-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Friday, March 5, 2010

ဥပဒေထောက်ကူ ဥက္ကဋ္ဌ အဖြစ် ဦးတင်ဦး ပြန်လည်တာဝန်ယူ


ဆလိုင်းဟံသာစန်း | သောကြာနေ့၊ မတ်လ ၀၅ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၅၀ မိနစ် .
နယူးဒေလီ (မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးသည် ပါတီ ဗဟိုဥပဒေ အထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ တာဝန်ကို ယမန်နေ့မှ စတင်၍ ပြန်လည်ထမ်းဆောင်ပြီဖြစ်သည်။

“ကျနော်က အကျယ်ချုပ်ကျနေပေမယ့် မီဒီယာတွေ ကျေးဇူးကြောင့် ပါတီဝင်တွေကို အာဏာပိုင်တွေက တရားစွဲ၊ ပြစ်ဒဏ်ချနေတာတချို့တွေမှာ ဥပဒေနဲ့ အညီမဟုတ်တာတွေ ကြားနေရတယ်။ အခု ဥပဒေ အထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌအဖြစ် ပြန်လည်တာဝန်ယူရပြီဆိုတော့ အဲလိုအခြေအနေတွေ နည်းပါးသွားအောင် ကြိုးစားဆောင်ရွက်သွားမှာပါ” ဟု ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦးက မဇ္ဈိမကို ပြောသည်။

အဖွဲ့နှင့် ကင်းကွာနေသည့် ၆ နှစ်တာ ကာလအတွင်း ကျန်အဖွဲ့ဝင်များက တာဝန်ကျေပွန်စွာ ထမ်းဆောင်နေသည်ကို တွေ့ရသဖြင့် ဝမ်းသာကျေနပ်မိသည်ဟု သူက ဆက်ပြောသည်။

ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေ ဦးဥာဏ်ဝင်းက “ဥပဒေ အထောက်အကူပြုအဖွဲ့မှာ ဥက္ကဋ္ဌ ပြန်ရောက်လာပြီဆိုတော့ ကျနော်တို့ အရမ်းအားတက်ပါတယ်။ သူ့မှာက အရင်ကတည်းက အတွေ့အကြုံတွေ အများကြီးရှိတဲ့ အခါကျတော့ အကြံဥာဏ်ကောင်းတွေ ပေးနိုင်ပါတယ်” ဟု ပြောသည်။

အဖွဲ့အနေဖြင့် လက်ရှိလိုက်လံဆောင်ရွက်ပေးနေဆဲ အမှုပေါင်း ၁၅ဝ ခန့်ရှိပြီး ရှေ့ဆက်၍ ပြည်နယ်/တိုင်းများက တောင်းခံလာသည့် ဥပဒေရေးရာ အကူအညီများ ပိုမိုပေးအပ်သွားမည်ဟု ဦးတင်ဦးက ဆိုသည်။

ဥပဒေ အထောက်အကူပြုအဖွဲ့သည် ပါတီ ဗဟိုအလုပ်မှုဆောင် ကော်မတီသို့ ဥပဒေရေးရာ အကြံပေးခြင်းနှင့် နိုင်ငံရေးမှုဖြင့် တရားစွဲဆိုခံရသူ ပါတီဝင်များနှင့် ပါတီဝင်မဟုတ်သူများကို အခမဲ့ ရှေ့နေလိုက်ပါဆောင်ရွက်ပေးခြင်းတို့ လုပ်ဆောင်သည့် အန်အယ်ဒီပါတီ လက်အောက်ခံ အဖွဲ့ခွဲတခု ဖြစ်သည်။

ဥပဒေပြု အထောက်အကူပြုအဖွဲ့ကို လွန်ခဲ့သည့် ဆယ်စုနှစ်တခုကျော်က ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦး၏ အဆိုပြုချက်အရ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

