-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Wednesday, March 3, 2010

တောင်သူလယ်သမား ကိုယ်စားပြု အဖွဲ့အစည်းတွေ လိုအပ် - NLD ဒု-ဥက္ကဋ္ဌ ဦးတင်ဦး


02 March 2010


ဒီနေ့ကျရောက်တဲ့ တောင်သူလယ်သမားနေ့ အတွက် နိုင်ငံတော် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တောင်သူလယ်သမားတွေကို သ၀ဏ်လွှာ ပေးပို့ပြီး စစ်အစိုးရရဲ့ အင်တိုက်အားတိုက် ဆောင်ရွက်မှုတွေကြောင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍ တိုးတက်မှုတွေ ရှိနေတယ်လို့ တင်ပြခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ တောင်သူလယ်သမားတွေ အနေနဲ့ အခုအခါမှာ သူတို့ဘက်က ရပ်တည်ပေးနိုင်မယ့် အဖွဲ့အစည်းမျိုး မရှိတဲ့အတွက် နစ်နာမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တောင်သူလယ်သမားတွေဟာ မြန်မာနိုင်ငံအတွက် အဓိကကဏ္ဍကနေ ပါဝင်လှုပ်ရှားနေတာမို့ လယ်ယာကဏ္ဍ တိုးတက်ဖွံ့ဖြိုးရေးအတွက် အင်တိုက်အားတိုက် ဆောင်ရွက်နေတယ်လို့ ပြောကြားခဲ့ပေမဲ့ လက်တွေ့မှာတော့ တကယ်ထိရောက်တဲ့ တိုးတက်မှုတွေ ရှိတာကို မတွေ့ရဘူးလို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က မြင်ပါတယ်။ ဒါ့အပြင် ဒီကနေ့ ကျင်းပနေတဲ့ တောင်သူလယ်သမားနေ့ဟာ ဦးနေ၀င်း လက်ထက်ကမှ စတင်ခဲ့တဲ့ နေ့တနေ့ဖြစ်ပြီး အဲဒီအချိန်ကတည်းက အခုအချိန်ထိ တောင်သူလယ်သမားတွေနဲ့ ပတ်သက်ပြီး ထိရောက်တဲ့ ရေရှည်အကျိုးစီးပွားကို ချမှတ်နိုင်ခဲ့တာမျိုး မရှိဘူးလို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦးက ပြောပါတယ်။



“ဒီတောင်သူလယ်သမားနေ့ ဖြစ်လာတာကလည်းပဲ ၁၉၆၂ ခုနှစ်တုန်းက ဦးနေ၀င်းက စစ်တပ်နဲ့ အာဏာသိမ်းပြီးတဲ့နေ့ကို သတ်မှတ်ပြီးတော့ ဒါကို တောင်သူလယ်သမားနေ့လို့ ပြုလိုက်တာပါ။ ဟိုးအရင် ပါလီမန် ဒီမိုကရေစီ ခေတ်တုန်းကတော့ တောင်သူလယ်သမားနေ့က နှစ်ဆန်း ၁ ရက်နေ့၊ ဇန်န၀ါရီလဆန်း ၁ ရက်နေ့ပေါ့။ အဲဒါကို ပြောင်းပြီးတော့ မတ်လ ၂ ရက်နေ့ လုပ်တာပါ။

“တကယ်တမ်း ပြောရရင်တော့ ပြောကြတာ၊ ဆိုကြတာ၊ လုပ်ကြတာ၊ ကိုင်ကြတာတွေသာ ဖြစ်ခဲ့တာ၊ တောင်သူလယ်သမားနဲ့ ပတ်သက်လို့ ထိထိရောက်ရောက် မဖြစ်ခဲ့ကြပါဘူး။ အခုလည်းပဲ တောင်သူလယ်သမားနေ့သာ ဆိုတယ်၊ တောင်သူလယ်သမားနဲ့ ပတ်သက်လို့ ရှိနေတဲ့ လက်ရှိအစိုးရ အနေနဲ့တော့ ဘာမှ ထူးထူးခြားခြားလုပ်တာ မရှိပါဘူး။”

တောင်သူလယ်သမားတွေ အနေနဲ့ အခုအခါမှာ သူတို့ဘက်က ရပ်တည်ပေးနိုင်မယ့် အဖွဲ့အစည်းမျိုး မရှိတဲ့အတွက် လယ်မြေ အသိမ်းခံရမှုတွေလို နစ်နာမှုတွေနဲ့ ကြုံတွေ့နေရတယ်လို့လည်း ပြောပါတယ်။ NLD အဖွဲ့ အနေနဲ့ တောင်သူလယ်သမားတွေရဲ့ အရေးကိစ္စနဲ့ ပတ်သက်ပြီး အဖွဲ့အစည်းငယ်တွေ ဖွဲ့ပြီး ဆောင်ရွက်ပေးနေတာမျိုး ရှိတယ်လို့လည်း ပြောပါတယ်။

