-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Wednesday, February 3, 2010

ဒေါ်နော်အုန်းလှတို့ကို ၁၅ ရက်နေ့ စီရင်ချက်ချမည်


မြင့်မောင် | အင်္ဂါနေ့၊ ဖေဖေါ်ဝါရီလ ၀၂ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၅၅ မိနစ် .
နယူးဒေလီ (မဇ္ဈိမ)။ ။ နိုင်ငံတော် ဆူပူအောင် လှုံ့ဆော်မှုဖြင့် တရားစွဲခံနေရသည့် ဒေါ်နော်အုန်းလှ အပါအဝင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူ အမျိုးသမီး ၄ ဦး အမှုကို အင်းစိန်ထောင် ခရိုင် တရားရုံးက ယခုလ ၁၅ ရက်နေ့တွင် စီရင်ချက်ချတော့မှာဖြစ်သည်။

အရှေ့ပိုင်းခရိုင် တရားရုံးက ယမန်နေ့က ပြုလုပ်သော တရားခွင်တွင် အမိန့်ချမည့်အကြောင်း ဆုံးဖြတ်ချက်ပေးရာ လေးလကျော်ကြာ ထောင်တွင်းမှ တရားရင်ဆိုင်ခဲ့ရသော ဘုန်းကြီးကျောင်း ဆွမ်းကပ်အပြန် အဖမ်းခံခဲ့ရသူများ၏ အမှု အဖြေထွက်တော့မှာ ဖြစ်သည်။

“ဒေါ်နော်အုန်းလှနဲ့ အမှုတွဲကို နောက်ဆုံး လျှောက်လဲချက် ပေးရတယ်။ အမိန့်ချဖို့အတွက် ၁၅ ရက်နေ့ကို ပြန်ချိန်းတယ်။ အဲဒီနေ့မှာ အပြီးသတ် အမိန့်ချမယ်” ဟု တရားဆိုင်များ၏ ရှေ့နေ ဦးကျော်ဟိုးက မဇ္ဈိမကို ပြောသည်။
“ကျောင်းထိုင်ဆရာတော်ကို ကမ္မဝါစာရွက် ၄၂ ခုကို ကပ်လှူခဲ့တယ်ဆိုပြီး စွပ်စွဲတယ်။ ဒါနဲ့ပတ်သက်ပြီး ကျနော်တို့ တင်ပြတာက ဘာမှ အထောက်အထား မရှိဘူး။ ကမ္မဝါစာရွက် သိမ်းဆည်းထားတာ မရှိဘူး။ ဆရာတော်ကိုလည်း သက်သေပြထားတာ မရှိဘူး။ ဒါကြောင့် စွဲချက်က မခိုင်လုံကြောင်း လျှောက်လဲ ခဲ့တယ်။ မျက်မြင်သက်သေ မရှိ၊ ခိုင်လုံတဲ့ အထောက်အတား မရှိတဲ့အတွက် တရားသေလွှတ်ပေးဖို့ လျှောက်လဲခဲ့တယ်” ဟု သူက ဆက်ပြောသည်။

ဒေါ်နော်အုန်းလှ (မှော်ဘီ)၊ မမြင့်မြင့်စန်း (ဒလမြို့နယ်)၊ မချိုချိုလွင် (သင်္ဃန်းကျွန်း) နှင့် မချို (တောင်ဒဂုံ) တို့ကို ရန်ကုန်တိုင်း ဒဂုံမြို့သစ် မကွေးပရိယတ္တိ စာသင်တိုက်ရှိ ကျောင်းထိုင် ဆရာတော် ဦးပါမောက္ခကို ကမ္မဝါစာရွက် ၄၂ ခုကို ကပ်လှူခဲ့သည်ဟုဆိုကာ နိုင်ငံတော် ဆူပူအောင် လှုံ့ဆော်မှု - ပုဒ်မ ၅၀၅ (ခ) ဖြင့် ရန်ကုန်တိုင်း ရဲသတင်းတပ်ဖွဲ့က တရားစွဲခဲ့သည်။

“တဖက် ဥပဒေအရာရှိက လျှောက်လဲချက်ကို မပေးတော့ဘူး။ စာရေး လျှောက်လဲချက်တင်မယ် ဆိုပြီးတော့ တင်သွားတယ်။ အမှန်က တရားလိုက ကျနော်တို့ တင်ပြတဲ့ အချက်အလက်တွေ တရားဝင် အပြန်အလှန် ချေပရမှာ ဖြစ်တယ်။ ဒါပေမဲ့ ဥပဒေ အကျိုးဆောင် အရာရှိက ပြန်လည်ချေပတာ မလုပ်ဘဲ ရုံးတော်ကို စာရေးသား လျှောက်လဲချက် ပေးတယ်ဆိုပြီး ရုံးတော်ကို တင်သွားတယ်” ဟု ဦးကျော်ဟိုးက ပြောသည်။

ဒေါ်နော်အုန်းလှသည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်မှ ပြန်လွှတ်ပေးရန် ရွှေတိဂုံဘုရားသို့ သွားရောက်ကာ အပတ်စဉ် အင်္ဂါနေ့တိုင်း ဝတ်ပြုဆုတောင်းသည့် အဖွဲ့တွင် တက်ကြွစွာ ပါဝင်ခဲ့သူဖြစ်သည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၃ ရက်နေ့တွင် ရန်ကုန်တိုင်း ဒဂုံမြို့သစ် မကွေးပရိယတ္တိ စာသင်တိုက်၌ ဆွမ်းကပ်ပြီးအပြန် ရဲက သူတို့လေးဦးကို ဖမ်းဆီးခဲ့သည်။

