-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Thursday, October 7, 2010

မြန်မာကိစ္စ ပင်ညဲရိုးနဲ့ ယိုကိုတာ ထောက်ခံမှု ကင်တားနား ကြိုဆို

ဗုဒ္ဓဟူး, 06 အောက်တိုဘာ 2010


မြန်မာပြည်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ အထူးကော်မရှင်တခု ဖွဲ့စည်းရေးကို မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တွေအဖြစ် ထမ်းဆောင်ခဲ့ဖူးသူ ၂ ဦးက ထောက်ခံတဲ့အပေါ် လက်ရှိ အထူးကိုယ်စားလှယ် မစ္စတာ တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) က ကြိုဆိုလိုက်ပါတယ်။ သူကိုယ်တိုင်လည်း မြန်မာနိုင်ငံက လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာသစ် တစောင်ကို အောက်တိုဘာလ တတိယပတ်တွင်း ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ တင်ပြဖို့ရှိပြီး အဖွဲ့ဝင်နိုင်ငံတွေရဲ့ တုံ့ပြန်မှုကို ရယူဖို့ ရှိပါတယ်။ ဒီအထူးကော်မရှင်တရပ် ဖွဲ့စည်းပြီး စုံစမ်းရေးကိစ္စက လက်တွေ့ဖြစ်လာဖို့ ဘယ်လောက် နီးစပ်နေပါပြီလဲ။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး မစ္စတာ ကင်တားနားနဲ့ ဆက်သွယ်စုံစမ်း မေးမြန်းထားတဲ့ နော်ရှိုးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ စစ်ရာဇ၀တ်မှု ကျူးလွန်ရာ ရောက်မရောက် ကုလသမဂ္ဂက ဦးစီးပြီး အထူး စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့စည်းရေးကို လက်ရှိ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ တောမတ်စ် အိုဟေး ကင်တားနားက သူ့ရဲ့ တတိယမြောက် မြန်မာပြည် ခရီးစဉ်ကအပြန် ပြီးခဲ့တဲ့ မတ်လတွင်းက အဆိုပြုခဲ့တာ ဖြစ်ပါတယ်။

ဒီအဆိုပြုချက်ကို အဖွဲ့ဝင် ၂၇ နိုင်ငံ ပါဝင်တဲ့ EU တခုလုံး အနေနဲ့ တလုံးတ၀တည်း ထောက်ခံကြောင်း ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ အဆိုတင်သွင်းဖို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တွေအဖြစ် အမှုထမ်းခဲ့ဖူးတဲ့ မစ္စတာ ပေါ်လို ဆာဂျီယို ပင်ညဲရိုး (Paulo Sergio Pinheiro) နဲ့ မစ္စတာ ယိုဇို ယိုကိုတာ (Mr. Yozo Yokota) တို့က EU နဲ့ အာရှခေါင်းဆောင်တွေ ဘရပ်ဆဲလ်မြို့မှာ တွေ့ဆုံနေကြတဲ့ အချိန်နဲ့ကိုက်ပြီး EU နိုင်ငံခြားရေး အကြီးအကဲ မစ်စ် ကက်သရင်း အက်ရှ်တန် (Ms. Catherin Ashton) ကို စာရေး တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

သူတို့ ၂ ဦးရဲ့ တိုက်တွန်းစာထဲမှာ မြန်မာစစ်အစိုးရ ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ ပြင်းထန်လွန်းတယ်၊ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေတယ်၊ စီမံကိန်းကျကျနဲ့ အရပ်သားတွေကို ပစ်မှတ်ထားနေတာကြောင့် ဒီလို နိုင်ငံတကာ ဥပဒေကို ချိုးဖောက်နေတဲ့ လူ့အခွင့်အရေး ကျူးလွန်မှုတွေကို နိုင်ငံတကာက ဒီအတိုင်း ရပ်ကြည့်မနေဘူးဆိုတာ၊ ဒီလူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပြစ်ဒဏ်မပေးဘဲ မသိကျိုးကျွံ ပြုနေတာတွေကို လက်မခံနိုင်ဘူး ဆိုတာကို ပြသတဲ့ အနေနဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းရေးကို EU အနေနဲ့ ထောက်ခံကြောင်း စစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်မီ အတိအလင်း ထုတ်ဖော်ပြောကြားဖို့ တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။

အခုလို တိုက်တွန်းလိုက်တာကို လက်ရှိ မြန်မာနိုင်ငံ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားက ကြိုဆိုလိုက်ပါတယ်။

မစ္စတာ ကင်တားနား ကိုယ်တိုင်လည်း စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းရေးအတွက် ပိုမိုခိုင်မာတဲ့ အထောက်အထားအဖြစ် အစီရင်ခံစာသစ် တစောင်ကို ခုလာမယ့် အောက်တိုဘာလ ၂၄ ရက်နေ့ နယူးယောက်က ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ တင်ပြ ဆွေးနွေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ကျနော်တင်ပြမယ့် အစီရင်ခံစာသစ်ထဲမှာ မြန်မာပြည် ရွေးကောက်ပွဲ အကြိုကာလ လွတ်လပ်စွာ စုဝေးပိုင်ခွင့်၊ ဖွဲ့စည်းပိုင်ခွင့်ဆိုင်ရာ ကိစ္စတွေအပြင် ပြီးခဲ့တဲ့ မတ်လက ကျနော့် အစီရင်ခံစာထဲမှာ ပါဝင်တဲ့ တရားမျှတမှု၊ တာဝန်ခံမှု ကိစ္စတွေကိုလည်း ထည့်သွင်းထားပါတယ်။ ဒီအစီရင်ခံစာကနေ တဆင့် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေရဲ့ တုံ့ပြန်မှုတွေနဲ့အတူ အပြန်အလှန် ဆွေးနွေးမှုတွေ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။”

