-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Monday, April 26, 2010

လွမ်းတော်မူ စာကိုစီ



နှင်းပန်းအိမ် | တနင်္လာနေ့၊ ဧပြီလ ၂၆ ရက် ၂၀၁၀ ခုနှစ် ၁၃ နာရီ ၄၁ မိနစ် .




ကဆုန်လဆန်း ၁၄ ရက် အဖိတ်နေ့မို့ လမင်းကြီးကလည်း ဒုက္ခသည်စခန်းကို ငုံ့ကြည့်ရင်း တလောကလုံးကို လရောင်တွေနဲ့ ဆွတ်ဖျန်းပေးနေတယ်။ မိုးရွာပြီးစ မြေသင်းနံ့က ညလေညင်းနဲ့အတူ နို့ဖိုးတောင်ဘက်ကနေ ဝေ့တက်လာတယ်။ အဖိတ်နေ့ညမို့ မြို့မငြိမ်းရဲ့ “နှစ်ယောက်တည်း နေချင်တယ်ဆိုတဲ့ လရောင်”၊ မဟာမြိုင်တောက လရောင်၊ ချင်းတွင်းမြစ်၊ ဧရာဝတီမြစ်ထဲက လရောင်တွေကို ကျမ သတိရနေမိတယ်။

လမင်းထိန်ထိန်သာတဲ့ လရောင်အောက်မှာ ဝိုင်းဖွဲ့စကားပြောတတ်တဲ့ စကားဝိုင်းမျိုး ဒီမှာမရှိဘူး။ လရောင်ကို လွတ်လွတ်လပ်လပ် ခံစားနိုင်ဖို့ နေရာကျယ်ကျယ်လည်း မရှိပါဘူး။ ည ၉ နာရီ မီးရောင်မမြင်ရဆိုတဲ့ နေရာမှာ လူရိပ်လူယောင်လည်း မမြင်ရတော့ဘူးပေါ့။ ဒီတော့ ကိုယ့်တဲအိမ်လေးတွေထဲမှာ တိတ်ဆိတ်ငြိမ်သက်နေရတဲ့ ဒုက္ခသည်တွေ အိပ်ပျော်အောင် အိပ်သူလည်းရှိ၊ အိပ်မပျော်သူတွေကလည်း မြို့မငြိမ်းရဲ့ နှစ်ယောက်တည်းဆိုရင် ဆိုတဲ့ သီချင်းစာသားကို အဓိပ္ပာယ်ဖွင့်ကြပေါ့။ ဒီလိုနဲ့ ဒုက္ခသည်စခန်းလေးက တိတ်ဆိတ်ငြိမ်သက်လို့ တစစအိပ်မောကျသွားသလို လမင်းကြီးလည်း တဖြည်းဖြည်း လင်းထိန်လို့လာတယ်။

ဒီလိုလရောင်အောက်မှာ ကျမနဲ့ သားငယ် ကလေးမြို့ ထောင်ဝင်စာခရီးကအပြန် ချင်းတွင်းမြစ်ထဲက မော်တော်ပေါ်မှာ အိပ်ခဲ့ဖူးတယ်။ လှိုင်းက မော်တော်ကိုပုတ်ရင် လူးလိမ့်သွားတဲ့အခါ ပုခက်ထဲ ကလေးချော့သိပ်သလိုမို့ သားက အိပ်ပျော်ပေမယ့် ကျမ အိပ်မပျော်ခဲ့ဘူး။ ကလေးအကျဉ်းထောင်ထဲမှာ ကျန်ခဲ့တဲ့ ခင်ပွန်းသည်ကို စိတ်မချတဲ့အပူ၊ ကျမတို့သားအမိရဲ့ ဘဝရှေ့ရေး စတာတွေကို တွေးပြီး လရောင်အောက်မှာ ကျမ ငိုဖူးတယ်။ ကောင်းကင်က လမင်းကို တမိုးအောက်မှာ အတူကြည့်ခွင့်မရတဲ့ ကျမတို့ ဘဝကို တွေးပြီး ထိထိခိုက်ခိုက် ဖြစ်ရတာလေ။ ကျမရဲ့ အလွမ်းကို ကူပံ့ခဲ့တာ တန်ဆောင်မုန်းလပြည့်ပေါ့။

တိမ်စတွေကင်းပြီး လမင်းထိန်ထိန်သာနေတဲ့ ချင်းတွင်းမြစ်က နံရိုးပြိုင်းပြိုင်းထလို့။ အဲဒီနံရိုးတွေရဲ့ ကမ်းစပ်ကိုင်းတောထဲမှာ တဲအိမ်လေးတွေ ရှိတယ်။ မြစ်ထဲမှာ ပိုက်ချနေတဲ့ တံငါလှေကလေးတွေဆီက မီးမှိန်မှိန်လေးတွေကလည်း မျက်စပစ်ပြနေသေးတာ။ တန်ဆောင်တိုင်ပွဲတော်ညဆိုတော့ ကမ်းစပ်ရွာတွေမှာ ဇာတ်ပွဲပြနေကြတာမို့ မော်တော်သမားတွေက မုံရွာကို မနက် ၆ နာရီမှ ဝင်ရမယ့်အတူတူ ဒီမှာ မော်တော်ကမ်းကပ်ပြီး ပွဲကြည့်မယ်လို့ ခရီးသည်တွေကို ပြောတယ်။ ယောက်ျားခရီးသည်၊ မိသားစုအဖွဲ့ခရီးသည်တွေက လက်ခံကြတယ်။ မုံရွာတံတားမရောက်ခင် အလုံစစ်ဆေးရေးဂိတ် ကမ်းကပ်ပြီး မိုးအလင်းစောင့်ရမယ့်အတူတူ ဒီမှာ ပွဲဝင်ကြည့်တာမှ တော်သေးတယ်လို့ တွေးပုံရကြတယ်။ ကျမတို့သားအမိကတော့ စိတ်ဒဏ်ရာရနေသူမို့ ပွဲကြည့်နိုင်ဖို့ စိတ်ခွန်အား မရှိပါဘူး။ ဒီတော့ သက်ကြီးရွယ်အို မိန်းမခရီးသည်တွေနဲ့အတူ မော်တော်ပေါ်မှာပဲ ကျန်ခဲ့တယ်။




တတယ်ဆို အမြန်ယာဉ်မော်တော်က မုံရွာဆိပ်ကမ်းကို ညနေ ၃ နာရီ ရောက်ရမှာလေ။ ဒါပေမဲ့ သင်တောမှာ ထမင်းစားနားပြီး မော်တော်ပြန်အထွက်မှာ စက်ပျက်သွားတဲ့အတွက် သင်တောရွာက မော်တော်အသေးလေးကို အမြန်ယာဉ်နဲ့တွဲပြီး ချင်းတွင်းမြစ်ကို စုန်ခဲ့တာ။ ရေစုန်မျောတယ်ဆိုတာ ဒါမျိုးကို ခေါ်တာပေါ့။ ခရီးက ခရီးသည်ရှဲု သဘောမဟုတ်ဘူးဆိုတာ နှလုံးသွင်းထားနိုင်ကြတယ်။ စက်ချို့ယွင်းလို့ ချင်းတွင်းမြစ်ထဲမှာ အမြန်ယာဉ်တွေမှောက်လို့ ခရီးသည်ဘယ်နှဦး သေသွားတယ်ဆိုတဲ့ သီတင်းတွေကြားမှာပဲ ခရီးတွေ သွားနေကြရတာ။

ချင်းတွင်းမြစ်ရဲ့ အထင်ကရရှိလှတဲ့ အထက်မှာ ပေ၊ အောက်မှာ ရွှေ၊ အလယ်ဝက်သိုက် မျက်ဖြူစိုက်ဆိုတဲ့ အထင်ကရရှိလှတဲ့ ဝဲတွေကလည်း မိုးတွင်းဆို ကြောက်ဖို့ကောင်းလှတယ်။ ဝဲနေရာတွေရောက်ပြီဆို မော်တော်သမားတွေ စက်ရှိန်လျှော့ထားသလို ကျမတို့ခရီးသည်တွေလည်း စိတ်ကိုလျှော့ပြီး ပိုင်ရာဆိုင်ရာ နတ်ဒေဝါတွေကို တိုင်တည်မေတ္တာပို့ ဆုတောင်းကြတယ်။ ဝဲကြီးရဲ့ အော်မြည်သံတွေကြားမှာ ရေသတ္တဝါတွေကို အစာကျွေးကြတယ်။ အန္တရာယ်ကင်းအောင်ဆိုတဲ့ စိတ်နဲ့ပေါ့။

မြစ်ရေတိုးတဲ့ ဝါဆိုဝါခေါင်သာ ကြောက်ဖို့ကောင်းတဲ့ ချင်းတွင်းက တန်ဆောင်မုန်းလမှာတော့ ချစ်ဖို့ကောင်းနေပြန်တယ်။ သဘာဝတရားရဲ့ အလှတရားတွေဟာ အံ့မခန်းနိုင်ရှိခဲ့တယ်ဆိုတာ ချင်းတွင်းက သက်သေပြခဲ့ပါတယ်။ ချင်းတွင်းမြစ်ထဲက မော်တော်ပေါ်အထိ ပျံ့လွင့်လာတဲ့ သီချင်းသံက လွမ်းလွမ်းဆွေးဆွေး အသံဝါဝါနဲ့ သီဆိုလိုက်တဲ့ ဇာတ်မင်းသားရဲ့ သီချင်းကလည်း ရှားရှားပါးပါး “လက်ဝဲသုန္ဒရ” တဲ့။

နေရောင်မထိုး၊ ညှိုးငယ်စိတ်ဝယ်မောအောင် တောတောင်ရေမြေ ……
ပင်မြင့်တွေ၊ ပင်စောက်တွေ၊ အပင်အောက်ခြေ ………
ဝင်ရောက်သူလည်း အသည်းဝယ်ဖိုမလေ …….
အထက်ဆိုက်ဘဝဂ်ကို တက်မလိုညို့ဆိုင်း ……
မို့မို့မိုမို ညို့ညို့ ညိုညို ရှုမျှော်တိုင်းအုံ့မှိုင်းသီခေါင်ဗွေ …….
ဝေးရပ်ဆီနယ်မြေလွမ်းစ တဝေဝေ …… တဲ့။

တကယ်ပါပဲ။ သီချင်းသံက မော်တော်ပေါ်က ကျမတို့ကို မျက်ရည်ကျအောင် လုပ်လိုက်တယ်။ ပွဲပြီးလို့ ပြန်လာတဲ့ မော်တော်သမားတွေ၊ ခရီးသည်တွေက မော်တော်ပေါ်မှာ ကျန်ခဲ့တဲ့ ကျမတို့ကို အိပ်ပျော်နေကြလားလို့ နှုတ်ဆက်တယ်။ ကျမတို့က ပွဲခင်းကအသံတွေ နားထောင်နေရတာ ပွဲကြည့်နေသလိုပဲဆိုတော့ ဟုတ်လားတဲ့။ ပွဲက သိပ်ကောင်းတာပဲလို့လည်း ပြောကြတယ်။ မော်တော်ထွက်တော့ ကောင်းကင်မှာ ရောင်နီသန်းနေပြီ။ မော်တော်ဆရာက လက်ဝဲသုန္ဒရသီချင်းဆိုတော့ ကျမတို့က ဒီမော်တော်ကို ဒီဇယ်နဲ့ မောင်းတာမဟုတ်ဘူး။ သီချင်းနားထောင်ပြီး မျက်ရည်ကျတဲ့ ခရီးသည်ရဲ့ မျက်ရည်နဲ့ မောင်းတာဆိုတော့ ရယ်လိုက်ကြတာလေ။