အလားတူပင် အင်းစိန်ထောင် တရားရုံးက နိုင်ငံတဝှန်း မြို့နယ် ၅ မြို့နယ်မှ ဖမ်းဆီးခံခဲ့ရသည့် တက်ကြွ လှုပ်ရှားသူ ၈ ဦးထဲမှ ၅ ဦးကို ပြီးခဲ့သည့်လအတွင်း ထောင်ဒဏ်များ ချမှတ်ခဲ့သည်။ မကွေးတိုင်း ရေနံချောင်းမြို့ ရွှေစေတီကျောင်းမှ လက်ထောက်ဆရာတော် ဦးဝါယမ၊ ချောက်မြို့ အနောက်ငွေတောင် ပါဋိတက္ကသိုလ်မှ ဦးရေဝတ၊ ပခုက္ကမြို့ သာသနာ့ဝိပုလာရာမ အနောက်တိုက်မှ ဦးဝိသုဒ္ဓ၊ မန္တလေးမြို့မှ ဦးရဲမြင့်နှင့် ပဲခူးမြို့မှ ဦးကျော်ခင်တို့ကို အသင်းအဖွဲ့ပုဒ်မ၊ နယ်စပ်ဖြတ်ကျော်မှု၊ နိုင်ငံခြားငွေကြေး ကိုင်ဆောင်မှု၊ နိုင်ငံတော် ဆူပူအောင် လှုံ့ဆော်မှုတို့ဖြင့် စွဲချက်တင်ထားရာမှ အနည်းဆုံး ထောင်ဒဏ် ၆ နှစ်မှ ၉ နှစ်အထိ ချမှတ်ခဲ့ကြောင်း သိရသည်။

၎င်းတို့မှာ ရှေ့နေ မပါရှိဘဲ အမှုရင်ဆိုင်ခဲ့ရာမှ ယခုလို ပြစ်ဒဏ်များ ကျခံကြရခြင်းဖြစ်သည်။ ကျန် ၃ ဦး ဖြစ်သည့် မန္တလေးမြို့မှ ကိုညိုနဲ့ မသန္တာထွန်းတို့ကို အသင်းအဖွဲ့ပုဒ်မ၊ နယ်စပ်ဖြတ်ကျော်မှု အပါအဝင် ၃ မှု၊ ဆရာတော် ဦးဃောသိတကို အသင်းအဖွဲ့ပုဒ်မ၊ နယ်စပ်ဖြတ်ကျော်မှု၊ နိုင်ငံခြားငွေကြေး ကိုင်ဆောင်မှုဖြင့် စွဲချက်တင် စစ်ဆေးခဲ့ပြီး ပြန်ခေါ်သက်သေများကို ပြန်လည်စစ်ဆေးနေကြောင်း အမှုကို လိုက်ပါ ဆောင်ရွက်နေသည့် ရှေ့နေ ဦးကျော်ဌေးနှင့် ရှေ့နေ ဦးကျော်ဟိုးတို့က ပြောသည်။

၎င်းတို့အားလုံးသည် ပြီးခဲ့သည့်နှစ် သြဂုတ်လကုန်နှင့် စက်တင်ဘာ လဆန်းပိုင်းအတွင်း ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်

၂၀၁၀ ရွေးကောက်ပွဲကိစ္စ နိုင်ငံတကာ သံတမန်တွေ စိုးရိမ်


03 February 2010


မြန်မာစစ်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပမယ်လို့ ပြောဆိုနေပေမဲ့လည်း ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို အခုချိန်ထိ မထုတ်ပြန်သေးတဲ့အတွက် နိုင်ငံတကာ အသိုင်းအ၀ိုင်းက စိုးရိမ်နေကြပါတယ်။ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး အခြေအနေတွေ အပါအ၀င် ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲတရပ်ကို နယူးယောက်မြို့က ကုလသမဂ္ဂ ရုံးချုပ်မှာ ကျင်းပခဲ့ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး စုံစမ်းမေးမြန်းထားတဲ့ ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပမယ့်ရက် မကြေညာသေးသလို ရွေးကောက်ပွဲနဲ့ ဆိုင်တဲ့ ဥပဒေတွေကို မထုတ်ပြန်သေးတဲ့အပြင် နိုင်ငံရေးနဲ့ဆိုင်တဲ့ အကျဉ်းသားတွေကို လွှတ်မပေးသေးတဲ့အတွက် ဒီရွေးကောက်ပွဲဟာ ဂုဏ်သိက္ခာရှိပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာနိုင်ပါ့မလားလို့ နိုင်ငံတကာ အသိုင်းအ၀ိုင်းက စိုးရိမ်နေကြပါတယ်။ အဲဒါကြောင့် မြန်မာ့အရေးကို စိတ်ဝင်စားကြတဲ့ နိုင်ငံတွေက ၂၀၁၀ ရွေးကောက်ပွဲ အခြေအနေတွေနဲ့ ဆိုင်တဲ့ ဆွေးနွေးပွဲတခုကို နယူးယောက်မြို့ ကုလသမဂ္ဂဆိုင်ရာ အိုင်ယာလန်နိုင်ငံရဲ့ မစ်ရှင်မှာ ပြုလုပ်ခဲ့ပြီး အိုင်ယာလန်နိုင်ငံနဲ့ ချက်သမ္မတနိုင်ငံတို့က ကမကထလုပ် စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမှာ အဓိက ပြောဆိုဆွေးနွေးခဲ့တာတွေနဲ့ ပတ်သက်ပြီး NCGUB အဝေးရောက် မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရရဲ့ ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာသောင်းထွန်းက အခုလို ပြောပါတယ်။

“အဓိက သိချင်တာကတော့ ပထမဦးဆုံးအချက် အနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲရဲ့ အချိန်ဇယားပေါ့၊ ဒုတိယကတော့ ရွေးကောက်ပွဲ ကျင်းပမယ်လို့ နအဖဘက်က ကြေညာထားတယ်။ ဒါပေမဲ့ ယနေ့အထိ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဆိုင်ရာ ဥပဒေတွေ ထွက်မလာတဲ့ အပေါ်မှာ ဒီဥပဒေက ဘယ်တော့ ထွက်ဖို့ရှိလဲ၊ နအဖဘက်က ဘယ်လိုမျိုး ပြင်ဆင်မှုတွေ လုပ်သလဲဆိုတဲ့ အပိုင်းပေါ့။