“အဖွဲ့ချုပ်အနေနဲ့ကတော့ CRPP ပေါ့ဗျာ၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြုအဖွဲ့ပေါ့၊ တောင်သူလယ်သမားတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ဘယ်လိုသဘောထားရှိမယ် ဆိုတာကို ဟိုတုန်းက ထုတ်ပြန်ခဲ့တာတွေ ရှိပါတယ်။ ကျနော်တို့ ဟိုတုန်းက လုပ်ကိုင်သလို အခုလည်းပဲ အဖွဲ့အစည်းတွေ ပြန်ပြီး ဖွဲ့ထားတဲ့အတိုင်း လယ်သမားတွေနဲ့ ပတ်သက်တဲ့ ကိစ္စအ၀၀ကို ပြန်လည်ပြီး လုပ်ကိုင်ပေးမယ်ဆိုတဲ့ သဘောထားတော့ ရှိပါတယ်။

“အခုအခါမှာတော့ တောင်သူလယ်သမားဘက်က ရပ်တည်ပေးနိုင်တဲ့ အဖွဲ့အစည်းတွေ မရှိတဲ့အတွက်ကြောင့် တောင်သူလယ်သမားတွေဟာ တော်တော်လေး နစ်နာနေတဲ့၊ ခံစားနေရတဲ့ သဘောတော့ ရှိတာပေါ့ဗျာ။ တောင်သူလယ်သမားတွေက သူတို့ရဲ့ လယ်မြေကို ကိုယ်ပိုင် အာမခံပေးပြီး ပိုင်ပိုင်နိုင်နိုင် လုပ်နိုင်တဲ့ စနစ်မျိုး၊ ထိရောက်အောင် လုပ်ပေးနိုင်တဲ့ အဖွဲ့အစည်းမျိုး၊ အစိုးရမျိုး ဖြစ်လာရင်တော့ တောင်သူလယ်သမားတွေနဲ့ ပတ်သက်လို့ အကာအကွယ်၊ အစောင့်အရှောက် ရကြမှာပေါ့ဗျာ။”

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကတော့ ဒီနေ့ကျရောက်တဲ့ တောင်သူလယ်သမားနေ့အတွက် တောင်သူလယ်သမားတွေကို လွှတ်တော်ကိုယ်စားလှယ်တွေကို ရွေးချယ်ကြဖို့နဲ့ ပြည်ပ ကျောထောက်နောက်ခံနဲ့ နိုင်ငံတော် ဆူပူအောင် လုပ်မယ့်သူတွေကို ဖယ်ရှားဖို့အတွက် ပန်ကြားလိုက်ပါတယ်။ ဒါ့အပြင် စစ်အစိုးရဘက်က အင်တိုက်အားတိုက် ဆောင်ရွက်မှုတွေကြောင့် ဆည်မြောင်း တာတမံ၊ မြေအောက်ရေနဲ့ ရေလှောင်ကန်တွေ အမြောက်အမြား ပေါ်ထွက်လာပြီး စိုက်ပျိုးရေးကဏ္ဍ တိုးတက်လာတယ်လို့ တင်ပြထားပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့တော့ လက်တွေ့မှာ တောင်သူလယ်သမားတွေအတွက် လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့် ရဖို့က အဓိက အရေးကြီးတယ်လို့ မြင်ပါတယ်။

“လယ်ယာကိုင်းကျွန်း ချောင်းမြောင်း ဒါတွေလုပ်တာတွေကတော့ တိုင်းပြည်အတွက် အကျိုးပြုလုပ်ငန်းတွေ ဖြစ်တာပေါ့၊ ကျနော်တော့ အငြင်းမပွားပါဘူး။ သို့သော်လည်း လယ်သမားတွေနဲ့ ပတ်သက်လို့ သူတို့ လွတ်လွတ်လပ်လပ် လုပ်နိုင်ခွင့် ရနိုင်ဖို့က အရေးကြီးတယ်။ ကျနော်တို့ တပ်မှူးငယ် ဘ၀တုန်းက မြန်မာနိုင်ငံတော်ကို ဘယ်လို ထူထောင်မလဲလို့ စဉ်းစားတဲ့အခါမှာ နိုင်ငံတချို့က လွတ်လပ်တာနဲ့ ပတ်သက်ပြီးတော့ အဓိက သိပ်ပြောပြီးတော့ ပြောတာလွတ်လပ်၊ နေတာလွတ်လပ်၊ စားတာလွတ်လပ်၊ သေတာလည်း လွတ်လပ်၊ ငတ်တာလည်း လွတ်လပ်၊ ဖြစ်ချင်သလိုဖြစ်ပြီး လွတ်လွတ်လပ်လပ်နေ ဆိုတဲ့သဘောမျိုးရှိတဲ့ နိုင်ငံမျိုးတွေလည်း ရှိတယ်တဲ့။

