-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Monday, January 18, 2010

ဒေါ်အောင်ဆန်းစုကြည်အယူခံမှု နှစ်ဘက်လျှောက်လဲချက် ပြီးဆုံး


NEJ/ ၁၈ ဇန်န၀ါရီ ၂ဝ၁ဝ


ဒေါ်အောင်ဆန်းစုကြည်အား အင်းစိန်အထူးတရားရုံးမှ ပြစ်ဒဏ်ချမှတ်မှုကို အယူခံတင်သွင်းထားသော ပြစ်မှုဆိုင်ရာ ပြင်ဆင်မှု လျှောက်လဲချက်ကို ယနေ့ ဗဟိုတရားရုံးချုပ်တွင် ကြားနာစစ်ဆေးသည်။

ဒေါ်အောင်ဆန်းစုကြည်အား အင်းစိန်အထူးတရားရုံးမှ ချမှတ်ခဲ့သော အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၃) နှစ်အမှု၊ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူနေ ဒေါ်ခင်ခင်ဝင်းနှင့် မ၀င်းမမတို့အပေါ် အလားတူပြစ်ဒဏ်များ ချမှတ်မှုနှင့် အစိုးရဘက်မှ တင်သည့်အမှုတခု စုစုပေါင်း (၃) မှုကို တရားရုံးချုပ်တွင် ယနေ့ နှစ်ဘက်လျှောက်လဲချက် အပြီးသတ်တင်သွင်းကြခြင်း ဖြစ်သည်။

“ကျနော်တို့ ဒီနေ့အမှု (၃) မှုပေါ့နော်။ ဒေါ်စုရယ်၊ ဒေါ်စုနဲ့အတူနေတဲ့ ဒေါ်ခင်ခင်ဝင်းတို့ရယ်၊ အစိုးရက တင်တာ (၁) မှု။ ဒီ (၃) မှုစလုံးအတွက် နှစ်ဘက်၊ ကျနော်တို့ဘက်ကရော အစိုးရဘက်ကရော အပြီးသတ်လျှောက်လဲချက် ပေးကြပါတယ်။ မနက် (၁၀) နာရီကနေ နေ့ခင်း (၁) နာရီခွဲလောက်ထိပေါ့” ဟု ဒေါ်အောင်ဆန်းစုကြည်၏ အကျိုးဆောင်ရှေ့နေတဦးဖြစ်သူ ဦဉာဏ်ဝင်းက ပြောသည်။

အင်းစိန်ခရိုင်အထူးတရားရုံးက ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါ်ခင်ခင်ဝင်းတို့အား ယင်းသို့ ပြစ်ဒဏ်များချမှတ်ခဲ့မှုအပေါ် ရန်ကုန်တိုင်းတရားရုံးသို့ အယူခံတင်ခဲ့ရာ တိုင်းတရားရုံးက အောက်တိုဘာ (၂) ရက်တွင် အယူခံအမှုကို ပယ်ချခဲ့သည့်အတွက် ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက ဗဟိုတရားရုံးချုပ်တွင် ဆက်လက်အယူခံတင်သွင်း လျှောက်ထားကြခြင်း ဖြစ်သည်။

“အခြေခံပြောရရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ လက်တွေ့သုံးလို့မရဘူး၊ သုံးခွင့်မရှိတော့ဘူးဆိုတာ ဥပဒေ အချက်အလက်တွေ အထောက်အထားတွေနဲ့ ကျနော်တို့တင်ပြတာပေါ့။ ၁၉၇၄ အခြေခံဥပဒေမရှိတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ပေါ်မှာ ကန့်သတ်ထားတဲ့အမိန့်တွေ၊ သူတို့က ၁၉၇၄ အခြေခံဥပဒေပါ ပုဒ်မတွေကို ယူသုံးပြီးတော့ ကန့်သတ်တာ၊ အဲဒီကန့်သတ်မိန့်တွေ တရားမ၀င်ဘူး၊ ကန့်သတ်မိန့် တရားမ၀င်တဲ့အတွက် တားဆီးမိန့်လည်း တရားမ၀င်ဘူး။ အဲတော့ ဒေါ်စုအပေါ်မှာ ကန့်သတ်တာတွေ တရားမ၀င်တဲ့အတွက် အခုတရားစွဲဆိုတဲ့ စည်းကမ်းဖောက်ဖျက်တယ် ဆိုတာလည်း မရှိဘူးဆိုတာကို ကျနော်တို့ လျှောက်လဲချက်ပေးတာ” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

တိုင်းတရားရုံးတွင် အယူခံအတွက် လျှောက်လဲချက်တင်သွင်းစဉ်က ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက အခြေခံဥပဒေ မရှိတော့ကြောင်း တင်ပြချက်ကို တိုင်းတရားရုံးက မှန်ကန်ကြောင်း ဆုံးဖြတ်ခဲ့သည်။ ယင်းသို့ တိုင်းတရားရုံးက ဆုံးဖြတ်ချက်ကို မကျေနပ်၍ အစိုးရဘက်မှလည်း တမှု တင်သွင်းခြင်းဖြစ်သည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ယနေ့ အမှုကြားနာစစ်ဆေးရာတွင် ထူးခြားချက်မှာ ယခင်ကဲ့သို့ နိုင်ငံတော် တရားရုံးချုပ်တွင် တရားသူကြီးတပါးသာမထိုင်ဘဲ နှစ်ပါးထိုင်၍ ကြားနာကြကြောင်း၊ ယနေ့ လျှောက်လဲချက် အပြီးသတ်ပေးပြီးသည့်နောက် အမိန့်ထွက်မည့်ရက်ကို သွားရောက် မေးမြန်းရမည်ဖြစ်ကြောင်း၊ ဗြိတိသျှသံရုံးမှ သံအမတ်ကြီးနှင့် ပထမအတွင်းဝန်တို့လည်း အမှုကို လာရောက်နားထောင်ကြ ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

ပြီးခဲ့သည့်နှစ် မေလတွင် အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံယက်ထော ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်း ရေကူးဝင်ရောက်ခဲ့မှုကြောင့် နအဖစစ်အစိုးရက မေ (၁၈) ရက်တွင် နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှု ပုဒ်မ (၂၂) ဖြင့် အင်းစိန်အထူးတရားရုံး၌ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုခဲ့ပြီး သြဂုတ် (၁၁) ရက်တွင် အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၃) နှစ် ချမှတ်ခဲ့သည်။

ထို့နောက် ဒေါ်အောင်ဆန်းစုကြည်အား နအဖ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက မူလတရားရုံးမှ ချမှတ်ခဲ့သော ထောင်ဒဏ်ကို ထက်ဝက်လျှော့ချလိုက်ပြီး ဆိုင်းငံ့ပြစ်ဒဏ်အဖြစ်ထားရှိကာ ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် (၁၈) လကျခံစေရန် ပြည်ထဲရေးဝန်ကြီးမှတဆင့် အမိန့်ထုတ်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူနေ ဒေါ်ခင်ခင်ဝင်းနှင့် မ၀င်းမမတို့အပေါ်လည်း အလားတူပြစ်ဒဏ်များ ချမှတ်ခဲ့သည်။

လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ကျင်းပရေး၊ နိုင်ငံရေး အကျဉ်းသား လွှတ်ရေး ဂျပန်အစိုးရ တိုက်တွန်း



ဂျပန်နိုင်ငံခြားရေးဝန်ကြီး
ကတ်ဆုယာ အိုကာဒါ။
ဇန်န၀ါရီ ၁၂၊ ၂၀၁၀။မြန်မာနိုင်ငံမှာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပပေးဖို့နဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ ဂျပန် နိုင်ငံခြားရေး ၀န်ကြီးက မြန်မာစစ်အစိုးရ နိုင်ငံခြားရေး ၀န်ကြီးကို ဒီကနေ့ပဲ တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံက နိုင်ငံရေး အပြောင်းအလဲတွေနဲ့ ပတ်သက်လို့ ဂျပန်အစိုးရရဲ့ သဘောထား၊ ဂျပန် မြန်မာ ဆက်ဆံရေး အခြေအနေတွေကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

အရှေ့အာရှနဲ့ လက်တင်အမေရိက နိုင်ငံတွေက နိုင်ငံခြားရေး ၀န်ကြီးတွေရဲ့ တိုကျိုမြို့က ၂ ရက်ကြာ ဆွေးနွေးပွဲအတွင်း အလွတ်သဘော တွေ့ဆုံရာမှာ ဂျပန် နိုင်ငံခြားရေးဝန်ကြီး ကတ်ဆုယာ အိုကာဒါ (Katsuya Okada) က မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းကို တိုက်တွန်းလိုက်တာပါ။ ဒီနှစ်ထဲ ကျင်းပဖို့ ရှိနေတဲ့ ရွေးကောက်ပွဲတွေမှာ သက်ဆိုင်သူတွေ အားလုံးကို ပါဝင်ခွင့်ပြုဖို့ ဂျပန်နိုင်ငံက မျှော်လင့်ထားတာကိုလည်း နိုင်ငံခြားရေး ၀န်ကြီးက ပြောဆိုခဲ့တာပါ။ ဂျပန်နိုင်ငံက မြန်မာ့ရေးရာရုံး ညွှန်ကြားရေးမှူး ဒေါက်တာမင်းညို ကတော့ ဂျပန်အစိုးရသစ် အနေနဲ့ မြန်မာ့အရေးမှာ ပိုပြီးတက်ကြွတဲ့ မူဝါဒတွေကို ကျင့်သုံးလာတာမို့ ဒီလို တိုက်တွန်းမှုတွေ လုပ်လာတာလို့ ပြောပါတယ်။

“ပြောသွားတာကတော့ ရွေးကောက်ပွဲ လုပ်မယ်ဆိုရင် NLD တို့ ပါနိုင်အောင်လည်း သူတို့လုပ်မယ်၊ ပြောရရင်တော့ ဥပဒေနဲ့အညီ လုပ်သွားမယ်တို့ ဆိုတဲ့ဟာတွေ ပြောသွားတယ်လို့ ကျနော်တို့ ကြားပါတယ်။ ဂျပန်အစိုးရရဲ့ ပေါ်လစီက အရင်တုန်းက ဆိုရင်တော့ အမေရိကားနဲ့ ဥရောပကို အခြေခံတဲ့ ပေါ်လစီကို ကျင့်သုံးလာတာက နှစ်ပေါင်း ၅၀ နီးပါးလောက် ရှိလာပြီ။

“အခုတက်လာတဲ့ ဒီမိုကရက် ပါတီကတော့ သူက အာရှကို အခြေခံချင်တယ်။ အာရှကို အခြေခံတဲ့ စနစ်ကို သွားချင်တယ်ဆိုတဲ့ ပေါ်လစီရှိတယ်။ အဲဒီပေါ်လစီ ရှိတဲ့အတွက် အာရှနဲ့ ဆက်ဆံနိုင်အောင် လုပ်တဲ့အချိန်မှာ ဗမာလည်း ပါနေတယ်ပေါ့။ ပါနေတော့ ဒီနိုင်ငံနဲ့လည်း မဆက်ဆံရင် မရဘူး။ ဒါပေမဲ့ ဒီနိုင်ငံက စစ်အာဏာရှင် စနစ်ဖြစ်နေလို့ သူတို့ ပြဿနာဖြစ်နေတာလည်း အမှန်ပဲ။ ဒါပေမဲ့လည်း အာဆီယံထဲမှာ ဗမာနိုင်ငံက ပါနေတဲ့အတွက် အာဆီယံကို ဆက်ဆံတဲ့ သဘောမျိုးနဲ့ တွဲခေါ်သွားတာကို တွေ့နေရပါတယ်။”

ဂျပန်နိုင်ငံဟာဆိုရင် မြန်မာနိုင်ငံကို ပြည်ပကနေ ဖွံ့ဖြိုးမှု အထောက်အပံ့တွေ ပေးအပ်နေတဲ့ အဓိကနိုင်ငံ တနိုင်ငံ ဖြစ်ပေမဲ့ ၁၉၈၈ ခုနှစ်က ဒီမိုကရေစီရေး တောင်းဆို အုံကြွမှုတွေကို စစ်အစိုးရက နှိမ်နင်းခဲ့တဲ့နောက် အကူအညီတွေကို ဖြတ်တောက်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေနဲ့အတူ နိုင်ငံရေး တိုးတက်မှုတွေ ရှိလာမယ်ဆိုရင် အကူအညီ အထောက်အပံ့တွေ ပေးအပ်ဖို့ ဖြစ်လာနိုင်စရာ ရှိတယ်လို့လည်း ဂျပန် နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့တာပါ။ တကယ်တော့ မြန်မာနိုင်ငံမှာ နိုင်ငံရေး အပြောင်းအလဲတွေ တကယ်တမ်း ဖြစ်လာခဲ့မယ်ဆိုရင် ဂျပန်နိုင်ငံဘက်က ပံ့ပိုးမယ့် အစီအစဉ်တွေဟာ တလျှောက်လုံး ရှိနေခဲ့တာလို့ ဒေါက်တာမင်းညိုက ပြောပါတယ်။

“ကျနော်တို့ NLD လည်းပါတယ်၊ အားလုံးက လက်ခံနိုင်တဲ့ အနေအထားမျိုး ရောက်ပြီး ပြောင်းလဲသွားမယ် ဆိုရင်တော့ သူတို့ အကူအညီတွေ ပေးဖို့က ရှိပြီးသား။ သူတို့မှာလည်း စီးပွားရေးအရ မဲခေါင်မြစ်ဝှမ်း စီမံကိန်းဆိုတာ သူတို့အထဲမှာလည်း ရှိထားတယ်။ ငွေ ကုဋေပေါင်း မြောက်မြားစွာ သုံးဖို့လည်း ရည်ရွယ်ထားတယ်။

