-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Wednesday, April 28, 2010

နဂါးဒေါ်ဦး၏ဘ၀စာမျက်နာများ


ဘိုဘိုလန်းစင် Tuesday, April 27, 2010

ကျနော့်စိတ်ထဲတွင် စွဲကျန်နေသော မေမေဦး၏ ပုံရိပ်သွင်မှာ ဆရာ ဦးငွေကိုင် ဆွဲသည့် ဆီဆေး ကားလေးထဲမှ စပို့ရှပ် စိမ်းပြာ ရောင်ဝတ် ဆံလှိုင်းတွန့် အမောက်ဖွာထားသော ၁၉၅၀ ကျော် ဖက်ရှင်နှင့် ပြုံးလဲ့လဲ့အမျိုးသမီး တယောက်သာ ဖြစ်သည်။


ထိုရုပ်ပုံရှင် ဘွားကြီးတော်ဟု မြေးတသိုက်က ခေါ်စမှတ် ပြုသည့် အမေဦး ရာပြည့်ချိန် ရောက်လာပြီဆိုတော့ အဘေး ဖိုးထင် နှစ် တရာပြည့်ပြက္ခဒိန်အဟောင်းလေး နောက်ကျောတွင် မှတ်ထားခဲ့သော မဦး ၂၇.၄.၁၉၁၀ နေ့မွေးဆိုသည့် မင်နီစာကြောင်းလေး ကိုပဲ ပြန်မြင်မိတော့၏။



နဂါးဒေါ်ဦး (၁၉၁၀ - ၁၉၉၅)
ရန်ကုန်မြို့  ဆင်းဒဝစ်လမ်းတိုက်ခန်းတွင် တွေ့စဉ် အန်ကယ် ထားဝယ် ဦးသန်းဆွေက“အမေဦးအကြောင်း ဘိုဘိုရေးပါလား”ဟု တိုက်တွန်းဖူးသော်လည်း တကယ်တမ်းဘာမှ မှတ်မှတ်သားသား မေးမြန်းမထားလိုက်ရသောကြောင့် ကလောင်တို့ဖို့ သတ္တိမရှိ လှပါ။ အဘွားရှိစဉ်က သူ့အစ်မ အကြောင်းပြောဖူးရေးခဲ့သမျှ၊ တခုသော နွေရာသီ မေမြို့ ၌ နဂါးဦးထွန်းချွန်တူ၊ ကျနော့်အဘိုးလေး မန္တလေးယူနီဗာစီတီကောလိပ် သမဂ္ဂ ဥက္ကဋ္ဌဟောင်း ဦးမောင်လေးတို့နှင့် ဆုံခိုက် မှတ်သားခဲ့သမျှ၊ ဟိုဟိုဒီဒီဖတ်မှတ်ဖူးသမျှနှင့်သာ စာဖွဲ့ရပါမည်။ လက်ဝဲမိသားစုဟု သတ်မှတ်ခံရသောအမျိုးတသိုက်ကြားတွင် တဘာသာထူးသော ဘာသာရေးအလှူအတန်းနှင့် နတ်ကနားအပေးသန် ပွဲကြိုက်သော ရွှေမန်းသင်္ကြန်၏ ထီးချက်စောင့် အမေဦးအကြောင်း။

တကယ်တမ်း မနေ့တနေ့ကဟု ထင်ထားခဲ့သည့် ရေနန်းသူဇာ နဂါးမယ် သင်္ကြန်မဏ္ဍပ်ခေတ် မရှိတော့သလို မန္တလေးမြို့ ထဲ အောင်ဆန်းလမ်း အာဇာနည်လမ်း စသောကျောက်လမ်းမကြီးများပေါ်က သင်္ကြန်သည်ပင် ပျောက်ကွယ်ခဲ့ပီး ကျုံးဘေးက ကြော်ငြာရေပက်ပွဲ၊ စတိတ်ရှိုးသင်္ကြန်၊ တောင်ပြုံးသင်္ကြန်သာ မန်းဟန်ပျက်လျက် ကျန်ခဲ့ပြီပဲ။ သို့ပေသိ ဤနှစ်တွင် အမေဦးတူမနှင့် ဓားတန်းဦးသန့်မြေး သမီးခင်ပွန်းပိုင် ရီမြင့်ရုပ်ရှင်မှ ရိုက်သော၊ တူ အဉ္စလီမောင်မောင် ဂီတမှူးလုပ်သည့် “သင်္ကြန်မိုး” ရုပ်ရှင် ငွေ ရတုတိုင်ပြီဆိုတော့လည်း ယူကျုပေါ်တွင် ပြန်ကြည့်ရင်း ရှေးခေတ်ကောင်းကို လွမ်းကြရပါသည်။ အေးချမ်းဖွံ့ဖြိုးနေသည့် တိုင်းပြည် ကြီးမှာ“အခါတွင်း ဗုံးပေါက်သတဲ့ အမေရယ်”ဟု ပြောလျှင် မန္တလေး တောင်မြောက်ဘက်ပင် သူပုန်အောက်က မလွတ်သေးခင် ကတည်းက စပြီး အနှစ် ၄၀ လောက် မဏ္ဍပ်ထိုး အလှပြကားထွက်ကာ သင်္ကြန်ခံလာသော နဂါးဒေါ်ဦး ဘာပြောမည်ကို သိချင် လှတော့သည်။

တနိုင်ငံမြိုင်ယံခြားရုံမက မိုင်ထောင်ချီဝေးသည့် မြောက်ကျွန်းရောက်နေသည်မို့ သင်္ကြန်နီးလျှင် တခြိမ်းခြိမ်း အကတိုက်နေသော နဂါးဆေးလိပ်ခုံ တိုက်ကြီးပေါ်က ဆိုင်းသံဗုံသံတွေကို ပြန်ကြားချင်သလို လူယောင်ဆောင်နဂါးမလေးများ ရေကန်သာတွင် ရေချိုး ဆင်းပုံ နောက်ခံကားကြီးရှေ့မဏ္ဍပ်ပေါ်တွင် နဂါးမယ်ကသည့် ဗျောလို နဂါးသင်္ကြန်သီချင်း စည်းချက်အလိုက် ကနေကြသည့် အင်္ကျီနီ ခပ်ရဲရဲထဘီ ဒီဇိုင်းနှင့် အမျိုးသမီးတသိုက်၊ ထိုအထဲက အစ်မနှင့် ညီမပေါက်စ၏ မိတ်ကပ်ရဲရဲပုံတွေကိုပဲ ပြန်မြင်မိသည်။

မိန်းကလေး ၁၀၀-၁၅၀လောက်ကို နေ့တွက်ပေး ထမင်းကျွေးပြီး တနှစ်တခါ စပ်ခိုင်းသည့် ဆေးလိပ်ကြော်ငြာ မပါသော သီချင်း အသစ်နှင့် ဆိုင်းဝိုင်းငှား အကတိုက်ခိုင်းရုံမက သူကိုယ်တိုင် အထာမကျသည့် မိန်းကလေးတွေကို ဝင်သင်ပေးလိုက်သေးသည်ဟု အဘွားက သူ့အစ်မအကြောင်း ရေးဖူးသည်။ စင်ပေါ် ကိုယ်တိုင်မကသော်လည်း စိတ်ထဲက လက်ချိုးခါးညွှတ်လုပ်နေမည့် အမေဦး။ ငယ်ကတည်းက တီးဝိုင်းနှင့်လှည့်သော ဓာတ်ရှင်ကြော်ငြာကားလာလျှင် သင်ပေးမည့်သူမရှိဘဲ ခေါင်း ခါး ကျန ကတတ်သော အမေဦး။