ဘဝဆိုတာ စိတ်ကူးယဉ်တာတွေ၊ ဖြစ်ချင်တာတွေ၊ မဖြစ်ချင်တာတွေ၊ ဖြစ်နိုင်တာတွေ၊ မဖြစ်နိုင်တာတွေနဲ့ ဖွဲ့စည်းထားတာလို့ ကျမ ခံစားမိတဲ့အချိန်က ဒုက္ခသည်စခန်းမှာ ဒုက္ခသည်ဖြစ်နေတဲ့ အချိန်ပေါ့။ ဘဝဆိုတာ ထင်သလို မဖြစ်ဘဲ၊ ဖြစ်ချင်တာ ဖြစ်ပါလားဆိုပြီး ကိုယ်ဖြစ်လာတဲ့ဘဝကို ရင်ဆိုင်ရပါတော့တယ်။ ကျမတို့ ဘဝသစ်မှာ သတင်းတွေကို အထူးနားထောင်ရတယ်။ ကန့်ရဲ့ စခန်းတွင်း အခြေအနေကို ထုတ်ပြန်တဲ့ သတင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးက အလှူရှင်တွေ၊ ဒုက္ခသည်တွေအပေါ်ထားတဲ့ သဘောထားတွေ၊ ကိုယ့်အမိမြန်မာပြည်က နိုင်ငံရေးအခြေအနေတွေ အစရှိတာတွေကိုပေါ့။ ဒီရက်ထဲမှာပဲ BBC ရဲ့ သတင်းပေးပို့ချက်က ဒုက္ခသည်စခန်းတခုလုံး အုံးအုံးကျွက်ကျွက် ဖြစ်သွားရပါတော့တယ်။

ဒုက္ခသည်တွေကို ၁၉၈၃ ခုနှစ်ကတည်းက လက်ခံထားရတဲ့အတွက် ထိုင်းနိုင်ငံက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတွေကိုပါ ထိခိုက်လာတယ်။ ဒုက္ခသည်တွေဟာ ကမ္ဘာ့အလှူရှင်တွေအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာတယ်။ အဲဒီ့လိုကြောင့် မြန်မာပြည်မှာ ၂ဝ၁ဝ ရွေးကောက်ပွဲပြီးရင် ဒုက္ခသည်တွေကို နိုင်ငံတကာအဆင့်မီ ပြန်ပို့မယ်တဲ့။

ဒီသတင်းက ဒုက္ခသည်တွေရဲ့ ကံကြမ္မာနဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ သတင်းမို့ ရေဒီယိုသတင်း နားထောင်ရသူက နားမထောင်ရသူတွေကို လက်တို့ သတင်းပို့ပါတယ်။ သတင်းကြားရသူတွေက မောစရာကြားက ရယ်စရာဖြစ်အောင် အပူရုပ်ကို ဟန်လုပ်ကြသူတွေ ရှိတယ်။ တဲအိမ်တွေ ပြင်ကြဆင်ကြ၊ မိုးကြကာကြချိန်မို့ ဒီအတိုင်းပဲ ထားရမလား၊ ဆက်ပြင်ရမလား၊ ဆက်မိုးရမလားဆိုတဲ့ အတွေးတွေလည်း ဝင်လာရတယ်။

မိုးကလည်း ဟန်ရေးတပြပြနဲ့ ရွာမယ်လို့ဟန် တပြင်ပြင်။ ဒီတော့ ဒုက္ခသည်တွေ ဆင်နင်းရင်တောင် ထူးမပြားဘူးဆိုပြီး အိမ်ဆက်မိုးကြတယ်။ အိမ်မိုးတဲ့သူတွေက တဲအိမ်ခေါင်မိုးပေါ်ကနေ ဘယ်သူရေ ဘယ်ဝါရေ တို့တွေ ပြန်ပို့ခံရရင် နေပြည်တော်မှာ ခြေရင်းခေါင်းရင်းနေကြမယ်။ မခွဲဘူးနော်သိလား။ ကိုယ့်ဘိုင်အို ငြိမှာ မပူရဘူး။ လက်ဗွေ ငြိမှာ မပူရဘူး။ Hold ဟိုးဖြစ်မှာ မပူရဘူး။ ဆေးစစ်စရာ မလိုဘူး။ ဆေးမအောင်မှာ မပူရဘူး။ နာမည်တူ မကြောက်ရဘူးလို့ ဆိုတဲ့သူက ဆိုကြတယ်။ ဟိုးတို့၊ ပယ်ချတို့ဆိုတာ ဒုက္ခသည်တွေထဲမှာ ထပ်ဆင့်ဒုက္ခခံနေရသူတွေပေါ့။ ဘယ်အချိန်မှ ဘယ်နိုင်ငံက ခေါ်မယ်ဆိုတာ မသိရသူတွေ။ ဘယ်လောက်ကြာကြာ ဒုက္ခခံရဦးမယ်ဆိုတာ မသိရသူတွေပါ။

သူတို့ရဲ့ စိတ်ဒဏ်ရာတွေကို လူသစ်ဒုက္ခသည် ကျမတို့ စာနာနိုင်ပါတယ်။ တာဝန်ရှိသူတွေလာလို့ သူတို့ရဲ့ သောင်မတင်ရေမကျ အခြေအနေကို မေးဖို့ တွန့်ဆုတ်ဝန်လေးနေကြသူတွေပါ။ တာဝန်ရှိသူတွေရဲ့ ထိုင်းနိုင်ငံတခုထဲက ဒုက္ခသည်ကိုပဲ ဖြေရှင်းရတာ မဟုတ်ဘူး။ နိင်ငံ ၁၅ နိုင်ငံရှိတယ်ဆိုတဲ့ လေသံက ဆောင်းလေလိုပဲ။ ဒီစကားသံတွေက ဒုက္ခသည်ကို စိတ်ဒုက္ခ အဆစ်ပေးလိုက်သလိုပဲ။ ဒုက္ခသည်ကို မေးမြန်းတဲ့ အင်တာဗျူးက ဘဝစာမေးပွဲပါ။ ဒီစာမေးပွဲဖြေရတဲ့ ဒုက္ခသည်ရဲ့ အဖြေက ဘယ်လောက်သမိုင်းဝင် မှန်ကန်နေပါစေ၊ ကိုယ့်ကိုခေါ်မယ့် နိုင်ငံရဲ့ ဥပဒေနဲ့ အမှတ်ပေးတာမို့ ကိုယ်ဖြေဆိုတုန်းက အခြေအနေက တမျိုး၊ အောင်စာရင်းထွက်ခါနီးမှ တမျိုးဖြစ်ပြီး Hold ဟိုးဖြစ်သွားတာကတော့ ကံကိုယိုးမယ်ဖွဲ့ရတော့မယ်။ တချို့ကလည်း ဆန်းဆန်းပြားပြား၊ တတိယနိုင်ငံထွက်ဖို့ အင်တာဗျူးတွေအားလုံး အိုကေ…။ ဒါပေမဲ့ ကိုယ့်လက်ဗွေက ခေါ်မယ့်နိုင်ငံက လူဆိုးစာရင်းထဲကသူရဲ့ လက်ဗွေနဲ့တူလို့ အချိန်ဘယ်လောက်ကြာမယ် မပြောနိုင်ဘူး။ အမှုရှင်းနိုင်မှ အကြောင်းကြားမယ်ဆိုတဲ့ အဖြေက ဒုက္ခသည်အတွက် နက်ဖြန် သို့မဟုတ် ဘယ်သောအခါပေါ့။

ဒုက္ခသည်အခွင့်အရေး တခုရတိုင်း ဂုဏ်သိက္ခာတွေ ဖဲ့ဖဲ့ပေးရသလို ခံစားရတယ်လို့ ကျမ ပြောခဲ့ဖူးပါပြီ။ ကျမတို့ ရိက္ခာရဖို့ နှစ်ချီစောင့်ခဲ့ရတယ်။ ၁ နှစ်ကျော်မှ ရိက္ခာရပါတယ်။ ကျမတို့ရဲ့ ဘဝတန်ဖိုးကို ဆန်တဗုံး၊ ဆီတလီတာနဲ့ နှိုင်းယှဉ်ခံရတိုင်း သိပ်ကိုကြေကွဲရပါတယ်။ ဆန်၊ ဆီ၊ မီးသွေး ရပေမယ့် နေ့စဉ်စားဖို့ ဟင်းစားကို ဖန်တီးရတဲ့ ဒုက္ခသည်အတွက် တွေးသာကြည့်ပေတော့။ အပြင်ထွက် အလုပ်လုပ်မရ။ စခန်းထဲမှာလည်း အလုပ်က ရှားရှားပါးပါး။ ဒီတော့ တတိယနိုင်ငံရောက်နေတဲ့ မိတ်ဆွေ၊ မိဘဆွေမျိုးဆီ အကူအညီတောင်းရတဲ့ အသံတွေက စခန်းတခုလုံး ဆူလို့ညံလို့။ တတိယနိုင်ငံက သူက အဆင်မပြေတာကြောင့် မပေးနိုင်လို့၊ မပေးချင်လို့ရှိရင်” ဟဲလို မကြားရဘူး၊ ဘယ်က ဆက်တာလဲ၊ ဘယ်သူလဲ၊ ဖုန်းလိုင်းမကောင်းဘူး” ဆိုပြီး ဖုန်းချသွားရော။ ဒီဘက်ကသူက တကယ် ဖုန်းလိုင်းမကောင်းဘူးထင်ပြီး အော်ပြော။ ဖုန်းဆိုင်ကို စိတ်ဆိုး၊ ဆိုင်ဖွင့်ပြီး လိုင်းကောင်းအောင် မလုပ်ဘူးပေါ့။ ရတယ်၊ လိုင်းကောင်းတဲ့ဆိုင် သွားမယ်ဆိုပြီး ဆက်လည်း ဒီအတိုင်းပဲ။ နောက်မှ သဘောပေါက်ကြတာ။ ဒါပေမဲ့လည်း မာနနဲ့ တင်းမခံရဲပါဘူး။ မေ့လောက်ရင် သွားဆက်ရတာပဲ။

စစ်ပြေးဒုက္ခသည် ပအိုဝ့်မလေးက ဒုက္ခသည်ရိက္ခာကို နို့သက်ခံ မစို့ချင်ပါဘူး။ မလွှဲသာလို့ စားနေတာ။ တနေ့တနေ့ ထမင်းချက်စားလိုက်၊ မိုးလင်းလိုက်၊ မိုးချုပ်လိုက်နဲ့။ လူက ဘာနဲ့တူသလဲဆိုတော့ ဝပ်ကျင်းထဲက ထလာတဲ့ နွားလိုပဲ။ လုပ်ငန်းခွင်ထဲ ရောက်တော့ နွားက ခိုင်းမရတော့ဘူး။ အကျင့်ဖြစ်သွားပြီ။ လူက အလုပ်မလုပ်ရတော့ ဘယ်လိုနေရမှန်းကို မသိတော့တာ။ အရမ်းအလုပ်လုပ်ချင်တယ်” တဲ့။ သူက မိန်းကလေးဆိုပေမယ့် သူ့အိမ်အတွက် ရိက္ခာရတဲ့ ဝါးအင်ဖက်ကို ကိုယ်တိုင်သယ်၊ အိမ်ကို ကိုယ်တိုင်မိုးတဲ့ သူပါ။

ကျမတို့ဒုက္ခသည်တွေ စားရတဲ့ ဟင်းစားက ရေခဲအဆင့်ဆင့် ရိုက်ထားတဲ့ သားငါးတွေ။ အသီးအရွက်က ရှားတယ်။ တခါတရံ ရေချိုငါး စားချင်တဲ့၊ လတ်ဆတ်တဲ့ သားငါး အသီးအနှံ စားချင်တာ အရမ်း။ ရာသီစာဆိုတာ ဒီမှာမရှိဘူး။ ရာသီမသိ ပန်းနဲ့ညှိလို့ရတဲ့ နေရာမဟုတ်ဘူး။ ဒီလိုနေရာမှာ နိုင်ငံတကာ အလှူရှင်တွေအတွက် ဒုက္ခသည်တွေက ဝန်ထုပ်ဝန်ပိုး ဖြစ်နေပြီဆိုတဲ့ သတင်းစကားက စိတ်နှလုံးညှိုးနွမ်းရပါတယ်။ ကျမတို့က လက်ဝါးဖြန့်ချင်သူတွေ မဟုတ်ပါဘူး။ လက်သီးဆုပ်ချင်ကြတဲ့ သူတွေပါ။

