-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Thursday, January 28, 2010

ပြည်သူတို့၏ လွတ်မြောက်ရာလမ်း

ပြည်သူတို့၏ လွတ်မြောက်ရာလမ်း

NLD ၏ ၁၉၉၀ ပြည့်နှစ် ယာယီ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ မူကြမ်း

NLD ၏ ၁၉၉၀ ပြည့်နှစ် ယာယီ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ မူကြမ်း

ရွေးကောက်ပွဲမတိုင်မီ ဒေါ်စုကို လွှတ်ရန် အတိုက်အခံများ ပြော



မြင့်မောင် | ကြာသပတေးနေ့၊ ဇန်နဝါရီလ ၂၈ ရက် ၂၀၁၀ ခုနှစ် ၁၅ နာရီ ၁၄ မိနစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆွေးနွေးရန် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၂ဝ၁ဝ ရွေးကောက်ပွဲမတိုင်မီ လွှတ်ပေးသင့်ကြောင်း ပြည်တွင်းရှိ အတိုက်အခံ နိုင်ငံရေးသမားများက ပြောဆိုလိုက်သည်။

ထိုအထဲတွင် ဝါရင့်အတိုက်အခံ နှစ်ဦးနှင့် နိုင်ငံရေးပါတီတရပ်မှ ခေါင်းဆောင်တဦး ပါဝင်သည်။

ယခုလ ၂၁ ရက်နေ့တွင် မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့၌ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက ဒေါ်အောင်ဆန်းစုကြည်ကို ယခုနှစ် နိုဝင်ဘာလတွင် လွှတ်ပေးမည်ဟု ပြောဆိုခဲ့သည့်အပေါ် ၎င်းတို့က ယခုလို တုံ့ပြန်ပြောကြားခြင်း ဖြစ်သည်။

“ဗိုလ်ချုပ်မောင်ဦး စကားအတိုင်းဆိုရင် နိုဝင်ဘာမှာ လွှတ်မယ်လို့ ပြောခြင်းအားဖြင့် နိုဝင်ဘာလ မတိုင်မီ မလွတ်ဘူးဆိုတဲ့သဘော ဖြစ်နေတယ်။ နိုဝင်ဘာလထက် စောလွှတ်ပေးပါ။ ရွှေဂုံတိုင် ကြေညာချက်မှာ တောင်းဆိုထားတဲ့အတိုင်း ဒေါ်စုနဲ့ တွေ့ဆုံဆွေးနွေးပွဲ လုပ်ဖို့ကို ဆောင်ရွက်ပါ။ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပဖို့ လိုအပ်တယ်” ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။

ရွှေဂုံတိုင်ကြေညာချက်မှာ ၂ဝဝ၉ ခုနှစ် ဧပြီလနှောင်းပိုင်းတွင် တိုင်းနှင့် ပြည်နယ် ပါတီကိုယ်စားလှယ်များဖြင့် ရန်ကုန်ရှိ အန်အယ်ဒီ ရုံးချုပ်တွင် ကျင်းပခဲ့သည့် မျက်နှာစုံ အစည်းအဝေးမှ ပေါ်ထွက်လာခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ တွေ့ဆုံဆွေးနွေးမှသာလျှင် မြန်မာပြည် နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်ကာ ရွေးကောက်ပွဲပြီးမှ လွှတ်မည်ဆိုပါက မည်သို့မှ ဆွေးနွေးနိုင်မဟုတ်ဟု သူက ဆိုသည်။

ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းကလည်း ဒေါ်စုကို အမြန်ဆုံး လွှတ်ပေးကာ စစ်ခေါင်းဆောင်များနှင့် ဆွေးနွေးပွဲ လုပ်သင့်ကြောင်းနှင့် ပြန်လွှတ်မပေးဘဲ ရွေးကောက်ပွဲလုပ်ပါက တရားမျှတသည့် ရွေးကောက်ပွဲအဖြစ် သတ်မှတ်ရန် ခဲယဉ်းလိမ့်မည်ဟု သုံးသပ်သည်။

အလားတူပင် UDP ခေါ် ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေး ဒေါ်ချိုချိုကျော်ငြိမ်းတွင်လည်း ထိုသို့သော သဘောထားရှိကြောင်း သိရသည်။

“မနက်ဖြန်လွတ်ရင် ကြိုက်တယ်။ ဒီနေ့လွတ်ရင် ပိုကြိုက်တယ်။ အားလုံးကို လွတ်စေချင်တယ်။ သူတို့ကို တရက်မှ ပိုမနေစေချင်ပါဘူး။ ကျမ ဒီလိုပြောချင်ပါတယ်။ မစု (ဒေါ်အောင်ဆန်းစုကြည်) က ဗိုလ်ချုပ်မှူးကြီးကို သူက စကမ်းလှမ်းထားတယ်။ တိုင်းပြည်အတွက် တတ်နိုင်သလောက် သူ့အနေနဲ့ ပူးပေါင်းလုပ်မယ်ဆိုတဲ့ အချက်တခုလို့ ကျမ နားလည်တယ်” ဟု ဒေါ်ချိုချိုကျော်ငြိမ်းက မဇ္ဈိမကို ပြောသည်။

UDP ကို ပြီးခဲ့သည့်နှစ် ဇွန်လနှောင်းတွင် ဗဟိုအလုပ်အမှုဆောင် ၁၅ ဦးနှင့် ဖွဲ့စည်းခဲ့ရာ ဝါရင့်နိုင်ငံရေးသမား ဦးသုဝေက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းက ဒေါ်အောင်ဆန်းစုကြည်က သူမကို ပါတီ၏ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များနှင့် တွေ့ဆုံခွင့်ပြုရန်၊ အသက်အရွယ်ကြီးရင့်သော ပါတီခေါင်းဆောင်များကို တွေ့ဆုံ ဂါရဝပြုခွင့်ပေးရန် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ စာရေးသားပေးပို့ကာ မေတ္တာရပ်ခံခဲ့သည်။