(၂)
နဂါးသည် လက်နှင့်လိပ်သည့်ဆေးလိပ်ခုံများထဲတွင် ပထမဆုံး နိုင်ငံအနှံ့ ဖြန့်ချိနိုင်သူ ဖြစ်ပါသတဲ့။ ဆေးလိပ်သမ ၅၅၀၀ နှင့် တနေ့ ကို အလိပ်ရေ ၂၇ သိန်းခွဲ လိပ်နိုင်ပါသတဲ့။ အဘွားရေးသော အဘိုး အတ္ထုပ္ပတ္တိတွင် ဆိုသလို နဂါးဆေးလိပ် စက္ကူပတ် ရိုက်ရသော ပုံနှိပ်ခနှင့်ပင် အရင်းရှင်ကြီးများနှင့် အစိုးရကြော်ငြာမရသည့် လူထုသတင်းစာမှာ အစိုးရအာမခံကြေး အကြိမ်ကြိမ်တောင်းသည့် ဒဏ်ကို တောင့်ခံနိုင်ခဲ့သည်တဲ့လေ။

ဒေါ်ဦးပေးသော ဂရန့်ကြောင့် သတင်းစာဆရာ၊ ကဗျာဆရာ၊ ပန်းချီဆရာစသည့် အနုပညာရှင်ပေါင်းစုံကို လူထု က မကြောင့်မကြ စင်တင်ပေးနိုင်ခဲ့သည် ။ ထို့ပြင်တဝ လူထုသတင်းစာဟောင်းများမှ ၁၉၄၉ မန္တလေးကို လက်နက်ကိုင်တပ် သုံးတပ် လက်က ဖဆပလ အစိုးရတပ်များ ပြန်သိမ်းပြီး နဂါးဆေးလိပ်ခုံတွင် ယာယီရုံးစိုက်ကြောင်းဆိုသော သတင်းဟောင်းလေးကို သတိရမိသလို ပြည်တွင်းစစ်မီးကြားက ဥမမယ်စာမမြောက် တပ်မတော် သက်သာ ချောင်ချိရေး အတွက် မင်းကတော်တသိုက်နှင့် ကူညီခဲ့သည့် အမေဦးပုံကိုလည်း ပြန်မြင်သည်။

ဖဆပလ ကြီးကွဲရခြင်း လတ်တလောအကြောင်းက ပင်လုံဒေါ်နုယဉ်ကို ဆန်တင်ဒါချပေးသည့်ကိစ္စဆိုတာမျိုးလို အာဏာရ အသိုင်း အဝိုင်းနှင့် အမေဦး အလွန်အကျွံ ဒွေးရောယှက်တင်တော့ ရှိပုံမပေါ်။ ရေသဘင်တွင် ဦးနု ရေအလောင်းခံရတာမျိုးက မိတ်ဆွေ ကဏ္ဍ ဖြစ်လိမ့်မည်။ အဘွား သူငယ်ချင်း ဒေါ်မာလာ၏ ဖဆပလ ညီလာခံသွား အတွေ့အကြုံကို ရေးသော နှစ်ထပ်ဆလံ ဝတ္ထု (၁၉၄၆)တွင် မန္တလေး အမျိုးသမီး လွတ်လပ်ရေးအဖွဲ့ ငွေထိန်းမှူး နဂါးနီ ဒေါ်ဦးနှင့် တွဲဖက်အတွင်းရေးမှူး ညီမ မတင်တင် ဟု ဖော်ပြထားသည်။ စစ်ပြီးခေတ် အထက်ဗမာပြည် အမျိုးသမီးလှုပ်ရှားမှုများမှာ အမ်အေ ဒေါ်အုန်း၊ ဒေါ်ဦး၊ ဒေါ်အမာ စသည့် မန္တလေးသူတို့နှင့် မကင်းလှ။



နွဲ့နွဲ့စန်းအငြိမ့်နှင့် ဆေးလိပ်ကြော်ငြာ


ဆေးရွက်ကြီးနံ့ လှိုင်နေသော နဂါးတိုက်အောက်ထပ်ခန်းမကြီးထဲမှ ၁၉၅၀ ကျော်ပုံ မာစီဒီး အနက်ရောင် ရှေ့ရိုက်ထားသည့် မူလတန်း ကျောင်းသား ကျနော့်ဓာတ်ပုံကို ပြန်တွေ့လျှင် ဖိုးပါကြီး၊ ကြည်ကြည်ဌေးတို့ စီးခဲ့တာ ဒီကားမျိုးတွေနေမှာဟု အောက်မေ့ရင်း ဖဆပလ ခေတ် ချောင်ချိသော ဆိုရှယ်လစ်စီးပွားရေးအောက်တွင် ပေါ်ထွန်းလာသော တိုင်းရင်းဓနရှင် လူတန်း စား၏ ဆယ်နှစ်အတွင်း ဘုံကြိုးပြတ်ခန်းကို သတိရသည်။ ပြည်သူပိုင် ဒလကြမ်းသိမ်းသည့်ခေတ်မှာ ကုန်သည်လုပ်ငန်းရှင်တွေကို ဆူဇကာပုဒ်မနှင့် ထောင်ချကြမ်းနေချိန်တွင် အမေဦးလည်း အမြတ်တော်နှင့် ရောင်းခွန်တော် နှိပ်စက်မှုကြောင့် ဆေးလိပ်ခုံနှင့် တိုက်တွေ ချိတ်ပိတ်ခံရ၊ အမရပူရ အဝင်က ဆေးပေါင်းရုံတွေ မြေတွေအသိမ်းခံရ နောက်ဆုံးထောင်ပါကျရရှာသည်။

အလုပ်သမားခေါင်းတို့၏ မရိုးမသားခိုးယူမှုများကို သိသော်လည်း ဝါဏိဇ္ဇ ပဋိပက္ခ ဥပဒေနှင့် အလုပ်ရှင်တွေကို နှိပ်စက်သည့် အလုပ်သမားကောင်စီကို ကြောက်ရသဖြင့် အလုပ်မလည်ပတ်နိုင်တော့မှ လျော်ကြေးပေးပြီး လျှော့ပစ်ရသည်။ ထိုအထဲ ကျောင်း တော်ရန်စရှိသည့် အလံနီ လက်နက်ချ ဒေါ်စောမြ မဆလ တွင် ဘုန်းတောက်သည့်အခါနှင့် သွားကြုံသည်။