ကျမတို့နိုင်ငံမှာ ဒုက္ခသည်တွေရဲ့ မိရိပ်ဖရိပ်၊ ဆွေရိပ်မျိုးရိပ်တွေ ရှိတယ်။ အဖိုးမဖြတ်နိုင်တဲ့ သယံဇာတတွေ ရှိတယ်။ ချစ်ခင်နှစ်လိုဖွယ် ယဉ်ကျေးမှု ဓလေ့ထုံးစံတွေ ရှိတယ်။ ဇာတိသွေး ဇာတိမာန်တွေ ရှိတယ်။ ဒုက္ခသည်ကျမတို့ မျှော်နေရတာက ကျမတို့တိုင်းပြည်မှာ ဒီမိုကရေစီရဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးသမားတွေ လွတ်မြောက်ဖို့။ စစ်အာဏာရှင် မရှိတော့ဘဲ စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ တည်ဆောက်တဲ့ ခေတ်သစ်မြန်မာနိုင်ငံမှာ ကျမတို့ စုပေါင်းပြီး ခေတ်ခရီးကို အတူလျှောက်ကြမယ်။ ကျမတို့ တတ်နိုင်တဲ့ အားနဲ့ တိုင်းပြည်ကို ပုခုံးထမ်းတင်ကြမယ်။ ဒီလိုစိတ်ကူး ဒုက္ခသည်မှမဟုတ်ဘူး နေရာဒေသအသီးသီးမှာ အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိနေတဲ့ မြန်မာလူမျိုးတိုင်းမှာ ရှိပါတယ်။ အဲဒီနေ့ကို ရောက်ရမှာ မလွဲပါဘူး။ အဲဒီအချိန်ကျရင် အေဝမ်းဆရာညှာရဲ့ အောင်စည်ရွှမ်းသံနဲ့ ပြည်တော်ဝင်ကြမယ်။




ကျမတို့အားလုံး လွမ်းရတဲ့အထဲမှာ ဘုရားပုထိုးစေတီတော်တွေ ပါတယ်။ အခါကြီးရက်ကြီးမှာ ဒေသအသီးသီးက လူတွေ ဘုရားကျောင်းကန်သွားပြီး ကိုယ်ထိလက်ရောက် ကုသိုလ်ဒါန ပြုကြမယ်။ ကုသိုလ်စိတ်နဲ့ နေကြမယ်။ လူ့အဖွဲ့အစည်း အကြီးကြီးထဲမှာ လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားနေကြရော့မယ်။ အခု ကျမတို့နေတဲ့ နေရာမှာ ဘုရားပုထိုးစေတီမရှိ၊ မုခ်ဦးမရှိ၊ တံတိုင်းမရှိ၊ ခြင်္သေ့မရှိ၊ လေအဝှေ့မှာကြားရတဲ့ ဘုရားဆီက ဆည်းလည်းသံလည်း မကြားရ။ လွမ်းရတဲ့ အလွမ်းများတော့။

ဓလေ့ထုံးစံတွေနဲ့ ဝေးနေရတဲ့ ကျမတို့တွေ သင်္ကြန်အကြိုနေ့မှာ သင်္ကြန်ဒိုးသံ၊ သင်္ကြန်သီချင်းတွေနဲ့ သင်္ကြန်ကို မကြိုရဘဲ သင်္ကြန်အကြိုနေ့ မနက် ၁ နာရီမှာ သေနတ်သံတွေနဲ့ နိုးခဲ့ရပါတယ်။ သေနတ်သံဆိုတာကို စစ်ပြေးဒုက္ခသည်တွေ ကြောက်သလို၊ နိုင်ငံရေးဒုက္ခသည် ကျမတို့လည်း ထိတ်လန့်တုန်လှုပ်ရတာလေ။

၁၉၆၂ ခုနှစ် 7 ဂျူလိုင် အရေးအခင်း သေနတ်သံကနေ ရှစ်လေးလုံး အရေးတော်ပုံက သေနတ်သံ၊ ရွှေဝါရောင် သံဃာ့အရေးအခင်း ကတ္တရာလမ်းပေါ်က သေနတ်သံတွေအထိ ပြည်သူလူထုကို ဒုက္ခရောက်အောင်လုပ်ခဲ့တဲ့ စစ်အာဏာရှင်တွေရဲ့ သေနတ်သံတွေပေါ့။ အခုလည်း ဒုက္ခသည် ကျမတို့ သေနတ်သံတွေကြားတော့ အိပ်ယာထဲကနေ ငုတ်တုတ်ထထိုင်တဲ့အထိ ကြောက်သွားရတာ။ ကျမတို့အားလုံး ဘယ်ပြေးရမှန်းမသိ၊ ဘာ့ကြောင့် သေနတ်သံတွေ ကြားရမှန်းမသိနဲ့ ငုတ်တုတ် မိုးလင်းစောင့်ပြီး သီတင်းစုံစမ်းရတယ်။ ညတွင်းချင်း အပြင်ထွက် စုံစမ်းလို့မရ၊ သံချောင်း ခေါက်မရ၊ ဗျို့ဟစ်မရတဲ့ နေရာလေ။ စခန်းအုပ်ချုပ်ရေး ထိုင်းအာဏာပိုင်တွေကို သြဆော်လို့ ခေါ်ကြပါတယ်။ စခန်းအပြင်ဘက် ဘုရင့်ဘေးမဲ့သစ်တော စောင့်ရှောက်သူတွေကို ပါမိုက်လို့ ခေါ်ကြပါတယ်။ ထိုင်းလူမျိုး သြဆော်နဲ့ ပါမိုက်တို့ သင်္ကြန်ကို သေနတ်ပစ်ဖောက်ပြီး အပြိုင်ကြိုကြတာပါတဲ့။ ကောင်းပါလေ့။

ကဆုန်လပြည့်အကြို လရောင်အောက်မှာ လရောင်ကို ခံစားရင်း ချင်းတွင်းမြစ်ထဲရောက်လိုက်၊ စစ်ကိုင်းတောင်ရိုး၊ ဧရာဝတီ၊ ရွှေတိဂုံ၊ မဟာမြတ်မုနိ၊ အို.. စုံလို့.. စုံလို့။ ကျမ စိတ်နဲ့ ရောက်နေလိုက်တာ…။ လက်ရှိမှာတော့ ဒုက္ခသည်စခန်းထဲက ဝါးနဲ့ ဆောက်ထားတဲ့ တဲအိမ်လေးထဲမှာ။ တောတောင်တွေ အထပ်ထပ်ကို ကျော်ဖြတ်ပြီးမှ ရောက်ရတဲ့ နေရာလေ။ တောင်တွေ ဝန်းရံထားတဲ့ နေရာပေါ့။ ကျမရောက်နေတဲ့ နေရာက မဲဇာဆိုရင် တမျိုးများ ဖြစ်သွားမလား။ ကျမ မဲဇာက လက်ဝဲသုန္ဒရရဲ့ မဲဇာမဟုတ်သလို၊ ဆရာကြီးဒဂုန်တာရာရဲ့ မဲဇာလည်း မဟုတ်ပါဘူး။ ကျမရင်ထဲက ခံစားနေရတဲ့ မဲဇာအသစ်ပါ။ လက်ဝဲသုန္ဒရရဲ့ မဲဇာ၊ ဆရာကြီးဒဂုန်တာရာတို့ရဲ့ မဲဇာက ဂုဏ်သိက္ခာရှိတဲ့ မဲဇာပါ။

ဝေးရပ်ဆီနယ်မြေ၊ လွမ်းစတဝေဝေ ………………….
အကြိုက်စရိုက် အလိုလိုက်ခဲ့တဲ့ မောင်တို့ဖေ ……….
ရှေးဝဋ်ကြွေးမကင်းပြန်၊ ရာဇဒဏ်မြေ ……………….။

ချင်းတွင်းမြစ်ကမ်းဘေး ဇာတ်ပွဲက ဇာတ်မင်းသားရဲ့ သီချင်းသံကို ကြားယောင်ပြီး ကြက်သီးထအောင် တမြေ့မြေ့ ခံစားလိုက်ရပါတယ်။ ကိုယ့်ကြမ္မာ၊ ကိုယ့်ဂုဏ်သိက္ခာကို မေ့ထားပြီး နေရတဲ့ ဒုက္ခသည်စခန်း မဲဇာကနေ စိတ်သွားတိုင်း ကိုယ်ပါကြေးဆို ကျမတို့ အမိမြန်မာပြည်ကို ရောက်နေပြီ။

ဘယ်သူမှ နိုင်ငံတကာ အဆင့်မီနည်းနဲ့ ပို့စရာကို မလိုပါဘူးဆို …..။ ။



.
..© Copyright 1998 - 2009 Mizzima News. All Rights Reserved

မြန်မာ့နိုင်ငံရေးဓလေ့


ဦးအောင်ခင် (သုံးသပ်ချက်)


၂၆/ ဧပြီ ၂၀၁၀


အစိုးရစနစ်ကို လေ့လာရာမှာ လူများစုအုပ်ချုပ်ရေး၊ လူတစုအုပ်ချုပ်ရေး၊ အကြွင်းမဲ့အာဏာရှင်စနစ်၊ သက်ဦးဆံပိုင်ဘုရင်စနစ် စသဖြင့် အမျိုးမျိုးခွဲခြားသတ်မှတ်ပြီး ကောင်းကျိုးဆိုးပြစ်ကို ဆန်းစစ်လေ့ရှိတယ်။ အခုခေတ်မှာ အကြွင်းမဲ့အာဏာရှင်စနစ်နဲ့ ဘုရင်စနစ်ကို လက်မခံကြတော့ဘူး။ အစဉ်အလာအရ ဘုရင်စနစ်ကျင့်သုံးနေတဲ့ နိုင်ငံတွေမှာလည်း ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကသာ အာဏာရှိပြီး ဘုရင်ဟာ အမည်ခံသာဖြစ်လာတယ်။ လူတစုအုပ်ချုပ်ရေးစနစ်နဲ့ အာဏာရှင်စနစ်ကို မကောင်းတဲ့အစိုးရစနစ်အဖြစ် သတ်မှတ်ထားကြတယ်။ ဒါပေမယ့် မြန်မာနိုင်ငံအပါအ၀င် တိုင်းပြည်အချို့မှာ မကောင်းတဲ့အစိုးရစနစ်တွေ သက်ဆိုးရှည်နေတဲ့အတွက် နိုင်ငံရေးသိပ္ပံလေ့လာရာမှာ အုပ်ချုပ်ရေးစနစ် ပုံစံကိုသာမကဘဲ ဒီလိုအစိုးရစနစ်မျိုးကို လက်ခံထားတဲ့ လူ့အဖွဲ့အစည်းကိုလည်း ဆန်းစစ်ဖို့ လိုတယ်လို့ ယူဆလာကြတယ်။

ဒီမိုကရေစီအမည်ခံပြီး ရှင်ဘုရင်လို အာဏာရှင်စနစ်ကျင့်သုံးတာကို လက်ခံထားတဲ့ နိုင်ငံတွေရှိတယ်။ အစိုးရတခုရဲ့ အာဏာရှိမှု အတိုင်းအတာဟာ ဒီအစိုးရကို တိုင်းသူပြည်သားက ဘယ်လောက်လက်ခံထားသလဲဆိုတဲ့အပေါ်မှာ မူတည်တယ်။ တနည်းဆိုရင် တိုင်းပြည် (သို့မဟုတ်) လူ့အဖွဲ့အစည်းရဲ့ ဓလေ့ထုံးစံဟာ ကျင့်သုံးတဲ့အစိုးရစနစ်မှာ ရောင်ပြန်ဟပ်နေတဲ့သဘောပဲ။ တိုင်းပြည်ရဲ့ နိုင်ငံရေးဓလေ့ဟာ နေ့ချင်းညချင်း ပေါ်ထွက်လာတာမဟုတ်ဘူး။ သမိုင်းက မွေးထုတ်တာပါ။ ဒါပေမယ့် လူ့အဖွဲ့အစည်းရဲ့ ဓလေ့ထုံးစံနဲ့ စိတ်နေစိတ်ထားဟာ သမိုင်းကြောင်းကို ပြောင်းလဲစေနိုင်တဲ့ အကျိုးအာနိသင်ရှိတယ်ဆိုတဲ့ ဆိုရိုးစကားရှိတယ်။

