-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Tuesday, August 3, 2010

အန်အယ်ဒီခေါင်းဆောင်များ ရခိုင်ပြည်နယ် ခရီးထွက်

ခိုင်စု | တနင်္လာနေ့၊ သြဂုတ်လ ၀၂ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၅၈ မိနစ် .
နယူးဒေလီ (မဇ္ဈိမ) ။ ။ ပါတီပယ်ပျက်ခံရပြီးနောက်ပိုင်း အောက်ခြေပါတီဝင်ထုနှင့် တွေ့ဆုံရန် ရခိုင်ပြည်နယ်သို့ ပထမဆုံး ခရီးစဉ်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးအုန်းကြိုင် ခေါင်းဆောင်သည့် ၅ ဦးပါ အဖွဲ့သည် ယမန်နေ့က စတင်လိုက်သည်။

ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များဖြစ်သည့် ဦးအုန်းကြိုင်နှင့် ဗဟန်းမြို့နယ် ဥက္ကဋ္ဌ ဦးအောင်မြင့် (ဖျာပုံနီလုံဦး)၊ လူငယ် (ဗဟို) အဖွဲ့ဝင် ကိုဘမောင်၊ ရန်ကုန်တိုင်း လူငယ်ခေါင်းဆောင် ဦးအေးမင်းစိုးနှင့် ရခိုင်ပြည်နယ် စည်ရုံးရေး ကော်မတီဝင် ဦးတင်သိန်းအောင်တို့သည် ရခိုင်ပြည်နယ် ဂွမြို့သို့ ဘတ်စ်ကားဖြင့် ယနေ့နံနက်တွင် ရောက်ရှိလာခြင်း ဖြစ်သည်။

“ပါတီရပ်တည်ချက်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှာကြားချက်တွေကို ဗဟိုအဖွဲ့ဝင်တွေက ပါတီဝင်ထုကို ရှင်းပြဖို့ ရခိုင်ပြည်နယ် ခရီးစဉ်ကို ထွက်လာတာပါ” ဟု ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။



ဒေါ်စု မှာကြားချက်နှင့် ပါတီရပ်တည်ချက်တို့ကို ဦးအုန်းကြိုင်နှင့် ခေါင်းဆောင် ၅ ဦးပါသည့်အဖွဲ့က ရခိုင်ပြည်နယ်ရှိ အောက်ခြေပါတီဝင်ထုများအား ရှင်းလင်းပြောကြား
ရခိုင်ပြည်နယ် ခရီးစဉ်၏ အစအဖြစ် ဂွမြို့နယ်စည်းရုံးရေး ကော်မတီ ဥက္ကဋ္ဌ ဦးစိန်ကျော်၏ နေအိမ်တွင် ပါတီဝင်ထု ၄ဝ နီးပါးနှင့် ယနေ့ တွေ့ဆုံကြသည်။

တွေ့ဆုံပွဲတွင် NLD အနေဖြင့် နိုင်ငံရေးဆန်သော အလုပ်များ မပြုလုပ်သော်လည်း ပါတီ ရည်မှန်းချက် ဖြစ်သော အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ လူ့အခွင့်အရေး ရရှိရေး၊ စစ်မှန်သော ဒီမိုကရေစီ နိုင်ငံတော်သစ်ကို ငြိမ်းချမ်းစွာ ထူထောင်ရေး ဆွဲကိုင်သည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော နိုင်ငံရေး အင်အားစုအဖြစ် လုပ်ကိုင်သွားရန် ဗဟိုခေါင်းဆောင်များက ရှင်းလင်း ပြောကြားခဲ့ကြသည်။

ပါတီအထွေထွေ အတွင်းရေမှူးလည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်၊ ဒုဥက္ကဋ္ဌ ဦးတင်ဦးနှင့် ဦးဝင်းတင်တို့၏ မှာကြားချက်များကို ရှင်းပြခဲ့ရာ ပါတီဝင်ထုက အားတက်သရော ထောက်ခံသည်ဟု ဦးအုန်းကြိုင်က ဆိုသည်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှာကြားချက်ဖြစ်တဲ့ နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံမတင်ဘဲ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေး၊ တရားမျှတမှု ဖော်ဆောင်ရေးတို့အတွက် မူလရပ်တည်ချက်အတိုင်း NLD က ဆက်ပြီး ရပ်တည်နေတယ်၊ ပါတီထုကလည်း ယုံယုံကြည်ကြည်၊ ခိုင်ခိုင်မာမာ ရပ်တည်နေကြပါလို့ မှာကြားချက်၊ နောက် ဦးတင်ဦးရဲ့ ပြည်သူ့အကျိုးပြု လုပ်ငန်းတွေကို တက်တက်ကြွကြွ၊ ယုံယုံကြည်ကြည် ဆောင်ရွက်ကြပါလို့ မှာကြားချက်၊ ဆရာဦးဝင်းတင် မှာလိုက်တဲ့ ဘာပဲလုပ်လုပ် ပြည်သူကို အကျိုးပြုမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ပါဆိုတဲ့ မှာကြားချက်တွေကို ပြန်ပြောပါတယ်” ဟု သူက ပြောသည်။

သီတင်းပတ် တပတ်ခန့်ကြာမြင့်မည် ရခိုင်ပြည်နယ် ခရီးစဉ်တွင် ဂွ၊ သံတွဲ၊ တောင်ကုတ်နှင့် စစ်တွေမြို့သို့ သွားရောက်ကြမည်ဖြစ်ရာ မနက်ဖြန်တွင် သံတွဲမြို့သို့ ဆက်လက်ထွက်ခွါကြမည်ဖြစ်သည်။

မိုးရာသီတွင် စတင်သည့် ခရီးစဉ်တွင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည်မှအပ အနှောင့်အယှက်များ မကြုံတွေ့ရကြောင်း ဦးအုန်းကြိုင်က ဆိုသည်။

၂ဝဝ၃ ခုနှစ် ဒီပဲယင်း လုပ်ကြံမှု မတိုင်ခင် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးတို့ ဦးဆောင်ကာ နိုင်ငံတဝှန်း စည်းရုံးရေးခရီး ထွက်စဉ်က ရခိုင်ပြည်နယ်သို့လည်း ရောက်ရှိခဲ့သေးသည်။

ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သူ၏ ရှေ့နေနှင့် ပါတီဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဥာဏ်ဝင်းနှင့် တွေ့ဆုံခွင့်များ ရရှိစဉ်က အောက်ခြေထုထံ သွားရောက်ရန် မှာကြားခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း ပါတီခေါင်းဆောင်များသည် မန္တလေး၊ ကရင်ပြည်နယ်နှင့် ပဲခူးမြို့များသို့ သွားရောက်ကာ ပါတီဝင်ထုနှင့် တွေ့ဆုံမှုများ ပြုလုပ်ခဲ့ကြသေးသည်။

© Copyright 1998 - 2009 Mizzima News

ထောင်ဝင်စာ တွေ့ခွင့် ဇာဂနာ၏ ခယ်မ တောင်းဆို

ဆလိုင်း ဟံသာစန်း | တနင်္လာနေ့၊ သြဂုတ်လ ၀၂ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၀၁ မိနစ် .
နယူးဒေလီ (မဇ္ဈိမ) ။ ။ နိုင်ငံကျော် ဟာသပညာရှင် ဇာဂနာ (ခေါ်) ကိုသူရထံ ၎င်း၏ ဇနီးနှင့် သားသမီးများသာ ထောင်ဝင်စာ တွေ့ဆုံရမည်ဟူသည့် ထောင်အာဏာပိုင်များ၏ ကန့်သတ်ချက်ကို ဖယ်ရှားပေးရန် ခယ်မဖြစ်သူ မငြိမ်းက ယနေ့ တောင်းဆိုလိုက်သည်။

“ကိုသူရ အင်းစိန်မှာ ရှိနေကတည်းက ကျမပဲ ထောင်ဝင်စာ ပုံမှန်တွေ့လာခဲ့တာပါ။ အခုမှ ခပ်ညစ်ညစ်ပုံစံ ဇနီး သားသမီးနဲ့ တွေ့ခွင့်ပြုသည်ဆိုတဲ့ အနေအထားတွေ လုပ်လာတာပါ။ ဒါက မဖြစ်သင့်ပါဘူး။ ဒီကန့်သတ်ချက်ကို ဖယ်ရှားပေးပါလို့ တောင်းဆိုချင်ပါတယ်” ဟု မငြိမ်းက မဇ္ဈိမကို ပြောပြသည်။

ပြီးခဲ့သည့် မေလ ၁၇ ရက်နေ့တွင် မငြိမ်းသည် ကိုဇာဂနာကို ထောင်ဝင်စာ တွေ့ခွင့်ရခဲ့ပြီးနောက်ပိုင်း ထောင်ဝင်စာတွေ့ခွင့် ပိတ်သည်ဟူသည့် သတင်းများ ထွက်ပေါ်လာခြင်းကြောင့် ဇွန်လ ၂၅ ရက်နေ့တွင် ထောင်တာဝန်ရှိသူကို ဆက်သွယ်မေးမြန်းခဲ့ရာ ဟုတ်မှန်ကြောင်း အတည်ပြု ပြောဆိုခဲ့သည်။


ထောင်ဝင်စာတွေ့ဆုံခွင့်ကို ကန့်သတ်ခံရသည့် ကိုဇာဂနာ ခေါ် ကိုသူရ
ထို့ကြောင့် ပြီးခဲ့သည့်လ ၂၈ ရက်နေ့တွင် ကိုဇာဂနာအတွက် အစားအသောက်နှင့် ဆေးဝါးများကို လူကြုံထည့်ပေးလိုက်ရာ ထောင်အာဏာပိုင်များက ပစ္စည်းများ လက်ခံထားလိုက်ပြီး ထောင်ဝင်စာပိတ်ခြင်း မရှိကြောင်း ပြောဆိုခဲ့သော်လည်း ဇနီးနှင့် သားသမီးများသာ တွေ့ဆုံနိုင်ကြောင်း ပြောဆိုခဲ့သည်။

“တခုထူးခြားတာက ဇနီးသားသမီးနဲ့ တွေ့ခွင့်ပြုတယ်ဆိုတော့ သူ့ဇနီးနဲ့ သားသမီးတွေက အမေရိကားမှာလေ။ သူတို့ လုပ်ပုံက မြန်မာပြည်မှာ ထောင်ဝင်စာတွေ့ဖို့ကိုပဲ အမေရိကားက ပြန်လာရမယ့် ပုံစံမျိုး ဖြစ်နေတယ်” ဟု မငြိမ်းက ပြောသည်။

ကိုဇာဂနာ၏ ဇနီးမှာ ဒေါ်လွင်မာဦးဖြစ်ပြီး လက်ရှိတွင် အမေရိကန် ပြည်ထောင်စု လော့စ်အိန်ဂျလိမြို့တွင် သားဖြစ်သူ ၂၄ နှစ်အရွယ် မောင်မြတ်ကောင်း၊ သမီးဖြစ်သူ ၁၉ နှစ်သမီးအရွယ် မငယ်ဦးမွန်နှင့်အတူ နေထိုင်လျက်ရှိသည်။

မငြိမ်းသည် ဒေါ်လွင်မာဦး၏ ညီမဖြစ်ပြီး ကိုဇာဂနာ၏ အိမ်ထောင်စု စာရင်းတွင် သူမ၏ အမည်ပါဝင်သူ ဖြစ်သည်။

ထောင်ဥပဒေအရ ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသားတဦးကို မိသားစုဝင်တဦးဦး (သို့မဟုတ်) မိသားစုဝင် မဟုတ်သော်လည်း ဆွေမျိုးတော်စပ်ကြောင်း သက်သေပြနိုင်ပါက ထောင်ဝင်စာတွေ့ခွင့်ရှိကြောင်း ရန်ကုန်ရှိ ရှေ့နေကြီး ဦးအောင်သိန်းက ပြောသည်။

“ထောင်ဝင်စာတွေ့တဲ့နေရာမှာ လင်မယားတော်မှ၊ အဖေတော်မှ၊ သားတော်မှ ခွင့်ပြုမယ်ဆိုတာ ထောင်ဥပဒေမှာ မရှိပါဘူး။ သန်းခေါင်စာရင်းမှာ နာမည်ပါရင်၊ ဆွေမျိုးတော်ကြောင်း ပြနိုင်ရင် ထောင်ဝင်စာတွေ့ခွင့် ပေးရမှာပါ” ဟု သူက ပြောသည်။

မြစ်ကြီးနားထောင်တွင် ထောင်ဒဏ် ၃၅ နှစ် ကျခံနေရသည့် ခဲအိုဖြစ်သူ ကိုဇာဂနာထံသို့ ထောင်ဝင်စာတခေါက် တွေ့ဆုံလျှင် ငွေကျပ် ၈ သိန်းခန့် ကုန်ကျသည့်အတွက် ၂ လမှ တခေါက်သာ ထောင်ဝင်စာတွေ့နိုင်ခဲ့ကြောင်း မငြိမ်းက ပြောသည်။

ထောင်ဝင်စာတွင် ကိုဇာဂနာ နှစ်သက်သည့် ကော်ဖီ၊ ငါးပိကြော်၊ ပါလချောင်ကြော်၊ ဆိတ်သားကြော်၊ ငါးပိထောင်း စသည့် စားသောက်ဖွယ်ရာများနှင့် သွေးတိုးဆေး ၂ မျိုး၊ နှလုံးအဆီကျဆေးနှင့် အစာအိမ်ဆေး စသည်တို့ကို တလစာသုံးစွဲနိုင်ရန် ပါရှိသည်။

ကျန်ရှိသည့် တလအတွက် ဈေးပါး ခေါ် ထောင်အဝယ်တော်ထံ တလစာ ကျပ်ငွေ ၈ သောင်းမှ တသိန်း အပ်နှံခဲ့ပြီး ထိုသူထံမှ လိုချင်သော ပစ္စည်းများကို အပြင်ပေါက်ဈေးထက် အနည်းငယ် ပိုပေး၍ ဝယ်ယူနိုင်ရန် စီစဉ်ရသည်။

ကိုဇာဂနာသည် ၂ဝဝ၈ ခုနှစ် မေလကတိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်း ကူညီကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်သည့်အတွက် ယင်းနှစ်ဇွန်လတွင် သူ့အား အာဏာပိုင်များက နေအိမ်မှ ဖမ်းဆီးခဲ့သည်။

ထို့နောက် ယင်းနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့တွင် အင်းစိန်ထောင်တွင်း တရားရုံးက အီလက်ထရောနစ် အက်ဥပဒေ ၃ ခုဖြင့် ထောင် ၄၅ နှစ်၊ အနောက်ပိုင်း ခရိုင်တရားရုံးက နိုင်ငံတော် လုံခြုံရေးကို ထိခိုက်ရန် လှုံ့ဆော်မှုနှင့် ဗီဒီယိုအက်ဥပဒေ အပါအဝင် ပုဒ်မ ၅ ခုဖြင့် ထောင်ဒဏ် ၁၄ နှစ်ဖြင့် စုစုပေါင်း ထောင်ဒဏ် ၅၉ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။

သို့သော် ၂ဝဝ၉ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် အီလက်ထရောနစ် အက်ဥပဒေ ပုဒ်မ ၃ ခုဖြင့် ထောင်ဒဏ် ၄၅ နှစ် ချမှတ်ခဲ့ထားသည်ကို တမှုလျှင် ၈ နှစ်စီဖြင့် စုစုပေါင်း ၂၄ နှစ် လျှော့ချပေးခဲ့သဖြင့် ထောင်ဒဏ် ၃၅ နှစ် ဖြစ်သွားခဲ့သည်။

ကိုဇာဂနာ အကျဉ်းကျခံနေဆဲအချိန် မိခင်ဖြစ်သူ စာရေးဆရာမကြီး ဒေါ်ကြည်ဦးသည် ပြီးခဲ့သည့်နှစ် မတ်လ ၂ဝ ရက်နေ့တွင်လည်းကောင်း၊ ဖခင်ဖြစ်သူ စာရေးဆရာကြီး နန်းညွှန့်ဆွေသည် ပြီးခဲ့သည့်လ ၁၄ ရက်တွင်လည်းကောင်း အသီးသီး ကွယ်လွန်ခဲ့ကြသည်။

© Copyright 1998 - 2009 Mizzima News.

