်မှ ချမ်းသာမည်” ဆိုတဲ့ ဆောင်ပုဒ်နဲ့ မဲ ဆွယ်စည်းရုံးရေး ဆင်းခဲ့ကြပါတယ်။

ရွေးကောက်ပွဲကော်မရှင်ကို ရွေးချယ်ရာမှာလဲ မျှတတယ်လို့ ပြောနိုင်ပါတယ်။ ရပ်ကွက် အဆင့်တွေကို ရပ်ကွက်ကလူတွေရဲ့ ဆန္ဒနဲ့ ခန့်အပ်ခဲ့ပါတယ်။ အဲဒီအချိန်က မဲရုံမှူးတွေ က အများအားဖြင့် ရပ်ကွက်က ရပ်မိရပ်ဖတွေကိုပဲ ရွေးချယ် ခန့်အပ်ပါတယ်။ ကျမရဲ့ အဖိုးတောင် သူနေတဲ့ ရပ်ကွက်က မဲရုံမှာ မဲရုံမှူး လုပ်ခဲ့ရပါတယ်။ မဲရုံရဲ့ လုပ်အားပေး တွေအဖြစ် ဆရာတွေ၊ ဆရာမတွေ ကို ခန့်အပ်ပါတယ်။ အဲဒီအချိန်က ဆရာ၊ ဆရာမ တွေဆိုတာက ကျောင်းသားတွေကို လမ်းမပေါ်မှာ ပစ်သတ်ခဲ့တဲ့ နဝတ အပေါ်မှာ အစာ မကြေသူတွေက အများသား။ ပြီးတော့ ၂၆ နှစ်ကြာ တိုင်းပြည်ကို ဖျက်စီးခဲ့တဲ့ တစညကို လည်းမကြိုက်ကြသူတွေများပါတယ်။ ဒီအပြင် ပါတီတခုက ကိုယ်စားလှယ် ၂ ဦးစီ မဲရုံ မှာစောင့်ခွင့်အပြင် မဲရေတွက်ရာမှာ ပါဝင်ခွင့် ရှိပါတယ်။ မဲရေတွက်ရာမှာလည်း မဲရုံကို ဖွင့်လိုက်ပြီး ပြည်သူတွေရှေ့မှာပဲ မဲရေတွက်ပါတယ်။ အဲဒီတုန်းက ကျမရဲ့ အသက်က ၂၁ နှစ်ဆိုတော့ ပထမဦးဆုံး မဲပေးခွင့်ရခဲ့တာပါ။ ကျမတို့က မဲရုံဖွင့်ဖွင့်ချင်းဘဲ ကျမတို့ ရဲ့ ဆန္ဒမဲကို သွားရောက်ထည့်ခဲ့ပါတယ်။ ပြီးတော့မှ ရပ်ကွက်ထဲက လူကြီးတွေကို မဲ ဘယ်လို ပေးရတယ်။ ခမောက်ကိုမဲပေးချင်ရင် ခမောက်ပုံ တည့်တည့်မှာ အမှန်ခြစ်တဲ့ တံဆိပ်တုံးကို ထုပါ။ နာရီကို မဲပေးချင်ရင် နာရီနဲ့ တည့်တည့်မှာ အမှန်ခြစ်တဲ့ တံဆိပ်တုံး ပုံကို ထုလိုက်ပါ ဆိုတာမျိုး ရှင်းလင်းပြောပြခွင့် ရပါတယ်။