အခုလောလောဆယ် ဒီအစီရင်ခံစာကို လူသိရှင်ကြား မထုတ်ပြန်ရသေးပေမဲ့ မကြာမီ ထုတ်ပြန်နိုင်လိမ့်လို့လည်း သူက ပြောပါတယ်။ မြန်မာနိုင်ငံမှာ ဒီစုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့စည်းနိုင်ရေး ကိစ္စဟာ တကယ်ဖြစ်လာဖို့ ဘယ်လောက် နီးကပ်လာပြီလဲ ဆိုတာကတော့ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေရဲ့ သူ့အစီရင်ခံစာသစ်နဲ့ ပတ်သက်ပြီး တုံ့ပြန်မှုအပေါ် မူတည်တယ်လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။

“ဒီကိစ္စဟာ အထွေထွေ ညီလာခံမှာ မဖြစ်မနေ ဆွေးနွေးရမယ့် အကြောင်းအရာတခု ဖြစ်လာပြီလို့ ကျနော် ယုံကြည်ပါတယ်။ ဒါဟာ အင်မတန် အရေးကြီးပါတယ်။ အထွေထွေ ညီလာခံမှာ ကျနော် အစီရင်ခံ တင်ပြမယ်။ အဲဒီနောက် အထွေထွေ ညီလာခံက လေးနက်တဲ့ ဆုံးဖြတ်ချက် တခုခုတော့ ချမှတ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အဲဒီထဲမှာ အထူးစုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းဖို့ကိစ္စ ပါလာမလား ဆိုတာကိုတော့ ကျနော် မပြောနိုင်ပါဘူး။

“ကျနော်ရဲ့ အစီရင်ခံစာကို မြန်မာစစ်အစိုးရ အပါအ၀င် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေ ဘယ်လိုတုံ့ပြန်မလဲ ဆိုတာကို စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ ဘယ်လို အဖွဲ့ဝင်နိုင်ငံတွေက ထောက်ခံကြမလဲ ဆိုတဲ့အပေါ်လည်း မူတည်ပါတယ်။ အင်အားကြီးတဲ့ နိုင်ငံတွေက ထောက်ခံတယ်ဆိုရင် တခြားနိုင်ငံငယ်တွေက လိုက်လာနိုင်ပါတယ်။”

လက်ရှိ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ တောမတ်စ် အိုဟေး ကင်တားနား ပြောသွားတာ ဖြစ်ပါတယ်။


VOA

NLD တရားစွဲမှု တရားရုံးချုပ် လက်ခံ

ဗုဒ္ဓဟူး, 06 အောက်တိုဘာ 2010

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကို တရားမ၀င် အသင်းအဖြစ် ကြေညာခဲ့တာနဲ့ ပတ်သက်ပြီး စစ်အစိုးရကို NLD ဘက်က တရားစွဲဆိုတာကို ဗဟိုတရားရုံးချုပ် ရန်ကုန်က ဒီကနေ့ လက်ခံလိုက်ပါပြီ။ ကြားနာမှုတွေအတွက် ချိန်းဆိုမယ့်ရက်ကို စောင့်ပြီး ဥပဒေကြောင်းအရ ဆက်ပြီး လုပ်ဆောင်သွားဖို့ NLD ပါတီဘက်က ရှေ့နေတွေ ပြင်ဆင်နေကြပါတယ်။ အပြည့်အစုံကို ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

ဒီနှစ်ထဲမှာ ကျင်းပမယ့် ရွေးကောက်ပွဲကို ၀င်ပြိုင်ဖို့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်တဲ့ကိစ္စမှာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာတုန်းက အနိုင်ရထားခဲ့တဲ့ NLD ပါတီက မှတ်ပုံမတင်ဖို့ ဆုံးဖြတ်ခဲ့တာကြောင့် နိုင်ငံရေးပါတီ အဖြစ်က ဖျက်သိမ်းတယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ကြေညာခဲ့ပါတယ်။ နိုင်ငံရေးပါတီဟောင်း တခုဟာ အခုကျင်းပမယ့် ရွေးကောက်ပွဲအတွက် ရက်ပေါင်း ၆၀ အတွင်း မှတ်ပုံမတင်ရင် ဖျက်သိမ်းစရာ မလိုဘဲ အလိုလို ပျက်ပြယ်တယ်ဆိုတဲ့ ဥပဒေ ရှိလျက်နဲ့ ရွေးကောက်ပွဲ ကော်မရှင်က NLD ပါတီကို ဖျက်သိမ်းတယ်လို့ ကြေညာခဲ့တဲ့အတွက် ဒီလိုလုပ်တာဟာ ဥပဒေအရ မညီညွတ်ဘူးဆိုပြီး NLD ဘက်က စစ်အစိုးရကို တရားစွဲဆိုခဲ့တာပါ။

ဒီစွဲဆိုချက်ကို တရားရုံးက ဒီကနေ့ပဲ လက်ခံလိုက်တဲ့အကြောင်း NLD ပါတီရဲ့ ရှေ့နေ ဦးဉာဏ်ဝင်းက ရှင်းပြပါတယ်။

“ကျနော်တို့က တရားစွဲတဲ့ အဆိုလွှာ တင်လိုက်တာ။ တရားရုံးက အမှုကို လက်ခံပြီးတော့ မှတ်ပုံတင်မယ်တဲ့။ မှတ်ပုံတင်ပြီးရင်၊ Register လုပ်ပြီးရင် ဆက်သွားမယ်တဲ့။ ကြားနာတာတွေ ဘာတွေက နောက်မှလာမှာပေါ့။ တရားစွဲဆိုခွင့် ရလိုက်တယ်ဆိုရင် ဒါ တရားစွဲပြီးနေပြီလေ။”