စတင်ဖွဲ့စည်းကတည်းက ဦးတင်ဦးသည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး နေအိမ်အကျယ်ချုပ် ထိန်းသိမ်းခံခဲ့ရပြီးနောက် ပါတီ ဥက္ကဋ္ဌ ဦးအောင်ရွှေက ယာယီ ဥက္ကဋ္ဌ အဖြစ် ဆက်လက်တာဝန်ယူခဲ့သည်။

ကျန်းမာရေးအခြေအနေကြောင့် ယာယီဥက္ကဋ္ဌက တာဝန်ထမ်းဆောင်နိုင်ခြင်း မရှိသဖြင့် ပါတီ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၏ အကြံပေးမှုဖြင့် ပါတီဝင် မဟုတ်သော်လည်း ၁ဝ စုနှစ်တခုကျော်ကြာ အဖွဲ့ချုပ်၏ ဥပဒေရေးရာ ကိစ္စများတွင် ပါဝင်ဆောင်ရွက်ခဲ့သူ ရှေ့နေကြီး ဦးကြည်ဝင်းကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ဒုဥက္ကဋ္ဌ အဖြစ် ခန့်အပ်ခဲ့သည်။

ဥပဒေရေးရာ အထောက်အကူပြု အဖွဲ့တွင် ဦးတင်ဦး၊ ဦးကြည်ဝင်း၊ ဦးဥာဏ်ဝင်း၊ ဦးသိန်းညွန့်၊ ဦးအောင်သိန်း၊ ဦးဝင်းမြင့်၊ ဦးထွန်းထွန်းဟိန်၊ ဦးမြင့်သောင်းနှင့် ဒေါ်ခင်ဌေးကြွယ် အပါအဝင် အဖွဲ့ဝင် ၁ဝ ဦး ပါဝင်ဖွဲ့စည်းထားသည်။

ဆရာမောင်သော်က အမှတ်တရ

Mg Thaw Ka




Myanmar Muslim Net

ရွှေရတု အတွဲ(၉)အမှတ် (၁၁)

shwerathu 9of11 ok

Thursday, March 4, 2010

အန်အယ်ဒီက နာဂစ်သင့်ဒေသ သောက်ရေရရှိရန် ကူညီ


မြင့်မောင် | ကြာသပတေးနေ့၊ မတ်လ ၀၄ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၃၈ မိနစ် .
နယူးဒေလီ (မဇ္ဈိမ) ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နာဂစ်မုန်တိုင်းသင့် ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်ရှိ ကျေးရွာနှစ်ရွာသို့ သောက်ရေသန့် ရရှိရေးအတွက် ကျပ် ၂၃ သိန်း တန်ဖိုးရှိ ရေစစ်ကန်နှင့် ရေစက်များကို ယခုလ ၂ ရက်နေ့တွင် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

အထက်ဖိုးညိုနှင့် ကနီကြီး ကျေးရွာတို့တွင် ဘိုကလေးမြို့နယ် အန်အယ်ဒီ စည်းအဖွဲ့ဝင်များက အဝီစိတွင်းများ တူးဖော်ရေးအတွက် ကြီးကြပ်ဆောင်ရွက်ခဲ့ပြီးနောက် အဆိုပါ အဝီစိတွင်းများ၌ အသုံးပြုရန် နောက်ဆက်တွဲ လိုအပ်သည်များကို သွားရောက်လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

“ဖိုးညိုရွာမှာ တူးထားတဲ့ အဝီစိတွင်းနဲ့ ကနီကြီးရွာမှာ တူးထားတဲ့ အဝီစီတွင်း ၂ တွင်းကို ရေသန့်ကန် အလျား ၈ ပေ၊ အမြင့် ၄ ပေခွဲ ရှိတဲ့ ဂါလံ ၈ဝဝ လောက် ဆန့်တဲ့ ကန်တခု၊ ရေစစ်ကန်နဲ့ ရေစက်ရောကို ရပ်မိ၊ ရပ်ဖများကို သွားပြီး အပ်နှံတာပါ။ ဒီလ ၂ ရက်နေ့က ဖိုးညို ကျေးရွာက ကျောင်းထိုင်ဆရာတော်နဲ့ ရပ်မိ၊ ရပ်ဖတွေကို ဖိတ်ပြီး ကျေးရွာဘုန်းကြီးကျောင်းမှာ အပ်နှံခဲ့တာပါ” ဟု အဖွဲ့ချုပ် နာဂစ်ကူညီရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