Sunday, August 1, 2010

မရဏ ကျောပိုးဖြင့် အသက်မွေးသူများ

ဝင်းမြတ်၊ ရန်ကုန်
ဇူလိုင် ၂၅၊ ၂၀၁၀




မိုးယင်းကြီးအင်းတွင် လျှပ်စစ် ရှော့ခ်တိုက်ပြီး ငါးဖမ်းနေသည့် တံငါသည်


သားကြီး (၂၄ နှစ်)က လျှပ်စစ်ခလုပ်ကို ဖွင့်လိုက်ပြီး ၀ါးတုတ်တံနှစ်ချောင်းထိပ်မှာ တပ်ဆင်ထားတဲ့ သံချောင်းနှစ်ချောင်းကို ရေစပ်စပ်ထဲကို ထိုးချလိုက်တဲ့အခါ မကြာခင်မှာပဲ ငါးခူတစ်ကောင် ရေပေါ် ပေါ်လာတယ်။ ပေါ်လာတဲ့ ငါးခူကိုရေထဲကဆယ်ပြီး ပလိုင်းထဲ ကောက်ထည့်လိုက်တယ်။

သူ့ကျောပေါ်မှာ ပလတ်စတစ်ပုံးထဲ ထည့်ထားတဲ့ ၁၂ ဗို့ ဘက်ထရီအိုး တစ်လုံး ရှိပြီး ရင်ဘတ်မှာ ပလိုင်းကို လွယ်ထားပါတယ်။ ဘက်ထရီအိုးနဲ့ တွဲထားတဲ့ လျှပ်စစ်ဝါယာ ရှော့ခ် တိုက်တဲ့ စက်ခလုတ်ခုံက တဒီးဒီး အသံ မြည်နေပါတယ်။

`သေမင်းတမန်ကို ကျောမှာ လွယ်ထားရတာ။ အခန့်မသင့်ရင် လူပါ သေသွားနိုင်တယ်´ လို့ ၀ါယာလျှော့တိုက်နေရင်း သားကြီးက ပြောပါတယ်။

ရေထဲကိုချထားတဲ့ သံချောင်းနှစ်ချောင်းရဲ့ ပတ်ပတ်လည်မှာ လျှပ်စစ် စီးနေပြီး ၎င်းစက်ကွင်း အတွင်းကိုဝင်လာတဲ့ ရေနေသတ္တ၀ါမှန်သမျှဟာ ဓာတ်လိုက်ခံရပါတယ်။ တစ်ချို့ငါးတွေ ပက်လက်လန်ပြီး ရေပေါ် ပေါ်လာတယ်။

သားကြီး ငါးဖမ်းအသက်မွေးတဲ့ မိုးယင်းကြီး ရေတိမ်ဒေသမှာ လျှပ်စစ်ဝါယာ ရှော့ခ် တိုက် ငါးဖမ်းနည်းကို တံငါအများစုက အသုံးပြုကြပါတယ်။ ရေနေသတ္တ၀ါတွေနဲ့ ရေတိမ်ဒေသရဲ့ ဂေဟဗေဒစနစ်ကို ပျက်စီးစေနိုင်တာကြောင့် တားမြစ်ထားတဲ့ ငါးဖမ်းနည်း ဖြစ်ပေမယ့် ပိုက်နဲ့ ဖမ်းရတာထက် ပိုလွယ်တဲ့အတွက် အသုံးပြုလာကြတာ တဲ့။


မိုးယင်းကြီး ရေတိမ်ဒေသ



မိုးယင်းကြီးရေတိမ်ဒေသဟာ မြန်မာနိုင်ငံရဲ့စီးပွားရေးမြို့တော် ရန်ကုန်ရဲ့ မြောက်ဘက် ၇၀ မိုင် အကွာမှာ တည်ရှိပြီး စတုရန်းဧရိယာ ၄၀ မိုင် ကျယ်ဝန်းပါတယ်။ ၁၈၇၈ ခုနှစ်မှာ ရေလှောင်တမံ အဖြစ် တည်ဆောက်ခဲ့ပြီး ၁၉၈၈ ခုနှစ်မှာ ဘေးမဲ့တောအဖြစ် သတ်မှတ်ခဲ့ပါတယ်။
၎င်းရေတိမ်ဒေသဟာ ဘဘာဝအခြေခံ ခရီးသွားလုပ်ငန်းဖြစ်တဲ့ ငှက်ကြည့်ခရီးစဉ် အဖြစ်ထင်ရှားတဲ့ဒေသ ဖြစ်ပါတယ်။ ငှက်မျိုးစိတ်ပေါင်း ၁၂၅ ကျော်တွေ့ရှိနိုင်ပြီး မျိုးစိတ် ၇၀ ခန့်ဟာ ဆောင်းခိုငှက်တွေ ဖြစ်ပါတယ်။ ငါးမျိုးစိတ်ပေါင်း ၄၀ ကျော် ရှိတယ်လို့ သစ်တောဦးစီးဌာန၊ သဘာဝနှင့် သားငှက် တိရစ္ဆာန် ထိန်းသိမ်းရေးဌာနရဲ့ လေ့လာချက်တွေက ဆိုပါတယ်။

မိုးယင်းကြီးအင်းကို အမှီပြုနေထိုင်တဲ့ ကျေးရွာပေါင်း ၁၇ ရွာ၊ လူဦးရေ ၃၀,၀၀၀ ကျော် ရှိတယ်လို့ခန့်မှန်းပါတယ်။ ၎င်းတို့ထဲက ၇၀ % ဟာ တံငါသည်တွေ ဖြစ်တယ်လို့ သိရပါတယ်။

ရေတိမ်ဒေသဆိုတဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်မှာ ၎င်းဒေသကို မှီခိုနေတဲ့သူတွေကို သုံးခွင့်ပေးရမယ် ဆိုတာ ပါတယ်။ ဒါပေမယ့် စီးပွားဖြစ် အသုံးပြုခွင့် ပေးတာမဟုတ်ဘဲ တစ်ပိုင်တစ်နိုင်သုံးစွဲခွင့်ပေးတာကိုဆိုလိုတယ် လို့ ၎င်းဒေသမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ သစ်တောထိန်းသိမ်းရေး ပညာရှင်တစ်ဦးက ရှင်းပြပါတယ်။

`မိုးယင်းကြီးကို ဘေးမဲ့တောအဖြစ် သတ်မှတ်ထားတာကြောင့် အင်းထဲမှာ ငါးဖမ်းခွင့်တော့ တရားဝင် ခွင့်ပြုမထားပါဘူး။ ဒါပေမယ့် မိသားစု စားဝတ်နေရေး အတွက် တစ်ပိုင်တစ်နိုင် အသုံးပြုခွင့်တော့ နားလည်မှုနဲ့ ပေးထားတယ်။ အဲဒီအထဲမှာ လျှပ်စစ်ဝါယာ ရှော့ခ့် တိုက် ငါးဖမ်းနည်းကို လုံးဝ ခွင့်မပြုပါဘူး´ လို့ ၎င်းက ပြောပါတယ်။

လျှပ်စစ်ဝါယာ ရှော့ခ် တိုက်နည်းကို ရင်တွန်းပိုက်တွေမှာလည်း သုံးကြပါတယ်။ ရင်တွန်းပိုက် ဆိုတာ လူက ရေထဲ ဆင်းပြီး ၀ါးလုံးနှစ်ချောင်းမှာ ချည်ထားတဲ့ ပိုက်ကို တွန်းရင်း ငါးဖမ်းတဲ့နည်း ဖြစ်ပါတယ်။ ပိုက်အစွန်းထိပ်နှစ်ဖက်မှာ ၀ါယာကြိုးနှစ်ချောင်း ချည်ထားပြီး ရှော့ခ် တိုက်တဲ့နည်းပါ။

အများစုကတော့ ၀ါးတုတ်တံထိပ်မှာ သံချောင်း တပ်ပြီး လမ်းလျှောက် ရှော့ခ် တိုက်နည်းကို အသုံးပြုကြတာ တွေ့ရပါတယ်။ သည်နည်းက အရင်းအနှီးနည်းပြီး အလွယ်တကူ လုပ်နိုင်တဲ့နည်း ဖြစ်တာကြောင့်ပါ။

၎င်းငါးဖမ်းနည်းဟာ လွန်ခဲ့တဲ့ ၆ နှစ်ကျော်လောက်က မိုးယင်းကြီးဒေသကို စတင် ရောက်ရှိလာခဲ့ပြီး တစ်စတစ်စနဲ့ တွင်တွင် ကျယ်ကျယ် သုံးလာကြတာ ဖြစ်တယ်လို့ တံငါသည်တွေက ပြောကြပါတယ်။

မိုးယင်းကြီးအုပ်ချုပ်ရေးဌာနမှာ ၀န်ထမ်းအင်အားနဲ့ ဘတ်ဂျက်အင်အား နည်းတာကြောင့် ၀ါယာလျှော့တိုက် ငါးဖမ်းနည်း အသုံးပြုသူ အရေအတွက် အတိအကျ သိဖို့ခက်တယ်လို့ အမည်မဖော်လိုတဲ့ သစ်တောပညာရှင်က ပြောပါတယ်။


ရေတိမ်ဒေသနှင့် အစာကွင်းဆက်

ဝါယာ ရှော့ခ် တိုက်တဲ့အခါ လျှပ်စစ်စီးကြောင်းထဲ ရှိသမျှ ငါးအပါအ၀င် အခြား ရေနေသတ္တ၀ါတွေကိုပါ ထိခိုက်ပါတယ်။ ၎င်းလျှပ်စစ်စီးကြောင်းနဲ့ ထိတွေ့မိတဲ့ ငါးမှန်သမျှရဲ့ မျိုးပွားမှုအင်္ဂါတွေ ပျက်စီးစေနိုင်တယ်လို့ ဆိုပါတယ်။

`၀ါယာလျှော့တိုက်ခံလိုက်ရတဲ့ ငါးတွေမှာ ငါးအထီးတွေတောင် အထီးစစ်စစ် မဟုတ်တော့ဘဲ “ဂျီပုန်း”တွေ ဖြစ်ကုန်တယ်´ လို့ ၎င်းပညာရှင်က ပြောပါတယ်။

ငါးအပါအ၀င် ရေပိုးရေမွှားလေးတွေကိုပါ သေစေနိုင်တာကြောင့် ၎င်းတို့ကို အစားအစာအဖြစ် မှီခိုနေတဲ့ ငါးငယ်တွေ၊ ငါးငယ်တွေကို မှီခိုနေထိုင်တဲ့ ငါးကြီးတွေ စသဖြင့် အစာကွင်းဆက်ကို အဆင့်ဆင့် ထိခိုက်စေနိုင်ပါတယ်။


ဘက်ထရီ ၊ ပလပ်စတစ်ပုံးအခွံဖြင့် လက်လုပ် ရှော့ခ်တိုက်ကိရိယာ


မိုးယင်းကြီးအင်း အုပ်ချုပ်ရေးဌာနမှ ငါးလုပ်ငန်းဦးစီးဌာနနဲ့ ပူးပေါင်းပြီး ၀ါယာ ရှော့ခ် တိုက် ငါးဖမ်းသူတွေကို အရေးယူလေ့ ရှိပါတယ်။ အထူးသဖြင့် ငါးရစ်တက်ချိန်တွေမှာ ဘယ်ငါးမျိုးကိုမှ ဖမ်းဆီးခွင့်မပေးဘဲ လိုက်လံ အရေးယူဆောင်ရွက်ပါတယ်။

အဲသည်လို အချိန်မျိုးတွေမှာ မိသားစု စားဝတ်နေရေး အခက်အခဲ ဖြစ်ကြတယ်လို့ တံငါသည် မိသားစုတွေက ဆိုပါတယ်။

`အိမ်ကလူ ငါးဖမ်းတာ အခြေအနေ မကောင်းတော့ ကျွန်မက ဆေးလိပ်လိပ်တယ်။ အိမ်စားစရိတ် မလောက်ပေမယ့် အကြွေးတွေ မများလာအောင်တော့ ထိန်းထားရတာပေါ့´ လို့ မိုးယင်းကြီးအင်းကို မှီခိုနေရတဲ့ တံငါသည်မိသားစု တစ်စုမှ အသက် ၃၇ နှစ်အရွယ် အိမ်ရှင်မတစ်ဦးက မိသားစု စားဝတ်နေရေး ဖြေရှင်းပုံကို ပြောပြတယ်။

ငါးရစ်တက်ချိန်မှာ အဖမ်းအဆီး များတာကြောင့် သူ့ခင်ပွန်း ငါးဖမ်း မထွက်နိုင်တာ ငါးရက်လောက် ရှိပြီး တစ်ဖက်တစ်လမ်းက ၀င်ငွေရှာရတာလို့ ဆိုပါတယ်။ ဆေးပေါ့လိပ်တစ်လိပ် လိပ်ခအဖြစ် ငွေတစ်ကျပ်ရရှိပြီး ကျွမ်းကျင်တဲ့ အမျိုးသမီးတစ်ဦး တစ်ရက်ကို ဆေးလိပ် ၁၂၀၀ ၀န်းကျင်ခန့် လိပ်နိုင်တယ်လို့ သိရပါတယ်။

သူတို့မိသားစုဝင်ငွေဟာ ပုံမှန်မရှိဘဲ တစ်ရက်ကို ကျပ် ၃၀၀၀ ကနေ ၅၀၀၀ ၀န်းကျင်ရရှိပြီး ငါးအမိများတဲ့နေ့တွေမှာတော့ အဲဒိထက် ၀င်ငွေပိုတယ်လို့ ဆိုပါတယ်။

ယခုချိန်ဟာ ကလေးတွေ ကျောင်းဖွင့်ချိန်ဖြစ်တာကြောင့် ကလေး ကျောင်းစရိတ် အခက်ခဲကိုဖြေရှင်းဖို့ လက်ရှိသုံးနေတဲ့ ငါးဖမ်းလှေကို ရောင်းပြီး သူ့ထက် နည်းနည်း သေးတဲ့ လှေကိုပြန်ဝယ်မယ် လို့ ဆိုပါတယ်။ ပိုတဲ့ငွေနဲ့ ကလေးကျောင်းထားဖို့ စီစဉ်ရမယ်လို့ တံငါသည် မိသားစုတစ်စုမှ အိမ်ရှင်မက ပြောပြတယ်။


ထိန်းသိမ်းရေးအတွက် အချက်သုံးချက်

မြန်မာ့ကျေးလက်ဒေသတွေမှာ အလုပ်အကိုင် ရှားပါးမှုနဲ့ ပညာ ကောင်းစွာ မသင်ကြားနိုင်မှုတွေက ဒေသဖွံ့ဖြိုး တိုးတက်ရေးကို နှောင့်နှေးစေပြီး သည်ကိစ္စကို တာဝန်ရှိ အာဏာပိုင်တွေက မဖြေရှင်းပေးနိုင်သရွေ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းတွေ လုပ်ဆောင်ဖို့ ခက်ခဲနေဦးမယ်လို့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အန်ဂျီအို ပညာရှင်တစ်ဦးက မှတ်ချက်ပေးပါတယ်။

ပတ်ဝန်းကျင် ထိန်းသိမ်ရေး လုပ်ငန်းတွေ လုပ်တဲ့အခါ ၎င်းဒေသကို မှီခိုနေထိုင်သူတွေရဲ့ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားမှုက လွန်စွာ အရေးကြီးပါတယ်။

`ပထမအချက်က Listining။ နားထောင်ပြီးတော့မှ Understanding။ အဲဒါတွေ သဘောပေါက်ပြီဆိုမှ Participating။ ဒါပေမယ့် ကျွန်တော်တို့ ဆီမှာက လောလောဆယ် စားဖို့ အတွက်ပဲ လုပ်နေရတော့ Listining နဲ့တင် ပြီးသွားတဲ့သူတွေ အများကြီး´ လို့ ၎င်းက ရှင်းပြပါတယ်။

`စားစရာမရှိတဲ့သူက နားထောင်ဖို့လည်း အချိန်ပေးနိုင်မှာ မဟုတ်ဘူး။ သူတို့ကို အရင်ဆုံး စားစရာရှိအောင် လုပ်ပေးနိုင်မှ ကျန်တာတွေ ဆက်လုပ်လို့ရမှာ။ အသက်ရှင် ရပ်တည်ရေးအတွက် ရုန်းကန်ရတာကို တစ်ဖက်သတ် အပြစ်တင်နေလို့ မရပါဘူး´ လို့ သူက ဆက်ပြောတယ်။

အကျင့်ပျက်ချစားတဲ့ အစိုးရ ၀န်ထမ်းတွေနဲ့ အဏာပိုင်တွေနဲ့နီးစပ်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေရဲ့လောဘကြောင့် မြန်မာနိုင်ငံရဲ့ သဘာဝ သယံဇာတတွေ တော်တော်များများဟာ ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်းမှာ အလျင်အမြန် ပြုန်းတီးလာခဲ့ပါတယ်။

သဘာဝတောတွေ ခုတ်ထွင်ပြီး ဆီအုန်းနဲ့ရာဘာ စိုက်ပျိုးခြင်း၊ သစ်တောတွေ ထုတ်ပေးနိုင်စွမ်းထက် အလွန်အကျွံ ထုတ်ယူသုံးစွဲခြင်း နဲ့ ရွှေတွင်းတွေ အကြီး အကျယ် လုပ်ခွင့်ပေးတာကြောင့် မြေပြိုမှုတွေ၊ မြစ်ရေကြီးမှုတွေနဲ့ ရေညစ်ညမ်းမှုတွေ ဖြစ်လာတာကို ထောက်ပြ ပြောဆိုပါတယ်။

၎င်းလုပ်ငန်းတွေဟာ ဒေသ ပတ်ဝန်းကျင်ကို အမှီပြု နေထိုင်ကြရတဲ့အခြေခံ လူထု အပါအ၀င် နိုင်ငံတော်ကို အကျိုးစီးပွား ဖြစ်ထွန်းစေတဲ့ လုပ်ငန်းတွေ မဟုတ်ဘဲ ရေပေါ်ဆီ လူတန်းစားတစ်စုနဲ့ အာဏာပိုင်တွေရဲ့ အကျိုးစီးပွား အတွက်သာ ဖြစ်တယ်လို့ ဆိုပါတယ်။

`အန်ဂျီအိုတွေက ပညာပေးတာ၊ မေတ္တာရပ်ခံတာပဲ လုပ်လို့ရမယ်။ ဒေသခံတွေ ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ သဘာဝ ပတ်ဝန်းကျင်ကို အလွန်အကျွံ စီးပွားဖြစ် သုံးနေတဲ့သူတွေကို ဥပဒေအရ စီမံနိုင်ဖို့ကျတော့ အာဏာပိုင် အဖွဲ့ အစည်းတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု လိုပါတယ်´ လို့ အဆိုပါ ပညာရှင်က ပြောပါတယ်။

