Wednesday, May 5, 2010
နာဂစ်ဒေသ သိန်း ၁၄ဝဝ ကျော် သုံးစွဲဟု NLD ပြော
ခိုင်စု | အင်္ဂါနေ့၊ မေလ ၀၄ ရက် ၂၀၁၀ ခုနှစ် ၁၄ နာရီ ၃၀ မိနစ် .
နယူးဒေလီ (မဇ္ဈိမ)။ ။ နာဂစ်မုန်တိုင်းသင့် ဒုက္ခသည်များ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ပါတီအနေဖြင့် ကျပ်သိန်း ၁၄ဝဝ ကျော် သုံးစွဲခဲ့ပြီးဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD က ယနေ့ ပြောဆိုသည်။
“ကျနော်တို့က ပြည်သူတွေနဲ့ အဖွဲ့ဝင်တွေရဲ့ လှူဒါန်းခဲ့တာ အကြမ်းဖျင်း တွက်ထားတာ ကျပ်သိန်းပေါင်း ၁၄ဝဝ ကျော် ရှိပါပြီ” ဟု အန်အယ်ဒီ ပြောခွင့်ရပုဂ္ဂိုလ်နှင့် နာဂစ် အကူအညီပေးရေး ကော်မတီ ဥက္ကဋ္ဌ ဦးအုန်းကြိုင်က ပြောသည်။
NLD အဖွဲ့ဝင်များကိုယ်တိုင် ကျေးရွာများသို့်သွားပြီး လှူဒါန်းခဲ့ကြခြင်းဖြစ်ရာ အာဏာပိုင်များက နှောင့်ယှက်ခြင်း မရှိဟု သူက ပြောသည်။
၂ဝဝ၉ ခုနှစ်အတွင်းက မော်ကျွန်းနှင့် ဘိုကလေးမြို့နယ်များတွင် စက်ရေတွင်းနှင့် ရေတုံကင်များ လှူဒါန်းခဲ့ပြီး အစောပိုင်းကလည်း လပွတ္တာမြို့နယ်တွင် ရေကန်ပေါင်း ၁၂ဝ ကို ၄၅ ရက်အတွင်း သန့်ရှင်းရေးလုပ်ခဲ့သည်ဟု ပါတီမှတ်တမ်းတွင် ပါရှိသည်။
“ကျနော်တို့က ပြည်ပက ငွေကို လက်ခံလို့ မရပါဘူး။ တိုင်းနှင့်ပြည်နယ် အသီးသီးက ပါတီဝင်တွေနဲ့ ပြည်တွင်းက စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ပိုက်ဆံတတ်နိုင်တဲ့ လူတွေဆီက ထောက်ပံ့လှူဒါန်းတဲ့ ငွေတွေပါ” ဟု ဦးအုန်းကြိုင်က ပြောသည်။
ယနေ့အချိန်ထိ နာဂစ်ဒေသများ၌ မိသားစုပေါင်း တသိန်းခွဲခန့်မှာ အိုးအိမ်များ ပြန်လည်တည်ဆောက်ရန် လိုအပ်နေပြီး လူဦးရေ ၁ သိန်း ၈ သောင်းခန့်မှာ သောက်သုံးရေ ရရှိရန် ခက်ခဲနေကြောင်း ရန်ကုန်ရှိ ကုလသမဂ္ဂရုံး ထုတ်ပြန်ချက်တွင် ပါရှိသည်။
“ကျန်းမာရေးအတွက်ဆိုလည်း ဆေးခန်းတွေ နေရာအနှံ့ဖွင့်ဖို့ လိုအပ်သေးတယ်။ ကလေးတွေ ပညာရေးအတွက် စာသင်ကျောင်းတွေ ဆောက်ပေးနေတယ်ဆိုပေမယ့် တော်တော် နည်းသေးတယ်။ နောက် လယ်သမားတွေက သွင်းအားစုထည့်ဖို့ အရင်းအနှီးထည့်ဖို့ လိုအပ်နေသေးတယ်။ ပျက်စီးဆုံးရှုံးမှု ကြီးမားတဲ့အတွက် နိုင်ငံတော်နဲ့ NGO တွေက လှူဒါန်းတာတွေ ရသင့်သလောက် ရပေမယ့် မလုံလောက်ပါဘူး” ဟု ဦးအုန်းကြိုင်က ပြောသည်။