ကျမတို့ အုပ်စုလိုက် မဲရုံရှေ့မှာ အလုပ်ရှုပ်နေပေမဲ့ ဘယ်သူကမှ တရားဝင် တားမြစ်တာ မျိုး မ လုပ်ခဲ့ပါဘူး။ ကျမတို့အုပ်စုက ရပ်ကွက်ထဲက ဒီမိုကရေစီလိုလားသူ လူကြီးသူမ တွေကို မဲရုံကို သွားနိုင်အောင်လဲ အကူအညီပေးခဲ့ကြပါတယ်။ ပြည်သူလူထုအနေနဲ့ လည်း ရွေးကောက်ပွဲကို အထူးစိတ်ဝင်စားကြပါတယ်။ မဲရုံက ညနေ ၄ နာရီမှာ ပိတ် သိမ်းပါတယ်။ တချို့ ရပ်ကွက်တွေမှာ နေ့လည်လောက်ကတည်းက မဲပေးခွင့်ရှိသူတွေ အားလုံး မဲပေးပြီး ကြပါပြီ။ လူထုရဲ့ဆန္ဒက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီကို မဲအပြတ်အသတ်နဲ့ အနိုင်ရစေချင်ပါတယ်။ ဒါမှ ပြည်သူတွေ မျော်လင့်နေတဲ့ ဒီ မိုကရေစီ စနစ်နဲ့ တိုင်းပြည်ဖွံဖြိုး တိုးတက်မယ်လို့ ထင်မြင်ယူ ဆကြပါတယ်။ အဲဒီတုန်း က ဒေါ်စု၊ ဦးတင်ဦး၊ ဦးဝင်းတင် အပါအဝင် အယူအဆပြင်းထန်သူလို့ ထင်ရသူတွေကို အကျဉ်းချထားပါတယ်။ ကျမတို့က ရွေးကောက်ပွဲ ပြီးဆုံးသွားရင် ယုံကြည်ချက်ကြောင့် အကျဉ်းကြနေသူတွေ ဒေါ်စု အပါအဝင် ကျောင်းသားပြည်သူတွေအားလုံး လွတ်မြောက် နိုင်မယ်လို့ ယူဆခဲ့ဘူးကြပါတယ်။ လွတ်လည်းလွတ်စေချင်ပါတယ်။ ဒီမိုကရေစီအစိုးရ လက်ထက်ရောက်ရင် ကျမတို့တွေ ကျောင်းသားသမဂ္ဂ ပြန်လည်ဖွဲ့စည်း မယ်ဆိုတဲ့ အိပ် မက် ရှည်ကြီးကိုလည်း မက်နေကြဆဲပါ။

ညနေ မဲရုံမှာ မဲရေတွက်တော့ မဲဆန္ဒရှင် တွေကိုလဲ မဲရုံထဲမှာ ဝင်ရောက်ကြည့်ရှူခွင့်ပြုပါ တယ်။ ကျမတို့ ရပ်ကွက်မှာဆိုရင် ကျောင်းသားအုပ်စုတွေက ရှေ့ဆုံးမှာနေရာယူကြပါ တယ်။ မဲရေတွက်ပုံကတော့ ခမောက်တံဆိပ် ရိုက်ထားတဲ့ စာရွက်ကို တပုံ၊ စပါးနှံ အမှတ်အသားပါတဲ့ စာရွက်က တပုံ ၊ သူတို့ ပါတီအမှတ်အသားအလိုက် အရင်ဦးဆုံး ပုံ ကြပါတယ်။ ပြီးတော့မှ ပါတီတွေရဲ့ ကိုယ်စားလှယ်တွေရှေ့မှာပဲ ရေတွက်ကြပါတယ်။ တခါတလေ မဲစာရွက်တွေကို သူ့အပုံနဲ့သူ ပုံစဉ်မှာ စာရွက်တွေမှားပြီး အပုံမှားထည့်လို့ ကတော့ ကျမတို့ ကျောင်းသားအုပ်စုက “စာရွက် မှားသွားပြီ” ဆိုပြီးအော်ကြပါတယ်။ ဒါဆိုနောက်က ပြည်သူတွေက “ဟေး ဒါမျိုး မလုပ်ပါနဲ့” ဆို တာမျိုး ဝိုင်းအော်ကြပါတယ်။ မဲရေတွက်တာ ည ၈ နာရီ ဝန်းကျင်လောက်မှ ပြီးဆုံးပါတယ်။ ပြည် သူတွေရှေ့မှာပဲ ဘယ်ပါတီ ဘယ်နှစ်မဲနဲ့ အနိုင်ရတယ်ဆိုတာမျိုး ကြေညာပေးပြီးမှ မဲရုံကို ပိတ် သိမ်းပါ တယ်။

