-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Friday, May 7, 2010

အတိုက်အခံခေါင်းဆောင်ဦးဝင်းတင်နဲ့ မေးခွန်းများ


မိုးမခ
မေ ၁၊ ၂၀၁၀
နိုင်ငံတကာ မိသားစုများ၊ အသိုင်းအ၀ိုင်းများနဲ့ အင်န်အယ်ဒီပါတီ

မိုးမခက ဆရာဦးဝင်းတင်နဲ့ အင်တာဗျူးများ စီစဉ်ခဲ့ရာမှာ - ဆရာရဲ့ ပါတီနဲ့ ဒေါက် ၄ ဒေါက် ၊ ဂွင် လေး ဂွင် အကြောင်းကို အပိုင်းလိုက် ဆွေးနွေးဖို့ သဘောတူခဲ့ပါတယ်။ ပထမအနေနဲ့ - ပါတီနဲ့ လူထုဆက်ဆံရေးမှာ လူထုကို မျက်နှာမူတဲ့ နိုင်ငံရေးလုပ်ငန်းတွေ လုပ်သွားမယ်။ အဲသည်မှာ လူထုအတွက် လိုအပ်နေတဲ့ လူမှုရေးလုပ်ငန်းတွေလည်း ပါလာမယ် ဆိုတာကို ပြောခဲ့ပါတယ်။
http://moemaka.com/index.php?option=com_content&task=view&id=6224&Itemid=87
ဒုတိယအနေနဲ့ ပါတီနဲ့ ပါတီဝင်များ တည်ဆောက်ရေးမှာ ယခင်က ပါတီရှင်သန်ရေးကို ကိုင်စွဲခဲ့လို့ နားလည်မှုလွဲခဲ့ရ၊ ဝေးကွာသွားခဲ့ရတဲ့ ပါတီဝင်တွေ၊ လူငယ်တွေ၊ အမျိုးသမီးတွေ၊ အင်အားစုတွေ အားလုံး အစုအဖွဲ့အလိုက် ပြန်လည် လက်တွဲကြမယ်။ တည်ဆောက်ကြမယ် ပြီးတော့ ဒီမိုကရေစီရေးကို ရှေးရှုကြမယ်လို့ ထုတ်ဖော်ရှင်းပြခဲ့ပါတယ်။
http://moemaka.com/index.php?option=com_content&task=view&id=6250&Itemid=87
တတိယအချက်ဖြစ်တဲ့ ပါတီနဲ့ မဟာမိတ်များတည်ဆောက်မှုမှာ - ၉၀ ရွေးကောက်ပွဲရဲ့ ရလဒ် နဲ့ ပါတီ ရပ်တည်မှုကို မစွန့်လွှတ်တဲ့အတွက် ပါတီနဲ့အတူ လက်တွဲခဲ့ကြတဲ့ မဟာမိတ် အင်အားစုတွေနဲ့ ရေရှည် ရပ်တည်နိုင်ခဲ့တယ်။ အဲသည်ရဲ့ အကျိုးကိုပဲ ကြည့်ပြီး စီအာရ်ပီပီ၊ ၀ါရင့်နိုင်ငံရေးသမားကြီးများ၊ ၈၈ မျိုးဆက်ကျောင်းသားများနဲ့ မျိုးဆက်သစ် ကျောင်းသားများ၊ လူငယ်များ၊ အမျိုးသမီးများ၊ ရဟန်းသံဃာတွေနဲ့ ဆက်လက် လက်တွဲသွားကြမယ် ဆိုတဲ့ အကြောင်းကို ရှင်းပြခဲ့ပါတယ်။
http://moemaka.com/index.php?option=com_content&task=view&id=6322&Itemid=87
နောက်ဆုံး စတုတ္ထအချက်ဖြစ်တဲ့ နိုင်ငံတကာမိသားစုများနဲ့ ဆက်ဆံရေး အခန်းကဏ္ဍမှာတော့ ဆရာက သံတမန်များ၊ နိုင်ငံအစိုးရအဖွဲ့အစည်းများ ဆက်ဆံရေးကိုသာမက ပြည်တွင်း ပြည်ပက စာနယ်ဇင်းနယ်ပယ်များနဲ့ ဆက်ဆံရေးများ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းပေါင်းစုံနဲ့ မြန်မာများ၊ မိသားစုများနဲ့ ဆက်ဆံရေးများ၊ အခြေအနေများနဲ့ အလားအလာများ၊ ဆန္ဒများကို ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
မိုးမခက ပထမဦးဆုံး ပြောမိတဲ့အချက်ကတော့ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ နိုင်ငံရေးပါတီတရပ်ကို ပြည်တွင်းက လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများသာမက ပြည်ပက အစုအဖွဲ့များကလည်း တွေ့ဆုံခဲ့ကြတယ်။ ဒါကို ပုံမှန်ဆက်ဆံရေးလိုမျိုး အများပြည်သူတွေက မမြင်နိုင်အောင် စစ်အစိုးရ စာနယ်ဇင်းများကနေ အစဉ်တစိုက် အဆိုးမြင်တဲ့ ပြောဆိုမှုများဖြစ်တဲ့ အနောက်အုပ်စုရဲ့ ကြိုးကိုင်ခြင်းခံနေရတယ်၊ ဆူပူလှုံဆော်မှုတွေကို ကြံစည်နေတယ်လို့ စွတ်စွဲခဲ့တာတွေ အကြောင်းကို ဖြစ်ပါတယ်။
“ကျနော်တို့ကတော့ အမြဲတန်း အားလုံးနဲ့ သံအမတ်တွေမှ မဟုတ်ဘူး၊ လူတိုင်းနဲ့ အစုအဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးဖို့ တခါးဖွင့်ထားတဲ့ သဘောထားပဲ ရှိပါတယ်။ ဘာမှ ကန့်သတ်နေစရာ၊ လျို့ဝှက်နေစရာတွေ မရှိပါဘူး။ အခုလည်း ဧည့်သည်သံတမန်အဖွဲ့တခု လာမယ်လို့ ပြောတဲ့အခါ တွေ့ဆုံကြဖို့ ကြိုတင်စီစဉ်နေတယ်။ အခု မေလ ၆ ရက်ကျော်သွားတော့ ပါတီရဲ့ ရုံးခန်းမှာ ဆုံကြမလား၊ သူတို့ သံရုံးတို့၊ သံတမန်အိမ်မှာ ဆုံကြမလား စဉ်းစားရတာပေါ့။ အာဏာပိုင်တွေဖက်ကလည်း တရားဝင် ကန့်ကွက်တာမျိုး၊ ပိတ်ပင်တာမျိုးတွေ မရှိဘူးလို့လဲ ယူဆပါတယ်။”
အဲသည်မှာ မိုးမခဖက်က မေးမိတဲ့ မေးခွန်းတခုက မေလ ၆ ရက်နေ့ကျော်သွားရင် ၂၀၁၀ ရွေးကောက်ပွဲဥပဒေအရ အင်န်အယ်ဒီက မှတ်ပုံမတင်လို့ နိုင်ငံရေးပါတီအဖြစ် အလိုအလျောက် ပျက်ပြယ်တယ်လို့ ဆိုတယ်။ သို့သော် ၂၀၁၀ ရွေးကောက်ပွဲဥပဒေနဲ့ ၂၀၀၈ အခြေခံဥပဒေကို လက်မခံတဲ့ အနေနဲ့ ကန့်ကွက်တဲ့ အနေနဲ့ အင်န်အယ်ဒီက ထပ်မံမှတ်ပုံမတင်တာ ဖြစ်တယ် ဆိုတော့ - “ဥပဒေအရ တရားဝင်ပါတီ မဟုတ်တော့ဘူး” လို့ ရေးနေ ပြောနေကြတဲ့ အသုံးအနှုန်းမှာ “၂၀၁၀ ရွေးကောက်ပွဲဥပဒေအရ” ဆိုတာကိုမျိုး အတိအကျ မပြောသင့်ဘူးလား၊ ပြီးတော့ နိုင်ငံတကာကကော အင်န်အယ်ဒီပါတီကို ပျက်ပြယ်သွားတဲ့ ပါတီလို့ သဘောထားပြီး ဆက်ဆံနေကြတာလား၊ ဘယ်လိုမျိုး ဆက်ဆံနေတယ်လို့ ထင်ပါသလဲ ဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။
“ဒါကတော့ အခုအချိန်မှာ အရှိကို အရှိအတိုင်း ကျနော်တို့က ပြောရတာဖြစ်တယ်။ အသေးစိတ်ကို ပြောရင်တော့ ခုနင်ကပြောသလို ၂၀၁၀ ရွေးကောက်ပွဲဥပဒေနှင့် ၂၀၀၈ အခြေခံဥပဒေကို ကန့်ကွက်တဲ့ အတွက်၊ အသိအမှတ်မပြုတဲ့အတွက် ထို၂၀၁၀ ဥပဒေကို မလိုက်နာဘူး ဆိုတာကို ထုတ်ဖော်တဲ့ လှုပ်ရှားမှု ဖြစ်တယ်။ ပါတီကို မတရားတဲ့ဥပဒေမှာ သွားပြီး ထပ်မံ မှတ်ပုံမတင်ဘူး။ အဲလို ပြောရမယ်။ ဒါပေမယ့် တိုတိုပြောနေကြတာက ဥပဒေအရ ပျက်ပြယ်သွားတဲ့ ပါတီ လို့ ဖြစ်နေတာပေါ့ဗျာ။ ၁၉၉၀ ရွေးကောက်ပွဲနဲ့ အဲသည်တုံးက ဥပဒေများအရ ဒါတွေကို တရားဝင်အဖြစ် စွဲကိုင်ထားသမျှ အင်န်အယ်ဒီဟာ ရပ်တည်တည်နေဆဲဖြစ်တယ်။ ဒါကိုတော့ နိုင်ငံတကာက နားလည်ပါတယ်။