© Copyright 1998 - 2009 Mizzima News. All Rights Reserved.[x] close

ချိနဲ့နေဆဲ မြစ်ဝကျွန်းပေါ်
ဟိန်းဇော် Tuesday, May 04, 2010 .“တနေ့လုံး ဘာမှမစားရ သေးတော့ ဒီညနေ ပိုက်ဆံရမှ ထမင်းအမြန် ချက်စားနေရတာ”ဟု လပွတ္တာခရိုင် ဘီတွတ်ကျေးရွာ ရွာမ ကွက်သစ် (၂) တွင် နေထိုင်သော အသက် ၆၈ နှစ် အရွယ် ဒေါ်သောင်းစိန်က ဆန်လေးလုံးဝင် ဒန်အိုးတလုံးထဲသို့ ၀ါညစ်နေသော ဆန်များကို သွန်ထည့်ရင်း ဆိုသည်။
နေ့လယ် ၁၂ နာရီခန့်က စတင် ဆောက်လုပ်ကာ ပြီးစီးလုရှိနေသော ၁၄ ပေ ပတ်လည်ရှိ ဓနိမိုး ဓနိကာ အိမ်ကလး တလုံးထဲတွင် နံနက်စာကို ညနေစောင်းမှ စတင်ချက်ပြုတ်နေရခြင်းဖြစ်သည်။ နံနက်စာမှာ ညနေ ၅ နာရီခွဲ အထိ မကျက်သေး၍ မိသားစု ၈ ဦး ရှိသော ဒေါ်သောင်းစိန်တို့ အိမ်တွင် ကလေးများက ဆာလောင်ကြသောကြောင့် ဆူဆူညံညံဖြစ်နေတော့သည်။
“အမေကြီး ဗိုက်ဆာပြီဟ” “သားကို ထမင်းရည် နည်းနည်း တိုက်ဦး”စသည့် အရွယ်မရောက်သေးသော ကလေးငယ်များ၏ မပီကလာ ပီကလာ စကားသံများသည်လည်း စဉ်ဆက်မပြတ်ကြားနေရသည်။

ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ် ဒေးဒရဲ မြို့နယ်ရှိ အကူအညီ လိုအပ်နေဆဲ နာဂစ် ဒုက္ခသည် သားအဖ ၃ ဦးကို ပြီးခဲ့သည့် တနင်္ဂနွေနေ့က တွေ့ရစဉ် (ဓာတ်ပုံ - AP)
နာဂစ်မုန်တိုင်းတိုက်ခိုက်မှုကြောင့် အသက်ပေါင်းများစွာ စတေးခဲ့ရပြီး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြသော မြစ်ဝ ကျွန်းပေါ် ဧရာဝတီတိုင်း အတွင်းရှိ မိသားစုများစွာထဲတွင် ဒေါ်သောင်းစိန်တို့ မိသားစုတစုလည်း ပါဝင်သည်။
၂၀၀၈ ခုနှစ် မေလ၂ရက်နှင့် ၃ ရက်နေ့များတွင် နာဂစ်ဆိုင်ကလုန်း မုန်တိုင်းတိုက်ခတ်ခဲ့မှုကြောင့် မုန်တိုင်းပြင်းထန်သည့် ဧရာဝတီ တိုင်း အတွင်းရှိ လူဦးရေ ၇ သန်းရှိသည့်အနက် လူဦးရေ ၂. ၄ သန်း ထိခိုက်နစ်နာခဲ့ရပြီး ယင်းမုန်တိုင်းကြောင့် လူဦးရေ ၁၄၀၀၀၀ ခန့် သေကြေပျောက်ဆုံးခဲ့ရသည်။ လူ ၈ သိန်းခန့်မှာ အိုးမဲ့အိမ်မဲ့ဘ၀ ရောက်ကာ အိမ်ပေါင်း ၄၅၀၀၀၀ ခန့်ပျက်စီးခဲ့သည် ဟု စာရင်း ဇယားများအရ သိရသည်။