မိုးယင်းကြီး ရေတိမ်ဒေသမှာ ငှက်နဲ့ ငါးအပြင် လိပ်တွေကိုပါ တွေ့ရှိနိုင်ပါတယ်။ ဒါပေမယ့် ဈေးကောင်းပေးဝယ်တဲ့သူတွေ ရှိတာကြောင့် အင်းထဲမှာ လိပ်တွေ အတော် ရှားပါးလာပြီလို့ တံငါသည်တွေက ဆိုပါတယ်။

`ဟိုးအရင်က လိပ်ဥတွေပါ ရတတ်တယ်။ ကျွန်တော် လိပ်မမြင်ရတာ နှစ်နဲ့ချီနေပြီ´ လို့ သားကြီးက ပြောပါတယ်။ ၀ါယာ ရှော့ခ် တိုက်နည်းကို သူ အသုံးပြုလာတာလည်း လေးနှစ်ကျော် ရှိပါပြီ။

ရှော့ခ် တိုက်နည်းကြောင့် ငါးမျိုးတွေ ရှားပါးလာနိုင်တယ် ဆိုတာကိုလည်း သားကြီးက သိနေသူပါ။ ကိုယ်တိုင်လည်း အကြိမ်ကြိမ် ဓာတ်လိုက်ခံဖူးပေမယ့် တစ်နှစ်အရွယ် သားကလေး တစ်ယောက် ရှိတဲ့ သူ့မိသားစု စားဝတ်နေရေးအတွက် သည်အလုပ်ကို မလုပ်ရင် ရွာမှာ တခြား ၀င်ငွေရစရာလမ်း မရှိတော့ဘူးလို့ သူက ပြောတယ်။

`ကျွန်တော်တို့ကလေးတွေ ခေတ်ကျရင် ငါးတွေရှိတာ မရှိတာထက် ဒီသေမင်းတမန်ကို ကျောပိုးပြီး ငါးတွေကို ဓာတ်လိုက်အောင် မလုပ်ရင် လောလောဆယ် ကျွန်တော်တို့ ထမင်းငတ်သွားလိမ့်မယ်´ လို့ ဘက်ထရီအိုးနဲ့ တွဲထားတဲ့ စက်ခလုပ်ခုံကို ပုတ်ပြရင်း သူက ပြောလိုက်တယ်။


© 2010 MoeMaKa Radio & Multimedia

မြန်မာပြည်ရှိ မော်တော်ကား တစ်စင်း အကြောင်း ( မြသန်းတင့် )


မြသန်းတင့်
ဇူလိုင် ၂၅၊ ၂၀၁၀ (မှတ်ချက် - ၁၉၉ဝ ပြည့်နှစ် နိုဝင်ဘာလထုတ် ဥသာဂျာနယ်မှ ၀တ္ထုတိုဖြစ်သည်။ ချင်းတွင်းမင်းသမီး ပြန်လည်ဖေါ်ညွှန်း ပေးပို့သည်။)


ကိုယ့်ကိုကိုယ်တော့ စောတယ် လို့ ထင်တာပဲ။ ဟုတ်တယ်လေ၊ အလွန်အအိပ်ကြီးတဲ့ကောင်၊ နေမြင့်မှ အိပ်ရာက ထတဲ့ကောင်။ အိမ်မှာဆိုရင် ညသန်းကောင်သန်းလွဲထိ စာဖတ်၊ ကဗျာတွေရေး၊ ဝတ္ထုတွေရေးနဲ့။ ကျွန်တော့်အခန်းက မီးဟာ အမြဲလိုလို နာရီပြန် တစ်ချက်၊ နှစ်ချက်လောက်မှ ငြိမ်းတာ။ ဒီတော့ အိပ်ရာထလည်း နောက်ကျတာပေါ့။

ခုတော့ သူများရပ်ရွာမို့လို့ ကျွန်တော် စောစောစီးစီး ထရတယ်။ အထူးသဖြင့် ဒီကနေ့ ကျွန်တော် အိမ်ပြန်မယ့်ရက် ဆိုတော့ စောစောမထလို့ မဖြစ်ဘူး၊ ကျွန်တော် ပြန်ရမှာက ဘတ်(စ်)ကား တစ်တန်၊ မီးရထား တစ်တန်။

ရွာကလေးကနေ တစ်စင်းတည်းသော ဘတ်(စ်)ကားနဲ့ မြို့ကလေးကို သွားရမယ်။ ညနေ ၆-နာရီမှာ မြို့ကလေးမှာ ရထား ဆိုက်မယ်။ အဲဒီကနေပြီး ဒီရထားနဲ့ ကျွန်တော်နေတဲ့မြို့ကို ပြန်ရမှာ။ အမှန်ကတော့ အဲဒီရွာကလေးကို ကျွန်တော်မသွားချင်ဘူး။ ခရီးလမ်းပန်းက ခေါင်လွန်းလို့။ အဖေနဲ့အမေတို့ ခေါင်းချခဲ့ နေရာ၊ မရောက်တာကြာပြီ။ ကြာဆို ဆယ်နှစ်လောက်ရှိရောပေါ့။ တစ်နေ့ကတော့ မိတ်ဆွေဆရာဝန်တစ်ယောက်က အဲဒီရွာကလေးကို သွားမယ်ဆိုလို့ သူ့ကားလည်း ကြုံတာနဲ့ လိုက်လာတာ။ သူက နေ့ချင်းပြန် သွားတယ်။ ကျွန်တော် နေရစ်ခဲ့တယ်။

ရွာမှာကျွန်တော် နှစ်ညပဲ အိပ်တယ်။ ရောက်တဲ့ညရယ်၊ နောက်တစ်နေ့မှ အဖေနဲ့အမေတို့ရဲ့ ဂူကို သွားကန်တော့တယ်၊ အဲဒီညအိပ်တယ်။ သည်နေ့မနက် စောစောမှာ ကျွန်တော်ပြန်တယ်။

ပြန်မယ့်မနက်ကျတော့ စောစော ထရတယ်။ ရွာက မြို့ကလေးကိုသွားတဲ့ ဘတ်(စ်)ကားက အစောကြီး ထွက်မှာကိုး။ စောဆို သူက မနက် ၅-နာရီမှာ ထွက်မယ်။ မြို့ကို မွန်းတည့်ချိန်လောက်မှ ရောက်မယ်။ ကျွန်တော်သွားတဲ့ ရွာကလေးနဲ့ မြို့က မိုင်လေးဆယ်ပဲဝေးတယ်။ ဒါပေမယ့် ကားလမ်းဆိုတော့၊ မိုင်လေးဆယ်ကို ငါးနာရီလောက် မောင်းရတယ်။ တစ်နာရီကို ဆယ်မိုင်နှုန်းတောင် မပြည့်ချင်ဘူး။

မတတ်နိုင်ဘူးလေ။ ဒီလမ်းပဲ ရှိတာကိုး၊ မွန်းတည့်ရောက်ရင် အသိမိတ်ဆွေတွေကို လိုက်ပြီး နှုတ်ဆက်ချိန်ရသေးတယ်။ ကျွန်တော်နေမယ့်မြို့ကို ပြန်မယ့် မီးရထားက ညနေ ၅-နာရီ ဆိုတော့ တစ်ညနေလုံး မြို့ကလေးပေါ်မှာ လျှောက်လည်ချိန် ရသေးတယ်။ မြို့မှာရှိတဲ့ မိတ်ဆွေတွေကိုလည်း ၆-နာရီ ရထားနဲ့ ပြန်ဖို့ လက်မှတ် ယူခိုင်းပြီးပြီ။ ရထားလာတာနဲ့ တက်လိုက်သွားရုံပဲ။

မြို့ကိုသွားမယ့် ကားဆိပ်က ရွာထိပ်က တမာတန်းမှာ ရှိတယ်။ ဘတ်(စ်)ကားက မနက် ၅-နာရီ ထွက်မှာ ဆိုတော့ ၄-နာရီလောက်ကတည်းက အိပ်ရာက ထရတယ်။

ကျွန်တော် ကားဆိပ်ကို ရောက်သွားတော့ ၄-နာရီခွဲ။ ကျွန်တော့်ကိုယ် ကျွန်တော် ဝီရိယရှိလှပြီလို့ အောက်မေ့နေတာ။ ဘယ်မှာဟုတ်လို့လဲ ကားဆိပ်ရောက်တော့ လူတွေက ပြည့်ကျပ်နေပြီ။ ကားက ဘော်ဒီတင်ထားတဲ့ ဘတ်(စ်)ကား၊ ထိုင်ခုံတွေက ဘေးတစ်ဖက်တစ်ချက်မှာ ရှိတယ်။ အလယ်ခေါင်မှာ ကွက်လပ် ရှိတယ်။ ကွက်လပ်မှာလည်း ခုံတန်းရှည် တစ်တန်းထိုးထားတယ်။ ပစ္စည်းခပ်သေးသေးဆိုရင်တော့ ခြေထောက်တွေကြားထဲ၊ ခုံတွေကြားထဲမှာ ထိုးထည့်လို့ရတယ်။ ပစ္စည်း ခပ်ကြီးကြီးဆိုရင် ခေါင်မိုးပေါ်မှာတင်ရတယ်။ ခေါင်မိုးပေါ်မှာလည်း ပစ္စည်းတွေ ပြည့်မောက်လို့ပါလား။ အမိုးပေါ်မှာတင်ထားတဲ့ပစ္စည်းဟာ လူတစ်ရပ်နီးပါးမြင့်လိမ့်မယ် ထင်တယ်။ အစတုန်းကတော့ ကျွန်တော့်ကို ကားရှေ့ခန်းက တင်ဘို့ပါပဲ။ ဒါပေမယ့် ဘုန်းတော်ကြီးနှစ်ပါး ပါလာတာနဲ့ သူတို့ကို နေရာပေးလိုက်တယ်။ ကိစ္စမရှိဘူးလေ ဒီလိုပဲ လိုက်ရမှာပေါ့။

ဘတ်(စ်)ကားနာမည်က သိန္ဓဝ တဲ့၊ ဘယ်ဆိုးလို့လဲ နာမည်ကတော့ တော်တော် ကောင်းတဲ့ နာမည်ပဲ။ နတ်မြင်းပျံမျိုးပေါ့၊ သိန္ဓဝ ဆိုတာ ကျွန်တော်တို့ရွာကလေးမှာ ကျွန်တော်တို့ ငယ်ငယ်ကတည်းက ရှိခဲ့တဲ့ တစ်စင်းတည်းသော ဘတ်(စ်)ကား။

စစ်မဖြစ်ခင် ကျွန်တော်တို့ ငယ်ငယ်တုန်းက မြို့ကျောင်းဖွင့်ရင် ဒီဘတ်(စ်)ကားနဲ့ပဲ သွားရတယ်။ အဲဒီတုန်းက ဘတ်(စ်)ကားပိုင်ရှင်က ဦးအဲ တဲ့။ ဦးအဲက အစတုန်းက မန်ကျည်းကုန်သည်။ နောက်တော့ မန်ကျည်းလုပ်ငန်း သိပ်မကောင်းတော့တာနဲ့ မော်တော်ကားမောင်းတာ၊ အဲဒီတုန်းက မော်တော်ကားနံပါတ်တွေ မြန်မာလို မရေးသေးဘူး၊ အင်္ဂလိပ်လိုပဲရေးတယ်၊ ကျွန်တော်မှတ်မိသေးတယ်၊ ဦးအဲရဲ့ ကားနံပါတ်က အာရ်အေ။ နောက်က ဂဏန်းကိုတော့ ကောင်းကောင်း မမှတ်မိတော့ဘူး။ ဒါပေမယ့် သိပ်မများပါဘူး၊ နံပါတ် လေး ငါးရာကျော်လောက်ပဲ ရှိမယ် ထင်တယ်။ ခုခေတ်စကားနဲ့ ပြောရမယ်ဆိုရင်တော့ ကကြီးနံပါတ်ပေါ့။

ကျွန်တော်က မြို့ကျောင်းမှာ နေတော့ ကျောင်းဖွင့်၊ ကျောင်းပိတ်ရက် ဆိုရင် ဦးအဲရဲ့ ကားနဲ့ပဲ ကျောင်းတက်ရတယ်။ ဟိုတုန်းကလည်း မနက် ၅-နာရီလောက်မှာ ထစီးရတာ၊ အမေက ကျွန်တော့်ကို ရွာအထွက် တမာတန်းကလေးအထိ လိုက်ပို့တတ်တယ်။ ကားဆိပ်က ရွာအထွက်က တမာတန်းမှာ ဆိုတော့ မြို့ကိုသွားတဲ့ လူတွေလာ လာပြီး စီးကြရတယ်။ မြို့ကပြန်လာရင်လည်း တမာတန်းမှာပဲ ကားဂိတ်ဆုံးတယ်။ ဒီတော့ အထုတ်အပိုးကလေးတွေ ကိုယ်စီထမ်းပြီး တမာတန်းက ရွာထဲကို ဝင်ကြရတယ်။

ခု ကျွန်တော် အသက် ငါးဆယ်ကျော် ခြောက်ဆယ်နား ကပ်လာတော့လည်း ကျွန်တော့်ရွာကလေးက ကားဆိပ်ဟာ တမာတန်းမှာပဲ ရှိသေးတယ်။ နာမည်ကလည်း သိန္ဓဝ တဲ့၊ အရင် ကားဟောင်းကြီးတော့ ဟုတ်မယ် မထင်ပါဘူး။ နာမည်ပဲ တူတယ် ထင်ပါရဲ့။

တမာတန်းကို ကျွန်တော် ရောက်သွားတော့ မနက် ၄-နာရီခွဲပဲ ရှိသေးတယ်။ ဒါပေမယ့် ကားဆိပ်မှာ လူတော်တော်စုံနေပြီ။ ကျွန်တော်လည်း နောက်ခန်းက ထိုင်ခုံမှာ ကြပ်ကြပ်တည်းတည်း ဝင်ထိုင်ရတယ်။ ကျွန်တော့်ရွာ ဆိုပေမယ့် ကျွန်တော် သိတဲ့လူတွေ သိပ်မရှိတော့ဘူးလေ၊ ကျွန်တော်နဲ့ ရွယ်တူတွေထဲက ကွယ်လွန်တဲ့သူ ကွယ်လွန်၊ တစ်ရပ်တစ်ကျေးကို ပြောင်းတဲ့လူက ပြောင်းဆိုတော့ မျက်နှာသိရယ်လို့ သိပ်မရှိသလောက်ပါပဲ။ နည်းနည်းပိုကြီးတဲ့ လူကြီးသုံး လေးယောက်ရယ်၊ ဒီလောက်ပဲ ကျန်တော့တယ်။ ကျန်တဲ့ ရွာသူ၊ ရွာသားတွေကတော့ နောက်လူငယ်တွေ။

ခု ကျွန်တော်တို့ ရွာက ကားနာမည်ကတော့ အလျင်လိုပဲ သိန္ဓဝ တဲ့၊ ဒီကားနာမည်ကို ပြောလိုက်ရင် ကျွန်တော်တို့ရွာကကားမှန်း အဲဒီလမ်း တစ်လျှောက်က လူတိုင်း သိတယ်။

ဘတ်(စ်)ကားက အချိန်မှန်တယ်။ ငါးနာရီ ဒေါင်ခနဲလို့ ပြောရတာကတော့ လွယ်လွယ် ပြောလိုက်တာပါ။ အမှန်ကတော့ တောမှာ ဘယ်မှာ ဒေါင်ကနဲ ထိုးတဲ့နာရီ ရှိမှာလဲ။ ရွာဦးကျောင်းက အုန်းမောင်းခေါက်ပြီး ခေါင်းလောင်းထိုးပြီ ဆိုရင် ငါးနာရီပဲလို့ သတ်မှတ်ထားတာပေါ့။ ကျွန်တော့် လက်က လက်ပတ်နာရီကို ကြည့်လိုက်တော့ ငါးနာရီတိတိပဲ။

ဘတ်(စ်)ကားပေါ်မှာ လူတွေ ပြည့်သိပ်နေကြတယ်။ ရန်ကုန်မှာ ဘတ်(စ်)ကား လူကြပ်တယ် ဆိုတာ ဘာဟုတ်သေးသလဲ။ ကျွန်တော်တို့ရွာက ကားက အထဲမှာတင် လူကြပ်တာ မဟုတ်ဘူး၊ မော်တော်ကား ခေါင်မိုးပေါ်မှာလည်း လူတွေ အပြည့်၊ တချို့က မော်တော်ကားရှေ့ စက်ခေါင်းပေါ်၊ ဘီးဖုံးပေါ်မှာ ထိုင်လိုက်လာကြတယ်။ တချို့က မော်တော်ကားရှေ့ခန်း ဒရိုင်ဘာရဲ့ဘေးက နင်းခုန်ပေါ်မှာ ထိုင်မတ်တပ် ရပ်လိုက်လာကြတယ်။ မော်တော်ကားကို ကောင်းကောင်း မမြင်ရဘူး။ အဝေးကနေကြည့်ရင် ဖုန်လုံးကြီးထဲမှာ လူပဒေသာပင်ကြီး တစ်အိအိ ရွေ့လာသလိုပဲ။