“ဒီတွင်းရဲ့ ရေကို ဓာတုဗေဒ ကျွမ်းကျင်တဲ့သူတွေနဲ့ စစ်ဆေးကြည့်တဲ့အခါ ဒီတွင်းဟာ သောက်သုံးရေအတွက် သုံးနိုင်ကြောင်း ထောက်ခံချက်၊ အာမခံချက်တွေကို တပါထဲ ဆရာတော်နဲ့ ရပ်မိ၊ ရပ်ဖများကို ပေးအပ်ခဲ့တယ်” ဟု သူက ဆက်ပြောသည်။

အထက်ဖိုးညိုတွင် အိမ်ခြေ ၃ဝဝ ကျော်၌ လူဦးရေ ၁၈ဝဝ နှင့် ကနီကြီးတွင် အိမ်ခြေ ၂ဝဝ ကျော်၌ လူဦးရေ ၁ဝဝဝ ကျော် နေထိုင်ကာ အန်အယ်ဒီက တူးဖော်ပေးသည့် အဝီစိ သောက်ရေတွင်းများကို သုံးစွဲကြမည်ဖြစ်သည်။

ကနီကြီးရွာရှိ အဝီစီတွင်း အခြေအနေနှင့် ပတ်သက်ပြီး နာဂစ်ကူညီရေးအဖွဲ့ အတွင်းရေးမှူး ဒေါက်တာဝင်းနိုင်က “ကနီကြီးရွာက အဝီစိတွင်းက သောက်ရေသန့် အဆင့်မီတယ်။ ရေက ကြည်လည်း ကြည်တယ်။ အရသာလည်း ကောင်းတယ်။ ဓာတုဗေဒ စစ်ဆေးတွေ့ရှိချက်အရ အရောအနှောမရှိဘဲ ရေသန့်အဆင့်မီတဲ့ အဝီစိတွင်းတတွင်း ဖြစ်နေတယ်” ဟု ပြောသည်။

မုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် အဆိုပါ ကျေးရွာနှစ်ရွာရှိ ရွာဦးဘုန်းကြီးကျောင်းများအတွက် အဖွဲ့ချုပ် နာဂစ်ကူညီရေးအဖွဲ့က တကျောင်းလျှင် မတည်ငွေအဖြစ် ကျပ် ၅ သောင်းစီလည်း လှူဒါန်းခဲ့သေးသည်။

၂ဝဝ၈ ခုနှစ် မေလ ၂-၃ ရက်နေ့များတွင် ရန်ကုန်နှင့် ဧရာဝတီတိုင်းကို တိုက်ခတ်သွားခဲ့သော နာဂစ် ဆိုင်ကလုံး မုန်တိုင်းကြောင့် လူပေါင်း ၁ သိန်း ၄ သောင်းခန့် သေကြေပျောက်ဆုံးခဲ့ရပြီး လူပေါင်း ၂ ဒဿမ ၄ သန်းခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

ထိုနှစ် မေလအတွင်း စတင်ခဲ့သော ကယ်ဆယ်ရေး လုပ်ငန်းများကို အောက်တိုဘာလတွင် ပြန်ကြားရေး အဖွဲ့ဝင်နှင့် နာဂစ်ကယ်ဆယ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအုန်းကြိုင် ဖမ်းဆီးခံရခြင်း၊ အလှူငွေ ပြတ်လပ်ခြင်းကြောင့် လုပ်ငန်းများ ရပ်တန့်ခဲ့ရပြီးနောက် ၁၃ လအကြာတွင် ယခု အကူအညီပေးရေး လုပ်ငန်းကို အန်အယ်ဒီက ပြန်လည်စတင်နိုင်ခြင်း ဖြစ်သည်။