ကျမ အဖိုးတွေ နေထိုင်တဲ့ ရန်ကင်း မြို့နယ်မှာ ဆိုရင်လဲ မဲရေတွက်ဖို့ ပြင်ဆင်ချိန် ကြာ မြင့်လို့ ပြည်သူတွေက အမြန်ဖွင့်ပြီး ရေတွက်စေဖို့အတွက် မဲဆန္ဒရှင်တွေက အော်ဟစ် တောင်းဆိုကြတယ်တဲ့။ ပြည်သူတွေ စိုးရိမ်တာက မဲခိုးမှာကိုပါ။ အမှန်ကတော့ ပြည်သူ တွေ စိုးရိမ်လွန်တာပဲဖြစ်ပြီး အထဲမှာ ပါတီတွေကလွတ်ထားတဲ့ ကိုယ်စားလှယ်တွေ အ ထဲမှာရှိတယ်ဆိုတာ ပါပဲ။ ည ၈ နာရီ သတင်းကစပြီး ရန်ကုန်တိုင်းအတွင်းက မြို့နယ် တချို့ရဲ့ ရွေးကောက်ပွဲ ရလာဒ်တွေကို စတင်ကြေညာခဲ့ပါတယ်။ မြို့နယ်တိုင်းလိုလိုမှာ NLD ပါတီက အနိုင်ရသွားလို့ မြန်မာ့အသံမှာ သတင်းတောင် အရှည်ကြီး မကြေညာနိုင် လောက်အောင် အိနြေ္ဒပျက်ခဲ့ကြပါတယ်။ စစ်တပ်နယ်မြေတွေမှာ တစည နိုင်မယ်လို့ တွက်ထားခဲ့ပေမယ့် ဒဂုံမြို့နယ်၊ ကိုကိုကျွန်း၊ မင်္ဂလာဒုံမြို့နယ်၊ မှော်ဘီလို မြို့နယ်မျိုး တွေမှာတောင် NLD ပဲ အနိုင်ရခဲ့တော့ နဝတ အနေနဲ့ ရလာတဲ့အဖြေကို အံအားသင့်ခဲ့ပုံ ရပါတယ်။

တပတ်လောက် အထိ မြန်မာ့ အသံက တိတ်ဆိတ်ငြိမ်သက်ခဲ့ ပါတယ်။ NLD ပါတီရုံးရှိ ရာ ရွှေဂုံတိုင်မှာလဲ အောင်ပွဲတွေ ခြိမ့်ခြိမ့်သဲသဲ ကျင်းပကြပါတယ်။ အနိုင်ရလာတဲ့ အ မတ်တွေကို ပြည်သူတွေက ပန်းကုန်းစွပ်ပြီး ကြိုဆိုကြပါတယ်။ ဒီအဖြစ်အပျက်ဟာ နဝ တ ကို လုံးဝသွေးပျက်စေခဲ့ပါတယ်။

နဝတ ဟာ ဒီအဖြစ်အပျက်ကို သင်ခန်းစာယူပြီးတော့ ၂၀၀၈ အခြေခံဥပဒေ ဆန္ဒခံယူပွဲ မှာ သူ့ဘက်က အပြည့်အစုံ ပြင်ဆင်ထားခဲ့ပါတယ်။ ၂၀၀၇ သံဃာ့အရေးအခင်းမှာ ချက် ခြင်း မဖြိုခွဲသေးပဲ ရက်နဲနဲကြာအောင် စောင့်ကြည့်နေခဲ့ပါတယ်။ ဦးဆောင်သူတွေ တော် တော်များများကို သိတော့မှ အရေးတော်ပုံ တခုလုံးကို စိစိညက်ညက်ချေမွ ပြစ်လိုက်ပါ တယ်။ ရပ်ကွက်တွေထဲကို သူတို့လိုချင်တဲ့ ဦးဆောင်နိုင်သူတွေရဲ့ ဓါတ်ပုံတွေကို ကြံ့ဖွံ တွေ ကိုယ်တိုင် လိုက်လံဝေငှပြီး စေ့စေ့စပ်စပ် ဖမ်းဆီးခဲ့ပါတယ်။