“နောက်တခုကတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အပါအ၀င် တခြား နိုင်ငံရေး ပါတီတွေ၊ တိုင်းရင်းသား အင်အားစုတွေနဲ့ တွေ့ဆုံ ဆွေးနွေး ညှိနှိုင်းမှုတွေ လုပ်ရမယ်။ ဒေါ်အောင်ဆန်းစုကြည်၊ ခွန်ထွန်းဦး အပါအ၀င် ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ၊ နိုင်ငံရေး ခေါင်းဆောင်တွေ၊ ရှစ်လေးလုံးက ကိုမင်းကိုနိုင်တို့ အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ရမယ်။ ဆိုတော့ အဲဒီအပိုင်းတွေ အပေါ်မှာ ဘယ်လောက် အတိုင်းအတာထိ တိုးတက်မှုရှိသလဲ၊ ဘယ်လို အခြေအနေတွေ ရှိသလဲ။

“အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အပါအ၀င် တခြား တိုင်းရင်းသား နိုင်ငံရေး ပါတီတွေ၊ အင်အားစုတွေရဲ့ ၂၀၁၀ အပေါ် သဘောထား အမြင်တွေကိုလည်း အဓိကထားပြီး မေးမြန်း ဆွေးနွေးကြတာ ဖြစ်ပါတယ်။”

ဒီဆွေးနွေးပွဲကို ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေ အပါအ၀င် အမေရိကန် ပြည်ထောင်စု၊ ကနေဒါ၊ နော်ဝေး၊ ဆွီဒင်၊ ဒိန်းမတ်လို မြန်မာ့မိတ်ဆွေ နိုင်ငံတွေနဲ့ အရှေ့တောင်အာရှ နိုင်ငံက သံတမန်တချို့လည်း တက်ရောက် ဆွေးနွေးခဲ့ပါတယ်။ ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ အခြေအနေတွေကို ဆွေးနွေးခဲ့သလို မြန်မာနိုင်ငံတွင်းက နိုင်ငံရေးနဲ့ လူ့အခွင့်အရေး အခြေအနေတွေအပေါ် ဆွေးနွေးခဲ့တာနဲ့ ပတ်သက်ပြီး ဒေါက်တာသောင်းထွန်းက အခုလို ဆက်ပြောပါတယ်။

“ဥရောပသမဂ္ဂ အပါအ၀င် နိုင်ငံတော်တော်များများက မြန်မာနိုင်ငံမှာ ငြိမ်းချမ်းချောမွေ့တဲ့ ဒီမိုကရေစီရေး အသွင်ကူးပြောင်းမှု ဖြစ်စေချင်တယ်။ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်တာ မြင်စေချင်တယ်။ ဒါနဲ့ပတ်သက်လို့လည်း အထွေထွေညီလာခံ ဆုံးဖြတ်ချက်တွေထဲမှာ ဖော်ပြထားပြီး ဖြစ်သလို အထွေထွေ အတွင်းရေးမှူးချုပ်ကိုလည်း အဲလိုမျိုး မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီရေး အတွက် ကြားဝင် ဆောင်ရွက်ပေးဖို့ဆိုပြီး တိုက်တွန်း ဆုံးဖြတ်ချက် ချထားတာတွေ ရှိပါတယ်။

“အဲဒီအခြေအနေနဲ့ ပတ်သက်လို့ သူတို့အနေနဲ့က စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီဆုံးဖြတ်ချက်တွေ၊ အကြံပြုချက်တွေ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ အကြံပြုချက်တွေ ရှိပေမဲ့ တကယ်တမ်း ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေး အခြေအနေဟာ တိုးတက်လာမှု၊ လူ့အခွင့်အရေး အခြေအနေ တိုးတက်လာမှု တစုံတရာ မတွေ့ရဘူး။ ဒါ အထွေထွေ ညီလာခံ ဆုံးဖြတ်ချက် ချထားပြီးတဲ့ နောက်ပိုင်းမှာပေါ့။

“အဲဒါတွေနဲ့ ပတ်သက်လို့ သူတို့က စိုးရိမ်မှု ရှိသလို ဂုဏ်သိက္ခာရှိတဲ့ ရွေးကောက်ပွဲတခု၊ အင်အားစုအားလုံး ပါဝင်တဲ့ဟာ ဖြစ်ပ့ါမလား၊ ဒါတွေနဲ့ ပတ်သက်လို့လည်း သူတို့မှာ စိုးရိမ်မှုတွေ ရှိပါတယ်။ ဒါကြောင့် ဒီမေးခွန်းတွေ ထွက်လာတာ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ တိုးတက်ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာဖို့အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အပါအ၀င် အတိုက်အခံ နိုင်ငံရေး အင်အားစုတွေ အားလုံးနဲ့ စေ့စပ်ဆွေးနွေးမှုတွေ လုပ်ဖို့၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို လွှတ်ပေးဖို့၊ ရွေးကောက်ပွဲကို လွတ်လပ် တရားမျှတပြီး အားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အမေရိကန် အပါအ၀င် နိုင်ငံတကာက တောင်းဆိုနေတာကို မြန်မာစစ်အစိုးရက အခုချိန်ထိ အပြုသဘောဆောင် တုံ့ပြန်ခြင်း မရှိသေးတဲ့ အပေါ်မှာလည်း နိုင်ငံတကာ အသိုင်းအ၀န်းက စိုးရိမ်မှုတွေ ဖြစ်နေတယ်လို့ ဒေါက်တာသောင်းထွန်းက ပြောကြားခဲ့ပါတယ်။