မုန်တိုင်းအပြီး ၆ လခန့်အတွင်း ဧရာဝတီတိုင်း ဘိုကလေး၊ လပွတ္တာ၊ မော်လမြိုင်ကျွန်းစသည့် ဒေသများတွင် အန်အယ်ဒီက ငွေကြေး၊ အဝတ်အစား၊ ဆီ၊ ဖိနပ်၊ မိုးကာဖျင်နှင့် ဆေးဝါးများကို မုန်တိုင်းသင့်များကို ကူညီခဲ့ပြီး ရေငန်ဝင်သဖြင့် ပျက်စီးခဲ့ရသော မိုးရေခံသည့် သောက်ရေကန် ၁ဝဝ ခန့်ကိုလည်း ဆယ်ယူပြုပြင်ပေးခဲ့သည်။

စစ်အစိုးရက အတိုက်အခံပါတီ အန်အယ်ဒီသာမက အခြား လူမှုအဖွဲ့အစည်းအချို့နှင့် လူပုဂ္ဂိုလ်များ၏ ကူညီရေး လုပ်ငန်းများကို တားဆီးမှု၊ ဖမ်းဆီးအရေးယူများ ပြုလုပ်ခဲ့သော်လည်း ၎င်းတို့နှင့် နီးစပ်သည့် အဖွဲ့အစည်းများကိုမူ လွတ်လပ်စွာ သွားလာလှူဒါန်းခွင့်များ ပေးခဲ့သည်။

သွားရောက်လှူဒါန်းသည့် ယခုခရီးစဉ်တွင် အဖွဲ့ ဥက္ကဋ္ဌ ဦးအုန်းကြိုင်၊ အတွင်းရေးမှူး ဒေါက်တာဝင်းနိုင်၊ အဖွဲ့ဝင်များ ဖြစ်သည့် ဒေါ်မေဝင်းမြင့်၊ ဦးကြည်ဝင်း၊ ဒေါ်လဲ့လဲ့၊ ဒေါ်မြင့်မြင့်စိန်၊ စာရင်းစစ် ဒေါ်အေးအေးမာ၊ ဘိုကလေး မြို့နယ် စည်းရုံးရေးမှူး ဦးခင်မောင်တင့်၊ စည်းအဖွဲ့ဝင် ကိုဝင်းဝင်၊ မြို့နယ် တောင်သူလယ်သမားရေး အဖွဲ့ဝင် ဒေါ်ခင်လေးတို့ လိုက်ပါခဲ့သည်။

၎င်းတို့ခရီးစဉ်အတွင်း အာဏာပိုင်များဘက်က တစုံတရာ ဟန့်တားနှောင့်ယှက်ခြင်း မရှိခဲ့ကြောင်း သိရသည်။

© Copyright 1998 - 2009 Mizzima News. All Rights Reserved

Wednesday, March 3, 2010

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဗဟိုဦးစီးအဖွဲ့ဝင်စာရင်း

NLD-CC

အရေးတော်ပုံ ရင်ခုန်သူများ အပိုင်း ၁၉


[သရုပ်ဖော် အောင်လတ်]

အောင်ဝေး
မတ် ၁၊ ၂၀၁၀

ကျွန်တော်ပြောရင် ယုံချင်မှ ယုံကြလိမ့်မယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ အတိုက်အခံ နိုင်ငံရေး လှုပ်ရှားသူတွေ အစိုးရမကြိုက်တဲ့ နိုင်ငံရေးသမားတွေ စာရေးသားခွင့် မရကြပါဘူး။ အထူးသဖြင့် NLD အဖွဲ့ဝင်တွေ စာရေးခွင့် မရှိပါဘူး။