ဖဆပလ အဖွဲ့မပေါ်ခင် စပြီးစည်းရုံးကြစဉ်ကတည်းက ဒေါ်ဦးသည် ဖဆပလကိုရော၊ ကွန်မြူနစ်ပါတီကိုပါ အဘက်ဘက်က ထောက်ခံ အားပေးသူ၊ နောက်ပြီး နဂါးဆေးလိပ်ခုံ အလုပ်သမားသမဂ္ဂ စဖွဲ့တော့လည်း လိုလိုလားလား အားပေးခွင့်ပြုခဲ့သူဖြစ် သည်။

၁၉၂၁ က မြန်မာပြည်တွင် ဗော်လ်ရှီဗစ်ဝါဒ အကြောင်း အစောဆုံးဖော်ပြခဲ့သည့် နေပြည်တော်ဂျာနယ်အယ်ဒီတာဦးရှင်၏ တူမ၊ ဆိုဗီယက် ရုရှားအကြောင်း စစ်ကြီးမဖြစ်ခင်ကပင် စာအုပ်ရေးခဲ့သည့် ကြီးပွားရေး ဦးလှ မရီးပေမို့ ဤသို့ အလုပ်သမားရေးနိုးကြားမှု ရှိသလော မဆိုတတ်။ ဖြစ်ချင်တော့ နဂါးဆေးပေါ့လိပ်ရုံ အလုပ်သမားတွေက ဆေးလိပ်လိပ်ခ တိုးပေးဖို့ တောင်းဆိုရာက မပြေ လည်ဘဲ ဆက်ဆံရေး ပျက်ခဲ့ရသည်။

၁၉၄၅ က ပထမဆုံးဖွဲ့သည့် အမျိုးသမီးတပ်က ဗိုလ်ဟောင်း ဒေါ်စောမြမှာ နဂါးတိုက်ပေါ်တွင် ဒေါ်ဦးကျွေးမွေး အဝတ်ဆင်ခဲ့ပြီး နောက်ပိုင်းနှင်ချခဲ့သည့် ရဲဘော်မ တသိုက်တွင် ပါလေသည်။ ထို့ပြင် ဖဆပလ ခေတ်က ရန်ကုန် ဘားလမ်းတိုက်သို့ မြင်းပွဲရှုံးတိုင်း ပိုက်ဆံလာတောင်းလွန်းသဖြင့် မရှိဘူးပြောခိုင်းပြီး ပုန်းနေတတ်သည်ကို မှတ်ထားသော စစ်ဦးစီးချုပ်ကြီး၂၆ နှစ် မိုးကောင်းသည့် ခေတ်တွင် တခြားသော အမျိုးသားငွေရှင်ကြီးများနည်းတူ အမေဦးလည်း အထိနာခဲ့သည်။ မနှစ်က ပုဂ္ဂလိကလုပ်ငန်းတွေ အဆောက်အအုံတွေ ပြန်ပေးမည်ဆိုသည့်အထဲ နဂါးပစ္စည်းတွေပါသည်တော့ မကြားမိသေး။ မန္တလေး နန်းတွင်းထောင်က အမေဦး နေခဲ့သည့် တိုက်ကလေးမှာ ဗိုလ်ချုပ်အောင်ကြီးနှင့် ခွန်ဆာလည်း နေခဲ့သည်ဟု ကြားဖူးသည်။

(၃)
တခါသား မုံရွာ အနောက်ကမ်း လက်တောင်းကြီး အမျိုးအလှူကအပြန် ဖိုးဝင်းတောင်အဝင် ဇရပ်တခုတွင် အမေဦး ဓာတ်ပုံကြီးက ခန့်ခန့်ကြီး ကြိုနေပါသည်။ မနေ့ကမှ ရွာမှာတွေ့ခဲ့သေးသည်ပဲ။ ထို့အတူ မင်းဘူး စက္ကိန္တဲ၊ အလောင်းတော် ကဿပ ၊ ကျောက်တန်း ရေလယ်ဘုရား စသည့် အနေရာရာက ဘုရားကျောင်းကန်အနှံ့ သူ့ကုသိုလ်နှင့် ရှောင်မလွတ်ပေ။ သူ ဆောက်လှူသော ရန်ကုန် အရှေ့ ပိုင်းက ရာမာခရစ်ရှနား ဆေးရုံ အဆောင်ကို သမ္မတကြီး ဦးဝင်းမောင်ကတော် ဖွင့်ပေးသည်။ မန္တလေး အရှေ့ ပြင် မနောရမ္မံ က အနာကြီးရောဂါသည်များအတွက် အမေဦး လှူဒါန်းသော နဂါးကွက်သစ်ကို အစိုးရသိမ်းပြီး အကွက်ချရောင်းခဲ့သည်။



အမျိုးသမီး လွတ်လပ်ရေးအဖွဲ့ ညီအစ်မ
မန္တလေး ၁၃၀၀ပြည့် အရေးတော်ပုံ အာဇာနည် ၁၇ ဦး အရေးအခင်း၊ စစ်ပြီး ငြိမ်းချမ်းရေးလှုပ်ရှားမှုတို့တွင် ဦးဆောင်ဆရာတော် ရဟန်းပျို ဥက္ကဋ္ဌ ဦးကလျာဏ(အဂ္ဂမဟာ ပဏ္ဍိတ) ဈာပနချဆောင်လာပုံတွင် ဇာတ်သမများနှင့် နဂါးယာဉ်၊ တရုတ်တန်းဘုံကျောင်း ယာဉ် စသည့် ဈေးချိုတော်ရှေ့ က ယာဉ်တန်းကြီးကို အာဏာသိမ်းပြီးစ လူထု သတင်းစာဟောင်းများတွင် ပြန်တွေ့ရလျှင် နဂါး တိုက်တွင် တွေ့နေကျ ဂျစ်ကားကိုယ်တိုင်မောင်းသည့် ဗိုလ်ကုခေါ် ဆရာတော်ဦးကုသလကို သတိရသည်။

၁၉၅၈တွင် တည်မြဲအမာခံအဖြစ် ဓားထက်ခဲ့ပြီး ၁၉၆၅ သံဃာအရေးအခင်းနောက်ပိုင်း ထောင်ကျောင်းစံ ဗိုလ်ကု၏ မန္တလေး တောင်ခြေ ရဟန်းပျိုအဖွဲ့ချုပ်မှာ ၈၈ အရေးအခင်း ဂဠုန်နီခေတ်အထိ အထက်မြန်မာပြည်၏ နိုင်ငံရေးဥသျှောင်တခုဖြစ်သလို လူထုအပေါ်သြဇာညောင်းရာ အကြည်ညိုခံရမှုတွင်လည်း ယခုကာလ မဟန နှင့် တနံစီဖြစ်သည်။

မြောက်ပြင် စတုဘုမ္မိက နဂါးရိပ်သာ ကျောင်းအစ်မကြီးကို မဆလ ခေတ်တွင် ဘူဇွာဟု ချောင်ထိုးခဲ့သလောက် နဝတ ခေတ်ဦးကျ မန္တလေးနန်းမြင့်ကို ဖွင့်ခိုင်းခြင်း၊ အဂ္ဂမဟာ သီရိသုဓမ္မ သိင်္ဂီဘွဲ့ကို ပထမဆုံးပေးခြင်း စသည့် ပါဝါအပျော့များဖြင့် သိမ်းသွင်း ခဲ့ကြ သေးသည်။