သို့သော် လက်ရှိသူတို့ဥပဒေအရတော့ ကျနော်တို့ရုံးခန်းတွေမှာ ပါတီဆိုင်ရာ အခမ်းအနားတို့၊ ထုတ်ပြန်ချက်တို့၊ ပွဲတွေ၊ အစည်းအဝေးတွေ လုပ်ဖို့က ဇွတ်လုပ်လို့ မရနိုင်ဘူးပေါ့။ သည်လိုတော့ ကျနော်တို့က ထုတ်ပြောရမယ်။ ပါတီရပ်တည်ချက်အရ ၂၀၁၀ ရွေးကောက်ပွဲဥပဒေကို ကန့်ကွက်တာ ဆိုတော့ နိုင်ငံရေးအရ ပါတီဟာ ဆက်ရှိနေတာတော့ သေချာပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ပြောတဲ့ဆီမှာလည်း လွန်ခဲ့တဲ့ အနှစ် ၂၀ ကတည်းက မှတ်ပုံတင်ပြီး ရပ်တည်နေတဲ့ ပါတီ။ ကိုယ့်ဖာသာကို ဖျက်ပစ်တဲ့ ပါတီ မဟုတ်ဘူး။ မတရားတဲ့ ဥပဒေကို ကန့်ကွက်တဲ့ ရပ်တည်မှု၊ ထုတ်ဖော်ပြသမှုဖြစ်တယ်။ ပြောခဲ့ပြီးပါပြီ။ ပါတီကို ဥပဒေနဲ့ ဖျက်လို့ မရဘူး။ ပါတီက စိတ်ဓာတ်ပိုင်းဆိုင်ရာက ဆက်လက် ရှိသွားမယ်။ ဒါမျိုး ပြောတာ ဖြစ်ပါတယ်။”
အဲသည်မှာ မိုးမခက ဆွေးနွေးမိတဲ့အချက်က အင်န်အယ်ဒီပါတီက ရွေးကောက်ပွဲနိုင်ပြီးတဲ့နောက်ပိုင်း နည်းမျိုးစုံနဲ့ စစ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ ကြိုးစားခဲ့တယ်။ လွှတ်တော်ခေါ်ပေးဖို့၊ လွှတ်တော်ခေါ်ပြီး အနည်းဆုံး အခြေခံဥပဒေ ရေးဆွဲဖို့ ပြောခဲ့ဘူးတယ်။ စစ်အစိုးရက လွှတ်တော်မခေါ်ဘဲနဲ့ အမျိုးသားညီလာခံနဲ့ အခြေခံဥပဒေရေးဆွဲဖို့ ကြိုးစားတော့လည်း ပါတီက ညီလာခံတက်ပြီး ဆောင်ရွက်ခဲ့တယ်။ စစ်အစိုးရရဲ့ အခြေခံဥပဒေရေးဆွဲပုံကို လက်မခံလို့ ညီလာခံကို ကန့်ကွက်ခဲ့တယ်။ အဲသည်လို ရပ်တည်ချက်တွေတလျောက်လုံးမှာလည်း အင်န်အယ်ဒီဟာ စစ်အုပ်စုရဲ့ တိုက်ခိုက်ဖျက်ဆီးမှုတွေ ကြံ့ကြံ့ခံခဲ့ရပြီး ဖြစ်တယ် ဆိုတဲ့ အချက် ဖြစ်ပါတယ်။ သည်တခေါက်မှာတော့ အင်န်အယ်ဒီပါတီရဲ့ ပြတ်သားတဲ့ ရပ်တည်ချက်ကြောင့် အခုလိုမျိုး ပြည်တွင်းကကော၊ ပြည်ပကပါ ပိုပြီး ဂရုစိုက်မှု၊ အာရုံစိုက်မှုတွေ ခံလာရတယ် ဆိုတဲ့ အချက် ဖြစ်ပါတယ်။
“ဟုတ်ပါတယ်။ ကျနော်တို့က အခုလိုမျိုး ရှင်းလင်းပြောပြတယ်။ မေးခွန်းတွေကို ဖြေတယ်။ သံတမန်တွေကိုလည်း ပြောပါတယ်။ ကျနော်တို့ သဘောထားကို တိုက်ရိုက် ပွင့်ပွင့်လင်းလင်း လာမေးပါ။ ဖြေပါ့မယ်။ ပြီးတော့ နေပြည်တော်ကို သံတမန်တွေ သွားတွေ့ကြမယ် ဆိုရင်လည်း ကျနော်တို့တွေ၊ တိုင်းရင်းသားတွေနဲ့ အရင်လာတွေ့ပြီးမှ သွားကြပါ။ သဘောကတော့ ကျနော်တို့ဖက်က သဘောထားတွေကို အရှိအတိုင်း ဟိုမှာ ဆွေးနွေး ထုတ်ဖော် ပြောဆိုခဲ့ချင်ရင် ပြောဆိုလို့ရအောင် ကျနော်တို့ဖက်က ကြိုးစားတဲ့သဘော ဖြစ်ပါတယ်။
နောက် ပြောချင်တာတခုကတော့ ကျနော်တို့တွေရဲ့ ရပ်တည်ချက်နဲ့ နိုင်ငံရေးသဘောထားကို အမြဲတမ်း ထိတွေ့ သိရှိနေဖို့တွက် ကျနော်တို့တတွေက သံတမန်တွေ၊ မီဒီယာတွေ၊ အစိုးရမဟုတ်တဲ့ အစုအဖွဲ့တွေကို ကျနော်တို့က ကြိုဆိုပါတယ်။ ဦးတင်ဦး၊ ဦးဉာဏ်ဝင်း၊ ဦအုန်းကြိုင်၊ ဦးဟံသာမြင့် စသည်ဖြင့် တွေ့ပါ၊ ဆက်သွယ်မေးမြန်းကြပါ။ ကျနော်တို့က အစကတည်းက ကြိုတင် ကန့်သတ်ထားတာတွေ မရှိပါဘူး။ ဒါကို ပြောချင်တယ်။
ကျနော်တို့ကို ရင်းရင်းနှီးနှီး ဆက်ဆံနေတဲ့ နိုင်ငံတကာက သံအဖွဲ့တွေကို ကြည့်မယ်ဆိုရင် အမေရိကန်၊ ပြင်သစ်၊ ဗြိတိန်၊ ဂျာမဏီ၊ အီတလီ ဆိုတဲ့ အနောက်နဲ့ ဥရောပနိုင်ငံအချို့ ဖြစ်နေတယ်။ ပြီးတော့ ဂျပန် ရှိတယ်။ သိပ်များများကြီး ဆက်ဆံရေးတွေ မရှိပါဘူး။ ဒါက နှစ်ဖက်စလုံးက ဖွင့်ပြီး ဆက်ဆံကြရတာ ဖြစ်တယ်။ နောက်ပြီးတော့ အရှေ့နဲ့ အာဆီယံနိုင်ငံတွေက ကျနော်တို့နဲ့ ဆက်ဆံရေး မရှိဘူး ဖြစ်တယ်။ ကျနော်တို့က အမြဲ တခါးဖွင့်ပြီး ထားပါတယ်။ သူတို့ဖက်က ဘယ်လို သဘောထားရှိသလဲဆိုတာ ကျနော် မသိပါဘူး။ ဆက်ပြီး ကြိုးစားနေရမှာ ဖြစ်တယ်လို့ ထင်ပါတယ်။ အဲသည်မှာ နိုင်ငံတကာက အသိုင်းအ၀ိုင်းတွေကလည်း အရှေ့နဲ့ အာဆီယံနိုင်ငံတွေနဲ့ ဆက်ဆံရေး ရရှိလာအောင် တိုက်တွန်းပေးကြဖို့လဲ ပြောချင်ပါတယ်။”
အဲသည်မှာ မိုးမခက ဆက်လက်မေးမြန်းဖြစ်တာက တရားဝင်သည်ဖြစ်စေ၊ မ၀င်သည် ဖြစ်စေ မြန်မာပြည် စစ်အုပ်စုလက်ထက်မှာ အတိုက်အခံနိုင်ငံရေးပါတီတွေမှာ တရားဝင် ပြန်ကြားရေး၊ ဆက်သွယ်ရေးတွေ လုပ်ခွင့်၊ ရပ်တည်ခွင့် မရှိဘူး။ ဒါတွေကို နည်းမျိုးစုံနဲ့ ဖိနှိပ်တဲ့အတွက် ယခုအချိန်မှာ အန်အယ်ဒီရပ်တည်ချက်နဲ့ သဘောထားတွေကို ပြည်တွင်းစာနယ်ဇင်းတွေမှာ ဖော်ပြခွင့် မရကြဘူး။ ပြည်ပက စာနယ်ဇင်းတွေကတဆင့် လူထုကော၊ နယ်က ပါတီဝင်တွေက သိရှိနေကြရတာ ဖြစ်နေတယ်။ အဲသည်အတွက် ဆက်လက်ပြီးတော့ ပါတီက ဘယ်လိုမျိုး မီဒီယာတွေနဲ့ ဆက်ဆံရေးတွေ ထူထောင်သွားမှာလဲ ဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။
“ဒီနေရာမှာ ကျနော်တို့ နိုင်ငံရေးရပ်တည်ချက်ဆိုတာကို ထပ်ပြောရရင် - အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီအရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး စသည့်အချက်တွေ ဖြစ်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲဥပဒေအရ တရားမ၀င် ဖြစ်တယ်လို့ ပြောပေမယ့် မတရားတဲ့ ဥပဒေကို ကန့်ကွက်တဲ့ ရပ်တည်မှု ဖြစ်တယ်လို့ ဆိုရမှာ ဖြစ်တယ်။