ကားဒရိုင်ဘာကလည်း မော်တော်ကားလိုပဲ အသက်ကြီးကြီးရယ်၊ ကျွန်တော့် အထင်တော့ အနည်းဆုံး အသက် ခြောက်ဆယ်လောက်တော့ ရှိပြီထင်တယ်။ ဝါရင့်နေတဲ့ စတစ်ကော်လာရှပ်အင်္ကျီလက်ရှည်နဲ့၊ ချည်ကြမ်းလုံချည်ကို ဝတ်လို့ ခေါင်းမှာ မျက်နှာသုတ်ပုဝါကို ဘိုသီဘတ်သီ ပေါင်းထားတယ်။ သူ့လက်မောင်း တစ်ဖက်တစ် ချက်မှာ အိမ်မြှောင်ရုပ် အတက်အဆင်း တစ်ကောင်စီ ထိုးထားတယ်။ အသားက အညာသားပြီပြီ နေလောင်လို့ ညိုမွဲနေပြီး ဒုတိယ ဒီဂရီလောက်အထိ မျက်ခမ်းစပ်လိုက်သေးတယ်။ သူ့ကို ခရီးသည်တွေ အားလုံးက ဆရာစံလို့ ခေါ်ကြတယ်။ သူ့နာမည်ရင်းက ဦးဘစံတဲ့။ ကျွန်တော်တို့နယ်သားပဲ၊ သူလည်း ဒရိုင်ဘာသက် မသေးတော့ဘူး။ အနည်းဆုံးရှိရင် အနှစ်သုံး လေးဆယ် ရှိရောပေါ့။ ကျွန်တော်တို့ရွာက တစ်စင်းတည်းသောကားရဲ့ တစ်ဦးတည်းသော ဒရိုင်ဘာလေ။ ရွာမှာ ကားမောင်းတတ်တဲ့သူဆိုလို့ သူတစ်ယောက်ပဲ ရှိတယ်။

ကျွန်တော်တို့ရွာကလေးက ဧရာဝတီမြစ်ရဲ့ အနောက်ဘက် တော်တော်ချောင်ကျတဲ့ နေရာမှာဆိုတော့ ခုထိ မော်တော်ကားကို မမြင်ဘူးတဲ့ လူတွေရှိသေးတယ်။ မော်တော်ကား ရွာနားက ဖြတ်မောင်းရင် ကလေးတွေက ဝိုင်းလိုက်ကြတယ်။ တချို့က ကားပေါ်ကို အတင်းတွယ်တက်တယ်။ တချို့ အသက်ခပ်ကြီးကြီးတွေကတော့ ထွက်ကြည့်ရုံလောက်ပါပဲ။ အဆိုးဆုံးကတော့ ကလေးတွေပဲ။ တစ်လောကတင် ကလေးတစ်ယောက် မော်တော်ကား နောက်မြီးကို ခိုစီးတာ လိမ့်ကျလို့ ဆေးရုံကို ပို့လိုက်ရသေးသတဲ့။

ကားပေါ်မှာ ပြောလာတဲ့ အကြောင်းတွေကတော့ အစုံပါပဲ။ ဆန်ဈေး၊ ဆီဈေး၊ ဆားဈေး၊ နွားဈေး၊ စပါးဈေး အကြောင်းလည်း ပါတယ်။ ဘုန်းကြီးပျံအကြောင်းလည်း ပါတယ်။ ဇာတ်ပွဲအကြောင်းလည်း ပါတယ်။

ဆရာစံ ခေါ် ဦးဘစံ မောင်းတဲ့ သိန္ဓဝ မော်တော်ကားကြီးဟာ လှည်းလမ်းစောက်ရာတွေ ထင်နေတဲ့ လမ်းတစ်လျှောက်မှာ တအိအိမောင်းလာတယ်။ မြန်မြန်မောင်းလို့မရဘူးလေ၊ လမ်းက လှည်းလမ်း၊ အဲဒီလှည်းလမ်းမှာ လှည်းဘီးရာတွေက တစ်ချို့နေရာတွေမှာ တစ်တောင်လောက်နက်တဲ့ စောက်ကြီးတွေ ဖြစ်နေတယ်။ ဒီတော့ ဆရာစံဟာ အဲဒီလှည်းစောက်နှစ်ခုကြားမှာ ခွပြီး မောင်းရတယ်။ စောက်ထဲကို ဘီးချော်ကျသွားရင် ဒီ မော်တော်ကားကြီးဟာ ဘေးတိုက်လဲကျမှာ သေချာတယ်။ ဒါကြောင့် ဖြေးဖြေးမောင်းရတာ။ ဒီအထဲမှာ လမ်းကြောင်းကလည်း ကျဉ်းသေးတယ်။ လမ်းဘေး တစ်ဖက်တစ်ချက်မှာ နဘူးခြုံတွေ ရှိတယ်။ တစ်ခါတစ်လေမှာ ယာခရိုးမှာ ပေါက်နေတဲ့ တန်ဆောင်းပြသာဒ်ပင်တွေ ရှိတယ်။ နဘူးကိုင်းနဲ့ရိုက်မိရင် မသက်သာဘူး။ အဲ... တန်ဆောင်းပြသာဒ်ပင်တွေနဲ့ တိုးရင်တော့ ဆူးတွေနဲ့ငြိပြီး မျက်နှာစုတ်ပြီလို့သာ မှတ်ပေတော့။

ကျွန်တော်တို့ မော်တော်ကားကြီးဟာ အဲဒီတောလမ်းကလေးပေါ်မှာ တအိအိ မောင်းလာတယ်။ ဘယ်ဆိုးလို့တုန်း သူ့ဒေသနဲ့၊ သူ့မော်တော်ကားနဲ့၊ သူ့ဒရိုင်ဘာနဲ့တော့ ချောလို့။

နာရီကို ကြည့်လိုက်တော့ ခြောက်နာရီထိုးနေပြီ။ နေလုံးက အရှေ့ဖက်တောတန်းတွေပေါ်က ထွက်လာတယ်။ ယာခင်းထဲမှာ ပျံလွှားတွေက အုပ်ဖွဲ့ပြီးပျံနေကြတယ်။ ထန်းတောညိုညိုတွေထဲမှာ မြူတွေရစ်ဝဲနေတယ်။

ကျွန်တော်ဟာ ကားပေါ်မှာ အတွင်းဖက် လှည့်ထိုင်နေရာက ဒီရှုခင်းတွေကို လည်ပြန် လှည့်ကြည့်လိုက်လာတယ်။ ဒီလောက် ကျပ်သိပ်နေတဲ့ခရီး၊ ဒီလောက်ဆိုးတဲ့လမ်းမှာ ဒီလိုလှပတဲ့ ရှုခင်းကလေးတွေ ကြည့်စရာရှိလို့ တော်သေးတာပေါ့။

ဒီလိုရှုခင်းကို ကြည့်ပြီး အရသာခံလာတုန်းမှာ မြည်ဟည်းတဲ့ အသံကြီးတစ်သံ ထွက်လာပြီး မော်တော်ကားဟာ ထိုးရပ်သွားတယ်။ ကားပေါ်က အလန့်တကြားအော်သံတွေ၊ ယောင်သံယမ်းသံတွေ၊ ရယ်သံတွေ ပေါ်လာတယ်။ ဘာမှတော့ မဖြစ်ပါဘူး မော်တော်ကား ထိုးရပ်သွားတာပဲ ရှိပါတယ်။ စုံစမ်းကြည့်တော့ ဘီးပေါက်တာ တဲ့။

ကားပေါ်က လူတွေဆင်းပြီး ကားကို ဂျိုက်ထောက်ကြတယ်။ ပြီးတော့ ဘီးလဲကြတယ်။ ဘီးပိုပါလို့ တော်သေးတာပေါ့။ သူတို့ဖြုတ်လာတဲ့ ကျွန်တော်လှမ်းကြည့်လိုက်တယ်။ ဟုတ်တာပေါ့ အမဲရိုးကြီး တန်းလန်းကြီးစူးလို့ ဒူးရိုးကြီး ထင်ပါရဲ့။ ကားက အပေါ်က ဝိတ်များတော့ အမဲရိုးကို တက်အနင်းလိုက်မှာ ဘီးပေါက်သွားတာ။ ဘီးကလည်း ပေါက်မယ်ဆိုရင် ပေါက်ချင်စရာပဲ၊ ဘီးမှာ ပန်းတွေ ဘာတွေ မရှိတော့ဘူး။ တာယာက ကော်ပတ်တိုက်ထားသလို ပြောင်ချောနေပြီ။
“ဆရာစံရဲ့ တာယာကလေး ဘာလေး လဲပါဦး” လို့ အဖွားကြီးတစ်ဦးက လှမ်းပြောတယ်။
“တာယာအသစ်လဲဖို့ပြောတာပဲ အောင်ရေ...ဒါပေမယ့် ကားအုံနာကို အကြောင်း သိတယ် မဟုတ်လား သူက ကားတာယာ တစ်လုံး တစ်လုံးကို ထောင်ချီပေးရတာတဲ့၊ မလဲနိုင်ဘူး” တဲ့။

ကားဆရာ ဦးဘစံနဲ့ စပယ်ယာဟာ ကားဘီးကို ချွတ်လဲနေကြတယ်။ စပယ်ယာကလည်း အသက် မငယ်တော့ဘူး။ ရှိရင် ငါးဆယ်ကျော် ခြောက်ဆယ်နီးပါး ရှိနေပြီ။ ဦးဘစံနဲ့ မတိမ်းမယိမ်းပဲ၊ ယောင်ကြီးထုံးလို့။

ကားဘီးကိုလဲတာ နာရီဝက်လောက်ကြာတယ်။ ခြောက်နာရီခွဲနေပြီ ပေတရာလမ်းဆုံကို မရောက်သေးဘူး။ ကျွန်တော်တို့ရွာနဲ့ ပေတရာလမ်းဆုံက ဆယ်မိုင်လောက်ရှိတယ်။ ခုမှ လမ်းဆုံကိုရောက်ဖို့ လမ်းတစ်ဝက်ပဲ ရှိသေးတယ်။ တစ်နာရီခွဲလောက်ရှိတာတောင် ငါးမိုင်ပဲ ရောက်ပါသေးကလား။ အေးလေ ပေတရာပေါ် မရောက်သေးလို့ ဖြစ်မှာပေါ့။ ပေတရာပေါ် ရောက်ရင် သည့်ထက်တော့ မြန်မယ်လို့ ထင်ရတာပဲ။

ဘီးလဲပြီး မော်တော်ကားထွက်လာတယ်။ ဘာမှ မကြာပါဘူး ကားထိုးရပ်သွားတယ်။ “ရေဆူနေပြီဟေ့” လို့ ရှေ့ခန်းက ဆရာစံက လှမ်းပြောလိုက်တယ်။ စပယ်ယာက ခုန်ကြားထဲက ပလပ်စတစ်ပုံး တစ်ပုံးးကို ဆွဲထုတ်လာပြီး စက်ခေါင်းဆီ ဆင်းသွားတယ်။ ဒီနားတစ်ဝိုက်မှာ ရေရှားတယ်လေ၊ တစ်ချို့ဟာတွေဆိုရင် ရေကန်မှာ ရေခန်းလို့ လေး ငါး ခြောက်မိုင်လောက်ထိသွားပြီး ရေစည်လှည်းနဲ့ ရေတိုက်ရတယ်။ ဒီနားတစ်ဝိုက်မှာ မော်တော်ကားရေဆူလို့ ရေထည့်ချင်ရင် ဘယ်မှာမှ ရေရှာလို့ ရမှာ မဟုတ်ဘူး။ ဒါကြောင့် ကိုယ့်ကားပေါ်မှာ ရေအလုံအလောက် ထည့်လာရတယ်။

နောက်တော့ ချောချောမောမောပါပဲ။ နောက်ထပ် တစ်စုံတစ်ရာ မဖြစ်ပဲ ကျွန်တော်တို့ရွာသွားတဲ့ လမ်းခွဲနဲ့ ပေတရာလမ်းဆုံမှာရှိတဲ့ တစ်ဝက်ဇရပ်ကလေးကိုရောက်တယ်။

တစ်ဝက်ဇရပ်ကလေးမှာ ရေအိုးစင်ကလေးရှိတော့ ရေဆာနေတဲ့သူက ရေသောက်ကြတယ်။ မော်တော်ကားကလည်း ကာဘရေတာပူလို့ ခဏရပ်ဦးမယ်ဆိုပြီး ရပ်ပေးတယ်။

နာရီကို ကြည့်လိုက်တော့ ၇-နာရီထိုးနေပြီ၊ အားပါးပါး ရွာကထွက်လာတာ နှစ်နာရီတင်းတင်းရှိပြီ၊ ခုမှ ဆယ်မိုင်ပဲ ရောက်ပါသေးကလား။ မြို့က မိုင်လေးဆယ် ဝေးတယ်။ နောက်ထပ် မိုင်သုံးဆယ် သွားရဦးမယ်။

တစ်ဝက်ဇရပ်ကလေးမှာ နားနေရင်း ကျွန်တော့်အသိအကျွမ်းဟောင်း တစ်ယောက်ကို သွားတွေ့တယ်။ စောစောက ကားဒရိုင်ဘာဆရာစံက အောင် လို့ ခေါ်တဲ့ အဖွားကြီးလေ။

သည်နာမည်ကို ကျွန်တော်ကြားဖူးပါတယ်လို့ အောက်မေ့နေတာ၊ ခုမှ ကျွန်တော် သတိရတယ်။ ကျွန်တော်တို့ ငယ်ငယ်တုန်းက တစ်ရွာလုံး သူ့ကို “အောင်” လို့ ခေါ်ခဲ့ကြတယ်။ သူ့နာမည်ရင်းက ဒေါ်ငွေအောင် တဲ့။

ဟုတ်တယ် ကျွန်တော်တို့ရွာမှာ ပထမဆုံးစပြီး မော်တော်ကားထောင်တဲ့ ကားအုံနာ ဦးသာဒွန်းရဲ့ဇနီး။ ကြည့်စမ်း သူနဲ့မတွေ့တာ နှစ်ပေါင်း လေးဆယ်ရှိသွားပြီ။ ကားပေါ်မှာ လူတွေကလည်းကြပ်၊ မနက် ဝေလီ ဝေလင်းလည်း ဖြစ်တော့ ကားပေါ်မှာ ပါလာတဲ့လူတွေကို တစ်ယောက်နဲ့ တစ်ယောက် သေသေချာချာ မကြည့်မိကြဘူး။ ခုတစ်ဝက်ဇရပ်ကလေးမှာ နားမှပဲ လူစုံမြင်ရတော့တယ်။

အောင်က ကျွန်တော့်ထက် အနှစ် နှစ်ဆယ်၊ အစိတ်လောက်ကြီးမှာပေါ့။ ခုဆို အသက် ၇၅-နှစ်လောက် ရှိပြီထင်တယ်။ သူလည်း မြို့ကို ပြောင်းနေပြီတဲ့ ရွာကိုခဏပြန်လာတာတဲ့၊ မနေ့ကလည်း တစ်ခြားရွာကို ကူးနေတော့ ကျွန်တော်ရောက်နေမှန်း မသိဘူးတဲ့။

သူ့ယောင်္ကျား ဦးသာဒွန်းကတော့ ဆုံးသွားပြီတဲ့၊ ရေဖျဉ်းစွဲတဲ့ ရောဂါနဲ့တဲ့။

ဟုတ်မှာပဲ။ ကျွန်တော်ငယ်ငယ်ကတည်းက ဦးသာဒွန်းကို မြင်ဘူးတယ်၊ ဦးသာဒွန်းက အဲဒီတုန်းက ကျွန်တော်တို့ရွာမှာ ပထမဆုံး ကားအုံနာ၊ သူကိုယ်တိုင် ကားမောင်းတယ်။ သူကိုယ်တိုင် ကားပြင်တယ်။ ဒါပေမယ့် ဦးသာဒွန်းကားကို ကျွန်တော်ကောင်းကောင်းမမီလိုက်ဘူး။ ကျွန်တော်လူမှန်းသိတဲ့ အရွယ်ရောက်တော့ ဦးသာဒွန်းက ကားအုံနာ မလုပ်တော့ဘူး။ ဦးအဲက ကားအုံနာ ဖြစ်နေပြီ၊ ကျွန်တော်တို့ အခု စီးလာတဲ့ မော်တော်ကားကြီးရဲ့ နာမည်ပဲ။ သိန္ဓဝ တဲ့၊ ငယ်ငယ်တုန်းက ညနေ မော်တော်ကားကြီး မြို့က ပြန်လာချိန်ဆိုရင် ကျွန်တော်တို့တစ်တွေလည်း ရွာထိပ်က တမာတန်းကို ထွက်ပြီး သွားကြိုလေ့ ရှိတယ်။ ကားကြီးနောက်မြီးကို ခိုစီးကြတာ တစ်ပျော်တစ်ပါး၊ လိမ့်ကျမှာတို့ ဘာတို့ကို ကြောက်ရမှန်း မသိဘူး။

နောက်တော့ ကျွန်တော်တို့ရွာမှာ ဦးသာဒွန်းက မြို့ကို ပြောင်းသွားပြီး ပွဲစားလုပ်တော့ အဲဒီကားဟာ ဦးအဲရဲ့လက်ထဲမှာ၊ ကျွန်တော်မှီလိုက်တာက ဦးအဲရဲ့ကား စစ်ဖြစ်ခါနီးကျတော့ အဲဒီကားဟာ ဦးဖိုးထိုက်ရဲ့လက်ထဲဆီ ရောက်သွားတယ်။

ဒီလောက်ပဲ ကျွန်တော်မှတ်မိတယ်။ ဂျပန်ခေတ်ကျတော့ ကျွန်တော်တို့ရွာကလေး စစ်လမ်းကျလို့ ကျွန်တော်တို့လည်း တစ်ခြားရွာကို ထွက်ပြေးခဲ့ကြတယ်။