အရေးအခင်းပြီးစ ဒေါ်အောင်ဆန်းစုကြည် မန္တလေးလာစဉ် အဘွားက “မမဦးရော ကျမဆီ လာတွေ့ပါဦးလား” ဟု ခေါ်မိရာ “ဒေါ်စုက ငါ့တွေ့ချင်ရင် ငါ့ဆီလာခဲ့ပေါ့”ဟု ပြန်ပြောသည့် အမေဦး စကားက အမျိုးများကြား ပြောစမှတ်ဖြစ်ကျန်ခဲ့သည်။ အန်တီစုကို ပထမဆုံး ၆ နှစ်ကြာ အကျယ်ချုပ်က ပြန်လွှတ်သည့် ညနေက သတင်းလေးတော့ သိသွားပါစေဆိုပြီး အဘွားက ပြောခိုင်းပေမင့် အမေဦး သိမသွားရှာဘဲ နောက်တနေ့ပင် ဆုံးရှာသည်။

နဂါးတိုက်အပေါ်ဆုံးက နတ်ရုပ်တွေထားသောအထပ်ကို သိပ်မတက်ဝံ့ခဲ့ကြသော်လည်း အင်တာနက်ပေါ်ကရသည့် နတ်ဒိုး နတ်ချင်း ရသမျှ စုထားပြီး လန်ဒန်တွင် ကနားပေးလျှင် သွားကြည့်ကြမည်ဟု ကျနော်တို့ မောင်နှမ ကြံစည်ထားကြသည်။

လူထုဂျာနယ်တွင် ၁၉၅၀ကျော်က အဘွားရေးခဲ့သည့် “မထွက်သေးသော အဖြေ” ဆိုသည့် ဝတ္ထုထဲမှ သူဌေးမကြီးနှင့် မောင် တက္ကသိုလ်ကျောင်းသားတို့ အချီအချဆွေးနွေးခန်းတွင် မမက ခေတ်ဆိုးကြီးထဲမှာ အနုကြမ်းစီး ပြန်ပေးဆွဲ လက်ဝဲသမားတွေက ပစ္စည်းသိမ်း စတဲ့ဘေးတွေကြောက်လို့ ဘိုးတော်ကိုးကွယ်တာလို မဟုတ်မဟတ်အယူတွေကို စွဲလမ်းနေတာ၊ ဘယာဘေးကြောက် လို့၊ လာဘ်လာဘမျှော်ကိုးလို့ သက်သက်ဖြင့် ကုသိုလ်မလုပ်သင့်ဘူး စသည့် ဒိုင်ယာလော့ကို ဖတ်တိုင်း အမေဦးနှင့် သီရိစန္ဒာ မယ်တော်ကြီးရော အဘိုးလေးများကိုပါ မြင်လာမိသလို အဘွားတို့ အဘိုး စတုဘုမ္မိက မဂ္ဂင်တရားပြ ဆရာကြီး ဘိုးစိုးဂေါင်၏
“ဘယာလာဘကုလကြဉ်ရှောင်တဲ့အေ့” ဆိုသော ဆုံးမစကားကိုလဲ သတိရမိပါသေး။ ယခုထိ ခေတ်နောက်ပြန်ဆွဲအယူသီးမှုများ နေပြည်တော်က ယတြာရွှေတိဂုံအထိ လွှမ်းမိုးဆဲ မဟုတ်ပါလား။ မိုးဦးကျ ပဒတ်ပေါ်လျှင် ပဒတ်ကြော်နှင့် သရက်သီးကို အမေ အဘွားများ တင်သပြီးမှ စားသော အမေဦး၏ ဒေါင်းလန်းနီလေးပေါ်မှ ဆီးဖြူသီးနှင့် ငါးကြင်းကြော်ချက်၊ ပဲနှပ် စသော အညာ စမဲ ဟင်းခွက်များကိုကား လွမ်းဆွတ်မိပါ၏။

စစ်မဖြစ်ခင်က အမေဦးတို့ စုံတွဲ ကားတစင်းနှင့် ရှမ်းပြည်ဘက် လျှောက်သွားကြစဉ်က ရိုက်ခဲ့သော အယ်လ်ဘမ်ဟောင်းလေးတွင် It's a jolly journey! ဟု ရေးထားသလို ခရီးသွားရတာ အမေဦးဟော်ဘီဖြစ်သည်။ မနက်ခင်းလမ်းလျှောက်ဖို့ကို မြစ်ထဲက ကျွန်းပေါ် မော်တော်နဲ့ သွားတတ်သူ ဖြစ်၏။ တပေါင်း မင်းလွင် ထချိန် ရှမ်းပြည်မြေလတ် ပင်းဒယမှ ရွှေပုထိုးဘုရားပွဲကို အမေဦး၏ ကားတန်းကြီးနှင့် သိုက်သိုက်ဝန်းဝန်းသွားခဲ့ရပုံကို အခုထိ အောက်မေ့မိသည်။ ဦးညို (ညီပုလေး) အဖမ်းခံရစက စိတ်ပြေ လက်ပျောက် အဘွားနှင့် ညီအစ်မ ပခန်း ပခုက္ကူ ဘုရားဖူးလာကြစဉ်က အိမ်နီးချင်းတွေ သူ့ကို လာလာကြည့်ကြ၊ ဆေးခန်းထဲက လူနာတွေကို သူကထိုင်ဧည့်ခံနှင့် ဆရာမောင်စွမ်းရည် ရေးဖူးသလို ညီမ သတင်းစာဆရာ စာရေးဆရာမကြီး ထက်ပင် ဘုရား အစ်မ ကျောင်းအစ်မကြီးက မျက်နှာပွင့်လေသည်။

သို့ဖြင့် စီးပွားရေး၊ သာသနာပြု ဒါန အရေးတို့တွင် အမျိုးသမီးများ ဦးဆောင်မှုကို မြှင့်တင်ခဲ့သူ၊ ယဉ်ကျေးမှု ပွဲလမ်းသဘင်များကို စီးပွားရေးမတွက် ခုံခုံမင်မင် အားပေးတတ်သော ပွဲကြိုက်ခင် အမေဦး တခမ်းတနား ကော်ဇောနှင့် ပွဲကြည့်လာပုံမှာ ဦးဆူးငှက်လို မန္တလေးဘွဲ့ ဆရာများ မှတ်တမ်းဖွဲ့စရာ ဖြစ်လာသည်။ ကြည်အေး ရေးသော ရွှေမင်းသားဝတ္ထုထဲက မကြင်ကိုပဲ သတိရသေးတော့။ သို့ပေမင့် ထင်ပေါ်ကျော်ကြားမြန်မာများဟူ၍ ၁၉၈၇ ခန့်က ဝင်းတင်ဝင်း မီဒီယာက ဗီဒီယိုရိုက်ကူး မေးမြန်းခြင်း၊ ၁၉၉၀ ကျော်က စီးပွားရေးမဂ္ဂဇင်း တချိ့နှင့် တွေ့ဆုံခြင်းမှအပ အမေဦး အကြောင်း သူ့ ညီမအပြင် မည်သူမျှ သတ်သတ်မှတ်မှတ် ရေးသည် မတွေ့သေးပါ။