NLD ဘက်က တရားစွဲဆိုလိုက်တဲ့ အမှုကို ရှေ့နေချုပ်ရုံးရဲ့ ပုဂ္ဂိုလ်က တရားရုံးမှာ ရင်ဆိုင်ရမယ့်သဘော ဥပဒေမှာ ရှိတယ်လို့ ဆိုပါတယ်။ လောလောဆယ်တော့ အခုအမှုကို ဆက်ပြီး သွားနိုင်အောင် ကြားနာခွင့်ရဖို့ စောင့်ဆိုင်းနေတယ်လို့ ဦးဉာဏ်ဝင်းက ရှင်းပြပါတယ်။

“ကျနော်တို့ တခြားတဘက်က လာရင်တော့ ရှေ့နေချုပ်ရုံးက လာမှာပေါ့။ တရားရုံးချုပ် အမှုတွေဆိုရင် ဘယ်နေ့ ဘယ်နေ့ ကြားနာမယ်ဆိုတာ Notice Board ကို ကြည့်ရတယ်။ အခု အဲဒါကို စောင့်ကြည့်ရမှာပေါ့။”

NLD ပါတီကို ဖျက်သိမ်းခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း တရားစွဲဆိုခဲ့တာ ရှိပေမဲ့ တရားရုံးက လက်မခံခဲ့ပါဘူး။ ဒီကိစ္စကိုပဲ ဒီကနေ့မှာ ပြန်ပြီး တရားရုံးက လက်ခံရတာက ဘယ်လို ကွာခြားချက်တွေ ရှိလို့လဲလို့ ဦးဉာဏ်ဝင်းကို မေးကြည့်ပါတယ်။

“ဒီနှစ်ခုကြားမှာ ကွာခြားချက်က ဥပဒေ အချက်အလက် ကျနော်တို့ ဖော်ပြတဲ့ နေရာတွေမှာ ကွာပါတယ်။ သဘောတော့ အတူတူပဲလေ။ အရင်ဟာက သူတို့ ပြန်ပေးထားတော့ ကျနော်တို့က အခု အသစ်ထပ်တင်တာ။”

အရင်တုန်းက ပယ်တာ ဘာကြောင့် ပယ်တာလဲခင်ဗျ။

“အဲဒါ လုပ်ထုံးလုပ်နည်းနဲ့ မကိုက်ညီဘူးဆိုတဲ့ စကားလုံးတလုံးပဲ ပါပါတယ်။ ဘယ်လုပ်ထုံးလုပ်နည်းလဲဆိုတာ ကျနော်တို့လည်း မသိပါဘူး။”

အခု လက်ခံလိုက်ပြီဆိုတော့ NLD ပါတီက တရားစွဲဆိုခွင့် ရလိုက်ပြီဆိုတဲ့ အဓိပ္ပာယ်လားခင်ဗျ။

“ဟုတ်ပါတယ်၊ အဲဒီအဓိပ္ပာယ်ပါ။”

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ အပါအ၀င် နိုင်ငံရေးပါတီ ၁၀ ခုကို တရားဝင် ရပ်တည်ခွင့် မရှိတော့ဘူးဆိုပြီး ရွေးကောက်ပွဲ ကော်မရှင်က စက်တင်ဘာလ ၁၄ ရက်နေ့တုန်းက ထုတ်ပြန် ကြေညာခဲ့ပါတယ်။ NLD ပါတီက လွဲပြီး တခြားပါတီတွေကနေ စစ်အစိုးရကို အခုလို တရားစွဲဆိုတာတော့ မတွေ့ရပါဘူး။


VOA

Tuesday, October 5, 2010

ဦးဝင်းထိန် ပြောတဲ့ “တပ်နဲ့ နိုင်ငံရေးရောရင် ငါးပါးတင်မကဘူး ဆယ်ပါးအထိ မှောက်တတ်တယ်”




ဝင်းထိန် Tuesday, October 05, 2010 စစ်သည်တော် စာမျက်နှာ . ကျနော့်ကို ၁၉၄၁ ခုနှစ်မှာ မွေးတယ်။ တော်လှန်ရေး အကြောင်းတွေကို ကျနော့်အနေနဲ့ မသိခဲ့ရဘူး။ နောက် မျိုးချစ်စိတ်နဲ့ လှုပ်ရှားတဲ့ ကျောင်းသားတွေ၊ လူငယ် တွေကိုလည်း မမီခဲ့ဘူး။ ဒါပေမယ့် ဘာကို မီသလဲဆိုတော့ တရုတ်ဖြူအရေးအခင်းကို ကျနော်တို့က မီတယ်။ တရုတ်ဖြူအရေးအခင်း ဖြစ်တဲ့ချိန်မှာ ကျနော်က ၅ တန်း၊ ၆ တန်းဆိုတော့ အဲဒီမှာ စိတ်ကနိုးကြား နေပြီ။



အဲဒီလို အချိန်မှာ တရုတ်ဖြူက ဗမာပြည်ကို ဒီလို ကျူးကျော်လာတဲ့ အခါကျတော့ အဲဒီအရေး အခင်းဟာ တမျိုးသားလုံးရဲ့ အရေးအခင်း ဆိုပြီးမှ တပ်မတော်က တိုက်ရတယ်။ တပ်မတော်က အင်မတန် လူကြိုက် များနေတဲ့ အချိန်လည်း ဖြစ်နေတယ်။

ကျနော် ကြီးပြင်းလာတဲ့ အခါကျတော့ ကံအားလျော်စွာ စစ်တက္ကသိုလ် ဆိုတာ ပေါ်လာပြီး လူငယ်တွေကို စုဆောင်းတဲ့ အခါမှာ ကျနော် စစ်တက္ကသိုလ်ကို ၁၉၅၉ ခုနှစ်မှာ ရောက်သွားခဲ့တာပေါ့။ ဝင်ခွင့် ဖြေရတယ်၊ အောင်တဲ့လူ ရွေးပြီးမှ OTT (ဗိုလ်ရွေး) ကိုခေါ်၊ အဲဒီအခါကျမှ ကျနော်တို့က စစ်တက္ကသိုလ် အရွေးခံရတာပေါ့။ အပတ်စဉ် ၅ ပေါ့လေ။