အဆိုပါ မုန်တိုင်းကြောင့် အသက်မသေဘဲ အိုးမဲ့အိမ်မဲ့ဘ၀ ရောက်ခဲ့သူများသည် အချိန် ၂ နှစ်ခန့် ကြာမြင့် လာခဲ့သော်လည်း နာလန်မထူနိုင်သေးသည့်အပြင် စားဝတ်နေရေး ခက်ခဲနေကြဆဲ ဖြစ်သည်။
ထိုသို့ ကြေကွဲစရာအဖြစ်အပျက်များနှင့် ကြုံတွေ့ခဲ့ရပြီး ခက်ခဲကြမ်းတမ်းစွာ အသက်ရှင်နေထိုင်နေခဲ့ကြသော်လည်း စားဝတ်နေ ရေးသည် အချိန်ကြာလာသည်နှင့်အမျှ ခက်ခဲမှုများကြောင့် အသက်ရှင်နေထိုင်ရန်ပင် များစွာခက်ခဲလာကြောင်း ဒေါ်သောင်းစိန်၏ သားအကြီးဆုံးဖြစ်သူ အသက် ၄၅ နှစ်အရွယ် ဦးလှမောင်ကလည်း ပြောပြသည်။
နာဂစ် မုန်တိုင်း ဒဏ် ခံရပြီးနောက် ရန်ကုန်မြို့မှ ဘ၀ ရှုခင်း တခု
“မုန်တိုင်းကြောင့် ဘ၀ကို ကျန်တဲ့မိသားစုတွေနဲ့ အသစ်ကပြန်စမယ် အားမွေးလာတာ၊ ဒီနေ့အထိ မိသားစုစုံစုံလင်လင် ထမင်း၀၀ စားရတဲ့နေ့မရှိသေးဘူး၊ အသက်ဆက်ရှင်နေရတာ ဘယ်လိုလာပြီးကောင်းတော့လိုလဲ”ဟု ဦးလှမောင်က ဆိုသည်။
ဘီတွတ်ကျေးရွာမှ ဒေါ်အေးမော်ကလည်း“တနေကုန် အုတ်သွားသည်တဲ့ လုပ်အားခက ညနေမှရတော့ အခုမှဆန်ဝယ်ပြီး ထမင်း ချက်တာ၊ တနေကုန် ဘာမှမစားဘဲ ဒီအတိုင်းနေ ညနေကျမှ ထမင်းစားနဲ့ မုန်တိုင်းပြီး တနှစ်လောက် ကတည်းက ဒီလိုနေနေကြရ တာ၊ ဆန်ကွဲကိုချက်စားနေတဲ့ လူတွေဆို အများကြီးပဲ”ဟု ပြောသည်။
မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများက ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို လာရောက် အကူအညီ ပေးကြပြီး တနှစ် ၀န်းကျင်အကြာတွင် ယင်းအဖွဲ့အစည်းများ ဧရာဝတီတိုင်းအတွင်းမှ ပြန်လည် ထွက်ခွာခဲ့ကြရာ ဒေသခံ ဒုက္ခသည်များ အခက်အခဲ ပိုဖြစ်လာကြရသည်။
“အရင်က ပစ္စည်းတွေဘာတွေ လာဝေတဲ့ အဖွဲ့တွေဘာတွေရှိတော့ ကျနော်တို့ရွာတွေ အဆင်ပြေပြေနေနိုင်ပြီ ထင်ထားတာ၊ ဘယ် အဖွဲ့မှလည်းမရှိ၊ ကိုယ့်အလုပ်တွေ ကိုယ်ပြန်လုပ်ကြတော့လည်း ဘာအလုပ်မှ လုပ်စားလို့မရဘူး၊ ရွာမှာ အလုပ်အကိုင်တော်တော် ကို ရှားပါးကုန်တာ၊ အလုပ်တွေ အဆင်မပြေတော့ ထမင်းငတ်တဲ့ လူများလာတယ်”ဟု ကုက္ကို ကျေးရွာတွင် နေထိုင်သော နှစ်၂၀ ကြာ တံငါသည် လုပ်ကိုင်လာသော ဦးစိုးနိုင်က ပြောသည်။