ဆန်ရှင်တွေ၊ ဓာတ်ငွေ့တွေနှင့် ဝရချီး လည်နေသည့် မြန်မာ့ဓန ဥစ္စာသိုက်ကို သားတူညီများအုပ်စိုးမှု ဘေးမှ ကင်းဝေးသည့်၊ ထိုထက် အမေဦးနှင့် စပ်တူ ဂျပန်က ဟီးနိုးသွင်းရင်း သူ့ကိုနှပ်ချသွားသည့် ဒေါ်ထူး အမျိုးများ မြန်မာ့စီးပွားရေး မောင်ပိုင်စီး မထားနိုင်တော့သည့် နောက်တခေတ်တွင် ကျန်းမာရေးနှင့် ညီညွတ်သော စီးပွားရေးလုပ်ရင်း သာသနာ၊ ယဉ်ကျေးမှုနှင့် လူမှု အကျိုးကို ဆောင်လှည့်ပါဦး မေမေဦးရယ်ဟု သွားလေသူ ကျောင်းအစ်မကြီးကိုပဲ တမ်းတမိပါသည်။

နဂါးနီတန်ခိုးနှင့် အမျိုးဂုဏ်တက်ခဲ့ပြီ၊ လူမွဲတွေပဲ မနှေးခေတ်မီ အမြန်ဆုံး လူတန်းစေ့နိုင်ကြပါစေ။ လက်ဝေခံ ကော်ဇော အိတ် သမား ခေတ်ကုန်ပြီး တိုင်းကျိုးပြည်ဆောင် အမျိုးသားဓနရှင် လူတန်းစား ကြီးပွားထွန်းကားပါစေ။


irrawaddy.org/

အလင်းအိမ်မဂ္ဂဇင်း

30511901-Luminary-4of-4[1]

Tuesday, April 27, 2010

ဥရောပသမဂ္ဂ ပိတ်ဆို့အရေးယူမှု ဦးဝင်းတင်ကြိုဆို


ကိုဝိုင်း | အင်္ဂါနေ့၊ ဧပြီလ ၂၇ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၁၄ မိနစ် .
ချင်းမိုင် (မဇ္ဈိမ) ။ ။ ဥရောပသမဂ္ဂက မြန်မာနိုင်ငံ ပိတ်ဆို့အရေးယူဒဏ်ခတ်မှုကို တနှစ်ထပ်တိုးလိုက်ခြင်းအား ကြိုဆို သော်လည်း အားမရကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ထိပ်ပိုင်းခေါင်းဆောင်ဖြစ်သူ ဦးဝင်းတင်က ပြောသည်။

“ဆထက်တံပိုး တိုးပြီးတော့ ဖိအားပေးတာ လိုချင်တယ်လို့ ကျနော်တို့က ပြောနေတဲ့အချိန်မှာ တဘက်က သူတို့ (အာဏာပိုင်) နဲ့ သွားဆွေးနွေးမယ်ဆိုတော့ ကျနော်တို့ အားမလို အားမရ ဖြစ်ရတယ် ” ဟု ဗဟိုအလုပ်မှုဆောင်ဖြစ်သူ ဦးဝင်းတင်က ပြောသည်။

မြန်မာ့နိုင်ငံရေးနှင့် လူ့အခွင့်အရေး အခြေအနေများ တိုးတက်မှု မရှိသဖြင့် ပိတ်ဆို့မှုများကို တနှစ် ထပ်တိုးကြောင်း လူဇင်ဘတ်နိုင်ငံတွင် ယမန်နေ့က EU နိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းဝေး ဆုံးဖြတ်ချက်များထဲ၌ စစ်အစိုးရနှင့် တွေ့ဆုံရန် ကိုယ်စားလှယ်တဖွဲ့ စေလွှတ်ရေးလည်း ပါဝင်သည်။

အနောက်နိုင်ငံများ အနေဖြင့် ဗီဒိုအာဏာပိုင် တရုတ်၊ ရုရှ ကဲ့သို့ နိုင်ငံကြီးများကို စည်းရုံးချဉ်းကပ် ၍ လုံခြုံရေးကောင်စီမှတဆင့် နိုင်ငံတကာ လက်နက်ပိတ်ဆို့မှု၊ ပြင်းထန်သည့် သံတမန်ရေး ဖိအား ပေးမှုများ ဆောင်ရွက်စေလိုသည်ဟု ဦးဝင်းတင်က ပြောသည်။

EU က ၁၉၉၆ ခုနှစ်မှစ၍ မြန်မာနိုင်ငံသို့ လက်နက်မတင်ပို့ရန်၊ စစ်အစိုးရအဖွဲ့ဝင်များနှင့် မိသားစု များ၊ သူတို့နှင့် နီးစပ်သည့် အင်အားစုများအား ပြည်ဝင်ခွင့်ပိတ်ခြင်း၊ လူသားချင်းစာနာမှု အထောက်အကူမှလွဲ၍ အခြားအကူအညီများကို ရပ်ဆဲထားခြင်း၊ စစ်အစိုးရအရာရှိကြီးများ၏ ပြည်ပဘဏ်စာရင်းများကို ထိန်းချုပ်ခြင်း၊ သံတမန်ဆက်ဆံရေး ကန့်သတ်ခြင်း တို့ကို ချမှတ်ထားသည်။

ဒေါ်အောင်ဆန်းစုကြည်အား တရားဆွဲဆို၍ ပြစ်ဒဏ်ချမှတ်ခဲ့သည့် တရားသူကြီးများကိုလည်း ပိတ်ဆို့မှုများတွင် ယမန်နှစ်က ထည့်သွင်းခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများကို ချွင်းချက်မရှိ လွှတ်ပေးရန်လည်း EU က တောင်းဆိုထားသည်။

အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုများအား ၂ဝဝ၆ ခုမှစ၍ ယခုအထိ ဆန့်ကျင်လှုပ်ရှားနေသည့် ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) ပါတီ ဥက္ကဌ ဦးအေးလွင်ကမူ EU ၏ ပိတ်ဆို့မှုသည် လက်တွေ့မကျဟုဆိုသည်။

“ဒီမိုကရေစီဘက်ကို သွားနေတဲ့ အချိန်မှာ မြန်မာနိုင်ငံသားတွေရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခွင့်အလမ်းတွေကို အသိမှတ်ပြုမှု မရှိတဲ့ လုပ်ဟန်တခုလို့ပဲ ပြောပါမယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

EU ၏ ထုတ်ပြန်ချက်တွင် နအဖ၏ ဥပဒေများအရ ကျင်းပမည့် ရွေးကောက်ပွဲသည် တရားမျှတမှုရှိမည် မဟုတ်ကြောင်း ထည့်သွင်းထားခြင်းသည် (NLD နှင့် အဖျက်သိမ်းခံ တိုင်းရင်းသားပါတီများ) ၏ လိုလားချက်နှင့် မညီသောကြောင့် ယင်းသို့ပြောခြင်း ဖြစ်သည်ဟုလည်း သူက သုံးသပ်သည်။