မီဒီယာကိစ္စကတော့ ကျနော်တို့ဖက်က ဆက်သွယ်ခေါ်ဆိုခွင့် မရကြတော့ ပြင်ပက ဆက်သွယ်ခေါ်ဆိုတဲ့ အပေါ်မှာ မူတည်ပြီး တုန့်ပြန်ရတယ်။ သဘောထားတွေ ပြောကြရတယ်။ ပြည်ပက ရေဒီယိုအစီအစဉ်တွေ အပြင် အင်တာနက်တွေ ဖြစ်တဲ့ ဧရာဝတီ၊ မဇ္ဈိမ၊ ခေတ်ပြိုင်၊ နေရဉ္စရာ စတဲ့သူတွေနဲ့လည်း ပြောဆိုနေရတာပဲ။ နိုင်ငံတကာက မီဒီယာနဲ့ ဆက်ဆံရေးမှာလည်း ကြောက်ရွံစိုးရိမ်နေတာ၊ ထိန်းပြောရတာ မရှိတော့၊ ဖွင့်ပြီး ပြောနေရတော့ ကောင်းပါတယ်။ ကြိုက်တာ သုံးကြပါ။ ကိုးကားကြပါ။ အဲသည်လိုမျိုး ပြောချင်ပါတယ်။
ဒါ့အပြင် မေ ၆ ရက်နောက်ပိုင်းမှာ ပြည်သူတွေနဲ့ တသားတည်း ဖြစ်နေတော့မယ့် နယ်အသီးသီးက အင်န်အယ်ဒီပါတီဝင်တွေနဲ့လည်း မီဒီယာတွေက ဆက်သွယ်ပြီး ပြောကြ ဆိုကြပါ။ ပါတီအကြောင်း ပြောတာထက် နယ်မြေအသီးသီးက အဲသည်နယ်က လူတွေအကြောင်း ကို ပြောဆိုထုတ်ဖော်ပေးကြဖို့ သူတို့ ဆောင်ရွက်နိုင်တယ်။ အဲသည်အလုပ်ကလည်း လူထုအရေးကို ဖော်ထုတ်ရမယ့် အလုပ်ဖြစ်ပါတယ်။ ပဲခူး၊ ကျောက်ပန်းတောင်း၊ မိတ္ထိလာ၊ ရေနံချောင်း၊ မန္တလေး၊ ဧရာဝတီ စသည်ဖြင့်တွေ ရှိပါတယ်။ အဲသည်လိုမျိုး ပြောချင်ပါတယ်။”
နယ်ကိစ္စပြောမိလို့ ပဲခူးဖက်က အင်န်အယ်ဒီဆိုင်းဘုတ် ဖြုတ်ချလိုက်တဲ့အပေါ်မှာ ဦးဝင်းတင်ရဲ့သဘောထားကို မေးမြန်းမိပါတယ်။
“အင်န်အယ်ဒီပါတီမှာ မြို့နယ် ၃၀၀ ကျော် အစုအဖွဲ့တွေ ရှိပြီး ဖြစ်တယ်။ သူ့အခြေအနေနဲ့ သူ ရပ်တည်နေကြရတာ ဖြစ်တယ်။ ပါတီဆိုင်းဘုတ်ဖြုတ်လိုက်ရတယ်။ ပါတီကို တရားဝင် ရပ်ခွင့် မပေးဘူးဆိုတာက ပါတီက ရေနည်းငါး ဖြစ်သွားတာ မဟုတ်ဘူး။ တာဘောင်တွေ ကျိုးသွားလို့ ပြည်သူလူထုရင်ခွင်ထဲကို ရောက်သွားတာ။ ရေထဲ ရောက်သွားတယ် လို့ ပြောချင်ပါတယ်။
ဦးမြတ်လှတို့ဖက်က ပြောတာက သူတို့ဥပဒေအရ ရာဇ၀တ်မှုမြောက်တယ် ဘာညာနဲ့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဖြုတ်ချတယ်။ ပါတီကလည်း နယ်တွေရဲ့ အခြေအနေတွေကို နားလည်ပေးရပါမယ်။ အဲသည်မှာ ပြောထားပြီးပြီပဲလေ။ ပါတီရှိနေသည့်အတိုင်း ဆက်လုပ်သွားမယ်လို့ ပြောထားတာပဲ။
အခုအချိန်က ပါတီက တိုးချဲ့ဖို့အတွက် ဖြစ်ပါတယ်။ ကိုယ့်နေရာ သဘာဝအရ အစုအဖွဲ့တွေ ဖြစ်လာမယ်။ ခေါင်းဆောင်မှုတွေကိုလည်း ကိုယ့်ဖာသာကိုယ် ဖွဲ့စည်းပါ။ လူငယ်တွေ၊ အမျိုးသမီးတွေ၊ နေရာဒေသအလိုက် ဆက်သွယ်ကြပါ။ ဒါမျိုးတွေ ဖြစ်လာမယ်။ ပြီးတော့ လူထုနိုင်ငံရေးရဲ့ အစိတ်အပိုင်းတွေ ဖြစ်တဲ့ လူမှုရေးလုပ်ငန်းတွေ အခက်အခဲတွေ ထုတ်ဖော်ကြပါ။ အဲလို ပြောချင်ပါတယ်။”
အဲသည်မှာ ဆရာကို မေးတဲ့ မေးခွန်းကတော့ နိုင်ငံတကာ အသိုင်းအ၀ိုင်းဆိုတဲ့ အတိုင်းအတာ ဖြစ်ပါတယ်။ နိုင်ငံတကာ မိသားစုတွေထဲမှာ သံတမန်တွေ၊ အစိုးရအဖွဲ့တွေအပြင် မြန်မာ့အရေးကို အမြဲတမ်း ဖော်ထုတ် ပြောဆိုနေပြီး၊ ဒီမိုကရေစီရေးလှုပ်ရှားမှုတွေကို ထောက်ခံတဲ့ လှုပ်ရှားမှုတွေ၊ လှုံ့ဆော်မှုတွေ ဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းတွေ၊ အစုအဖွဲ့တွေ ရှိနေတယ်။ ပြီးတော့ မြန်မာအရေးကို တစိုက်မတ်မတ် ဆောင်ရွက်နေကြတဲ့ မြန်မာမိသားစု အစုအဖွဲ့တွေ၊ မြန်မာမဟုတ်တဲ့ နိုင်ငံတကာ မိသားစုတွေ ရှိနေပါတယ်။ အဲသည်အတွက် အင်န်အယ်ဒီက သူတို့တွေနဲ့ ဘယ်လို သဘောထားမှာလဲ။ သူတို့တွေကို ဘယ်လို မျှော်လင့်သလဲ ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။
“ကျနော်တို့က နိုင်ငံတကာနဲ့ ဆက်ဆံရေးကို ထူထောင်တဲ့နေရာမှာ အခုနောက်ပိုင်းဆိုရင် ကျနော်တို့ ထုတ်ပြန်ကြေညာချက်တွေမှာ ထင်ရှားလာတဲ့ အချက်တွေ ရှိလာတယ်။ ဥပမာ မေဒေးနေ့ကဆိုရင် မြန်မာပြည်ရဲ့ အလုပ်သမားတွေ၊ လယ်သမားတွေရဲ့ အခြေအနေကို ထုတ်ပြောတယ်။ ဒါတွေကို မြန်မာပြည်အတိုင်းအတာအပြင် နိုင်ငံတကာအတိုင်းအတာ အိုင်အယ်အို၊ ယူအင် အတိုင်းအတာနဲ့ ဘယ်လို အရေးယူ ဆောင်ရွက်ကြလို့ ရတယ်။ စသည်ဖြင့် ပြောထားတယ်။
စစ်အစိုးရ ငြိုငြင်မှာစိုးလို့ ဆိုပြီး အယင်တုံးက မပြောတဲ့ ကိစ္စတွေကို ပြည်တွင်းမှာကော ပြည်ပ အသိုင်းအ၀ိုင်းတွေကိုပါ ထုတ်ဖော်ပြောဆိုလာတာကို တွေ့ရပါတယ်။ အဲသည့်အရင်ကဆိုရင် - မြေမြုပ်မိုင်းကိစ္စတွေမှာ အင်န်အယ်ဒီပါတီ သဘောထားကတော့ ဘယ်လိုဆိုတာ ထုတ်ပြောတယ်။
နိုင်ငံရေးအကျဉ်းသားတွေ၊ HIV ကိစ္စ၊ နာဂစ်နစ်နာချက်တွေ၊ ၉၀ ရလဒ်ကို အခြေခံပြီး ပြည်သူ့လွှ့တ်တော်ကိုယ်စားလှယ်တွေက တရားစွဲတာတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ စာနယ်ဇင်း လွတ်လပ်ခွင့်၊ ပညာရေးအားနည်းချက်၊ ဒါတွေကို ထုတ်ဖော် ပြောဆိုလာပါတယ်။ ဒါက ပြည်ပက အစိုးရတို့၊ ယူအင်န်တို့ အတိုင်းအတာထက် ကျော်လွန်ပြီး အများအားလုံးနဲ့ သက်ဆိုင်လာတယ်။ စစ်အစိုးရရဲ့ လစ်ဟင်းမှုတွေကို ထင်ရှားအောင် ဆောင်ရွက်တာတွေ ဖြစ်ပါတယ်။ အဲသလို ပြောချင်ပါတယ်။
ဒါ့အပြင် ကျနော့်အနေနဲ့ ပြည်တွင်းက အခြေအနေတွေတင်မဟုတ်ပဲ နယ်စပ်ဒေသက ဒုက္ခသည်တွေ၊ ဥပမာ မလေးရှားမှာ မြန်မာတွေ အခက်အခဲရင်ဆိုင်နေရတာတွေ ရှိတယ်။ ကျနော်တို့ကလည်း အာရုံပြုရမယ်။ ပြီးတော့ နိုင်ငံတကာအသိုင်းအ၀ိုင်းက ၀ိုင်းဝန်းကူညီ ဆောင်ရွက်နေသူတွေကို အားပေးရမယ်၊ ကျနော်တို့ဆီက မိသားစုတွေကလည်း ၀ိုင်းကြဖို့ တိုက်တွန်းရမယ်။ အဲသလိုမြင်ပါတယ်။