အပတ်စဉ် ၁ နဲ့ ၂ တုန်းကတော့ စစ်တက္ကသိုလ်က ဗထူးမှာ၊ ဗိုလ်လောင်းတွေက ၄ နှစ်သင်တန်းတက်တဲ့အခါမှာ အားတဲ့ အချိန်မှာကြည့်ကြဖို့ စာအုပ်ဆိုင်တွေ၊ ရုပ်ရှင်ရုံတွေဆိုရင် ကောင်းကောင်း မရှိတဲ့အတွက် ၄ နှစ်သင်တန်းသားတွေ အနေနဲ့ ပြင်ပ လေ့လာစရာ ကိစ္စတွေနည်းတယ်။ နောက်ပြီးတော့ အပန်းဖြေစရာတွေ နည်းတယ် ဆိုပြီးတော့ မေမြို့ (ပြင်ဦးလွင်) ကို ပြောင်းပစ်လိုက်တာ။

ကျနော်တို့ စစ်တက္ကသိုလ်တက်တုန်းက အုပ်ချုပ်မှုစနစ်ဆိုတာ အမေရိကန် ဝက်စ်ပွိုင့် စစ်တက္ကသိုလ်က အုပ်ချုပ်ပုံအတိုင်း ဗိုလ်လောင်းအချင်းချင်း အုပ်ချုပ်တဲ့စနစ် (Senior Junior system) လုပ်ထားပါတယ်။ အဲဒီလို အုပ်ချုပ်တဲ့အခါမှာ စပြီးတော့ လုပ်တဲ့ အချိန်မို့လို့လား မသိဘူး။ အခုခေတ်လိုတော့ အပေါ်က senior ကနေ junior ကိုဖိတာ အင်မတန် နည်းတယ်။ အမိန့်အတိုင်းပဲ လုပ်ကြတယ်။ တိတိကျကျ လုပ်ကြတယ်။

အခုကျတော့ Senior က Junior ကို ညှင်းဆဲတာတွေ အလွန်အကျွံတွေ ကြားရနေတယ်။ Senior က မျက်မုန်းကျိုးတဲ့ကောင် ဆိုရင် နေ့ရော ညရော အကြောင်းရှာပြီး အပြစ်ပေးတော့တာပဲ။

လက်ထောက်မှောက်ခိုင်းတယ်။ ဂျွမ်းထိုးခိုင်းတယ်။ နောက်ပြီးတော့မှ ထုပ်တန်းခုန်ပြီးတော့ တချို့ဆိုရင်ပေါ့လေ ဆိုးဆိုးရွားရွား ဒဏ်ရာရပြီးတော့ ထွက်သွားတဲ့ ဗိုလ်လောင်းတွေတောင်ရှိတယ်။ ဒါမဖြစ်သင့်ဘူး။ ဒါမျိုးတွေကို ဘယ်လို ကာကွယ် သင့်သလဲဆိုရင် သက်ဆိုင်ရာ ဗိုလ်လောင်းတာဝန်ကျတွေမှာ တာဝန်ရှိတယ်။ တပ်ခွဲအရာရှိတွေမှာ တာဝန် ရှိတယ်။ ဒါကို တားကို တားမြစ်ရမယ်။

ကျနော်တို့ခေတ်တုန်းက အပြစ်ပေးတယ်ဆိုတာအလွန်အကျွံမဟုတ်ဘူး။ ခါးပတ်မပြောင်တာတို့၊ ဖိနပ်မပြောင်တာ တို့ဆိုရင် အပြစ်ပေးတယ်။ ဘယ်လိုလုပ်လဲဆိုတော့ ကျောပိုးအိတ်ထဲမှာ အုတ်ခဲလေးလုံးထည့် ပြီးတော့ ညနေ နာရီဝက်လောက် လေ့ကျင့်ခန်း လုပ်ရတယ်။ ခံရတဲ့လူကလည်း သက်သာတယ်။ အခုနောက်ပိုင်းမှာ တော်တော် ရက်စက်တယ်။

အဲဒီခေတ်က တက္ကသိုလ်ပေါ်ခါစဆိုတော့ ကျောင်းမှာရောက်လာတဲ့ စာပေပိုင်းက ဆရာတွေရော၊ လေ့ကျင့်ရေးပိုင်းက ဆရာတွေရော အင်မတန်တော်ကြတယ်။ ဆရာတွေဆိုရင် အမေရိကန် စစ်တက္ကသိုလ်၊ Command and General Staff ကောလိပ်၊ အဲလိုနေရာတွေက ဆင်းလာတဲ့ ပုဂ္ဂိုလ်တွေရှိတယ်။ တော်ပေ့ဆိုတဲ့ဆရာတွေကို ခေါင်းခေါက် ရွေးလာတဲ့ ဆရာကောင်း သမားကောင်းတွေ မီလိုက်တာပေါ့။

နှစ်စဉ်နှစ်တိုင်း ကျောင်းဆင်းတဲ့ ဗိုလ်လောင်းတွေကို တော်အောင်၊ ပြိုင်ဆိုင်ချင်စိတ်ရှိအောင်ဆိုပြီးမှ အမှတ်တွေကို အကဲ ဖြတ်ပြီး ဆုတွေ ဘာတွေ ပေးကြတာပေါ့။ အမှန်တော့ ဗိုလ်လောင်းတိုင်းက တော်ချင်ကြတယ်၊ ဆုရချင်ကြတယ်။ အဲဒီတော့ ဆုရဖို့အတွက် ပေါ်ပေါ်ထင်ထင် ကြိုးစားတဲ့လူရှိသလို ကြိတ်ပြီးကြိုးစားတဲ့ဗိုလ်လောင်းတွေ ရှိတယ်။