“နောက်နိုင်ငံတမျိုးကတော့ တိုင်းပြည်နဲ့ ပတ်သက်လို့ ဟိုဟာတွေ လုပ်ကိုင်ပေးတယ်၊ ဒီဟာတွေ လုပ်ကိုင်ပေးတယ်၊ ဟိုဟာ တည်ဆောက်ပေးတယ်၊ ဒီဟာ တည်ဆောက်ပေးတယ်၊ ပြောပါတယ်တဲ့။ ဒါပေမဲ့ အဲဒီထဲမှာရှိတဲ့ ပြည်သူလူထုတွေ အနေနဲ့တော့ တို့ကျွေးတာပဲ စားကြ၊ တို့ပေးတာပဲ ယူ၊ မင်းတို့ နေတာ အားလုံးတော့ အကာအရံထဲမှာ၊ အနှောင်အဖွဲ့ထဲမှာ ဟောဒီလိုနေကြ ဆိုတဲ့ နိုင်ငံတွေလည်း ရှိတယ်တဲ့။

“အဲဒီလိုရှိတဲ့ ကြားထဲမှာ ဘယ်လိုနိုင်ငံမျိုးကို တည်ထောင်မလဲဆိုတာ မြန်မာနိုင်ငံသူ၊ နိုင်ငံသား အားလုံးကတော့ အများစု စိတ်ချမ်းသာနိုင်မယ့် နိုင်ငံတခု ထူထောင်နိုင်ဖို့အတွက် လုံးပန်းကြပါစို့ ဆိုတာကိုတော့ ဒီလိုပဲ သြ၀ါဒ ရဖူးတယ်။ အခုအနေအထား အတိုင်းမှာတော့ ဘယ်လိုပုံစံနဲ့ ဆိုတာတော့လည်း နည်းနည်း ဆင်ခြင်သုံးသပ်ကြည့်ဖို့ လိုပါတယ်ဗျာ။

“ဘယ်သူကမှ ဒီနေ့ ရှေ့ဆက်ပြီး နိုင်ငံတော် ပူချင်အောင်၊ ဆူချင်အောင် မလုပ်ချင်ကြပါဘူး။ မလုပ်လည်း မလုပ်ပါဘူး။ ကျနော်တို့ရဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကိုက ဒီလို ဆူတာ၊ ပူတာ၊ လှုံ့ဆော်တာတွေနဲ့ ပတ်သက်လို့ မူဝါဒ သဘောထားကို တည်ထောင်စဉ် ကာလကတည်းက မရှိပါဘူး။

“အခုကြည့်ပါ၊ ခင်ဗျားတို့ မြင်တဲ့အတိုင်းပဲ၊ ကျနော်တို့ လမ်းမှာ အေးချမ်းသာယာစွာနဲ့ သွားရောက်ပြီးတော့ ပြည်သူလူထုကို စည်းရုံး လှုပ်ရှားနေတာကိုပင်လျှင် ကျနော်တို့ ခံရစေဦးတော့၊ ကျနော်တို့ရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဒီအပေါ်မှာ ပြေလည်ရာ ပြေလည်ကြောင်း၊ သဟဇာတ ဖြစ်ရာဖြစ်ကြောင်း အများကြီး မူထားပြီးတော့ ပြောနေတာ ရှိပါတယ်။ ဒီလိုဟာမျိုး မရှိပါဘူးဆိုတဲ့ သဘောပဲ ကျနော်တို့က ရပ်တည်နေတာပါ။”

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦး ပြောသွားတာ ဖြစ်ပါတယ်။

VOA

အဖွဲ့ချုပ်ဝင်တဦး၏ ထောင်တွင်းအယူခံကို ပယ်ချ

Tuesday, March 2, 2010

ဝင်းဖေလွယ်အိတ်(၁ရ)


ဝင်းဖေ

မတ် ၁၊ ၂၀၁၀

သောတရှင်များခင်ဗျား …

ကျနော်တို့ လူထုတိုက်မှာ အလုပ်လုပ်နေခဲ့ကြတာကို တင်ပြရင်း အဲဒီကာလတွေက ကာတွန်း ရေးသားမှုဆိုင်ရာ လွတ်လပ်ခွင့် အခြေအနေကလေးကို တင်ပြချင်စိတ်ပေါ်လာပါတယ်။ ဒီတုန်းက တည်မြဲ ဖဆပလ နဲ့ သန့်ရှင်း ဖဆပလ ဆိုပြီး ဖဆပလ နှစ်ခြမ်းကွဲနေချိန် ဖြစ်ပါတယ်။