ပိတ်ဆို့မှုများသည် စစ်အစိုးရကိုသာမက ပြည်သူများကိုလည်း ထိခိုက်နေပြီး မြန်မာနိုင်ငံနှင့် ပြည်သူများအပေါ် စာနာကြောင်း ပြသရာရောက်စေရန် ပိတ်ဆို့မှုများကို အမြန်ရုတ်သိမ်းပေးသင့်သည် ဟုလည်း ဆက်ပြောသည်။

“ထုနဲ့ထည်နဲ့ လုပ်ငန်းတွေမှာ ရင်းနှီးမြှုတ်နှံမှုတွေ မလုပ်နိုင်တော့ဘူးပေါ့ဗျာ။ အဲဒါ အနုတ် လက္ခဏာပေါ့။ မိသားစုတခုမှာ အိမ်ထောင်ဦးစီးကို နလန်မထူအောင် လုပ်ထားရင် သူ့ မိသားစုကို မထိခိုက်ဘဲ နေမလားဗျာ” ဟု သူက ပြောသည်။

ဦးဝင်းတင်ကမူ ပြည်သူများလည်း ထိခိုက်သည်ကို လက်ခံသော်လည်း စစ်အစိုးရထိပ်ပိုင်း အပါအဝင် နီးစပ်သူများကို ပိုထိခိုက်စေသည်ဟု ဆိုသည်။ “မီးလောင်နေတဲ့ အိမ်ကို ရေနဲ့ပက်ရုံတင် မဟုတ်ဘူးဗျ။ တခါတလေကျတော့လည်း ခေါင်မိုးတို့ ထရံတို့ ဆွဲခွာရတာမျိုးလည်း ရှိတာပေါ့ဗျာ” ဟု သူက ဆိုသည်။

မြန်မာ့အရေးကို နိုင်ငံတကာ၌ စည်းရုံးလှုံ့ဆော်နေသည့် ဗြိတိန်နိုင်ငံ လန်ဒန်အခြေစိုက် ဘားမား ကန်ပိန်း (ယူကေ) အဖွဲ့ကြီးကလည်း EU ဆုံးဖြတ်ချက်ကို ကြိုဆိုလိုက်ပြီး ပိတ်ဆို့မှုများကို ရုတ်သိမ်းပါက စစ်အစိုးရအား လွတ်လွတ်လပ်လပ် လူ့အခွင့်အရေး ချိုးဖောက်ခွင့်ပြုသကဲ့သို့ ဖြစ်သွားမည်ဟု ယူဆသည်။

EU ၏ ထုတ်ပြန်ချက်၌ ကုလလူ့အခွင့်အရေးကောင်စီသို့ တင်ပြသော မြန်မာနိုင်ငံလူ့အခွင့်အရေး ဆိုင်ရာကုလအထူးသံ မစ္စတာကွင်တားနား၏ အစီရင်ခံစာကို ကြိုဆိုပြီး ကုလ အထူးသံနှင့် ပူးပေါင်းဆောင်ရွက်ရန်ကိုလည်း တိုက်တွန်းထားသည်။ အစီရင်ခံစာအတွင်း၌ စစ်အစိုးရ၏ စစ်ရာဇဝတ်မှုများအတွက် ကော်မရှင်တခုဖွဲ့၍ စုံစမ်းစစ်ဆေးသွားရန် ကုလသမဂ္ဂကို အကြံပြုထားသည်။

© Copyright 1998 - 2009 Mizzima News. All Rights Reserved

စစ်ဗိုလ်ချုပ်တွေ အရပ်ဝတ်လဲပြီ


27 April 2010


ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နဲ့ ၀န်ကြီး အနည်းဆုံး ၁၇ ယောက်တို့ဟာ စစ်ရာထူးတွေကနေ အနားယူလိုက်ကြပြီ ဖြစ်ပါတယ်။ အခုလို စစ်ရာထူးက အနားယူလိုက်တာဟာ လာမယ့် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် ခြေလှမ်း ဖြစ်တယ်လို့ စစ်တပ် သတင်းရပ်ကွက်က ပြောပါတယ်။ အနားယူကြတဲ့ အထဲမှာ ဗိုလ်ချုပ်ဌေးဦးလည်း ပါဝင်ပါတယ်။

စစ်ယူနီဖောင်းကနေ အရပ်ဝတ် ပြောင်းဝတ်တာသာဖြစ်ပြီး အခု အစိုးရအဖွဲ့ ရာထူးတွေကတော့ ဒီအတိုင်းပဲ ဖြစ်ပါတယ်လို့ အမည်မဖော်လိုသူ အစိုးရ အရာရှိတယောက်က ပြောပါတယ်။

အစိုးရ သတင်းမီဒီယာတွေကတော့ ဒီသတင်းကို အတည်ပြု ဖော်ပြတာ မတွေ့ရသေးပါဘူး။ စစ်ရာထူးတွေကနေ အနားယူတဲ့ သတင်းတွေ လာပါဦးမယ်၊ ဒါက ပထမအသုတ် ဖြစ်ပါတယ်လို့ သတင်းပေးသူက ဆိုပါတယ်။

စစ်ထွက် ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံရေးပါတီ တရပ်ကို မကြာမီ မှတ်ပုံတင်မယ်လို့ အများက မျှော်လင့်ထားကြပါတယ်။

စစ်တပ်လိုလားတဲ့ အစိုးရတရပ်ဟာ ရွေးကောက်ပွဲနဲ့ ထွက်ပေါ်လာပြီး ဗိုလ်ချုပ်ကြီးတွေရဲ့ အာဏာချုပ်ကိုင်မှုကို ပိုမို ခိုင်မာစေလိမ့်မယ်လို့ ရွေးကောက်ပွဲကို ဝေဖန်သူတွေက ပြောကြပါတယ်။

ဒီနှစ်နှောင်းပိုင်းမှာ ကျင်းပမယ်လို့ ယူဆရတဲ့ ရွေးကောက်ပွဲတွေမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပါဝင်ခွင့် မပေးတဲ့အတွက် နိုင်ငံတကာ အသိုက်အ၀န်းကလည်း စစ်အစိုးရကို ဝေဖန်နေကြပါတယ်။

တကယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ရွေးကောက်ပွဲဝင်ဖို့ ပါတီမှတ်ပုံတင်မယ် ဆိုရင် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပစ်ရမယ်လို့ ရွေးကောက်ပွဲ ဥပဒေတွေက ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့် NLD ပါတီက ပါတီအဖြစ် မှတ်ပုံမတင်တော့ဘဲ ရွေးကောက်ပွဲကို သပိတ်မှောက်မယ်လို့ ပြောပါတယ်။