ကျနော်ကတော့ ကြိတ်ကြိုးစားတာလည်း မဟုတ်ဘူး၊ ပေါ်ပေါ်ထင်ထင်လည်း ကြိုးစားတာမဟုတ်ဘူး။ ဒါပေမယ့် ချတဲ့ စည်းမျဉ်းအတိုင်းကိုတော့ အလုပ်လုပ်တယ်။ နောက် ကျနော်က နည်းနည်းတော့ ဉာဏ်ရည် ထက်နေတဲ့အချိန်ဆိုတော့ စာတွေဘာတွေ ရတယ်။

ဒါပေမယ့် ပထမနှစ် မှာတုန်းက ရူပ၊ ဓာတု နဲ့ အင်္ဂလိပ် သင်ရတယ်ဗျာ။ ကျနော်တို့က တောကျောင်းကလာတာလေ။ ၅ တန်းလောက်ကျမှ အင်္ဂလိပ်စာ သင်ရတဲ့အခါကျတော့ ဘယ်လိုမှ စာမလိုက်နိုင်ဘူး။ ပထမ လပတ်စာမေးပွဲတုန်းက ၈ ဘာသာမှာ ၄ ဘာသာ ကျတယ်။ လူက တော်တော် ခြောက်ခြားသွားတယ်။ ဘာကြောင့် ခြောက်ခြားသွားလဲဆိုတော့ ကျနော့်ရဲ့ senior လည်းဖြစ်၊ ကျောင်းနေဘက် သူငယ်ချင်းလည်းဖြစ်တဲ့ သူငယ်ချင်းတယောက်က စာမေးပွဲကျလို့ ခြေလျင်တပ်ကို ရဲဘော်အဖြစ်နဲ့ပြောင်းသွားရတယ်။

ဟာ ဒီမှာ စာမေးပွဲကျပြီ၊ ဒုက္ခပဲဆိုပြီး စွက်ကျက်လိုက်တာ ဒုတိယ လပတ်စာမေးပွဲမှာတော့ ကျနော်က ရူပနဲ့ ဓာတု နှစ်ဘာသာပဲ ကျတော့တယ်။ ကျနော်က ည ၇ နာရီကနေ ၉ နာရီ ပုံမှန်ကျက်တယ်။ အားတဲ့အချိန်ဆိုရင် စာကျက်တယ်၊ အပြင်လည်းသိပ်မထွက်ဖြစ်ဘူး။ အောက်တိုဘာ နှစ်ဝက်စာမေးပွဲ ပြီးတဲ့အခါမှာ လေ့လာရေး ထွက်ကြတယ်။ ပုပ္ပားတို့ မင်းဘူးတို့ ပုဂံတို့မှာ ၂ ပတ်နေပြီးတော့ ပြန်လာတယ်။ ပြန်လာပြီးအောင်စာရင်းထွက်တော့ ကျနော်က ပထမ ရတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း အံ့ဩသွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်က စာကျက်တာ ဘုန်းကြီးတွေ ကျက်သလို ကျက်တာကိုး။

ဒုတိယနှစ်၊ တတိယနှစ်မှာ ကျနော့်ကို မီတဲ့လူ သိပ်မရှိတော့ဘူး။ နောက်ဆုံးနှစ် ရောက်တဲ့အချိန်မှာ စာပေဆုရမယ်ဆိုတာ ကျနော့်ကိုယ်ကျနော်သိတယ်။ ဒါပေမယ့် ကြွားလဲမကြွားဘူး။ သူများကိုလည်း ထုတ်မပြောဘူး။ အောင်စစ်သည် ဆုကိုတော့ ကျနော့်အနေနဲ့ သိပ်မထင်ဘူး။ အဲဒါက စာပေပိုင်းရော၊ လေ့ကျင့်ရေးပိုင်းပါ တော်မှ ရမှာလေ။ ပြီးတော့ ကျနော်က ကိုယ့်ကိုယ်ကိုယ် စာပေဆုရမယ်လို့ သိနေတော့ နောက်ထပ်တဆု ရမှာမဟုတ်ဘူးလို့ တွက်ထားတယ်။

ကျနော်တို့ ကျောင်းဆင်းပွဲမှာ ဗိုလ်ချုပ်ကြီး စန်းယုတက်တယ်။ စစ်ရေးပြနဲ့ ချီတက်၊ အလေးပြုပြီးတော့ ဆုတွေကို ဘယ်သူတွေရလဲ ဆိုတာကို ကြေညာတော့မယ်။ အဲဒီအချိန် စိတ်ထဲမှာ တော်တော်သိချင်နေပြီ။

အဲဒီမှာ အောင်စစ်သည်ဆုအတွက် ကျနော့် နာမည် အော်ခေါ်လိုက်တဲ့အခါကျတော့ ကျနော်အံ့အားသင့်သွားပြီးတော့ တစက္ကန့် နှစ်စက္ကန့်လောက် ငိုင်သွားတယ်။ ငိုင်သွားပြီးမှ သတိဆွဲ၊ အလေးပြု၊ ဗိုလ်ချုပ်စန်းယုဆီသွားပြီးတော့မှ အဲဒီဆုကိုယူ၊ အဲဒီချိန်မှာ စိတ်က လမ်းသာလျှောက်နေရတာ၊ လူက လေထဲရောက်နေသလိုပဲ။ ဟာပြီး မြောက်နေတယ်။