“အဲဒီတုန်းက ဓာတ်ဆီလည်း မရှိဘူး မဟုတ်လားကွဲ့၊ ဒီတော့ တို့ရွာတောင်ဘက်နားက လက်ဆွဲရေနံတွင်းကို ရေပုန်းနဲ့ငင်ပြီး ဓာတ်ဆီချက်ကြတယ်လေ၊ ဓာတ်ဆီက အဝါရေတွေကွဲ့၊ ဖြူမနေဘူး။ ကိုဖိုးထိုက်တို့က အဲဒီ ဓာတ်ဆီနဲ့ မော်တော်ကား ဆွဲတယ်။ နောက်တော့ ဂျပန်က သူ့မော်တော်ကားကို ခဏခဏချောဆွဲတာနဲ့ တစ်စစီ ဖြုတ်ပစ်လိုက်တယ်။ ဂျပန်လာပြီး ချောဆွဲတော့ ကိုဖိုးထိုက်က ဖျက်ထားတဲ့ သူ့ကားကို လက်ညိုးထိုးပြလိုက်တယ်လေ။ ဒီတွင် ဘယ်သူသွားပြီး တို့မီး ရှို့မီးလုပ်လို့လည်း မသိဘူး၊ ကိုဖိုးထိုက်လည်း ဂျပန် အရိုက်ခံရသေးတယ်။ ဂျပန်ခေတ်တစ်ခေတ်လုံး သူ့ကား သံတိုမယ်နပုံအဖြစ် ပစ်ထားလိုက်တာ နည်းတဲ့နှစ်လား၊ ဂျပန်အုပ်စိုးတဲ့ သုံးနှစ်လုံးလုံးပေါ့”

အောင်က ကျွန်တော့်ကို အဲဒီကားရဲ့ ရာဇဝင် ပြောပြတယ်။

စကားကောင်းနေတုန်းမှာ ကားထွက်မယ် ဆိုတာနဲ့ ကျွန်တော်တို့ ဘတ်(စ်)ကားကြီး တအိအိ နဲ့ ထွက်လာတယ်။

ပေတရာဆိုပေမယ့် ကတ္တရာခင်းထားတဲ့ ပေတရာ မဟုတ်ဘူး။ ဟိုတုန်းက ဒိစတြိကောင်စီ လက်ထက်က ကျောက်လမ်းခင်းထားတဲ့လမ်း၊ စောစောက ကျွန်တော်တို့သွားခဲ့တဲ့ လမ်းခွဲထက် နည်းနည်းကျယ်တာကလွဲလို့ ကျန်တာတော့ အတူတူပါပဲ။ လမ်းပေါ်မှာ လှည်းတွေဖြတ်မောင်းလို့ လှည်းဘီးရာ ဇောက်ကြီးတွေ ထင်နေတယ်။ ဒီအထဲမှာ လှည်းတွေကလည်းဖြတ်မောင်းနေလို့ သူတို့ကိုကျော်ရတယ်။ သူတို့ကိုက လမ်းဘေးဆင်းရှောင်ပေးပါရဲ့၊ ဒါပေမယ့် သိတဲ့အတိုင်း နွားတွေက မော်တော်ကားကို စိမ်းနေတဲ့ နွားတွေမဟုတ်လား။ ဒါကြောင့် လှည်းတစ်စီး လမ်းဘေးဆင်းရှောင်ပြီ ဆိုရင် အနည်းဆုံး ဆယ်မိနစ်လောက်ကြာတယ်။

ဒီကြားထဲမှာ ထန်းဘူးတောဆိုတဲ့ ရွာနားရောက်တော့ တံတားပျက်နေလို့တဲ့ တံတားအောက် လျှိုကြီးထဲ ဆင်းရတယ်။ အတက်ကျတော့ သိန္ဓဝ ဘယ်မှာ တက်နိုင်မှာလဲ။ ဒီတော့ အားလုံး ကားပေါ်က ဆင်းပေးကြရတယ်။ တစ်ဘက်ထိပ်ရောက်တော့မှ ပြန်တက်၊ ကားကိုဆက်မောင်း။

ဘာကြာလို့လဲ လေး ငါးမိုင်လောက်လည်း မောင်းမိရော စက်ထိုးရပ်သွားတယ်။ ဘာဖြစ်လို့လဲမေးတော့ ဆီပိတ်လို့တဲ့။ တော်သေးတာပေါ့၊ ဒီတွင် ရောင်ကြီးဘွေနဲ့စပယ်ယာက ဆင်းပြီး ပါးစပ်နဲ့မှုတ်တယ်။ မရဘူး။ ကားက ဆီမလိုက်ဘူး။ နောက်ဆုံးတော့ မော်တော်ကားလေထိုးတံကြီး ယူလာပြီး မှုတ်ရတယ်။ အဲဒီနားမှာ နာရီဝက်လောက်ကြာတယ်။ နောက် ကျောက်ဆောက်ဆိုတဲ့ ရွာနားရောက်တော့ ဖွတ်ချက် ဖွတ်ချက်နဲ့ လာနေတဲ့ ကားဟာ ထိုးရပ်သွားပြန်တယ်။ ကားပေါ်က ပါလာတဲ့ လူတွေကတော့ ခပ်ပျော်ပျော်ပဲ၊ အချိန်နောက်ကျမှာ၊ ထမင်းစားနောက်ကျမှာ ကားပျက်လို့ ကရိကထများတာတွေကို ဘာမှပူပန်ပုံ မရဘူး။ သူတို့အဖို့ ရိုးနေသလိုပဲ၊ ကျွန်တော်ဖြင့် သူတို့ကိုကြည့်ပြီး အံ့သြလို့မဆုံးဘူး။ တို့မြန်မာလူမျိုးများဟာ တော်တော် အပူပင်၊ အကြောင့်အကြ နည်းတဲ့လူမျိုးပါလား ဆိုပြီး အံ့သြရမလား ဂုဏ်ယူရမလား မသိဘူး။

ဆရာစံက ကားကို စက်နှိုးကြည့်တယ်။ မရဘူး။ ဒါနဲ့ ရောင်ကြီးဘွေစပယ်ယာ ဆင်းပြီး ဂေါက်လှည့်ခိုင်းတယ်။ ရောင်ကြီးဘွေစပယ်ယာလည်း ကားကို ဂေါက်လှည့်တာပဲ၊ သူ့ခမြာချွေးဒီးဒီးကျလို့၊ ဒါပေမယ့် ကားစက်က မနိုးဘူး။ အချိန်က မနက် ဆယ်နာရီလောက် ရှိနေပြီ။

ဒေါ်ငွေအောင်က “ဘစံ၊ နင်ကလည်း ကားသာမောင်းနေတယ်၊ စက်ခေါင်းလေးဘာလေး ဖွင့်ကြည့်ဦးမှပေါ့ဟဲ့။ ပလပ်ကို ဆီမရိုက်ဘူး ထင်တယ်” လို့ ပြောတယ်။

ဆရာစံက ကားအောက်ဆင်းပြီး စက်ခေါင်းဖုံးကို ဖွင့်ကြည့်တယ်။ ဟုတ်တယ် ဟုတ်တယ်၊ ပလပ်ကို မီးမလာဘူး။ ဒီတွင် ပလပ်တွေကို ဖြုတ်ပြီးဆေးရပြန်ရော။

အောင်က ကားအကြောင်းတော်တော် နားလည်သားပဲ လို့ ကျွန်တော်ပြောတယ်။ အုံနာကတော် လုပ်လာတာ အသက်နှစ်ဆယ်လောက် ကတည်းက အသက်ခြောက်ဆယ်လောက်လုပ်လာတာပဲကွယ် ဒီလောက်တော့ နားလည်တာပေါ့၊ ဒီကားက အစတုန်းက အောင်တို့ကားလေ၊ သိန္ဓဝ ဆိုတဲ့ နာမည်က ဘုန်းကြီးက မှည့်ပေးတဲ့ နာမည်၊ ကိုသာဒွန်းရှိတုန်းက အောင်တို့က ဒီကားနဲ့ပဲ လုပ်ကိုင်စားခဲ့ကြတာပဲ။

ဒီမှာတွင် ကျွန်တော် ဒီကားကို တော်တော်စိတ်ဝင်စားသွားတယ်။ ဟုတ်လား ဒါ အောင် တို့ကားကြီးပဲလား။ ဟုတ်ပါ့တော် ဒီကားကြီးက အစတုန်းက အာရ်အေ နံပါတ်နဲ့ ဟိုတုန်းက မော်တော်ကားနံပါတ်တွေက ခုခေတ်လို စလုံးတို့၊ ဆလိမ်တို့ ဓအောက်ချိုက်တို့ မသုံးသေးဘူးကွဲ့။ အာရ်အေ၊ အာရ်ဘီ၊ အာရ်စီ။ ကကြီးနံပါတ် ခခွေးနံပါတ်ပေါ့ကွယ်၊ အာရ်အေနံပါတ်ဆိုတာ ဘယ်လောက်ကြာပြီလဲ စဉ်းစားကြည့်တော့ပေါ့။ နောက်ကျမှ ကကြီးနံပါတ်၊ စလုံးနံပါတ်တို့ ဖြစ်လာတာ၊ ဒီကားရဲ့အသက်က နည်းလို့လား၊ မင်းအသက်ထက်တောင် ကြီးတာပေါ့။

ကျွန်တော်ပင် ငါးဆယ်ကျော် ခြောက်ဆယ်နား ကပ်နေပြီ။ သည်ကားက ကျွန်တော့်ထက် အသက်ကြီးတယ်ဆိုတော့ ခြောက်ဆယ်ကျော်ရောပေါ့။

အမယ်လေး အများကြီးကျော်တာပေါ့၊ ဒီကားကို အောင် တို့ဝယ်တုန်းက ၁၉၃ဝ ခုကွဲ့။ ၁၉၃ဝ ဆရာစံအရေးတော်ပုံကြီးပေါ်တုန်းက ဝယ်တာ။ အောင်တို့လက်ထဲမှာ ဆယ့်ငါးနှစ်လောက် ဆွဲလိုက်တယ်။ နောက်တော့ ဦးအဲ ကို ရောင်းလိုက်တယ်။ ဦးအဲကနေ စစ်ဖြစ်ခါနီးတော့ ကိုဖိုးထိုက် လက်ကိုရောက်သွားတယ်။ စစ်ဖြစ်တော့ ကိုဖိုးထိုက်အိမ်မှာ ဒီအတိုင်းပစ်ထားတယ်။ စစ်ပြီးတော့ အမေရိကန်စစ်တပ်က ကားတွေလေလံပစ်လို့ ကိုဖိုးထိုက် အဲဒီကားတွေကို လေလံဆွဲတယ်။ ပြီးတော့ ဂျပန်ခေတ် တစ်ခေတ်လုံး ပစ်ထားတဲ့ သိန္ဓဝ ကိုလည်း ပြန်ပြင်တယ်။ ကိုဖိုးထိုက်ဟာ ခေါင်းတိုတွေ၊ ခေါင်းရှည်တွေကို ပြင်လိုက်၊ ရောင်းလိုက်သာလုပ်တာ သိန္ဓဝ ကိုတော့ မရောင်းဘူး။ သူကိုယ်တိုင်ဆွဲတယ်။ ပြည်တွင်းဆူပူမှုတွေဖြစ်တော့ ကိုဖိုးထိုက် ကားကြီးကို သူပုန်က သိမ်းသွားတယ်။ သူပုန်တွေ ပြန်ဆုတ်သွားတော့ ကိုဖိုးထိုက် ကိုသူပုန်ကို ကားပေးရမလားဆိုပြီး ရုံးတင် တရားစွဲခဲ့ကြတယ်။ အမှုကတော့ နိုင်ပါရဲ့။ ဒါပေမယ့် ကိုဖိုးထိုက် က ဒီကားကို စိတ်ညစ်လာတာနဲ့ တစ်ယောက်လက်ထဲကို ရောင်းလိုက်တယ်။ သူ့လက်ကနေ ဒီကားကို ငသရောက်ဖက်က အုံနာတစ်ယောက်ဝယ်သွားတယ်။ အဲဒီမှာ ညောင်းဦး-ငသရောက် ကို လေးငါး ဆယ်နှစ်လောက် ဆွဲမယ်ထင်တယ်။ အဲဒီနောက် တောင်သာက ဦးဆိုးပုံ ဝယ်သွားပြီး တောင်သာနဲ့ ဇဂျမ်း ကန်မြဲကို ဆွဲတယ်။ နောက် ဒီကားဟာ ပခုက္ကူဘက်ကို ပြန်ရောက်လာပြီး ရေစကြို နဲ့ လင်းကတော့ ဆွဲတယ်။ အဲဒီလမ်းမှာလည်း ဆယ်နှစ်လောက်ကြာတယ်။ အဲဒီနေ့က မြစ်ခြေကိုရောက်လာပြီး မြစ်ခြေနဲ့ကမ္မ ဆွဲတယ်။ နောက်ဆုံး ဦးသံမှိုက ဝယ်လိုက်တော့ အောင် တို့ရွာ ပြန်ရောက်လာတယ်။ ဒီကားကြီးဟာ နည်းတဲ့ ဆားဗစ်လားကွဲ့။

ကျောက်ဆောက်ကထွက်တော့ ဝက်ကျဆိုတဲ့ ရွာကိုရောက်တယ်။ မနေ့ညက မိုးရွာထားလို့ ဝက်ကျချောင်းနားမှာ ကားက ရွံဗွက်ထဲနစ်သွားတယ်။ ဒီနေရာက တော်တော်ဆိုးတဲ့နေရာ ကျွန်တော် မကြာခဏ သွားဖူးတာပေါ့၊ ရွံကကျစ်မြေစေးတွေ သိပ်ချောတာ၊ မော်တော်ကားဟာ ဝက်ကျရွာနားက ဗွက်ထဲမှာ အမြဲတန်းလိုလိုနစ်တာပဲ။ ဒီလမ်းသွားဖူးတဲ့ ကားတွေထဲမှာ ဝက်ကျဗွက်ကို မနစ်ဖူးတဲ့ ကားရယ်လို့မရှိသလောက်ပဲ။

အဲဒီမှာ သစ်ကိုင်းတွေခုတ်၊ မြေပဲရိုးတွေခင်း တုံးတွေခုပြီး ကားကို မနည်း ဆွဲထုတ်ခဲ့ရတယ်။ တစ်နာရီလောက်ကြာမယ် ထင်တယ်။

နေ့လည် ၁၂-နာရီ မြို့ကို ရောက်မယ်လို့ မှန်းထားတာ ခုတော့ သည် မျှော်လင့်ချက်ကို ကျွန်တော် စွန့်လိုက်ပြီလေ။

ဘတ်(စ်)ကား ဝက်ကျချောင်း ကမ်းထိပ် ဗွက်ထဲက ရုန်းထွက်ပြီး တအိအိနဲ့ မောင်းလာတယ်။ ရှေ့နားကျတော့ ချောင်းကျယ်ကြီး တစ်ခုတွေ့ရတယ်။ ကိုင်းချောင်းပ၊ ချောင်းကြီးက နည်းတဲ့ချောင်းကြီး မဟုတ်ဘူး။ နှစ်မိုင်လောက် ကျယ်လိမ့်မယ်ထင်တယ်။ အညာချောင်းဆိုတော့ ရေမရှိဘူး။ ချောင်းချောက်ကြီး။

ကိုင်းချောင်းကျတော့ ကားကြီးတစ်ခါနစ်ပြန်တယ်။ ဒီတစ်ခါနစ်တာက ဗွက်ထဲမှာ နစ်တာမဟုတ်ဘူး။ သဲထဲမှာ နစ်တာ။ ဒီတော့ ကားပေါ်က လူကုန်ဆင်းပြီး ဝိုင်းတွန်းကြရတယ်။ ကမ်းပါးထိပ်ရောက်တော့ ရေဆူလို့ ရေတစ်ခါထည့်ရပြန်တယ်။ နောက် အင်ပင်ချောင်း အဆင်းကျတော့ ဘရိတ်ပေါက်သွားတယ်။ ကံကောင်းလို့ မမှောက်တာပေါ့။ ကားပေါ်က ခရီးသည်တွေကတော့ မကြောက်ဘူး။ ရယ်တောင်နေလိုက်ကြသေးတယ်။ သူတို့ ကြည့်ရတာ ပျော်နေကြပုံပဲ။

ဘရိတ်ပေါက်တော့ ဘာတတ်နိုင်မှာတုန်း မြန်နှုန်းကို ပိုလျော့ပြီး ဖြည်းဖြည်း မောင်းရုံပဲပေါ့။ ဂီယာနဲ့ ထိန်းမောင်းရုံပဲပေါ့။ နဂိုကမှ နှေးရတဲ့အထဲ ပိုပြီးနှေးသွားတော့တာပေါ့။ အဲဒီတော့ ညနေ သုံးနာရီလောက်ရှိနေပြီ။ ဘယ်သူမှ ထမင်းမစားကြရသေးဘူး။ တစ်ခါပျက်တုန်းကလည်း လမ်းဘေးက အကြော်တဲကလေးထဲမှာ ဝယ်စားတော့လည်း ကားပေါ်မှာပါတဲ့ လူကုန် မရောင်းနိုင်ဘူး။ အရင်ဦးတဲ့ လူတွေသာ စားလိုက်ကြရတယ်။

သည့်နောက်မှာလည်း မော်တော်ကားဟာ ခဏခဏ ထိုးရပ်တယ်။ ကျွန်တော့် အထင်တော့ ဒီခရီးမှာ မော်တော်ကားဟာ ဆယ့်လေး ငါးခါထက်မနည်း ပျက်တယ်ထင်တာပဲ။