အီးမေးလ် ပုံနှိပ်ရန်
VOA

ဒေါ်အောင်ဆန်းစုကြည်က ထိုင်းကို မဝေဖန်ဟုဆို

ဧရာဝတီ Monday, April 26, 2010 .ဒေါ်အောင်ဆန်းစုကြည် စနေနေ့က ပြောကြားသည့် ထိုင်း နိုင်ငံရေး ဆိုင်ရာ သုံးသပ်ချက်များနှင့် ပတ်သက်ပြီး ဝေဖန် ပြောဆိုနေကြခြင်းမှာ နားလည်မှုလွဲခြင်းသာ ဖြစ်သည်ဟု သူ၏ ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်က ထိုင်းအစိုးရကိုလည်း မဝေဖန်ဘူး၊ ဒီမိုကရေစီကိုလည်း မဝေဖန်ဘူး၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို တပ်မတော်က ရေးရင် တည်ငြိမ်တဲ့ အစိုးရတွေ ဖြစ်ဖို့ ခဲယဉ်းတယ်၊ ဒါပဲပြောတာ” ဟု ဦးဉာဏ်ဝင်းက ဧရာဝတီကို ယနေ့ ညနေပိုင်းတွင် ရှင်းပြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် AFP သတင်းတွင် ရေးထားသကဲ့သို့ ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင်၏ အမည်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ဟု ဆိုသည်။

AFP သတင်းတွင် “သက်ဆင်က ရွေးကောက်ခံထားရတဲ့သူဖြစ်တယ်၊ ရွေးကောက်ခံထားရသူဆီက အာဏာကို စစ်တပ်က သိမ်းတယ်။ အခြေခံဥပဒေကို စစ်တပ်က ဆွဲထားတယ်” ဟု မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားကြောင်း ရေးသားထားသည်။

ထိန်းသိမ်းခံနေရသူ ဒေါ်အောင်ဆန်းစုကြည်ထံ တခါတရံ သွားရောက် တွေ့ဆုံခွင့်ရသူ ရှေ့နေ ဦးဉာဏ်ဝင်းကို ကိုးကားပြီး AFP သတင်းက ထိုသို့ ရေးသားထားခြင်း ဖြစ်သည်။

AFP သတင်းတွင် ဖော်ပြခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံရေး ဆိုင်ရာ သုံးသပ်ချက်ကြောင့် နိုင်ငံ တကာအမြင်တွင် ထိုင်းနိုင်ငံ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟု ထိုင်းအထက် လွှတ်တော်အမတ် Prasong Nu luckက ဝေဖန်လိုက်ကြောင်း ထိုင်းဘာသာဖြင့် ရေးသားထားသည့် မတ်တိချွန်း(Matichon) အင်တာနက် စာမျက်နှာတွင် ယနေ့ ဖော်ပြထားသည်။

ဘလော့ဂ် နှင့် လူမှုကွန်ရက် အင်တာနက်စာမျက်နှာ တချို့တွင်လည်း ထိုသတင်း၌ ပါရှိသည့် ဒေါ်အောင်ဆန်းစုကြည်၏ သုံးသပ်ချက်ကို မေးခွန်း ထုတ်နေကြသည်။

ထိုင်းနိုင်ငံသည် ဤနှစ်ပိုင်းအတွင်း နိုင်ငံရေး မတည်ငြိမ်မှုများ ဖြစ်ပေါ်နေသည်။ ဤအတောအတွင်း ၀န်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင်ကို ထောက်ခံသူများက ဘန်ကောက်မြို့တွင် လနှင့်ချီ ဆန္ဒပြလျက်ရှိသည်။ လွှတ်တော် ဖျက်သိမ်းပေးရန် ၎င်းတို့၏ တောင်းဆိုချက်ကိုလည်း ထိုင်းအစိုးရက ပယ်ချထားသည်။

Monday, April 26, 2010

NLD အလံနှင့် ဆိုင်းဘုတ် ဖြုတ်လိမ့်မည်မဟုတ်



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များ မြန်မာနှစ်သစ်ကူး အတာသင်္ကြန်ကာလ အထိမ်းအမှတ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံကို ရေပက်ဖျန်းစဉ် (ဓာတ်ပုံ - AP)


ခိုင်သွယ် Monday, April 26, 2010 .အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနေနှင့် လာမည့် မေလ ၆ ရက်နေ့တွင် ပါတီမှတ်ပုံတင် သက်တမ်း ကုန်ဆုံးမည် ဖြစ်သော်လည်း ဆိုင်းဘုတ်ဖြုတ်ခြင်း၊ အလံဖြုတ်ချခြင်းတို့ ပြုလုပ်မည် မဟုတ်ကြောင်း ယနေ့ ကျင်းပသည့် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။

“ပြည်သူလူထု အကျိုးပြုတဲ့ လူမှုရေးလုပ်ငန်းတွေကိုပဲ ကျနော်တို့ NLD က ဆက်လက် ဆောင်ရွက်သွားကြမှာ ဖြစ်ပါတယ်” ဟု ပြန်ကြားရေးအဖွဲ့မှ ဦးအုန်းကြိုင်က မီဒီယာများသို့ ပြောဆိုလိုက် သည်။

လက်ရှိ အနေအထားအရ NLD အနေနှင့် စစ်အစိုးရအတည်ပြုခဲ့သည့် အခြေခံဥပဒေကို လက်မခံနိုင်သည့်အတွက် ပါတီမှတ်ပုံတင်ခြင်း ပြုလုပ်မည် မဟုတ်သကဲ့သို့ နိုင်ငံရေးလုပ်ငန်းများကိုလည်း လုံးဝ ရပ်ဆိုင်း ထားရမည့် အခြေအနေ ဖြစ်နေကြောင်း၊ သို့ရာတွင် ဆိုင်းဘုတ်မဖြုတ်၊ အလံမချခြင်းမှာ NLD အနေဖြင့် ဆက်လက်ပြီး ပြည်သူလူထုအပေါ် စေတနာ ထားရှိနေဆဲ၊ ရှင်သန်နေဆဲဖြစ်သည်ဟု ပြသနေခြင်းဖြစ်ကြောင်း၊ လုပ်ငန်းတာဝန်များ မပြီးဆုံးသေးဟု မှတ်ယူနေသည်ကို ပြသနေခြင်းဖြစ်ကြောင်း ဦးအုန်းကြိုင်က ပြောဆိုသည်။


“ကျနော်တို့ ခေါင်းဆောင်တွေရဲ့ ဆန္ဒကတော့ အားလုံးကို ငြိမ်းငြိမ်းချမ်းချမ်းပဲ ဖြစ်စေချင်တယ်” ဟု သူက ဆက်ပြောသည်။

NLD ဗဟို အမျိုးသမီးအဖွဲ့ကလည်း မေလ ၄ ရက်နေ့အထိ ရုံးရှေ့တွင် ဆွမ်း ဆက်လက် ကပ်လှူသွားမည်ဖြစ်ပြီး မေလ ၇ ရက်နေ့ နောက်ပိုင်း အစီအစဉ်များကို မေလ ၄ ရက်နေ့တွင် ပြုလုပ်မည့် အစည်းအဝေးဆုံးဖြတ်ချက်အပြီး ထုတ်ပြန်ကြေညာ သွားမည် ဖြစ်ကြောင်း NLD အမျိုးသမီးအဖွဲ့ခေါင်းဆောင် တဦးဖြစ်သူ ဒေါက်တာမေ၀င်းမြင့်က ဆိုသည်။