နှစ်ပေါင်း (၁,၀၀၀) လောက် အကြွင်းမဲ့အာဏာရှင် ဘုရင်စနစ်အောက်မှာ နေခဲ့ရပြီး ဗြိတိသျှကိုလိုနီဘ၀မှာ နှစ်ပေါင်း (၁၀၀) လောက်နေခဲ့ရတဲ့ မြန်မာပြည်ဟာ ဘုရင်စနစ်ရဲ့ လောင်းရိပ်က ပိုပြိးကြီးမားနက်ရှိုင်းတယ်လို့ ကွယ်လွန်သူ သမိုင်းပါမောက္ခတွေ ဖြစ်တဲ့ ဒေါက်တာမောင်မောင်ကြီးနဲ့ ဒေါက်တာကျော်သက်တို့က သုံးသပ်ကြတယ်။ ဗြိတိသျှအုပ်ချုပ်ရေးက ထွက်ပေါ်လာတဲ့ တရားဥပဒေစိုးမိုးရေး၊ တရားမျှတရေး စတဲ့ လစ်ဘရယ် (Liberal) သဘောတရားတွေကို လွတ်လပ်ရေးရပြီး ဒီမိုကရေစီ အစိုးရစနစ် တည်ထောင်တဲ့အထိ မြန်မာပြည်သားအများစုက ကောင်းကောင်းနားလည်သေးတာမဟုတ်ဘူးလို့ ပါမောက္ခ ဦးမောင်မောင်ကြီးက ဆိုတယ်။

တိုင်းပြည်တပြည်ရဲ့ နိုင်ငံရေးဖြစ်စဉ်ကို လေ့လာတဲ့အခါ Political Culture လို့ အနောက်တိုင်းပညာရှင်တွေခေါ်တဲ့ နိုင်ငံရေးဓလေ့ကို ဆန်းစစ်ဖို့လိုတယ်။ ရာစုနှစ်ပေါင်းများစွာ တည်ရှိခဲ့တဲ့ နိုင်ငံရေးယုံကြည်ချက် အယူအဆအတွေးအခေါ်နဲ့ ရိုးရာဓလေ့ဟာ ဒီကနေ့အထိ တနည်းမဟုတ်တနည်းနဲ့ ဆက်လက်ရှင်သန်နေတုန်းပါပဲ။ ကွယ်ပျောက်ဖို့ အလွန်ခဲယဉ်းတယ်။ သေဆုံးသွားတဲ့မျိုးဆက်တွေ ထားရစ်ခဲ့တဲ့ ရိုးရာအစဉ်အလာတွေဟာ အသက်ရှင်နေသူတွေရဲ့ စိတ်သဘာဝကို အိပ်မက်ဆိုးကြီးလို ဖိစီးနေတယ်လို့ Karl Marx ကThe 18th Brumaire of Louis Bonaparte (ဘရူးမဲရား- လူးဝီဘိုးနာပတ်) ဆိုတဲ့ စာတမ်းမှာ ရေးထားတယ်။ အာဏာရှင် ဆန့်ကျင်တဲ့ ပြင်သစ်တော်လှန်ရေးထဲက အာဏာရှင်စနစ် ပေါ်လာပုံကို ရေးတာပါပဲ။ ပြင်သစ်တော်လှန်ရေးပြက္ခဒိန်မှာ ၁၇၉၉ နိုဝင်ဘာလ (၉) ရက်နေ့ကို ဘရူးမဲရား (၁၈) ရက်နေ့လို့ ခေါ်တယ်။ အဲဒီနေ့မှာ နပိုလီယံက စစ်အာဏာသိမ်းတဲ့အတွက် ပြည်သူ့တော်လှန်ရေးဟာ အာဏာရှင်ဘုရင်စနစ်အဖြစ် အသွင်ပြောင်းသွားပုံကို ဖော်ပြတာပါပဲ။

လွတ်လပ်ရေးရချိန်ကစပြီး ၁၉၅၈ ခုနှစ်အထိ (၁၀) နှစ်ကျင့်သုံးခဲ့တဲ့ ပါလီမန်ဒီမိုကရေစီ စနစ်ဟာ ဒီမိုကရေစီမစစ်မှန်ဘူးလို့ အဲဒီခေတ်အတိုက်အခံတွေက မကြာခဏ ဝေဖန်ကြတယ်။ ဒီမိုကရေစီနည်းနဲ့ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရဖြစ်ပေမယ့် အာဏာရှင်ဆန်ဆန် အတိုက်အခံတွေကို ထင်သလို ဖမ်းဆီးထောင်ချမှု၊ ပြည်သူလူထု ပါဝင်တဲ့ အခန်းကဏ္ဍ နည်းပါးမှု စတဲ့အားနည်းချက်တွေကြောင့် ဒီမိုကရေစီမစစ်ဘူးလို့ ဝေဖန်ခဲ့ကြတာပါပဲ။ ရွေးကောက်တင်မြှောက်ထားတဲ့ ဒီမိုကရေစီအစိုးရကို ဗိုလ်ချုပ်နေ၀င်းက သစ္စာဖောက်ပြီး ၁၉၆၂ ခုနှစ်မှာ စစ်အာဏာသိမ်းလိုက်တယ်။ အဲဒီအချိန်ကစပြီး အကြွင်းမဲ့ အာဏာရှင်စနစ်ပြန်လည်ရှင်သန်အောင် စစ်အစိုးရ အဆက်ဆက်က အပတ်တကုတ် ကြိုးပမ်းနေတယ်။ ဗမာဘုရင်စနစ်ကို နေပြည်တော်ဆောက်တဲ့ ဗိုလ်သန်းရွှေအုပ်စုက အားကျနေတယ်။

ဒါကြောင့် အကြွင်းမဲ့အာဏာရှင် ဗမာဘုရင်စနစ်အကြောင်း ပထမဆုံး အကျဉ်းချုံးတင်ပြပါရစေ။ ရှေးဗမာတွေ နားလည်တဲ့ တခုတည်းသော အစိုးရစနစ်ဆိုတာ ဘုရင်စနစ်ပါ။ တိုင်းပြည်မှာ ဘုရင်ဟာ အာဏာအရှိဆုံး၊ ဘုန်းတန်ခိုးအရှိဆုံး၊ အမြင့်မြတ်ဆုံး ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ထားတယ်။ မဟာသမ္မတ မင်းမျိုးက ဆင်းသက်သလိုလို ယုံထင်၊ ကြောင်ထင် ဖြစ်အောင် လုပ်ထားတာကြောင့် မင်းမျိုးမင်းနွယ်ကသာ တိုင်းပြည်ကို အုပ်ချုပ်ခွင့်ရှိတဲ့ သဘောမျိုးပါပဲ။ တိရစ္ဆာန်ကိုတောင် နန်းတွင်းမှာ မွေးထားရင် မြင့်မြတ်တယ်လို့ ယူဆကြတယ်။

မြန်မာ့သမိုင်းဆိုတာ ရှင်ဘုရင်တွေရဲ့ မှတ်တမ်းပါ။ မှန်နန်းရာဇ၀င်ဟာ ဘုရင့်အမိန့်အရ ရေးတဲ့စာတမ်းပါ။ ဒါကိုအားကျပြီး ဗိုလ်နေ၀င်းကလည်း န၀တအစိုးရလက်ထက်မှာ ‘သမိုင်းမှန်’ ပြုစုရေးဆိုပြီး သမိုင်းဆရာတစုကို စာအုပ်ရေးခိုင်းပါသေးတယ်။ စာပေ အနုပညာဆိုတာ ဘုရင့်နန်းတော်အသိုင်းအ၀ိုင်းမှာသာ ရှင်သန်ကြီးထွားနိုင်တာကြောင့် ရှေးဗမာတွေရဲ့ဘ၀ဟာ ကျဉ်းမြောင်းလှပါတယ်။ ဘုရင့်အသိုင်းအ၀ိုင်းဟာ အမြဲတမ်းမာန်မာန ထောင်လွှားပြီး ဘ၀င်မြင့်နေတာမို့ အပြင်လောကနဲ့ အဆက်အဆံ သိပ်မလုပ်ကြပါဘူး။ ဒါကြောင့် အသိဉာဏ်ဗဟုသုတနည်းပါးပြီး ကမ္ဘာ့အကြောင်းလည်း မသိတာများပါတယ်။ အပြင်လောကနဲ့ အဆက်အသွယ်နည်းလေ တိုင်းသူပြည်သားကို အယုံသွင်းရလွယ်လေပါပဲ။

တိုင်းသူပြည်သားကို အခိုင်းအစေ၊ ကျေးတော်မျိုး၊ ကျွန်တော်မျိုးလို့ သတ်မှတ်ပြီး ဘုရင်ကိုတော့ သက်ဦးဆံပိုင် အရှင်သခင်အဖြစ် သတ်မှတ်တယ်။ မင်းမျိုးမင်းနွယ်ဆိုတာ သာမန်လူသားမဟုတ်ဘဲ အထွတ်အမြတ်ထားရာ ကိုးကွယ်ရာ ဖြစ်တယ်လို့ နှစ်ပေါင်းများစွာ ၀ါဒဖြန့်ခဲ့တာကြောင့် မင်းမျိုးမင်းနွယ်ရဲ့ သွေးမြေမကျကောင်းဘူးလို့ ယုံကြည်ကြတယ်။ ဒါကြောင့် အချင်းချင်းအာဏာလုလို့ သတ်ကြဖြတ်ကြ အကြမ်းဖက်ကြတဲ့အခါမှာ ဓားနဲ့မခုတ်ဘဲ လည်မျိုကို တုတ်နဲ့ ရိုက်သတ်တာမျိုး မကြာခဏ လုပ်တတ်တယ်။ တိုင်းသူပြည်သားအချင်းချင်း သဘောတူချက်ရယူပြီး အစိုးရဖွဲ့တာကို လူမှုပဋိညာဉ်လို့ ခေါ်တယ်။ အင်္ဂလိပ်လို Social Contract လို့ လူသိများတယ်။

ဒီမိုကရေစီအစိုးရစနစ်ဟာ ဒီသဘောတရားမှာ အခြေခံတယ်။ အများပြည်သူသဘောတူတဲ့ လူမှုပဋိညာဉ်ကြောင့် အစိုးရနစ် ပေါ်ပေါက်ရပုံကို မြန်မာ့ရိုးရာနိုင်ငံရေး အတွေးအခေါ်မှာလည်း တွေ့နိုင်တယ်။ မြန်မာ့ရိုးရာလို့သာပြောရတယ် အိန္ဒိယက လာတာပါ။ ယဉ်ကျေးမှုဆိုတာ အမြဲတမ်းပြောင်းလဲနေတာမို့ ကိုယ်ပိုင်မရှိပါဘူး။ အကုန်ရောနှောနေတယ်။ မဟာသမ္မတမင်း (သို့မဟုတ်) အစိုးရပေါ်လာပုံနဲ့ ပတ်သက်ပြီး အိန္ဒိယပြည် မဇ္ဈိမဒေသက နိုင်ငံရေးအတွေးအခေါ်ကို မြန်မာမင်းအဆက်ဆက်က လက်ခံခဲ့တာ တွေ့ရတယ်။