ဒုတိယအကြိမ် ကြေညာတာက လေ့ကျင့်ရေး ထူးချွန်ဆု၊ အဲဒါကိုတော့ ကျနော်တို့ဆီက ကိုလှကြည်ဆိုတဲ့ ဗိုလ်လောင်း ရသွားတယ်။ တတိယ ခေါ်တာက စာပေထူးချွန်ဆု၊ အဲဒီဆုအတွက် ကျနော့်နာမည်ကို ထပ်ခေါ်တဲ့အချိန် အဲဒီမှာ ဘာဖြစ်သွားလဲဆိုတော့ စိတ်က မြောက်သွားတယ်။ လမ်းလျှောက်ရင်တောင် လျှောက်မှန်းမသိတော့ဘူး။ သူငယ်ချင်း တွေ ချီးကျူးတာတောင်မှ လေထဲမှာ လွင့်သွားသလိုခံစားရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါက စစ်တက္ကသိုလ်သမိုင်းမှာ ကျနော်က ပထမ ဦးဆုံးရလိုက်တာပဲ။

စာပေထူးချွန်ဆုအတွက် ရွှေတံဆိပ်ပေးတယ်။ အောင်စစ်သည်ဆုအတွက် ပေးတဲ့ ငွေဓားကတော့ အခုထက်ထိအိမ်မှာ ရှိတယ်။ အဲဒီဓားကို အင်္ဂလန်နိုင်ငံ ရှက်ဖီး ကုမ္ပဏီက လုပ်တာပါ။

ကျနော် အောင်စစ်သည်ဆုရတယ် ဆိုပေမယ့်လည်း ညစာစားပွဲမှာ အခုခေတ်လိုမျိုး တပ်ချုပ်ကြီးနဲ့ စားပွဲတဝိုင်းတည်း ထိုင်ပြီး စားရတာမျိုးမရှိဘူး၊ စားချင်တဲ့ဝိုင်းမှာစား၊ လူကြီးတွေ၊ ဗိုလ်ချုပ်စန်းယုတို့၊ ကျောင်းအုပ်ကြီးတို့ ဘာတို့ စားတဲ့ဝိုင်းက သပ်သပ် ထားတာ။ ကျနော်တို့ကို လွှတ်ထားပေးတော့ ကျောင်းဆင်းပွဲဟာ ကျောင်းသားတယောက်ရဲ့ ကျောင်းဆင်းပွဲ ပီပီသသ ဖြစ်သွားတာပေါ့။

ကျောင်းဆင်းတော့ ကျနော် စပြီးတာဝန်ထမ်းဆောင်ရတဲ့ မိခင်တပ်ရင်းက သနက (၅) ကျုံပျော်မှာ။ အဲဒီအချိန်တုန်းက မြစ်ဝကျွန်းပေါ်မှာ သူပုန်တွေက ပြည့်လို့။ အလံနီရှိတယ်၊ အလံဖြူရှိတယ်၊ ကရင်ရှိတယ်။ မြို့ကနေထွက် နာရီဝက် အတွင်း သူတို့နဲ့ တိုက်ပွဲဖြစ်လေ့ဖြစ်ထရှိတဲ့ ဒေသပေါ့။ အင်မတန်ပဲ ကြမ်းတမ်းတယ်၊ အင်မတန်လည်း ခက်ခဲတယ်။ ကျနော်တို့ သာရင် ကျနော်တို့ တိုက်လို့ သူတို့ကခံသွားရတယ်။ သူတို့သာရင်လည်း တပ်စုလိုက်ပြုတ်တဲ့အထိ တိုက်တဲ့ တိုက်ပွဲတွေ ရှိသေးတယ်။

ကျုံပျော်မှာ တနှစ်လောက်နေပြီးတော့ မအူပင်ပြောင်းတယ်။ မအူပင်ပြောင်းတဲ့အချိန်မှာ ကျနော်တို့ အရှေ့မြောက်ဒေသ ကွတ်ခိုင် အခု နမ့်ဖတ်ကာ၊ မုန်းပေါ်၊ တာမိုးညှင်း မှာဝင်ရတယ်။ အဲတုန်းက ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ပေါ့၊ ဗကပ မပေါ်သေးဘူး။

မြစ်ဝကျွန်းပေါ်မှာ နေရတုန်းကလည်း ပြောက်ကျား နဲ့ပဲ အတိုက်ခံရတာ။ အရှေ့မြောက်ပိုင်းကို ဝင်ရတော့လည်း KIA က ပြောက်ကျားလို တိုက်နေတဲ့အခါကျတော့ သိပ်ပြီးတော့ ထူးထူးခြားခြား ကွာခြားတာမျိုးမရှိဘူး။ ရေမြေ တောတောင် အပြောင်းအလဲတော့ ရှိတာပေါ့။

အဲဒီတုန်းက ရဲဘော်တွေ၊ အကြပ်တွေက တော်တော်ရိုးတယ်။ ဘယ်လို ရိုးဖြောင့်သလဲဆိုရင် သူပုန်စစ်ကြောင်းက ဘိန်းတွေ မိတယ်၊ နည်းတာမှမဟုတ်ဘူးမိတာ၊ ဂုန်နီအိတ်တလုံးဆိုရင် ၁ ပိဿာ၊ ၂ ပိဿာလောက်ရှိတဲ့ ဘိန်း ၃၊ ၄၊ ၆ လုံး လောက်ပါတယ်။ အဲဒီလို ဂုန်နီအိတ်တွေ အလုံး ၂၀၊ ၃၀ မိတယ်။ ကျနော်တို့က အဲဒါတွေကို လာရှိုးမှာရှိတဲ့ တိုင်း စစ်ဌာနချုပ်ကို သွားပြီးအပ်လိုက်တာပဲ။ လုံးဝ ကိုယ်ရေးကိုယ်တာ မသုံးဘူး။