လူမှုအထောက်အကူပြု အဖွဲ့မှ လုပ်ငန်းများကိုမူ မေလ ၇ ရက်နေ့ နောက်ပိုင်းတွင်လည်း ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

NLD လူမှုရေးလုပ်ငန်းများ မေ ၇ ရက်တွင် စတင်မည်

မြင့်မောင် | တနင်္လာနေ့၊ ဧပြီလ ၂၆ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၄၀ မိနစ် .
နယူးဒေလီ (မဇ္ဈိမ)။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် လာမည့်လ ၇ ရက်နေ့မှ စတင်၍ နိုင်ငံရေးလုပ်ငန်းများ ရပ်ဆိုင်းကာ လူမှုရေးလုပ်ငန်းများ လုပ်ဆောင်သွားမည်ဟု ပါတီပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“မေလ ၇ ရက်နေ့ကစပြီးတော့ နိုင်ငံရေးလုပ်ငန်းတွေကို ရပ်ဆိုင်းထားမှာ ဖြစ်ပါတယ်။ တတ်နိုင်တဲ့ လူမှုရေး လုပ်ငန်းတွေကို ဆောင်ရွက်မှာ ဖြစ်ပါတယ်'' ဟု NLD ပြောခွင့်ရပုဂ္ဂိုလ်နှင့် CEC အဖွဲ့ဝင် ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

ရန်ကုန်တိုင်း ဗဟန်းမြို့နယ် NLD ရုံးချုပ်၌ ယနေ့ကျင်းပသည့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ CEC အစည်းအဝေးက ဆုံးဖြတ်လိုက်ခြင်းဖြစ်ပြီး HIV/ AIDS ဝေဒနာသည်များ ကူညီစောင့်ရှောက်ရေး၊ နာဂစ်သင့် ဒုက္ခသည်များအား သောက်ရေသန့် ရရှိရေးနှင့် ကူညီရေး၊ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များအား စောင့်ရှောက်ရေး၊ နိုင်ငံရေးအမှုများကို ဥပဒေ အထောက်အကူပြုရေး၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အပါအဝင် လုပ်ငန်းရပ်များ တိုးချဲ့လုပ်ကိုင်မည်ဟု သိရသည်။

CEC အဖွဲ့ဝင် ဦးဝင်းတင်က “လူမှုရေးလုပ်ငန်းတွေ လုပ်မယ်ဆိုတာက ကျနော်တို့က နိုင်ငံရေးပါတီဗျာ။ ဆိုတော့ လူထုကို မျက်နှာမူတဲ့ နိုင်ငံရေးလုပ်ငန်းတွေ လုပ်ဖို့လိုတယ်။ လူတွေအနေနဲ့ နေ့စဉ်ကြုံတွေ့နေတဲ့ မတရားမှုတွေ ရပ်ပေးသင့်တာ ရပ်ပေးမယ်။ ဦးဆောင်မှု ပေးသင့်တာ ပေးမယ်။ ကန့်ကွက်သင့်တာ ကန့်ကွက်မယ်။ ဒါတွေက လူထုလုပ်ငန်းတွေ ဖြစ်တယ်။ ရုံးတွေ၊ ဋ္ဌာနတွေ မရှိဘူးဆိုရင် လူထုထဲကို ဆင်းမှာပဲ။ လူထုတွေထဲမှာ နိုင်ငံရေး ရှာမယ်။ လက်ရှိလုပ်နေတဲ့ လုပ်ငန်းတွေနဲ့ ကိုက်ညီတာတွေ ရှိရင်လည်း ရှိမယ်။ ပိုပြီးတော့ ခိုင်မာတဲ့ လုပ်ငန်းတွေ တွေ့ရင်လည်း တွေ့မယ်။ ပျော့ပျောင်းတဲ့ နိုင်ငံရေးဖြစ်ရင်လည်း ဖြစ်မယ်။ ဒါပေမဲ့ ကျနော်တို့က လူထုကြားထဲကို ဆင်းကြမယ်၊ လုပ်ကြမယ်” ဟု မဇ္ဈိမကို ပြောသည်။

အစည်းအဝေးသို့ နေအိမ်အကျယ်ချုပ် ကျခံနေသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ကျန်းမာရေးအရ ပါတီဥက္ကဋ္ဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင်၊ CEC အဖွဲ့ဝင် ဦးလွန်းတင်တို့မှအပ ကျန်ရှိသည့် CEC အဖွဲ့ဝင် ၁၆ ဦး တက်ရောက်ခဲ့ကြသည်။

NLD ရုံးများတွင် တပ်ဆင်ထားသည့် ပါတီဆိုင်းဘုတ်နှင့် အလံများကို ပါတီဝင်များက ဖြုတ်သိမ်းခြင်းမပြုရန်လည်း အစည်းအဝေးက ဆုံးဖြတ်ခဲ့သည်။

ဦးဝင်းတင်က ''ကျနော်တို့အနေနဲ့ ရုံးဖွင့်လို့ ရရင်ဖွင့်မယ်။ ဒါပေမဲ့ အစိုးရအနေနဲ့ ရုံးပိတ်ရမယ်ဆိုရင်၊ သော့ခတ်မယ်ဆိုရင် ကျနော်တို့က ဘာမှ မတတ်နိုင်ဘူး။ ဒါတော့ သူတို့က သော့ခတ်လို့ ရတာကိုး။ ကျနော်တို့က ရုံးမပိတ်ဘူး၊ အလံဖြုတ်မချဘူး၊ ဆိုင်းဘုတ်ဖြုတ်မချဘူး” ဟု ပြောဆိုသည်။

လာမည့်လ ၆ ရက်နေ့တွင် ပါတီသက်တမ်းကုန်မည် ဖြစ်သော်လည်း ဆိုင်းဘုတ်နှင့် အလံအား ဖြုတ်မချရန် ပါတီ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က သူမ၏ ရှေ့နေများနှင့် ယခုလ ၂၄ ရက်နေ့တွင် တွေ့ဆုံစဉ် သဘောထား ပေးခဲ့သေးသည်။

တနိုင်ငံလုံးတွင် တိုင်း/ပြည်နယ်နှင့် မြို့နယ်ရုံးများ အပါအဝင် စုစုပေါင်း ရုံး ၃ဝဝ ကျော် တည်ရှိရာ ၂ဝဝ၃ ခုနှစ် မေလ ဒီပဲယင်းဖြစ်ရပ်နောက်ပိုင်း စစ်အစိုးရက အားလုံးကို ပိတ်ပစ်ခဲ့သည်။ သို့သော် ပြီးခဲ့သည့်လ ၈ ရက်နေ့မှ စတင်၍ ရွေးကောက်ပွဲကော်မရှင် ဥပဒေများ ထုတ်ပြန်အပြီး NLD ရုံး ၁ဝဝ ကျော် ပြန်လည်ဖွင့်လှစ်ခွင့် ပြုခဲ့သည်။

အစည်းအဝေး ဆုံးဖြတ်ချက် အသေးစိတ်ကို လာမည့်ရက်ပိုင်းအတွင်း ထုတ်ပြန်ကြေညာသွားမည်ဟု သိရသည်။

http://www.mizzimaburmese.com/