မင်းကျင့်တရား (၁၀) ပါးဆိုတာ ရှိပေမယ့် လိုက်နာတဲ့မင်း အင်မတန်ရှားပါတယ်။ လက်တွေ့မှာ ဘုရင်က စိတ်ကြိုက်လုပ်ရတာ များတယ်။ အုပ်ချုပ်မင်းလုပ်သူတွေ လိုက်နာရမယ့် ၀တ္တရားရှိပေမယ့် မလိုက်နာလို့လည်း ဘာမှမဖြစ်ပါဘူး။ ဒါကြောင့်မို့ ‘တရားဥပဒေနဲ့အညီ’ (သို့မဟုတ်) ‘ဓမ္မဓိဋ္ဌာန်ကျကျ’ စတဲ့အယူအဆတွေကို ဗမာမင်းလက်ထက်မှာ ကျင့်သုံးခဲ့တာမဟုတ်ဘဲ အင်္ဂလိပ်အုပ်ချုပ်မှ သုံးလာတာလို့ ပါမောက္ခ ဆရာမောင်မောင်ကြီးက ဆိုတယ်။

အာဏာကို အကန့်အသတ်လုပ်တာမျိုး ဗမာမင်းက လက်မခံနိုင်ဘူး။ အောက်မြန်မာပြည် အင်္ဂလိပ်လက်ထဲ ကျသွားတာကို လက်မှတ်ထိုးအသိအမှတ်ပြုဖို့ မင်းတုန်းမင်းက ငြင်းဆန်ခဲ့တယ်။ လက်ရှိ စစ်အစိုးရကလည်း နိုင်ငံခြားအကူအညီ လိုချင်ပေမယ့် စည်းကမ်းသတ်မှတ်လာရင် လက်မခံနိုင်ဘူးလို့ ကြွေးကြော်တာဟာ ရှေးဗမာမင်းရဲ့ လုပ်ကိုင်ပုံနဲ့ အတော်တူတယ်။ အာဏာကို ကန့်သတ်လာရင် ဗမာမင်းက လက်မခံနိုင်တာမို့ နောက်ဆုံးမှာ မရှုနိုင် မရှိုက်နိုင်ဖြစ်တော့မှ အဖြစ်မှန်ကို သဘောပေါက်ကြတာ များတယ်။ အဲဒီအခါမှာ အချိန်လွန်ပြီး ရောဂါကျွမ်းနေပြီ။ နေရာတကာမှာ အာဏာရှင်ဘုရင်က ကြီးစိုးနေတာမို့ မကျေနပ်ရင် ပုန်ကုန်ရုံကလွဲပြီး အခြားနည်းလမ်းမရှိတော့ပါ။

ဗမာမင်းဟာ အာဏာရူးပဲ။ မင်းကျင့်တရား (၁၀) ပါးထဲက ‘အ၀ိရောဓန’ တရားကို ကုန်းဘောင်ခေတ်စာပေမှာ အထူးဖော်ပြတယ်။ အဓိပ္ပာယ်က အုပ်ချုပ်မင်းလုပ်သူဟာ ရဟန်းရှင်နဲ့ ပြည်သူ့ဆန္ဒကို ဆန့်ကျင်ပြီး မလုပ်ရဘူးလို့ ဆိုတာပဲ။ ပြည်သူ့ဆန္ဒဆန့်ကျင်တဲ့ အစိုးရကို ပြည်သူလူထုကပဲ ဖျက်ဆီးပစ်လိမ့်မယ်လို့ ယောအတွင်းဝန် ဦးဖိုးလှိုင်ရေးတဲ့ ရာဇဓမ္မသင်္ဂဟ ကျမ်းက ဆိုတယ်။ ဒီကျမ်းဟာ သီပေါမင်းကို ဆုံးမဖို့ရေးတဲ့ ကျမ်းဖြစ်တယ်။ ဘုရင်ရူးသန်းရွှေ ပျဉ်းမနားကြပ်ပြေး ရောက်သွားတာလဲ ပြည်သူ့ရန်ကြောက်လို့ပဲ။ ပုဂ္ဂိုလ်ကိုးကွယ်မှုကို အခြေခံပြီး ဘုရင်စနစ်တည်ဆောက်တာကို ဗိုလ်နေ၀င်းနဲ့ ဗိုလ်သန်းရွှေတို့က သက်သေပြနေတယ်။ အခုအထိတော့ မြန်မာ့နိုင်ငံရေးဓလေ့ဟာ ပုဂ္ဂိုလ်ကိုးကွယ်မှုအဆင့်ပဲ ရှိနေသေးတယ်။


::: Copyright © 2004 The New Era Journal :::

အခြေခံဥပဒေ အခြေခံကိုမှ မသိပါက မဲဆန္ဒရှင်၏ မဲပေးမှုသည် အဓိပ္ပါယ် မရှိဟု ဒေါ်အောင်ဆန်းစုကြည် ပြော


စစ်တပ်က ဖွဲ့စည်းပုံဥပေဒရေးဆွဲတာ ပြဿနာရှိနေကြောင်း ဒေါ်အောင် ဆန်းစုကြည် ပြော


25 April 2010


နေအိမ်မှာ အကျယ်ချုပ်နဲ့ ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လက်ရှိ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေး ပြဿနာကို ကြည့်ပြီး စစ်တပ်က ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အုပ်ချုပ်နေတာကြောင့် ရေရှည်မှာ ပြဿနာတွေ မပြေလည်နိုင်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေကြီး ဦးဉာဏ်ဝင်းနဲ့ မနေ့က တွေ့ဆုံချိန် အဲဒီလို ပြောဆိုလိုက်တာပါ။ အပြည့်အစုံကို မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်က ရေးဆွဲထားတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ရေရှည်မှာ တိုင်းပြည်ရဲ့ ပြဿနာကို မပြေလည်စေဘူးလို့ သူ့ရဲ့ အကျိုးဆောင် ရှေ့နေကြီး ဦးဉာဏ်ဝင်းနဲ့ တွေ့ဆုံချိန်မှာ မနေ့က ပြောဆိုခဲ့တာပါ။ ထိုင်းနိုင်ငံမှာ အဂတိလိုက်စားမှုနဲ့ ၀န်ကြီးချုပ်ဟောင်း တပ်ခ်ဆင် ရှင်နာဝပ် (Thaksin Shinawatra) ကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်း ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့် လက်ရှိ ထိုင်းနိုင်ငံမှာ နိုင်ငံရေး ပဋိပက္ခတွေ ဖြစ်ပေါ်နေတာ ဖြစ်တဲ့အကြောင်း၊ ဒီပြဿနာရဲ့ အရင်းခံဟာ စစ်တပ်က ရေးဆွဲခဲ့တဲ့ မခိုင်မာတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့် ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုတဲ့အကြောင်း ရှေ့နေကြီး ဦးဉာဏ်ဝင်းက အခုလို ပြောပြခဲ့ပါတယ်။

“သူက အဲဒါနဲ့ ပတ်သက်ပြီးတော့ အခု ဒီမှာလည်း စစ်တပ်က ကြီးကြပ် ဆောင်ရွက်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရွေးကောက်ပွဲ ပြုလုပ်တော့မှာ။ ထိုင်းနိုင်ငံမှာ ဆိုရင်လည်း အခုဖြစ်နေတဲ့ အခြေအနေတွေရဲ့ အခြေခံက စစ်တပ်က ပြုလုပ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပဲလို့ အဲဒီလိုသဘောနဲ့ သူ ပြောပြတယ်။”

မြန်မာနိုင်ငံမှာလည်း ရွေးကောက်ပွဲကို ဘယ်တော့ကျင်းပပေးမယ် ဆိုတဲ့ တရားဝင်ရက် အတိအကျကို စစ်အစိုးရဘက်က မသတ်မှတ်ရသေးပေမဲ့ စစ်အစိုးရက ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပေါ် မူတည်ပြီးတော့ ရွေးကောက်ပွဲကို မကြာခင် ကျင်းပတော့မှာပါ။ ဒီလို ကျင်းပဖို့အတွက်လည်း ရွေးကောက်ပွဲ ၀င်ကြမယ့် နိုင်ငံရေးပါတီတွေ အနေနဲ့ ပါတီမှတ်ပုံတင်တာတွေ၊ ကိုယ်စားလှယ်လောင်း အမည်စာရင်း သွင်းတာတွေနဲ့ ပါတီစည်းရုံးရေးအတွက် ပြင်ဆင်မှုတွေကို လုပ်ဆောင်နေကြပါပြီ။ လောလောဆယ်မှာ ရွေးကောက်ပွဲအတွက် ပါတီမှတ်ပုံတင်တဲ့ အဖွဲ့ပေါင်း ၁၉ ဖွဲ့အထိရှိပြီး အဲဒီထဲက ၅ ဖွဲ့ကိုတော့ အသိအမှတ်ပြု လက်ခံထားပြီး ဖြစ်တယ်လို့ စစ်အစိုးရပိုင် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

ဒီအပေါ်မှာလည်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်အတွက် အမှန်တကယ် အဓိပ္ပာယ်ပြည့်ဝတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ရာအတွက် မဲပေးကြမယ့် မဲဆန္ဒရှင် ပြည်သူတွေ အနေနဲ့ စစ်အစိုးရက ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို သေသေချာချာ ဂဃနဏ သိရှိအောင် ကြိုးစားဖို့ လိုအပ်တယ်လို့ ပြောဆိုခဲ့တဲ့ အကြောင်းလည်း ဦးဉာဏ်ဝင်းက အခုလို ဆက်ပြောပြခဲ့ပါတယ်။

“သူက ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ မဲဆန္ဒရှင် တယောက်က ရွေးကောက်ပွဲ လုပ်ရတဲ့အကြောင်း၊ ရွေးကောက်ပွဲရဲ့ အခြေခံ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ အဲဒါတွေကို သိရှိအောင် ကြိုးစားသင့်တယ်။ အကယ်၍ သိရှိဖို့ အခွင့်အရေး မရဘူး၊ မသိရှိဘူးဆိုရင် အဲဒီမဲဆန္ဒရှင်ရဲ့ မဲပေးမှုဟာလည်း ဘာမှ အဓိပ္ပာယ်ရှိမှာ မဟုတ်ဘူးလို့ ပြောပါတယ်။”

NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ် အနိုင်ရခဲ့တဲ့ တရားဝင် နိုင်ငံရေး ပါတီကြီး ဖြစ်ပေမဲ့ ဒီ ၂၀၁၀ ရွေးကောက်ပွဲမှာ မှတ်ပုံမတင်တာကြောင့် လက်ရှိ ပြဋ္ဌာန်းထားတဲ့ စစ်အစိုးရရဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေအရ မေလ ၇ ရက်နေ့ နောက်ပိုင်း တရားဝင် ဆက်လက်ရပ်တည်နိုင်ခြင်း မရှိတော့ပါဘူး။ တကယ်လို့သာ ပါတီကို ဖျက်သိမ်းရမယ်ဆိုရင် မိမိတို့ဘာသာ ဖျက်သိမ်းပေးမှာ မဟုတ်သလို ပါတီဆိုင်းဘုတ်တွေ၊ ပါတီအလံတွေကိုလည်း ဖြုတ်သိမ်းမှာ မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က သူ့သဘောထားကို ပြောဆိုတဲ့ အကြောင်းလည်း ဦးဉာဏ်ဝင်းက အခုလို ဆက်ပြောပြပါတယ်။

“ရုံးတွေက ဆိုင်းဘုတ်တွေ ဘာတွေကတော့ ကိုယ့်ဆိုင်းဘုတ် ကိုယ် မချနိုင်ဘူး၊ ဒီလို ပါတီကို ပျက်ပြယ်စေတယ် ဆိုတာလည်း တပ်မတော် အစိုးရကလုပ်တဲ့ ဥပဒေပဲ၊ အဲတော့ သူ့အနေနဲ့တော့ ကိုယ့်ဆိုင်းဘုတ် ကိုယ် ဖြုတ်တာမျိုး ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး။ ရုံးတွင်းပစ္စည်း ဘာညာကိစ္စကတော့ ကိုယ့်ဟာကိုယ် ထိန်းသိမ်းထားမယ်။ အဖွဲ့ချုပ်ဆိုရင်လည်း ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သူ ပြန်လွတ်မြောက်လာမှ၊ ပြန်လွတ်မြောက်ဖို့ နိုဝင်ဘာကိုလည်း မျှော်လင့်တယ်ပေါ့ဗျာ၊ အဲဒီကျရင် သူ ပြန်လည် စိစစ်မယ်။ ဒီသဘော ပြောပါတယ်။”

ဒါကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မနေ့က တွေ့ဆုံခွင့်ရခဲ့တဲ့ အကျိုးဆောင် ရှေ့နေကြီး ဦးဉာဏ်ဝင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

NLD အနေနဲ့ အခုလာမယ့် မေလ ၇ ရက်နေ့ ကျော်သွားတာနဲ့ ဥပဒေအရ အလိုအလျောက် ပါတီပျက်ပြယ်ချိန်မှာ ရှိထားတဲ့ အစုအဖွဲ့တွေနဲ့ လူထုအကျိုးပြု လုပ်ငန်းတွေ၊ လူမှုကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်သလို တဘက်မှာလည်း နိုင်ငံရေးအရ NLD ရဲ့ မူနဲ့အညီ ဆက်လက်ရပ်တည်နေမှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

VOA

Sunday, April 25, 2010

မှတ်သားဖွယ်စကား

ရက်ပေါင်း ၆၀ ကျော်ပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုင်းဘုတ်တို့ အလံတို့ကို ဖြုတ်ချထားစရာ အကြောင်းမရှိဟု ဒေါ်အောင်ဆန်းစုကြည် ပြောဆို...