စာထဲတွင် မြန်မာနိုင်ငံအပေါ် ချမှတ်အရေးယူထားသော ပိတ်ဆို့ဒဏ်ခတ်မှုများ လျော့ပါး သက်သာရေး အတွက် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ဆွေးနွေးနိုင်ရန် ဗိုလ်ချုပ်မှူးကြီးနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံခွင့်ပေးရန်ပါ တောင်းဆိုခဲ့သည်။

ထိုပေးစာနောက်ပိုင်း စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နှင့် ၃ ကြိမ်တိုင် တွေ့ဆုံစေခဲ့သော်လည်း ဗိုလ်ချုပ်မှူးကြီးနှင့် ယနေ့တိုင် တိုက်ရိုက်တွေ့ဆုံခြင်း မရှိသေးသလို၊ ၂ဝ၁ဝ ခုနှစ်အတွင်း ရွေးကောက်ပွဲများ ကျင်းပမည်ဟုသာ စစ်ခေါင်းဆောင်က ထပ်မံပြောဆိုခဲ့သည်။ သို့သော် ရွေးကောက်ပွဲ ဥပဒေကိုပါ ထုတ်ပြန်ခြင်း မရှိသေးပါ။

၂ဝဝ၈ ခုနှစ် မေလအတွင်း စစ်အစိုးရက အတင်းအကျပ် ပြဋ္ဌာန်းခဲ့သည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေထဲတွင် နိုင်ငံခြားသားနှင့် လက်ထပ်ထိမ်းမြားသူ၊ နိုင်ငံခြားသားနှင့် ရရှိသည့် သားသမီးများ ရှိသူအနေဖြင့် တိုင်းပြည်၏ သမ္မတအဖြစ် ရွေးကောက်ခံပိုင်ခွင့် မရှိကြောင်း ဖော်ပြထားသည်။

သခင်ချန်ထွန်းက ''နိုင်ငံတကာ ပြောနေတဲ့အတိုင်း ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပြီးတော့ ရွေးကောက်ပွဲမှာ ပါဝင်ရွေးကောက်ခံဖို့ လိုအပ်သလို၊ နိုင်ငံရေးအကျဉ်းသမား အားလုံး လွှတ်ပေးဖို့ လိုအပ်ပါတယ်” ဟု ပြောသည်။

ဦးဝင်းတင်က “ဒေါ်စုက တိုင်းရင်းသားတွေအရေးကို နားလည်တဲ့ ပုဂ္ဂိုလ်၊ တိုင်းသားတွေနဲ့ လက်တွဲပြီးတော့ လုပ်လာတဲ့ အစဉ်အလာရှိတဲ့ ပုဂ္ဂိုလ်၊ တိုင်းရင်းသားနဲ့ အန်အယ်ဒီအကြား ဆက်စပ်ပြီးတော့ လုပ်နေတဲ့ ပုဂ္ဂိုလ်၊ နိုင်ငံတကာမှာ အားပေးနေတဲ့ ပုဂ္ဂိုလ်ဆိုတော့ ဒေါ်စုကို စောပြီး လွှတ်ပေးခြင်းအားဖြင့် နိုင်ငံတကာက ဖိအားပေးမှုတွေ လျော့ပါးလာနိုင်တယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား ၂၁ဝဝ ကျော်ရှိကြောင်း ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) က ပြောဆိုထားသည်။

(ရဲရင့်အောင် တည်းဖြတ်သည်။)

ဒီဗွီဘီ သတင်းထောက်ကို ထောင် ၁၃ နှစ်ချ


28 January 2010


နော်ဝေး အခြေစိုက် ဒီဗွီဘီ ဒီမိုကရက်တစ် မြန်မာ့အသံကို သတင်းတွေ ပို့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လူငယ်တဦးဖြစ်တဲ့ ကိုငွေစိုးလင်းကို စစ်အစိုးရက အီလက်ထရောနစ် ဥပဒေ၊ နယ်စပ်ဖြတ်ကျော်မှု ဥပဒေတို့နဲ့ ထောင်ဒဏ် ၁၃ နှစ် ချမှတ်လိုက်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လကတည်းက ဖမ်းဆီးခံထားရတဲ့ ကိုငွေစိုးလင်းကို စီရင်ချက် ချခဲ့တာနဲ့ ပတ်သက်ပြီး ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့နှစ် ဇွန်လ ၂၆ ရက်နေ့က ကျောက်မြောင်းက အင်တာနက်ဆိုင်တဆိုင်က အထွက်မှာ သူ့ကို ဖမ်းဆီးခဲ့တာဖြစ်ပြီး ချုပ်ရက် အပါအ၀င် ၁၃ နှစ် ချမှတ်လိုက်တာဖြစ်ကြောင်း ရန်ကုန်မြို့က ရှေ့နေကြီး ဦးအောင်သိန်းက ပြောပါတယ်။

“သူ့ကို အီလက်ထရောနစ် ဥပဒေပုဒ်မ ၃၃(က) နဲ့ ၁၀ နှစ်ချတယ်၊ လ၀က အရေးပေါ် ပြဋ္ဌာန်းချက် ဥပဒေပုဒ်မ ၁၃(၁) နဲ့ ၃ နှစ်ချတယ်၊ ဒီနေ့။ ချုပ်ရက် ခံစားခွင့်ပြုတယ်ဆိုတာ၊ အဲဒီမှာ ချုပ်ရက်ကို ခံစားခွင့်ပြုတဲ့ ဖမ်းတဲ့နေ့က ပေါ်လွင်တာကိုး။ ဖမ်းတဲ့နေ့က ပေါ်လွင် ထင်ရှားပြီး ချုပ်ရက်ကို ခံစားခွင့်ပြုတယ်ဆိုပြီး ဖော်ပြတယ်။ ဒါ နည်းနည်း ထူးခြားလာတာပေါ့လေ။ ပထမတုန်းက ရုံးတင်တဲ့ရက်ကို စပြီး ယူတာများတယ်။”