Tuesday, February 2, 2010

ဦးသန့်၏ ခေါင်းဆောင်မှုကို ဘန်ကီမွန်း ချီးကျူး


Tuesday, 02 February 2010 13:48 ဧရာဝတီ .ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ကမ္ဘာ့အရေး အခင်းများကို နိုင်နင်းစွာ ကိုင်တွယ် ဖြေရှင်းနိုင်ခဲ့သည့် အတွင်းရေးမှူး ချုပ်ဟောင်း ဦးသန့်ကို ယမန်နေ့က ချီးကျူး လိုက်သည်။


၁၉၇၁ ခုနှစ်က နယူးယောက်မြို့ ကမ္ဘာ့ကုလသမဂ္ဂ ဌာနချုပ်တွင် တွေ့ရသော ဦးသန့် (ဓာတ်ပုံ - UN)
ဘန်ကီမွန်းက နယူးဒေလီ မြို့တွင် ပြုလုပ်သည့် ဦးသန့် နှစ် ၁၀၀ ပြည့် အခမ်းအနားသို့ ပေးပို့သော သ၀ဏ်လွှာတွင် “ဦးသန့်သည် သံတမန် တဦးအဖြစ် တာဝန် ထမ်းဆောင်စဉ် အရည်အချင်း ပြည့်ဝပြီး ဇွဲလုံ့လ ၀ီရိယ ကြီးမားသူ တဦး ဖြစ်သည်။ ကမ္ဘာ့ ကုလသမဂ္ဂကို ဆယ်စုနှစ် တခုကြာ တာဝန်ယူ ကိုင်တွယ်စဉ်က ကျူးဘားနိုင်ငံ ဒုံးလက်နက်များ ဖယ်ရှားရေး၊ ကွန်ဂိုနိုင်ငံ ပြည်တွင်းစစ် အဆုံး သတ်ရေး စသည့် အရေးအခင်း များတွင် အဓိက အခန်း ကဏ္ဍမှ ဖြေရှင်း ပေးခဲ့သူ ဖြစ်သည်” ဟု ရေးသား ထားသည်။

“ဦးသန့်သည် ဆင်းရဲမှု တိုက်ဖျက်ရေး၊ ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ်၊ ဖွံ့ဖြိုးဆဲ နိုင်ငံများကို အကျိုးရှိစေမည့် ကုလသမဂ္ဂ ကုန်သွယ်မှုနှင့် ဖွံ့ဖြိုးရေး ညီလာခံတို့ ပေါ်ပေါက် ရေးအတွက် ကြိုးပမ်းခဲ့သည်” ဟု သ၀ဏ်လွှာတွင် ဆက်လက် ရေးသားထားသည်။

“၀မ်းနည်းဖွယ် ကောင်းသည်မှာ သူ၏ လူသား ဖွံ့ဖြိုးရေး မျှော်မှန်းချက်များသည် သူ၏ နိုင်ငံတွင် အကောင်အထည် မဖော်နိုင်သေးသည့် အချက်ဖြစ်သည်” ဟု ဘန်ကီမွန်းက ဆိုသည်။

“ယခု ကျွန်ုပ် တာဝန်ယူထားသည့် ရာထူးနေရာအား ဆက်ခံခဲ့သူ အများအပြားကို အားကျ အတုယူခဲ့ပါသည်။ ထိုသူများအနက် ဦးသန့်သည် ထူးခြားသည့် ပုဂ္ဂိုလ်ဖြစ်သည်ဟု ယူဆပါသည်။ ကမ္ဘာကြီး၏ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရေး၊ ရာသီဥတု ပြောင်းလဲမှုကို ဟန့်တားရေးအတွက် ကျွန်ုပ်တို့ ယနေ့ ကြိုးပမ်းနေမှုများကို ဦးသန့်၏ ရေရှည်ဖွံ့ဖြိုးရေး အစီအစဉ်များက အုတ်မြစ်ချပေးခဲ့ခြင်း ဖြစ်ပေသည်” ဟု ဘန်ကီမွန်းက သ၀ဏ်လွှာတွင် ဖော်ပြထားသည်။

ဦးသန့်သည် ဧရာဝတီတိုင်း ပန်းတနော်မြို့ဇာတိ ဖြစ်ပြီး ၁၉၀၉ ခု ဇန်န၀ါရီလ ၂၂ ရက်တွင် မွေးဖွားသည်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် တာဝန်ကို ၁၉၆၁ ခုနှစ်မှ ၁၉၇၁ ခုနှစ် အထိ ထမ်းဆောင်ခဲ့သည်။ ၁၉၇၄ ခုနှစ် နိုဝင်ဘာ ၂၅ ရက်နေ့၌ နယူးယောက်မြို့တွင် အဆုတ်ကင်ဆာ ဝေဒနာဖြင့် ကွယ်လွန်သည်။

မစ္စတာ ဘန်ကီမွန်းသည် တောင်ကိုရီးယား နိုင်ငံသားဖြစ်သည်။ ၂၀၀၇ ခုနှစ်တွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အဖြစ် ရွေးချယ်ခံရသည်။

ပြီးခဲ့သည့်နှစ် ဇူလိုင်လက မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်မြောက် သွားရောက်စဉ် ဘန်ကီမွန်းက “ကျနော်ဟာ ဦးသန့်ရဲ့ လုပ်ဆောင်ချက်တွေကို လေးစား ကြည်ညိုသူဖြစ်ပြီး သူ့ရဲ့ အမျှော်အမြင်ကြီးမားလှတဲ့ စကားတွေကိုလည်း ပြန်လည်အောက်မေ့ မိပါတယ်” ဟု ရန်ကုန်မြို့တွင် ပြောဆိုခဲ့သေးသည်။

Monday, February 1, 2010

သူ့ရဲ့ အင်းလျားကန်စောင်းက နေ့ရက်များ


Monday, 01 February 2010 19:50 ဘကောင်း .