နောက်ပြိးတော့ အကြောင်းအမျိုးမျိုးကြောင့် မြန်မာပြည်ပကို ရောက်နေတဲ့ အင်န်အယ်ဒီပါတီဝင်တွေရဲ့ လှုပ်ရှားမှုတွေကလည်း ပြည်ပမှာလည်းပဲ လူထုကို မျက်နှာမူတဲ့ လှုပ်ရှားမှုတွေ ဖြစ်ပေါ်လာတာမျိုးတွေကို ကျနော်သဘောကတော့ ဖြစ်စေချင်တာပေါ့လေ။ အဲသလိုမျိုး လက်တွဲလာကြတာမျိုး။”
အဲသည်မှာ ဆရာ့ကို ဆွေးနွေးဖြစ်တဲ့အကြောင်းအရာကတော့ - နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ မြန်မာပြည်အပေါ် သဘောထားဖြစ်ပါတယ်။ အနောက်နိုင်ငံများက စစ်အစိုးရကို စီးပွားရေး၊ ငွေကြေးဈေးကွက်အရ ပိတ်ဆို့အရေးယူကြတယ်။ အဲသည်အရေးယူမှုများနဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူများကို ထောက်ခံကြောင်း၊ စစ်အစိုးရကို သဘောမတူကြောင်း ပြသကြတယ်။ ဒ့ါအပြင် ကုလညီလာခံ၊ ကုလလုံခြုံရေးကောင်စီ၊ နိုင်ငံတကာ ဥပဒေနဲ့ အခွင့်အရေးချိုးဖောက်မှုများ စတဲ့ ဖက်ပေါင်းစုံက အရေးယူနိုင်ဖို့၊ စသည်ဖြင့် ကြိုးစားနေကြပါတယ်။ အီရန်၊ မြောက်ကိုရီးယားထက် နှိုင်းယှဉ်လိုက်ရင် မြန်မာပြည်အရေးကိစ္စမှာ နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ လူတန်းစား၊ အဖွဲ့အစည်း၊ ထောင့်ပေါင်းစုံက မြန်မာပြည်ရဲ့ အတိုက်အခံအင်အားစုတွေ၊ အင်န်အယ်ဒီပါတီ၊ ဒေါ်အောင်ဆန်းစုကြည် စတဲ့ ဒီမိုကရေစီရေးအင်အားစုတွေအပေါ်မှာ ကိုယ်ချင်းစာနာတရားအပြည့်နဲ့ တစုတစည်းတည်း (In Solidarity) ရပ်တည်ပြသမှုတွေ ထင်ရှားနေတယ်။ အဲသည်လို အခြေအနေမျိုးကနေ လက်တွေ့ကျတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီရေး အကျိုးစီးပွားကို ရောက်အောင် ဘယ်လို ဆောင်ရွက်နိုင်မလဲ ဆိုတဲ့ အချက် ဖြစ်ပါတယ်။
“ ခုနင်က ပြောလိုက်တဲ့ဆီမှာ ဒေါ်အောင်ဆန်းစုကြည်ပြောသလို ဆန်းရှင်းဆိုတာ နိုင်ငံတကာအသိုင်းအ၀ိုင်းက သူတို့သဘောနဲ့သူတို့ အရေးယူတဲ့ ဆုံးဖြတ်ချက်၊ ရပ်တည်ချက်ဖြစ်တယ်။ ဒီမိုကရေစီရေးကို ထောက်ခံတဲ့ အရေးယူဆောင်ရွက်မှုအဖြစ် ကျနော်တို့ကတော့ ကြိုဆိုရမှာပဲ။ ဒါကို မသိချင်ယောင် ဆောင်နေလို့ မရဘူး။ ဒီ့ထက်ပိုပြီး နိုင်ငံရေးဖိအားဖြစ်အောင် လက်နက်တွေကို ပိတ်ဆို့ကြမယ် ဟုတ်လား။ ဒါတွေကိုလည်း ကျနော်တို့က ကြိုဆိုရမယ်။ တဖက်ကလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောထားပြီး ဖြစ်တယ်။ ပြည်သူလူထုတွေ တကယ်ကို နစ်နာနေသလား။ ဒါဆိုရင် ဆွေးနွေးကြပါ။ ကျမက အဆင်သင့်ရှိတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တွေ့ဆုံဆွေးနွေးကြမယ်။ ဒါမျိုး ပြောခဲ့ပြိး ဖြစ်တယ်။
ဒါ့အပြင် နိုင်ငံတကာမိသားစုတွေက ပြည်တွင်းက အဖိနှိပ်ခံနေရတဲ့ ဒီမိုကရေစီအင်အားစုတွေ၊ မိသားစုတွေကို အကာအကွယ်ပေးကြတာ၊ ဂုဏ်ပြုတာတွေ၊ ချီးမြှင့်တာတွေ၊ ထုတ်ဖော်ပြောဆိုတာတွေ လုပ်နေကြတယ်။ ဒါကိုလည်း ကျနော်တို့က ၀မ်းမြောက်ဝမ်းသာ ကြိုဆိုတယ်။
ဒီနေ့ကဟုတ်လား - ဆန်ဖရန်စစ္စကိုက မြို့အနေနဲ့ အဆိုတင်သွင်းတယ်။ အင်န်အယ်ဒီရပ်တည်ချက်ကို ထောက်ခံတယ်။ ၂၀၁၀ ရွေးကောက်ပွဲကို ကန့်ကွက်တယ် ဆိုတာမျိုးတွေကိုလည်း ကျနော်တို့က ကြိုဆိုရမယ်။ သည်လိုမျိုး နိုင်ငံတကာက အသိုင်းအ၀ိုင်းတွေကော၊ နိုင်ငံတကာက မြန်မာမိသားစုတွေကကော တတ်နိုင်သလောက် ၀ိုင်းဝန်း ပြောဆိုပေးကြရင် မြန်မာပြည်အတွက် - Burma Question or Burma Issue ဟာ အမြဲတမ်း ယူအင်မှာ တက်နေမယ်။ လုံခြုံရေးကောင်စီမှာ တက်နေမယ်။ ဆွေးနွေးနေရမယ်။ ထောက်ခံတဲ့ တိုင်းပြည်တွေ တိုးလာမယ်။ ဒါဆိုရင် အမြဲတမ်း ဗီတိုလက်နက်နဲ့ ပိတ်ဆို့နေတယ် ဆိုတဲ့ တရုတ်တို့၊ ရုရှားတို့ကလည်း အရမ်းဇွတ်ရှေ့တိုးမယ် မထင်ပါဘူး။ တနေ့ကျရင် အကျိုးဖြစ်လာရမယ်ဆိုတာကို ယုံကြည်ပါတယ်။ ကျနော်တို့ အိမ်နီးချင်းနိုင်ငံတွေကလည်း ၀ိုင်းဝန်းလာကြမယ် ဆိုတာ သေချာပါတယ်။
ကျနော်ကတော့ အခုချိန်မှာ ပြောချင်တာက နိုင်ငံတကာအသိုင်းအ၀ိုင်းမှာ မြန်မာမိသားစုတွေ၊ အင်န်အယ်ဒီကို ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံအားပေးသူတွေက မိမိ ရောက်နေ၊ ရှိနေတဲ့နေရာမှာ စုဝေးပြီးတော့ အခု နိုင်ငံတကာက ထုတ်ဖော်ပြသနေပြီဖြစ်တဲ့ သဘောထားတွေ၊ လှုပ်ရှားမှုတွေမှာ ပတ်သက်ကြမယ်၊ လက်တွဲကြမယ်ဆိုတာမျိုးတွေဟာ ကြိုဆိုရမယ့်ကိစ္စတွေလို မြင်ပါတယ်။”
ဒါကတော့ စာနယ်ဇင်းများက ကင်ပွန်းတပ်နေကြတဲ့ အင်န်အယ်ဒီနိုင်ငံရေးပါတီရဲ့ နောက်ဆုံးနေ့လို့ ပြောနေတဲ့ကြားက အင်န်အယ်ဒီပါတီနဲ့ နိုင်ငံတကာမိသားစုတို့တွေ ရှေ့ဆက်လျောက်ကြမယ့် အနာဂတ်ခြေလှမ်းများ၊ နောင်လာမည့်နေ့ရက်များကို ဆရာဦးဝင်းတင်နဲ့ အချိန်ရခိုက် မေးမြန်းထားမိသမျှ တင်ဆက်လိုက်တာဖြစ်ပါတယ်။
မြန်မာပြည်သူလူထုရဲ့ ပါတီ - အင်န်အယ်ဒီ၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်တို့ ဦးဆောင်တဲ့ ၉၀ ရွေးကောက်ပွဲ အနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနဲ့ တိုင်းရင်းသားမိတ်ဆွေများရဲ့ ပါတီ အင်န်အယ်ဒီ ဆက်လက်ပြီး သက်တော်ရာကျော်ရှည်ပါစေလို့ မိုးမခက ဆုတောင်းပါတယ်။