ကိုငွေစိုးလင်းထံကနေ ဗွီဒီယို ကင်မရာကို သိမ်းယူခဲ့ပြီး တရားစွဲဆိုခဲ့တာ ဖြစ်ကြောင်းကိုလည်း ဆက်ပြောပြပါတယ်။

“အဲဒီကောင်လေးက ဘယ်လိုဖြစ်တာလဲဆိုတော့ သူ ကျောက်မြောင်း အင်တာနက်ဆိုင်က အထွက်မှာ သူ့ကို ၀င်ဖမ်းတာပဲ။ သူက အခု စစ်တွေထောင်မှာ ကျနေတဲ့ အောင်အောင်ရဲ့ ညီလို့တော့ ပြောတယ်။ သူက ဒီဗွီဘီ သတင်းထောက်အဖြစ် ဆောင်ရွက်ပေးတယ် ဆိုတဲ့ဟာနဲ့ စွဲတာပဲ။ သူနဲ့အတူ တွဲစွဲတဲ့ ကောင်လေးတယောက် ရှိသေးတယ်။ နှစ်ယောက်အတူ စွဲတာ။ တယောက်ကိုတော့ ပြန်လွှတ်လိုက်တယ်။

“သူ့ကို ဒီဗွီဘီ သတင်းထောက် ဖြစ်တယ်ဆိုပြီး ကင်မရာတွေ ဘာတွေ သိမ်းသွားတယ်။ အဲဒါတွေ သက်သေခံ သွင်းတာပေါ့၊ တရားရုံးကို။ အဲဒါ အီလက်ထရောနစ် ဥပဒေပုဒ်မ ၃၃(က) နဲ့ ၁၀ နှစ်ချတာပေါ့။ နောက်တခါ ဟိုဘက်ကမ်းကို သွားဖူးတယ်ဆိုတဲ့ဟာနဲ့ အထောက်အထားလည်း မရှိဘဲနဲ့၊ ဘယ်တုန်းက သွားတာလဲဆိုတဲ့ အထောက်အထား တိတိကျကျ မရှိဘဲနဲ့ ၁၃(၁) အရ ၃ နှစ် ပြစ်ဒဏ်ပေးတာပဲ။”

ကိုငွေစိုးလင်းကို ရန်ကုန် အနောက်ပိုင်းခရိုင် အင်းစိန် သီးသန့်ရုံးကနေ ရဲမှူးဝင်းကြည်က တရားစွဲတာ ဖြစ်ပါတယ်။ အခုဆိုရင် သတင်းသမားတွေကို စွဲချက်တွေတင်ပြီး နှစ်ရှည်ထောင်ဒဏ်များ ချမှတ်နေတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လပိုင်းမှာပဲ ဒီမိုကရက်တစ် မြန်မာ့အသံက သတင်းထောက် မလှလှဝင်းကိုလည်း နှစ်ရှည်ထောင်ဒဏ် ချမှတ်လိုက်တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ အောက်တိုဘာလက ဖမ်းဆီးခံရတဲ့ သတင်းသမား တဦးကိုလည်း အိုးဘိုထောင် ကြိုးတိုက်မှာ ထားပြီး နှစ်ရှည်ထောင်ဒဏ် ချမှတ်ထားတာလည်း ဖြစ်ပါတယ်။

အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ဦးကြည်ဝင်းကို နေအိမ်မငှားရန် ဖိအားပေး

ဗိုလ်ချုပ်ကြီးတင်ဦးနှင့် ရွှေဂုံတိုင် ရပ်တည်ချက်


တပ်မတော်သားတွေ လေးစားချစ်ခင် အားကိုးယုံကြည်ကြတဲ့
ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးတင်ဦးနဲ့
အမျိုးသားပြန်လည်သင့်မြတ်ရေးအစ ရွှေဂုံတိုင်ရပ်တည်ချက်

မောင်ခင်အေးတင့် (မဒေါက်) | ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၂၇ ရက် ၂၀၁၀ ခုနှစ် ၁၇ နာရီ ၀၀ မိနစ်



လွန်ခဲ့သည့် ၁၅ နှစ်က ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ တွေ့ရသည့် ဦးတင်ဦး။
ယခုအခါ ၎င်းတို့ ၂ ဦးစလုံး ထိန်းသိမ်းခံနေရသည်။


အန်အယ်ဒီ ခေါင်းဆောင်တဦးဖြစ်တဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးဟာ လာမယ့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ဆို နေအိမ်အကျယ်ချုပ် သက်တမ်း ၆ နှစ်ပြည့်မှာ ဖြစ်ပါတယ်။ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ကောင်စီ နအဖ က နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်သည့် ဥပဒေ ပုဒ်မ (၁ဝ)(ခ) နဲ့ မတရားအပြစ်ပေး အရေးယူခံထားရတာ ဖြစ်ပါတယ်။
ယင်းဥပဒေအရ နေအိမ်အကျယ်ချုပ်သက်တမ်းကို ၆ နှစ်သာ သတ်မှတ်နိုင်တာကြောင့် ရှေ့လမှာ လွှတ်ပေးရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ နအဖ စစ်ကောင်စီဟာ တရားဥပဒေအတိုင်း လိုက်နာလုပ်ဆောင်လေ့ မရှိတာကြောင့် အမှန်တကယ် တရားဥပဒေအတိုင်း ပြန်လည်လွတ်မြောက်မယ်၊ မလွတ်မြောက်ဘူးဆိုတာ တပ်အပ်သေချာ ပြောလို့မရပါဘူး။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တုန်းကလည်း လွတ်ရက်စေ့ပြီဖြစ်ပေမယ့် ယက်တောအမှုဖြင့် အကွက်ဆင် စွဲချက်တင် ထပ်မံ ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းက လုံလောက်တဲ့ အကြောင်းပြချက် ဖြစ်တဲ့အတွက် အခုတခါ ကာကွယ်ရေး ဦးစီးချုပ်ဟောင်းလည်းဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးတင်ဦးကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ လွှတ်မလွှတ်ဆိုတာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအပေါ်မှာ မူတည်နေပါတယ်။