“ဒါပေမဲ့လည်း ဗမာပြည်က မအေးချမ်းသေးတဲ့အတွက် ဗမာပြည်အပိုင်းကို နောက်မှ လုပ်ပြီးတော့ အေးချမ်းတဲ့အပိုင်း၊ အဓိက ပြဿနာဖြစ်တဲ့ အပိုင်းကို သူတို့ အရင်ဆုံးလုပ်မယ်ဆိုတဲ့ အစီအစဉ်တော့ ရှိတာပေါ့။ အဲတော့ ဗမာပြည် ပြောင်းလဲသွားရင်တော့ အဲဒီလို အကူအညီတွေ ဘာတွေ ပေးဖို့ဆိုတာ နဂိုကတည်းက ရှိထားပြီးသားဆိုတော့ ဗမာပြည်က အာရှထဲ ပါတဲ့အတွက်၊ အာရှထဲမှာ ပြဿနာဖြစ်တဲ့နိုင်ငံက ဗမာပဲ ဖြစ်နေတော့ သူတို့ စိတ်ဝင်စားမှု ရှိတာကတော့ သေချာပါတယ်။”

ဂျပန်နိုင်ငံခြားရေး ၀န်ကြီးနဲ့ တွေ့ဆုံရာမှာ မြန်မာ နိုင်ငံခြားရေး ၀န်ကြီးကတော့ ရွေးကောက်ပွဲတွေဟာ လွတ်လပ်ပြီး တရားမျှတမှုရှိမှာ ဖြစ်သလို ထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ အပါအ၀င် သက်ဆိုင်သူတွေ ပါဝင်နိုင်မှာ ဖြစ်တယ်လို့လည်း ပြောဆိုခဲ့ကြောင်း ဂျပန်နိုင်ငံကလာတဲ့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ နိုင်ငံတကာရဲ့ ဖိအားတွေ၊ တိုက်တွန်းမှုတွေကြောင့် စစ်အစိုးရဘက်က ဒီလိုဆောင်ရွက်ဖို့ ရည်ရွယ်လာတာ ဖြစ်နိုင်တဲ့အကြောင်း ဒေါက်တာမင်းညိုက သူ့အယူအဆကို ပြောပါတယ်။

“ဘယ်လောက် လွတ်လပ်သလဲ၊ ဘယ်လောက် မျှတသလဲ ဆိုတာက ရွေးကောက်ပွဲ ဥပဒေက ထွက်မလာသေးတော့ ကျနော်တို့ ဘာမှ ပြောလို့တော့ မရသေးဘူး။ ဒါပေမဲ့လည်း နိုင်ငံတကာက ပြောနေတာက ရွေးကောက်ပွဲ လုပ်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်တို့ NLD အပါအ၀င် တိုင်းရင်းသား ခေါင်းဆောင်တွေလည်း ပါရမယ်ဆိုတဲ့ အယူအဆက အားလုံး တူညီနေတာတော့ ရှိတယ်။ ဒီအပေါ်မှာ မူတည်ပြီး စစ်ခေါင်းဆောင်တွေက အဲလိုလုပ်ဖို့ ရည်ရွယ်တယ်လို့ ထင်တယ်။”

ဂျပန်နိုင်ငံက မြန်မာ့ရေးရာရုံး ညွှန်ကြားရေးမှူး ဒေါက်တာမင်းညို ပြောပြသွားတာ ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရကတော့ ဒီနှစ်ထဲ ရွေးကောက်ပွဲတွေ ကျင်းပပေးမယ် ဆိုပေမဲ့ နေ့ရက် အတိအကျကိုတော့ တရားဝင် ထုတ်ဖော်ပြောဆိုတာမျိုး မရှိသေးပါဘူး။ ဂျပန်နိုင်ငံ ခရီးစဉ် မတိုင်မီ ဒီတပတ်တည်းမှာပဲ ဗီယက်နမ်နိုင်ငံမှာ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) နိုင်ငံခြားရေး ၀န်ကြီးတွေနဲ့ တွေ့ဆုံစဉ်မှာတော့ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက ဒီလို ရက်အတိအကျ မသတ်မှတ်ရသေးပေမဲ့ အစစအရာရာ အစီအစဉ်အတိုင်း ရှိနေပါတယ်လို့ ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများပြန်လည်လွတ်မြောက်စေရန်နှင့် ၂၀၁၀ရွေးကောက်ပွဲအား ဆန့်ကျင်ကန့်ကွက်ဆန္ဒပြ


ဒေါ်အောင်ဆန်းစုကြည်နှင့်တကွနိုင်ငံရေးအကျဉ်းသားများအားလုံး
ပြန်လည်လွတ်မြောက်စေရန်နှင့် ၂၀၁၀ရွေးကောက်ပွဲအား ဆန့်ကျင်ကန့်ကွက်ဆန္ဒပြလှုပ်ရှားမှုတစ်ရပ်ကို (၁၇-၁-၂၀၁၀)ရက်၊ တနင်္ဂနွေနေ့၊ နေ့လည် (၁)နာရီမှ(၃)နာရီအထိ ဂျပန်နိုင်ငံ၊နာဂိုယာမြို့၊kanayamaဘူတာရှေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)၊ ဂျပန်ဌာနခွဲ၊ နာဂိုယာစည်းရုံးရေးဒေသမှ အဖွဲ့ဝင်များကပူးပေါင်းလှုပ်ရှားခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချွင်းချက်မရှိအမြန်ဆုံးပြန်လည်လွှတ်ပေးစေရန် တောင်းဆိုဆန္ဒပြခဲ့ကြသည်။
ဆက်လက်၍ (၁၉၉၀)ခုနှစ်ရွေးကောက်ပွဲသည်သာစစ်မှန်၍တရားမျှတသော
ရွေးကောက်ပွဲဖြစ်ပြီး အဆိုပါရွေးကောက်ပွဲ၏ ရလဒ်အားအသိအမှတ်ပြုရန်နှင့် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားအားလုံးကို အမြန်ဆုံးပြန်လည်လွှတ်ပေးခြင်းမရှိဘဲ ယခုနှစ်အောက်တိုဘာလတွင် ကျင်းပပြုလုပ်မည့်ရွေးကောက်ပွဲသည် လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲဖြစ်လာမည်မဟုတ်ကြောင်းကို ဂျပန်ပြည်သူပြည်သားများနှင့် ဂျပန်အစိုးရမှသိရှိနားလည်စေရန်ထုတ်ဖော်ဆန္ဒပြခဲ့ကြပြီး လက်ရှိမြန်မာနိုင်ငံ၏ပြည်တွင်းရေး အခြေအနေများကို နိုင်ငံတကာမှပိုမိုသိရှိစေရန် လက်ကမ်းစာစောင်များကိုဖြန့်ဝေခဲ့ကြသည်။

Sunday, January 17, 2010

View Updated Dialogue Between Military Government and NLD

Updated Dialogue Between Military Government and NLD[1]