© 2010 MoeMaKa Radio & Multimedia

Thursday, May 6, 2010

အန်အယ်ဒီက ပညာသင်ထောက်ပံ့ကြေး ပေးအပ်




| ကြာသပတေးနေ့၊ မေလ ၀၆ ရက် ၂၀၁၀ ခုနှစ် ၁၄ နာရီ ၁၅ မိနစ် .
နယူးဒေလီ(မဇ္ဈိမ) ။ ။ ပါတီမှတ်ပုံတင်ရမည့် နောက်ဆုံးနေ့မတိုင်ခင် နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များကို ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်လိုက်ခြင်းဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လုပ်ဖော်ကိုင်ဘက်များကို အလေးထားကြောင်း ပြသလိုက်သည်။

ရန်ကုန်တိုင်း မြို့နယ် ၁၄ မြို့နယ်မှ နိုင်ငံရေး အကျဉ်းသားများ၏ သားသမီးငယ် ၁၂၇ ဦးအတွက် တဦးလျှင် ပညာသင်စရိတ် ၂၃၀၀၀ ကျပ်စီ လက်ကျန် ပါတီရန်ပုံငွေထဲမှ ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နေ့လည်ပိုင်းက ရွှေဂုံတိုင်လမ်းရှိ ပါတီရုံးချုပ်တွင် ပြုလုပ်ကျင်းပသည်။