အဲဒါကိုက တရားဥပဒေအပေါ်မှာ စစ်ကောင်စီ ရှိနေတယ်ဆိုတာ အထင်းသား ပေါ်နေပါတယ်။ သူတို့ပြောတဲ့ တရားဥပဒေ စိုးမိုးရေးဆိုတာ သူတို့စစ်အုပ်စုဝင် စစ်ကောင်စီဝင်တွေနဲ့မဆိုင်ဘဲ ကျန်တဲ့ လူမျိုးစုံတိုင်းရင်းသား ပြည်သူတရပ်လုံးနဲ့သာ သက်ဆိုင်သလို ဖြစ်နေပါတယ်။ ၅၈ သန်းသော ပြည်သူတွေကသာ တရားဥပဒေကို မဖြစ်မနေ လိုက်နာဖို့လိုပြီး မလိုက်နာရင် အပြစ်ပေး အရေးယူခြင်း ခံရမယ် ဖြစ်ပြီးတော့ကာ သူတို့အနေနဲ့တော့ လိုက်နာစရာ အကြောင်းမရှိဘူးဆိုတဲ့ သဘောပါ။ အတော်ခံပြင်းစရာ ကောင်းလှပါတယ်။

၂ဝဝ၃ ခုနှစ် မေလက ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်တဲ့ အဖွဲ့ချုပ် မော်တော်ယာဉ်တန်းကို ဒီပဲယင်းမြို့ ကျည်ရွာအနီးမှာ အင်အား ၅ဝဝဝ ခန့်ရှိတဲ့ လူအုပ်ကြီးရဲ့ တိုက်ခိုက်သတ်ဖြတ်မှုကို ခံခဲ့ရပြီး အဲဒီအချိန်ကတည်းက နအဖရဲ့ ထိန်းသိမ်းထားခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒီတိုက်ခိုက်သတ်ဖြတ်မှုကြီးဟာ နိုင်ငံတော်က ကြိုးကိုင်စီစဉ်တဲ့ ဒီပဲယင်းလုပ်ကြံမှုကြီးအဖြစ် ကမ္ဘာသိ ထင်ရှားကျော်ကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင်သို့ ပို့လိုက်ပြီး ဦးတင်ဦးကိုတော့ စစ်ကိုင်းတိုင်း ကလေးမြို့ အကျဉ်းထောင်ကို ပို့ဆောင်ချုပ်နှောင်ထားခဲ့ပါတယ်။ ကလေးမြို့အကျဉ်းထောင်မှာ ၉ လနေခဲ့ရပြီး ၂ဝဝ၄ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာတော့ ရန်ကုန်မြို့နေအိမ်မှာ အကျယ်ချုပ်အဖြစ် ဆက်လက် ချုပ်နှောင်ထားခဲ့ပါတယ်။ အန်အယ်လ်ဒီ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦးဟာ အသက် ၈၃ နှစ် ရှိနေပြီဖြစ်ပါတယ်။

ဗမာ့တပ်မတော်မှာ ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဘူးပြီး တာဝန်ထမ်းဆောင်စဉ် ကာလတလျှောက် တပ်မတော်သားအများရဲ့ လေးစားချစ်ခင် ကြောက်ရွံ့ခြင်းကို ရယူခံစားနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

ကျနော် ကြားဖူးတာ ပြောရရင် ဗိုလ်ချုပ်ကြီးဦးတင်ဦးဟာ သူတာဝန် ထမ်းဆောင်နေစဉ် ကာလတွေအတွင်း တာဝန်ကျရာဒေသ ဒါမှမဟုတ်ရင်လည်း တာဝန်အရ ခရီးထွက်ခွာ ညအိပ်ရပ်နားရာ ဒေသတွေမှာ ရှိတဲ့တပ်တွေကို ရောက်ရင် အရင်ဆုံး တပ်စားဖိုဆောင်ကို သွားရောက်ပြီး ဟင်းအိုးတွေကို လိုက်လှန်ကြည့်တယ်၊ ချက်ထားတဲ့ ဟင်းပုံစံက ရဲဘော်တွေအတွက် အာဟာရဖြစ်မဖြစ်၊ သန့်ရှင်းမှု ရှိမရှိ၊ သတ်မှတ်ထားတဲ့အတိုင်း စကေး အတိအကျနဲ့ ချက်မချက် စစ်ဆေးတယ်၊ ပြီးရင် ရဲဘော်တွေနဲ့ လက်ရည်တပြင်တည်း ထိုင်စားတယ်လို့ ကြားဖူးပါတယ်။ သူ့အတွက် သီးသန့် လုပ်ပေးခိုင်းတာမျိုးမရှိဘဲ ကိုယ်တိုင် ထမင်းပန်းကန်ပြားဆွဲ၊ သူများနည်းတူ စကေးအတိုင်း အတူစားတယ်လို့ အတုယူအားကျဖွယ် မှတ်သားကြားနာဖူးပါတယ်။