သန့်ရှင်းဖ၊ဆ၊ပ၊လ၊ ကို ဦးနုနဲ့ သခင်တင်က ဦးဆောင်ပြီး တည်မြဲ ဖဆပလ ကို ဦးဘဆွေနဲ့  ဦးကျော်ငြိမ်းတို့ ဦးဆောင်ပါတယ်။ ဒါ့ကြောင့် နုတင်နဲ့ ဆွေငြိမ်းအုပ်စုလို့လည်း ခေါ်ကြပါတယ်။ ကျနော်တို့ ကာတွန်းရေးတဲ့အခါမှာ ဇာတ်ကောင်တွေရဲ့ ကိုယ်ပေါ်မှာ ဆွေတို့ ငြိမ်းတို့ နုတို့ တင်တို့ စသဖြင့် ရေးပြီး ပြောင်လှောင်ရေးသားကြပါတယ်။ အဲဒီခေတ်တွေတုန်းက ဒီလိုလုပ်ပိုင်ခွင့်တွေဟာ သတင်းစာတွေရဲ့ အခြေခံလုပ်ပိုင်ခွင့်တွေပဲလို့ တနိုင်ငံလုံးက နားလည်လက်ခံကြတဲ့အတွက် အာဏာပိုင်တွေက အရေးယူတာ ရန်ရှာတာ တားဆီးပိတ်ပင်တာမျိုးတွေ မရှိပါဘူး။ အလွန် လွတ်လပ်ပါတယ်၊ ဒါက အင်္ဂလိပ်ခေတ် တပါးကျွန်ဘဝကတည်းက ရှိခဲ့တဲ့ အစဉ်အလာ လွတ်လပ်ခွင့်တခုပါပဲ။
ဒုတိယကမ္ဘာစစ်မဖြစ်ခင်က အလွန်နာမည်ကြီးခဲ့တဲ့ ကာတွန်းဆရာကြီး ဘကလေး ရွှေတလေးရဲ့ “ဘကြီးမေတ္တာတုံးရဲ့  အာဒါသမုခဒီပနီ” ကာတွန်းရုပ်ပြောင်ကွက်တွေမှာလည်း ဗြိတိသျှဘုရင်ခံရဲ့ နာမည်ကစ နိုင်ငံခေါင်းဆောင်တွေကို နာမည်တတ်ပြီး ရေးဆွဲပြောင်လှောင်ခဲ့တာပါပဲ။ ကန့်သတ်ပိတ်ပင် ချုပ်ချယ်တဲ့ ဆင်ဆာတွေပါတွေ မရှိခဲ့ပါဘူး။

နောက် ဒုတိယကမ္ဘာစစ်အပြီးကာလနဲ့ မြန်မာ့လွတ်လပ်ရေး ခေတ်ဦးကာလမှာ အလွန်ထင်ရှားလွှမ်းမိုးခဲ့တဲ့ ကာတွန်းဆရာကြီး ဦးဘဂျမ်းဆိုရင် သူ့ကို ဝင်ငွေခွန်ကောက်လို့ဆိုပြီး ကန့်ကွက်တဲ့အနေနဲ့ နေ့စဉ်သတင်းစာတွေမှာ ကာတွန်းမဆွဲဘဲ ဆန္ဒပြ သပိတ်မှောက်ခဲ့ပါတယ်။ ဖဆပလ အစိုးရက ချက်ချင်း သူ့ကို ကင်းလွတ်ခွင့်ပေးခဲ့ရပါတယ်။ ဆရာကြီး ဦးဘဂျမ်းဟာ အာဏာရ ဖဆပလ ပါတီ အစိုးရကို နေ့စဉ် ဝေဖန်ပြောင်လှောင်နေသူ ဖြစ်ပါတယ်။ ဒါပေမယ့် ဖဆပလ အစိုးရဟာ ကာတွန်းပညာရဲ့ အခွင့်အရေးကို မထိပါးရဲပါဘူး။ ဟီရိသြတပ္ပ အရှက်တရား အကြောက်တရား ရှိကြပါသေးတယ်။

အဲဒီလို အခြေခံ ကာတွန်းလွတ်လပ်ခွင့်ဟာ ကျနော်တို့ခေတ် မဆလ စစ်အစိုးရမတက်ခင် ပထစ အစိုးရလက်ထက်အထိ ရှိနေပါသေးတယ်၊ ကျနော် ဖခင် ရွှေပြည်ဦးဘတင်နဲ့ ဖဆပလ ဝန်ကြီးချုပ် ဦးနုတို့ဟာ ပုဂ္ဂိုလ်ချင်းအလွန် ခင်မင် ရင်းနှီးကြပါတယ်။ ဖခင်ကြီးသွားရာကို တကောက်ကောက်လိုက်ရတဲ့ ကျနော့်ကိုလည်း ကျောင်းသား ငယ်ဘဝကတည်းက ဦးနုက ကောင်းကောင်းသိပါတယ်။ ဒါပေမယ့် လူထုသတင်းစာမှာ ကျနော် ကာတွန်းဆရာဖြစ်လာတော့ ဦးနုကို ကျနော်က ပြောင်ပြောင်တင်းတင်းပဲ ဝေဖန် ပြောင်လှောင်ရေးဆွဲတာပါပဲ။