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ စစ်အစိုးရရဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေမှာ ပါရှိတဲ့ ရက်ပေါင်း ၆၀ ကိုကျော်လွန်သွားချိန်မှာ ပါတီရဲ့ ဆိုင်းဘုတ်တို့ အလံတို့ကို ချထားဖို့မလိုဘူး.... ချထားစရာ အကြောင်းမရှိဘူးဟု လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ယနေ့ နေ့လည်၁နာရီမှ ၃နာရီထိ အကျိုးဆောင် ရှေ့နေများနှင့် တွေဆုံ့ခွင့်ရစဉ် ပြောဆိုလိုက်ကြောင်း ရှေ့နေကြီးဦးဥာဏ်ဝင်းကပြောဆိုပါတယ်။




Get this widget | Track details | eSnips Social DNA
Get this widget | Track details | eSnips Social DNA


ရှေ့နေကြီးဦးဥာဏ်ဝင်းရဲ့ ပြောဆိုချက် အသံဖိုင်ပါ....


ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး အခြေအနေ ကောင်းမွန်ကြောင်း။ ပြီးခဲ့တဲ့ အပတ်တွေက ဆေးရုံမှာ Echo ရိုက်တဲ့ ဆေးစစ်ချက်တွေ ကောင်းမွန်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်းက ဆက်လက်ပြောဆိုသွားပါတယ်။

သတင်း...ဒီမိုဝေယံ

လူထုကို ဘယ်တော့မှ ကျောခိုင်းမသွားပါဘူး”


ဧရာဝတီ Saturday, April 24, 2010 .အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဒုတိယ ဥက္ကဋ္ဌ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦး ၏ နိုင်ငံရေး ဖြတ်သန်းခဲ့မှုများ၊ ပါတီ မှတ်ပုံ ဆက်မတင်ရန် ဆုံးဖြတ်ပြီးနောက် NLD ၏ အခြေအနေ၊ NLD ဆက်လက်ရပ်တည် သွားမည့် အနေအထားများကို ဧရာဝတီက မေးမြန်းထားပါသည်။

အသက် ၈၃ နှစ်အရွယ်ရှိ ဦးတင်ဦးသည် ၂၀၀၃ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း လူသတ်ပွဲအပြီး၌ နေအိမ်အကျယ်ချုပ် ၇ နှစ် နီးပါး ကျခံခဲ့ရသူဖြစ်သည်။

မေး။ ။ ပါတီမှတ်ပုံတင်ဖို့ ကုန်ဆုံးမယ့် ရက်ကလည်း နီးကပ်လာပါပြီ။ NLD အနေနဲ့ ဒီမိုကရေစီလှုပ်ရှားမှုတွေ မလုပ်နိုင် တော့မှာကို စိုးရိမ်နေကြတာရှိပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ဘဘအနေနဲ့ ဘာပြောချင်ပါသလဲ။

ဖြေ။ ။ ဒီလိုရုံးနဲ့ အလံတော်နဲ့ ဆိုတာက အဖွဲ့ချုပ် တခုအနေနဲ့ ဒါဟာ ပြည့်စုံတယ်ဆိုတဲ့ သဘောတော့ ရှိမှာပေါ့လေ။ သို့သော်လည်းပဲ အဖွဲ့ချုပ်က အလံတော်တို့ ဆိုင်းဘုတ်တို့ မရှိကြသော်လည်း နိုင်ငံရေးဆိုတာက လူတွေရဲ့နေရေးထိုင်ရေး စားရေးသောက်ရေး စသည်ဖြင့် စနစ်တခုချပြီးတော့ လုပ်ဖို့အရေးမှာ အားလုံးသိတဲ့ အတိုင်းပဲ ဒီမိုကရေစီရေး ဖြစ်လာတာပေါ့။ နောက်ပြီးတော့ ပြည်သူလူထုရဲ့ဆန္ဒကို ကျောခိုင်းသွားတာမျိုးမှ မဟုတ်ဘဲ။ ပြည်သူလူထုကို ဘယ်တော့မှ (ဘယ်တော့မှ) ကျောခိုင်းမှာ မဟုတ်ပါဘူး။ လွတ်လပ်ရေး၊ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ အဖွဲ့ချုပ်က ဆောင်ရွက်ရတဲ့ ကိစ္စအရပ်ရပ် အားလုံးကို တစိုက်မတ်မတ် အေးချမ်းစွာ ဆောင်ရွက်သွားပါမယ်။ အဘတို့ အနေနဲ့ ဆောင်ရွက်နိုင်မယ့် အနေအထားလည်း ရှိပါတယ်။

အရင်တုန်းကလည်း ဒီလိုပဲ ဖြုတ်ချလို့ အလံမရှိဘဲနဲ့ ရုံးမရှိဘဲနဲ့တောင် လုပ်လို့ရအောင် လုပ်ခဲ့ကြသေးတာပဲ။ အဲဒီတုန်းကလည်း အဖွဲ့ချုပ်ရုံးကြီးထဲ ၀င်စီးနင်းပြီးတော့ သုံးလေးလလောက် ပိတ်ထားခဲ့တယ်။ ဆောင်ရွက်တဲ့ ပုဂ္ဂိုလ်တွေကို အကျဉ်းချပြီး နှစ်ရှည်လများ ထောင်တွေထဲ ပို့ခဲ့တာပဲ။ အဲဒါလည်းပဲ ဆက်လက်ကြိုးပမ်းတာပဲ။ အပြင်မှာ ကျန်တဲ့သူတွေနဲ့တော့ ရှင်လျက်သန်လျက် လုပ်လျက်ကိုင်လျက်ပါ။ ဘဘတို့ကတော့ အသက်ရလာပြီ၊ ရလာတော့ကာ အခု မျိုးဆက်သစ်အနေနဲ့က သိပ်တက်ကြွကြတာပဲ။

အဖွဲ့ချုပ်မှာရှိနေတဲ့ လူငယ်တွေပဲဖြစ်ဖြစ် အခြားခြားသော အဖွဲ့အစည်းမှာရှိနေတဲ့ လူငယ်တွေကပဲဖြစ်ဖြစ်၊ နောက်ပြီး အထူး သဖြင့် ကျောင်းသားထုကလည်း ဒီမိုကရေစီအရေးမှာ ပါဝင်လာကြမှာပဲ။ ဘဘတို့ အနေနဲ့ အသက်တွေကြီးလို့ မပါနိုင်ရင် တောင်မှပဲ ဒီနေ့မျိုးဆက်သစ် အပိုင်းတွေက ဒီမိုကရေစီရေးနဲ့ ပတ်သက်တာ လူ့အခွင့်အရေးနဲ့ ပတ်သက်တာ သူတို့ လုပ် သွားကြမှာပဲ။

လုပ်သွားတဲ့ နေရာမှာ သူတို့က ပေါင်းစပ်ပြီးတော့ ဒီမိုကရေစီ အင်အားစုဖြစ်သွားမှာပဲ။ ဘဘတို့က အဲဒါကို ယုံကြည်တယ်၊ တခုတော့ ရှိတာပေါ့၊ လူငယ်တွေကို ပြောနေရတာ စိတ်လိုက်မာန်ပါ မလုပ်ဖို့။ လူထုကတော့ မှန်ပါတယ်၊ သူတို့ကတော့ အားကိုးတကြီးနဲ့ ဖြစ်နေတာ၊ ဘဘတို့လည်းပဲ အားကိုးတကြီး ဖြစ်နေမှန်းလည်း သိတယ်။ သို့သော် အားကိုးတကြီး ဖြစ်နေတဲ့ အတိုင်းအတာလောက်နဲ့ ရွေးကောက်ပွဲကို အခုလို ၀င်လိုက်ပြန်ရင်လည်း လုပ်နိုင်မလားဆိုတဲ့ မေးခွန်းက ဘဘတို့ ကိုယ့်ဟာကိုယ် မေးကြည့်တာပါပဲ၊ မလုပ်နိုင်ပါဘူး။

ထုတ်ပြန်ထားတဲ့ ၂၀၀၈ ခုနှစ် ဥပဒေကြီးကိုက ဘယ်လိုမှ လက်ခံပြီး မလုပ်နိုင်ပါဘူး။ သူတို့ပြောတာကိုပဲ နားထောင်ပြီးတော့ နောက်ဆုံး ဒါသဘောတူလား တူပါတယ်ဆိုပြီးတော့ လုပ်ကိုင်ပေးရမယ့် အဖွဲ့ကြီးတွေ ဖြစ်မှာပဲ။ အခုလည်း ၀င်တာနဲ့ပတ်သက် လို့ ကြည့်လိုက်၊ ဘယ်သူ များသောအားဖြင့် ၀င်လည်းဆိုတော့ သူတို့နဲ့ သဟဇာတဖြစ်တဲ့ အဖွဲ့ကြီးတွေပဲ အများဆုံးဝင်ကြ တာ ပါပဲ။

အဲဒီလို ဘဘတို့ မလုပ်တော့ဘဲနဲ့ လူထုလိုလားတဲ့ ကိစ္စရပ်အ၀၀ကို၊ လူထုကိုဘယ်တော့မှ ကျောခိုင်းမသွားပါဘူး၊ မျက်ကွယ်မပြုပါဘူး။ လုပ်လို့ရတဲ့ အနေအထားအတိုင်းကတော့ဖြင့် ကြုံးပြီးကုန်းပြီးတော့ လုပ်ရမှာပါပဲ။ အသက်ကြီးရင်းနဲ့ ဖြစ်စေကာမူ တက်တက်ကြွကြွမို့လို့ သိပ်ပြီး သောကရောက်စရာ မရှိပါဘူးလို့ ဘဘကတော့ လူထုကို အခုလိုပဲ ပြောလိုက်ချင်ပါတယ်။

မေး။ ။ ပါတီမှတ်ပုံမတင်ရေးမှာ အခြေခံဥပဒေကို လက်မခံနိုင်တဲ့အတွက်ဆိုတာကို လူထုနားလည်အောင် ဘယ်လို ပြောပြချင်ပါသလဲ။ အခြေခံဥပဒေဟာ ဘယ်လို မျိုးလဲဆိုတာကို နားလည်တဲ့သူက လက်ချိုးရေတွက်လို့ရအောင် နည်းပါးကြပါတယ်။