“ဒါ ကျမကိုယ်တိုင် လုပ်ထားတာပေါ့” လို့ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ရှေ့နေ ဦးဉာဏ်ဝင်းကို ရေခဲမုန့်နဲ့ ဧည့်ခံရင်း ပြောလိုက်တယ်။ ပြီးတော့ သူက “အရည် ပျော်မသွားခင် မြန်မြန်လေး စားလိုက်ပါဦး” လို့ ဆက်ပြောပါတယ်။


ရေခဲမုန့် လုပ်တာပဲ ဖြစ်ဖြစ် ကိတ်မုန့် ဖုတ်တာပဲဖြစ်ဖြစ် လုပ်နေရတာဟာ ရန်ကုန် အင်းလျား ကန်ပေါင်ဆီက ယိုယွင်းနေတဲ့ အိမ်အိုကြီးထဲမှာ အတင်းအကျပ် ထိန်းသိမ်း ခံထားရတဲ့ ဒေါ်အောင်ဆန်း စုကြည်အတွက် ရှည်လျားလှတဲ့ အကျဉ်းစံ အချိန်တွေကို ကုန်ဆုံးစေတဲ့ နည်းတွေထဲက တခုပါ။

ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ အိမ်ကို အလည် ရောက်ခဲ့တဲ့ ဦးဉာဏ်ဝင်းက “ဒေါ်စုက ပါတီ (အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် - NLD) ကို ဒီထက်ပို အားကောင်းအောင် ဘယ်လိုလုပ်မယ် ဆိုတာတွေကို အစီအစဉ် ရေးဆွဲရင်းနဲ့ သူ့ရဲ့ အချိန်တွေကို အကျိုးရှိရှိ အသုံးချနေတာပါ” လို့ ဆိုပါတယ်။

အသက် ၆၄ နှစ်ရှိပြီဖြစ်တဲ့ NLD ပါတီခေါင်းဆောင်ဟာ ကျန်းမာရေးကောင်းမွန်လျက် ရှိနေဆဲပဲ၊ ပြီးတော့ အင်္ကျီလက်ရှည် အဝါရောင်နုနုလေးကို ဝတ်ထားတယ် လို့လည်း သူကပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ ဆွေးနွေးဖြစ်တဲ့ ကိစ္စတွေထဲမှာ သူ့ရဲ့လက်ရှိနေအိမ် အကျယ်ချုပ်အတွက် ဥပဒေကြောင်းအရ ဘယ်လို ဆက်လက် ဆောင်ရွက်သွားမလဲ ဆိုတဲ့ကိစ္စ၊ NLD ပါတီ တိုးချဲ့ရေးနဲ့ သူ့ အိမ်ကိုပြန်ပြင်ဖို့ ကိစ္စတွေပါတဲ့အကြောင်း ရှေ့နေဦးဉာဏ်ဝင်းက ဧရာဝတီကို ပြောပြခဲ့ပါတယ်။

ဦးဉာဏ်ဝင်းရဲ့အဆိုအရ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့အချိန်တွေကို ဗုဒ္ဓဘာသာ ၀ိပဿနာနဲ့ ပတ်သက်တဲ့ စာအုပ်တွေ ဖတ်ရင်း၊ ပြင်သစ်ဘာသာနဲ့ ရေးသားထားတဲ့ စာအုပ်တွေအပါအ၀င် ခရီးသွားနဲ့ သမိုင်းဆိုင်ရာ စာအုပ်တွေ ဖတ်ရင်း၊ ရေဒီယို နားထောင်ရင်း၊ မြန်မာ့အသံနဲ့ မြဝတီ ရုပ်မြင်သံကြားလိုင်းတွေသာ ကြည့်ရှုရင်းနဲ့ ကုန်ဆုံးစေတယ်လို့ သိရပါတယ်။

ဆင်ဆာလုပ်ထားတဲ့ Times နဲ့ News week မဂ္ဂဇင်းတွေကို သူ့ကို ပေးခွင့်ရှိတယ်လို့လည်း ဆိုပါတယ်။ အင်းစိန်ထောင်မှာ မစ္စတာ ယက်ထောရဲ့အမှု ရင်ဆိုင်နေစဉ်အတွင်း သွားတွေ့တုန်းက ဒေါ်အောင်ဆန်းစုကြည် မှာထားတဲ့ ပြင်သစ်စာအုပ် အုပ် ၂၀ ကို ပေးခဲ့သေးတယ်ဆိုတဲ့ အကြောင်းလည်း ရှေ့နေဦးဉာဏ်ဝင်းက ပြောပြပါတယ်။

“ဒေါ်စုကတော့ ကျနော့်ကို နိုင်ငံတကာစာအုပ်တွေ မှာတာပဲဗျာ။ ကျနော်က သူမှာတဲ့အတိုင်း အမြဲတမ်း ပေးခွင့် မရှိပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ ကြာသပတေး နေ့တုန်းကတော့ မြန်မာပြည်ကို ဒီဇင်ဘာလက အလည်လာသွားတဲ့ နိုဗဲလ် စီးပွားရေးဆုရှင် ဂျိုးဇက် စတစ်ဂလစ်ရဲ့ စာအုပ်တအုပ်ကို လက်ဆောင်အဖြစ်နဲ့ ဒေါ်စုကို ပေးနိုင်ခဲ့ပါတယ်” လို့ ဦးဉာဏ်ဝင်းက ဆက်ပြောပါတယ်။ Stiglitz ကGlobalization and Its Discontent လို့အမည်ရတဲ့ သူ့စာအုပ်ကို ဒေါ်အောင်ဆန်းစုကြည်ဆီ ပို့ပေးဖို့ သူရဲ့ခရီးစဉ် အတွင်းမှာ ဦးဉာဏ်ဝင်းကို မှာခဲ့တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လက အင်းစိန်ထောင်ထဲက တရားရုံးတခုမှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် အပြစ်ပေးခံခဲ့ရပြီး အဲ့ဒီကမှ တဆင့် ၁၈ လ နေအိမ်အကျယ်ချုပ်အဖြစ် ပြောင်းလဲ ကျခံနေရတာ ဖြစ်ပါတယ်။ ဟာသပြဇာတ် နဲ့တူတဲ့ သူ့ရဲ့ တရားရင်ဆိုင်မှုအပြီးမှာ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးတယောက် စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အထူးအမိန့်နဲ့အတူ တရားရုံးကိုရောက်လာပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းရဲ့ သမီးဖြစ်တာကြောင့် အပြစ်ဒဏ်ကို တ၀က်လျှော့သင့်ပြီး ကျန်တဲ့အပြစ်ဒဏ်တွေကို ဆိုင်းငံ့ထားသင့်တယ်လို့ ပြောခဲ့တာပါ။