ဦးနုရဲ့သားအကြီးနဲ့ ကျနော်က ရင်းနှီးလေတော့ ဦးနုအိမ်ကို ဝင်ထွက်ပြီး စားသောက်ပေမယ့် ဦးနုက ကျနော့်ကို မင်း ငါ့ကို လူထုသတင်းစာကနေပြီး ကာတွန်းနဲ့ ဆော်တဲ့ကောင်ပဲလို့ တခွန်းပြစ်တင်ပြောဆိုတာမျိုး မရှိခဲ့ပါဘူး။ ကျနော့် ဖခင်ကြီးအကြောင်းကိုသာ မေးမယ်၊ တခြား အလာပ သလာပသာ ပြောမယ် ကျနော့်ကို အပြစ်မပြောပါဘူး။ သူ့ သားကြီးတောင် ကျနော့်ကို ခင်ခင်မင်မင်ပဲ ပေါင်းနေတာပါပဲ။ ကျနော် ကိုယ်တိုင်ကလည်း ဦးနုအိမ်ကို စိတ်ရှင်းရှင်းနဲ့ ဝင်ထွက်ရဲပါတယ်။ ဘာပြဿနာမှ မကြီးခဲ့ပါဘူး။

၁၉၆၂ ခုနှစ် စစ်အစိုးရ တက်လာတော့ ဘယ်လိုသဘောထားနဲ့ ဘယ်လိုအုပ်ချုပ်မယ်မှန်း မသိသေးလေတော့ နိုင်ငံရေးကာတွန်းမရေးဘဲ သာမန် ရယ်ဘွယ်ကာတွန်းတွေ ရေးပါတယ်။ ဥပမာ သတင်းစာပါ နိုင်ငံရေးအခြေအနေတွေကို လုံးဝမကိုးကားတော့ဘဲ ပထမ တလမှာ တလလုံး “ဗုံ ” နဲ့ပတ်သက်တဲ့ ကာတွန်းတွေ ရေးပါတယ်။ “ဗုံ” ပုံ ဒါမှမဟုတ် ဗုံဆိုတဲ့ စကားလုံးပါတဲ့ ရယ်စရာဟာသ ကာတွန်းတွေ ရေးပါတယ်။ နောက်လကျတော့ တလလုံး ရေသူမ အရုပ် ဒါမှမဟုတ် စာလုံးပါတဲ့ ဟာသတွေ ရေးပါတယ်။ ဒါကိုစစ်တပ်က သူတို့ကို ဗုံဝါဒနဲ့ပတ်သက်လို့ ဝေဖန်တယ် ဒါမှမဟုတ် ရေသူမလို ဖားတပိုင်း ငါးတပိုင်းလို့ ဝေဖန်တာပဲ စသဖြင့် မလုံမလဲ မယုံမကြည်ဖြစ်နေပါတယ်။

ဥပမာ ပင်လယ်ကမ်းခြေတခုမှာ ခြေထောက်မပါတဲ့ ရေသူမက စက်ဘီးစီးကြည့်ဖို့ ကြိုးစားနေပုံရေးပြီး ဘေးကကြည့်နေတဲ့ တံငါသည်တွေကို “ငါ့ဟာငါ ဘယ်လိုလို နင်းနင်း နင်တို့အပူလား” ဆိုတဲ့ စာတမ်းထည့်လိုက်ပါတယ် ။ “ဝ” မရှိဘဲ “ဝိ”လုပ်လို့ မရတာကို ဓမ္မဒိဌာန်ရေးတဲ့ ကာတွန်းပါ၊ ဒီကာတွန်းကို စစ်တပ်က သူတို့ကို စောင်းပြောတယ်လို့ထင်ပြီး အယ်ဒီတာချုပ် ဦးလေးလှကို ခေါ်ပြီး သတိပေးပါတယ်။ လူထုသတင်းစာမှာ နေ့စဉ်ပါတဲ့ကာတွန်းတွေကို ပုရပိုဒ်ခေါက်လို ဂျပ်ထူးကဒ်တွေနဲ့ ကတ်ထားပြီး မျက်စေ့ထောက်ထောက် ကြည့်နေကြတယ်။ အယ်ဒီတာချုပ် ဦးလေးလှကို စစ်တပ်က နှစ်လအတွင်း သုံးလေးခါလောက်ခေါ်ပြီး သတိပေးပါတယ်၊

နောက်ဆုံး ကာတွန်းတွေဆွဲတဲ့အခါမှာ အဓိပ္ပာယ်တမျိုးပဲထွက်အောင် ရေးဖို့။ တမျိုးထက် မထွက်စေရဘူးလို့ မန္တလေးတိုင်းမှူးက ညွှန်ကြားပါတော့တယ်။ ကျနော်က ဦးလေးလှကို တတ်နိုင်လို့ ဘာပုံမှ မပါဘဲ အစက်တစက်ပဲရေးပြီး ပြည်သူကိုပြရင်တောင် ပြည်သူတွေဆီက အမြင်အမျိုးမျိုးနဲ့  အဓိပ္ပာယ်အမျိုးမျိုး ထွက်လာမှာ ဖြစ်ကြောင်း၊ အကောင်းဆုံးကတော့ သတင်းစာမှာ ဘာကာတွန်းမှ မထည့်တော့တာက အရှင်းဆုံး ဖြစ်ပါလိမ့်မယ်လို့ ပြောလိုက်ပါတယ်။ ဦးလေးလှက သူလည်း ဒီလိုပဲသဘောပေါက်ကြောင်း ပြောပါတယ်။ အဲဒီနေ့ကစပြီး ကျနော်လည်း အလုပ်ပြုတ်တော့တာပါပဲ။