ဖြေ။ ။ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့အပိုင်းမှာ ထုတ်ပြန်ထားတဲ့ဥပဒေက အရမ်းတင်းကျပ်ထားတယ်၊ ဒါကို သိတဲ့လူတွေကတော့ အထူးပြောစရာမလိုဘူးပေါ့။ ဒီဥပဒေက အားလုံးကို မလှုပ်နိုင် မကိုင်နိုင်အောင်ကို သူတို့က လုပ်ထားတဲ့ ဥပဒေပါ။ ပြောရရင် ဥပဒေလို့တောင် ပြောဖို့ခက်ပါတယ်၊ ဥပမာ လူထုနားလည်အောင် ပြောရမယ်ဆိုရင် လူထုခေါင်းဆောင် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုတောင် ပါတီကနေ ဖယ်ထုတ်ပစ်ရမယ် စသည်ဖြင့် လူထု ထောက်ခံအားပေးမယ့် သူတွေကို ရွေးကောက်ပွဲ မပါနိုင်အောင် လုပ်ထားတယ်။

ဒါတင်မကသေးဘူး၊ ပိုပြီး သိသာမြင်သာအောင် ပြောရမယ်ဆိုရင် နိုင်ငံရေး အကျဉ်းသားတွေ ကိစ္စပေါ့။ အဘကတော့ ပြင်ဆင်မှုတို့ အယူခံတို့ အချိန်အခါကြားမှာ လူတယောက်အနေနဲ့ အပြစ်ကျပြီလို့ ယူဆလို့ မရသေးဘူးလေ။ အယူခံတင်ထားတုန်း အချိန်အခါမျိုးမှာတောင်မှ ဒီပုဂ္ဂိုလ်ကို ၀င်ခွင့်မပေးရဘူး ဆိုတာတွေက တရားမျှတမှုမရှိဘူး။ ဒီမိုကရေစီရေးမှာ ဒါမျိုးတွေ မလုပ်ရဘူး။ မဖြစ်သင့်ဘူး။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အပြတ်အသတ် လူထုထောက်ခံမဲတွေနဲ့ အနိုင်ရခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို လည်းပဲ ပယ်ပစ်ရမယ်။ ဒီလောက်တောင် တရားမျှတမှုမရှိဘူး၊ သိက္ခာ ကျလွန်းအားကြီးတော့ ဘဘတို့က ဘယ်လာ လုပ်လို့ ရမလဲ။ သို့သော် ပြည်သူကို ပန်ကြားတဲ့အထဲမှာ အဲဒီလို ဒုက္ခသုက္ခတွေ ဖြစ်ငြားသော်လည်းပဲ NLD က လုပ်ခဲ့နိုင်သလောက် လုပ်ခဲ့တာတွေရှိပါတယ်၊ လုပ်လို့မရဘူးဆိုတာ မရှိပါဘူး။ အဲဒါတွေပေါ်မှာ မူတည်ပြီးတော့ အေးအေးချမ်းချမ်း ညှိနှိုင်းလို့ရ လည်း ညှိနှိုင်းဆွေးနွေး အဖြေရှာပြီးတော့ ဆက်လက် လုပ်ကိုင်သွားကြဦးမှာပါ။

မေး။ ။ အခု ရွေးကောက်ပွဲ ၀င်ကြမယ့် ပါတီတွေကိုရော အဘ ဘယ်လို မြင်ပါသလဲ။ တကယ်တမ်း ရွေးကောက်ပွဲမှာ မဲထည့်ရတော့မယ်ဆိုရင် လူထုအနေနဲ့ မှန်ကန်တဲ့ ရွေးချယ်မှု ပြုလုပ်နိုင်လိမ့်မယ်လို့ ထင်ပါသလား။

ဖြေ။ ။ အဲဒီဟာနဲ့ပတ်သက်လို့ ဘာမှမပြောပါဘူး။ လူထုက သူငယ်နှပ်စားမဟုတ်ပါဘူး၊ လူထုကသိပါတယ်။ အသိဉာဏ်ရှိပါတယ်။ လူထုဟာ တကယ် ဒီမိုကရေစီလိုချင်တယ်။ အဲဒါနဲ့ ပတ်သက်တာ အားလုံးခေါင်းထဲမှာရှိပါတယ်။ ရှိတဲ့အတိုင်းပဲ အသည်းကြားထဲက မဲတပြားကိုပဲ သူတို့အသုံးချနိုင်တဲ့နည်းနဲ့ ကြိုက်သလိုအသုံးချပါတယ်။ လူတယောက်ရဲ့ ဆန္ဒနဲ့ ပတ်သက်တာ အားလုံးကိုတော့ ဘယ်လိုပြောမလဲ။ ဘယ်သူလုပ်ပါ ဘယ်လိုလုပ်ပါ မီဒီယာကို ပြောလိုက်လို့ရှိရင် တော်ကြာ သူတို့ (စစ်အစိုးရ) က လာမယ့်ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ NLD က မှတ်ပုံတင်ခြင်း မပြုရုံသာမက လူတွေကိုပါ သွေးဆောင်တိုက်တွန်း ပျက်စီးရာပျက်စီးကြောင်း လုပ်တယ်၊ အနှောင့်အယှက် ပြုနေတဲ့သူများ ဖြစ်တယ်ဆိုပြီး သတင်းစာထဲ ထည့်လိမ့်မယ်။

လူထုက မညံ့ပါဘူး။ သူတို့ သိပ်နားလည်ပါတယ်။ အဲတော့ နားလည်တဲ့ အတိုင်းအတာနဲ့ ပညာရှိရှိသူတို့ လိုချင်တဲ့ ပုံသဏ္ဌာန်ဖြစ်အောင် သူတို့ဟာသူတို့ ဖန်တီးဆောင် ရွက်ဖို့ပဲ။ ဒီလိုပဲပြောရမှာပဲ။

မေး။ ။ ဒီမိုကရေစီရေး တိုက်ပွဲဟာ အခုမှ စလာတာလား၊ အရင်တုန်းကတည်းက တိုက်နေခဲ့ကြတာလား။ အဖွဲ့ချုပ်အနေနဲ့ ဘယ်လိုမျိုး တိုက်ပွဲဝင်ခဲ့ကြတာပါလဲ။

ဖြေ။ ။ စစ်တပ်က အာဏာသိမ်းပြီးတဲ့ ၁၉၆၂ ခုနှစ်က စပြီးတော့ ဒီနေ့အထိ အခြေအနေမှာ ဒီမိုကရေစီအရေးပေါ့၊ သို့သော်လည်းပဲ ဒီနောက်ပိုင်း နအဖ စစ်အုပ်ချုပ်ရေးအနေနဲ့က နှစ်ပေါင်း ၂၀ ကျော်ရှိလာပြီ။ ဒီအတောအတွင်းမှာ အဖွဲ့ချုပ်အနေနဲ့ လုပ်ခဲ့ရတဲ့ သက်တမ်းတလျှောက်ပြန်ကြည့်ရင် အစအားဖြင့်တော့ အဖွဲ့ချုပ်ဖွဲ့ပြီး ၁၉၉၀ ၀န်းကျင်မတိုင်ခင်၊ ရွေးကောက်ပွဲဥပဒေ မထွက်ခင်ကတည်းက အဖွဲ့ချုပ်ခေါင်းဆောင်တွေ အနေနဲ့၊ ဘဘနဲ့ ဒေါ်အောင်ဆန်းစုကြည်လည်း အပါအ၀င်ပေါ့၊ စပြီးတော့ အချုပ်ထဲရောက်နေပြီ။ ကျန်တဲ့လူတွေအနေနဲ့ အေးအေးချမ်းချမ်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လုပ်ကိုင် သွားရတဲ့အတွက် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာလည်း ပြည်သူလူထုဆန္ဒ တခဲနက် ရယူခဲ့ပြီးဖြစ်ခဲ့တာပဲ။

နောက်ပိုင်းကျတော့ သူတို့ (စစ်အစိုးရ) က ကတိကျင့်ဝတ်တွေနဲ့ ပတ်သက်လို့ အများကြီးပြောခဲ့တာပဲ။ ဒါပေမယ့် လက်တွေ့ ကျတော့ လွှတ်တော်ကိုယ်စားလှယ်တွေ မလုပ်နိုင် မကိုင်နိုင်အောင် လုပ်တယ်။ မကြာခဏ ဖမ်းဆီးထိန်းသိမ်းတယ်။ ဒါတွေကလည်း တိုက်ပွဲတွေပါပဲ။ ပြီးတော့ အမျိုးသားညီလာခံ ခေါ်ပြတယ်၊ ညီလာခံထဲမှာလည်း ပြောခွင့်မရ ဆိုခွင့်မရ၊ ပြောပြန်ဆိုပြန်တော့လည်း အရေးယူမယ်ဆိုပြီး ကန့်သတ်ချုပ်ချယ်တယ်။ ချုပ်ချယ်ပြီး လူထုအရေးတွေ ပြောလို့မရ ဆိုလို့မရအောင် လုပ်တယ်။ အဲလို လွန်လာတော့ ညီလာခံကနေ ထွက်ခဲ့ကြတယ်။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် လွတ်လာပြန်တော့လည်း ဒီအခြေအနေ အ၀၀ကို ရှင်းလင်းပြီးတဲ့နောက် ညီလာခံတက်ဖို့ ကြိုးစားတာပဲ။ ကြိုးစားတာ ဘာလဲဆိုတော့ အဖွဲ့ချုပ်က တင်ထားတဲ့ ကိစ္စရပ်အ၀၀ကို ညီလာခံမှာ ဆွေးနွေးခွင့်ပြုပါ၊ ဆွေးနွေးခွင့်ပြုမယ်ဆိုရင် ညီလာခံကို ဆက်လက်ပြီးတော့ တက်ပါမယ် ဆိုတဲ့သဘောမျိုးနဲ့ ပြောသော်လည်း တုံ့ပြန်မှုတောင် မလုပ်ဘူး။ သဘောက ငါတို့ ဒါလုပ်တာ ငါတို့မှာ လက်နက်ရှိတယ်၊ အားရှိတယ် စသည်ဖြင့် လုပ်တာ။ သူတို့မှာ လက်နက်ရှိ တယ်၊ အာဏာရှိတယ်၊ သူတို့မှာ မရှိတာက ပြည်သူလူထုပဲ။ သူတို့အနေနဲ့ မတွက်ဘူးလေ။ သူတို့က လေးလေးနက်နက် မလုပ်ခဲ့တော့ ညီလာခံမတက်နိုင်တဲ့ အခြေအနေထိဖြစ်ခဲ့တာပေါ့။

အဲဒီနောက်ပိုင်းမှာ ဆိုလို့ရှိရင် သိတဲ့အတိုင်းပဲ အဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ် အကုန်လုံးပဲ ၃ နှစ်နီးပါးလောက် အကျဉ်းထောင်ထဲ ထည့်တဲ့သူ ထည့်တယ်။ အိမ်ချုပ်ချတဲ့လူ ချတယ်။ နောက်ပြီးတော့ တပ်ချုပ်ချတဲ့လူ ချတယ်။ အဲဒီလိုနဲ့ နေခဲ့တာ ဘာမှမလုပ်နိုင် မကိုင်နိုင်တဲ့ အခြေအနေမျိုးပါပဲ။ လူးလှိမ့်ပြီးတော့ နေရတာပဲ။ ဒါလည်း ဒီမိုကရေစီအရေးအတွက် လုပ်ဆောင်နေတာပါပဲ။ အဲလိုလုပ်ရင်းကနေပဲ အချိန်မရွေး အဖွဲ့ချုပ်ရဲ့ မြို့နယ်တွေမှာရှိတဲ့ အဖွဲ့အစည်းက လူတွေကိုလည်း ဖိအားပေးပြီး အဖွဲ့ချုပ်က ထွက်သွားအောင် လုပ်တယ်၊ အင်အားလျော့သွားပြီ ဆိုပြီးတော့ တပ်ထဲက အုပ်ချုပ်ရေးအပိုင်းက ပါတဲ့လူတွေနဲ့ ကော်မရှင်ဆိုတာလုပ်ပြီးတော့ အဖွဲ့တွေဖျက်ပစ်၊ မလုပ်နိုင်အောင် တားပစ်၊ ဆိုင်းဘုတ်တွေ ချခိုင်းလို့ချ၊ လုပ်ခဲ့တာ တောက်လျှောက်ပဲ။