ဒါက ကျွန်တော့်ကိုယ်တွေ့မို့ ပြောနိုင်တာပါ။ ကျွန်တော် ၁၉၉၂ မှာ ထောင်က လွတ်လွတ်ချင်း ကဗျာစာအုပ်တစ်အုပ် ထုတ်ဖို့ စာပေစိစစ်ရေးကို စာမူ တင်လိုက်ပါတယ်။ အဲဒီအခါမှာ စာပေစိစစ်ရေး ညွှန်ကြားရေးမှူးဖြစ်တဲ့ ဗိုလ်မှူးဆိုသူက ကျွန်တော့်ကို NLD နဲ့ ကင်းရှင်းကြောင်း ထောက်ခံချက် တောင်းပါတော့တယ်။

ကျွန်တော့်အလုပ်ကလည်း စာပေတစ်ခုတည်းနဲ့ပဲ အသက်မွေးတဲ့ အလုပ် ဖြစ်နေတာမို့ အဲဒီအချိန်က ကျွန်တော် NLDကနေ နုတ်ထွက်စာ တင်ပြီး စာပေလောကထဲ ပြန်ဝင်ဖို့ တာစူခဲ့ရတာပါပဲ။

ထောင်ကပြန်လွတ်လာတဲ့ ဘယ် NLD အဖွဲ့ဝင် စာပေသမားမဆို န၀တ နအဖ အာဏာပိုင်တွေရဲ့ သတိပေး၊ ခြိမ်းခြောက်၊ အကျပ်ကိုင်တာမျိုး ဖိအား အမျိုးမျိုးကို ခံကြရတာပါပဲ။ နဂိုကမှ စာပေအနုပညာ လွတ်လပ်ခွင့် လုံးလုံး မရှိ ဖြစ်နေတဲ့ နိုင်ငံမှာ NLD နဲ့ ပတ်သက် ဆက်နွယ်နေတဲ့ စာရေးဆရာ၊ ကဗျာဆရာ၊ သတင်းစာဆရာတွေဟာ အထူးသဖြင့် ပိုပြီး ဖိနှိပ် ကန့်သတ်ခံရပါတယ်။

ယုံကြည်ချက်နဲ့ ကလောင်ကိုင်ထားတဲ့ လက်တွေ ဖြစ်တာမို့ NLD အဖွဲ့ဝင် ဒါမှမဟုတ် NLD လိုလားတဲ့ စာပေသမား အများစုဟာ NLDက နုတ်ထွက်ပြီး ဒါမှမဟုတ် NLD နဲ့ ခပ်ခွာခွာ နေပြီး မိခင် စာပေလောကထဲကို ပြန်ဝင်ကြရတာဟာ စစ်ကျွန်ခေတ်မှာ အစဉ်အလာ တစ်ရပ်လို ဖြစ်နေပါပြီ။

NLDနဲ့ ပတ်သက်နေတဲ့ စာရေးဆရာ၊ ကဗျာဆရာ၊ သတင်းစာဆရာ အတော်များများကလည်း န၀တ နအဖခေတ် တလျှောက်မှာ ထောင်တွေထဲကို အများကြီး ရောက်ကြရတာ မဟုတ်လား။ မှတ်မိသလောက် ဆရာဦးဝင်းတင်ကနေ စပြီး ပြန်ပြောကြည့်ရရင် ဆရာမောင်သော်က၊ ဆရာမောင်မိုးသူ၊ ဆရာမောင်ဝံသ၊ ဆရာမောင်ကိုယု၊ ဆရာမင်းသိင်္ခ၊ ဆရာမ စမ်းစမ်းနွဲ့(သာယာဝတီ)၊ ဆရာမ ရွှေကူမေနှင်း၊ ဆရာမ မသီတာ (စမ်းချောင်း)၊ ဆရာမင်းလူ၊ ဆရာမျိုးမြင့်ငြိမ်း၊ စံပယ်ဦး ဦးတင်စိုး၊ မုံရွာအောင်ရှင်၊ ဖျာပုံနီလုံဦး စသည်ဖြင့် တွေ့နိုင်ပါတယ်။ ဆရာဦးအုန်းကြိုင်(အောင်ဝင့်)၊ ဆရာ ဦးစိန်လှဦး (မောင်နွယ်ဦး) စတဲ့ သတင်းစာဆရာတွေလည်း အများကြီး ပါပါတယ်။