မြန်မာနိုင်ငံရဲ့ ကာတွန်းဝိဇ္ဇာ ဦးဘဂျမ်းကိုယ်တိုင် အသက်ထင်ရှား ရှိနေသေး ရင်လဲ ကျနော်လိုပဲ အလုပ်ပြုတ်သွားမှာပါပဲ။ စစ်တပ်မှာ အာဏာလက်လွှတ်ရမှာကြောက်တဲ့ အကြောက်လွန်ရောဂါ ရှိပါတယ်၊ အဲဒီရောဂါနှိပ်စက်နေလို့ စစ်တပ်မှာ တခြားဝေဒနာဆိုးတွေလည်း အများကြီး ကူးစက်ပြန့်ပွားကုန်ပါတယ်၊ စစ်တပ်ကိုယ်တိုင်က ဒီလို အကြောက်လွန်ရောဂါ ရှိနေတာကိုသိပါလျက်နဲ့ မကုစားနိုင်ဘဲ မထွေးနိုင်မမြိုနိုင် ဖြစ်နေပါတယ်။ ကျန်းမာ ချမ်းသာကြပါစေ၊

ကျနော် ဝင်းဖေပါ။

(ဘီဘီစီ မြန်မာပိုင်းအစီအစဉ်က တဆင့်ပြန်လည် ကူးယူတင်ပြပါတယ်
© 2010 MoeMaKa Radio & Multimedia

ဒေါ်အောင်ဆန်းစုကြည်၏အယူခံ ပယ်ချခံရမှု ဥရောပသမဂ္ဂ ကြေညာချက်ထုတ်

NEJ/ ၂ မတ် ၂ဝ၁ဝ


နေအိမ်အကျယ်ချုပ်ကျခံနေရသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အယူခံတင်သွင်းထားသော ပြစ်မှုဆိုင်ရာ ပြင်ဆင်မှု လျှောက်လဲချက်အား ဗဟိုတရားရုံးချုပ်မှ ပယ်ချလိုက်သည့်အပေါ် အထူးစိတ်မကောင်းဖြစ်မိကြောင်း ဥရောပသမဂ္ဂ (အီးယူ) နိုင်ငံခြားရေးရာဌာန၏ ပြောခွင့်ရသူ ကက်သရင်း အက်ရှ်တန်က ပြောကြားလိုက်သည်။

ထိုသို့ တရားရုံးချုပ်မှ ဒေါ်အောင်ဆန်းစုကြည်၏ အယူခံအားပယ်ချခဲ့ခြင်းသည် အစိုးရနှင့် အတိုက်အခံပါတီတို့အကြား အလျင်အမြန်လိုအပ်နေသည့် အမျိုးသားရင်ကြားစေ့ရေးနှင့် ရေရှည် တည်ငြိမ်အေးချမ်းရေးအတွက် နိုင်ငံရေးအရ အားလုံးပါဝင်နိုင်သော တွေ့ဆုံဆွေးနွေးမှုဖြစ်မြောက်ရေး အလားအလာများကို ပျက်စီးသွားစေသည်ဟု ကက်သရင်း အက်ရှ်တန်က ယမန်နေ့၌ ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၌ ယခုနှစ်အတွင်း ရွေးကောက်ပွဲလုပ်ရန် စီစဉ်ထားရာတွင် အာဏာပိုင်များအနေဖြင့် နိုင်ငံတကာက တောင်းဆို ထားသည့်အတိုင်း ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးပြီး နိုင်ငံရေးလုပ်ငန်းစဉ်တွင် ပါဝင်ခွင့်ပေးရန် လိုအပ်ကြောင်းလည်း ဥရောပကော်မရှင်၏ ဒုတိယအကြီးအကဲလည်းဖြစ်သူ ကက်သရင်း အက်ရှ်တန်က တောင်းဆိုလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်၏အမှု နောက်ဆုံး အထူးအယူခံတင်သွင်းရာတွင် စစ်အစိုးရအာဏာပိုင်များက ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် တရားဥပဒေလမ်းကြောင်းအရ ပြောင်းလဲလုပ်ဆောင်နိုင်သည့် အခွင့်အရေးတခု ရှိနေသေးသည်ဟုလည်း ၎င်းက ပြောကြားသည်။

မြန်မာနိုင်ငံနှင့် ပြည်သူလူထု၏ အနာဂတ်ကောင်းစားရေးအတွက် ရှေးရှုကာ ထိုအခွင့်အရေးကို ရယူရန် စစ်အစိုးရ အာဏာပိုင်များအား ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာဌာန၏ ပြောခွင့်ရသူက ပြင်းပြင်းထန်ထန် တိုက်တွန်းပြောကြား လိုက်သည်။