နာဂစ်ဆိုင်ကလုန်း မုန်တိုင်းဒဏ် ခံခဲ့ရသော ဧရာဝတီတိုင်းအတွင်းရှိ ဒေသများမှ လယ်ယာ လုပ်ငန်း၊ ရေလုပ်ငန်းနှင့် ဆားလုပ်ငန်း စသော လုပ်ငန်းကြီးသုံးခုမှာ နှစ်နှစ်ကြာချိန်အထိ အဆင်မပြေမှုကြောင့် ယင်းလုပ်ငန်းကြီးများကို မှီခိုလုပ်ကိုင်ကြသော လုပ်သား များစွာလည်း အလုပ်လက်မဲ့ဖြစ်ကာ စားဝတ်နေရေးအခက်အခဲများ ယနေ့တိုင် ရင်ဆိုင်နေရ ဆဲဖြစ်သည်။
“ကျနော်တို့လည်း အကြွေးတွေနဲ့ လယ်ပြန်လုပ်နေရတာ၊ လယ်ကလည်း ထင်သလောက်မဖြစ်တဲ့အပြင် ကြွက်သောင်းကျန်းလို့ အရှုံးနဲ့တွေ့နေရတော့ အလုပ်သမားများများ မသုံးနိုင်တော့ဘူး”ဟု ကညင်ကုန်း ကျေးရွာရှိ လယ်ပိုင်ရှင်တဦးက ဆိုသည်။
ထိုသို့ အလုပ်အကိုင်ရှားပါးလာခြင်းကြောင့် နောက်ဆက်တွဲ စားဝတ်နေရေး အခက်အခဲဖြစ်ပွားမှုသည် လက်ရှိတွင် ပိုမိုဆိုးဝါး လာရကြောင်းလည်း ဒေသခံများက ပြောပြသည်။
“အရင်ကဆို အလုပ်အရမ်းပေါတယ်၊ ဘယ်အလုပ်ပဲ ၀င်လုပ်လုပ် ပိုက်ဆံရတယ်၊ အခု ခိုင်းမဲ့လူလည်း မရှိဘူး၊ ရွာမှာ ပိုက်ဆံကို မရှိတော့ စားဖို့ အရမ်းခက်ခဲနေတယ်”ဟု ပုံကမာ ကျေးရွာတွင် နေထိုင်သော ရေလုပ်သား ဦးခင်မောင်ဝင်း က ပြောသည်။
နာဂစ်မုန်တိုင်းစတင် တိုက်ခတ်စဉ်က ရေလုပ်သားများ ငါး ဖမ်းဆီးရရှိမှု များပြားခဲ့သော်လည်း လက်ရှိတွင် ငါးရရှိမှုလွန်စွာ လျော့ နည်းသည့်အပြင် ငါးဖမ်းဆီးခွင့်ပိတ်ပင်ထားမှုကြောင့် တံငါရွာများတွင် စားဝတ်နေရေးခက်ခဲမှု ဆိုးဝါးနေကြောင်း ဦးခင်မောင်ဝင်း က ငါးဖမ်း ပိုက်ကွန်ကို ဖာထေးရင်း ဆိုသည်။
“တံငါသည်ကို ငါးဖမ်းခွင့်ပိတ်တော့ ပိုက်သိမ်းဗိုက်မှောက် အငတ်ခံရုံပေါ့”ဟု သူက ဒေါသသံဖြင့် မာကြောကြော ပြောသည်။
ဒေသခံ မုန်တိုင်း ဒုက္ခသည် များသည် မှုရင်းအသက်မွေးဝမ်းကျောင်းလုပ်ငန်းများ အဆင်မပြေသည့်အတွက် လုပ်ငန်းပြောင်း လုပ်ကိုင်မှု များပြားလာကြောင်းလည်း သိရသည်။