မြန်မာပြည်ရောက် အမေရိကန် ပညာရှင်အဖွဲ့ NLD နဲ့ဆွေးနွေး

မြန်မာပြည်ရောက် အမေရိကန် ပညာရှင်အဖွဲ့ NLD နဲ့ဆွေးနွေး

16 January 2010


နေအိမ်မှာ ထိန်းသိမ်းခံနေရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန် ပညာရှင်အဖွဲ့ တဖွဲ့တို့ ဒီကနေ့ ရန်ကုန်မြို့မှာ တွေ့ဆုံခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ မြန်မာစစ်အစိုးရက တရားဝင် သတင်းထုတ်ပြန်တာမျိုး မရှိပေမဲ့ ခရီးစဉ် ရည်ရွယ်ချက်မှာ ဒီလိုတွေ့ဆုံဖို့ အစီအစဉ်တွေ ပါဝင်ကြောင်းကိုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ က ပြောပါတယ်။ အကြောင်းစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန် ပြည်ထောင်စုက သုတေသီ ပညာရှင်အဖွဲ့တဖွဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံကြတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေတာပါ။ မြန်မာနိုင်ငံက အခြေအနေတွေကို အကဲခတ်ဖို့ ရောက်နေတဲ့ အမေရိကန် ပြည်ထောင်စု ဂျွန် ဟော့ပ်ကင်းစ် (John Hopkins) တက္ကသိုလ်က အာရှ သုတေသနဌာန ညွှန်ကြားရေးမှူး ပါမောက္ခ ကားလ် ဒီ ဂျက်ဆင် (Karl D Jackson) ဦးဆောင်တဲ့ အဖွဲ့ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ စစ်အစိုးရ အာဏာပိုင်တွေထံ တောင်းခံထားတာမို့ ဒီလို တွေ့ဆုံဖြစ်ဖွယ် ရှိတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ပြောပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့က အမေရိကန် ကိုယ်စားလှယ်အဖွဲ့နဲ့ NLD ပါတီ တာဝန်ရှိသူတွေ တွေ့ဆုံစဉ်မှာ ဒီခရီးစဉ်နဲ့ ပတ်သက်လို့ ရှင်းပြခဲ့တာလို့ ပါတီ ဗဟိုအလုပ်အမှုဆောင် တဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ကျနော်တို့က သူတို့ မစ်ရှင် (Mission) အကြောင်းမေးတော့ ကျနော်တို့ကတဲ့ အင်ဒိုနီးရှားမှာလည်း ဒီလိုပဲ လေ့လာရေးတွေ ဆူဟာတို (Suharto) လက်ထက်က လုပ်ဖူးတယ်ပေါ့။ အာရှမှာ အခု ဗမာနိုင်ငံကို စိတ်ဝင်စားလို့တဲ့။ ဗမာနိုင်ငံရဲ့ လက်ရှိ အခြေအနေ၊ NLD ရဲ့ လက်ရှိအခြေအနေ၊ နောင်အနာဂတ်အတွက် မျှော်မှန်းချက် ဘာညာပေါ့ဗျာ၊ အဲဒါကတော့ Facts Finding ပေါ့ဗျာ၊ သတင်းအချက်အလက် စုဆောင်းဖို့ လာတဲ့သဘော သူပြောပါတယ်။

“ဒီမစ်ရှင်အကြောင်း တခုပြောရင်တော့ သူတို့က မလာခင်ကတည်းက ကျနော်တို့ဆီကို ဆက်သွယ်တယ်ဗျ။ ဆက်သွယ်တဲ့ အဓိက အချက်ကတော့ သူတို့ကို ဒေါ်အောင်ဆန်းစုကြည် လက်ခံတွေ့ဖို့၊ အဲဒီလိုပြောတယ်။ အဲတော့ ကျနော်က ပြန်ပြီး အကြောင်းပြန်လိုက်တယ်။ ဒေါ်အောင်ဆန်းစုကြည်က လက်ခံတယ်၊ မခံဘူးဆိုတာ ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်ပိုင်ခွင့် မရှိဘူး၊ ဒေါ်အောင်ဆန်းစုကြည်မှာ သူ တွေ့ချင်တယ်လို့ ပြောပိုင်ခွင့် မရှိဘူး။ ကျနော် ဒါ အကြောင်းပြန်တာ။

“အစိုးရ ဖိတ်ကြားချက်တော့ မဟုတ်ဘူး။ သူတို့ ပြောပြတာက သူတို့က ၀ါရှင်တန်သံရုံးမှာ လာဖို့လျှောက်တယ်။ သူတို့ တခုပြောတာက ဒီဗီဇာ လျှောက်ကတည်းကိုက ဗမာပြည်ရောက်ရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးပါဆိုတာ အဲဒီမှာကတည်းက သူတို့ တင်ပြထားတယ်လို့ အဲဒီလိုပြောတယ်။

“ကျနော်တို့နဲ့ ၁၁ ရက်နေ့ တွေ့ပြီးတော့ ၁၂ ရက်နေ့မှာ သူတို့ နေပြည်တော် သွားမယ်။ နေပြည်တော်မှာ သူတို့ကို ၀န်ကြီး ၃ ပါးနဲ့ တွေ့ဆုံခွင့်ပေးမယ်လို့ အဲဒီလို ပြောသွားတယ်။ ၀န်ကြီးနာမည်တွေတော့ မပြောဘူး။”

မြန်မာနိုင်ငံမှာ လေ့လာအကဲခတ်တဲ့ ခရီးစဉ်အဖြစ် ရောက်နေတဲ့ ပါမောက္ခ ဂျက်ဆင်ဟာ အရှေ့နဲ့ အရှေ့တောင်အာရှ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ်၊ အာဆီယံ၊ အမေရိကန် ဂျပန် စီးပွားရေး ဆက်ဆံမှုရေးရာတွေမှာ ကျွမ်းကျင်သူ ပုဂ္ဂိုလ်တဦးလည်း ဖြစ်ပါတယ်။ ပါမောက္ခ ဂျက်ဆင် ဦးဆောင်တဲ့ အဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမယ့် အစီအစဉ်တွေနဲ့ ပတ်သက်လို့ စစ်အစိုးရဘက်က တရားဝင် ပြောဆိုတာမျိုး မရှိပါဘူး။ ဒါပေမဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံဖြစ်တဲ့ လက္ခဏာတွေ တွေ့ရတဲ့အကြောင်း မျက်မြင်တွေ့လိုက်ရသူတွေက ပြောဆိုတယ်လို့လည်း ဦးဉာဏ်ဝင်းက ပြောပြပါတယ်။