နောက်ဆုံး မြို့နားက ချောက်ကန်ကိုရောက်တော့ ကားပျက်သွားပြန်တယ်။ မြို့ကို မြင်နေရပြီ။

ကျွန်တော်တို့ရွာနဲ့မြို့ဟာ မိုင်လေးဆယ်ပဲ ဝေးတယ်၊ ဒီအတွင်းမှာ မော်တော်ကားပျက်လို့ ရပ်ရတာရော၊ သဲချောင်းနစ်တာရော၊ ဗွက်နစ်တာရော၊ လမ်းပေါ်မှာ လှည်းတွေနဲ့ နွားအုပ်တွေ ရှောင်ရတာရောဆိုရင် အခါ သုံး လေးဆယ်လောက် ရပ်ရတယ်။ ဘီးပေါက်တာချည်း အခါ နှစ်ဆယ်လောက်ရှိမယ်။ ဒါပေမယ့် ကားပေါ်မှာ ပါလာတဲ့ လူတွေကတော့ ပျော်ပျော်ပဲ။ တစ်ယောက်မှ မညည်းဘူး။ အဲ ညည်းတဲ့လူဆိုလို့ ကျွန်တော် တစ်ယောက်ပဲရှိတယ်။ ညည်းလို့လည်း မထူးတော့ပါဘူးလေ မြို့နားရောက်တော့ ညနေ ၆-နာရီ ထိုးနေပြီ။ မြို့ထဲက လျှပ်စစ်မီးတွေကို မြင်နေရပြီ။ ဘယ်လိုလုပ်လို့မှ ရထား မမီနိုင်တော့ပါဘူး။

နောက်ဆုံး မြို့နားရောက်လို့ ပျက်တော့ ကျွန်တော် စိတ်မရှည်နိုင်တာနဲ့ ခြေလျင်ပဲ လျှောက်တော့မယ် ဆိုပြီး လက်ဆွဲအိတ်ကလေး ပခုံးမှာ လွယ်ပြီး ကားပေါ်က ဆင်းတယ်။ ဒီတော့ ဒေါ်ငွေအောင် ကလည်း သူလည်း လိုက်မယ်တဲ့။

ဒါနဲ့ ကျွန်တော်တို့နှစ်ယောက် နှစ်မိုင် နီးပါးလောက် ဝေးတဲ့ မြို့ဆီကို ခြေလျင် လျှောက်လာကြတယ်။

ဒေါ်ငွေအောင် အိမ်ထောင်မကျမီ အပျိုပေါက်အရွယ်ကတည်းက မော်တော်ကား၊ ခု သူ အသက် ၇၅-နှစ်ထဲ ရောက်နေပြီ။ ကျွန်တော် မမွေးခင်ကကား၊ ခု ကျွန်တော် အသက် ၆ဝ နားကပ်နေပြီ။

ဒေါ်ငွေအောင် အဆိုအရဆိုရင် ဒီကားဟာ ၁၉၃ဝ ခုနှစ် ကတည်းက သူတို့လက်ထဲရောက်တာ၊ ရှေ့မှာဘယ်လောက်ပြောင်းခဲ့မယ် မသိသေးဘူး။ ဘာဘဲဖြစ်ဖြစ် ဒေါ်ငွေအောင်တို့ လက်ထဲကို ရောက်တဲ့နှစ်နဲ့ တွက်လိုက်ရင်ကို ဒီကားရဲ့သက်တမ်းဟာ ၆ဝ ရှိနေပြီ။ မူလတုန်းက အာရ်အေနံပါတ်ကြီးနဲ့ကား နောက်တော့ ဟိုပစ္စည်းထည့်၊ ဒီပစ္စည်းထည့်နဲ့ ပြင် ပြင်ပြီးမောင်းနေလိုက်တာ ခုထိပဲ ဆိုပါတော့။

ကျွန်တော့်အထင် ပြောရမယ် ဆိုရင်တော့ ဒီကားဟာ မြန်မာပြည်မှာ အသက်အကြီးဆုံးကား ဖြစ်မယ် ထင်တာပဲ။ သည်ကားရဲ့ ရာဇဝင်က နည်းသလား၊ ခေတ်အဆက်ဆက်ကို ဖြတ်သန်းလာခဲ့တဲ့ကား။

ကားတွင် အိုတာမဟုတ်ပါဘူးလေ၊ ကားမောင်းတဲ့ ဆရာစံလည်း အိုပြီပဲ။ အသက် ၆ဝ ဆိုတော့ ဘယ်မှာ ကားမောင်းလို့ ကောင်းပါတော့မလဲ။ ကား ဒရိုင်ဘာတွင် မကသေးဘူး၊ စပယ်ယာ ရောင်ကြီးဘွေဟာလည်း စပယ်ယာလုပ်ဖို့ မကောင်းတော့ပါဘူး။ ဒီကားကို ပြတိုက်မှာပဲ ထားဖို့ ကောင်းပါတော့တယ်။

ဒေါ်ငွေအောင် ဆီကို ဒီကားရာဇဝင် မေးမြန်းပြီး စကားပြောရင်း လျှောက်လာတုန်းမှာ သိန္ဓဝ ဟာ စက်ပျက်တာကို ပြင်ပြီးလို့ နောက်က ဖွတ်ချက်ဖွတ်ချက်နဲ့ မောင်းလာပြီး လေသားရေ ဟွန်းကြီး တစ်ဘော်ဘော် နှိပ်လိုက်လာတယ်။

ကျွန်တော်တို့နားရောက်တော့ ဆရာစံ ကားကို စက်မသတ်ဘဲ၊ အောင် ရေ လာ ကားပေါ်တက်လေ လို့ လှမ်းအော်တယ်။

ဒီတော့ မြို့ထဲကို ရောက်နေပြီ၊ ဒေါ်ငွေအောင် အိမ်နဲ့ဆိုရင် စိတ်ချ မဝေးတော့ဘူး။

ဘစံရေ အိမ်ရောက်ပြီဟဲ့၊ နင့်ကားကို မစီးတော့ဘူး။ ခြေကျင်သွားတာက သေချာသေးတယ် လို့ ရယ်ရယ် မောမောနဲ့ လှမ်းပြောတယ်။

ကားပေါ်က ကိုဘစံနဲ့ ခရီးသည်တွေက ရယ်မောပြီး ကားကို ဆက်မောင်းသွားတယ်။ သိန္ဓဝ ဟာ၊ လမ်းမီးရောင်တွေနဲ့ ဖုန်လုံးတွေကြား တအိအိနဲ့ ဆက်မောင်းသွားတယ်။ ။


© 2010 MoeMaKa Radio & Multimedia

မြန်မာစစ်ရာဇ၀တ်မှု စုံစမ်းရေး အတိုက်အခံများ ကြိုဆို

မြန်မာစစ်အစိုးရရဲ့ လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇ၀တ် ပြစ်မှုတွေကို စုံစမ်းဖော်ထုတ်ပေးဖို့ ကုလသမဂ္ဂအနေနဲ့ ကော်မရှင်တရပ် ဖွဲ့စည်းဖို့ကိစ္စကို သမ္မတ အိုဘားမား အစိုးရက ထောက်ခံဖို့ အမေရိကန် အထက်လွှတ်တော်အမတ် ၃၂ ယောက်က စာရေးသားတောင်းဆိုလိုက်တဲ့အပေါ် မြန်မာ့အရေးလှုပ်ရှားသူတွေက ထောက်ခံ ကြိုဆိုလိုက်ကြပါတယ်။ အထက်လွှတ်တော်အမတ် ၃၂ ယောက်က သောကြာနေ့မှာ အဲဒီစာကို နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ကို ရေးသား ပေးပို့ခဲ့ကြတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

မြန်မာစစ်အစိုးရ ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ရာဇ၀တ်ပြစ်မှုတွေကို စုံစမ်း စစ်ဆေးပေးဖို့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက တောင်းဆိုနေတာတော့ ကြာပါပြီ။

နယ်စပ်ဒေသတွေအပါအ၀င် မြန်မာပြည်နိုင်ငံအတွင်း စစ်အစိုးရက ကျူးလွန်နေတဲ့ အခွင့်အရေး ချိုးဖောက်မှုတွေဟာ စစ်ရာဇ၀တ်မှု မြောက်တယ်လို့ ထိုင်း-မြန်မာ နယ်စပ် အခြေစိုက် မြန်မာ့အရေးဆောင်ရွက်နေတဲ့ ဦးအောင်သူငြိမ်းက ပြောပါတယ်။

“ကျနော်တို့ ကရင်ပြည်နယ်မှာ ကြုံတွေ့ခဲ့တဲ့ အတွေ့အကြုံတွေပေါ့ဗျာ၊ ရွာလုံးကျွတ် မီးရှို့တာတို့၊ ရွာတွေ အတင်းအဓမ္မ ရွှေ့ပြောင်းတဲ့ ကိစ္စတွေက ပြောရမယ်ဆိုရင် စစ်ရာဇ၀တ်မှု မြောက်တဲ့ ကိစ္စတွေပါ။ နောက်တခုက မြန်မာ အမျိုးသမီးတွေကို မတော်မတရား လုပ်တယ်ဆိုတဲ့ ကိစ္စတွေ အများကြီး ရှိထားတယ်ပေါ့လေ။ ဒါတွေကတော့ မြောက်ပါတယ်။ ဒါပေမဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ပြောရင်တော့ လက်ရှိမှာ ပြည်တွင်းစစ် ဖြစ်နေတယ်ဆိုတဲ့ အနေအထားမှာ အပစ်အခတ် ရပ်စဲရေး လုပ်ထားတဲ့ကိစ္စတွေကလည်း တော်တော်များများ ကျယ်ကျယ်ပြန့်ပြန့် ရှိနေတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ခြုံပြောရင်တော့ ဘယ်လောက်အတိုင်းအတာလဲ ဆိုတာ ပြောဖို့တော့ ခက်ပါတယ်။”

ဒါကြောင့်လဲ အမေရိကန် အထက်လွှတ်တော် အမတ်အများစုက အခုလို တက်တက်ကြွကြွ တောင်းဆိုလိုက်တာဟာ ကောင်းတဲ့လက္ခဏာ ဖြစ်တယ်လို့ AHRC အာရှလူ့အခွင့်အရေး ကော်မရှင်က ရှေ့နေ ဦးမင်းလွင်ဦးက သုံးသပ်ပါတယ်။

“အခု အဲဒီလိုမျိုး အမေရိကန်နိုင်ငံကနေပြီးတော့ တက်တက်ကြွကြွနဲ့ ဆီနိတ်တာတွေ ၃၂ ဦး ကိုယ်တိုင်က မြန်မာနိုင်ငံတွင်းမှာ ဖြစ်နေတဲ့ လူသားချင်း မစာနာမှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အားလုံးနဲ့ပတ်သက်ပြီးတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကပဲ ဖြစ်ပါစေ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကပဲဖြစ်စေ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့မယ် ဆိုတဲ့ကိစ္စက ပိုပြီးတော့ ကောင်းတဲ့ကိစ္စတွေလို့ ကျနော်တို့ မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ယခင်က အမေရိကန်ကိုယ်တိုင်က အဲဒီလိုမျိုး တက်တက်ကြွကြွ မရှိခဲ့လို့ ကြံ့ကြာနေခဲ့တာ ဖြစ်တယ်။”

HREIB လူ့အခွင့်အရေး ပညာပေးအဖွဲ့ မြန်မာပြည်က ညွန်ကြားရေးမှူး ဦးအောင်မျိုးမင်း ကလည်း အထက်လွှတ်တော်အမတ် ၃၂ ယောက်ရဲ့ တောင်းဆိုချက်ကို ထောက်ခံလိုက်ပြီး အခုလို မြန်မာပြည်အတွက် လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့သင့်တာ ကြာပြီလို့ ဆူဒန်နိုင်ငံ ဒါဖော်ဒေသမှာဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေတွေနဲ့ နှိုင်းယှဉ် သုံးသပ်ပြပါတယ်။

“အခုလိုမျိုး အထူး စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ဖို့က မြန်မာပြည်မှာ လုပ်သင့်တာ ကြာပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ ဆူဒန်နိုင်ငံတုန်းက ဖြစ်ခဲ့သလို လူမျိုးတုံး သတ်ဖြတ်မှုတွေ ပုံစံမျိုးတွေ၊ နောက်တခါ စစ်ပွဲဆိုင်ရာ ရာဇ၀တ်မှု ကျူးလွန်တဲ့ အထောက်အထားတွေ အများကြီး ရှိပါတယ်။ အထူးသဖြင့် တိုင်းရင်းသား ဒေသတွင်းမှာ ကျေးရွာတွေကို ပြောင်းရွှေ့တာတွေ၊ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားနှောက်ယှက်တာတွေ၊ ကလေးသူငယ်တွေကို စစ်မှုထမ်းခိုင်းနေတဲ့အချက်တွေက ဆူဒန်နိုင်ငံရဲ့ အခြေအနေထက် မဆိုးရင်တောင်မှ အဲဒီလောက် အခြေအနေအထိ ဖြစ်နေတာ တွေ့ရတယ်။ အခုအချိန်မှာဆိုရင် မစ္စတာ ကင်တားနားလည်း လာပြီးတော့ လေ့လာစုံစမ်းပြီးတော့ ကော်မရှင်ကိစ္စကို သူ့အနေနဲ့ စုံစမ်းဖို့အတွက် လုပ်ဆောင်နေတာ ရှိတယ်။ ဒီလိုမျိုး အချက်အလက်တွေ တောင်းဆိုနေယုံတင် မကဘဲနဲ့ ဒီအချက်အလက်တွေကို တကယ် ကျူးလွန်တယ်ဆိုတဲ့အချက် သက်သေ အထောက်အထားတွေ ပြဖို့က ကျနော်တို့မှာ နှစ်ပေါင်း ၁၀ စုနှစ်ပေါင်းများစွာ ကျနော်တို့ စုဆောင်းထားတဲ့ အချက်အလက်တွေက သက်သေပြနေပါတယ်။ အဲဒီတော့ ဒီဟာမျိုး ဖြစ်ဖို့အတွက်က ကျနော်တို့ မဖြစ်မနေ လိုအပ်တဲ့အရာတခုလို့ ကျနော်တို့ ပြောချင်ပါတယ်။”

ဒါပေမယ့် ဒီကိစ္စဟာ နောက်ဆုံး အရေးယူမှုအဆင့်ထိရောက်လာဖို့ အချိန် အတော်ယူရဦးမှာ ဖြစ်ပြီး လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံတွေ ဖြစ်တဲ့ တရုတ်နဲ့ ရုရှားနိုင်ငံတို့ရဲ့ ထောက်ခံမှုလည်း လိုအပ်တယ်လို့ အာရှလူ့အခွင့်အရေး ကော်မရှင်က ဦးမင်းလွင်ဦးက ဆိုပါတယ်။

“ဒီကိစ္စကတော့ နောက်ဆုံး အမြင့်ဆုံး အရေးယူနိုင်ဖို့အဆင့်အထိ ဖြစ်လာဖို့တောင်မှ အနည်းဆုံး ၇ နှစ်လောက် ကြာဦးမယ့် အခြေအနေမျိုး ဖြစ်တယ်။ နောက်ပြီးတော့ တခါ နိုင်ငံတကာကနေပြီးတော့ ဒီကိစ္စကို ထောက်ခံဖို့ဆိုတာကလဲ ကျနော်တို့ ရုရှားရယ်၊ တရုတ်ရယ်က ပူးပေါင်းပါဝင်ပြီးတော့ ထောက်ခံမှသာလျင် ဒီကိစ္စက ဖြစ်ဦးမှာဖြစ်တယ်။ အဲဒီတော့ ကျနော်တို့ အမေရိကန် ပါလာတဲ့အတွက်တော့ ကျနော်တို့ အားရှိတာတော့ မှန်တယ်။ သို့သော်လည်းပဲ စောစောကပြောသလို ဖြစ်နိုင်တဲ့အခြေအနေက တရုတ်နဲ့ ရုရှား နှစ်နိုင်ငံ ခံနေသေးတဲ့အတွက် ဒီအပေါ်မှာ ကျနော်တို့ စောင့်ကြည့်ရဦးမှာဖြစ်တယ်။ အလွန်ဆုံး ဖြစ်လာနိုင်တာကတော့ ကျနော်တို့ မြန်မာနိုင်ငံတွင်းမှာ ကျူးလွန်ခဲ့တဲ့ စစ်အာဏာရှင်တွေ အတွက် နောက်ဆုံး ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအပေါ်မှာ ခုံရုံးဖွဲ့ စစ်ဆေးစီရင်ဖို့ ဖြစ်လာနိုင်တဲ့အထိလောက်ပဲ ရောက်ဦးမယ်လို့ ကျနော်တို့က မျှော်လင့်တယ်။”

အခု အမေရိကန် အထက်လွှတ်တော် အမတ် ၃၂ ယောက် ပေးပို့ခဲ့တဲ့ စာထဲမှာတော့ မြန်မာနိုင်ငံကို ဒဏ်ခတ်ပိတ်ဆို့ ဖိအာေးပးမှုတွေ လုပ်ဆောင်နေတဲ့ တချိန်တည်းမှာပဲ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းမယ့်ကိစ္စကို ထောက်ခံတာဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဖော်ဆောင်ရေး၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေ စိုးမိုးရေးတို့အတွက် အမေရိကန်က အခိုင်အမာ စိတ်ပိုင်းဖြတ်ထားတယ် ဆိုတာသိအောင် စစ်အစိုးရကို ထင်ထင်ရှားရှား ပြသရာ ရောက်လိမ့်မယ်လို့ ဖော်ပြထားပါတယ်။