“လယ်ပိုင်ရှင်တွေ၊ ယာပိုင်ရှင်တွေတောင် ဘောက်သမားဘ၀ရောက်ကုန်တယ်၊ ဒီနေ့ ထမင်းစားပြီးနောက်နေ့ ဆိုတာကို မစဉ်းစား ရဲဘူး၊ နာဂစ်ဒေသ နေသားကျပြန်ဖြစ်နေဖို့နေနေသာသာ ဒုက္ခပိုများလာတယ်”ဟု ဆေးပြင်းလိပ်ကို ခပ်ပြင်းပြင်းဖွာရိုက်၍ သက်ပြင်းချရင်း ဦးလှမောင်က ပြောသည်။
လက်ရှိ မုန်တိုင်းဒဏ်သင့်ဒေသများတွင် အစိုးရဆီမှ ချေးငွေဖြင့်လယ်ယာ လုပ်ကိုင်သောသူများသည်လည်း လုပ်ငန်းများ အဆင် မပြေမှုကြောင့် အတိုးများနစ်နေကြသည် သူက ဆိုသည်။
“ထင်သလောက် ဘယ်အလုပ်မှကောင်းကောင်းမဖြစ်တော့ လုပ်နေရင်းက လူတွေလည်း စိတ်ဓာတ်ကျလာတယ်၊ ထမင်းစားဖို့ သက်သက်ကြီးရှာနေကြတာ၊ စားဖို့တောင် အနိုင်နိုင်ဖြစ်နေတာ၊ နောက်ဆို သူခိုးဓားပြတွေတောင် ပေါလာမှာ ဆိုးရတယ်”ဟု ဦးလှမောင်က ပြောဆိုသည်။
အဆိုပါ မုန်တိုင်းဒဏ်သင့်ဒေသသည် မုန်တိုင်းမတိုက်မီကာလများတွင် နေနိုင်စားနိုင်သော အခြေအနေရှိကြောင်း သိရသည်။
“ဆန်ကွဲချက်စားတဲ့ရက်ပေါင်းတွေလဲ မရေတွက်နိုင်တော့ဘူး၊ အလုပ်လိုချင်လို့ နေရာစုံလိုက်တောင်းတာတောင် မရဘူး”ဟု ဦးခင်မောင်ဝင်းက ပေါင်ပေါ်တွင် အိပ်စက်နေသောအရွယ်မရောက်သေးသည့် သားငယ်ကို ငုံ့ကြည့်ပြီး မျက်ရည်များ ကျဆင်းရင်း ပြောသည်။
နာဂစ်မုန်တိုင်း တိုက်ခိုက်မှု တနှစ်ပြည့်ချိန်တွင် ရွာတိုင်းနီးပါးက သေဆုံးသူများအတွက် တစ်နှစ်ပြည့် အလှူအတန်းလေးများ ပြုလုပ်ပေးနိုင်ကြသော်လည်း ယခုနှစ်နှစ်ပြည့်တွင် မိသားစုတစုချင်း၏ စားဝတ်နေရေး ခက်ခဲမှုများကြောင့် သေဆုံးသူများအတွက် ကောင်းမှုကုသိုလ် မပြုလုပ်ပေးနိုင်ကြောင်း လပွတ္တာ ဒေသခံများက ပြောပြသည်။
နာဂစ်၂ နှစ် ပြည့်ချိန်တွင် ပြန်လည်ထူထောင်ရေးကာလများက တည်ဆောက်ထားသော တန်ဖိုးနည်းအိမ်ရာများ ဟောင်းနွမ်း ယိုင်နဲ့ လာသကဲ့သို့ ဧရာဝတီ တိုင်းသားများ၏ ဘ၀သည်လည်း မသေချာမရေရာ ချိနဲ့နေဆဲ ဖြစ်သည်။
“ဒီည ထမင်းစားတာတော့ ဟုတ်ပါပြီ၊ မနက်ဖြန်ရော ထမင်းဘယ်အချိန် ဆက်စားရဦးမလဲနော်”ဟု ဒေါ်သောင်းစိန် က အားငယ် သံဖြင့် ညည်းညူပြောဆိုလိုက်ပါသည်။
http://www.irrawaddy.org/bur/index.php/articles/2-articles/3090-2010-05-04-08-57-28