အခုက တပ်မတော်ကို အရမ်းချဲ့လိုက်တော့ အရေအတွက် များသွားပြီး အရည်အချင်းရှိတဲ့သူတွေက နည်းသွားပြီ။ ငွေရေးကြေးရေးကိုလည်း အဓိက ထားလာကြတယ်။ ဒေသအလိုက် စောင့်ရတဲ့တပ်တွေကို သူတို့ရဲ့ လမ်းကြောင်းထဲ ကုန်တွေတင်ပြီး ဖြတ်သန်းတဲ့ ထော်လာဂျီ၊ မော်တော်ဆိုင်ကယ်၊ ကား မှန်သမျှ ဆက်ကြေးပေးရတယ်။ အဲဒီဆက်ကြေးကို သူတို့ခွဲယူကြသတဲ့။ အဲဒီဆက်ကြေး ခွဲယူတဲ့စနစ်က ဟိုးတုန်းက သူပုန်တွေလုပ်တာ။ အခုခေတ် တပ်မတော်ကြီးက အဲဒီလောက်တောင် ဖြစ်သွားပြီလား ဆိုပြီးတော့ ကျနော် တော်တော် အံ့သြမိတယ်၊ ဝမ်းလည်း နည်းတယ်။

နောက်တခုက ကျနော် စစ်ရုံးမှာ တာဝန်ထမ်းဆောင်ရတဲ့ အချိန် ဗိုလ်ချုပ်ကြီးတင်ဦး နုတ်ထွက်သွားတဲ့အခါမှာ အရာရှိတွေ ပွစိပွစိပြောလာကြတယ်။ အဲဒီတုန်းက ကျနော်လည်း ပြောမိပါတယ်။ သို့သော် ကျနော်ပြောတာက ကိုယ့်အထက် လူကြီးကို နှမြောလို့၊ ကိုယ့်ဟာကို စိတ်မချမ်းသာလို့ ပြောမိတာပဲရှိတယ်။ ဒါပေမယ့် အဲဒီမှာ ဗိုလ်ကြီးအုန်းကျော်မြင့်တို့ ဗိုလ်စံကြည်တို့က မကျေနပ်လို့ ချမယ်၊ ပြုမယ် ဘာညာဆိုတာကို သဲ့သဲ့တော့ကြားတာပေါ့။

ကြားတဲ့အခါမှာ ဗိုလ်ကြီးအုန်းကျော်မြင့် ကိုတော့ ကျနော်မပြောဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်နဲ့သူနဲ့ အလှမ်းဝေးလို့ ဗိုလ်စံကြည်ကိုတော့ ကျနော်ပြောတယ်။ ဟေ့ မင်းတို့ အဲဒါမျိုးတွေ မပြောနဲ့။ ဗိုလ်ချုပ်ကြီး တင်ဦးထွက်လို့ မကျေနပ်ရင် ထွက်။ ဒါပေမယ့် ငါကတော့ မထွက်ချင်ဘူး။ ဘာကြောင့်လဲဆိုတော့ တပ်မတော်ကို မြတ်နိုးတယ်၊ တပ်မတော်ထဲမှာ ဆက်နေမယ်။ အဲဒီခါးသီးတဲ့ ခံစားချက်ကိုတော့ ဖျောက်ရမှာပဲလို့ ပြောတဲ့အခါကျတော့ အုန်းကျော်မြင့်တို့ စံကြည်တို့ နောက်ထပ် ကျနော့်ကို အဆက်အသွယ် မလုပ်တော့ဘူး။

၁၉၇၆ ဇူလိုင် ၂၀ ရက်နေ့ သတင်းနားထောင်တဲ့ အခါကျတော့ အစိုးရအဖွဲ့နဲ့ နိုင်ငံ့ခေါင်းဆောင်များကို လုပ်ကြံမယ့် အရာရှိ တွေကို ဖော်ထုတ်တယ်ဆိုပြီးတော့ကြေညာတယ်။ အဲဒီမှာပါတဲ့ အုန်းကျော်မြင့်တို့၊ စံကြည်တို့၊ ထွန်းကျော်တို့က ကျနော်နဲ့ သိတဲ့ကောင်တွေချည်းပဲ အဲဒီမှာအံ့လည်းအံ့ဩသွားတယ်။ အဲဒီအချိန်မှာ ကျနော်က ရှမ်းပြည်ရောက်နေပြီ၊ မိုင်းရှူးခွင် ခေါ်တာပေါ့။

အဲဒီပြဿနာဖြစ်တော့ ကျနော့်ကို ရှေ့တန်းက ပြန်ခေါ်၊ ရေကြည်အိုင် ပို့၊ အဲဒီကိစ္စဘာကြားသလဲ၊ ပတ်သက်မှုရှိလား၊ အုန်းကျော်မြင့်တို့နဲ့ ရင်းနှီးလား၊ အစုံပဲ ကျနော့်ကို စစ်ကြောရေးလုပ်တယ်။

အမှုလည်းပြီးရော ကျနော့်ကို တပ်ထဲမှာ ဆက်မနေရတော့ဘူးဆိုပြီးမှ ပင်စင်ပေးလိုက်တာ။ အဲဒါ ၁၉၇၇ ခုနှစ် ဇန်နဝါရီလ ပေါ့။

ကျနော် ဖတ်ခဲ့ဖူးတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းတခုဆိုရင် ဗိုလ်ချုပ်ဘဝနဲ့ နိုင်ငံရေးလုပ်လို့မရဘူး၊ တပ်နဲ့ နိုင်ငံရေး ရောရင် ငါးပါးမကဘူး၊ ဆယ်ပါးမှောက်တတ်တယ်လို့ပြောသွားတာ။ အခုခေတ် ရဲဘော်တွေလည်း ကျနော်ပြောတာ ကြားနိုင်မယ်ဆိုရင်တော့ တပ်မတော်နဲ့ နိုင်ငံရေး ရောလုပ်မယ်ဆိုရင် ပြဿနာအကြီးအကျယ်တက်နိုင်တယ်ဆိုတဲ့ဟာကို ထပ်ပြီး သတိမူစေချင်ပါတယ်။