ယခင်က စစ်အစိုးရ ပြည်ထဲရေး ၀န်ကြီး ဌာန လက်အောက်ခံ အခုတော့ ပြန်ကြားရေး ၀န်ကြီးဌာန လက်အောက်ကို ရောက်လာတဲ့ စာပေစိစစ်ရေး ဌာနဟာ စာပြန်ရေးခွင့် ယူကြတဲ့ NLD ထွက်၊ NLD ဟောင်း စာရေးဆရာတွေရဲ့ စာတွေကိုဆိုရင် အသေအလဲ စောင့်ကြည့် စိစစ်နေတာပါ။ မတရားသဖြင့် အဓိပ္ပာယ်မဲ့ ပိတ်ပင်တားဆီးနေတာပါ။

အဆင့်အတန်းရှိတဲ့ စာတွေလည်း ရေး၊ ကဗျာတွေလည်း ရေးနေတဲ့ ကျွန်တော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သည်ပင်လျှင် စစ်အစိုးရ လက်ထက်မှာ ဘယ်တုန်းအခါကမှ ပြည်တွင်း စာနယ်ဇင်းတွေမှာ ကဗျာတစ်ပုဒ် စာတစ်ပုဒ် ပုံနှိပ်ဖော်ပြခွင့် စိုးစဉ်းမျှ မရခဲ့ပါဘူး။

အဲဒီလို နဂိုကမှ စာပေ အနုပညာ လွတ်လပ်ခွင့် လုံးလုံး မရှိရတဲ့အထဲ NLD ဖြစ်နေရင် ပိုပြီး ဆိုးဝါးတဲ့ အခြေအနေကြားမှာပဲ NLDက စာပေအနုပညာအင်အားစုဟာ သမိုင်းဝင် ကဗျာစာအုပ် တစ်အုပ်ကို ရဲရဲဝံ့ဝံ့ ထုတ်ဝေခဲ့ကြတာကိုတော့ ကျွန်တော်တို့ လေးစား အသိအမှတ်ပြုကြရမှာပါ။

အဲဒီစာအုပ်ကတော့ ၁၉၉၉ ခုနှစ်မှာ NLDက ထုတ်ဝေခ့တြဲ့ ဒေါက်တာမိုက်ကယ်အဲရစ် အမှတ်တရ ဂုဏ်ပြုကဗျာစာအုပ်ပါပဲ။

၁၉၉၉ ခုနှစ် မတ်လ ၂၇ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခင်ပွန်းဖြစ်သူ ပါရမီဖက် ဒေါက်တာမိုက်ကယ်အဲရစ် အင်္ဂလန်နိုင်ငံမှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားပါတယ်။

ခင်ပွန်းသည်ရဲ့ ဈာပနကို ဒေါ်အောင်ဆန်းစုကြည် သွားခွင့် မသာခဲ့ပါဘူး။ ခင်ပွန်းသည် မကွယ်လွန်ခင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ကိုလည်း မြန်မာစစ်အစိုးရက ဒေါက်တာမိုက်ကယ်အဲရစ်ကို မြန်မာပြည်ဝင်ခွင့် ဗီဇာ မပေးခဲ့ပါဘူး။

န၀တ စစ်အာဏာရှင် စနစ်ရဲ့ မညှာမတာ ရိုက်ပုတ်တဲ့ ဒဏ်ကို ဒေါ်အောင်ဆန်းစုကြည်ရော ဒေါက်တာမိုက်ကယ်အဲရစ်ပါ သူတို့ ဇနီးမောင်နှံ နှစ်ဦးစလုံး အတူ ခါးစည်း ခံခဲ့ကြရတဲ့ အဖြစ်ပါ။