အန်အယ်လ်ဒီ ရပ်တည်ရေး စီအာပီပီအဖွဲ့ဝင်များ စည်းဝေး

NEJ/ ၄ မေ ၂ဝ၁ဝ
ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (စီအာပီပီ) အဖွဲ့ဝင်များသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ရုံးချုပ်တွင် ယနေ့နေ့လယ်ပိုင်း၌ အစည်းအဝေးတရပ် ကျင်းပခဲ့သည်ဟု စီအာပီပီအတွင်းရေမှူး ဦးအေးသာအောင်က ပြောကြားသည်။
“အစည်းအဝေးမှာ အဓိကထားဆွေးနွေးတာကတော့ နအဖရဲ့ ပါတီမှတ်ပုံတင်ဥပဒေအရ ရက်ပေါင်း (၆၀) ဆိုရင် ပါတီဟောင်းတွေက ပါတီမှတ်ပုံတင်ဖို့ သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာ အန်အယ်လ်ဒီ ဘယ်လို ရပ်တည်မလဲ၊ ရှေ့ဆက်ပြီးတော့ နိုင်ငံရေးခရီးကို ဘယ်လိုလျှောက်မလဲဆိုတာကို ဆွေးနွေးကြတာပါ” ဟု ၎င်းက ပြောသည်။
အစည်းအဝေးသို့ ဒု-ဥက္ကဋ္ဌ ဦးတင်ဦး၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်သည့် ဦးဝင်းတင်၊ ဦးခင်မောင်ဆွေတို့ အပါအ၀င် အန်အယ်လ်ဒီပါတီမှ (၇) ဦးတက်ရောက်ပြီး တိုင်းရင်းသားပါတီများမှ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ဥက္ကဋ္ဌ နိုင်ထွန်းသိန်း၊ ဇိုမီးအမျိုးသားကွန်ဂရက် ဥက္ကဋ္ဌ ဦးပူကျင့်ရှင်းထန်၊ ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦအေးသာအောင်၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးထောင်ကိုထန်းနှင့် အခြားစီအာပီပီ အဖွဲ့ဝင်နှစ်ဦးဖြစ်သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်းနှင့် ဦးသိန်းဖေတို့လည်း တက်ရောက်ကြောင်း သိရသည်။
အန်အယ်လ်ဒီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးက “ကျနော်တို့က ပြီးခဲ့တဲ့ကိစ္စလေးတွေလည်း ဆွေးနွေးတယ်ပေါ့ဗျာ။ နောက်ပြီးတော့ ရှေ့ဘယ်လိုဆက်သွားမယ်ဆိုတာလည်းပဲ ဆွေးနွေးပါတယ်။ စီအာပီပီဟာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားတာဖြစ်တယ်။ ၁၉၉၀ ရွေးကောက်ပွဲတုန်းကလည်း လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ရကြတယ်။ အဲဒီအပေါ် လွှတ်တော်ပေါ်လာရေးအပေါ် အကြောင်းပြုပြီးတော့ လွှတ်တော်ကိုယ်စားပြုကော်မတီ ဖွဲ့ထားတာဖြစ်တဲ့အတွက်ကြောင့် ရှေ့ဆက်ပြီးတော့လည်း ကျနော်တို့အလံတို့ ဆိုင်းဘုတ်တို့ မရှိငြားသော်လည်းပဲ စိတ်ဓာတ်နဲ့ ပတ်သက်ပြီးတော့ ဆောင်ရွက်စရာရှိတဲ့ ကိစ္စများအားလုံးကို ဆက်လက်ပြီးတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆက်သွယ်ပြီးတော့ အခြေအနေများကို လေ့လာသုံးသပ်ပြီးတော့ အခါအားလျှော်စွာ ညှိနှိုင်းတိုင်ပင်ပြီးတော့ ဆောင်ရွက်စရာကိစ္စများကို ဆောင်ရွက်ဖို့ဆိုတာနဲ့ ရပ်တည်နေကြဖို့ ဆွေးနွေးတာပါ” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။
ပါတီမှတ်ပုံတင်ကန့်သတ်ရက် ရက်ပေါင်း (၆၀) ကျော်သွားသော်လည်း အဖွဲ့ချုပ်၏ ဆိုင်းဘုတ်နှင့်အလံတို့ကို မဖြုတ်ဘဲ ဆက်လက်ထားရှိမည်ဟု ၎င်းက ပြောသည်။
“ကျနော်တို့ကိုယ်တိုင် ဆိုင်းဘုတ်တို့ အလံတို့ကို ချမှာမဟုတ်ဘူးလေ။ ရုံးအထဲမှာရှိတဲ့ ပစ္စည်းတွေကိုတော့ ပါတီအဖွဲ့အစည်းတရပ်အနေနဲ့ မရှိတော့ဘူးဆိုတဲ့ သဘောပေါက်ပြီးတော့ စာရွက်စာတမ်းတွေကို ကျနော်တို့ သိမ်းဆည်းထားမယ်ပေါ့။ သို့သော်လည်း ကျနော်တို့ အဖွဲ့ဝင်များအနေနဲ့က အဖွဲ့ဝင်သဘောတော့ မဟုတ်သော်ငြားလည်း ကျနော်လုပ်ကိုင်လာတဲ့ အဖွဲ့ချုပ်ရဲ့စိတ်ဓာတ်နဲ့ ပတ်သက်တဲ့ဟာတွေကတော့ ပျောက်ပျက်သွားမှာလည်းမဟုတ်ဘူး။ အစဉ် ရပ်တည်ပြီးတော့ ရှိနေမှာဖြစ်တယ်” ဟု ဦးတင်ဦးက ပြောသည်။
အဖွဲ့ချုပ်၏ လုပ်ငန်းကိစ္စများကိုမူ အဖွဲ့ချုပ်တရပ်အနေဖြင့် လုပ်ဆောင်မည်မဟုတ်ကြောင်း၊ သို့သော် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သည့် စီအာပီပီကလည်း ရှိနေဦးမည်ဖြစ်သည့်အတွက် အခါအားလျှော်စွာ ညှိနှိုင်း ဆွေးနွေးသွားမည်ဟု ၎င်းက ဆက်လက်ပြောသည်။
“သို့သော်လည်းပဲ အခါအားလျော်စွာ အခြားသင့်တော်တဲ့ နေရာတနေရာမှာဖြစ်စေ တွေ့ဆုံပြီး ကျနော်တို့ လွှတ်တော်ကိုယ်စားပြုကော်မတီဆိုတဲ့ အမည်နာမနဲ့ မဟုတ်ငြားသော်လည်းပဲ အဲဒီစိတ်ဓာတ်နဲ့ တိုင်းရေးပြည်ရာ ကိစ္စရပ်နဲ့ ပတ်သက်လို့ နိုင်ငံရေးကိစ္စအ၀၀ကိုလည်း ညှိနှိုင်းဆွေးနွေးပြီး