ဦးဝင်းထိန်သည် မြန်မာ့တပ်မတော်ထဲတွင် ၁၅ နှစ် ဝန်းကျင် တာဝန်ထမ်းဆောင်ခဲ့သည်။ စစ်တက္ကသိုလ် သမိုင်း တလျှောက်တွင် အောင်စစ်သည်ဆုနှင့် စာပေထူးချွန်ဆုကို ပထမဆုံး ရရှိခဲ့သူဖြစ်သည်။ ၁၉၇၇ တွင် တာဝန်မှ အငြိမ်းစား ပေးခံခဲ့ရပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ကိုယ်ရေး အရာရှိ အဖြစ် ဆောင်ရွက်ခဲ့သည်။ ဦးဝင်းထိန်ကို စစ်အစိုးရက ၁၉၈၉ မှ ၁၉၉၅ ခုနှစ်အထိ ထောင်ဒဏ် ၅ နှစ်ခွဲ၊ ၁၉၉၆ မှ ယခုနှစ် ဇူလိုင်လအထိ ထောင်ဒဏ် ၁၄ နှစ်နှင့် ၂ လကြာ ချမှတ်ခဲ့သည်။

Copyright © 2010 ဧရာဝတီ

စာရေးဆရာ သုမောင် ၏ ခွေးချော်လဲ _ အိမ်

thu mg1
Copy from မြတ်လေးငုံ

အဖွဲ့ချုပ်ခေါင်းဆောင်များ ဧရာဝတီတိုင်းခရီးစဉ် ဆက်




DVB

ASEM ထိပ်သီး မြန်မာ့အရေး ဆွေးနွေးမည်


ဓာတ်ပုံ AP
ဗြိတိန် ဒုတိယဝန်ကြီးချုပ် နစ်ခ် ခလတ်ဂ်။ စက်တင်ဘာ ၂၄၊ ၂၀၁၀။


တနင်္လာ, 04 အောက်တိုဘာ 2010

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တော်မှာ ကျင်းပနေတဲ့ အာရှ၊ ဥရောပ နိုင်ငံများ စည်းဝေးပွဲ ASEM မှာ မြန်မာနိုင်ငံကိစ္စကို အဓိက ဦးစားပေးသင့်တယ်လို့ ဗြိတိန် ဒုတိယဝန်ကြီးချုပ် နစ်ခ် ခလတ်ဂ် (Nick Clegg) က ပြောကြားခဲ့ပါတယ်။

ကျယ်ကျယ်ပြန့်ပြန့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတဲ့ မြန်မာနိုင်ငံက ရွေးကောက်ပွဲဟာ အတုအယောင်ဖြစ်တယ် ဆိုတာကို အားလုံး ညီညီညွတ်ညွတ် ပြောကြဖို့ လိုတယ်ဆိုတဲ့ ဒုတိယဝန်ကြီးချုပ် နစ်ခ် ခလတ်ဂ်ရဲ့ အပြောကို ဗြိတိန် နိုင်ငံခြားရေးဌာနရဲ့ အင်တာနက် စာမျက်နှာပေါ်မှာ ဖော်ပြထားတာပါ။

မြန်မာနိုင်ငံ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ တယောက်တမျိုးစီ ပြောနေကြမယ်ဆိုရင် ရွေးကောက်ပွဲတွေဟာ လွတ်လပ်မှာလည်း မဟုတ်ဘူး၊ မျှတမှာလည်း မဟုတ်ဘူးလို့ မစ္စတာ ခလတ်ဂ်က ပြောပါတယ်။

မြန်မာပြည်သူတွေ အကြီးအကျယ် ဖိနှိပ်ခံနေရတာတွေကို တသံတည်း ဆန့်ကျင်ကြဖို့ ASEM စည်းဝေးပွဲမှာ ဗြိတိန်နိုင်ငံက တောင်းဆိုသွားမယ်လို့ ဗြိတိန် ဒုတိယဝန်ကြီးချုပ် နစ်ခ် ခလတ်ဂ်က ပြောထားပါတယ်။ တခါ ASEM စည်းဝေးပွဲကနေ မြန်မာကို ဖိအားပေးဖို့ သြစတြေးလျနိုင်ငံ ဝန်ကြီးချုပ် ဂျူလီယာ ဂေးလ်လာ့ဒ် (Julia Gillard) အပေါ် လူ့အခွင့်အရေး စောင့်ကြည့် လေ့လာနေတဲ့ အဖွဲ့တွေကလည်း တိုက်တွန်းထားပါတယ်။

ရွေးကောက်ပွဲ လုပ်လုပ်၊ မလုပ်လုပ် မြန်မာနိုင်ငံက အခြေအနေတွေ ပြောင်းလဲလာမှာ မဟုတ်တဲ့အတွက် ဒီကိစ္စကို ဝန်ကြီးချုပ် ဂေးလ်လာ့ဒ်က ASEM စည်းဝေးပွဲမှာ ပြောသင့်တယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက တိုက်တွန်းနေကြပါတယ်။

တနင်္လာနဲ့ အင်္ဂါနေ့ ၂ ရက် ကျင်းပတဲ့ ASEM ထိပ်သီးစည်းဝေးပွဲမှာ မြန်မာ့အရေး ဆွေးနွေးကြဖို့ နိုင်ငံတကာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် အပါအဝင် မြန်မာ့အရေး ဆောင်ရွက်နေကြတဲ့ အဖွဲ့တွေကလည်း တောင်းဆိုထားကြပါတယ်။

VOA