ဒေါ်အောင်ဆန်းစုကြည် မြန်မာ့ဒီမိုကရေစီ အရေးတော်ပုံထဲမှာ နောက်မဆုတ်တမ်း ရှေ့ကို တိုးပြီး မဆုတ်မနစ် ကြိုးပမ်းနေတဲ့ အချိန် တစ်လျှောက်လုံး ဒေါက်တာမိုက်ကယ်အဲရစ်ဟာ ပါရမီဖြည့်ဖက် တစ်ယောက် အနေနဲ့ ရပ်တည် ထောက်ခံ အားပေးခဲ့တဲ့သူပါ။ ဒေါက်တာမိုက်ကယ်အဲရစ်ဟာ မြန်မာပြည်သူ တစ်ရပ်လုံးရဲ့ ဘ၀ကို စာနာ နားလည်ပေးနိုင်ခဲ့တဲ့ ပုဂ္ဂိုလ်ပါ။

အဲဒီလို ပုဂ္ဂိုလ်မျိုး တစ်ယောက်ကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုတဲ့ အနေနဲ့ NLDက ကဗျာစာအုပ် ထုတ်ပါတယ်။

အဲဒီတော့ အမြဲ ထောင်ချောက်ဆင် အသင့် စောင့်ဖမ်းနေတဲ့ န၀တ အာဏာပိုင်တွေက အဲဒီ ကဗျာစာအုပ်ထဲမှာ ပါဝင် ရေးသားကြတဲ့ ကဗျာဆရာတွေကို စာပေစိစစ်ရေးမှာ တရားဝင် စာရေးခွင့်ကနေ ပိတ်ပင် တားမြစ်လိုက်ပါတော့တယ်။

ကျွန်တော် မှတ်မိသလောက် ဆရာကြီး မင်းသုဝဏ်၊ ဆရာ ဖျာပုံနီလုံဦးတို့က စပြီး ကဗျာဆရာ လှသန်း၊ ကဗျာဆရာ လေပြေသုန်၊ ကဗျာဆရာ ထွန်းနိုင်နောင် စတဲ့ လူကြီးလူငယ် ကလောင်တော်တော်များများ အဲဒီတုန်းက စာရေးခွင့် အပိတ်ခံခဲ့ကြရတာပါ။

ဒေါက်တာမိုက်ကယ်အဲရစ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခင်ပွန်းသည် ဖြစ်နေလို့ရယ်မှ မဟုတ်ပါဘူး။ လေးစားသင့် လေးစားထိုက်တဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်တာမို့ မြန်မာကဗျာဆရာတွေက နှလုံးသားနဲ့ ရင်းပြီး အထိုက်တန်ဆုံး ပေးဆပ်ခဲ့ကြတာပါပဲ။

ဗုဒ္ဓဘာသာ လေ့လာ ကျွမ်းကျင်သူ ပညာရှင်တစ်ယောက်လည်း ဖြစ်နေတဲ့ ဒေါက်တာ မိုက်ကယ်အဲရစ်ကို အဲဒီ ကဗျာစာအုပ်ထဲမှာ ဆရာကြီး မင်းသုဝဏ် ဂုဏ်ပြု ပေးဖွဲ့ထားတာကို နားဆင်ကြည့်ပါ။ ကဗျာခေါင်းစဉ်က ‘အမျှဝေပါ၏’ တဲ့။



မောင်မိက္ခေလ တစ်ခါက

သူ့ဇနီးနှင် တူတကွ

ရောက်လာပါကြ အိမ်ထဲကို

မြန်မာ့ရိုးရာ သိချင်လို။



သိလိုသည်ကို ပြောပြလိုက်

ပြောပြပြီးသော ထိုအခိုက်

ကြမ်း၌ဆင်းကာ တူတကွ

သုံးကြိမ်သုံးခါ ဦးနှိမ်ချ။



မောင်မိက္ခေလ ယခုခါ

သွားရှာလေပေါ့ အနိစ္စာ

ကောင်းရာရောက်ပါစေကြောင်းဗျ

ဝိုင်း၍ဆုတောင်းပါလေကြ။



‘မိက္ခေလ’ ဆိုတာက အင်္ဂလိပ်အသံထွက် ‘မိုက်ကယ်’ Michael ကို ဆရာမင်းသုဝဏ်က မြန်မာသံ ဖလှယ်ထားတာပါ။