နာဂစ်မုန်တိုင်းကြောင့် ပူဆွေးသောက ရောက်နေသူတွေကို အတင်းထောက်ခံ မဲထည့် ခိုင်းပြီး မထည့်ရင် အကူအညီပေးတာတွေ ရပ်ဆိုင်းပြစ်မယ်လို့ ချိမ်းခြောက်ခဲ့ပါတယ်။ ကိုဇာဂနာလို လူမျိုးကိုတော့ ထောင်ထဲထည့်လိုက်ပြီး သူတို့ခိုင်းလို့ရနိုင်တဲ့ လူမျိုးတွေ ကိုတော့ ဒေသခံ NGO ဖွဲ့ခွင့်ပေးပြီး လုပ်ပိုင်ခွင့်တွေ အပ်နှင်းခဲ့ပါတယ်။ ဒီလိုနဲ့ ပြည်သူ တွေ ဆန္ဒမပါတဲ့ ၂၀၀၈ အခြေခံ ဥပဒေကို အတည်ပြုပြဋ္ဌာန်းခဲ့ပါတယ်။

အခုတော့ ပြည်သူတွေကို အဆိပ်တိုက်ဖို့ အတွက် ၂၀၁၀ ရွေးကောက်ပွဲ ကြီးကို ကျင်းပ ပါလိမ့်မယ်။ ရွေးကောက်ပွဲကော်မရှင်က စစ်အာဏာရှင်ရဲ့ ရုပ်သေးရုပ်ပါ။ ကြံ့ဖွံပါတီက လုပ်ပိုင်ခွင့်တွေ အများကြီးရနေပေမယ့် တခြားပါတီတွေက လုပ်ပိုင်ခွင့် နဲနဲလေးအတွင်း မှာ ကျိုးစားလုပ်ကိုင်နေ ရတာပါ။ အခုလဲ ရေဒီယိုနဲ့ ရုပ်မြင်သံကြားကနေ ၁၅ မိနစ် ထုတ်လွင့်ခွင့်ကို ကန့်သတ်ချုပ်ချယ်မှုတွေ အများကြီးနဲ့ ခွင့်ပြုပေးပါတယ်။ ဒီဆောင်းပါး ကို ရေးနေချိန်အထိ ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်)၊ ပြည်ထောင်စု ဒီမိုကရေစီပါတီ စ တဲ့ ပါတီတွေရဲ့ ၁၅ မိနစ်စာ မဲဆွယ်စည်းရုံးမှုကို ငြင်းဆန်ထားပါတယ်။

စစ်အစိုးရ ကြောထောက်နောက်ခံပြုထားတဲ့ ကြံ့ဖွံပါတီဟာ အမတ်နေရာအပြည့် ဝင်ပြိုင် ဖို့ ကြိုတင် ပြင်ဆင်ခဲ့ပေမဲ့ တခြားပါတီတွေအတွက် အချိန်လုံးဝမပေးဘဲ ၂ ပတ်အတွင်း ကိုယ်စားလှယ်လောင်း စာရင်းတင်သွင်းဖို့ ဖိအားပေးခဲ့တာကို အားလုံးအသိပင် ဖြစ်ပါ တယ်။

၂၀၀၈ ဖွဲ့စည်းပုံအရ ဘယ်သူမှ ဝင်မပြိုင်ရင် ကြံ့ဖွံကနိုင်ပြီးသား ဖြစ်မှာပါ။ နိုင်ငံတော်ငွေ ကို မိမိငွေလို အသုံးပြုခွင့်ရထားတဲ့ ကြံ့ဖွံပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေက မိမိ အောင်နိုင်ရေးအတွက် ငွေကို ရေလိုသုံးနေချိန်မှာ ကျန်ပါတီတွေအတွက် မဲရုံမှာ စောင့် ကြည့်ပေးမယ့် ကိုယ်စားလှယ်တောင် ခေါ်ဖို့ကုန်ကျစရိတ် မတတ်နိုင် ဖြစ်နေကြပါ တယ်။ မဲဆန္ဒနယ်တခုရဲ့ မဲပေးနိုင်တဲ့ စာရင်း ကူးယူဖို့တောင် ငွေက သိန်း ၂၀ နဲ့ သိန်း ၃၀ ကြား အကုန်ခံရမယ်ဆိုတော့။