ထိုသို့ ဒေါ်အောင်ဆန်းစုကြည်၏အမှု အယူခံပယ်ချချက်အပေါ် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ချုပ်နှင့် အာဆီယံ စင်ပြိုင် အဖွဲ့တို့ကလည်း ပြစ်တင်ရှုတ်ချခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးရန် ယမန်နေ့က တောင်းဆိုခဲ့သည်။




Copyright © 2004 The New Era Journal :::

NLD ဗဟိုဦးစီး အဖွဲ့ဝင် ၁၀၀ နဲ့ အရန် ၈ ဦးစာရင်း မကြာမီ ထုတ်ပြန်မည်


01 March 2010


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ပြည်နယ်နဲ့တိုင်း အသီးသီးအတွက် တာဝန်ယူ ဆောင်ရွက်နိုင်မယ့် ဗဟိုဦးစီးအဖွဲ့ဝင် ၁၀၀ နဲ့ အရန် ၈ ဦးရဲ့ အမည်စာရင်းကို ဒီရက်ပိုင်းအတွင်းမှာပဲ ထုတ်ပြန် ကြေညာတော့မယ်လို့ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့က ပြောပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး NLD ပြောခွင့်ရ CEC အဖွဲ့က ဦးခင်မောင်ဆွေကို ဒေါ်ခင်မျိုးသက်က ဆက်သွယ်မေးမြန်းတဲ့အခါ ဦးခင်မောင်ဆွေက အခုလို စပြောပြပါတယ်။

“တနင်္လာနေ့ အစည်းအဝေးမှာ CEC တွေက နောက်ဆုံး CC တွေရဲ့ ရွေးချယ်မှု အဆုံးသတ် Finalize လုပ်ပြီး အတည်ပြုလိုက်ပါပြီ။ CC ဦးရေ ၁၀၀ ရှိပါတယ်။ အရန်အဖြစ်နဲ့ ၈ ဦးကို ထပ်ပြီး အတည်ပြုပါတယ်။ အရန်တွေကလည်း Candidate CC ပေါ့။ နောင်အခါမှာ သူတို့ဟာ CC တွေဖြစ်ဖို့ တရားဝင် ဖြစ်သွားပါပြီ။

“CC ဖွဲ့တဲ့အခါမှာ အခက်အခဲ မရှိပါဘူး။ ၉၀% လောက်ကတော့ အဆင်ပြေပြေနဲ့ ဖြစ်သွားတယ်။ ကျန်တဲ့ ၁၀% လောက်ကတော့ အချို့ကိစ္စလေးတွေမှာ၊ သိကြတဲ့အတိုင်း ပဲခူးတိုင်းတို့၊ မကွေးတိုင်းတို့တွေမှာ တော်တော်လေး ညှိရတဲ့အပိုင်းရှိတော့ ၁၀% လောက်ကတော့ ညှိနှိုင်းတဲ့ ခွင်ထဲမှာပဲရှိပြီးတော့ လုပ်ခဲ့ရတယ် ဆိုတဲ့အကြောင်းကို သေသေချာချာ သိအောင်လို့ ပြောပြတာပါ။

“အခုအခါ ၁၀၀ ပဲ ရွေးရမယ်ဆိုတဲ့ ဖွဲ့စည်းပုံပါ စည်းကမ်းအရ ၁၀၀ ပဲရွေးပြီး နိုင်ငံရေးအရ တာဝန်ပေးအပ်ဖို့ ပုဂ္ဂိုလ် ၈ ဦးကိုလည်း စာရင်းတို့ပြီး အရန် CC တွေ အနေနဲ့ မှတ်တမ်းတင်ပြီး အတည်ပြုလိုက်ပါပြီ။ ထုတ်ပြန်တာကတော့ ဒီနေ့ အချိန်လည်း မရှိတော့ဘူး။ မနက်ဖြန်လည်း ရုံးပိတ်ရက်ဆိုတော့ ၃ ရက်နေ့၊ သို့မဟုတ် ၄ ရက်နေ့မှ ထုတ်ပြန်နိုင်လိမ့်မယ်လို့ ယူဆပါတယ်။”

CEC အဖွဲ့နဲ့ CC အဖွဲ့နဲ့ ဘယ်တော့တွေ့ဆုံဖို့ ရှိပါလဲ။

“CC တွေကို ထုတ်ပြန်ပြီးတဲ့အခါ တိုင်းနဲ့ပြည်နယ်တွေကို အကြောင်းကြားမှာပါ။ ဒီလထဲမှာတော့ မဖြစ်နိုင်တော့ပါဘူး။ နောင် အဆင်ပြေတဲ့အချိန် သင်္ကြန်မတိုင်ခင်လောက်ပဲ ဖြစ်မလား၊ သင်္ကြန်ပြီးမှပဲ ဖြစ်မလားတော့ မသိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီမှာလည်း ဆက်သွယ်ရေး အခက်အခဲတွေ၊ သွားရေးလာရေး အခက်အခဲတွေ ရှိတော့၊ သင်္ကြန်ကာလလည်း ပိတ်ဦးမယ်ဆိုတော့ ခန့်မှန်းလို့တော့ မရသေးဘူး။ ၂ လအတွင်းမှာတော့ ခေါ်ဖို့အကြောင်း ရှိပါလိမ့်မယ်။”

