-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Monday, July 19, 2010

The Voice ဂျာနယ်...(6-35)

The-Voice 6-35


သတင်း ဒီမိုဝေယံ

ဦးတင်ဦးနေအိမ်၌ အာဇာနည်နေ့အခမ်းအနား ကျင်းပွဲဓာတ်ပုံမှတ်တမ်း



သတင်း-- ဒီမိုဝေယံ

ဦးတင်ဦးနေအိမ်၌ အာဇာနည်နေ့အခမ်းအနား ကျင်းပ


အောင်ထက် / ၁၉ ဇူလိုင် ၂၀၁၀


ယနေ့ကျရောက်သည့် (၆၃) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ပါတီဒု-ဥက္ကဋ္ဌ ဦးတင်ဦး၏ နေအိမ်တွင် ကျင်းပပြုလုပ်သည်။

အာဇာနည်နေ့အခမ်းအနားကို နံနက် (၉) နာရီကျော်ကျော်တွင် စတင်ပြုလုပ်ပြီး အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များဖြစ်ကြသည့် ဦးညွန့်ဝေ၊ ဦးဝင်းတင်၊ ဦးလှဖေ၊ ဦးဉာဏ်ဝင်း၊ ဦးအုန်းကြိုင်၊ ဦးသန်းထွန်းတို့အပါအ၀င် အန်အယ်လ်ဒီလူငယ်များ၊ ၀ါရင့်နိုင်ငံရေးသမားကြီးများ၊ စီအာပီပီအဖွဲ့ဝင်များ စသဖြင့် ပရိသတ်ပေါင်း (၅၀၀) ခန့် စုံညီစွာတက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဦးဉာဏ်ဝင်းက “အဓိကကတော့ အာဇာနည်တွေနဲ့ ထိတွေ့ခဲ့ဖူးတာတွေကို ပြန်လည်ပြောပြဖို့ ရည်ရွယ်ပြုလုပ်တာပါပဲ” ဟု ပြောသည်။

အဆိုပါအခမ်းအနားတွင် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် ဦးသန်းထွန်းက ၎င်းနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ ဖဆပလ ခေတ်တလျှောက် လက်တွဲ ပတ်သက်ခဲ့ပုံများကို ပြောပြပြီး သခင်ချန်ထွန်း၊ သခင်သိန်းမောင်တို့က ၎င်းတို့နှင့် ဗိုလ်ချုပ်အောင်ဆန်း ရင်းနှီးပတ်သက် လက်တွဲခဲ့ပုံများကို ပြောပြကာ နံနက် (၁၀) နာရီ (၃၇) မိနစ်တွင် ကျဆုံးသွားသော အာဇာနည်ကြီးများအား ရည်စူးကာ ဦးတင်ဦး၏ နေအိမ်ခြံဝင်းအတွင်း ကားဟွန်းဆွဲပြီး (၁) မိနစ်ကြာ အလေးပြုခဲ့ကြကြောင်း၊ လူကြီးများက အိမ်အတွင်းမှ အလေးပြုကာ လူငယ်များက အိမ်အပြင်ဘက် ခြံဝင်းအတွင်းထွက်ကာ အလေးပြုကြကြောင်း သိရသည်။

ထို့နောက် ဆက်လက်ပြုလုပ်သည့်အစီအစဉ်တွင် ဦးဝင်းတင်က ဗိုလ်ချုပ်နှင့်ပတ်သက်မှုကို မပြောဘဲ ဗိုလ်ချုပ်ကို လုပ်ကြံသူ စိန်ကြီးအကြောင်း ဟောပြောခဲ့သည်ဟု အခမ်းအနားတက်ရောက်ခဲ့သည့် အန်အယ်လ်ဒီ လူငယ်အဖွဲ့ဝင်တဦးက ပြောသည်။

စိန်ကြီးသည် တော်လှန်ရေးသမားစစ်စစ်ဖြစ်ပြီးလျှင် ဗိုလ်ချုပ်ကို အလွန်ကြည်ညိုသူဖြစ်ကြောင်း၊ နိုင်ငံရေး အပေါင်းအသင်းမှားမှုကြောင့် ကိုယ်ကြည်ညိုခဲ့သူကို ပြန်လုပ်ကြံခဲ့သည်ဟု ဦးဝင်းတင်က ပြောကြားသွားကြောင်း သိရသည်။

“ဒါကြောင့် ယနေ့လူငယ်တွေအနေနဲ့ နိုင်ငံရေးအတွေးအခေါ်မှားတွေကို လက်မခံဖို့၊ ကိုယ့်ခေါင်းဆောင်ကို ကိုယ်ပြန်မသတ်မိဖို့၊ စဉ်းစားဆင်ခြင်ကြဖို့လိုကြာင်း ဟောပြောသွားပါတယ်” ဟု အန်အယ်လ်ဒီလူငယ်တဦးက ပြောသည်။

ထို့နောက် ဦးတင်ဦးက ဗိုလ်ချုပ်ကို စစ်ဝတ်စုံအပြည့်နှင့် အဝေးကကြည့်ခဲ့ရစဉ်ကတည်းက ကြည်ညိုခဲ့ကြောင်း ဟောပြောခဲ့သည်ဟု သိရသည်။

အန်အယ်လ်ဒီမှ လူငယ်များအပါအ၀င် ပါတီဝင်အင်အား (၂၀၀) ကျော်ခန့်က အခမ်းအနားအပြီးတွင် အာဇာနည်ကြီးများအား လွမ်းသူ့ပန်းခွေချရန်အတွက် အာဇာနည်ဗိမာန်သို့ လမ်းလျှောက်ချီတက်ခဲ့ကြကြောင်းလည်း သိရသည်။

::: Copyright © 1992-2010 The New Era Journal :::