ပုံမှန်အားဖြင့် ပညာသင်ထောက်ပံ့ကြေးကို ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ဖြစ်သော ဇွန်လ ၁၉ ရက်နေ့တွင် ပြုလုပ်သော်လည်း ပါတီဖျက်ခံရမည့်နေ့ မတိုင်ခင် အပြီးသတ် လုပ်ဆောင်ရန် ဒေါ်အောင်ဆန်းစုကြည်က သဘောထားပေးခဲ့သည်ဟု ပါတီဒုဥက္ကဋ္ဌ ဦးတင်ဦးက ပြောသည်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲအပြတ်သတ် အနိုင်ရသော်လည်း စစ်အုပ်စုက အာဏာလွှဲပေးရန် ငြင်းဆန်ခြင်း ခံခဲ့ရသော NLD သည် ၂ဝ၁ဝ ရွေးကောက်ပွဲဥပဒေကို သဘောမတူ၍ ပါတီပြန်လည်မှတ်ပုံမတင်ရန် ဆုံးဖြတ်ထားသည်။ ရွေးကောက်ပွဲ ဥပဒေအရ ယနေ့သည် နိုင်ငံရေးပါတီဟောင်းများလည်း မှတ်ပုံတင်ရမည့် နောက်ဆုံးနေ့ဖြစ်ပြီး မပြုလုပ်လျှင် ဖျက်သိမ်းခံရမည်ဖြစ်သည်။

မူလတန်းအဆင့်မှာ တက္ကသိုလ် တက်နေသည့် ကျောင်းသားများကို နှစ်စဉ် ပညာသင် ထောက်ပံ့ကြေးငွေအဖြစ် ပေးခဲ့သည့်မှာ ယခုအခါ နဝမ အကြိမ်မြောက်ဖြစ်ကြောင်း အဖွဲ့ချုပ် အမျိုးသမီး တာဝန်ခံ ဒေါက်တာ မေဝင်းမြင့်က ပြောသည်။

ရန်ကုန်ရှိ အန်အယ်ဒီက ပါတီ၏ လူမှုအထောက်အကူပြုအဖွဲ့ကို အကူညီတောင်းခံလာသော ရန်ကုန်တိုင်းအတွင်း နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များကို ထောက်ပံ့ခြင်းဖြစ်ပြီး အခြားပြည်နယ်နှင့် တိုင်းများတွင်လည်း ပါတီဝင်များက အလားတူထောက်ပံ့ခြင်း ရှိသည်ဟု သူမက ပြောသည်။

“ကလေးတွေ တနှစ်အတွက် ကျောင်းစရိတ် ဘယ်လောက်ဆိုပြီး လျာထားတာတော့ မရှိဘူး” ဟု အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား ၂၁ဝဝ ကျော်ရှိနေပြီး စစ်အစိုးရက ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ထားသည်။

NLD ဖျက်သိမ်းခံရလျှင်လည်း လှူဒါန်းငွေများရလျှင် နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များကို ဆက်လက်ကူညီသွားရန် ရည်ရွယ်ထားသည်ဟု ဦးတင်ဦးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က ပါတီဝင်များက ပါတီဆိုင်းဘုတ်များ၊ အလံများ ဖြုတ်သိမ်းခြင်းမပြုရန် ညွှန်ကြားထားသည်။ စစ်အစိုးရဘက်က မည်သို့သော အရေးယူဆောင်ရွက်မှု ပြုလုပ်မည်ကိုမူ မသိရသေးပေ။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင် ပါရှိသော အချို့သော စကားရပ်များကို ပယ်ဖျက်ရန် တရားရုံးချုပ်သို့ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD က လွန်ခဲ့သည့် သီတင်းပတ်က လျှောက်ထားမှုကို ယမန်နေ့တွင် တရားရုံးက ပယ်ချလိုက်သည်။

အန်အယ်ဒီ နှစ်ရုံး ဆိုင်းဘုတ်များ ဖြုတ်ချ

မြင့်မောင် | ကြာသပတေးနေ့၊ မေလ ၀၆ ရက် ၂၀၁၀ ခုနှစ် ၁၇ နာရီ ၂၈ မိနစ် .
နယူးဒေလီ (မဇ္ဈိမ) ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်ရုံး ၂ ရုံးသည် ပါတီသက်တမ်းမကုန်ဆုံးမီ ဆိုင်းဘုတ်များအား ဖြုတ်ချခဲ့ကြကြောင်း စုံစမ်းသိရှိရသည်။

မန္တလေးတိုင်း မတ္တရာမြို့နယ် NLD ဥက္ကဋ္ဌ ဦးခင်မောင်သန်း နေအိမ်တွင် တင်ထားသည့် ဆိုင်းဘုတ်အား မြို့နယ်စည်း အဖွဲ့ဝင်များ၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ ယနေ့ နံနက်ပိုင်းတွင် ဖြုတ်ချခဲ့ကြောင်း အမည်မဖော်လိုသူ မန္တလေးရှိပါတီဝင်တဦးက ပြောသည်။

အလားတူပင် ယမန်နေ့က ပဲခူးမြို့ ပန်းလှိုင်ရပ်ကွက် ၂၃ လမ်းရှိ ပဲခူးမြို့နယ်စည်း ဥက္ကဋ္ဌ ၏ အိမ်နံပါတ် ၉၂ နေအိမ်တွင် တင်ထားခဲ့သော ဆိုင်းဘုတ်ကို ဖြုတ်ချခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က ပါတီဝင်များအနေဖြင့် ဆိုင်းဘုတ်၊ အလံများ ဖြုတ်ခြင်းမပြုလုပ်ရန် ပြောကြားခဲ့သည်။ ရန်ကုန်ရှိ ဗဟိုရုံးချုပ်ကတော့ မြို့နယ်များအနေဖြင့် မိမိတို့ဒေသအလိုက် ညှိနှိုင်းဆုံးဖြတ်ရန် ညွှန်ကြားခဲ့သည်။

ပဲခူးမြို့မှ ပါတီဝင် ဦးမြတ်လှက “ ဆိုင်းဘုတ်ကြီး ရှိခြင်းအားဖြင့် တဖက်ကနေပြီးတော့ ပုဒ်ထီး၊ ပုဒ်မတွေ တပ်လာမှာ စိုးရိမ်တယ်။ အဖွဲ့လည်း မရှိတော့ဘူး။ အဲဒီအချိန်ကျမှာ တရားစွဲတာတို့ ဘာညာဖြစ်မယ်ဆိုရင် ကျနော်တို့က မလိုလားဘူး။ အဲဒါကြောင့်မို့ ချလိုက်တာ ဖြစ်တယ်” ဟု ပြောသည်။

ဗဟန်းမြို့နယ်တွင် ဖွင့်လှစ်ထားသည့် NLD ဗဟိုရုံးချုပ်တွင်တော့ ဆိုင်းဘုတ်နှင့် အလံကို ဆက်လက်ထားရှိသွားမည်ဖြစ်ကာ ပါတီသက်တမ်း ကုန်ဆုံးပြီးနောက် ထိုနေရာ၌ လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဆက်လက်အသုံးပြုသွားမည်ဟု ပါတီဝင်များကပြောသည်။

ပါတီမှတ်ပုံတင်ခြင်း မပြုလုပ်သဖြင့် စစ်အစိုးရ ရွေးကောက်ပွဲ ကော်မရှင်ဥပဒေအရ နိုင်ငံရေးပါတီအဖြစ်မှ မနက်ဖြန်မှ စတင်ကာ အလိုအလျောက် ပျက်ပြယ်မှာဖြစ်သည်။

၂ဝဝ၃ ခုနှစ် နောက်ပိုင်း စစ်အစိုးရက အဓမ္မပိတ်သိမ်းခြင်းမတိုင်မီအထိ တနိုင်ငံလုံးတွင် အန်အယ်ဒီ ပါတီရုံးပေါင်း ၃ဝဝ ကျော် တည်ရှိခဲ့သည်။


© Copyright 1998 - 2009 Mizzima News. All Rights Reserved

NLD ခေါင်းဆောင်တချို့ ပါတီထောင်မည်

Thursday, May 06, 2010 .အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် တချို့က ရွေးကောက်ပွဲ ဝင်ရန် ပါတီသစ်တခု သီးခြား ထောင်မည်ဟု သိရသည်။

ရွေးကောက်ပွဲကို သပိတ်မှောက်ရန် သဘောမတူခဲ့သည့် အဖွဲ့ဝင်များ ပါဝင်မည့် ယင်း ပါတီအမည်ကို“အမျိုးသား ဒီမိုကရေစီ အင်အားစု (National Democratic Force)” ဟု အမည်ပေးမည် ဖြစ်ကြောင်း NLD ခေါင်းဆောင် တဦးဖြစ်သူ ဒေါက်တာ သန်းငြိမ်းက ဧရာဝတီသို့ ပြောသည်။