သူပြောတာက ရဲဘော်တွေက တကယ်တမ်း အပင်ပန်းခံ၊ အဆင်းရဲခံ၊ ခြင်ကိုက်ဖြုတ်ကိုက်ခံပြီး နိုင်ငံတော် လုံခြုံရေးအတွက် သက်စွန့်ဆံဖျား အမှုထမ်းနေရတာဖြစ်လို့ သူတို့တွေအတွက် အစားအသောက် အချက်အပြုတ်ဟာ အင်မတန် အရေးကြီးတယ်။ အားရှိဖို့ အာဟာရဖြစ်ဖို့လိုတယ်၊ ကျန်းမာရေးနဲ့ ညီညွတ်ဖို့လိုတယ်၊ ကောင်းကောင်းမွန်မွန် ချက်ကျွေးကြဖို့ မှာလေ့ရှိတယ်ဆိုတာ ကြားဖူးပါတယ်။

ဒါကြောင့်လည်း ရောက်လေရာတိုင်းမှာ ဟိုးအောက်ခြေကအစ တပ်မှူးတပ်သား အကြပ်စစ်သည်တိုင်းက ဗိုလ်ချုပ်ကြီးတင်ဦးကို လေးစားချစ်ခင် ကြောက်ရွံ့ကြတာ ဖြစ်ပါလိမ့်မယ်။ ရဲဘော်တွေရဲ့ ဘဝကို သဘောပေါက် နားလည်တဲ့ တကယ့် စစ်သားကောင်းပီသလွန်းတဲ့ စစ်သားကြီးတယောက် ဖြစ်ပါတယ်။

ဒီလိုမျိုး တပ်မတော်သားအများက လေးစားချစ်ခင်ကြည်ညိုတဲ့ စစ်သားကောင်းကြီး ဗိုလ်ချုပ်ကြီးတင်ဦးဟာ အခုတော့ နေအိမ်မှာ အကျယ်ချုပ်ချခံထားရတာ လာမယ့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ဆို ၆ နှစ်တင်းတင်း ပြည့်သွားခဲ့ပါပြီ။ စီရင်ချက်ပြစ်ဒဏ်လည်း ပြည့်သွားပြီဖြစ်လို့ လွှတ်ပေးဖို့သာ ရှိပါတော့တယ်။ တရားဥပဒေကြောင်းအရဆို လွှတ်ကို လွှတ်ပေးရမှာပါ။ မလွတ်စရာအကြောင်းလည်း ဘာမှမရှိပါဘူး။ မလွှတ်ပေးဘူးဆိုရင် ဥပဒေချိုးဖောက်ရာ ကျမှာပါ။ နိုင်ငံတော်ကိုယ်တိုင်က တရားဥပဒေကို ချိုးဖောက်ရာ၊ မလိုက်နာရာ ရောက်ပါတယ်။

ဒါပေမဲ့ လွှတ်ပေးမယ်၊ မလွှတ်ပေးဘူးဆိုတာက နအဖဥက္ကဋ္ဌကြီး သဘောအတိုင်း ဖြစ်နေပါတယ်။ ဒီလိုဆိုရင် နအဖဥက္ကဋ္ဌကြီးက ဥပဒေရဲ့ အထက်မှာ ရှိနေလို့ပေါ့။ သူသဘောတူရင် လွှတ်၊ သူသဘောမတူရင် မလွှတ်နဲ့ အပြစ်ရှိရှိ မရှိရှိ။ သက်ဦးဆံပိုင်ဘုရင်ကြီးလို ဖြစ်နေတာပေါ့။ ဘာကြောင့်များ မလွှတ်ရဲဖြစ်နေရတာလည်း မသိ။ ဒီနှစ် လွတ်လပ်ရေးနေ့ သဝဏ်လွှာမှာ ဗိုလ်ချုပ်မှူးကြီးက ရွေးကောက်ပွဲကို ၂ဝ၁ဝ ခုနှစ်အတွင်း ပြုလုပ်မယ်လို့ အတိအလင်း ပြောဆိုခဲ့တာကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းက ထပ်လောင်း အတည်ပြုပြောကြားခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးကို လွှတ်ပေးလိုက်ရင် သူတို့ရွေးကောက်ပွဲအတွက် တမျိုးတမည်ဖြစ်သွားမှာကို စိုးရိမ်ကြောက်လန့်တာလည်း ဖြစ်နိုင်သလို တပ်မတော်ရဲ့ အစဉ်အလာအတိုင်း ကိုယ့်ထက် ဝါစဉ်အရ သမ္ဘာစဉ်အရ မြင့်တဲ့ ဗိုလ်ချုပ်ကြီးတင်ဦးကို မျက်နှာချင်းမဆိုင်ဝံ့ ရင်မဆိုင်ရဲလို့လည်း ဖြစ်နိုင်ပါတယ်။ နောက်ပြီး ကိုယ်ရည်ကိုယ်သွေးအရလည်း မယှဉ်နိုင် မယှဉ်ဝံ့တဲ့အတွက် ဒေါင်းယောင်ဆောင်တဲ့ကျီးလို သူတော်ကောင်းတွေကြား လူမိုက်နေလို့ မရသလိုမျိုး ဖြစ်နေတာလည်း ဖြစ်နိုင်ပါတယ်။

အဓိက နိုင်ငံရေးပါတီကြီးဖြစ်တဲ့ အန်အယ်လ်ဒီဟာ ၁၉၉ဝ မေလရွေးကောက်ပွဲမှာကတည်းက ၈၂ % မဲအပြတ်အသတ်နဲ့ အနိုင်ရထားခဲ့ပေမယ်လို့ စစ်ကောင်စီက အာဏာလွှဲပြောင်းပေးခြင်းမရှိဘဲ အာဏာသိမ်းယူခဲ့တာ ကနေ့ထိတိုင် ဖြစ်ပါတယ်။ အဲဒီလို အာဏာသိမ်းပြီးနောက် ပြည်နယ်နဲ့တိုင်း အသီးသီးမှာရှိတဲ့ အန်အယ်လ်ဒီပါတီ အဖွဲ့ချုပ် မြို့နယ်ရုံးခွဲတွေ ချိတ်ပိတ်ခံခဲ့ရတာဖြစ်ပြီး ပါတီဝင်အများအပြားလည်း ထောင်ဒဏ်ကျခံနေရဆဲ ဖြစ်ပါတယ်။