ဆရာကြီးမင်းသုဝဏ် နှင့် ဒေါက်တာမိုက်ကယ်အဲရစ်တို့ နှစ်ဦးစလုံး ကောင်းရာ ဘုံမှာ အတူတကွ စံစားနိုင်ကြပါစေ။
မူရင်း - လွတ်လပ်သည့် အာရှအသံ၊
© 2010 MoeMaKa Radio & Multimedia

ဗဟိုဥပဒေအထောက်အကူပြုအဖွဲ့ အစည်းအဝေးကျင်းပ


NEJ/ ၃ မတ် ၂ဝ၁ဝ


အန်အယ်လ်ဒီ ဗဟိုဥပဒေအထောက်အကူပြုအဖွဲ့ အစည်းအဝေးကို ယနေ့ ပါတီရုံးချုပ်တွင် ကျင်းပပြီး အန်အယ်လ်ဒီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦး တက်ရောက်ကြောင်း သိရသည်။

ယခုအစည်းအဝေးမှာ ပုံမှန်လစဉ်အစည်းအဝေးဖြစ်သော်လည်း ဦးတင်ဦး ပြန်လည်လွတ်မြောက်လာပြီးနောက် ၎င်းကိုယ်တိုင် တက်ရောက်သည့် ပထမဆုံးအစည်းအဝေးဖြစ်သည်။

“ဥပဒေအထောက်အကူပြုလုပ်ငန်းတွေ၊ နိုင်ငံရေးနဲ့ ဆက်နွှယ်တဲ့အမှုတွေမှာ တတ်နိုင်သမျှ စေတနာအလျှောက် ကူညီတဲ့ ရှေ့နေတွေ ပေါင်းပြီး အကူအညီပေးတာပါ။ အန်အယ်လ်ဒီ ပါတီဝင်များကိုသာမက မည်သူ့ကိုမဆို ကျနော်တို့ အကူအညီ ပေးပါတယ်” ဟု အစည်းအဝေးတက်ရောက်သူ ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဗဟိုဥပဒေအထောက်အကူပြုအဖွဲ့ဝင် (၁၀) ဦးအနက် ဒု-ဥက္ကဋ္ဌ
ဦးတင်ဦး၊ ဦးကြည်ဝင်း၊ ဦးဉာဏ်ဝင်း၊ ဦးဝင်းမြင့်၊ ဦးသိန်းညွန့်၊ ဒေါ်ခင်ဌေးကြွယ်၊ ဦးအောင်သိန်းတို့ တက်ရောက်ကြကြောင်း သိရသည်။

ယခုအခါတွင် ဥပဒေအမျိုးမျိုးဖြင့် စွဲချက်တင်မှုများ အရေအတွက် များပြားနေသဖြင့် ရှေ့နေအင်အားကို ယခုထက် ပိုမိုစည်းရုံးသွားကာ ကြိုးစားဆောင်ရွက်သွားကြရန် ဆွေးနွေးခဲ့ကြကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

“ကျနော်တို့ ငွေရေးကြေးရေးအရ မတတ်နိုင်သူတွေကို လူ့အခွင့်အရေးတို့ နိုင်ငံရေးတို့နဲ့ပတ်သက်ပြီး ဥပဒေဆိုင်ရာ အကူအညီတွေ ပေးပါတယ်။ အခုလောလောဆယ် အမှု (၁၀၀) လောက်ကို အကူအညီပေးနေရပါတယ်” ဟု ၎င်းက ပြောသည်။


Copyright © 2004 The New Era Journal :::