အာဇာနည်နေ့အထိမ်းအမှတ် အလံတဝက်လွှင့်ထူရန် ပျက်ကွက်


ဝီရ / ၁၉ ဇူလိုင် ၂၀၁၀


ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီသော အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည့် ဇူလိုင် (၁၉) ရက်နေ့၌ ဝမ်းနည်းသည့်အထိမ်းအမှတ်ဖြင့် နိုင်ငံတော်အလံတဝက် လွှင့်ထူသည့်အစဉ်အလာကို အစိုးရရုံး၊ ဌာနများ၊ မယကရုံးများက လိုက်နာခြင်း မရှိတော့ကြောင်း ရန်ကုန်မြို့ခံများထံမှ သိရသည်။

“ဒီနေ့မှာ ဘယ်ရုံးဌာနပဲဖြစ်ဖြစ် (နိုင်ငံတော်) အလံတဝက် လွှင့်ထားရမယ်ဆိုတဲ့အမိန့် ရှိပြီးသားပါ။ ဒါပေမယ့် ရန်ကုန်က အစိုးရဌာနတွေရဲ့ အလံတွေက တိုင်ထိပ်မှာ ဒီအတိုင်း ပုံမှန်လွှင့်ထားကြတာ မမြင်ချင်အဆုံးပဲ။ ဒီနေ့မှာ မြို့တော်ခန်းမမှာတောင် အလံအပြည့်ထူထားတယ်” ဟု ဗဟန်းမြို့နယ်တွင် နေထိုင်သူတဦးက ခေတ်ပြိုင်သို့ ပြောကြားသည်။

နိုင်ငံတော်အလံကို တိုင်တဝက်တွင် လွှင့်ထူထားခြင်း မရှိသည့်အတွက် ရှုမြင်သူတိုင်း ဒေါသဖြစ်ရကြောင်း အဆိုပါ ရန်ကုန်မြို့ခံက ဆိုသည်။

“ဒီနေ့ အလံတဝက် လွှင့်မထားတဲ့ ရုံးတွေထဲမှာ မြို့နယ်ရဲစခန်းတွေ၊ ပြီးတော့ ရန်ကုန်တိုင်း တရားရုံးရယ်၊ ကမ်းနားလမ်းတလျှောက်က ရုံး၊ ဌာနတွေ အားလုံးလိုလိုပဲ။ မလွှင့်လည်း ရတယ်ဆိုပြီး ဒါ သက်သက်မဲ့ လုပ်တာ” ဟု ရန်ကုန်မြို့တွင်းပိုင်းသို့ ရောက်ရှိခဲ့သူ တက္ကသိုလ်ကျောင်းသား လူငယ်တဦးက ပြောသည်။

ယနေ့၌ ယင်းကဲ့သို့ တိုင်ထိပ်၌ နိုင်ငံတော်အလံ လွှင့်ထူထားသည့်အထဲတွင် ဗဟန်းမြို့နယ်၊ တာမွေအဝိုင်းအနီး၊ ခြောက်ထပ်ကြီးဘုရားရှိ ရွှေဂုံတိုင်ဆေးခန်း၊ မြေနီကုန်းရှိ ဒဂုံအရောင်းစင်တာ စသည့် ပုဂ္ဂလိကဌာနများစွာလည်း ပါဝင်ကြောင်း သိရသည်။

ယင်းကဲ့သို့ အစိုးရရုံးဌာနများက အလံတဝက် လွှင့်ထူခြင်း မရှိခဲ့သည်မှာ ယခင်နှစ်များတွင် ရှိခဲ့သော်လည်း ယခုနှစ်ကဲ့သို့ ထင်သာမြင်သာသည့် အဖြစ်မျိုးမဟုတ်ကြောင်း ရန်ကုန်မြို့ခံတို့က ပြောဆိုသည်။

အာဇာနည်နေ့ အထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် မြန်မာစစ်အစိုးရ၏ သတင်းစာများတွင် ကဗျာ၊ ဆောင်းပါးများ ယနေ့ ဖော်ပြခြင်း မရှိသည့်အတွက်လည်း ဝါရင့်စာရေးဆရာတဦးက ဝေဖန်လိုက်သည်။

၎င်းက “အာဇာနည်နေ့ဆိုတာ လူတွေရဲ့စိတ်ထဲမှာ ကိန်းအောင်းမှု မရှိတော့အောင် တမင်သက်သက် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်နေတာ ဖြစ်တယ်။ အစိုးရရုံးတွေ အလံမထောင်ဘူး။ ဘာဖြစ်သွားလို့လဲ။ အရေးယူတယ်ဆိုတာ ဝေးရောပဲ။ ဒါကြောင့် လူတွေမေ့သွားအောင် တမင်ကို လုပ်ကြံတာ။ အခုဆို အစိုးရဝန်ထမ်းတွေကိုယ်တိုင်က ဒီနေ့ နားရက်ရတာထက် ပိုမသိတော့ဘူး။ မထူးတော့သလို ဖြစ်လာကြတယ်။ ဒါတွေအားလုံးဟာ စစ်အစိုးရရဲ့ ပယောဂ မကင်းဘူးဆိုတာ နားလည်သင့်တယ်” ဟု ပြောကြားသည်။

::: Copyright © 1992-2010 The New Era Journal :::

လွတ်လပ်မှုကိုဘဲကျမတို့လိုချင်တယ် ---(ဒေါ်အောင်ဆန်းစုကြည်)

33257551 All We Want is Our Freedom by DASSK Bur Trans

သူတော်စင်ဒေါ်အောင်ဆန်းစုကြည့်နှင့် တွေ့ဆုံခြင်း

Saint.assk[1]

မူပိုင်ခွင့် © ၂၀၀၉ နေ့သစ်