ဗိုလ်ချုပ်မောင်ဦး ဖတ်သွားတဲ့အမိန့်ထဲမှာ တကယ်လို့ ဒေါ်စုအောင်ဆန်းစုကြည် အနေနဲ့ သူ့အပေါ်ချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေအတိုင်း အင်းလျားကန်နေအိမ်မှာ ကောင်းကောင်းမွန်မွန် နေထိုင်မယ်ဆိုရင် ဆိုင်းငံ့အပြစ်ဒဏ် မပြီးဆုံးခင်မှာဘဲ သူ့ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ်ဆိုတာ ပါပါသေးတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ အနှစ် ၂၀ အတွင်းမှာ ၁၄ နှစ်နီးပါး အထိန်းသိမ်းခံခဲ့ရတာဖြစ်ပြီး အချိန်အများစုကို နေအိမ်အကျယ်ချုပ်ဘ၀နဲ့ နေခဲ့ရတာဖြစ်ပါတယ်။ လေ့လာသုံးသပ်သူတွေကတော့ ဒီတရားစွဲဆိုမှုဟာ နိုင်ငံရေးပြကွက်တခုဖြစ်ပြီး စစ်အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၀ ရွေးကောက်ပွဲ မကျင်းပခင်မှာ နေအိမ်အကျယ်ချုပ်ဘ၀နဲ့ ဆက်နေစေ ချင်တယ်လို့ ယေဘုယျ သဘောတူကြပါတယ်။

အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ မေလ ၂၀၀၉ မှာ ချမှတ်ခဲ့တဲ့ သူ့ရဲ့ နေအိမ်အကျယ်ချုပ်အပြစ်ဒဏ် တ၀က်နီးပါး ကျခံပြီးဖြစ်ပါတယ်။ နိုဝင်ဘာမှာ သူ လွတ်နိုင်တယ်ဆိုတဲ့ ဗိုလ်ချုပ်မောင်ဦးရဲ့အရိပ်အမြွက်စကား အရဆိုရင် သူ့အနေနဲ့ ကောင်းကောင်းမွန်မွန် နေထိုင်ခြင်းမရှိတဲ့ အတွက် အပြစ်ဒဏ်အကုန်လုံး ကျခံရမယ်လို့ အဓိပ္ပာယ် ထွက်ပါတယ်။

ဗိုလ်ချုပ်မောင်ဦးရဲ့ စကားနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က လုံးဝ တရားမျှတမှု မရှိဘူးလို့ ပြောပြီးပါပြီ။ ဦးဉာဏ်ဝင်းရဲ့အဆိုအရ ဗိုလ်ချုပ်မောင်ဦး ဒီလိုပြောဆိုခဲ့တာဟာ သူ့ရဲ့ နောက်ဆုံးအယူခံကို တရားရုံးမှာ ကြားနာဖို့ စောင့်နေတဲ့အပေါ် အဟန့်အတား ဖြစ်စေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ယုံကြည်နေတယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူ့ရဲ့ ၁၈ လ နေအိမ်အကျယ်ချုပ် အပြစ်ဒဏ်ကုန်ဆုံးမယ့် နိုဝင်ဘာလမှာ လွတ်မြောက်ဖို့ မျှော်လင့်နိုင်ပါသလားလို့ ဦးဉာဏ်ဝင်းကို မေးကြည့်တော့ “လူတယောက် သူ့အပြစ်ဒဏ်ပြီးလို့ လွတ်တာ ထူးဆန်းတဲ့ကိစ္စမှ မဟုတ်တာလို့” ဖြေပါတယ်။

“ဒါပေမယ့် အဲဒီအချိန်မှာ ဒေါ်စုတကယ်မလွတ်ဘူးဆိုရင်တော့ အာဏာပိုင်တွေက သူတို့ ထွေးပြီးသား တံတွေးကို သူတို့ ပြန်မြိုသလိုပဲ ဖြစ်သွားမှာပေါ့” လို့လည်း ဦးဉာဏ်ဝင်းက ဆိုပါတယ်။

နောက်ပြီးတော့ သူက “ကောင်းကောင်းမွန်မွန် နေထိုင်တယ်ဆိုတာ ဘာကိုပြောတာလဲ” လို့ မေးခွန်း ပြန် ထုတ်ပါသေးတယ်။ “ကျနော်တို့ ယူဆတာတော့ ဒေါ်စုက ကောင်းကောင်းမွန်မွန် နေနေတာပဲ၊ သူ့အပေါ်ချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေကို ဘာတခုမှ ချိုးဖောက်တာမရှိဘူးလေ” လို့ သူက ပြန်ပြောပါတယ်။

ဒါပေမယ့်ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီ ရေးတဲ့ စာပါအကြောင်းအရာတွေကို ပြည်သူလူထုသိအောင် ဖြန့်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို ပြီးခဲ့တဲ့လက အစိုးရပိုင်မီဒီယာ ကနေပြီး ရှုတ်ချတိုက်ခိုက် ခဲ့ပါသေးတယ်။