၁၉၉၀ ခုနှစ်က ကျမတို့ သင်္ဃန်းကျွန်း မြို့နယ်က ကျယ်ဝန်းလို့ မဲဆန္ဒနယ်ကို ၂ ပိုင်းခွဲပြီး အမတ် လောင်း၂ ဦး ရွေးချယ်ခွင့် ရခဲပေမဲ့ ၂၀၁၀ မှာတော့ အမတ်လောင်း တဦးပဲ ရွေး ချယ်ခွင့် ရကြမှာ ဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ်က မဲရုံ တရုံကို မဲပေးနိုင်သူ ၅၀၀၀ ယောက် သတ်မှတ်ခဲ့ပေမယ့် ယခု ရွေးကောက်ပွဲမှာတော့ မဲရုံတရုံကို လူ ၁၀၀၀ သာ မဲပေးခွင့်ရ မှာဖြစ်တဲ့အတွက် မဲရုံ အရေအတွက် ၅ ဆ ကျော် တိုးလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပါတီတွေက မဲရုံတိုင်းမှာ မဲရုံစောင့်ကြည့်ဖို့ ကိုယ်စားလှယ်ထားရန် အခက်အခဲ ရှိပါ တယ်။ ကြံ့ဖွံ့ပါတီက စာစောင်ထုတ်ဝေရာမှာ နဝတ လုပ်ထားတဲ့ တံတားဖေါက် လမ်း ချဲ့အလုပ်တွေကို သူတို့ ပါတီကပဲ လုပ်ခဲ့လေဟန် စာစောင် မျက်နှာဖုံးမှာ ဖေါ်ပြခွင့်ရပေ မဲ့ ဒီမိုကရက်တစ်ပါတီရဲ့ စာစောင်ကိုတော့ ဒဏ်ငွေ ၂ သိန်း ၇ သောင်းချပြီး နှောင့်နှေး အောင် ရွေးကောက်ပွဲကော်မရှင်က မကြာခင်က ဖန်တီးခဲ့ပါသေးတယ်။

သိန်းနဲ့ချီတဲ့ နိုင်ငံတွင်းလှည့်လည် အလုပ်လုပ်ကိုင်နေသူတွေလည်း မဲဆန္ဒရှင် စာရင်းထဲ မပါဝင်ပါဘူး။ သန်းနဲ့ချီတဲ့ ရွှေ့ပြောင်းလုပ်သားတွေလည်း မဲပေးခွင့် မရရှိ ကြပါဘူး။ နိုင် ငံသားတိုင်းဟာ မဲပေးနိုင်ခွင့်ရှိသလို၊ မဲမပေးဘဲနေခွင့် ရှိရမှာဖြစ်ပေမယ့် မဲပေးခြင်း မ ပေးခြင်းဟာ မိမိရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ပဲဖြစ်ပြီး၊ ကော်မရှင်က ကန့်သတ်တာမျိုး၊ တစုံ တဦးက ချုပ်ချယ်ဖယ်ရှားထားတာမျိုး မဖြစ်သင့်ပါဘူး၊ တဆက်တည်းပဲ ရွေးကောက်ပွဲ ဝင်လိုတဲ့ ကချင်တိုင်းရင်းသားပါတီကို ပါတီထူထောင်ခွင့်မပြုပါဘူး။ ပိုဆိုးတာက ပါတီထူထောင်ခွင့်မရလို့ တသီးပုဂ္ဂလအဖြစ် ဝင်ရောက်အရွေးခံဖို့ကိုလည်း လက်မခံပါ ဘူး။

၂၀၁၀ ရွေးကောက်ပွဲဟာ နိုင်ငံတကာကို မျက်လှည့်ပြဖို့သက်သက် ပြုလုပ်တဲ့ပွဲပါ။ စစ် အာဏာရှင်စနစ်ကို တရားဝင် ထူထောင်လိုက်တာပါ။ ကျမတို့ မျိုးဆက်တွင် စစ်အာ ဏာရှင် လက်ထဲရောက်မှာ မဟုတ်ဘဲ မျိုးရိုးစဉ်ဆက် ကျရောက်ကြရတော့မှာမို့လို့ တ ရားမျှတမှုကို မြတ်နိုးသူတိုင်း ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့အတွက် သတင်းလေး ဖြစ်ဖြစ် ပေးကြပါ။ မဲမထည့်ဖို့၊ မဲရုံကိုမသွားဖို့၊ လက်လေးလောက်တော့ တို့ဖြစ်အောင် တို့လိုက်ကြပါ။

ခင်ငြိမ်းသစ်။


Copyright © နေ့သစ် - Just another WordPress site