“ကျနော်တို့ကြားတာက ဒီနေ့ ဒေါ်အောင်ဆန်းစုကြည် ခြံဝင်းထဲ ကားနဲ့လာတယ်၊ လုံခြုံရေးတွေ။ ပြီးတော့ သူတို့တည်းတယ်လို့၊ တည်းတဲ့နေရာလည်း ကျနော်တော့ မရောက်ဖူးပါဘူး၊ ကန်တော်ကြီးစောင်းက ဟိုတယ်မှာ ကျနော်က မနက် ၉ နာရီလောက်မှာ အဲဒီနားဖြတ်တော့ ကားသမားက ကျနော့်ကိုပြောတယ်၊ ဒီမှာ ဘာဖြစ်လို့လဲ မသိဘူးတဲ့၊ လုံခြုံရေးတွေ တင်းကျပ်နေတာပဲတဲ့။

“ကျနော်တွက်တာတော့ သူတို့ ဒီလိုအစီအစဉ်အတွက် လုံခြုံရေး ချတာပဲ။ သိသိသာသာလည်း ချတယ်ပေါ့ဗျာ။ နောက် ကျနော်ကြားရတဲ့ သတင်းကတော့ လုံခြုံရေးကားရယ်၊ Private ဧည့်သည်တွေစီးတဲ့ ကားမျိုးတွေနဲ့ တက္ကသိုလ်ရိပ်သာလမ်းဘက်ကို သွားတာတော့ တွေ့တဲ့လူတွေကလည်း ပြောကြတယ်။ အခု ကျနော်ပြောတာ ကျနော်ကိုယ်တိုင် confirm မလုပ်နိုင်ပေမဲ့ ဒီသတင်း မှန်တယ်လို့ ကျနော်ယူဆတယ်။”

NLD ပါတီ ဗဟိုအလုပ်အမှုဆောင် တဦးဖြစ်တဲ့ ဦးဉာဏ်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရရဲ့ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နဲ့ တွေ့ဆုံအပြီး နောက်တနေ့ဖြစ်တဲ့ စနေနေ့မှာ သူရည်ရွယ်ထားသလို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတယ်ဆိုတဲ့ သတင်းတွေ ထွက်လာတာပါ။ ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နာရီဝက်လောက် ကြာမြင့်တဲ့ တွေ့ဆုံမှုနဲ့ ပတ်သက်လို့ စစ်အစိုးရပိုင် သတင်းတွေက ဖော်ပြခဲ့ပေမဲ့ ဆွေးနွေးတဲ့ အကြောင်းအရာ အသေးစိတ်တွေကိုတော့ ဖော်ပြခဲ့ခြင်း မရှိပါဘူး။

အခုနောက်ဆုံး ၀န်ကြီး ဦးအောင်ကြည်နဲ့ တွေ့ဆုံမှုဟာ ဆိုရင်တော့ မြန်မာစစ်အစိုးရက ရွေးကောက်ပွဲတွေ ကျင်းပပေးမယ်လို့ ကတိပြု ပြောဆိုထားတဲ့ ဒီနှစ် ၂၀၁၀ ခုနှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အစိုးရ တာဝန်ရှိသူတို့ ပထမဆုံးအကြိမ် တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။

Saturday, January 16, 2010

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်တိုးချဲ့ကိစ္စနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)၏ ထုတ်ပြန်ကြေငြာချက်။။

NLD (LA) Statement About NLD's CEC Extension

အထစ်အငေါ့ မရှိသော CEC ဖွဲ့စည်းမှုဟု ဦးဝင်းတင် ပြော


မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ ဇန်နဝါရီလ ၁၅ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၅၆ မိနစ် .
ချင်းမိုင် (မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ယခုလ ၁၁ ရက်နေ့တွင် ဗဟိုအလုပ်အမှုဆောင် ကော်မတီ - CEC ကို အဖွဲ့ဝင်သစ် ၉ ဦးဖြင့် ထပ်မံတိုးချဲ့လိုက်ပြီဖြစ်သည်။

CEC အဖွဲ့ဝင် ၇ ဦး တက်ရောက်လာနိုင်သည့် အစည်းအဝေးက ထိုကဲ့သို့ ဆုံးဖြတ်ပြီး ဖြစ်သော်လည်း အသစ် ဖွဲ့စည်းပြီး CEC အဖွဲ့ဝင် ဦးရေ ၂ဝ ၏ အမည်စာရင်းကိုမူ ယမန်နေ့ ၁၄ ရက်နေ့ကျမှ တရားဝင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ရက်ရွှေ့ဆိုင်းကာ CEC အမည်စာရင်း ထုတ်ပြန်မည်ဟု ပါတီ ပြောခွင့်ရပုဂ္ဂိုလ်များက မီဒီယာများသို့ ပြောကြားသည့်အပေါ် အကဲခတ်အချို့က ပါတီတွင်း သဘောထားကွဲလွဲမှုများ ရှိနိုင်ကြောင်း ခန့်မှန်းသည်များလည်း ရှိခဲ့သည်။

ထို့ကြောင့် မဇ္ဈိမက CEC အဖွဲ့ဝင်တဦးဖြစ်သူ သတင်းစာဆရာကြီး ဦးဝင်းတင်ကို CEC အသစ်တိုးချဲ့ ဖွဲ့စည်းမှု အခြေအနေနှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်းခဲ့ပါသည်။

ဦးဝင်းတင်က လတ်တလော CEC တိုးချဲ့မှုတွင် အထစ်အငေါ့မရှိသလို၊ ပါတီတွင်း၌ ညီညွတ်မှု တည်ရှိနေကြောင်းနှင့် ဆက်လက်၍လည်း ညီညွတ်ရေးကို ထိန်းသိမ်း သွားမည့်အကြောင်း ပြောဆို လိုက်ပါသည်။

အသေးစိတ် အခြေအနေကို မဇ္ဈိမ တီဗီသတင်းထောက်က မေးမြန်းထားခြင်း ဖြစ်ပါသည်။

ဦးဝင်းတင် ပြောဆိုချက်များ

အခု NLD ကနေပြီးတော့ CEC တိုးချဲ့ဖွဲ့စည်းလိုက်တယ်ပေါ့ဗျာ။ ဒါဟာ လိုအပ်လာလို့ ကျနော်တို့ လုပ်တာပါ။ ဒီဟာဖွဲ့ဖို့ ကျနော်တို့ စီစဉ်နေတာ ကြာပြီ၊ ညှိနှိုင်းနေတာလည်း ကြာပြီ။ အခုမှ ဖွဲ့ဖြစ်တယ်ပေါ့။ ဒါဟာလည်း အောက်ခြေတို့ ဘာတို့ကလည်း တိုးချဲ့ဖွဲ့စည်းဖို့ တောင်းဆိုနေတာလည်း ကြာပြီ။ အထက်မှာလည်း လိုအပ်ချက်တွေအရ ဖွဲ့ဖို့ စီစဉ်နေတာလည်း ကြာပြီပေါ့။ အခု ဖွဲ့ဖြစ်တယ်။