CEC အဖွဲ့အနေနဲ့ ဗဟိုဦးစီး အဖွဲ့ဝင်တွေ CC တွေကို အထူးတလည် တာဝန်သတ်မှန်ပြီး ပေးထားတာ ရှိပါပြီလား။

“မရှိပါဘူး။ ဖွဲ့စည်းရေး လမ်းညွှန်မှာလည်း CC တွေ ဘယ်လိုတာဝန်ထမ်းရမယ် ဆိုတာကို အတိအကျ သတ်မှတ်ထားတာ မရှိပါဘူး။ ရွေးပြီးတော့ CC အစည်းအဝေး ခေါ်ပြီးတဲ့အခါမှာ တိုင်းနဲ့ပြည်နယ်အလိုက် တင်ပြလာတဲ့ လိုအပ်ချက်တွေကို ကြည့်ပြီးတော့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကိစ္စတွေကို ခွဲဝေ တာဝန်ပေးဖို့ ဖြစ်လာမှာပါ။ အဲဒီအခါမှာ ညှိနှိုင်းပြီးတော့မှ ဘယ်လိုပုံသဏ္ဌာန်နဲ့ သွားမယ်ဆိုတာကို မူတခုချပြီးတော့ ပေးသွားဖို့အကြောင်း ရှိလာပါလိမ့်မယ်။ အဲဒါကလည်း CC တွေနဲ့ တွေ့ဆုံပြီးတဲ့အခါမှာ ညှိနှိုင်းဆွေးနွေးပြီးမှ ဆုံးဖြတ်ချက်အရ တာဝန်ပေးအပ်ရမှာ ဖြစ်ပါတယ်။”

ဗဟိုဦးစီးအဖွဲ့ဝင် ၁၀၀ ကျော် အခု ရွေးချယ်ပြီးပြီဆိုတော့ ရှေ့ဆက်ပြီး NLD ရဲ့ လုပ်ကိုင်ဆောင်ရွက်နိုင်တဲ့ အလားအလာကို နည်းနည်း ပြောပြပေးပါ။

“ရွေးတာကတော့ ၁၀၀ ရွေးလိုက်တာပါပဲ၊ ဒါပေမဲ့ အရန်က ၈ ဦး ပါပါသေးတယ်။ ၈ ဦးကလည်း စာရင်းဝင်ပါပဲ။ သူတို့ဟာ နောင်အခါမှာ CC ထဲကို ထည့်ဖို့အတွက် လျာထားပြီး ကြိုပြီးရွေးထားတဲ့ Waiting List ပေါ့လေ။ ဒါပေမဲ့ သူတို့က အစည်းအဝေးတွေမှာ မဲပေးနိုင်ခွင့်သာ မရှိတာ၊ အဆိုပြုခြင်း၊ ဆုံးဖြတ်ခြင်းတွေထိတော့ ဆောင်ရွက်နိုင်တဲ့ ပုဂ္ဂိုလ်တွေပါ။ ဒီဟာကို ရှေ့လျှောက်ပြီး အခြေခံ မြို့နယ်၊ တိုင်းတွေ၊ ပြည်နယ်တွေမှာရှိတဲ့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေ၊ စီးပွားရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို အဖွဲ့ဝင်တွေ အတွက်ရော ပြည်သူတွေအထိပါ နိုင်ငံရေး သက်ရောက်မှုတွေကို ဆောင်ရွက်ပေးမှာပါ၊ CC တွေက တဆင့်ပေါ့လေ။

“CC ဆိုတာက ဗဟိုနဲ့ အခြေခံ အဖွဲ့တွေနဲ့ တိုက်ရိုက်ဆက်သွယ်နိုင်မယ့် အခွင့်အရေး ရနိုင်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်တာမို့ တိုင်းနဲ့ပြည်နယ် အဖွဲ့အစည်းတွေရဲ့ တင်ပြချက်တွေ စောင့်စရာ မလိုပါဘူး။ ချက်ချင်းလက်ငင်း အကျိုးသက်ရောက်မှု ရှိမှာမို့ CC တွေ အသစ်ဖွဲ့စည်းလိုက်တဲ့ဟာက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အတွက် အင်မတန်မှ အင်အားတရပ် ဖြစ်လိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်။

VOA

ကိုမင်းကိုနိုင်၏ ၀တ္တုတို

MinKoNaing-ShortStory[1]

The Voice 6 17(E Book)

The Voice 6 17(E Book)