VOA

ပုဏ္ဏက ကျားမြီးဆွဲကောင်းခြင်း

ဘိုဘိုလန်းစင် Saturday, July 31, 2010 . “... ကျုံးဘေးမှာ လမ်းလျှောက်နေတုန်း နန်းတော်ထဲက ယာဉ်တန်းထွက်လာပြီး ဗိုလ်ချုပ်နေဝင်းက ကားပေါ်ကနေ လက်ပြ သွားတယ်။ ကိုလှကို နောက်ကျောက မြင်တာတောင် မှတ်မိပုံထောက်တော့ ဟိုတခါ မေမြို့ အိမ်တော်မှာ ခေါ်တွေ့တုန်းကပြောဖူး တဲ့ သားကိစ္စကိုလည်း မမေ့လောက်ဘူးထင်ပါရဲ့...” (လူထုဒေါ်အမာ၏ ကိုယ်ရေးမှတ်တမ်းတစောင်မှ) (၁၉၇၂ ခန့်)

ဗိုလ်ချုပ်ကြီး အဂ္ဂမဟာ သီရိသုဓမ္မ နေဝင်း ၏ မှတ်ဉာဏ်နှင့် စပ်လျဉ်း၍ မိတ်ဆွေများလည်း ကြားဖူးပြီး ဖြစ်ပါမည်။ လူတယောက်ကို ပြန်တွေ့တိုင်း သူကမှတ်မိ နှုတ်ဆက်တတ်သော ဝသီကြောင့် “မင်း ဒီမှာပဲလား..” အမေးခံရသူကို သူ့ “အနားပြာ”များက အလိုက်သိလွန်ပြီး ဖြုတ်ပစ်လိုက်၍ ဒုက္ခရောက်ရသည့်အကြောင်း “နေဝင်းပုံပြင်”များမှာ လက်ရှိ မြန်မာ့ နိုင်ငံရေး မိုးလေဝသနှင့် နှိုင်းစာကြည့်လျှင်ပင် ဖြစ်တန်ရာသော အကြောင်းရပ်များဟု ယူဆသင့်ပေ၏။



၁၉၇၆ ခု ဒီဇင်ဘာ ၂၅ ရက်နေ့ထုတ် ကြေးမုံ သတင်းစာ မျက်နှာဖုံး သတင်း အနေနှင့်တွေ့ရသည့် တပါတီ အာဏာရှင် ဦးနေ၀င်း(ကွယ်လွန်)နှင့် ရတနာနတ်မယ်တို့ ၏ လက်ထပ်မင်္ဂလာ သတင်း
ထိုသို့နှုတ်ဆက်ခံရသူများ အထဲ စာရေးဆရာ ရန်ကုန်တက္ကသိုလ် ဥပဒေ ကထိက မောင်ကိုယုက“ခင်ဗျားတောင် ဒီလိုနေရာ ရောက်သေးတာပဲ၊ ကျုပ်လဲရောက်မှာပေါ့ဗျ”ဟု အငေါ်ပြန်တူးမိ၍ အလုပ်ပြုတ်သွားသည် ဆိုသော ပုံပြင်ကို တွေးမိတိုင်း နေရာ တလွဲမှာ လူတလွဲတွေနှင့် ဖြစ်ပျက်နေသော မြန်မာလောကကြီးကို မြင်လာမိတော့သည်။

ဟုတ်ကဲ့။ လွဲတာတွေ များလွန်းတော့လည်း အစောင်းကိုမှ အတည့်မှတ်ချင်စရာပင်။ နိုင်ငံရေး ယဉ်ကျေးမှုက နှစ် ၅၀ လောက် လွဲလာသည့်အခါ ပြည်သူ့ဝန်ထမ်းတွေ နိုင်ငံရေးမလုပ်ရဟု တင်းကျပ်စွာ သတ်မှတ်ထားသော ရွှေပြည်ကြီးဖြစ် ဥပဒေတော်ကြီး တွင်ပင် ဝန်ထမ်းတစုကို ထူးထူးရှယ် အခွင့်အရေးများပေး၍ ပြည်စိုးပြည်ပိုင် နှင်းထားသည်ကိုကြည့်လေ။ သူ့အရပ်နှင့် သူ့ဇာတ် ပိုင်လို့ ဤမျှ လက်ရဲနေခြင်း မဟုတ်ပါလား။ တကယ်တမ်းတော့လည်း နိုင်ငံရေးသမားတွေ အာဏာမက် ကွဲပြဲနေလို့ ဝင်ထိန်းပေး နေရပါသည်ဆိုသော ဗျာဒိတ်ခံ ကိုယ်တော်ကြီးများ အာဏာ ငန်းဖမ်းပြီး တောတွင်းဥပဒေနှင့် လက်ဦးသူက ဖြုတ်ထုတ်ရှင်း လိုက်ကြသည်မှာ သူတို့“အဖေကြီး”ပါ ဝိပါက်တော် မကြွင်းခဲ့ပါတကား။ လက်နက်နှင့်မင်းလုပ်သည့် ပဒေသရာဇ် နိုင်ငံရေး အစဉ်အလာကြီးကတော့ အရှိန်တညီးညီးနှင့် မွန်းတည့်နေဆဲပင်။

မွေးနေ့များ အချစ်အမုန်းနှင့် အလှည့်လေးများ

နံပါတ်ဝမ်းကြီးခေါ် ဗိုလ်ချုပ်ကြီးနေဝင်းကို ၁၉၁၁ မေ ၁၄ မွေးသည်ဟု အစဉ်အလာအားဖြင့် လက်ခံလာကြပါသည်။ ၁၉၉၅ ရန်ကုန် တက္ကသိုလ် စိန်ရတုပွဲ အကန်တော့ခံ ကျောင်းသားဟောင်းများ စာအုပ်တွင်လည်း ရက်တမျိုးတွေ့ဖူးပါသည်။ ၁၉၁၀ ဇူလိုင် ၆ ဆိုသည်ကတော့ သူ့ဇနီးဟောင်း ဒေါ်နီနီမြင့်ဌာနက ပြုစုသည့် ရဲဘော်သုံးကျိပ် စာအုပ် အလိုအရပင်။ သေခါနီး တရားထိုင်ချိန် မှာတော့ အမှန်တိုင်းပြောမည် မှတ်ပါသည်။ မွေးနေ့များသကဲ့သို့ ဗိုလ်ချုပ်ကြီးတွင် ဇနီးလည်းပေါသည့်အပြင် သတ်သတ်မှတ်မှတ် ယူသည့် အရေအတွက်ပင် ဘယ်နှယောက်မှန်း သေချာမသိကြပါ။

ထိုနည်းနှင်နှင် စစ်ဗိုလ်ကြီးတန်မဲ့ ဉာဏ်နီဉာဏ်နက်ကလည်း အင်မတန်များပါသည်။ ဂဠုန်စော ကို လုပ်ကြံသည့် ကိစ္စ၊ ဘကြီး ဘဘေ၏ နိုင်ငံတော်သစ္စာဖောက်မှု သက်သေပြ အသံဖမ်းစက်တို့လို “ဇာတိပြ” လက်ရာမျိုးမှသည် ၁၉၆၂ အာဏာသိမ်းပွဲ၊ ပြည်သူပိုင်သိမ်းခြင်း၊ ၁၉၆၃ ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲ၊ ၁၉၆၈ ပြည်တွင်းညီညွတ်ရေး အကြံပေး အဖွဲ့နှင့် ၁၉၇၄ ဆိုရှယ်လစ် သမ္မတ နိုင်ငံတော်သစ်၊ နောက်ဆုံး ၈၈ အရေးအခင်းကို လက်တလုံးကြား ပြန်အာဏာသိမ်းပွဲစသည့် အံ့ချီးမကုန် ကလိမ်ချုံများမှာ လက်မြောက်လှသည်။

လက်ရှိ ဒီမိုကလိမ်ဆင်ရွေးကောက်ပွဲမှာ ယုံချင်ယောင်ဆောင်သည့် နိုင်ငံရေးလူနပ်တသိုက်ကိုသာ အမဲတုံးပစ်ဖမ်းနိုင်သည်။

ဗိုလ်ချုပ်ကြီး၏ ဆိုရှယ်လစ် ခေတ်ပြောင်းတော်လှန်ရေးကြီးမှာကား တချို့လက်ဝဲ နိုင်ငံရေး သမားကြီးများနှင့် နိုင်ငံရေး သန်သူ ပညာတတ်များကို နှစ်အနည်းငယ်ခန့် ဖမ်းစားခဲ့နိုင်သည်သာမက စီးပွားရေးနှောင့်နှေးတာ မှောင်ခိုဝိသမတွေကြောင့်ဟု ၁၉၈၇ ငွေစက္ကူတွေ သိမ်းချိန်အထိ ယုံနေခဲ့သည့် ပြည်သူများပင် ရှိခဲ့သည် မဟုတ်ပါလော။

“ဆိုရှယ်လစ်အနံ့ပေးလိုက်ရင် လိုက်သွားတာပဲ”ဟု ဦးသိန်းဖေမြင့်ကို သူ့ဇနီးက မှတ်ချက်ပေးသည်ကိုပဲ မှတ်မိနေပါသည်။ မဆလ ပါတီဝင် မဟုတ်ပေသိ ထိုခေတ်ပညာရေး ယဉ်ကျေးမှုလှုပ်ရှားမှုများတွင် ဆိုရှယ်လစ်စိတ် တိုင်းပြည်စိတ်နှင့် ကျွန်ုပ်ဘိုးဘွားများ ကဲ့သို့ အလေးစားခံ ပညာတတ်အသိုင်းအဝိုင်းက ကူညီအားပေးမှု ရှိခဲ့ပေသေးသည်။ ယခုကဲ့သို့ ဆိတ်ခလောက် သတင်းသမား ပညာရှင် တသိုက် မည်မျှနာမည်ပျက်ခံ ကျားကန်ပေးငြား ထန်းပလတ်စုတ်က နတ်ရုပ်မဖြစ်သည့် အပေါက်မျိုးမဟုတ်ပေ။ အာကာ ဘောင်က ကိုကိုမောင် အသက်သွင်းသည့် အညမည ဆိုရှယ်လစ်ရေသူမမှာ လာလတ္တံ့ လေဒီဘွိုင်း ဒီမိုကရေစီ ထက်တော့ ကြည့်ပျော်သေးသည် ဆိုက မမှားပေ။

သို့သော် ဆဲဗင်းဂျူလိုင်၊ ဦးသန့်၊ ၈၈ စသည့် အရေးအခင်းများတွင် လက်လွတ်စပယ် စစ်အင်အားသုံးခဲ့ခြင်း၊ သောင်းကျန်းမှု စစ်ဆင်ရေးများအတွင်း ဖြတ်လေးဖြတ်စသည့် မလေး ဗီယက်နမ်စစ်များမှ သယ်လာသည့် ချေမှုန်းရေး ပေါ်လစီများကြောင့် စစ်တပ်အနေနှင့် ခုချိန်ထိ အာဏာသိုက်စောင့်ဘဝက မကျွတ်ဝံ့ဖြစ်နေရပေသည်။ ဗိုလ်ချုပ်ကြီးအား မင်းဆိုးမင်းညစ်အဖြစ် မော်ကွန်းတင်ခံရခြင်းမှာ ဤသို့ စစ်တပ်အားကိုး ဖိနှိပ်သတ်ဖြတ်မှုများ၊ ခြစားမှုများကြောင့် လူထုနှင့် အခွင့်ထူးခံများကြား အမုန်း မီးပင်လယ်ကို အတိုင်းမသိ ကျယ်ပြောစေခြင်း၊ လက်ဝဲကျွံ ဆိုရှယ်လစ်ပေါ်လစီများနှင့် တိုင်းပြည်ကို ချွတ်ခြုံကျစေရုံသာမက သူ့ပုဂ္ဂလိက စည်းစိမ်ခံမှုကလည်း တိုင်းပြည်၏ အကြည်ညိုမဲ့စေခြင်းတို့ကြောင့်ပင်။ သို့ကြောင့် နာဆာ၊ တီးတိုး စသည့် သူ အတု ယူရာ ဆိုရှယ်လစ်ဗိုလ်ချုပ်ကြီး အာဏာရှင်ကြီးတချို့ကဲ့သို့ တိုင်းပြည် ဖခင်ဘဝမရောက်ဘဲ ပထွေးဆိုးဘဝနှင့် ဘဝဆုံးခဲ့ရသည်။ ပိုဆိုးသည်က သမီးကို မုဒိန်းကောင်နှင့် အဓမ္မ မင်္ဂလာ ပြုစေခဲ့ခြင်းတည်း။

ကျွန် သဘောက်တို့ရမည့် နေဝင်းစပေ့စ်

မြန်မာပြည်တွင် နေဝင်းအမွေဟု ထင်ထင်ရှားရှားပြစမ်းပါဆိုလာလျှင် ပဒေသရာဇ် အသုံးတော်ခံ စစ်နိုင်ငံကြီးနှင့် ရဟန်းရှင် လူ ပညာရှင်တို့ မကျေလည်စရာ မြန်မာစာ သတ်ပုံစာအုပ် စိမ်းစိမ်းများကိုသာ ဆွဲထုတ်ပြလိုသည်။ စစ်တပ် မျိုထားသောနိုင်ငံကို အရပ်ရောင်ထွက်အောင် လွှတ်တော် ရွေးကောက်ပွဲ ပါတီစုံ အဆောင်အယောင်နှင့် မည်သို့ဆင်စေကာမူ ပွဲစားရှင်လောင်းမှာ နူနာမကင်း၍ ရှင်ဖြစ်မည့်ပုံမပေါ်ချေ။ နေပြည်တော် ခံကတုတ်မှ အချိန်မရွေးထွက်လာမည့် ဇွမ်ဘီ တပ်ကြီးကို အဘယ် ပါချီပါချဲ့ နိုင်ငံရေးသမားက နားရွက်လှုပ်ဝံ့ ပါအံ့နည်း။



ဦးနေဝင်း
စင်စစ် ၁၉၅၈ အိမ်စောင့်ခေတ်ကတည်းက မြန်မာပြည်တ၀န်း နိုင်ငံရေး ခါးပိုက်ဆောင် တပ်များကို ရှင်းလင်းပြီး အာဏာကို စုစည်း ထားသည့် စစ်တပ်သည် တိုင်းပြည်တွင် သြဇာအကြီးဆုံး နိုင်ငံရေး အင်အားစုဖြစ်ခဲ့ပြီးလေပြီ။

သတ်ပုံကိစ္စတွင်လည်း မြန်မာစာကော်မရှင်ကို လက်ကိုင်တုတ် လုပ်ကာ ဟံသာဝတီ ဦးဘရင်၊ ဒဂုန် ဦးစန်းငွေ၊ ဦးဆန်းထွန်း စသည့် ဘောင်းတော်ညိတ် မြန်မာပညာရှိတသိုက်နှင့် “တ” တွေ “တစ်”တွေ ထင်ရာလုပ်သွားခြင်းကို ဆရာ ဇဝန ကဲ့သို့ “အဟမ်း အဟမ်း သတ်ပုံကျမ်းကြီး”ဟု ချောင်းဟန့်ဝံ့သူ မည်သူမှ မရှိတော့ဘဲ မကျေမချမ်းနှင့် လက်ခံခဲ့ရသည်။

မှတ်မိသေးသည်၊ ကျွန်ုပ် ဘွားအေ က“လဲတွေအကုန်လုံး လည်းနဲ့ပေါင်းရတော့မယ်တဲ့ကွ”ဟု ညသတ် ရှေ့ကပေါက် အသံ ပီပီကြီးနှင့် မြည်တွန်နေခြင်းကိုပင်။ စိတ်ဆိုးလည်း ဆိုးလောက်စရာ၊ ဥက္ကဋ္ဌကြီး မန္တလေးမေမြို့ရောက်လျှင် မြန်မာစာကထိက ဟောင်း ဆရာ မောင်မောင် တင်ကလေး နှင့်အတူ သူတို့စုံတွဲကို ခေါ်,ခေါ်တွေ့ကာ သတ်ပုံကိစ္စမေးမြန်းတိုင်ပင်ပြီးမှ ထင်ရာ လုပ်ခဲ့သည်ကိုး။

ရန်ကုန်က ဆရာ ဇေယျ၊ ဇော်ဂျီ၊ မင်းသုဝဏ်တို့ကိုလည်း မင်းလို သူ့အလို မလိုက်၍ ချောင်ထိုးထားခဲ့သည်။ ပိုဆိုးသည်က ရှေးစာအုပ်များကို လက်ရှိမူနှင့် လျှောက်ပြင်၍ ဖောက်ပြန်ပျက်စီးရခြင်း။ စင်စစ်မတော့ ပညာရှိအဆက်ဆက်ငြင်းမပြီးနိုင်သည့် ကိစ္စကြီးကို စစ်ပုံစံတစံတည်း ဖြစ်အောင် ရိုက်သွင်းသည့် အတွက် စာပေရေးထုံးတွင် ဒွိဟပွားစရာတွေ ပိုလို့ များလာခဲ့ရခြင်းပင်။

စစ်အစိုးရ စက်ရိပ် အပြင်က မီဒီယာတွေကပါ ဤသတ်ပုံတိုင်း လိုက်ပြီး တ တစ် လဲ လည်း ပဲ ဘဲ ဦး အုံး တွေကို လျှောက်ပြင် လာသည့်အခါ ရှေးကထုတ်သည့် သတ်ပုံဟောင်းများကို ရှာဖွေတိုက်ဆိုင်ကြည့်ကြပါဦးဟုသာ ဟစ်ချင်တော့သည်။