နောက်တခုက မကြာသေးခင်ကလေးတင် ၁၉၉ဝ ရွေးကောက်ပွဲ အနိုင်ရပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပါတီလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ဖို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ထပ်တိုးချဲ့ဖွဲ့စည်းလိုက်တာ အခုဆိုရင် စုစုပေါင်း စီအီးစီ ဦးရေ ၂ဝ တောင် ဖြစ်သွားပြီ မဟုတ်ပါလား။ နောက်ထပ် ၉ ဦးကို ထပ်တိုးချဲ့လိုက်တာပါ။ လတ်တလော အန်အယ်လ်ဒီ ပါတီကလည်း အကျဉ်းအကျပ်ကြားထဲက အတော်လေး လှုပ်ရှားလာပါတယ်။ ဖမ်းကာမှ ဖမ်းရော လုပ်ရမယ့်၊ လုပ်သင့်တဲ့ ကိစ္စတွေကိုတော့ လုပ်ရမှာပဲဆိုတဲ့အသိ ပိုမိုနိုးကြားလာတာဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဓိကဆုပ်ကိုင်ထားတဲ့ မကြောက်တရားစိတ်ဓာတ် ပိုမိုအသက်ဝင် လှုပ်ရှားလာတာ ဖြစ်ပါတယ်။

လူငယ်လုပ်ငန်းအဖွဲ့တွေ ပြင်ဆင်တိုးချဲ့ဖွဲ့စည်း တာဝန်ပေးတာ၊ ပြည်နယ်နဲ့တိုင်း အမျိုးသမီးအဖွဲ့တွေ တွေဆုံဆွေးနွေးကြတာ၊ စီအီးစီ တိုးချဲ့ဖွဲ့စည်းပြီးနောက်မှ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်နဲ့အဖွဲ့ကို ခရီးသွားခွင့်ပြုတာ တနည်း ဒီချုပ်အဖွဲ့ဝင်တွေနဲ့ရော၊ ပြည်သူလူထုတွေနဲ့ရော စကားပြောဆို မေးမြန်းတင်ပြ၊ ပြန်လည်ဖြေကြား ရှင်းလင်းနိုင်ခဲ့တာတွေဟာ ဘုရားလည်းဖူး လိပ်ဥလည်းတူးခွင့်အဖြစ် အမိအရ အသုံးချလိုက်နိုင်တာ ဖြစ်ပါတယ်။ လက်ရှိအနေအထားတွေကို ချပြရှင်းလင်းတဲ့ စည်းရုံးရေးခရီးစဉ်လို့တောင် ပြောနိုင်မယ်ထင်ပါတယ်။

တဖန် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့လည်း အန်အယ်လ်ဒီက အဖွဲ့ချုပ်ခေါင်းဆောင်များ အပါအဝင် နိုင်ငံရေး အကျဉ်းသားများအားလုံး ပြန်လွှတ်ပေးဖို့၊ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ဒီမိုကရေစီ စံနှုန်းများနဲ့ မကိုက်ညီတဲ့ အချက်များကို ပြင်ဆင်ပေးဖို့၊ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မြောက်ရေး နိုင်ငံတကာ စောင့်ကြပ်လေ့လာမှုများကို ခွင့်ပြုဖို့ နအဖထံ တောင်းဆိုထားပြီး ယင်းအချက်များကို လိုက်လျောခဲ့ပါက အန်အယ်လ်ဒီ အနေနဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကို လေ့လာပြီး ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ စဉ်းစားမယ်လို့ တောင်းဆိုရေးသား ဖော်ပြထားတဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းကို ပြီးခဲ့တဲ့ ၂ဝဝ၉ ခုနှစ် ဧပြီလတုန်းက ထုတ်ပြန်ခဲ့ပါတယ်။

ဆက်လက်ပြီးတော့ ထွက်လာမယ့် နိုင်ငံရေးပါတီများ မှတ်ပုံတင်နည်းဥပဒေတို့၊ ကော်မရှင်ဥပဒေတို့၊ ရွေးကောက်ပွဲဥပဒေတို့ အပေါ်မှာလည်း ပါတီအနေနဲ့ ကြည့်ရဦးမှာဖြစ်သလို ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုထားတဲ့ စီအီးစီ အားလုံးနဲ့ မျက်နှာစုံညီ တွေ့ဆုံခွင့်ရရှိရေးကို နအဖက ခွင့်ပြု၊ မပြုပေါ်မှာလည်း မူတည်ပါတယ်လို့ ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေက မကြာသေးခင်လေးက ပြောကြားခဲ့တာလည်း ရှိပါတယ်။ လောလောဆယ်တော့ ရွှေဂုံတိုင်ကြေညာချက်အပေါ်မှာပဲ ဆက်လက်ကိုင်စွဲ ရပ်တည်သွားရဦးမယ့် အနေအထားပါ။

နောက် ထူးခြားတယ်လို့ ထင်စရာရှိတာက နေအိမ်အကျယ်ချုပ်ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နအဖ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့ ဇန်နဝါရီလ ၁၅ ရက်နေ့က ဒီနှစ် ၂ဝ၁ဝ မှာ ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ ဒီတွေ့ဆုံမှုဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်း ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ဒုတိယစာ ပေးပို့ပြီးနောက် ဦးအောင်ကြည်နဲ့ ဒုတိယအကြိမ် တွေ့ဆုံတာလည်း ဖြစ်ပါတယ်။