အစိုးရထုတ် သတင်းစာ ဆောင်းပါးတပုဒ်မှာတော့ “ဒေါ်အောင်ဆန်းစုကြည်၏ စာများ နိုင်ငံတော် အကြီးအကဲထံ မရောက်မီ ယခုကဲ့သို့ သတင်းဌာနများသို့ ပေါက်ကြားခြင်းသည် လက်ရှိအုပ်ချုပ်နေသော နိုင်ငံတော်အစိုးရ၏ ပုံရိပ်ကို ပျက်စီးစေရန် ရည်ရွယ်သည့် လုပ်ရပ်ဖြစ်သည့်အပြင် ဤလုပ်ရပ်ကြောင့် အခြားတဖက် (စစ်အစိုးရ) ၏ လုပ်ငန်းစဉ်များကို နှောင့်နှေး ကြန့်ကြာစေနိုင်သည်” လို့ ဖော်ပြခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျဉ်းစံဘ၀ကို ပိုပြီးအဆင်မပြေ ဖြစ်စေတာကတော့ ပြုပြင်ဖို့ လိုနေတဲ့အိမ်ကို ပြန်ပြင်မယ်ဆိုတဲ့ သူ့ရဲ့ ကြိုးစားမှုတွေကို တရားဝင် ပိတ်ဆို့နေတာတွေပါပဲ။ အိမ်ပြင်တဲ့လုပ်ငန်းတွေကို သူ့ရဲ့အစ်ကိုဖြစ်သူနဲ့ တခြားဆွေမျိုးတွေက ကန့်ကွက်တာမို့ ရပ်ဆိုင်းခဲ့ရပါတယ်။ ဦဉာဏ်ဝင်းရဲ့ အပြောအရ ဆိုရင် သူ့အိမ်ဟာ အခု လုံခြုံတဲ့ အနေအထားမှာမရှိတော့ပါဘူး။

အကျဉ်းစံဘ၀ရဲ့ ပြယုဂ်တခုဖြစ်တဲ့ သူ့ရဲ့ စန္ဒရားဟာလည်း တီးခတ်လို့မရတော့တာ နှစ်အတော် ကြာခဲ့ပါပြီ။ ဒါပေမယ့် သူကတော့ တချို့အချိန်တွေကို အနုပညာ အလုပ်တွေနဲ့ ကုန်ဆုံးစေတယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပထမအကြိမ် နေအိမ်အကျယ်ချုပ်က လွတ်မြောက်တဲ့ ၁၉၉၅ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံမေးမြန်း မှုတွေကို အခြေခံတဲ့ Voice of Hope စာအုပ်ကို ရေးသားသူ စာရေးဆရာ Alan Clements ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘ၀ဟာ အကျဉ်းစံဘ၀မှာ ပို၊ ပိုပြီး ခက်ခဲလာနေပြီလို့ ဧရာဝတီကို ပြောပြပါတယ်။

Alan Clements က “ဒေါ်စုရဲ့ အထင်ရှားဆုံးအရာတွေလို့ ကျနော်အမှတ်တရ ရှိနေတာက သူ့ရဲ့ အေးချမ်းတည်ငြိမ်မှုနဲ့ ရိုးသားမှုတွေပါပဲ” လို့ ဆိုပါတယ်။

“သူ့ကို ဖိနှိပ်သူတွေ အပါအ၀င် ဘယ်သူ့ကိုမှ မကောင်းစိတ်မွေးတာ၊ ဒါမှမဟုတ် အာဃာတထားတာ ကျနော် တချက်လေးမှ သတိမထားမိခဲ့ပါဘူး” လို့ သူက ဆက်ပြောပါတယ်။

“နောက်ပြီး ဒေါ်စုဟာ သူ့တိုင်းပြည်မှာရှိတဲ့ သူတွေအားလုံး မိတ်ဆွေတွေဖြစ်လာနိုင်မယ့် နေ့အတွက် သူ ဘယ်လို ဆုတောင်းတယ် ဆိုတာနဲ့ အဲဒီလိုသာ ဖြစ်လာရင် တိုင်းပြည်တခုလုံးအတွက် ဘယ်လောက်များ အကျိုးရှိလိမ့်မလဲဆိုတာတွေကို မကြာခဏ ပြောလေ့ရှိတာပါပဲ” လို့လည်း Alan Clements က ပြောပါတယ်။

ဂျပန်သွားမည့် ဒုက္ခသည်များကို လူတွေ့စစ်ဆေးတော့မည်

ရဲရင့် / ၁ ဖေဖော်ဝါရီ ၂ဝ၁ဝ


ဂျပန်နိုင်ငံက ပထမအသုတ်ခေါ်ယူမည့် မယ်လဒုက္ခသည်စခန်းမှ ဒုက္ခသည် (၃၀) ကို မနက်ဖြန်တွင် ဂျပန်နိုင်ငံအစိုးရ ကိုယ်စားလှယ်အဖွဲ့က လူတွေ့စစ်ဆေးမှု ပြုလုပ်မည်ဖြစ်သည်။

ဂျပန်အစိုးရ တရားရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဌာနမှ တာဝန်ရှိသူများက မယ်လစခန်းတွင် ယခုလ (၂) ရက်မှ (၅) ရက်နေ့ အထိ (၄) ရက်ကြာ လူတွေ့စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်သည်။

ဒုက္ခသည်စခန်းတာဝန်ရှိသူတဦးက “မနက်ဖြန် မိသားစု (၃) စုကို ဂျပန်ကဗျူးမယ်၊ လူ (၁၃) ယောက်လောက်ရှိမယ်၊ တကယ် သွားရမယ်ဆိုတော့ လူကမရှိဘူး။ တချို့ကလည်း နုတ်ထွက်သွားကြတယ်။ သွားမယ့်လူ (၃၀) မပြည့်ရင်တော့ ဂျပန်တွေကို အားနာဖို့တောင် ကောင်းတယ်။ စိတ်ဝင်စားတဲ့လူက အတော့်ကိုနည်းတယ်” ဟု ပြောသည်။

ဂျပန်နိုင်ငံက (၃) နှစ်စီမံကိန်းဖြင့် တနှစ်လျှင်ဒုက္ခသည် (၃၀) ကို ခေါ်ယူမည်ဖြစ်ပြီး မယ်လစခန်းတွင် လျှောက်ထားသူ (၆၀) ခန့် ရှိသော်လည်း မိသားစု (၃) စု နုတ်ထွက်သွားသဖြင့် သတ်မှတ်လူဦးရေ (၃၀) ပြည့်မီရန် အခက်အခဲရှိနိုင်သည်ဟုလည်း ၎င်းက ပြောသည်။