ထို့ထက် ဗိုလ်ချုပ်ကြီးသည် ယဉ်ကျေးမှု ရှေးရိုးစွဲဖြစ်သည်။ နိုင်ငံခြား မုန်းတီးရေးနှင့် တိုင်းပြည်ကို တံခါးပိတ်ခဲ့သည်။ မြန်မာပြည်ကို ကိုလိုနီ အမွေမှလွတ်ပြီး စီးပွားရေး တကယ်တမ်း လွတ်လပ်အောင် ဆောင်ကြဉ်းခဲ့သည်ဆိုသော မိုက်ကယ် အောင်သွင်၏ စာမျိုး ကို ဖတ်ရလျှင် နဝရတ် ဟိုတယ် ရေကန်ပေါင်မှ သမီးတော်ဘုရား မွေးနေ့တွင် ပုဆိုး ထဘီများနှင့် တွဲဖက် ကနေသည့် မဆလ ၏ သားအို သမီးအိုများ ဗီဒီယိုခွေကိုသာ သတိရမိသည်။ ကြည့်လိုက်ရသူတဦးက ဒါကြည့်ပြီးတော့ တတိုင်းပြည်လုံးကို ပိတ်ဆို့ ထား ချိန် မှာ သူတို့အသိုင်းအဝိုင်းထဲမတော့ အပြင်လမ်းကြောင်းတွေက မပြတ်ပွင့်နေတုန်းပဲ ဆိုတာ ပို သိသာတယ် ဟု ကောက်ချက်ချ သည်ကိုသာ ကြားနေဆဲပင်။

ဟုတ်၏၊ ကိန်းဘရစ်ခ်ျထုတ် မိုက်ကယ်ချာနီ၏ ခေတ်သစ်မြန်မာပြည်သမိုင်းတွင် မဆလ ခေတ်က အခွင့်ထူးခံ ရေပေါ်ဆီ လူတန်းစား သည် ဆက်၍လည်း(စီးပွားရေး နိုင်ငံခြားနှင့်ကူးလူးဆက်ဆံရေး အခွင့်ထူးများ ဆက်လက်ခံစားပြီး) ဒီမိုကရေစီ ကူးပြောင်းရေးတွင် ကဖျက်ယဖျက် လုပ်နေဆဲဆိုသည့် အချက်မှာ ၂၀၁၀ တွင် ပြည်တွင်းပြည်ပ တတိယ အုပ်စု ဆိုသူများ၏ ခွင်များကိုကြည့်ရင်း ရုပ်လုံးက ပို၍ပေါ်လာသည်။

အင်္ဂလိပ်ခေတ်၊ ဖဆပလခေတ်ကဲ့သို့ လက်သာရာယိမ်းသည့် မဆလ ကလည်း နီးစပ်ရာ စစ်အသိုင်းအဝိုင်းကိုသာ ပြည်ပ ပညာ တော်သင် လွှတ်ပြီး လူမွေးခဲ့သည် မဟုတ်ပါလား။

ယခု အန်ဂျီအို သံ စပေ့စ်သံ ဟစ်နေသူများတွင်လည်း ထိုအနွယ်အဆက်ပညာရှင်၊ ဓနရှင်များက ကြီးစိုးနေသည်ကို တတိယလိုင်း စာစောင်များ၊ ပြည်ပကွန်ဖရင့် ဆွေးနွေးပွဲတက် ပြည်တွင်းကိုယ်စားလှယ် စာရင်းများကိုကြည့်လိုက်လျှင် တန်းသိလိမ့်မည် (မျက်နှာကြီးဆွေတော်စဉ်တော့ သိရမည်)။

လက်ရှိစစ်အစိုးရကိုလည်း နိုင်ငံခြားကြောက်စိတ်ရှိသည်၊ ရှေးရိုးစွဲဟု မသိနိုးနားပြောသံများကြားတိုင်း“မင်းပရိယာယ် ငတင့်တယ် နားဝယ်မလည်ရှာ”ဆိုသည့် ကဝိလက္ခဏ သံပေါက်ကိုပဲ ထပ်ခါထပ်ခါ ရွတ်ပြချင်မိသည်။ မဆလ စီးပွားရေး အဆောက်အအုံမှာ လည်း စင်စစ် ဂျပန်နှင့် မြန်မာ့မိတ်ဆွေများ ထောက်ပံ့မှုကို မှီခိုနေရသည့် ကုန်ကြမ်းဈေးကွက် ကိုလိုနီသာသာပဲ ရှိပါသည်။

သြော် ခုတော့ ဗိုလ်ချုပ်ကြီးလည်း လွန်လေပြီ။ ပုဏ္ဏက လက်သစ် ပဒေသရာဇ် ခေတ်ကို ရိုက်ချိုးမည့် ခေတ်ပြောင်းတော်လှန်ရေး ကား ရုပ်လုံးမပီသေးသလို နေပြည်တော် ပေါ်တွင် နေဝန်းက ရှိန်ပြင်းဆဲ။


Copyright © 2010 ဧရာဝတီ

ကာတွန်းဆရာကို ကာတွန်းဆွဲခြင်း


မောင်အေးဝင်း
Saturday, July 31, 2010




ကျနော့် သူငယ်ချင်းက ကာတွန်းမောင်မောင်အောင်(နွယ်လေး၊ ပိုးဥ၊ မသဲ အူ)။ စာနယ်ဇင်းလောကကို ၁၉၇၀ ခုနှစ် ကတည်းက ခြေချလာခဲ့တာ။ သူနဲ့ ကျနော် ရင်းနှီးတဲ့၊ သူငယ်ချင်းဖြစ်လာကြတာ အနှစ် သုံးဆယ်ကျော်လာခဲ့ ပြီ။ သူနဲ့ ကျနော် စ, သိတဲ့အချိန် (၁၉၈၀) မှာ သူ့လို နာမည်ကျော် ကာတွန်း ဆရာတွေအများကြီး ကျနော်နဲ့ အပေါင်းအသင်း သူငယ်ချင်းဖြစ်တာ။ ကာတွန်းတွေနဲ့ နွှယ် ပြီး ပန်းချီဆရာတွေတောင် ပါလိုက်သေး။

သူ့အကြောင်းမပြောခင် သူ့အသိုင်းအ၀ိုင်းအကြောင်း အရင်ပြောမှ ဖြစ်မယ်။ သူတို့ ကာတွန်းဆရာတွေဟာ ရန်ကုန်မြို့ထဲက ဘားလမ်းထဲမှာ စိုးစံတေး သံသွင်းနဲ့ မျက်နှာချင်းဆိုင် ရွှေမင်းသမီး လက်ဘက်ရည်ဆိုင်မှာ နေ့တိုင်းလာစုကြတယ်။ နေ့လည် လက်ဘက်ရည်သောက်ချိန်ဆို နေ ရာအသီးသီးကနေ အလျှိုအလျှို ရောက်လာကြပြီ။

မောင်ဝဏ္ဏ (သမိန်ပေါသွတ်)၊ မြင့်စိုးလေး၊ ၀င်းထွန်း (ချစ်စရာ) တို့က ၀န်ထမ်းတွေဆိုတော့ သူ့အလုပ် လုပ်တဲ့ ရုံးတွေကနေ လက်ဘက်ရည်သောက်ချိန်မှာ အသီးသီး ရောက်လာကြတယ်။ ကျန်တဲ့ လူတွေကလည်း အိမ်တွေက လာကြတာ။

ကာတွန်းဆရာတွေဟာ လူအများကြီးဆန့်တဲ့နေရာ လက်ဘက်ရည်ဆိုင်ရဲ့ အလည်ခေါင်က ၀ိုင်းကြီးမှာ စုထိုင်ကြတယ်။ တ ခြား စာပေ အနုပညာသမားတွေနဲ့ ကွာခြားတာက ကိုယ့်အစုလေးနဲ့ကိုယ် တစားပွဲစီထိုင်တာ မဟုတ်ဘူး။ အားလုံး စုစုဝေးဝေး တစား ပွဲတည်း ထိုင်တယ်။ ညီညီညွတ်ညွတ် အင်မတန်ရှိတယ်။ ကြီးသူစကားကို ငယ်သူက နားထောင်တာလည်း သူတို့ရဲ့ထူးခြားချက်။ အ သက်အရွယ်နဲ့ အစဉ်အလာကို အရမ်းလေးစားကြတာ။

ဆရာကြီး ဦးဟိန်စွန်း၊ ဆရာဗဂျီအောင်စိုး တို့ကို သူတို့ ၀ိုင်းမှာ တခါတလေ တွေ့တယ်။ ဆရာ ဦးဘထွေး၊ ဆရာဦးစိန် လည်း လာတတ်တယ်။ တခါတလေ ကာတွန်းသက်စု (မချစ်ချစ်) တောင် ယောက်ျားလေးတွေ ကြားလာထိုင်ပြီး စာအကြောင်း ပေအ ကြောင်း၊ လာရောက် ကြားနာသေးတာ။ ကျနော်က ကိုငွေကြည်၊ ကိုမောင်မောင် (ရွှေမိ) နဲ့ ပါတ်သက်ပြီး သူတို့ အားလုံးနဲ့ ရင်းနှီးလာ တာကိုး။ နေ့တိုင်းလိုလို အဲဒီဆိုင်ကို ရောက်ဖြစ်တယ်။ လက်ဘက်ရည်သောက်ကြတယ်။ တိုးတိုးတိတ်တိတ် ဟိုအကြောင်း ဒီအ ကြောင်း၊ ရီစရာ မောစရာ ပြောတတ်တယ်။

ကိုမောင်မောင်အောင်က အတည်ပေါက်နဲ့ ရီစရာ အင်မတန်ပြောတတ်တဲ့လူ။ သူ့နဲ့ အတွဲက ကိုသစ်ထွဏ်း။ ကိုမောင်မောင် အောင်ရဲ့ မထိတထိ ကလိတာကို ကိုသစ်ထွဏ်းခမျာ မအူမလည် မကြာခဏ ခံရတယ်။ တခါတော့ ကိုသစ်ထွဏ်းက မသောက်တတ် သောက်တတ် သူ ဘီယာသောက်တာ တပုလင်းတောင် ကုန်ကြောင်း ဂုဏ်ယူတာ၊ ကိုမောင်မောင်အောင်က ကိုသစ်ထွဏ်းပြောတဲ့ တပုလင်းဆိုတာ ပို့ကြုံကြွေ့ ပုလင်း ဖြစ်မှာပါတဲ့။ ပို့ကြုံကြွေ့ဆိုတာ လက်သန်းလောက်အရွယ်ရှိတဲ့ တရုတ် သန်ချဆေး ပုလင်းကို သူ ကပြောတာ။

ကျနော် တဘက် ထိုင်းနိုင်ငံကို ထွက်ပြေးလာရတော့ အမှတ်အရဆုံးဟာ ကိုမောင်မောင်အောင် (နွယ်လေး၊ ပိုးအု၊ မသဲအူ) နဲ့ ကိုမောင်မောင် (ရွှေမိ) ပဲ။ ကာတွန်းတွေ အားလုံးနဲ့ အဆက်အသွယ် ပြတ်သွားရာက အရင်ဆုံးပြန် အဆက်သွယ်ရတာလည်း ကို မောင်မောင်အောင် ပဲ။ နောက်တော့ သူလည်း အမေရိကကို ရောက်လာခဲ့တယ်။ ရောက်ရောက်ချင်း သူ နယူးယောက်မှာ နေတယ်။ နောက်တော့ ကျနော်ရှိတဲ့ လော့စ်အိန်ဂျယ်လိစ်ကို သူရောက်လာပြီး အတူနေဖြစ်ကြတယ်။ ခုတော့ နယူးယောက် ပြန်ရောက်သွား ပြန်ပြီ။

သူ့ဆီက မရေမတွက်နိုင်လောက်အောင် ရီစရာတွေ အများကြီးကြားခဲ့ရတယ်။ ဒီနေ့တော့ သူနဲ့ တယ်လီဖုံး ပြောကြတယ်။ သူက ရီစရာ တခုပြောလို့ ကျနော့်ခေါင်းထဲ "ကာတွန်းဆရာကို ကာတွန်းဆွဲခြင်း" ဆိုပြီး ရေးစရာ ခေါင်းစဉ်တခု ပေါ်လာတာပဲ။ တ ကယ်တော့ သူပြောတာ သူ့ကို ခွေးလိုက်ဆွဲတဲ့ အကြောင်း။ "ကာတွန်းဆရာကို ခွေးဆွဲခြင်း" ပေါ့။

သူ နယူးယောက်ကနေ LA ကို မလာခင် ဖလော်ရီဒါမှာ ခဏနေသေးတာ။ အဲဒီမှာ သူ့ကို ခွေးလိုက်ဆွဲတာတဲ့။

သူက ဘောင်းဘီတိုနဲ့ လမ်းလျှောက်လာတုန်း တနေရာမှာ လူတယောက်က ၀ိုင်ခွက်ကလေးနဲ့ ခြံတခုရဲ့ ရှေ့မှာ ထိုင်နေ တယ်။ သူ့ဘေးမှာ ခွေးအမဲကြီးတကောင်ထိုင်လို့တဲ့။ သူ့ကိုလည်း မြင်ရော ခွေးက တဟုန်ထိုး သူ့ကို ဆွဲဖို့ပြေးလာ ပါရောတဲ့။ သူ ရုတ် တရက် ဘာလုပ်ရမှန်းမသိပဲ၊ ကြောက်လည်း ကြောက်၊ ကြောင်လည်း ကြောင် သွားတယ်တဲ့။ အဲဒီမှာ ခွေးကို ဘာ ဘာသာစကားနဲ့ ခွေးနား လည်အောင် ဟန့်ရမလဲဆိုတာ သူ စဉ်းစားတယ်။ စဉ်းစားနေတုန်း တိုတောင်းတဲ့ အချိန်အတွင်းမှာပဲ အားနဲ့မာန်နဲ့ သူ့ကို ဆွဲမလို့ ပြေးလာတဲ့ ခွေးဟာ သူ့အနားကို ရောက်လာတယ်။ အဲဒီမှာ သူ့ပါးစပ်က ထွက်သွားတာ…

"ဟဲ့..ခွေး.." တဲ့။

ခွေးကို ဗမာလို "ဟဲ့ခွေး" ဆိုပြီး ဗမာလို အားရပါးရ ပြောချလိုက်တဲ့ ပါဝါဟာ တခြားဘာသာနဲ့ပြောရင် ဒီလောက် အသံသြဇာ ပြည့်မှာ မဟုတ်ဘူး။ အားနဲ့ မာန်နဲ့ ကီသွင်းပြီး အော်လိုက်တာ ခွေးဟာ ရုတ်တရက် မျက်စေ့ပျက် မျက်နှာပျက်နဲ့ ရှေ့တိုးမလာတော့ပဲ ရပ်သွားတယ်တဲ့။ မျက်နှာသေကလေးနဲ့ အတော်အားငယ် သွားပုံလည်းရတယ်။ သူ့ကို ဝမ်းနည်းတဲ့ မျက်နှာပေးနဲ့ ကြည့်နေတယ်တဲ့။ ဘာဖြစ်လို့လဲ ကိုမောင်မောင်အောင်လို့ ကျနော်က မေးကြည့်လိုက်တယ်။ သူပြောပုံက တသက်လုံး လူလိုနေလာတဲ့ ခွေးဟာ တသက် နဲ့ တကိုယ် ပထမဦးဆုံး သူ့ကို ခွေးလို့ခေါ်လိုက်တာကို ကြားလိုက်ရတော့ သူ့အဖြစ်မှန် သူသိပြီး တော်တော် မျက်စိပျက် မျက်နှာ ပျက်ဖြစ်ပြီး ၀မ်းနည်းသွားတာတဲ့။ တခါမှ သူ့ကို ခွေးလို့ နာနာကျည်းကျည်း ဘယ်သူကမှ ခေါ်ခဲ့တာမဟုတ်တော့ ဒီခွေးဟာ အတော် တုန်လှုပ်သွားတယ်။ ဒီက ခွေးတွေဆိုတာ သူတို့ ပါတဲ့ချီးကို လူက ကြုံးပေးရတာလေ။

တခါတုန်းက သူပြောဖူးတယ်။ သူ့ဇနီးမှာ ပထမဦးဆုံး သားဦးကို ဗိုက်ခွဲပြီး မွေးရမယ်။ မမွေးခင်မှာ တာဝန်ရှိသူ သူနာပြု ဆ ရာမကြီးက ဆရာဝန်ရဲ့ကိုယ်စား ရှင်းပြတယ်။ ရှင့်ဇနီးရဲ့ကျန်းမာရေးက နောက်တခါ ကလေးရလို့ မွေးရင်လဲ ဒီလိုပဲ ဗိုက်ခွဲမွေးရမှာ ပဲတဲ့။ သူက သူနာပြုဆရာမကြီးကို မျက်နှာသေနဲ့ ပြန်ပြောလိုက်တယ်။ ဆရာမရယ် ဒီလိုဆိုလဲ ပြန်မချုပ်ပဲ ကျနော်မိန်းမကို ဇစ် က လေးတပ် ပေးထားပါလား။ နောက်တခါ မွေးတော့ လွယ်ကူအောင်လို့။

ကျနော်တွေးမိတယ်။ ကာတွန်းဆရာကို ကာတွန်းဆွဲရင် ကောင်းမှာပဲလို့ …။

မောင်အေးဝင်း
photo by... http://myanmarnewszone.com

မူပိုင်ခွင့် © ၂၀၀၈ နေ့သစ်