ပထမအကြိမ် တွေ့ဆုံအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အသက်အရွယ်ကြီးရင့်လို့ နေအိမ်မှာ နေနေကြရတဲ့ အဖွဲ့ချုပ်ခေါင်းဆောင် ၃ ဦးတို့ တွေ့ဆုံခွင့် ရရှိခဲ့ပါတယ်။ အခုနှစ် ဒုတိယအကြိမ် တွေ့ဆုံအပြီး နှစ်ရက်အကြာ ဇန်နဝါရီလ ၁၇ ရက်နေ့ ဂျပန်နိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ ညီလာခံတခုမှာလည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကတ်ဆူတာအိုကားဒါးနဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းတို့ တွေ့ဆုံခဲ့ရာမှာ စစ်အစိုးရဝန်ကြီး ဦးဥာဏ်ဝင်းက ၂ဝ၁ဝ ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ပါဝင်ယှဉ်ပြိုင်လိမ့်မယ်လို့ သူ့အနေနဲ့ မျှော်လင့်ထားကြောင်း ဂျပန်အစိုးရ နိုင်ငံခြားရေးဌာန ကြေညာချက်မှာ ဖော်ပြထားတယ်လို့ ကြားသိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်တို့ ဒုတိယအကြိမ် တွေ့ဆုံမှုရဲ့ အကြောင်းရင်း၊ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းရဲ့ မှတ်ချက်နဲ့ စစ်အစိုးရ ရွေးကောက်ပွဲဥပဒေ၊ ဒေါ်အောင်ဆန်းစုကြည်အမှု ပြင်ဆင်ချက်ကိစ္စ စတဲ့ ကိစ္စရပ်တွေဟာ လတ်တလော မြန်မာ့နိုင်ငံရေးအခြေအနေမှာ သို့လောသို့လော ဖြစ်နေရတဲ့ ကိစ္စရပ်တွေ ဖြစ်ပါတယ်။

ဒီကာလအတွင်းမှာပဲ ဇန်နဝါရီလ ၁၉ ရက် အင်္ဂါနေ့က ဝါရှင်တန်ဒီစီ သတင်းစာရှင်းလင်းပွဲမှာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကတ်ပ်ကမ်းဘဲလ်က စစ်အစိုးရ အဆင့်မြင့်အရာရှိပိုင်းနဲ့ အမေရိကန် အစိုးရအရာရှိပိုင်းတို့ မကြာခင်မှာ တွေ့ဆုံမယ့်အကြောင်း ပြောကြားလိုက်သလို ဦးအောင်ကြည်နဲ့ တွေ့ဆုံမှုကိုလည်း တိုးတက်မှုတွေအဖြစ် သုံးသပ်ပြောကြားထားပါတယ်။ မြန်မာ့အရေး လေ့လာနေသူတွေကတော့ လောလောဆယ် အခြေအနေဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်အရေးအတွက် ပါးပါးနပ်နပ် ကိုင်တွယ်ဖို့လိုအပ်တဲ့ အရေးကြီးတဲ့ ကာလပါလို့ ဝေဖန်ပြောဆိုနေကြပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့က မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့မှာ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက ဒေါ်အောင်ဆန်းစုကြည်ကော ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးကိုပါ လွှတ်ပေးမှာပါလို့ နှုတ်ကတိပေး ပြောခဲ့ရာမှာ ဦးတင်ဦးကိုတော့ အရင်ပြန်လွှတ်ပေးမှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုတော့ လာမယ့် နိုဝင်ဘာလမှာ လွှတ်ပေးပါမယ်လို့ ပြောခဲ့ပါတယ်။ တရားဝင် ကြေညာချက်မျိုး၊ တရားဝင် အကြောင်းကြားတာမျိုး မရှိသေးတဲ့အတွက် အတည်ပြု၍ မရသေးပါ။ ဗိုလ်ချုပ်မောင်ဦးဟာ အရင်တခါ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ် ၃ နှစ် ချလိုက်တုန်းက ၁၈ လ ၁ နှစ်ခွဲသာ ကျခံရမယ်လို့ ဗိုလ်ချုပ်မှူးကြီးရဲ့ အမိန့်စာကို ကိုယ်တိုင်လာရောက် ဖတ်ကြားခဲ့သူလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ စစ်ကောင်စီရဲ့ ပြောကြားချက် နှုတ်ကတိတွေဟာ ဘယ်လောက်မှန်ကန် တိကျမယ်ဆိုတာ သေချာတပ်အပ် ပြောဖို့ရာကတော့ သိကြတဲ့အတိုင်း အရင်က စစ်ဗိုလ်ချုပ်တွေရဲ့ လုပ်ရပ်တွေကို ပြန်ကြည့်ရင် မှန်းဆတွက်ချက်လို့ ရနိုင်မယ် ထင်ပါတယ်။ ဗိုလ်ချုပ်ကြီးရွှေမန်းတုန်းကလည်း ဒီလိုပဲ ပြောခဲ့ဖူးပါတယ်။ ဘယ်သူမှ ဥပဒေရဲ့ အထက်မှာ မရှိစေရဘူးလို့ ဒီလိုပြောခဲ့ပြီး နောက်တော့ လုပ်ချင်သလို လုပ်တာပါပဲ။ စစ်အာဏာရှင်စနစ်မှာ ထိပ်ဆုံးအာဏာအရှိဆုံး ပုဂ္ဂိုလ်က သူ့စိတ်အတိုင်း လုပ်ချင်သလို လုပ်ကြတာမျိုးပါ။

ဒီလိုအခြေအနေမျိုးမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦးကို ပြန်လွှတ်ပေးလိုက်ရင် အန်အယ်လ်ဒီအတွက် ကြီးမားတဲ့ အင်အားတရပ်ဖြစ်သွားမှာ သေချာသလို ပြည်သူလူထု တရပ်လုံးအတွက်လည်း စိတ်ဓာတ် ခွန်အား သတ္တိကို တိုးပွားစေမှာ ဖြစ်ပါတယ်။