ဒေါ်အောင်ဆန်းစုကြည်တို့လည်း ထပ်ပြီး ထိန်းသိမ်းခံရ၊ ဘဘတို့လည်း အတူတူ ထိန်းသိမ်းခံရပြီး ပြန်ထွက်လာတဲ့ အခါကျတော့ စည်းရုံးရေးနဲ့ ပတ်သက်ပြီး ဆိုင်းဘုတ်တွေပြန်တင်နိုင်ဖို့ ကြိုးစားခဲ့ကြတာပဲ။ လုပ်ရင်းလုပ်ရင်းနဲ့ သူတို့ဟာသူတို့ အမြင်မကြည်၊ သံသယတွေဝင်ပြီးတော့ အဖွဲ့ချုပ်နဲ့ အဖွဲ့ဝင်တွေကို ဒီပဲယင်းထိတောင် ရိုက်တယ်နှက်တယ် ဖြစ်တာပါပဲ။

အဲဒီလောက်အထိ ဆိုးဆိုးဝါးဝါး ဖြစ်လာတဲ့အခါမှာလည်း ဒီပဲယင်း ဖြစ်တာကဖြစ်တာပဲဆိုပြီးတော့ ဒေါ်အောင်ဆန်းစုကြည်တို့ က ညီလာခံတက်ဖို့နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပါ၊ ရုံးတွေ ကနားတွေ၊ မြို့နယ်ကဟာတွေ ပြန်ဖွင့်ပေးပါ။ ညီလာခံတက် ဖို့ အခြေအနေတခု ဖန်တီးပြီးတော့ အဖြေရှာဖို့အတွက် တွေ့ဆုံဆွေးနွေးပါရစေ။ ဘာတခုမှလည်း မလိုက် လျောတဲ့အပြင် ထပ်မံပြီးတော့ အကျဉ်းချတယ်၊ အဖွဲ့ချုပ်အဖွဲ့ဝင်တွေကိုလည်း ကန့်သတ်မှုတွေ၊ အနှောင်အဖွဲ့တွေနဲ့ လုပ်ခဲ့တာ တောက် လျှောက်ပဲ။ ပြန်စဉ်းစားကြည့်ရင် အဖွဲ့ချုပ်ဟာ ကိုယ့်ဟာကို လုပ်နိုင်ကိုင်နိုင်တဲ့ အနေအထား လွတ်လွတ် ကျွတ်ကျွတ် မရှိခဲ့ ဘူး။ အကျဉ်းချ၊ ဖမ်းဆီး အချုပ်အနှောင် ကြားထဲမှာလုပ်တာ အခုလည်းပဲ နည်းတာမဟုတ်ဘူး၊ တပုံ တခေါင်း ထည့်ထား တာပဲ၊ အဖွဲ့ချုပ်က တကယ်ကို ကျဉ်းကျဉ်းကျပ်ကျပ်ထဲကနေ ဒီမိုကရေစီအရေးလုပ်လာခဲ့တာ အခုမှ မဟုတ်ပါဘူး စတည်ထောင် ကတည်းကနေ လုပ်လာခဲ့တာပဲ။

မေး။ ။ ဘဘနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့က နိုင်ငံရေးကိစ္စတွေကို အတူတူတွဲလုပ်ကြသလို၊ ဒီပဲယင်းကာလကိုလည်း အတူတူ ဖြတ်သန်းခဲ့ကြ တယ်ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး ဘဘရဲ့အမြင်ကို သိပါရစေ။

ဖြေ။ ။ သူက အိမ်ချုပ်ကျရင် ဘဘလည်း အိမ်ချုပ်၊ သူက အိမ်ချုပ်ကနေ ထောင်ဒဏ် အရှည်ကျရင် ဘဘက အင်းစိန်ထောင်ကျ၊ နောက်တခါ သူကအိမ်ချုပ် ဘဘကရဲမွန် အကျဉ်းထောင်ကိုသွား၊ တခါ ကိုယ်က ပြန်လွတ်လာ၊ သူကတခါပြန်လွတ်၊ အဲလိုသွားရင်းနဲ့ သိလာတယ်။

ဘာပဲဖြစ်ဖြစ် လူထုက ဒေါ်အောင်ဆန်းစုကြည်မှ ဒေါ်အောင်ဆန်းစုကြည် ဖြစ်လာတယ်။ နောက်တော့ ဒေါ်အောင်ဆန်းစုကြည် သွားတဲ့ ပွဲတွေကျတော့ ပြည်နယ်တွေကရော၊ တိုင်းရင်းသားတွေကရော လူငယ်တွေ များလာတယ်။ အရင်တုန်းကတော့ ဗိုလ်ချုပ်အောင်ဆန်း သမီးဆိုပြီးတော့ လူလတ်ပိုင်းနဲ့ အကြီး ပိုင်းတွေပေါ့လေ။ နောက်ပိုင်းကျတော့ ဒီလိုမဟုတ်ဘူး၊ သွားတဲ့နေရာမှာ လူငယ်တွေ ကျောင်းသားတွေပဲ၊ အဲလိုဖြစ်လာတဲ့အခါကြတော့ နအဖက စိုးရိမ်မှုတွေ ဖြစ်နေပါတယ်။

ကချင်ပြည်နယ်ခရီးက စပြီးတော့ ပစ်ရင်းခတ်ရင်း လုပ်လာတာပဲ။ ပစ်တယ်ဆိုတာကလည်း သေနတ်နဲ့ပစ်တာ မဟုတ်ဘူး။ လောက်စာလုံးတို့၊ ခဲတို့နဲ့ ပစ်တာတို့၊ ကားသွားရင် ကားကို ခဲနဲ့ ပစ်ပေါက်တာတို့ လုပ်လာတယ်။ နောက်ဆုံးကျတော့မှ ဒီပဲယင်းမှာ တော်တော်ကို ဆိုးဆိုးဝါးဝါး လုပ်ခဲ့တာပေါ့။

နဂိုကတည်းက လာတာကိုက သူက အောင်မြင်အောင် တတ်သလောက်မှတ်သလောက် လုပ်ပေးမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ လာတာ။ ဟိုဟာဖြစ်ဖို့ ဒီဟာဖြစ်ဖို့ ဆိုတာမျိုး တခုမှ မပါဘူး။ အဲဒီတော့ လိုလည်း မလိုချင်ဘူး၊ သူကိုယ်တိုင်ကလည်း ဘာရယ်ညာရယ် ဖြစ်ဖို့ဆိုတဲ့ စိတ်ဓာတ်လည်း မရှိဘူး။ သူ့စိတ်ထဲမှာ ခေါင်းထဲမှာရှိတာက သူ့အဖေဟာ လွတ်လပ်အောင် လုပ်ပေးသွားခဲ့တာကို ပြန်လွတ်လပ်အောင် လုပ်ချင်တယ်။ တိုင်းရင်းသားနဲ့ ပတ်သက်လို့ရှိရင်လည်းပဲ လုပ်ပေးချင်တယ်။ ဒီစိတ်ကူးတွေ ရှိပြီးတော့ လာခဲ့တာ လုပ်ခဲ့တာပဲ။ အခုထိလည်း သူက ဒီမိုကရေစီရေးမှာ နောက်ဆုတ်မှာ မဟုတ်ဘူး၊ လုပ်ဦးမှာပဲ၊ လုပ်ရဦးမှာပဲ။

မေး။ ။ ငယ်ဘဝ ပုံရိပ်တချို့နဲ့ နိုင်ငံရေးလောကထဲ ရောက်ရှိလာပုံကို ပြောပြပေးပါဦး။

ဖြေ။ ။ ဘဘ ငယ်ငယ်တုန်းက ကောလိပ်ကျောင်း သိပ်နေချင်တာ၊ ဆရာဝန်လည်း သိပ်ဖြစ်ချင်တယ်၊ ဒါပေမယ့် စစ်ကြီးဖြစ်သွားတော့ စိတ်ကူးတွေ အကုန်ပျောက်သွားတယ်၊ အထက်တန်းကျောင်း တက်ပြီးတော့ စစ်ကြီးဖြစ်သွားတဲ့အခါ တပ်ထဲရောက်သွားပြီး ပညာရေးက Gap ဖြစ်နေတာပေါ့။ စိတ်ကူးတွေက အကုန် ပျောက်သွားပြီး အဖေသေတော့ သာမဏေဘ၀နဲ့ နေလိုက်တာ တော်တော်ကြာတယ်။

နောက်တခါ စစ်ဖြစ်တော့လည်း သာမဏေကနေထွက် တပ်ထဲကိုဝင်၊ ဒီလိုနဲ့ စစ်သား ပြန်ဖြစ်လာတာပေါ့လေ။ တော်လှန်ရေး ပြီးတော့လည်း ဆက်မလုပ်တော့ဘူးလားပဲ။ ဒါနဲ့ ရန်ကုန်ရောက်လာရော၊ အဲဒီမှာလည်း ကံက ပြန်ပါလာတယ် ထင်တယ်။ သူများတွေ ဗိုလ်ရွေးတာထဲမှာ မပါဘူး၊ တော်တော်များများ ပြုတ်ကျတယ်၊ အားလုံး အများကြီးထဲကမှ ၁၅၀ လောက် ရွေးတာ၊ ဘဘက ၁၅၀ ထဲ ပြန်ပါသွားပြန်တယ်။ အဲလိုပါတော့ လုပ်လိုက်တာ။ စိတ်ထဲမှာကတော့ ငယ်ငယ်တုန်းက ကိုယ်ဖြစ်ချင်ခဲ့တာ ပြန်ပြန်စဉ်းစားမိပြီး အဲလိုပဲ ဖြစ်ချင်တယ်ပေါ့လေ။ ရဟန်းဘ၀တုန်းကလည်း မထွက်တော့ဘူးလို့ နေတာ ဒါပေမယ့်လည်း အိမ်က မပြေမလည်ဆိုတော့၊ သားသမီးတွေကလည်းပဲ အိမ်မှာ ကြည့်မယ့်သူ မရှိ၊ ပျက်စီးကုန်တော့မှာပဲဆိုပြီး စိုးရိမ်တာနဲ့ ရဟန်းဝတ်နေရာကနေ ထွက်လိုက်တာ၊ ထွက်ပြီးတော့ Law ဖြေတာပဲ။

Law ဖြေတော့လည်း RL ကော LLB ရော ပြီးသွားတယ်။ မာစတာ ဆက်တက်မလို့ လုပ်နေရင်းနဲ့ ပရော်ဖက်ဆာ ဦးတင်အုန်း ကလည်း ဆုံးသွားတယ်။ ဆုံးသွားတဲ့အချိန်မှာ ၈၈ ကလည်း ကောက်ဖြစ်တော့ အကုန်လုံးပဲ တပည့်တွေက တိုင်းမှူးဟောင်း တွေရော လာခေါ်တယ်၊ တိုက်တွန်းတယ်။ အဲဒီမှာ ဦးအောင်ရွှေတို့ တို့နဲ့ ပေါင်းလိုက်တဲ့ အချိန်၊ တခါ ဒေါ်အောင်ဆန်းစုကြည် လည်း ပေါ်လာရော၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုကို သဘောကျတာနဲ့ သူက ထက်လည်းထက်မြက်တယ်လေ။ ဘဘတို့က တပ်ထဲမှာ နေပြီးတော့ တပ်လိုပဲနေတယ်။ သူကတော့ စာပေလောက ကဆိုတော့ နှံ့စပ်တယ်။ သူ့အမြင်လေးတွေ ကလည်း ကောင်းတယ်။ ဗိုလ်ချုပ်အောင်ဆန်း သမီးလည်း ဖြစ်တယ်။ သူ့အမြင်ကလည်း မလွတ်လပ်တာကို လွတ်လပ်အောင် နဲ့၊ ဒီမိုကရေစီဆုံးရှုံးတာ ပြန်ရအောင်လုပ်ရင်းနဲ့ ပါလာပြီး နောက်ဆုံးကျတော့ ဒီနေ့အထိ လက်တွဲပြီး လုပ်ဖြစ်သွားတာပေါ့။