ဖွဲ့တဲ့နေရာမှာလည်း အဖုအထစ်၊ အထစ်အငေါ့ မရှိဘဲနဲ့ အပြေပြစ်ဆုံး၊ အချောမောဆုံး ဖြစ်ဖို့ဆိုတဲ့ ရည်ရွယ်ချက် ရှိတယ်။ နောက်တခုက ညီညီညွတ်ညွတ် ဖြစ်အောင်လို့ အရှိနိုင်ဆုံးရှိအောင် လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက် ရှိတယ်။ ဒါကြောင့် အခုဖွဲ့လိုက်တဲ့ CEC အသစ်ဟာ လုပ်ငန်းများကို ချောချောမွေ့မွေ့၊ အထစ်အငေါ့မရှိ ဆောင်ရွက်နိုင်လိမ့်မယ်။ နောက်တချက်ကလည်း ညီညီညွတ်ညွတ်နဲ့ ပေါင်းစည်းလုပ်နိုင်မယ်လို့ ယူဆတယ်။

CEC ဖွဲ့တာက အကုန်လုံး ညီလာခံကြီးတို့၊ အစည်းအဝေးကြီးတို့ လုပ်နိုင်ခြင်း မရှိဘူး။ ကျနော်တို့ လုပ်နိုင်ခြင်း မရှိဘူး။ ကျနော်တို့ ဖွဲ့နိုင်တာကတော့ CEC အဖွဲ့ဆိုတဲ့ နဂိုကတည်းက ၁၄ ဦး အဖွဲ့ရှိတဲ့အထဲက ၉ ဦးကို CEC အဖွဲ့ဝင်အဖြစ် ကျနော်တို့ သတ်မှတ်တယ်ပေါ့ဗျာ။ အတွေ့အကြုံရှိနေတဲ့၊ နဂိုကတည်းက CEC နဲ့ ပူးတွဲပြီးတော့ ခိုင်းတယ်၊ ပြီးတော့ CEC အစည်းအဝေးပြီးတော့ ပြန်ပြီး ညှိနှိုင်းကြတယ်ဆိုတဲ့ အလေ့အကျင့်တွေ အများကြီး ရှိတဲ့အတွက်ကြောင့် အဲဒီလူတွေရဲ့ လုပ်ရည်ကိုင်ရည်၊ အရည်အချင်း မြင့်မြင့်မားမား ရှိတယ်လို့ ယူဆပါတယ်။ ဒါက တခုပေါ့။

အဖွဲ့တွေ ဖွဲ့တဲ့နေရာမှာ ကျနော်တို့ တတ်နိုင်သမျှ အကျယ်ပြန့်ဆုံး လုပ်ပါတယ်။ ပုံမှန်ကတော့ CEC ထိုင်တဲ့ ၇ ယောက် ရွေးလိုက်တာပဲ။ သို့သော် အဲဒီ ၇ ယောက်ကလည်း ဒီဟာတွေ ဖွဲ့မယ်ဆိုပြန်တော့လည်း ဥက္ကဋ္ဌတို့၊ ဒုဥက္ကဋ္ဌတို့၊ အထွေထွေအတွင်းရေးမှူး၊ အတွင်းရေးမှူးတို့ စတဲ့ ပုဂ္ဂိုလ်များ ရှေ့ကနေပြီးတော့ တတ်နိုင်သမျှ အကြံဥာဏ်၊ တတ်နိုင်သမျှ သဘောထားတွေ၊ သဘောတူညီချက် မတူညီချက်တွေ ယူတယ်။ ယူပြီးတော့ ဖွဲ့တယ်။ ဒါကြောင့် တတ်နိုင်သမျှ အကောင်းဆုံး အနေအထားနဲ့ CEC ပေါ်ထွက်လာတယ်ပေါ့ဗျာ။

ဘယ်သူဘယ်ဝါ ပါမယ်ဆိုတာ ပြောလို့ မရသေးဘူး။ ဘာလို့မရသလဲဆိုရင် ကျနော်တို့ ဆုံးဖြတ်ချက် ချတာကတော့ ပြီးခဲ့တဲ့ တနင်္လာနေ့ပေါ့ဗျာ၊ ၁၁ ရက်နေ့က ချောချောမွေ့မွေ့ ပြီးတယ်။ ကျနော်တို့ ဘာမှ အငြင်းပွားခြင်း မရှိဘူးပေါ့ဗျာ။ သို့သော် CEC အမည်စာရင်းများကို ချက်ချင်း ထုတ်ပြန်ကြေညာနိုင်ခြင်း မရှိတဲ့အခါကျတော့ ဒီမှာ သံသယတွေ ဖြစ်တာပေါ့။ အထစ်အငေါ့တွေ ရှိနေသလား၊ အငြင်းပွားမှုတွေ ရှိနေသလားလို့။ အဲဒါ မဟုတ်ပါဘူးခင်ဗျ။ ဘာ့လို့လဲဆိုတော့ လုပ်ထုံးလုပ်နည်းအရ ကော်မရှင်တို့ဘာတို့ဆီ စာရင်းပို့ရမယ်။ ကော်မရှင်ကိုပို့တဲ့ စာရင်းကို နအဖတို့ဘာတို့ဆိုတဲ့ဆီ၊ အသိပေးရမယ့်၊ အကြောင်းကြားရမယ့် ပုဂ္ဂိုလ်များရှိရင် အကြောင်းကြားရမယ်။ အဲဒါကြောင့်ပါ။

အခု CEC ဖွဲ့လိုက်တဲ့ အဖွဲ့သစ်က အဖွဲ့သစ်မှာ ဘာတွေလုပ်ကြမလဲဆိုတာ စဉ်းစားစရာတွေ ဖြစ်လာတယ်။ လုပ်ငန်းတွေက အောက်ခြေနဲ့ ကျနော်တို့ အထက်အဖွဲ့အစည်း ဆက်ဆံရေးတို့၊ စည်းရုံးရေး လုပ်ငန်းတွေ၊ လူ့အခွင့်အရေး လုပ်ငန်းတွေ စသည်ပေါ့။ လုပ်ငန်းတွေ အများကြီးရှိနဲ့အထဲမှာ ဒီလုပ်ငန်းတွေမှာ CEC ကို သဘောတူညီစွာနဲ့ ဖွဲ့မယ်။ လုပ်ငန်းတွေရှိတဲ့ အထဲမှာ သူတို့ကော်မတီက လူတွေပါ ဖော်ထုတ်ပြီးတော့၊ ကျနော်တို့နဲ့ တွဲပြီးတော့ ကျနော်တို့ လုပ်ငန်းတွေ ပိုပြီးတော့ အဆင်ပြေလာမယ်၊ ပိုမိုချောမွေ့လာမယ်၊ ပိုပြီးတော့ ကျယ်ပြန့်လာမယ်၊ သွက်လက်လာမယ်၊ ပိုပြီးတော့ လုပ်ငန်းတွေ ထိရောက်လာလိမ့်မယ်။