တပ်မတော်သားများအတွက်လည်း သူတို့ရဲ့ ယုံကြည်အားကိုးရာ တိုင်တည်ရာ ဗိုလ်ချုပ်ကြီးတဦး ပြန်လွတ်မြောက်လာတဲ့အတွက် အားတက်မိကြမှာ အမှန်ပါပဲ။ စစ်သားကောင်း ဗိုလ်ချုပ်ကြီးကို အားကိုးတကြီး မျှော်လင့်နေကြမှာ ဖြစ်ပါတယ်။

တဖက်မှာလည်း တပ်မတော်ရေးရာ စစ်ဘက်နောက်ဆက်တွဲ ကိစ္စရပ်တွေလည်း ပေါ်ပေါက်ကောင်း ပေါ်ပေါက်လာနိုင်ပါတယ်။ အထူးသဖြင့် တပ်မတော်အတွင်းမှာ လက်ရှိဖြစ်ပွားနေတဲ့ ဗိုလ်ကြီးအဆင့် အရာရှိတွေ အပါအဝင် တပ်ရင်းလိုက် ထွက်ပြေးမှုတွေ၊ စစ်ဘက်ရေးရာ အရာရှိဟောင်းဖြစ်တဲ့ ဗိုလ်မှူးဝင်းနိုင်ကျော်နဲ့ ကိုသူရအောင်တို့ကို မတရားပြစ်ဒဏ်ချ သေဒဏ်ပေးလိုက်တာတွေ၊ အခုဆိုရင် ရဲဘက်ဝန်ထမ်းတွေပါ အစုလိုက် ထွက်ပြေးလာနေကြတာတွေဟာ အခြေခံစားဝတ်နေရေး မပြေလည်မှု၊ ဝင်ငွေထွက်ငွေ မညီမျှမှုနဲ့ တပ်မတော်သား အခွင့်အရေး လုံးဝဆုံးရှုံးနေမှု စတာတွေအပေါ် သည်းညည်းမခံနိုင်တော့ဘူး ဆိုတဲ့အချက်ကို မီးမောင်းထိုး ပြနေတာသာ ဖြစ်ပါတယ်။

ဒီလိုအနေအထားမှာ စစ်သားတွေရဲ့ ဘဝကို ကောင်းကောင်း နားလည်သဘောပေါက်ထားတဲ့ တပ်မတော်သားအများ ကြည်ညိုလေးစား ချစ်ခင်အားကိုးတဲ့ စစ်သားကောင်းကြီး မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးဦးတင်ဦးကို နအဖစစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပြန်လွှတ်ပေးရဲပါ့မလားဆိုတာ စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။ အမှန်ကတော့ နဂိုကတည်းက မတရားဖမ်းဆီး ထိန်းသိမ်းထားတာ ဖြစ်တဲ့အတွက် လွှတ်ကိုလွှတ်ပေးရမှာ ဖြစ်ပါတယ်။ လွှတ်ပေးရင်လည်း ဘာမှကို အံ့သြစရာမရှိသလို ကျေးဇူးတင်စရာလည်း မလိုပါဘူး။

လက်ရှိ တပ်မတော်အတွင်းမှာ ဖြစ်ပွားနေတဲ့ သည်းညည်းမခံနိုင်မှုတွေက အချိန်မရွေး ထပေါက်ကွဲလာနိုင်တာကြောင့် ဗိုလ်ချုပ်ကြီးဦးတင်ဦးရဲ့ စစ်သားကောင်းပီသမှုတွေ၊ ရဲဘော်တွေအပေါ် ကိုယ်ချင်းစာနားလည်မှုတွေက ကြည်း ရေ လေ တပ်မတော်သားတွေကို ပြည်သူတွေဘက် ကူးပြောင်းရပ်တည်လာစေနိုင်သလို၊ အမိန့်နာခံမှု လျော့ကျလာပြီး ကြားနေရပ်တည်မယ့် အနေအထားမျိုးကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။

၂ဝ၁ဝ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်ဟာ မြန်မာ့တပ်မတော်ရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ အသက် ၉၅ နှစ် ပြည့်မယ့် မွေးနေ့ဖြစ်သလို အသက် ၈၃ နှစ်ရှိပြီဖြစ်တဲ့ ဗိုလ်ချုပ်ကြီးတင်ဦးရဲ့ မတရားပြစ်ဒဏ်ချ သက်တမ်း ၆ နှစ် ပြည့်မြောက်တဲ့နေ့လည်း ဖြစ်ပါတယ်။ အဲဒါကြောင့် တပ်မတော်သားအားလုံးကို ပြည်သူဘက်ကို မျက်နှာမူ ကူးပြောင်းရပ်တည်ကြဖို့ အချိန်တန်ပြီဖြစ်ကြောင်း ရဲဝံ့ပြတ်သားစွာ ဆုံးဖြတ်ဖို့ ထပ်မံပြောကြားလိုက်ပါရစေ။

အဲဒီတော့ကာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးကို လွှတ်ပေးမယ်၊ မလွှတ်ပေးဘူးဆိုတာ ကျနော်တို့ ကြည်း ရေ လေ တပ်မတော်သားအားလုံးနဲ့ ပြည်သူလူထုတရပ်လုံးက နားစွင့်ထားကြဖို့နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွှေဂုံတိုင် ကြေညာချက်ကို အားမာန်အပြည့်နဲ့ ဝန်းရံအားဖြည့်ပေးပြီးတော့ကာ မကြောက်တရားကို ကိုင်စွဲလို့ တိုက်ပွဲဝင်ပေးဆပ်ရန် အဆင်သင့်ပြင်ထားကြဖို့သာရှိကြောင်း တိုက်တွန်းလှုံ့ဆော်လိုက်ရပါတယ်။

(၂ဝ၁ဝ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်)