ဒုက္ခသည်အများစုနှင့် ရင်းနှီးနေသည့်တိုင်းပြည်မှာ အမေရိကန်ဖြစ်ပြီး ဂျပန်သို့စွန့်သွားရမည်ကို ဒုက္ခသည်များ စိုးရိမ်နေကြခြင်း ဖြစ်သည်ဟု အမေရိကန်သို့ လျှောက်ထားသူ ဒုက္ခသည်တဦးက ပြောသည်။

၎င်းက “ဂျပန်က ကန့်သတ်ချက်များတယ်၊ အသက် (၄၀) အထက်မရဘူး။ အလုပ်လုပ်နိုင်သူဖြစ်ရမယ်၊ မိသားစုပဲခေါ်တယ်။ ကလေးလည်း ပါရမယ်ဆိုတာကြောင့် အများစုက ဂျပန်ကို မသွားချင်ကြဘူး။ ကရင်အများစုက သူတို့ဆွေမျိုးသားချင်းတွေ ရောက်နေတဲ့ အမေရိကန်ဘက်ကိုပဲ အာရုံရှိကြတယ်” ဟု ပြောသည်။

မယ်လစခန်းဒု-ဥက္ကဋ္ဌ စောထွန်းထွန်းက “ဂျပန်ရဲ့အစီအစဉ်က စနစ်ကျတယ်။ အခုသွားမယ့်လူတွေအတွက် အစိုးရအဖွဲ့မှာ အသေအချာ ဆွေးနွေးပြီးမှခေါ်တာပါ။ ကျနော်ကတော့ သူတို့ကိုသွားစေချင်တယ်” ဟု ပြောသည်။

ဂျပန်အစိုးရအနေဖြင့် ၎င်းတို့၏ (၃) နှစ်စီမံကိန်း ပြီးဆုံးပါက နောက်ထပ် စီမံကိန်းအသစ်ကို အကောင်အထည်ဖော်ရန် အစိုးရအဖွဲ့တွင် ဆက်ဆွေးနွေးရမည်ဟု ပြောသည်။

“ဒီမိုကရေစီဆိုတာ မင်းကျင့်ဝတ်”


သဲကုန်းဆရာတော်အဖြစ်၎င်း၊ သီတဂူဆရာတော်ဆရာတော်အဖြစ်၎င်း၊ သပိတ်အိုင်ဆရာတော်အဖြစ်၎င်း ထင်ရှားကျော်စောတော်မူတဲ့ စစ်ကိုင်းတောင်ရိုး၊ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ အဂ္ဂမဟာပဏ္ဍိတဘွဲ့ တော်ရ ဆရာတော်ဘုရားကြီး အရှင်ဥာဏိဿရရဲ့  ရှားပါးလှစွာသော သမိုင်းဝင် ရေးသားချီးမြှင့်တော်မူခဲ့တဲ့ ရေးသားဟောကြားမှုလေးကို ပြန်လည်ဖေါ်ထုတ်ပေးလိုက်ပါတယ်။

ဆရာတော်ဘုရားကြီး အရှင်ဥာဏိဿရဟာ ၁၉၈၈ ခုနှစ် ပြည်သူလူထုအရေးတော်ပုံကြီးအတွင်းမှာ ပြည်သူအပေါင်းအတွက် “ဒီမိုကရေစီဆိုတာ မင်းကျင့်ဝတ်” ဆိုပြီး ရေးသားချီးမြှင့်တော်မူခဲ့ပါတယ်။ ဆရာတော်ဘုရားကြီးရဲ့  ဒီလိုချီးမြှင့်ပေးမှုဟာ ပြည်သူလူထုအတွက်တင်သာမက အုပ်ချူပ်နေသူများကိုပါ မင်းကောင်းမင်းမြတ်အဖြစ် အုပ်ချူပ်စေလိုသော၊ မင်းကောင်းမင်းမြတ်တို့ ၏ ဂုဏ်ကြန်အင်လက္ခဏာနှင့်ပါ ပြီးပြည့်စုံစေလိုသော စေတနာတရားထက်သန်စွာဖြင့် သွန်သင်ဆုံးမပေးတော်မူခဲ့ခြင်း ဖြစ်ပါတယ်။

(အကျယ်ချဲ့ ဖတ်ရှူနိုင်ရန်အတွက် အောက်ဖေါ်ပြပါပုံပေါ်တွင် mouse click နှိပ်ပြီးကြည့်နိုင်ပါသည်။













ဒီ အဖိုးထိုက်တန်လှတဲ့ ရေးသားချီးမြှင့်မှုကို ပြည်သူအများ ပြန်လည်နာကြားခွင့်ရဖို့ နဲ့  ရှိသင့်ရှိထိုက်တဲ့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ မင်းကျင့်တရားလေးတွေကို အမှောင်မိုက်ဖုံးနေတဲ့ အဓမ္မ၀ါဒီ နအဖဗိုလ်ချူပ်ကြီးများလည်းဘဲ ပြန်လည်နာယူဖြစ်ပြီး ကျင့်သုံးနိုင်ကြမယ်ဆိုလျှင်





အရှင်ဘုရား ဆုတောင်းပေးခဲ့သလို - “အမှန်တရား - နေရာတိုင်းမှာ ထွန်းတောက်ပါစေ။ ပုဂ္ဂိုလ်တိုင်းမှာ ထွန်းတောက်ပါစေ” ဘုရား။

ပေးပို့ ပေးသော ကိုနစ်နေမန်း အားကျေးဇူးတင်ပါသည်.။




Posted by မြတ်လေးငုံ at Monday, February 01, 2010
Labels: မျှဝေခြင်း
0 comments:

Shwekhamauk Bulletin 109

Shwekhamauk Bulletin 109