CEC အသစ် ပေါ်ထွက်လာတဲ့အတွက် ဒီလုပ်ငန်းနဲ့ပတ်သက်လို့၊ စည်းရုံးရေးတို့၊ ခုနကပြောခဲ့တဲ့ လူ့အခွင့်အရေး၊ အောက်ခြေနဲ့ပတ်သက်တဲ့ ကိစ္စတွေ၊ စည်းရုံးရေးကိစ္စတွေ၊ တခြား နိုင်ငံတကာ ဆက်သွယ်ရေး ကိစ္စတွေ၊ အသစ်တွေ ပေါ်လာတဲ့ အခါကျတော့ ဒီလုပ်ငန်းကြီးတွေနဲ့ ပတ်သက်ပြီးတော့ ပြုပြင်ပြောင်းလဲမှုတွေကတော့ ပေါ်လာတော့မှာပေါ့။ ဘယ်လိုပြုပြင်ပြောင်းလဲမှု ဆိုတာကိုတော့ ကျနော် ပြောလို့မရပါဘူး။ ဒါကတော့ ညှိနှိုင်းပြီးတော့ လုပ်ကြရမှာပဲ။

သို့သော် CEC အသစ်လိုဟာမျိုး ပေါ်ပေါက်လာပြီ ဆိုကတည်းကိုက ကျနော်တို့ထဲမှာလည်း လုပ်ငန်းဆိုင်ရာ အပြောင်းအလဲတွေ၊ လုပ်ပုံကိုင်ပုံတွေကလည်း အသစ်တွေ၊ လုပ်ငန်းသစ်တွေ၊ အတွေးအခေါ်သစ်တွေ၊ လူသစ်တွေ ပေါ်လာမယ်။ CEC အသစ်ကို အသက်သွင်းပြီးရင် အသက်ရှင်လာတဲ့ လူတယောက်လို လုပ်ငန်းဆောင်ရွက်မှုတွေ လုပ်နိုင်အောင်၊ အားပေးကူညီမှုဖြစ်အောင်၊ ဟိတ်ဟန်အပြည့်နဲ့ လုပ်နိုင်အောင် ကျနော်တို့ ဆက်ပြီးတော့ လုပ်သွားကြရမယ်ပေါ့။ လုပ်ငန်းသစ်တွေ၊ အစီအမံအသစ်တွေ ပေါ်လာမယ်လို့ ယူဆပါတယ်။

မီဒီယာကနေ မေးတယ်။ မေးတိုင်းလည်း ဖြေလိုက်ပါတယ်။ ကျနော့်ကို သဘောထားတင်းမာတယ်၊ တချို့လူများဆို သဘောထားပျော့တယ် ဆိုတာမျိုးတွေ ပြောနေတယ်။ ဒါလည်း မဟုတ်ဘူးခင်ဗျာ့။

ပါတီထဲမှာ လူတွေဟာ နိုင်ငံရေးလုပ်တယ်ဆိုကတည်းက အယူအဆတွေ၊ ကိုယ်ပိုင်အယူအဆတွေ၊ ခိုင်မာတဲ့ သဘောထားတွေ ရှိကြလို့ နိုင်ငံရေးလုပ်ကြတာကိုး။ အဲဒီအခါမှာတော့ အကြောင်းအခြေအနေပေါ်မှာ တည်ပြီးတော့ ဒါမှမဟုတ် မူဝါဒသဘောထားမှာ အခြေတည်ပြီးတော့၊ လုပ်ငန်းပေါ်မှာ အခြေတည်ပြီးတော့ အယူအဆ မတူညီတဲ့ဟာတွေတော့ ရှိကောင်းရှိနိုင်တာပေါ့။ ဘယ်လိုပဲရှိရှိ ကျနော်တို့ကတော့ ဒါကို သဘောထားကွဲလွဲတယ်လို့ သဘောမထားဘူး။ အရေးကြီးတာက ဆုံးဖြတ်ချက်၊ ပေါ်ပေါက်လာတဲ့ ဆုံးဖြတ်ချက်တွေပေါ်မှာ တညီတညွတ်ထဲ ရပ်တည်နိုင်သလား ဆိုတဲ့အပေါ်မှာပဲ သဘောထားညီညွတ်မှုကို အကဲဖြတ်နိုင်တယ်လို့ပဲ သဘောထားတယ်။
ကျနော့်ကို သဘောထားတင်းမာတယ်လို့ ပြောတာမျိုးတွေလည်းရှိတယ်။ ကျနော်က အဲဒီလို မထင်ဘူး။ ကျနော်က မူဝါဒတွေအပေါ်မှာ စွဲမြဲတဲ့လူလို့ပဲ ပြောချင်ပါတယ်။ သဘောထား တင်းမာတယ်လို့ မပြောချင်ဘူး။ ဘာလို့မပြောချင်တာလဲဆိုတော့ ကျနော်က သတင်းစာဆရာ လုပ်လာတာ။ သတင်းစာဆရာဆိုတာ အယူအဆတွေ မြောက်မြားစွာ၊ အကြောင်းအရာတွေ မြောက်မြားစွာ ထိတွေ့ဆက်ဆံချင်တဲ့လူ၊ လူပေါင်းများစွာနဲ့ ဆက်ဆံချင်တဲ့လူ။ ပြောချင်တယ်၊ နားထောင်ချင်တယ်။ ဒီအကျင့်လေးက ကျနော့်မှာ ဒီနေ့အထိ ရှိတယ်ဗျ။ အဲဒီတော့ ကျနော်ကတော့ အမြဲတမ်းပဲ ဘယ်သူနဲ့ဖြစ်ဖြစ် ညှိညှိနှိုင်းနှိုင်းလုပ်ဖို့၊ အပေးအယူလုပ်ဖို့၊ အကြံဥာဏ်တွေကို နာခံဖို့ဆိုတာ အမြဲတမ်း ဒီအလေ့အထက ရှိပါတယ်။ ဆိုတော့ ကျနော် စောစောကပြောသလိုပဲ၊ ကျနော်က မူဝါဒမှာ စွဲမြဲတဲ့လူ။