အခါအားလျှော်စွာ ကျနော်တို့သဘောထားတွေနဲ့ ပတ်သက်တဲ့ အကြောင်းချင်းရာတွေကို ဆွေးနွေးတိုင်ပင်ဆောင်ရွက်သွားမယ်ဆိုတဲ့ ကိစ္စလေးတွေကို ညှိနှိုင်းပါတယ်။ အေးအေးချမ်းချမ်းနဲ့ ပြေပြေပြစ်ပြစ်နဲ့ တတ်နိုင်သလို လုပ်မယ်ဆိုတဲ့ကိစ္စရပ်တွေကို ဘယ်ပုံဘယ်နည်းလုပ်ကြမယ်၊ တဖွဲ့နဲ့တဖွဲ့ တယောက်နဲ့တယောက် ဆက်သွယ်တဲ့ကိစ္စတွေမှာလည်း အခါအားလျှော်စွာ ဆက်သွယ်ညှိနှိုင်း လုပ်ဆောင်သွားမယ်ဆိုတာကို ကျုယ်ကျယ်ပြန့်ပြန့်ဆွေးနွေးတာပါပဲ” ဟု ဦးတင်ဦးက ရှင်းပြသည်။
၎င်းက ဆက်လက်ပြီး “သဘောကတော့ဗျာ စိတ်ဓာတ်ကတော့ ရှိနေမယ်၊ စိတ်ဓာတ်ပေါ် မူတည်ပြီးတော့ကာ ကျနော်တို့ လုပ်စရာကိုင်စရာရှိတဲ့ ကိစ္စများကိုတော့ အေးအေးချမ်းချမ်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တတ်နိုင်သလောက် လုပ်နိုင်တဲ့ အခြေအနေအတွင်းကနေ လုပ်ကိုင်သွားဖို့ဟာအတွက်ကို ညှိနှိုင်းတာပါပဲ။ အမည်တို့ဘာတို့ကတော့ အရေးမကြီးပါဘူး။ အရေးကြီးတာက စိတ်ဓာတ်နဲ့ဆက်လက်ရှင်သန်နေဖို့ဆိုတဲ့ ကိစ္စကိုပဲ ရပ်တည်ဆောင်ရွက်သွားမယ်ဆိုတဲ့သဘောပါ” ဟု ပြောဆိုသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (စီအာပီပီ) ကို ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲက တင်မြောက်လိုက်သည့် ပြည်သူ့လွှတ်တော်ကို ကိုယ်စားပြုပြီး ၁၉၉၈ ခု စက်တင်ဘာ (၁၆) ရက်တွင် တရားဝင်ဖွဲ့စည်းခဲ့သည်။
::: Copyright © 2004 The New Era Journal :::
Monday, May 3, 2010
မြန်မာသင်္ကြန်ပွဲတော်ကိုနဂိုယာမြို့တော်တွင်ကျင်းပစဉ်
(၁၅)ကြိမ်မြောက်နဂိုယာသင်္ကြန်ကိုမြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ် နဂိုယာ(လွတ်မြောက်နယ်မြေဌာနခွဲ)မှဦးစီး၍ ၂-၅-၂၀၁၀နေ့တွင်နဂိုယာမြို့Tsurumai ပန်းခြံတွင်ကျင်းပခဲ့သည်။ဂျပန်နိုင်ငံရောက် ဒီမိုကရေစီရေးလှုပ်ရှားကြိုးပမ်းနေကြသော ဒီမိုကရေစီအင်အားစုများနှင့် မြန်မာ့အရေးကိုစိတ်ဝင်စားသော ဂျပန်ပြည်သူပြည်သားများက ပျော်၇ွှင်စွာပူးပေါင်းပါဝင်ဆင်နွဲခဲ့ကြသည်။
Subscribe to:
Posts (Atom)