ယမန်နေ့က NLD ရုံးချုပ်တွင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အကြိုကျင်းပသည့် ပညာသင် ထောက်ပံ့ကြေး ပေးအပ်ပွဲသို့ တက်ရောက် လာသည့် အကျဉ်းကျ ပါတီဝင်များ၏ မိသားစုဝင်များ (ဓာတ်ပုံ - AP)
“ကျနော်တို့ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဆန့်ကျင်တာ မဟုတ်ပါဘူး၊ ကျနော်တို့ရဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေ ဆက်လုပ်ဖို့ သက်သက်ပါပဲ၊ ဒီလိုမှ မလုပ်ရင် ဘာမှ ဆက်လုပ်လို့ ရမှာ မဟုတ်ဘူး”ဟု ဒေါက်တာ သန်းငြိမ်းက ဆိုသည်။

NLD သည် စစ်အစိုးရ ပြဋ္ဌာန်း ထားသည့် ရွေးကောက်ပွဲ ဥပဒေ အရ ယနေ့ မေလ ၆ ရက်နေ့ ညသန်းခေါင်ယံတွင် တည်ဆဲ တရားဝင်ပါတီ အဖြစ်မှ ပျက်ပြယ်ပြီ ဖြစ်သည်။ တည်ဆဲ ပါတီ ၁၀ ခုအနက် ၄ ခုသာ ပြန်လည် မှတ်ပုံတင်သည်။

NLD ခေါင်းဆောင်ပိုင်းမှ ဒေါက်တာ ဝင်းနိုင်၊ ဦးသိန်းညွန့်၊ ဦးစိန်လှဦးနှင့် တခြား NLD ပါတီဝင်များ ပါတီသစ်တွင် ပါဝင်မည်ဟု ဒေါက်တာသန်းငြိမ်း က ပြောသည်။

NLD ခေါင်းဆောင်တဦး ဖြစ်သူ ဦးခင်မောင်ဆွေကလည်း NLD ဗဟို ကော်မတီဝင် (CC) ၁၀၀ ကျော် အနက် ၂၀ ခန့် ပါဝင်နိုင် ကြောင်းနှင့် ၄င်းအနေနှင့်မူ အကြံပေးအဖြစ် ရှိနိုင်ကြောင်း ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်မပါဘဲ ရွေးကောက်ပွဲဝင်ရာတွင် လူထုထောက်ခံမှု ရှိမရှိနှင့်ပတ်သက်၍ ဒေါက်တာ သန်းငြိမ်း က အကောင်း မြင်ကြောင်းနှင့် ပါတီသစ်အနေဖြင့် မဲဆန္ဒနယ် မည်ရွေ့မည်မျှ ဝင်ရောက်ယှဉ်ပြိုင်မည်ကို ယခုဖွဲ့မည့် ပါတီ ခေါင်းဆောင်များက ဆုံးဖြတ်မည်ဟု ဆိုသည်။

စစ်ဘက်မှ အရပ်ဘက်သို့ ပြောင်းလာသော အဆင့်မြင့်အရာရှိများ အပါအဝင် ၂၆ ဦးကို နိုင်ငံတော်ဝန်ကြီးချုပ် ဦးသိန်းစိန်က ဦးဆောင်လျက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကို ဧပြီလ ၂၉ ရက်နေ့က ပါတီမှတ်ပုံတင်ခွင့် လျှောက် ထားခဲ့သည်။

ယင်း ဦးသိန်းစိန်၏ ကြံ့ဖွံ့ပါတီက ရွေးကောက်ပွဲတွင် နေရာယူမည်မှာ သံသယ မရှိကြောင်း ဒေါက်တာသန်းငြိမ်းက ပြောဆို သည်။

Wednesday, May 5, 2010

ပြီးခဲ့တဲ့ဧပြီလ(၂၆)ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တရားစွဲဆိုခဲ့တဲ့ အမှု၂မှုကို ယနေ့တရားရုံးချုပ်မှ လက်မခံပဲ ပယ်ချ...


ပြီးခဲတဲ့ဧပြီလ ၂၉ရက်နေ့က ဗဟိုတရားရုံးချုပ်သို့ ဒေါ်အောင်ဆန်းစုကြည်မှ ရက်ပေါင်း ၆၀ အတွင်းမှတ်ပုံမတင်ရင် အလိုလျှောက် ပျက်ပြယ်မည်ဆိုသည့် ဥပဒေအား တားဝရမ်းထုတ်ပေးဖို့ နဲ့၁၉၉၀ခုနှစ် ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၂၆ဦးမှလည်း ဥပဒေအရ လွှတ်တော်ကိုယ်စားလှယ် အဖြစ်ရပ်တည်ပိုင်ခွင့်ရှိကြောင်း ကြေငြာပေးဖို့နဲ့ အဲ့ဒီနောက်ပိုင်း လွှတ်တော်ခေါ်ယူ ပေးဖို့ တရားစွဲဆိုခဲ့တဲ့ အမှု၂မှုကို ယနေ့တရားရုံးချုပ်မှ လက်မခံပဲ ပယ်ချလိုက်ကြောင်း ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုသွားပါတယ်။


ဒီနေ့ညနေ ၄နာရီလောက်က ဗဟိုတရားရုံးချုပ်က ညွန်ကြားရေးမှုးက ဖုန်းဆက်ခေါ်လို့ သွားတွေ့ပါတယ်။ ပြီးခဲတဲ့ဧပြီလ ၂၉ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၂၆ဦးတင်ခဲ့တဲ့ အမှု ၂မှုကို လက်မခံဘူး ပယ်ပါတယ်လို့ ပြောပါတယ်။ ဘာကြောင့်လို့လဲ ဆိုတော့ ဒါတွေဟာ ဥပဒေကြောင်းအရ ပယ်ဖျက်ပြီးလို့ လက်မခံနိုင်ဘူး ပယ်ပါတယ်လို့ ပြောပါတယ်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တွေရဲ့ ရပ်တည်မှုနဲ ပတ်သတ်ပြီးတော့ ပြည်သူ့ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၉၁(ခ)အရ အဲ့ဒီရလာဒ်တွေကို ပယ်ဖျက်ပြီး ဖြစ်ကြောင်းနဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင် ဥပဒေပုဒ်မ (၂၅)အရ သတ်မှတ်ရက် ရက်ပေါင်း(၆၀)အတွင်း ထပ်မံမှတ်ပုံမတင်ရင် အလိုလျှောက် ပျက်ပြယ်တယ်ဆိုတဲ့ ပြဋ္ဌာန်းချက် အဲဒါတွေကို ညွှန်ပြပြီးတော့ ကန့်ကွက်တာပါ။ သူတို့ ဖုန်းဆက်ခေါ်လို့ အန်ကယ်တို့ သွားတွေ့တာပါဟု ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုသွားပါတယ်။


ပြီးခဲ့တဲ့ ဧပြီလ ၂၉ရက်နေ့က ဗဟိုတရားရုံးချုပ်သို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၁၉၉၀ခုနှစ် ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၂၆ဦးမှလည်း ဥပဒေအရ လွှတ်တော်ကိုယ်စားလှယ်တွေက အမှု၂ခုကို လက်မှတ်ထိုးပြီး တင်ခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပါတီမှတ်ပုံတင် ပြန်လည်မတင်ရန် အများသဘောတူ ဆုံးဖြတ်ချက်ချထားပါတယ်။ နိုင်ငံရေးပါတီများမှတ်ပုံတင် ဥပဒေအရ မနက်ဖြန်မှာ ရက်ပေါင်း ၆၀ပြည့်ပါမယ်။

သတင်း... ဒီမိုဝေယံ..

၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ရန် စီအာပီပီက ပြည်သူလူထုကို တိုက်တွန်း

ပါတီငယ်များ ရွေးကောက်ပွဲ မဝင်သင့်ဟု CRPP ပြော

မြင့်မောင် | ဗုဒ္ဓဟူးနေ့၊ မေလ ၀၅ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၄၇ မိနစ် .
နယူးဒေလီ (မဇ္ဈိမ)။ ။ ရွေးကောက်ပွဲအပြီး ဖြစ်ပေါ်လာမည့် လွှတ်တော်ထဲတွင် စစ်တပ်ကသာ လွှမ်းမိုးထားအောင် လုပ်ဆောင်နေမှုကြောင့် ပါတီငယ်များအနေဖြင့် ရွေးကောက်ပွဲမဝင်သင့်ဟု CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီက တိုက်တွန်းလိုက်သည်။

''လွှတ်တော်ထဲမှာ ၂၅ ရာခိုင်နှုန်း မကဘဲနဲ့ ရာခိုင်နှုန်း တော်တော်များများကို စစ်တပ်က သူတို့လူတွေကို မရ ရအောင်၊ မနိုင် နိုင်အောင် လုပ်မယ်ဆိုတာ လက်ရှိအခြေအနေအရ သိသာထင်ရှားနေတယ်'' ဟု CRPP အထွေထွေ အတွင်းရေးမှူး ဦးအေးသာအောင်က ပြောသည်။

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များထဲတွင် တပ်မတော်သားဝေစု ၂၅ ရာခိုင်နှုန်းကို သူက ရည်ညွန်းပြောဆိုသွားခြင်း ဖြစ်သည်။

“ပါတီငယ်တွေအနေနဲ့ ရွေးကောက်ပွဲ မဝင်ရင် အကောင်းဆုံးဖြစ်မယ်။ အပြောင်းအလဲဖြစ်အောင် အားလုံးဝိုင်းပြီး ကြိုးပမ်းလို့ ဒီမိုကရေစီလမ်းကြောင်းကို ဦးတည်လာမယ်၊ နအဖဘက်ကလည်း ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေထဲက ပြင်သင့်ပြင်ထိုက်တာတွေ ပြင်လာမယ်ဆိုရင် ရွေးကောက်ပွဲဝင်ဖို့ သင့်တော်မယ်။ အဲဒီအခါကျမှာသာ ပါတီထောင်ပြီးတော့ နိုင်ငံရေးလုပ်ရင် ပိုကောင်းမယ်လို့ အကြံပြုချင်ပါတယ်” ဟု ဦးအေးသာအောင်က ပြောသည်။

ယမန်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးနှင့် ပါတီဗဟိုအလုပ်အမှုဆောင် ၇ ဦး၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးအေးသာအောင်၊ မွန်ပြည်သစ်ပါတီမှ ဦးနိုင်ထွန်းသိန်း၊ ဇိုမီးအမျိုးသား ကွန်ကရက်မှ ပူးကျင်ရှန်းထန်၊ ညီညွတ်သော တိုင်းရင်းသားများအဖွဲ့မှ ဦးထောင်ကိုထန်း၊ တသီးပုဂ္ဂလ ဦးသိန်းဖေ၊ ဒီမိုကရေစီပါတီမှ ဦးစိုးဝင်းတို့ တက်ရောက်သော CRPP အစည်းအဝေးကို ရန်ကုန်မြို့ NLD ရုံးချုပ်တွင် ပြုလုပ်ခဲ့ကြပြီး ရွေးကောက်ပွဲနှင့် နိုင်ငံရေးပါတီများ၏ အနေအထားကို ဆွေးနွေးခဲ့ကြသည်။

ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်လိုသူ ကိုယ်စားလှယ်လောင်း တဦးလျှင် ငွေကျပ် ၅ သိန်း ရွေးကောက်ပွဲ ကော်မရှင်သို့ ပေးသွင်းရမည်ဖြစ်ကာ၊ ပါတီမှတ်ပုံတင်ကြေးက ကျပ် ၃ သိန်း ဖြစ်သည်။ ကိုယ်စားလှယ်လောင်း တဦးလျှင် ကျပ်သိန်း ၁ဝဝ အထိသာ အသုံးပြုရန် ကော်မရှင်က ကန့်သတ်ထားသည်။

ရွေးကောက်ပွဲ ကော်မရှင်သို့ နိုင်ငံရေးပါတီ တည်ထောင်လိုကြောင်း လျှောက်ထားသည့် ပါတီ ၃ဝ ရှိသည့်အနက် ၂၄ ပါတီကို မှတ်ပုံတင်ခွင့် ပြုထားသည်။

“ပါတီတော်တော်များများက အတွက်က ခက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရဝန်ထမ်း ဖြစ်လို့ရှိရင် ပါတီမဝင်ရဘူး။ ပါတီဝင် မဖြစ်ရဘူးဆိုတဲ့ ကန့်သတ်ချက်တွေ ရှိတယ်။ မြန်မာပြည်ထဲမှာ နိုင်ငံရေး လုပ်နေတဲ့ အနေအထားက အခုအချိန်ထိ အန္တရာယ် မကင်းသေးဘူးဆိုတဲ့ အနေအထားရှိတော့ အတော်ကို ခက်နိုင်တဲ့ အနေအထား ရှိပါတယ်။ ကျန်တဲ့ အခတ်အခဲတွေ ရှိသလို၊ ငွေရေးကြေးရေး အခက်အခဲတွေလည်း ရှိတယ်” ဟု မြန်မာ့အရေး လေ့လာသူ ကိုအောင်သူငြိမ်းက ပြောသည်။

သူက ဆက်ပြီး “ နောက်တခု ကျနော်တို့ တွေ့နေရတဲ့ ပြဿနာတွေက အပေါ်က မူဝါဒအရ ဟုတ်ချင်မှ ဟုတ်မယ်၊ အောက်ခြေက တချို့ ရဲစခန်းတွေက သူတို့ မြို့နယ်ထဲမှာ ပါတီရုံး မဖွင့်ဖို့ တားတာဆီးတာတွေလည်း ကျနော်တို့ ကြားတယ်” ဟု ပြောသည်။

တနိုင်ငံလုံး ဝင်ပြိုင်မည့် ပါတီများသည် အနည်းဆုံး ပါတီဝင် ဦးရေ ၁ဝဝဝ ရှိရမည်ဖြစ်ပြီး၊ ဒေသဆိုင်ရာ ပါတီများအတွက် အနည်းဆုံး ပါတီဝင် ၅ဝဝ ရှိရမည်ဟု ကော်မရှင်က ညွှန်ကြားထားသည်။

”ရွေးကောက်ပွဲကို ဝင်ယှဉ်ပြိုင်မယ့်သူ မရှိတဲ့ နေရာတွေတောင် ရှိကောင်း ရှိလာနိုင်တယ်” ဟု ဦးအေးသာအောင်က ပြောသည်။

စစ်အစိုးရက ၎င်း၏ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကို နိုင်ငံရေးပါတီအဖြစ် ပြောင်းလိုက်ပြီး ဝန်ကြီးချုပ် ဦးသိန်းစိန်က ဦးဆောင်ထားသည်။

“ကြံ့ခိုင်ရေးအဖွဲ့ဆိုတာက သူ့မှာက အာဏာရှိတယ်၊ ငွေရှိတယ်၊ အခွင့်အရေးရှိတယ်။ စည်းရုံးပြီးသားလည်း ဖြစ်တယ်။ အဲဒါတွေက သူတို့ သာတယ်။ ငွေရေးကြေးရေးလည်း ရှိတယ်။ စည်းရုံးရေး ကာလတွေ ရှိတယ်။ ကျနော်တို့က ငွေရေးကြေးရေး အခက်အခဲတွေ ရှိတယ်။ စည်းရုံးကာလ ဘယ်လောက်ရမယ်ဆိုတာ မသိသေးဘူး” ဟု ဒီမိုကရက်တစ်ပါတီ - မြန်မာပြည် ဥက္ကဋ္ဌ ဦးသုဝေက ပြောသည်။

နိုင်ငံရေးပါတီများ ယှဉ်ပြိုင်လိုလျှင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃၃ဝ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၆၈ နေရာနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ၆၅ဝ နေရာ ရှိနေသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အချက်အလက်များအား ပြင်ဆင်လိုပါက ဥပဒေမူကြမ်းကို ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဟု ပြဋ္ဌာန်းထားသည်။
© Copyright 1998 - 2009 Mizzima News. All Rights Reserved