ဥပမာ NLD မှာ ဆိုပါတော့ဗျာ။ မူဝါဒရှိတယ်။ ဥပမာ အာဏာရှင်စနစ် မှန်သမျှကို ကျနော်တို့ ဆန့်ကျင်မယ်။ စစ်မှန်တဲ့ ပြည်ထောင်စုကို ဖော်ထုတ်မယ်၊ တည်ဆောက်မယ်ပေါ့ဗျာ။ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဆောင်ရွက်မယ်၊ လူအခွင့်အရေးတွေ ပြည့်ဝရေးကို ဆောင်ရွက်မယ်၊ စစ်မှန်တဲ့ ဒီမိုကရေစီရရှိရေးကို ဆောင်ရွက်မယ်။ ဒီမူဝါဒတွေ ရှိတယ်။ ဒီမူဝါဒတွေကို လွယ်လွယ်နဲ့ မစွန့်နိုင်ဘူး။ ဒီမူဝါဒအတိုင်း ရပ်တာ။ အလားတူပဲ ကျနော်တို့ ပြီးခဲ့တဲ့နှစ်ထဲ ကျနော်တို့လုပ်ခဲ့တဲ့ ရွှေဂုံတိုင်လိုဟာမျိုး။ ရွှေဂုံတိုင်မှာ ကွန်ကရက်မှာ တွေ့ဆုံဆွေးနွေးရေး တောင်းဆိုတယ်။ ၁၉၉ဝ ရွေးကောက်ပွဲရဲ့ ရလဒ်များကို တနည်းနည်းနဲ့ အသိအမှတ်ပြုရေးကို တောင်းဆိုတယ်။ အကျဉ်းသားအားလုံးကို လွှတ်ပေးရေး တောင်းဆိုတယ်။ အခြေခံဥပဒေ ပြင်ဆင်ရေးကို တောင်းဆိုတယ်။ တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲများ ကျင်းပနိုင်ရေးကို တောင်းဆိုတယ်။ ဆိုတဲ့ဟာတွေက ဒီလို တောင်းဆိုချက်တွေနဲ့ ကျနော်တို့က စွဲစွဲမြဲမြဲ တိုက်မှာပဲ။ ဒီဟာတွေကို ကျနော်တို့ လွှတ်မချနိုင်ဘူး။ ဒါက ကျနော်တို့ရဲ့ ရပ်တည်ချက်ပဲလေ။ ဒီလိုဟာမျိုးတွေမှာ၊ မူဝါဒဆိုင်ရာတွေမှာ၊ တောင်းဆိုချက်တွေမှာ အများသိ ကြေညာထားတဲ့ တောင်းဆိုချက်တွေ၊ လုပ်ငန်းစဉ်တွေ။ ဒါတွေကို ကျနော်တို့ အလွယ်တကူနဲ့ မစွန့်ပစ်နိုင်ဘူးဗျ။ ဒီဟာတွေအပေါ်မှာ စွဲစွဲမြဲမြဲ ရပ်တည်ရမယ်လို့ ကျနော် ယူဆတယ်။ အဲဒီအပေါ်မှာ တည်ပြီးတော့ လူတွေက အမျိုးမျိုး ထင်ကြေးပေးကြ၊ ပြောကြဆိုကြပေါ့။

နောက်တခုက ဘာလဲဆိုတော့ ကျနော်တို့ အကြောင်းတွေကို ရေးတဲ့နေရာမှာ ရေးတဲ့လူကလည်း ပြည်ပမှာ နေတဲ့ လူဗျာ။ နောက်တခါ ဖော်ပြတဲ့ သတင်းစာကလည်း ပြည်ပက သတင်းစာ။ ဆိုတဲ့အခါကျတော့ ကျနော်တို့က ကျန်တဲ့ အထောက်အထားနဲ့၊ အကိုးအကားနဲ့၊ စာနဲ့ပေနဲ့ ရှိတဲ့ ကျနော်တို့ရဲ့ ဆုံးဖြတ်ချက်တွေ၊ တောင်းဆိုချက်တွေ၊ မူဝါဒတွေနဲ့ ပတ်သက်လို့ ဘယ်လိုဘယ်လိုတော့ သဘောရှိတယ်ဆိုတာ ရေးတာက အပြင်က လူကလည်း ရေးလို့ရတယ်၊ အထဲကလူကလည်း ရေးလို့ရတယ်။ ဒါပေမဲ့ အတွင်းမှာရှိတဲ့၊ ပြည်ထဲမှာရှိတဲ့ လူပုဂ္ဂိုလ်တဦး နှစ်ဦးချင်းရဲ့ ဆက်ဆံရေးကို ပြည်ပကနေပြီးတော့ တယ်ပြီးတော့ ယုံကြည်စိတ်ချရတဲ့ အနေအထားလည်း မရှိဘူး၊ မှန်လည်း မမှန်ဘူး၊ ကောင်းလည်း မကောင်းဘူး။

အဲ့ဒီတော့ ဘာပဲဖြစ်ဖြစ် ကျနော်ဆိုရင် အမြဲတမ်း ညီညွတ်ရေးကို ဦးထိပ်ပန်ဆင်ပြီးတော့ လုပ်နေတာပဲ။ အမြဲတမ်း အလျှော့ပေးဖို့၊ အမြဲတမ်း လိုက်လျောဖို့၊ အမြဲတမ်း ညှိနှိုင်းဖို့၊ အမြဲတမ်း ဆက်စပ်မှုကို ဖော်ထုတ်ဖို့ကို ကျနော်တို့ လုပ်နေတာပဲ။ ဒါကြောင့်လည်း ရွှေဂုံတိုင် အစည်းအဝေးမှာ ပြောခဲ့တဲ့ ကျနော့် မိန့်ခွန်းတွေမှာ ဆိုလို့ရှိရင် မူလဘူတ မူဝါဒတွေ၊ မူလဘူတ တောင်းဆိုချက်တွေကို ကျနော်တို့ မစွန့်ပစ်နိုင်ဘူး။ ၂ က ကျနော်တို့ ညီညွတ်ရေးကို လုပ်မယ်။ ၃ က လူထုကို မျက်နှာမငယ်စေမယ့် နိုင်ငံရေးကို လုပ်မယ်ဆိုတဲ့ ကျနော်တို့ သဘောထား ၃ ရပ်ကိုလည်း အတိအလင်း ပြောဆိုကြေညာပြီး ဖြစ်ပါတယ်။ ကျနော်တို့ ဒီအတိုင်းပဲ ကျနော် ကျင့်သုံးနေပါတယ်။

အဲဒီတော့ ပါတီအတွင်းမှာ ညီညွတ်ရေးတွေဘာတွေ မရှိဘူးဆိုတာက မဟုတ်ပါဘူး။ ပါတီအတွင်းမှာ ကျနော်တို့ ရှိတဲ့အခါရော၊ မရှိတဲ့အခါရောမှာ ……. ဒီနေ့အထိ ညီညွတ်ရေးကို ဦးထိပ်အထားဆုံး၊ အလေးအထားဆုံး ကိစ္စဖြစ်ပါတယ်ဆိုတာကို ကျနော် ပြောချင်ပါတယ်။ ဒါကြောင့်လည်း ဒီနေ့အထိ ပါတီဟာ အမျိုးမျိုးသော နိုင်ငံရေးပြဿနာတွေ၊ လူပုဂ္ဂိုလ်ပြဿနာတွေ ရှိနေသော်ငြားလည်း ဒီနေ့အထိ တည်မြဲနေတာဟာ ညီညွတ်ရေးရှိတဲ့ လက္ခဏာပဲလို့ ပြောလိုပါတယ်။ အဲဒါကို ကျနော်တို့ နောက်ထပ် ဆက်လက်ပြီးတော့လည်း ထိန်းသိမ်းသွားမှာ၊ ကာကွယ်စောင့်ရှောက်သွားမှာ၊ ကျင့်သုံးသွားမှာ ဖြစ်တယ်လို့ ပြောချင်ပါတယ်။